← Chapters

ချင်းရှောင်ဂိုဏ်း၏ ပထမဆုံး ဓားကျင့်ကြံသူ..

Vol. 15 Ch. 143

ချင်းရှောင်ဂိုဏ်း၏ ပထမဆုံး ဓားကျင့်ကြံသူ..

Vol. 15 Ch. 143

ဖေကျန်းကျစ်က ပြောပြပေးနေသောတပည့်ကို အံ့သြတကြီး လှည့်ကြည့်လိုက်ပြီး….

"မင်းပြောသလိုဆို သူတို့က ဂိုဏ်းသားဖြစ်တာ လပိုင်းပဲ ရှိသေးတယ်ပေါ့..."

သူတို့ကို စကားလှမ်းပြောသူမှာ "ကံကောင်းသူ" ကံကြမ္မာကို ပိုင်ဆိုင်ထားသည့် ပိုင်နင်းအာ ပင် ဖြစ်သည်။သူသည် လွန်ခဲ့သော လဝက်ခန့် ဝိညာဉ်ကျောက်တွင်းမှ ပြောင်းရွှေ့ရန် လျှောက်ထားခဲ့ရာ ယမန်နေ့ကမှ ခွင့်ပြုချက် ရရှိခဲ့ခြင်း ဖြစ်သည်။

သူ့ရဲ့ ပါရမီမှာ သာမန်မျှသာ ဖြစ်သော်လည်း ကျင့်ကြံမှု အဆင့်မှာမူ ချင်းရှောင်ဂိုဏ်း အတွင်း၌ ထိပ်တန်းဟု သတ်မှတ်နိုင်သော မူလအားဖြည့်နယ်ပယ် စတုတ္ထအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထို့ကြောင့် သူသည်လည်း ဓမ္မတိုက်ပွဲ ညီလာခံ၌ ဝင်ရောက်ယှဉ်ပြိုင်ပြီး မိမိကိုယ်ကို သက်သေပြလိုနေသည်။

ဂိုဏ်းချုပ်က သူ့ကို အဘယ်ကြောင့် တန်ဖိုးထားသည်ကို သူ မသိသော်လည်း ဂိုဏ်းချုပ်ကို သူ့ရဲ့ အရည်အချင်းများ ထုတ်ဖော်ပြသလိုစိတ် ရှိနေသည်။

ဝေမင်းသား၊ ဖေကျန်းကျစ်နှင့် အခြားသူများက ထူးခြားသော ဂုဏ်ပုဒ်များ ရှိကြပြီး ရှောင်ဝူတိကို မျက်စိကျနေကြသည်ကို မြင်သောအခါ ပိုင်နင်းအာက ရှောင်ဝူတိ၏ အမှန်တကယ် အဆင့်အတန်းကို ညွှန်ပြပြောဆိုလိုက်ခြင်း ဖြစ်သည်။

ယခင်က လီချင်းချိုး ရှောင်ညီအစ်ကိုသုံးဖော်ကို ခေါ်ဆောင်၍ ဝိညာဉ်ကျောက်တွင်းသို့ သွားရောက်ခဲ့ဖူးရာ ထိုအဖြစ်အပျက်က ပိုင်နင်းအာအပေါ် နက်ရှိုင်းသော အထင်ကြီးမှုကို ဖြစ်စေခဲ့သည်။ သူသည် ရှောင်ညီအစ်ကိုသုံးဖော်ကို အလွန် အားကျနေမိပြီး သူတို့လို ဂိုဏ်းချုပ်၏ ဘေးနား၌ အလုပ်လုပ်ချင်နေမိသည်။

ဖေကျန်းကျစ်၏ မေးခွန်းကို တုံ့ပြန်သောအားဖြင့် ပိုင်နင်းအာက ဂုဏ်ယူဝင့်ကြွားစွာ ပြုံးလိုက်ပြီး…..

"ဟုတ်တယ်... အထင်ကြီးစရာ မကောင်းဘူးလား... ဘယ်သူမဆို ဂိုဏ်းချုပ်ရဲ့ အလေးပေးမှုကို ခံရတာ မဟုတ်ဘူး... ကျွန်တော်တို့ ဂိုဏ်းချုပ်က သူတို့ကို အရမ်း တန်ဖိုးထားတာ... သွားလေရာ ခေါ်သွားလေ့ရှိတယ်..."

