← Chapters

အခန်း (၁၄၂)

Vol. 15 Ch. 142

အခန်း (၁၄၂)

Vol. 15 Ch. 142

မူလအားဖြည့်နယ်ပယ် ကိုးခုမြောက်အဆင့်သို့ ရောက်ရှိပြီးနောက် လီချင်းချိုး၏ ဝိညာဉ်အာရုံ အပြည့်အဝ ဖွဲ့စည်းသွားပြီ ဖြစ်သည်။ မျက်လုံးများ မှိတ်ထားလျှင်ပင် ပတ်ဝန်းကျင်ကို ၃၆၀ ဒီဂရီ ပတ်ပတ်လည် မြင်တွေ့နိုင်လေသည်။ ဤမြင်ကွင်းမှာ ထူးခြားလွန်းလှပြီး သာမန် အမြင်အာရုံထက် ပိုမို ရှင်းလင်း ပြတ်သားသည်။

ဝိညာဉ်အာရုံက ကျောက်တုံးများ၊ ဂူနံရံများကိုပါ ထွင်းဖောက် မြင်နိုင်ပြီး အရာဝတ္ထုများကို တစ်ခုနှင့်တစ်ခု ခွဲခြား သိမြင်နိုင်ရာ ဓာတ်မှန်ရိုက်၍ ကြည့်သည်ထက်ပင် သာလွန်လေသည်။

ဤကဲ့သို့သော ဝိညာဉ်အာရုံပိုင်ဆိုင်လိုက်ရသဖြင့် ကျင့်ကြံသူတစ်ဦး ဖြစ်လာပြီဟု လီချင်းချိုး ပိုမို ခံစားလာရသည်။

သိုင်းပညာရှင်တစ်ယောက် မည်မျှပင် သန်မာပါစေ၊ ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အား တိုးတက်လာခြင်းသာ ဖြစ်ပြီး ရုပ်ခန္ဓာကိုယ်မှာ သာမန်လူအဆင့်မှ ကျော်လွန်နိုင်မည် မဟုတ်ပေ။

သို့သော် လီချင်းချိုးအတွက်တော့ ဝိညာဉ်အာရုံ ရှိသော်လည်း ဝိညာဉ်အသိစိတ်နယ်ပယ် နှင့် အလှမ်းကွာနေဆဲပင်။

ထိုက်ချင်းဟွမ်ယွမ်ကျမ်းစာ အရ ဝိညာဉ်အသိစိတ်နယ်ပယ်ဆိုသည်မှာ ဝိညာဉ်အာရုံကို တိုက်ခိုက်ရေး စွမ်းရည်အဖြစ် ပြောင်းလဲပေးနိုင်သော နယ်ပယ်တစ်ခု ဖြစ်သည်။ကျင့်ကြံသူ၏ ဂါထာအသုံးပြုမှုက မူလချီချည်းသက်သက် အသုံးပြုခြင်းမှ မူလချီနှင့် ဝိညာဉ်အာရုံ ပေါင်းစပ် အသုံးပြုခြင်းသို့ ပြောင်းလဲသွားပြီး ပိုမို အစွမ်းထက်လာမည် ဖြစ်သည်။

ကျင့်ကြံမှုကို စတင် ခိုင်မာအောင် လုပ်ဆောင်လိုက်သည်နှင့် ဝိညာဉ်အသိစိတ်နယ်ပယ်၏ ကျင့်စဉ်နှင့် ပတ်သက်သော မှတ်ဉာဏ်များ ပိုမို ကြွယ်ဝလာပြီး အသေးစိတ် ကျလာလေသည်။

ထိုက်ချင်းဟွမ်ယွမ်ကျမ်းစာက ကြီးမားလွန်းသဖြင့် တစ်လုပ်တည်းနှင့် အကုန်မျိုချ၍ မရနိုင်ပေ။

အမွေအနှစ်သည် သူ့စိတ်ထဲတွင် ရှိနေရုံမျှ မဟုတ်ဘဲ နယ်ပယ် တိုးတက်လာသည်နှင့်အမျှ အသေးစိတ်ကျသော မှတ်ဉာဏ်များ ပိုမို ထွက်ပေါ်လာခြင်း ဖြစ်သည်။

ဤအချက်က ချင်းရှောင်ဂိုဏ်းသားများကို ဟွမ်ယွမ်ကျမ်းစာ၏ စိတ်စွမ်းအင် ကျင့်စဉ် အဆင့်တစ်ခုစီက သီးခြား ကျင့်စဉ်တစ်ခု ဖြစ်သည်ဟု ခံစားရစေသည်။ဤအချက် တစ်ခုတည်းဖြင့်ပင် လောကီသိုင်းပညာ အတွင်းအား ကျင့်စဉ်များက ဟွမ်ယွမ်ကျမ်းစာနှင့် ယှဉ်ပြိုင်နိုင်ခြင်း မရှိပေ။

