ကိုးခုမြောက်အဆင့်
Vol. 15 Ch. 141
နတ်ဆိုးဧကရာဇ် ကျောက်ကျိကို လီချင်းချိုး သတ်ဖြတ်လိုက်သည့် ဂယက်ရိုက်ခတ်မှုများက ဆက်လက်၍ အကျိုးသက်ရောက်မှု ရှိနေဆဲပင်။
ဆောင်းတွင်းကာလ နှင်းများကျနေသည့်တိုင် လူများစွာ ချင်းရှောင်တောင်ပေါ်သို့ နေ့စဉ်မပျက် လာရောက်၍ ဂါရဝပြုနေကြဆဲပင်။
ပွဲတော်ရာသီ ကုန်ဆုံးပြီးနောက်တွင် အဆင့်မြင့် အစည်းအဝေးကို သတ်မှတ်ထားသည့်အတိုင်း ကျင်းပလိုက်လေ၏။
ကျန်းယွီချွန်း၊ ကျန်းကျောက်ရှား၊ လီတုန်းယွဲ့၊ ဝူမန်အာ၊ လီစစ်ကျင်၊ ရွှီနင်း၊ ယန်ကျွယ်တိန်၊ ကျန်းယွီ၊ ကျူးယန်၊ ချိုင်ယွင်ရှန်း၊ ရွှယ်ကျင်း၊ ချင်းရှောင်ဘိုးဘေးနှင့် ရှန်ယွဲ့တို့အားလုံး စားပွဲရှည်ကြီး၌ ဝိုင်းဖွဲ့ထိုင်နေကြရာ ထိုစားပွဲကြီးမှာ လူများဖြင့် ပြည့်ကျပ်နေလေသည်။
ချိုင်ယွင်ရှန်းနှင့် ရွှယ်ကျင်းတို့က ဤကဲ့သို့သော အစည်းအဝေးမျိုးကို ပထမဆုံးအကြိမ် တက်ရောက်ဖူးခြင်း ဖြစ်သဖြင့် အနည်းငယ် စိတ်လှုပ်ရှားနေပုံရ၏။
သို့သော် ချင်းရှောင်ဘိုးဘေးမှာမူ စိုးစဉ်းမျှ စိတ်လှုပ်ရှားခြင်း မရှိဘဲ အကြီးအကဲတစ်ဦး၏ လေသံဖြင့် ခန်းမသခင်များကို ဂရုတစိုက် မေးမြန်း ပြောဆိုနေသည်။
လီချင်းချိုးက ခန်းမသခင်များကို ၎င်းတို့၏ အခြေအနေများအား တင်ပြရန် တောင်းဆိုလိုက်ရာ ကျန်းယွီချွန်းမှ စတင် တင်ပြလေ၏။
"လက်ရှိမှာ ဂိုဏ်းမှာ မှတ်ပုံတင်ထားတဲ့ တပည့်ဦးရေ ၄၆၇၀ ရှိပါပြီ... အဲဒီအထဲမှာ အတွင်းစည်းတပည့် ၈၉၂ ယောက်... တပည့်ရင်း ၃၇၇ ယောက်နဲ့ လုပ်သားတပည့် ၁၅၀၀ ကျော် ပါဝင်ပါတယ်..."
ဤကိန်းဂဏန်းများကို ကြားလိုက်ရသောအခါ အဆင့်မြင့် အရာရှိများအားလုံး စိတ်လှုပ်ရှားသွားကြသည်။
ယခုအခါ တပည့်ရင်း ဖြစ်လာမည့် သတ်မှတ်ချက်ကို မူလအားဖြည့်နယ်ပယ် တတိယအဆင့်ထိ မြှင့်တင်ထားပြီး ဖြစ်သည်။ တတိယအဆင့်သို့ ရောက်ရှိခြင်းက ပြည်နယ်တစ်ခုလုံးကို လွှမ်းမိုးနိုင်သည့် အဆင့်ဖြစ်သည်။
နန်းတွင်းကို ခြယ်လှယ်နေသော နတ်ဆရာကျန်း ပင်လျှင် မူလအားဖြည့်နယ်ပယ် တတိယအဆင့်သာ ရှိသေးသည်။
သို့သော် ဤ ၃၇၇ ယောက်စလုံးက မူလအားဖြည့်နယ်ပယ် တတိယအဆင့် မဟုတ်ကြပေ။ အချို့မှာ ဝါရင့်မှုနှင့် စိတ်နေသဘောထားကြောင့် နေရာရထားသူများလည်း ပါဝင်နေသည်။
"မူလအားဖြည့်နယ်ပယ် ပထမအဆင့်မှာ တပည့် စုစုပေါင်း ၈၉၂ ယောက်... ဒုတိယအဆင့်မှာ ၄၅၇ ယောက်... တတိယအဆင့်မှာ ၂၈၉ ယောက်... စတုတ္ထအဆင့်မှာ ၂၅ ယောက်နဲ့ ပဉ္စမအဆင့်မှာ ၃ ယောက် ရှိပါတယ်... ဒီနှစ်ထဲမှာ တပည့်တွေရဲ့ ကျင့်ကြံမှုတွေက အရှိန်အဟုန်နဲ့ တိုးတက်လာကြတယ်... အထူးသဖြင့် တတိယအဆင့် ရောက်လာတဲ့သူတွေပါ.."