ထိုသို့ ပြောပြီးနောက် ပိုင်နင်းအာက တောင်ပေါ်သို့ ဆက်လက် လျှောက်လှမ်းသွားလေတော့သည်။

ထိုစကားကို ကြားလိုက်ရသောအခါ ဝေမင်းသားခင်မျာ ရှောင်ဝူတိကို ဆက်လက် စည်းရုံးရန် မဝံ့ရဲတော့ပေ။ သို့သော် ပိုင်နင်းအာကို စိတ်ဝင်စားသွားပြီး သူ့နောက်သို့ အလျင်အမြန် လိုက်သွားလေသည်။

"လူငယ်လေး... မင်းနာမည် ဘယ်သူလဲ... မင်းရဲ့ ဆရာက ဘယ်သူလဲ..."

ဝေမင်းသားက ပိုင်နင်းအာ၏ အနားသို့ ကပ်သွားပြီး မာန်မာန ကင်းမဲ့သော အပြုံးဖြင့် မေးလိုက်တော့

ပိုင်နင်းအာက သူ့ကို တစ်ချက်လှမ်းကြည့်ပြီး …..

"ကျွန်တော့်နာမည် ပိုင်နင်းအာ ပါ... လောလောဆယ် ဆရာ မရှိသေးပါဘူး..."

"မင်း တောင်ပေါ် တက်မလို့လား..."

"ဟုတ်တယ်... ဓမ္မတိုက်ပွဲ ညီလာခံအတွက် စာရင်းသွားပေးမလို့..."

"မင်းတို့ ချင်းရှောင်ဂိုဏ်းရဲ့ ဓမ္မတိုက်ပွဲ ညီလာခံ အကြောင်း ပြောပြနိုင်မလား... ငါက မင်းတို့ရဲ့ ခန်းမသခင် လီစစ်ဖုန်းနဲ့ ရင်းနှီးပါတယ်... အခု ခန်းမသခင် ကျန်းယွီချွန်းကို သွားတွေ့မလို့..."

"ခင်ဗျားက အဲဒီလောက် အံ့သြစရာ ကောင်းနေမှတော့ ကျွန်တော်က ရှင်းပြနေဖို့ လိုဦးမှာလား... ခန်းမသခင်ကျန်းနဲ့ တွေ့တဲ့အခါ သူ ရှင်းပြပါလိမ့်မယ်..."

"ငါက ခန်းမသခင်ကျန်းနဲ့ အရေးကြီး ကိစ္စတွေ ဆွေးနွေးရမှာလေ... သူက အရမ်း အလုပ်များတာဆိုတော့ ဒီလိုကိစ္စလေးတွေ မေးနေရင် သူ့အချိန်တွေ ပုပ်ကုန်မှာပေါ့..."

"အင်း... ဟုတ်သားပဲ..."

ဓမ္မတိုက်ပွဲ ညီလာခံအကြောင်းက လျှို့ဝှက်ချက် မဟုတ်သလို သတင်းများလည်း ပျံ့နှံ့ပြီးသား ဖြစ်၍ ဖုံးကွယ်ထားရန် မလိုအပ်ဟု ပိုင်နင်းအာ တွေးလိုက်မိသည်။

သေချာ စဉ်းစားပြီးနောက် ပိုင်နင်းအာက ဝေမင်းသားအား ဓမ္မတိုက်ပွဲ ညီလာခံအကြောင်း စတင် မိတ်ဆက် ပြောကြားလိုက်လေသည်။

ဖေကျန်းကျစ်ကလည်း ပိုင်နင်းအာကို အလွန် စူးစမ်းချင်နေမိသည်။

ဤတပည့်က သာမန်လူ မဟုတ်ကြောင်း သူ့ပင်ကိုယ်စိတ်က ပြောပြနေသည်။

ပိုင်နင်းအာသည် မူလအားဖြည့်နယ်ပယ် စတုတ္ထအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၍ မူလချီ သဘောသဘာဝ ပြောင်းလဲနေပြီ ဖြစ်ရာ ဖေကျန်းကျစ်နှင့် သူ့နောက်လိုက်များ၏ အမြင်တွင် နက်နဲလှစွာသော ခံစားမှုကို ပေးစွမ်းနေလေသည်။