အကြိမ်တစ်ရာသန့်စင်ခြင်း နတ်ဆိုးခန္ဓာကို ပိုင်ဆိုင်ထားသော လီချင်းချိုးအဖို့ လုံလောက်သော အဆင့်တစ်ခုသို့ ရောက်ရှိရန် သူ့ ခန္ဓာကိုယ်အတွင်း၌ မူလချီ စုဆောင်းရန် အချိန်လိုအပ်ပေသည်။ ၎င်းမှာ ကျင့်စဉ်နယ်ပယ်နှင့် ကွာခြားပေသည်။

ကျင့်ကြံသူ ဖြစ်ရသည်မှာ ပိုမို ဒုက္ခများလှသော်လည်း ဤသည်မှာ ပျော်ရွှင်စရာ ပြဿနာတစ်ခု ဖြစ်လေသည်။

နောက်ပိုင်း ကာလများတွင် မြေအောက်ဝိညာဉ်ရေကန်ရှိ ဝိညာဉ်ချီများမှာ ရုန်းရင်းဆန်ခတ် ဖြစ်နေသဖြင့် ချူကျင်း၊ နန်ကုန်းအာနှင့် လင်းချွမ်တို့အဖို့ တည်ငြိမ်စွာ ကျင့်ကြံရန် ခက်ခဲလာကြသည်။

လင်းချွမ်နှင့် နန်ကုန်းအာတို့က အပြင်သို့ ထွက်၍ ဆော့ကစားကြပြီး ချူကျင်းကမူ လီချင်းချိုး၏ အခြေအနေကို စောင့်ကြည့်ရန် မြေအောက်ဝိညာဉ်ရေကန်၌ ကျန်ရစ်ခဲ့လေသည်။

လီချင်းချိုးက အဆင့်တက်ရုံ သက်သက် မဟုတ်ကြောင်း သူ့ပင်ကိုယ်အသိစိတ်က ပြောပြနေသည်။

ဒါက ကြောက်စရာ ကောင်းလွန်းလှသည်။

မျက်စိတစ်မှိတ်အတွင်း ငါးရက် ကုန်ဆုံးသွားခဲ့ချေပြီ…..

လီချင်းချိုး မျက်လုံး ဖွင့်လိုက်တော့ ဝိညာဉ်ချီများ လှိုင်ခနဲ ထွက်ပေါ်လာသကဲ့သို့ ဖြစ်သွားပြီး သူ့ပုံစံမှာ အလွန် ခမ်းနား ထည်ဝါနေလေသည်။

အကြိမ်တစ်ရာသန့်စင်ခြင်း နတ်ဆိုးခန္ဓာက လီချင်းချိုးကို နယ်ပယ်တူများထက် မူလချီ အဆတစ်ရာ ပိုမို ပိုင်ဆိုင်စေသဖြင့် သူသည် လမ်းလျှောက်နေသော မြေအောက်ဝိညာဉ်ရေကန် တစ်ခုသဖွယ် ဖြစ်နေပေသည်။

မြေအောက်ဝိညာဉ်ရေကန် အတွင်းရှိ ဝိညာဉ်ချီများ ပါးလွှာသွားသည်ကို သူ ရှင်းလင်းစွာ ခံစားလိုက်ရသည်။ အများစုကို စုပ်ယူလိုက်သလိုခံစားမှုမျိုးပင်။

ထို့ကြောင့် လီချင်းချိုး ပြဿနာတစ်ခုကို ရုတ်တရက် တွေးမိလိုက်သည်။

တပည့်များ၏ ကျင့်ကြံမှုအဆင့် မြင့်မားလာသည်နှင့်အမျှ ဝိညာဉ်ချီ ရှားပါးမှု ကြုံတွေ့ရမည်မှာ မလွဲဧကန် ဖြစ်သည်။ အကယ်၍ ကောင်းချီးနယ်မြေများကို ထပ်မံ မရှာဖွေနိုင်ပါက ထိုက်ခွန်းတောင်တန်း တစ်ခုတည်းကို အားကိုးနေရုံဖြင့် အထိန်းအကွပ်မဲ့ တပည့်လက်ခံမှုများကို ထောက်ပံ့ပေးနိုင်မည် မဟုတ်ပေ။

တပည့်များကို မျက်စိမှိတ် လက်ခံနေခြင်းက ပညာရှိသော နည်းလမ်း မဟုတ်နိုင်ပေ။

သိုင်းလောက ဂိုဏ်းများဆိုလျှင်လည်း ဘဏ္ဍာရေးကို ထည့်သွင်းစဉ်းစားရန် လိုအပ်သဖြင့် စစ်တပ်လောက် တပည့် အများအပြားကို မွေးမြူထားနိုင်ခြင်း မရှိကြပေ။