ထိုသို့ ပြောပြီးနောက် ကျန်းယွီချွန်းက ပြုံးလိုက်လေသည်။
ချင်းရှောင်ဘိုးဘေး တိတ်တဆိတ် ထိတ်လန့်သွားသည်။ သူသည်လည်း ဟွမ်ယွမ်ကျမ်းစာကို စတင် လေ့ကျင့်နေပြီ ဖြစ်၍ မူလအားဖြည့်နယ်ပယ်နှင့် အဆင့်ငယ်များ၏ သဘောသဘာဝကို ကောင်းစွာ နားလည်ထားပြီး ဖြစ်သည်။
အကယ်၍ သူသာ ဟွမ်ယွမ်ကျမ်းစာကို မကျင့်ကြံခဲ့ပါက သူ့ရဲ့ စွမ်းအားသည် မူလအားဖြည့်နယ်ပယ် တတိယအဆင့်နှင့်သာ ယှဉ်နိုင်မည် ဖြစ်၏။ ဆိုလိုသည်မှာ ဂိုဏ်းထဲ၌ သူနှင့် ယှဉ်ပြိုင်နိုင်သည့် အင်အားရှိသော တပည့်ပေါင်း ၂၈၉ ယောက် ရှိနေခြင်း ဖြစ်သည်။
ဒါကတော့ လွန်လွန်းနေပြီ ……
လီချင်းချိုး ချင်းရှောင်ဂိုဏ်းကို တာဝန်ယူခဲ့သည်မှာ ကိုးနှစ်သာ ရှိသေးသည်။
ရှ မူလအားဖြည့်နယ်ပယ် ပဉ္စမအဆင့်သို့ လူသုံးယောက် ရောက်ရှိနေပြီ ဟူသော သတင်းကို ရှန်ယွဲ့ ကြားလိုက်ရသောအခါ မျက်မှောင် အနည်းငယ် ကြုတ်လိုက်မိသည်။
သူသည် မကြာသေးမီက ဉာဏ်အလင်းပွင့်ခြင်း၌သာ အာရုံစိုက်နေခဲ့သဖြင့် ကျင့်ကြံခြင်းကို လစ်ဟင်းခဲ့မိသည်။ သို့သော် လီချင်းချိုး၏ ကျောဘက်ရှိ ကောင်းကင်သက်တံဓားပေါ်သို့ အကြည့်ရောက်သွားသောအခါ သူ့ရဲ့ မျက်ခုံး ပြေလျော့သွားလေသည်။
ဓားသိုင်းပညာကို ဦးစွာ နားလည်သဘောပေါက်အောင်ကြိုးစားရပေမည် …..
ထိုအချိန်၌ ကောင်းကင်သက်တံဓားထဲတွင် ရှိနေသော ချူကျင်းသည်လည်း အံ့သြမှင်သက်နေမိသည်။
ချင်းရှောင်ဂိုဏ်းအကြောင်း ပိုသိလေလေ ပို၍ ကြောက်ရွံ့လေလေပင်။
ထို့နောက် ကျန်းယွီချွန်းက ကုန့်လင်ခန်းမနှင့် ပတ်သက်သော အခြားကိစ္စရပ်များကို တင်ပြခဲ့ပြီး အခြားသော ခန်းမသခင်များကလည်း ဆက်လက် တင်ပြကြလေသည်။
ခန်းမသခင် တစ်ဦးစီက ၎င်းတို့ တာဝန်ယူထားသော ကိစ္စရပ်များကို ခြုံငုံ သုံးသပ် တင်ပြခဲ့ကြသည်။
လူတိုင်း၏ မျက်နှာပေါ်တွင် အပြုံးကိုယ်စီ ရှိနေကြသည်ကိုကြည့်လျှင် ခန်းမသခင်တိုင်းက မိမိတို့၏ တာဝန်များကို ကျေပွန်ကြပြီး တစ်နှစ်ပတ်လုံး ရလဒ်ကောင်းများစွာ ရရှိခဲ့ကြသည်ကိုသိနိုင်သည်။
ကျီဖှာခန်းမကို ရွှယ်ကျင်း လွှဲပြောင်းရယူပြီးနောက်ပိုင်းတွင် ထိုခန်းမ၏ စွမ်းဆောင်ရည် သိသိသာသာ တိုးတက်လာခဲ့သည်။
ခန်းမခေါင်းဆောင်များက ထုတ်မပြောကြသော်လည်း သူတို့အကြားတွင် ပြိုင်ဆိုင်မှုများ ရှိနေကြပြီး မည်သူကမျှ မိမိတို့၏ ခန်းမကြောင့် ဂိုဏ်း၏ အဆင့်အတန်း နိမ့်ကျသွားသည်မျိုး မဖြစ်လိုကြပေ။
ထို့နောက် လီချင်းချိုးက ထျန်းကျီတောင်ရှိ အဆင့်နိမ့် မိစ္ဆာနယ်မြေအကြောင်းကို ပြောပြပြီး နတ်ဆိုးထိန်းကျောင်းရေးခန်းမ၏ ရည်ရွယ်ချက်ကို ရှင်းပြလိုက်လေ၏။