မတ်လ တစ်လလုံးတွင် ချင်းရှောင်ဂိုဏ်းတခုလုံး၌ သက်ဝင်လှုပ်ရှားနေသော လေထုဖြင့် ပြည့်နှက်နေသည်။

ဓမ္မတိုက်ပွဲ ညီလာခံ မစတင်မီကပင် ပထမဆုံးအကြိမ် ကျင်းပမည့် ဤပွဲ၌ မည်သူက ထိပ်သီးသုံးယောက် စာရင်းဝင်မည်ကို လူအများက ခန့်မှန်း ပြောဆိုနေကြပြီ ဖြစ်သည်။

ရွှီနင်းကမူ ပထမနေရာကို သေချာပေါက် ရယူထားပြီး ဖြစ်သည်။

သူမသည် ဂိုဏ်းခေါင်းဆောင် (ဂိုဏ်းချုပ်၏ တပည့်ရင်း ခေါင်းဆောင်) ရာထူးမှ ဆင်းပေးခဲ့ပြီး ဖြစ်သော်လည်း ဂိုဏ်းချုပ်၏ တပည့်ရင်း ဖြစ်နေခြင်းနှင့် အသက်အရွယ် ငယ်ရွယ်သေးခြင်းတို့ကြောင့် သူမ ဝင်ရောက်ယှဉ်ပြိုင်မည် ဆိုလျှင် မည်သူမျှ ကန့်ကွက်ရဲမည် မဟုတ်ပေ။

သူမက မျိုးဆက်သစ် လူငယ်များကြားတွင် ဦးဆောင်သူ တစ်ဦး ဖြစ်သောကြောင့် သူမ၏ စွမ်းဆောင်ရည်ကို လူတိုင်း မျှော်လင့်စောင့်စားနေကြသည်။

ရွှယ်ကျင်း၊ လီရန်၊ လုချင်း၊ ဟွမ်ရှန်း၊ ကျန့်ယွင်ချောင်၊ ကျောက်ကျိန်းနှင့် အခြားသူများကတော့ ဒုတိယနေရာအတွက် အပြိုင်အဆိုင် ဖြစ်နေကြသည်။

ကျောက်ကျိန်းကတော့ ပါရမီ အကောင်းဆုံးဟု လူသိများသော်လည်း အသက် ဆယ်နှစ်သာ ရှိသေးသဖြင့် ဒုတိယနေရာ ရနိုင်မည်ဟု ယုံကြည်ရန် ခက်ခဲနေကြသည်။

နာမည်ကျော်ကြားပြီးသော တပည့်များအပြင် အခြားသူများသည်လည်း သူတို့၏ အမှတ်အသားကို ချန်ထားရန် ဆန္ဒပြင်းပြနေကြသည်။

ယခုအခါ ချင်းရှောင်ဂိုဏ်း၌ မူလအားဖြည့်နယ်ပယ် စတုတ္ထအဆင့် ရှိသော တပည့် ၂၅ ဦး ရှိနေပြီ ဖြစ်၏။

သူတို့အများစုမှာ နာမည်မကြီးကြသော်လည်း ဂိုဏ်းအတွင်း ရွှယ်ကျင်းနှင့် လုချင်း တို့လို နာမည်ကျော်ကြား လာစေရန် ရည်မှန်းထားကြသည်။

မွန်းလွဲပိုင်း အချိန်၌…..

ကျိယာ၏ သူငယ်ချင်းငါးယောက် ဓားဂိုဏ်းဝင်း အတွင်းသို့ ဝင်ရောက်လာကြပြီး ယန်လင်း ကို ဝိုင်းဝန်း မေးမြန်းနေကြသည်။

"မင်း တကယ်ပဲ ဓမ္မတိုက်ပွဲ ညီလာခံအတွက် စာရင်းသွင်းလိုက်တာလား... ဘာထူးမှာမို့လို့လဲ... မင်းက မူလအားဖြည့်နယ်ပယ် ဒုတိယအဆင့်ပဲ ရှိသေးတာ... ပြိုင်ပွဲမှာ ပေါ်လွင်လာမှာ မဟုတ်ဘူး..."