ကျင့်ကြံခြင်းဂိုဏ်းဆိုလျှင် ဝိညာဉ်ချီကို ထည့်သွင်း စဉ်းစားရမည် ဖြစ်သည်။

မူလချီသည် လေထဲမှ အလိုလို ပေါ်လာခြင်း မဟုတ်ဘဲ ကောင်းကင်နှင့် မြေပြင် ဝိညာဉ်ချီမှ ပြောင်းလဲလာခြင်း ဖြစ်သည်။ ဝိညာဉ်ချီသည် အရေးပါသော မဟာဗျူဟာမြောက် အရင်းအမြစ်တစ်ခု ဖြစ်လာပေလိမ့်မည်။

ထို့ကြောင့် ကောင်းကင်ဖာထေးခြင်း မဟာအစီအရင်က သူ မဖြစ်မနေ အကောင်အထည် ဖော်ရမည့် စီမံကိန်း ဖြစ်လာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်ဖာထေးခြင်း မဟာအစီအရင်က မြေကြီးထဲမှ ဝိညာဉ်ချီများကို ထုတ်ယူပေးနိုင်ပြီး ချင်းရှောင်ဂိုဏ်းအတွင်း ဝိညာဉ်ချီများကို များစွာ တိုးပွားစေမည် ဖြစ်သောကြောင့်ပင်။

လီချင်းချိုး မတ်တတ်ရပ်၍ ကိုယ်လက် ဆန့်တန်းလိုက်တော့ ချူကျင်း လေထဲမှ မျောလွင့်လာပြီး စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

"ဆရာ... ဟွမ်ယွမ်ကျမ်းစာရဲ့ ဘယ်အဆင့်ကို ရောက်သွားတာလဲ..."

"ကိုးခုမြောက်အဆင့်..."

လီချင်းချိုးက ဘာမှ ဖုံးကွယ်မထားပေ။

ချူကျင်း လေအေးတစ်ချက် ရှိုက်လိုက်မိလေပြီ….

မူလအားဖြည့်နယ်ပယ် တတိယအဆင့်သို့ ရောက်ရှိပြီးနောက် ချူကျင်းသည်လည်း အများနည်းတူ ဟွမ်ယွမ်ကျမ်းစာ၏ ခက်ခဲမှုကို စတင် ခံစားလာရသည်။ သူရဲ့ ကျင့်ကြံမှု တိုးတက်နှုန်း နှေးကွေးသွားပြီး ရှေ့ဆက်တက်ရန် ပိုမို ခက်ခဲလာမည်ကို ကြိုတင် မြင်တွေ့နေရပြီဖြစ်သည်။

ကိုးခုမြောက်အဆင့်တွင် ရပ်တည်ရသည်မှာ မည်သို့ ခံစားရမည်ကို သူ စိတ်ကူးပင် မယဉ်ရဲပေ။

ထိုနေရာတွင် အချိန်အတော်ကြာ နေပြီးနောက် လီချင်းချိုး မြေအောက်ဝိညာဉ်ရေကန်မှ ထွက်ခွာလာခဲ့ချိန်၌ ညအချိန် ရောက်နေပြီ ဖြစ်သည်။

ချူကျင်းက ကောင်းကင်သက်တံဓားကို ကိုင်ဆောင်၍ လီချင်းချိုး၏ နောက်မှ လိုက်ပါလာပြီး နန်ကုန်းအာနှင့် လင်းချွမ်တို့သည်လည်း လျင်မြန်စွာ ပြန်ရောက်လာကြကာ နောက်မှ လိုက်ပါလာကြသည်။

တောင်ပေါ်တွင် ကျောက်တိုင်များ စိုက်ထူထားပြီး ထိပ်တွင် ဆီမီးခွက်များ ချိတ်ဆွဲထားသဖြင့် ချင်းရှောင်တောင်က လွန်ခဲ့သော နှစ်များတုန်းကလို ညဘက်တွင် ခြောက်ခြားစရာ မကောင်းတော့ပေ။

လီချင်းချိုး တောင်ပေါ်လမ်းအတိုင်း ဆက်လျှောက်လာရာ တပည့်များစွာ တောအုပ်ထဲတွင် ပုန်းအောင်း၍ သိုင်းကျင့်နေကြသည်ကို လည်းကောင်း၊ အချို့မှာ တောအုပ်ထဲတွင် ချိန်းတွေ့နေကြသည်ကို လည်းကောင်း တွေ့လိုက်ရသည်။