နောင်တစ်ချိန်တွင် ချင်းရှောင်ဂိုဏ်းသားများလည်း ရှောင်ပါးလို စီးတော်သားရဲများနှင့်
နတ်ဆိုးအိမ်မွေးတိရစ္ဆာန်များကို ပိုင်ဆိုင်နိုင်ကြတော့မည်ဟု ကြားသိရသောအခါ ဂိုဏ်းခေါင်းဆောင်များ အားလုံး စိတ်ဝင်စားသွားကြသည်။
"နတ်ဆိုးတွေ တကယ်ရှိမယ်လို့ မထင်ခဲ့မိဘူး... ဒါပေမဲ့ ရှိသင့်တာပါပဲလေ... နေရာအနှံ့အပြားမှာ အစွမ်းထက်ပြီး ရက်စက်ကြမ်းကြုတ်တဲ့ သားရဲတွေ ရှိတယ်ဆိုတဲ့ ဒဏ္ဍာရီတွေ ရှိသလို ပြည်နယ်ကိုးခုမြေမှာ နိမိတ်ကောင်းတွေတောင် ပေါ်ထွန်းခဲ့ဖူးတာပဲ... နတ်ဆိုးတွေ ရှိတယ်ဆိုတာ ပုံမှန်ပါပဲ..."
ချင်းရှောင်ဘိုးဘေး သက်ပြင်းချရင်း ရေရွတ်လိုက်လိုက်တော့ လီချင်းချိုးက ရယ်မောလိုက်ပြီး….
"နိမိတ်ကောင်းတဲ့သားရဲလား.. ကျွန်တော်တို့ ချင်းရှောင်ဂိုဏ်းမှာလည်း ရှိတာပဲလေ..."
"တကယ်လား..."
"ဟုတ်တယ်... ချီလင် တစ်ကောင်လေ..."
တပည့်ဦးရေ တိုးပွားလာသည်နှင့်အမျှ
ငရဲချီလင်၏ သွားလာလှုပ်ရှားနိုင်သည့် နယ်ပယ် ကျဉ်းမြောင်းလာပြီး တပည့်များ၏ မြင်တွေ့ခြင်းကို ခံရမည့် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။
သတင်းများကို ဖုံးဖိထားသော်လည်း တပည့်အချို့က ငရဲချီလင် ရှိနေကြောင်းကို သိရှိနေကြပြီ ဖြစ်သည်။
ဂိုဏ်းထဲတွင် ချီလင် ရှိနေကြောင်း ကြားလိုက်ရသောအခါ ချင်းရှောင်ဘိုးဘေး ပါးစပ်အဟောင်းသား ဖြစ်သွားပြီး ပြောစရာစကား ပျောက်ရှသွားလေ၏။
ဒီလောက်ဆို လုံလောက်ပြီ… .
ဤအရာက အလွန် တုန်လှုပ်ဖွယ် ကောင်းလှသဖြင့် ဂိုဏ်းတည်ထောင်သူ ဘိုးဘေး၏ ဂုဏ်သတင်းကိုပင် ထိခိုက်စေနိုင်လေသည်။
ချင်းရှောင်ဘိုးဘေး၏ မျက်နှာထား တင်းမာသွားပြီး ဟန်လုပ်၍ တည်ငြိမ်နေလိုက်ရသည်။
"ချင်းရှောင်ဂိုဏ်းက လုံလောက်တဲ့ အင်အားရှိနေပြီဆိုတော့ ငရဲချီလင်ကို တောင်ပေါ်မှာ လွတ်လွတ်လပ်လပ် ပေးသွားခိုင်းလိုက်ပါ..."ဟု လီတုန်းယွဲ့က အကြံပြုလိုက်တော့
လီချင်းချိုး ခေါင်းညိတ်ပြလိုက်သည်။
လီစစ်ဖုန်း တောင်အောက်သို့ မကြာခဏ ဆင်းသွားတတ်သောကြောင့် ငရဲချီလင်နှင့် လီတုန်းယွဲ့တို့ ယခုအခါ အရင်းနှီးဆုံး ဖြစ်နေကြပြီ။
ကျူးယန်၊ ရှန်ယွဲ့နှင့် ချင်းရှောင်ဘိုးဘေးတို့သည်လည်း ပြဿနာ မရှိဟု ခံစားမိကြသည်။
ဤလောကထဲတွင် ချင်းရှောင်တောင်ပေါ်မှ ချီလင်ကို မည်သူကမျှ လာရောက် လုယူရဲမည် မဟုတ်ပေ။
လီချင်းချိုးက လူအုပ်ကြီးကို ဝေ့ဝဲကြည့်လိုက်ပြီး …..