"အဆင့်ချိတ်ဖို့က အဓိက မဟုတ်ပါဘူး... ကိုယ့်အရည်အချင်းကို ခန်းမသခင်တွေနဲ့ အကြီးအကဲတွေရှေ့မှာ ထုတ်ပြနိုင်ရင် သူတို့ရဲ့ တပည့်အဖြစ် အသိအမှတ်ပြု ခံရနိုင်တယ်လေ..."

"မင်း အဲဒီလို ပြောတော့ ငါလည်း သွားချင်စိတ် ပေါက်လာပြီ..."

"ငါတို့ ဓားဂိုဏ်းထဲမှာတော့ ဟန်လန် တစ်ယောက်ပဲ ရှိတာ..."

"စီနီယာအစ်ကို ဟန်လန်က ဇွန်လမှာ ကျင်းပမယ့် ထိပ်သီး ၆၄ ယောက် စာရင်းထဲ ဝင်ပါ့မလား..."

သူတို့တစ်တွေသာ ဓမ္မတိုက်ပွဲ ညီလာခံအကြောင်း ပြောဆိုနေကြခြင်း မဟုတ်ဘဲ ကွင်းပြင်သို့ စောစီးစွာ ရောက်ရှိနေကြသော အခြား ဓားဂိုဏ်းသားများလည်း ဆွေးနွေးနေကြလေသည်။

လက်ရှိ ဓားဂိုဏ်း၏ အထူးချွန်ဆုံး တပည့်ဖြစ်သော ဟန်လန်ကတော့ သစ်သားဓားတစ်ချောင်းကို ကိုင်ဆောင်၍ တစ်ယောက်တည်း ရပ်နေပြီး အတွေးများထဲတွင် နစ်မြောနေပုံရသည်။

ကြည့်လိုက်သည်နှင့် ခေါင်မိုးပေါ်တွင် ဓားတရားအားထုတ်နေသော ရှန်ယွဲ့နှင့် တစ်ပုံစံတည်း တူနေလေသည်။

ဓမ္မတိုက်ပွဲ ညီလာခံ တည်ထောင်လိုက်ချိန်မှစ၍ တပည့်များသာ ဂုဏ်ယူဝင့်ကြွားမှုအတွက် ယှဉ်ပြိုင်လိုကြခြင်း မဟုတ်ဘဲ ခန်းမတိုင်းမှ လူများသည်လည်း မိမိတို့ခန်းမမှ တပည့်များ ရလဒ်ကောင်းများ ရရှိပြီး ဂုဏ်ယူစရာ ဖြစ်လာစေရန် မျှော်လင့် ပြင်ဆင်နေကြသည်။

ရှန်ယွဲ့က ဓားသဘောတရားကို နားလည်ရန် အလုပ်ရှုပ်နေသော်လည်း ဓားဂိုဏ်းသားများက ဓားဂိုဏ်း ရလဒ်ကောင်း ရရှိစေလိုကြသဖြင့် ဖိအားများသည် အသန်မာဆုံး ဖြစ်သော ဟန်လန် အပေါ်သို့ ကျရောက်လာလေသည်။

အကယ်၍ ဟန်လန်သာ ထိပ်သီး ၆၄ ယောက် စာရင်းမဝင်ပါက ဓားဂိုဏ်းအတွက် အလွန် သိက္ခာကျစရာ ဖြစ်ပေလိမ့်မည်။

ဟန်လန်၏ အမြင်တွင်မူ ထိပ်သီး ၁၀ ယောက် စာရင်းဝင်မှသာ ဓားဂိုဏ်းအတွက် စစ်မှန်သော ဂုဏ်ယူမှုကို ယူဆောင်လာပေးနိုင်မည် ဖြစ်သည်။

တပည့်များအားလုံး စုဝေးရောက်ရှိလာသောအခါ ဟန်လန်က အတွေးထဲမှ ရုန်းထွက်လိုက်ပြီး ဂျူနီယာညီ၊ ညီမများကို လှည့်ကြည့်ကာ ဓားသိုင်း အတူတကွ လေ့ကျင့်ရန် ဖိတ်ခေါ်လိုက်လေသည်။

ထိုအချိန်၌ပင်…..

"ဟား ဟား ဟား ဟား..."