ချစ်သူရည်းစား ထားခြင်းက ကောင်းသည် ဆိုးသည်ကို လီချင်းချိုးနှင့် ခန်းမသခင် အသီးသီးတို့ မကြာခဏ ဆွေးနွေးလေ့ ရှိကြသည်။ နိဂုံးချုပ်ရလျှင် ကောင်းကျိုးရော ဆိုးကျိုးပါ ရှိနေပေသည်။ ထို့ကြောင့် ချင်းရှောင်ဂိုဏ်းက သက်ဆိုင်ရာ စည်းကမ်းချက်များကို ချမှတ်ခဲ့ပြီး ယခုအချိန်အထိ ပြဿနာ တစ်စုံတစ်ရာ မပေါ်ပေါက်သေးပေ။

လီချင်းချိုးက လမ်းတစ်လျှောက်ရှိ အရာအားလုံးကို နေ့ခင်းကြောင်တောင် လျှောက်သွားနေသကဲ့သို့မြင်နိုင်ရန် ဝိညာဉ်အာရုံ အသုံးပြု၍ ကြည့်ရှုသွားရာ ပေရာပေါင်းများစွာ အကွာအဝေးရှိ လူများနှင့် အရာဝတ္ထုများကို ရှင်းလင်းစွာ မြင်တွေ့နေရသည်။

ချင်းရှောင်တောင်၏ အထက်ပိုင်းသို့ ရောက်သောအခါ လီချင်းချိုး ရုတ်တရက် ရပ်တန့်လိုက်မိသည်။

တောင်စောင်းနှင့် ပေငါးဆယ်ခန့် အကွာတွင် ကျန်းဖိန် ဓားသိုင်း လေ့ကျင့်နေသည်ကို သူ မြင်လိုက်ရခြင်းကြောင့်ပင်….

ဤသိုင်းကွက်မှာ ကျန်းကျောက်ရှား ဖန်တီးထားသော သိုင်းကွက်ဖြစ်ပြီး သိပ်၍ အဆင့်မမြင့်လှပေ။

ကျန်းဖိန်လည်း ဓမ္မတိုက်ပွဲ ညီလာခံအတွက် ပြင်ဆင်နေပုံ ရသည်။

ထိုစဉ် ချူကျင်း လေထဲသို့ ထွက်ပေါ်လာပြီး ….

"ဆရာ... ဒီကောင်လေးကို သိလား..."

သူသည် ကုန့်လင်ခန်းမ၌ အလုပ်လုပ်ခဲ့ဖူးပြီး ကျန်းဖိန်နှင့် ဆက်ဆံရေး ကောင်းမွန်ခဲ့သဖြင့် ကျန်းဖိန်ကို ကောင်းစွာ မှတ်မိနေသည်။

သူ့မှတ်ဉာဏ်ထဲတွင် ကျန်းဖိန်ဆိုသူက သာမန်ကာလျှံကာသာ ရှိပြီး ရိုးသားသူ ဖြစ်သည်။ သူသည် လူများနှင့် မိတ်ဖွဲ့ရသည်ကို နှစ်သက်သောကြောင့် ကျန်းဖိန်နှင့် မိတ်ဖွဲ့ခဲ့ခြင်း ဖြစ်သည်။

သို့သော် ကျန်းဖိန်က သူ့အပေါ် အလွန် တက်ကြွစွာ ဆက်ဆံခဲ့ပြီး ချင်းရှောင်တောင်မှ ထွက်ခွာလာပြီးနောက်ပိုင်းတွင်လည်း ချူကျင်းစိတ်ထဲ၌ တစ်ခါတစ်ရံ ကျန်းဖိန်အကြောင်း တွေးမိတတ်လေသည်။

ယခုအခါ ကျန်းဖိန်က သူ့ကို နတ်ဆိုးတစ်ကောင်အဖြစ် မြင်နေပြီး ပြန်တွေ့ရမည်ကို ကြောက်ရွံ့နေကြောင်း သူ မသိရှာပေ။

"အင်း... သူ့ကို ငါ သဘောကျတယ်... သူ့မှာ အလားအလာ ရှိတယ်လို့ ခံစားရတယ်..."ဟု လီချင်းချိုးက တိုးတိုးလေး ဖြေလိုက်သည်။

"အလားအလာရှိတဲ့ ပါရမီရှင်... သူကလား..."

ချူကျင်း အံ့အားသင့်သွားပြီး ဇဝေဇဝါ ဖြစ်သွားသည်။ သူ့အနေနှင့် လီချင်းချိုး၏ ဆုံးဖြတ်ချက်ကို မမေးခွန်းထုတ်ရဲသော်လည်း ကျန်းဖိန်၌ မည်သည့် အရည်အချင်းကောင်းများ ရှိနေသနည်း ဟူသည်ကိုမူ သိချင်နေမိသည်။

"သူ့ရဲ့ အနာဂတ် အောင်မြင်မှုတွေက ဟို နန်ကုန်းမိသားစုရဲ့ ဆက်ခံသူထက်တောင် ပိုကြီးမားနိုင်တယ်..."