"နှစ်တိုင်းမှာ ရည်မှန်းချက်အသစ်တွေ ရှိကြတယ်... နောက်နှစ်ဆိုရင် ကျုပ် ဂိုဏ်းချုပ်ဖြစ်တာ ဆယ်နှစ်ပြည့်ပြီ ဆိုတော့ ထူးခြားမှုတစ်ခုခု ရှိသင့်တယ် မဟုတ်လား..."
ယန်ကျွယ်တိန်က တဟားဟား ရယ်မောလိုက်ပြီး ….
" သေချာတာပေါ့... အချိန်တွေ ကုန်တာ မြန်လိုက်တာ... မင်းတို့တောင် အရွယ်ရောက်ကုန်ကြပြီ... ကံကောင်းလို့ ငါက မအိုသေးတာ..."
အခြားသူများကလည်း ထိုစကားကို ထောက်ခံကြပြီး ချင်းရှောင်ဘိုးဘေးသည်လည်း လီချင်းချိုး အသက် ၁၆ နှစ်အရွယ်ကပင် ဂိုဏ်းချုပ်ရာထူးကို ရယူခဲ့ကြောင်း သိလိုက်ရသဖြင့် စိတ်လှုပ်ရှားနေမိတော့သည်။
ဤ အကြီးဆုံး မြေးတပည့်က တကယ်ကို ထူးခြားလွန်းလှသည်။
ယန်ကျွယ်တိန်က….
"ဂိုဏ်းချုပ် သက်တမ်း ဆယ်နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ဂိုဏ်းတွင်း ပြိုင်ပွဲတစ်ခု ကျင်းပဖို့ ကျွန်တော် အကြံပြုချင်တယ်... ဂိုဏ်းရဲ့ အမွေအနှစ်တွေကို တပည့်တွေ နားလည်လာစေဖို့နဲ့ ပါရမီရှင်တွေကို ပါဝင်ခွင့်ရစေဖို့ပေါ့..."
"တပည့်တွေ နာမည်ကြီးလာဖို့ အခွင့်အရေး တစ်ခုပဲမို့... ဒါကို လုပ်ချင်နေတာ ကြာပြီ..."
ရွှီနင်း၊ ဝူမန်အာ၊ လီစစ်ကျင်၊ ရွှယ်ကျင်းနှင့် ချိုင်ယွင်ရှန်းတို့ အားလုံးကလည်း ထိုအဆိုပြုချက်ကို သဘောတူကြလေသည်။
လီချင်းချိုးက စဉ်းစားလိုက်ပြီး ဖြစ်နိုင်ကြောင်း နားလည်လိုက်သည်။
ဤသည်မှာ တပည့်များ သူတို့၏ အရည်အချင်းများကို ပြသရန် အခွင့်အရေးတစ်ခု ဖြစ်လာမည် ဖြစ်သည်။ သိုင်းပြိုင်စင်မြင့်တွင် စည်ကားနေသော အခြေအနေက တပည့်များ အချင်းချင်းပညာ ဖလှယ်တိုက်ခိုက်ရန် မည်မျှ စိတ်အားထက်သန်နေကြသည်ကို ပြသနေခြင်းပင်။
"ဒါကို ဂိုဏ်းတွင်း သိုင်းပြိုင်ပွဲလို့ မခေါ်ဘူး... ဓမ္မတိုက်ပွဲ ညီလာခံ လို့ ခေါ်ကြမယ်... မတ်လမှာ စာရင်းစသွင်းပြီး ဧပြီလမှာ ခြေစစ်ပွဲတွေ စမယ်... တစ်ယောက်ချင်း ယှဉ်ပြိုင်ရမယ်... ဇွန်လ မတိုင်ခင် ထိပ်သီး ၆၄ ယောက်ကို ရွေးမယ်... ဇူလိုင်လမှာ ထိပ်သီး ၁၀ ယောက် ရွေးပြီး ဩဂုတ်လမှာ ပထမ၊ ဒုတိယ၊ တတိယ သုံးယောက်ကို ရွေးချယ်မယ်..."
ထိုပမါ ကျန်းယွီချွန်း၏ မျက်လုံးများ အရောင်တောက်သွားပြီး….