လီချင်းချိုး အကြည့်ပြန်ရုတ်လိုက်ပြီး ပေါ့ပေါ့ပါးပါး ပြောကာ ဆက်လျှောက်သွားလေတော့

ချူကျင်းကလည်း အမြန်လိုက်မီအောင် လျှောက်ရင်း မေးလိုက်ပြန်သည်။

"ဆရာ... နန်ကုန်းယွီကို ဘယ်တော့ လေ့ကျင့်ပေးဖို့ စိတ်ကူးရှိလဲ..."

ထိုအခါ နန်ကုန်းအာသည်လည်း မျှော်လင့်ချက် အပြည့်ရှိသော မျက်လုံးများဖြင့် လီချင်းချိုးကို လှမ်းကြည့်လိုက်သည်။

"ငါ့ရှေ့ကို သူ ပေါ်လာနိုင်တဲ့ အချိန်ကျရင်ပေါ့..."ဟု လီချင်းချိုးက ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်။

ထိုစကားကို ကြားသောအခါ ချူကျင်း သက်ပြင်း မချဘဲ မနေနိုင်တော့ပေ။

နောက်ဆုံးတော့လည်း နန်ကုန်းယွီ၏ ပါရမီ မလုံလောက်သောကြောင့်သာ ဖြစ်ပေမည်။ အကယ်၍ သူသာ ရှောင်ညီအစ်ကိုသုံးဖော်နှင့် ယှဉ်နိုင်ပါက လီချင်းချိုး သူ့ကို သေချာပေါက် ခေါ်ယူတွေ့ဆုံပြီးလောက်လေပြီ။

ရှောင်ညီအစ်ကိုသုံးဖော် အကြောင်း တွေးမိတိုင်း ချူကျင်း၏ ခံစားချက်များ ရှုပ်ထွေးသွားရစမြဲပင်။

ရှောင်သခင်ကြီးထံတွင် ရှုံးနိမ့်ပြီးနောက် ရှောင်သခင်ကြီးကို အနိုင်ယူရန် မျှော်လင့်ခဲ့သော်လည်း ရှောင်သခင်ကြီးကို သွားမရှာရဲခဲ့ပေ။ ရှောင်သခင်ကြီး သေဆုံးပြီးနောက်မှသာ သိုင်းလောကထဲတွင် လွတ်လပ်စွာ သွားလာရဲခဲ့ခြင်း ဖြစ်သည်။

မထင်မှတ်ဘဲ ရှောင်သခင်ကြီး၏ မျိုးဆက်ထဲမှ ထူးချွန်သော ပါရမီရှင် သုံးယောက် ထပ်မံ ပေါ်ထွက်လာခဲ့ပြန်ပြီ။

ဤညီအစ်ကို သုံးယောက်စလုံး ထူးကဲသော ပါရမီကို ပြသထားပြီး ဖြစ်သဖြင့် ရှောင်သခင်ကြီးလို ကြောက်စရာကောင်းသော သူများ ဖြစ်လာနိုင်သည်ဟုပင် သူ သံသယ ဝင်မိသည်။

…

လီချင်းချိုးက သူ အဆင့်တက်သွားကြောင်းကို ဂျူနီယာညီ၊ ညီမများ အပါအဝင် မည်သူ့ကိုမျှ ပြောမပြခဲ့ပေ။

မတ်လတွင် ကွမ်းယွမ်ခန်းမ၌ ဓမ္မတိုက်ပွဲ ညီလာခံအတွက် စာရင်းပေးသွင်းရာ နေရာတစ်ခု ဖွင့်လှစ်လိုက်ရာ တပည့်အများအပြား လာရောက်ကြလေသည်။ ဓမ္မတိုက်ပွဲ ညီလာခံအတွက် စာရင်းသွင်းရန် လစဉ်ကြေး တစ်လစာ ပေးသွင်းရမည် ဖြစ်သည်။ ဤအကျိုးပြုမှတ်များကို လစဉ် လစာနှင့် သီးခြား တွက်ချက်ထားခြင်း ဖြစ်သည်။ ဂိုဏ်း၏ အကျိုးပြုမှတ်များက လစဉ်လစာထက် ပိုမို တန်ဖိုးရှိကြောင်း တပည့်အားလုံး နားလည်ထားကြသည်။

အဘယ်ကြောင့်ဆိုသော် ၎င်းတို့ကို ကျင့်စဉ်များ၊ သိုင်းပညာများ၊ လက်နက်များနှင့် လဲလှယ်နိုင်ရုံသာမက ပြင်ပတွင် ငွေကြေးအဖြစ်ပါ ပုဂ္ဂလိက ကုန်သွယ်မှု ပြုလုပ်နိုင်သောကြောင့် ဖြစ်သည်။

စာရင်းသွင်းကြေး ရှိနေသဖြင့် အပျော်သဘော ဝင်ပြိုင်လိုသူများ အလိုအလျောက် နောက်ဆုတ်သွားကြလေသည်။ သို့တိုင်အောင် ကွမ်းယွမ်ခန်းမတွင် နေ့စဉ် လာရောက် စာရင်းပေးသွင်းသူများဖြင့် စည်ကားနေဆဲပင်။

ချင်းရှောင်ဂိုဏ်း၏ ဓမ္မတိုက်ပွဲ ညီလာခံ သတင်းက ကုကျိုးစီရင်စု၊ သိုင်းလောကနှင့် အထက်တန်းလွှာ အသိုင်းအဝိုင်းများကြားတွင်လည်း ပျံ့နှံ့သွားလေသည်။

လီချင်းချိုး၏ ဂုဏ်သတင်း နေရာအနှံ့ ပျံ့နှံ့သွားသည်နှင့်အမျှ အာဏာရှိသူများနှင့် သူဌေးသူကြွယ်များကလည်း ချင်းရှောင်ဂိုဏ်း၏ သိုင်းပညာကို အသိအမှတ် ပြုလာကြသည်။ ကိုယ်ရံတော် သို့မဟုတ် သိုင်းပညာရှင်များကို ငှားရမ်းသည့်အခါ ချင်းရှောင်ဂိုဏ်းသားများကို ဦးစားပေး စဉ်းစားလာကြပြီး ချင်းရှောင်ဂိုဏ်းနှင့် မဟာမိတ် ဖွဲ့ရန်ပင် ကြိုးပမ်းလာကြသည်။

ပါရမီရှင်များကလည်း ပိုမို ရင်းနှီးသော ဆက်ဆံရေးကို တည်ဆောက်ကြသည်။

လက်ရှိတွင် တပည့်တစ်စုက တောင်အောက်ရှိ မင်းစိုးရာဇာ မျိုးနွယ်ဝင်များကို သိုင်းပညာ သင်ကြားပေးနေကြသည်။ ဤသည်မှာ ချွမ်းကုန်းခန်းမ၌ မင်းစိုးရာဇာ မျိုးနွယ်ဝင်များက တာဝန်အပ်နှံထားခြင်း ဖြစ်လေသည်။

မတ်လလယ်တွင်….

တန်ဖိုးကြီး အဝတ်အစားများ ဝတ်ဆင်ထားသော လူတစ်စု တောင်ပေါ်သို့ တက်လာကြသည်။ ထိုလူစု၏ခေါင်းဆောင်မှာ ဝေမင်းသား ကျောက်ချီပင် ဖြစ်သည်။

သူသည် ယမန်နှစ်က ပြည်နယ်ခုနစ်ခုစစ်တပ်ကို ဦးဆောင်၍ နန်းတွင်းကို ပုန်ကန်ခဲ့သည်။ အဆုံးသတ်တွင် မအောင်မြင်ခဲ့သော်လည်း သူ့ရဲ့ ဂုဏ်သတင်း မြင့်တက်လာပြီး ကမ္ဘာအနှံ့မှ လူများ၏ လေးစားမှုကို ရရှိခဲ့သည်။

ဝေမင်းသား၏ နောက်တွင် လိုက်ပါလာသူမှာ ဖေမိသားစု ခေါင်းဆောင် ဖေကျန်းကျစ် ဖြစ်လေသည်။

ထိုနှစ်ယောက်၏ နောက်တွင် ဝေမင်းသားနှင့် ဖေကျန်းကျစ်တို့၏ မိသားစုဝင်များ၊ လူငယ်များနှင့် နောက်လိုက်များ ပါဝင်ကြသည်။

သူတို့အားလုံး လမ်းတစ်လျှောက်က ရှုခင်းများကို ကြည့်ရှု ခံစားလာကြပြီး လုပ်သားတပည့်များနှင့် အမည်ခံတပည့်များ အလုပ်လုပ်နေပုံ၊ အပြင်စည်းတပည့်များနှင့် အတွင်းစည်းတပည့်များ သိုင်းကျင့်နေပုံနှင့် တောအုပ်ထဲတွင် ယှဉ်ပြိုင်နေကြသော တပည့်များကို မြင်တွေ့ခဲ့ရသည်။