"ကောင်းတာပေါ့... ဒါဆိုရင် ချင်းရှောင်ဂိုဏ်း အားနည်းသွားပြီဆိုတဲ့ သတင်းအမှားတွေ ထွက်မလာအောင် ကာကွယ်နိုင်လိမ့်မယ်... တပည့်တွေကို သူတို့ရဲ့ အရည်အချင်း ပြသဖို့ အခွင့်အရေး ပိုပေးနိုင်သလိုမျိုး မင်းစိုးရာဇာ မျိုးနွယ်တွေနဲ့ အင်အားကြီး ပုဂ္ဂိုလ်တွေလည်း ချင်းရှောင်ဂိုဏ်းရဲ့ အင်အားကို မျက်မြင်တွေ့ခွင့် ရသွားကြလိမ့်မယ်... ကျွန်တော်တို့အတွက် အကျိုးအမြတ် အများကြီး ရနိုင်တယ်..."
အစီအစဉ်များစွာ ရုတ်ခြည်း ခေါင်းထဲသို့ ဝင်ရောက်လာပြီး အခြားသော ခန်းမသခင်များကလည်း ကောင်းမွန်သည်ဟု ယူဆမိကြလေသည်။ အစည်းအဝေးပြီးသည့်အခါ တပည့်များအား ကြိုးစား ကျင့်ကြံကြရန်နှင့် ခန်းမအတွက် ဂုဏ်ယူစရာ ဖြစ်လာအောင် ကြိုးစားကြရန် တိုက်တွန်းဖို့ ဆုံးဖြတ်လိုက်ကြသည်။
ဤသို့ဖြင့် ခန်းမသခင်များအားလုံး ဓမ္မတိုက်ပွဲ ညီလာခံ၏ အသေးစိတ် အချက်အလက်များကို စတင် ဆွေးနွေးကြလေသည်။
လီချင်းချိုးက ဦးဆောင်ခြင်း မပြုတော့ဘဲ ယေဘုယျ စည်းမျဉ်းအချို့ကိုသာ ဆုံးဖြတ်ပေးခဲ့သည်။
မင်းကွမ်း၏ မသေမျိုးလိုဏ်ဂူ ပုံကြမ်း ပြီးစီးလုနီးပါး ဖြစ်နေပြီ ဖြစ်သော်လည်း ဝိညာဉ်စုစည်းမှု အစီအရင် အတွက် ပစ္စည်းများ ရှားပါးနေပြီး လောလောဆယ်တွင် အမြောက်အမြား ထုတ်လုပ်နိုင်ခြင်း မရှိသေးပေ။
လီချင်းချိုးက ဓမ္မတိုက်ပွဲ ညီလာခံ၌ ထိပ်သီး သုံးယောက် ဝင်သူများကို မသေမျိုးလိုဏ်ဂူ ဆုချီးမြှင့်ရန် စဉ်းစားနေမိသည်။
ဤ မသေမျိုးလိုဏ်ဂူ သုံးခုကို အခြားတောင်များပေါ်တွင် တည်ဆောက်နိုင်ပြီး ချင်းရှောင်ဂိုဏ်း၏ နယ်မြေကို တိုးချဲ့နိုင်မည် ဖြစ်သည်။
ဓမ္မတိုက်ပွဲ ညီလာခံမှတစ်ဆင့် ထိပ်ဆုံး သုံးဦးစာရင်းဝင်ရန်အတွက် အနည်းဆုံး မူလအားဖြည့်နယ်ပယ် စတုတ္ထအဆင့် ရှိရန် လိုအပ်မည် ဖြစ်ရာ ပြဿနာပေါင်းစုံကို ဖြေရှင်းရန် လုံလောက်ပေလိမ့်မည်။
ယခုအခါ လီချင်းချိုး၏ တွေးခေါ်မှုများ ပိုမို ရှင်းလင်းလာပြီး တပည့်များကို တရားဝင်နည်းလမ်းဖြင့် မည်သို့ ခွဲဝေနေရာချထားရမည်ကိုပင် တွေးတောနေမိတော့သည်။
ချင်းရှောင်တောင်က ကြီးမားသော်လည်း လုပ်ငန်းအမျိုးမျိုးအတွက် နေရာများစွာ ချန်ထားရန် လိုအပ်သေးသည်။
ယခုအခါ လူအများအပြား နေထိုင်နေကြသဖြင့် အနည်းငယ် ကျပ်တည်းနေပြီ ဖြစ်သည်။
လူတိုင်း ဓမ္မတိုက်ပွဲ ညီလာခံအကြောင်း ဆွေးနွေးပြီးကြသောအခါ လီချင်းချိုးက….
"ချွမ်းကုန်းခန်းမက တပည့် ဆယ်ယောက်ကို ရွေးပြီး တခြားတပည့်တွေကို ကျင့်စဉ်တွေ သင်ကြားပေးဖို့ တာဝန်ပေးထားတယ်... ဒါက အများပြည်သူအတွက် သင်ကြားပေးတာ... တစ်ယောက်ချင်း သင်ကြားပေးတာ မဟုတ်ဘူး... နောက်ပိုင်းမှာ မတူညီတဲ့ အခြေခံ လေ့ကျင့်ရေး သင်တန်းတွေ ထပ်ထည့်ပေးမယ်... ဒီတပည့် ဆယ်ယောက်က ဓားပျံစီးတာ လေ့ကျင့်ဖို့ တတိယဂျူနီယာညီလေးဆီ အရင်သွားရမယ်..."
ထိုစကားကို ကြားသောအခါ ကျန်းကျောက်ရှား၏ မျက်လုံးများ အရောင်တောက်သွားပြီး….
"ဓားစီနင်းပျံသန်းခြင်းပညာကို စတင် အသုံးပြုတော့မှာလား..."
ထိုအခါ ချင်းရှောင်ဘိုးဘေးကလည်း စူးစမ်းချင်စိတ်ဖြင့် မနေနိုင်ဘဲ ဝင်မေးလိုက်မိသည်။
"ဓားစီးနင်းပျံသန်းခြင်းပညာဆိုတာ ဘာလဲ..."
လီစစ်ကျင်က စိတ်လှုပ်ရှားစွာဖြင့်….
"အဲဒါက တတိယစီနီယာအစ်ကို ဖန်တီးထားတဲ့ ဓားသိုင်းလေ... လူတွေ ဓားရဲ့အကူအညီနဲ့ ပျံသန်းနိုင်တယ်... ဥပမာ - ကျွန်မတို့ ဘေးက တောင်တစ်လုံးကို သွားမယ်ဆိုရင် တောင်ပေါ်က ဆင်းလိုက် တက်လိုက်နဲ့ သွားရမှာ... အရမ်း အလုပ်ရှုပ်ပြီး အနည်းဆုံး နေ့ဝက်လောက် ကြာတယ်... တကယ်လို့ ဓားပျံစီးနင်းပျံသန်းခြင်းပညာကို တတ်ထားရင် အသက်ရှူချိန် အခါနှစ်ဆယ်အတွင်း အဲဒီကို တန်းပြီး ပျံသွားလို့ရတယ်..."
ထိုစကားကြားသောအခါ ချင်းရှောင်ဘိုးဘေး၏ မျက်လုံးများ ပြူးကျယ်သွားပြီး ကောင်းကင်သက်တံဓားထဲမှ ချူကျင်းသည်လည်း ထပ်တူထပ်မျှ ထိတ်လန့်သွားလေသည်။
"အဲဒီလို အံ့ဖွယ်ပညာရပ်မျိုး ရှိတယ်လား..."
ချင်းရှောင်ဘိုးဘေး တည်ငြိမ်မနေနိုင်တော့ပေ။
ကျန်းကျောက်ရှားက ….
"ဓားပျံစီးနင်းပျံသန်းခြင်းရဲ သတ်မှတ်ချက်က မမြင့်ပါဘူး... ဒါပေမဲ့ တောင်နှစ်လုံးကြား ခုန်ကူးနိုင်ဖို့ ဆိုရင်တော့ အနည်းဆုံး မူလအားဖြည့်နယ်ပယ် တတိယအဆင့် ရှိဖို့ လိုတယ်... တခြား အဆင့်နိမ့်တဲ့ တပည့်တွေကိုလည်း လေ့ကျင့်ပေးလို့ ရပါတယ်... တောင်အောက်ကို ပိုမြန်မြန် ဆင်းနိုင်တာပေါ့... ဓားစီးနင်းပျံသန်းခြင်းပညာကို တိုက်ခိုက်ရာမှာလည်း သုံးလို့ရတယ်..."