ဝေမင်းသားက လမ်းခရီးတစ်လျှောက်တွင် ချင်းရှောင်ဂိုဏ်း၏ ကြီးမားသော သက်ရှိစွမ်းအားကို ခံစားလိုက်ရပြီး ၎င်းမှာ အခြားသော သိုင်းလောက ဂိုဏ်းများနှင့် မတူညီသော အရည်အသွေး တစ်ခု ဖြစ်ကြောင်း ခံစားလိုက်မိသည်။ အခြားဂိုဏ်းများတွင် မရှိသော သက်ရှိချီစွမ်းအင်များက တောင်ပေါ်ရှိ မြင်ကွင်းအမျိုးမျိုးမှတစ်ဆင့် ချင်းရှောင်ဂိုဏ်း၏ နက်နဲမှုနှင့် အင်အားကို မည်သူမဆို ခံစားသိရှိစေနိုင်သည်။

"တကယ်ကို တမိုးအောက် အနှိုင်းမဲ့ ဂိုဏ်းဖြစ်ရတာနဲ့ တန်ပါပေတယ်..."

ဝေမင်းသားက စိတ်ရင်းမှန်ဖြင့် ရေရွတ်လိုက်တော့ သူ့နောက်မှ လူအုပ်ကြီးကလည်း ထောက်ခံကြလေသည်။ သိုင်းပညာ မြင့်မားသော နောက်လိုက်များပင်လျှင် တပည့်များ၏ သိုင်းပညာ စွမ်းရည်များကို အံ့သြခဲ့ရသဖြင့် လေးစားမှုများ ဖြစ်ပေါ်လာကြသည်။

ဤတပည့်များက သူတို့၏ စွမ်းရည်များဖြင့် ကျန်းဟူတွင် နာမည်ကျော်ကြားနိုင်သော်လည်း ချင်းရှောင်ဂိုဏ်း၌မူ သာမန်တပည့်များသာ ဖြစ်ကြသည်။

အရေးကြီးဆုံး အချက်မှာ ဤတပည့်များ အားလုံးက အလွန် ငယ်ရွယ်ကြပြီး သူတို့အားလုံးက နာမည်ကြီးပြီးမှ ချင်းရှောင်ဂိုဏ်းသို့ ဝင်ရောက်လာခြင်း မဟုတ်ဘဲ ချင်းရှောင်ဂိုဏ်းမှ လေ့ကျင့်ပေးလိုက်ခြင်း ဖြစ်ကြောင်း ဖော်ပြနေသည်။

ဖေကျန်းကျစ်က ရယ်မောလိုက်ပြီး…..

"ချင်းရှောင်ဂိုဏ်းက သိုင်းလောက ပြိုင်ဆိုင်မှုတွေမှာ မပါဝင်ဘဲ သူ့ဖွံ့ဖြိုးတိုးတက်မှု အပေါ်မှာပဲ အာရုံစိုက်နေတာ... အဲဒီလို စိတ်ဓာတ်မျိုးကို တခြား သိုင်းဂိုဏ်းတွေ ယှဉ်လို့ မရဘူး..."

ဝေမင်းသားက ခေါင်းညိတ်လိုက်ပြီး

"ဒီနေ့ ဂိုဏ်းချုပ်လီကို တွေ့ခွင့်ရမလား..."ဟု ပြန်လည်မေးမြန်းလိုက်သည်။

သူသည် ရာထူးကြီးမြင့်ပြီး အာဏာကြီးမားသော နန်းသွေးပါသူ ဖြစ်သော်လည်း လီချင်းချိုးနှင့် ရင်ဆိုင်ရချိန်တွင် မာန်မာန မထားရဲဘဲ အလွန် နှိမ့်ချသော သဘောထားကို ထားရှိလေသည်။

လီချင်းချိုးက ကျောက်ကျိကို သတ်နိုင်လျှင် သူ့ကိုလည်း သတ်နိုင်ပေသည်။ ဤလောကရှိ မည်သည့် အာဏာရှင် သို့မဟုတ် သြဇာကြီးမားသူကမျှ ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို ရန်စလိုခြင်း မရှိကြပေ။

"ပြောဖို့ ခက်တယ်... ဒါပေမဲ့ ကုန့်လင်ခန်းမသခင် ကျန်းယွီချွန်းက ကျွန်တော်တို့နဲ့ တွေ့ပါလိမ့်မယ်... ခန်းမသခင်ကျန်းက ဂိုဏ်းချုပ်လီရဲ့ ဒုတိယဂျူနီယာညီလေးလေ... သူ့ကို ခန်းမသခင် တစ်ယောက်မို့လို့ လျှော့မတွက်နဲ့... သူက အာဏာအကြီးကြီး ကိုင်ထားတာ... ချင်းရှောင်ဂိုဏ်းရဲ့ ဒုတိယဂိုဏ်းချုပ်နဲ့ တူတယ်..." ဟု ဖေကျန်းကျစ်က ပြန်ဖြေလိုက်တော့ ဝေမင်းသား၏ မျက်လုံးထဲတွင် နောင်တရိပ်များ ဖြတ်ပြေးသွားသော်လည်း ထုတ်မပြောခဲ့ပေ။