ယန်ကျွယ်တိန်၊ ကျန်းယွီ၊ ချိုင်ယွင်ရှန်း၊ ကျူးယန်နှင့် ရွှယ်ကျင်းတို့ ဤပညာရပ်အကြောင်းကို ယခင်က ကြားဖူးထားကြပြီး ၎င်းတို့သည်လည်း ချီစွမ်းအင်ဖြင့် ပစ္စည်းများကို ထိန်းချုပ်နိုင်ကြသဖြင့် အံ့သြခြင်း မရှိကြပေ။
ရှန်ယွဲ့က အထင်သေးစွာဖြင့် နှာခေါင်းရှုံ့လိုက်ရာ ကျန်းကျောက်ရှား စိတ်ဆိုးပြီး လှမ်းကြည့်လိုက်လေသည်။
ဤသည်မှာ လီချင်းချိုး၏ အစီအစဉ် ဖြစ်သည်။ တပည့်ဦးရေ တိုးများလာသည်နှင့်အမျှ ဆရာတစ်ဦးထံမှ တစ်ယောက်ချင်း သင်ကြားခွင့်ရရန် အခွင့်အရေး ရှားပါးလာမည် ဖြစ်သည်။
တပည့်အများစုမှာ ဆရာပင် ရှိကြမည် မဟုတ်ပေ။ ချင်းရှောင်ဂိုဏ်းသို့ ဝင်ရောက်ပြီးသည်နှင့် ဦးစွာ အလုပ်ကြမ်း လုပ်ရမည် ဖြစ်ပြီး အကျိုးပြုမှတ်များဖြင့် ကျင့်စဉ်များကို လဲလှယ်ရမည် ဖြစ်သည်။ နားမလည်သည်များ ရှိပါက ချွမ်းကုန်းခန်းမ၌သာ လမ်းညွှန်မှု ခံယူရမည်။
သို့သော် ချွမ်းကုန်းခန်းမမှ တပည့်များသည်လည်း အခြားကိစ္စများ ရှိနေသဖြင့် သေချာ သင်ကြားပေးရန် ခက်ခဲပေလိမ့်မည်။
လီချင်းချိုးက ချင်းရှောင်ဂိုဏ်းကို တပည့်များအတွက် ငွေရှာသည့် နေရာသက်သက် မဖြစ်စေလိုပေ။
ချင်းရှောင်ဂိုဏ်းကို တပည့်များအတွက် အိမ်တစ်လုံး ဖြစ်လာစေရန်နှင့် လူတိုင်း သံယောဇဉ် တွယ်နိုင်သည့် နေရာတစ်ခု ဖြစ်လာစေရန် မျှော်လင့်ထားသည်။
ဝင်ခွင့်စာမေးပွဲ အောင်မြင်ပါက သိုင်းပညာ သင်ယူရန်နှင့် မသေမျိုးလမ်းစဉ် ကျင့်ကြံရန် အရည်အချင်း ပြည့်မီသူများ ဖြစ်စေလို၏။
ထို့ကြောင့် လီချင်းချိုးက တောင်အသီးသီးတွင် တရားမှတ်ရာရင်ပြင်များ တည်ဆောက်ရန် စီစဉ်ထားပြီး ၎င်းမှာလည်း နှစ်သစ်အတွက် စီမံကိန်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်လေသည်။
လီချင်းချိုး ဤစီမံကိန်းများကို ပြောပြလိုက်တော့ လူတိုင်း၏ လေးစားမှုကို ရရှိသွားလေသည်။
လီချင်းချိုး ဤမျှလောက်ထိ ထည့်သွင်းစဉ်းစားထားလိမ့်မည်ဟု ကျန်းကျောက်ရှား မထင်မှတ်ထားခဲ့ပေ။ သူ့စိတ်ထဲ၌ ဓားစီးနင်းပျံသန်းခြင်းပညာကို အလွန် အသုံးဝင်သည်ဟုသာ တွေးထားခဲ့ခြင်း ဖြစ်သည်။
"ဂိုဏ်းချုပ်က တပည့်တိုင်းအတွက် တကယ် ဂရုစိုက်တာပဲ..." ဟု ကျူးယန်က မှတ်ချက်ချလိုက်သည်။
ထိုကဲ့သို့သော အစီအစဉ်သည် အကောင်အထည်ဖော်ရန် မခက်ခဲလှသော်လည်း ဤလောကရှိ မည်သည့်ဂိုဏ်းမျှ မင်းစိုးရာဇာ မျိုးနွယ်များလို သဘောထားကြီးခြင်း မရှိကြပေ။ သူတို့သည် ကျမ်းစာများကို တင်းကြပ်စွာ ထိန်းချုပ်ထားပြီး တပည့်တိုင်းကို လက်ဆင့်ကမ်းလေ့ မရှိကြပေ။
ချင်းရှောင်ဘိုးဘေးသည်လည်း လီချင်းချိုးကို သဘောကျသွားပြီး လီချင်းချိုး ချင်းရှောင်ဂိုဏ်းကို အဘယ်ကြောင့် ဤမျှ ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်ခဲ့သည်ကို ရုတ်တရက် နားလည်သွားလေသည်။
ချင်းရှောင်ဂိုဏ်းက သိုင်းပညာ သက်သက်ဖြင့်သာ လောကီဂိုဏ်းများကို ကျော်လွန်နေခြင်း မဟုတ်ပေ။
ရှန်ယွဲ့က လီချင်းချိုးကို လေးနက်သော အကြည့်ဖြင့် ကြည့်လိုက်လေသည်။ သူ ဘာမျှ မပြောသော်လည်း လီချင်းချိုး၏ မျှော်မှန်းချက်အပေါ် အံ့သြနေမိသည်။
ယခုတခေါက်အစည်းအဝေးက အချိန်ကြာမြင့်စွာ ကြာမြင့်ခဲ့ပြီး လူတိုင်း ထွက်ခွာသွားကြသောအခါ စိတ်ဓာတ် တက်ကြွနေကြပြီး သူတို့ကို စောင့်ကြိုနေသော စိန်ခေါ်မှုများ ရှိနေသည်ဟု ခံစားနေကြရသည်။
ကျန်းကျောက်ရှား ပင်လျှင် လီချင်းချိုးကြောင့် စိတ်အားထက်သန်လာပြီး တပည့်များ အကျိုးရှိစေရန် အခြေခံ လိုအပ်ချက် နည်းပါးသော ဓားသိုင်းများကို ပိုမို ဖန်တီးရန် ဆုံးဖြတ်လိုက်လေသည်။
…
ဆောင်းရာသီ နှင်းများ အရည်ပျော်ပြီး နှစ်သစ် ကူးပြောင်းလာခဲ့ပြန်ပြီ…..
ဓမ္မတိုက်ပွဲ ညီလာခံ သတင်းက တောမီးသဖွယ် ပျံ့နှံ့သွားပြီး တပည့်အားလုံးကို စိတ်လှုပ်ရှားစေခဲ့သည်။ အထူးသဖြင့် မင်းစိုးရာဇာ မျိုးနွယ်ဝင်များက ဤအခွင့်အရေးကို အရယူရန် သူတို့၏ မိသားစုများနှင့် သက်ကြီးဝါကြီးများ၏ မှာကြားခြင်းကို ခံထားကြရသည်။
ချင်းရှောင်ဂိုဏ်းသား ဦးရေ တိုးပွားလာသည်နှင့်အမျှ အဆင့်မြင့်နေရာသို့ ရောက်ရှိရန် ကိုယ့်ကြိုးစားအားထုတ်မှု တစ်ခုတည်းကိုသာ အားကိုး၍ မရတော့ပေ။ ဓမ္မတိုက်ပွဲ ညီလာခံက မိမိတို့၏ အရည်အချင်းကို ပြသရန် အခွင့်အရေးကောင်း တစ်ရပ် ဖြစ်လေသည်။
ထို့အပြင် ချင်းရှောင်ဂိုဏ်းက လုပ်သားတပည့်များနှင့် လက်မှုပညာရှင်များကို အနီးနားရှိ တောင်များသို့ စေလွှတ်၍ တည်ဆောက်ရေး လုပ်ငန်းများ စတင် လုပ်ဆောင်ခိုင်းရာ တပည့်များ၏ စူးစမ်းလိုစိတ်ကို နှိုးဆွလိုက်သလို ဖြစ်ပြီး သီးသန့် ဆွေးနွေးမှုများ ဖြစ်ပေါ်လာစေသည်။
ချင်းရှောင်ဂိုဏ်း အတွင်း၌ တက်ကြွသော လေထုတစ်ခု လွှမ်းမိုးနေပြီး တပည့်တိုင်း စိတ်ဓာတ်ခွန်အားနှင့် မျှော်လင့်ချက်များ ပြည့်ဝနေကြ၏။
တစ်ချိန်တည်းမှာပင် ချင်းရှောင်ဂိုဏ်း၏ အပြင်ဘက် ပြည်နယ်ကိုးခုမြေ နေရာအနှံ့အပြား၌ စစ်မီးများ စတင် ကူးစက် လောင်ကျွမ်းလာလေပြီ။
ဖေဖော်ဝါရီလ အစောပိုင်းတွင်……
မြေအောက်ဝိညာဉ်ရေကန်တွင် လီချင်းချိုးတယောက် မူလအားဖြည့်နယ်ပယ် ကိုးခုမြောက်အဆင့်သို့ ချိုးဖျက် ဝင်ရောက်နိုင်ခဲ့လေသည်။
ကိုးခုမြောက်အဆင့်သို့ ရောက်ရှိပြီးနောက် ဝိညာဉ်အာရုံ၏ တည်ရှိမှုကို ပိုမို ခံစားရသည်။ ချီစွမ်းအင် စုပ်ယူမှုနှုန်းနှင့် စွမ်းဆောင်ရည် အလွန်အမင်း တိုးတက်လာသောကြောင့် ကျင့်ကြံမှုကို ခိုင်မာအောင် လုပ်ဆောင်နေချိန်တွင် မြေအောက်ဝိညာဉ်ရေကန် တစ်ခုလုံးရှိ ဝိညာဉ်ချီများ သူ့ထံသို့ စုဝေးရောက်ရှိလာသဖြင့် ချူကျင်း၊ နန်ကုန်းအာနှင့် လင်းချွမ်တို့ ကျင့်ကြံ၍ မရတော့ပေ။
"ဒါက..."
ချူကျင်းက ဝိညာဉ်ချီများ ဝန်းရံနေသော လီချင်းချိုးကို ကြည့်လိုက်ပြီး မျက်နှာပေါ်တွင် ကြောက်ရွံ့သော အမူအရာများ ပေါ်လာလေသည်။
သူ ပိုမြင့်တဲ့ နယ်ပယ်ကို ရောက်သွားပြီလား…