သူ့နောက်မှ ကျောက်မိသားစု မျိုးဆက်များသည်လည်း မကျေနပ်ချက်များကို မထုတ်ဖော်ရဲကြပေ။

မကျေနပ်လျှင်လည်း စိတ်ထဲတွင်သာ ထားနိုင်ကြသည်။ အဘယ့်ကြောင့်ဆိုသော် ဤနေရာသည် ချင်းရှောင်ဂိုဏ်း ဖြစ်လေသည်။

သူတို့ မသိလိုက်ဘဲ သိုင်းပြိုင်စင်မြင့် အနီးသို့ ရောက်ရှိလာကြရာ တပည့်နှစ်ဦး အပြန်အလှန် တိုက်ခိုက်နေကြသည်ကို တွေ့လိုက်ရလေသည်။

ထိုအထဲမှ တစ်ဦးမှာ ရှောင်ဝူတိပင် ဖြစ်သည်။

လပေါင်းများစွာ ကျင့်ကြံပြီးနောက် ရှောင်ဝူတိသည် မူလအားဖြည့်နယ်ပယ် တတိယအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကာ သူ့ရဲ့ ပြိုင်ဘက်မှာ မူလအားဖြည့်နယ်ပယ် တတိယအဆင့် ရှိသော တပည့်ရင်းတစ်ဦး ဖြစ်လေသည်။

ထိုနှစ်ယောက်က လက်နက်များကို အသုံးမပြုဘဲ စင်မြင့်ပေါ်တွင် လက်သီးချင်း ဖလှယ်နေကြရာ လက်သီးချက်တိုင်း ပြင်းထန်လှသဖြင့် ပရိသတ်များနှင့် ကိုးကွယ်သူများ၏ အားပေးသံများ ဆူညံနေလေသည်။

ဝေမင်းသား ခြေလှမ်းတန့်လိုက်ပြီး စင်မြင့်ပေါ်မှ သိုင်းပြိုင်ပွဲသို့ အကြည့်ရောက်သွားတော့ ဖေကျန်းကျစ်လည်း ရပ်တန့်၍ ကြည့်ရှုလိုက်သည်။

ရှောင်ဝူတိနှင့် တပည့်ရင်းတို့၏ တိုက်ခိုက်ရေး စွမ်းရည်များက ဝေမင်းသား၏ နောက်လိုက်များကို ထိတ်လန့်သွားစေသည်။

အမြန်နှုန်းက ယုံနိုင်စရာ မရှိလောက်အောင်ပင်….

တကယ်ကို လေးလံပြင်းထန်တဲ့ လက်သီးချက် ခြေကန်ချက်တွေပါလား….

ဝေမင်းသား ကြည့်လေ သဘောကျလေ ဖြစ်လာပြီး ရှောင်ဝူတီကို လက်ညှိုးထိုးကာ မေးလိုက်သည်က…

"ဟိုလူက ဘယ်သူလဲ... သူ့မှာ နောက်ခံ အဆက်အသွယ် ရှိလား..."

ဖေကျန်းကျစ် ခေါင်းခါလိုက်ပြီး စကားပြောတော့မည့်ဆဲဆဲတွင် အနောက်မှ ဖြတ်သွားသော တပည့်တစ်ဦးက ရယ်မော၍ ပြောလိုက်လေသည်။

"သူ့နာမည်က ရှောင်ဝူတိ... သူက ဂိုဏ်းချုပ် ကိုယ်တိုင် ပြုစုပျိုးထောင်ပေးနေတဲ့ ပါရမီရှင်လေ... သူက နှစ်သစ်မကူးခင်လေးမှ ဂိုဏ်းကို ဝင်လာတာတောင်

အဲဒီလောက် စွမ်းရည်မျိုး ရှိနေပြီ... သူ့ပါရမီက တကယ် ကြောက်စရာကောင်းတယ်... ဒါနဲ့ သူ့မှာ ညီနှစ်ယောက် ရှိသေးတယ်... သူတို့ရဲ့ သိုင်းပညာကလည်း သူ့ထက် မနိမ့်ဘူး... သူတို့လည်း နှစ်သစ်မကူးခင်ကမှ ဂိုဏ်းကို ဝင်လာကြတာ..."

All Chapters