အနောက်ဘက်မှ ကျယ်လောင်သော ရယ်မောသံကြီး ထွက်ပေါ်လာသဖြင့် ဟန်လန် လှည့်ကြည့်လိုက်သောအခါ ရှန်ယွဲ့က ခေါင်မိုးပေါ်တွင် မတ်တတ်ရပ်၍ အားရပါးရ ရယ်မောနေသည်ကို တွေ့လိုက်ရသည်။

အခြားသော ဓားဂိုဏ်းသားများလည်း လှမ်းကြည့်လိုက်ကြရာ ရှန်ယွဲ့၏ ရှေ့တွင် သစ်သားဓားတစ်ချောင်း လေထဲ၌ ဝဲပျံနေသည်ကို အံ့သြဖွယ် မြင်တွေ့လိုက်ကြရသည်။

ထိုမြင်ကွင်းက ဂိုဏ်းချုပ်နှင့် ကောင်းကင်သက်တံဓား ပုံစံမျိုးနှင့် တစ်ထပ်တည်း တူညီနေလေသည်။

"ငါ အောင်မြင်ပြီ..."

ရှန်ယွဲ့က အော်ဟစ် ရယ်မောလိုက်ပြီး နောက် လေထဲသို့ ခုန်တက်လိုက်ပြီး တောင်ထိပ်ရှိ လင်းရှောင်ခြံဝင်း ဆီသို့ ပျံသန်းသွားကာ သစ်ပင်များကြား၌ လျင်မြန်စွာ ပျောက်ကွယ်သွားလေသည်။

ထိုအခါ ဓားဂိုဏ်းသားများ ချက်ချင်းပင် စိတ်လှုပ်ရှားသွားကြသည်။ ရှန်ယွဲ့က ဓားသဘောတရားကို အောင်မြင်စွာ နားလည်သဘောပေါက်ပြီးနောက် မည်သည်ကို ဆက်လုပ်မည် ဆိုသည်ကို သူတို့ ခန့်မှန်းမိကြသောကြောင့် ဖြစ်သည်။

အကြီးအကဲရှန် ဂိုဏ်းချုပ်ကို သွားရှာတာ သေချာတယ်…

ဟန်လန်သည်လည်း ရှန်ယွဲ့ ထွက်ခွာသွားသော အရပ်မျက်နှာကို ငေးကြည့်ရင်း ရင်ထဲတွင် ခံစားချက်များ လှိုင်းထန်လာသည်။ အကြီးအကဲရှန် ပင်လျှင် ကျင့်ကြံခြင်းကို ကြိုးစားနေပါလျက် သူက မည်သို့ အားလျော့နေနိုင်ပါမည်နည်း။

ဓားသိုင်းကိုသာ ကြိုးကြိုးစားစား လေ့ကျင့်နေသမျှ ကာလပတ်လုံး သူ့ရဲ့ ဓားက သူလိုချင်သော ရလဒ်များကို ပေးစွမ်းလာပေလိမ့်မည်။

သူက ဓားဂိုဏ်းသားများကို လှည့်ကြည့်လိုက်ပြီး အတန်းလိုက် နေရာယူကာ ဓားသိုင်းလေ့ကျင့်ကြရန် တိုက်တွန်းလိုက်လေသည်။

သူတို့သည် ပြင်ပရန်သူများကို ကာကွယ်ရန် ကျန်းကျောက်ရှား ဖန်တီးထားသော ဓားအစီအရင်ကို လေ့ကျင့်ကြရမည် ဖြစ်ပြီး ထိုအစီအရင်ကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ထားရန် လိုအပ်ပေသည်။

…

ဇီယန်တောင်ထွတ်သည် ချင်းရှောင်တောင်၏ အရှေ့ဘက်တွင် တည်ရှိပြီး ချင်းရှောင်တောင်ထက် ပိုမို မြင့်မားလေကာ တောင်တန်းများကြားတွင် ထက်မြက်သော ဓားတစ်ချောင်းသဖွယ် မတ်မတ် စိုက်ထူထားသကဲ့သို့ ရှိသည်။

ဤသည်မှာ ချင်းရှောင်ဂိုဏ်း ဒုတိယမြောက် တည်ဆောက်ရန် စီစဉ်ထားသော တောင်ထွတ် ဖြစ်သည်။

ဇီယန်တောင်ထွတ်၏ အောက်ပိုင်းက တောင်တန်းများနှင့် ဆက်စပ်နေပြီး ကျယ်ဝန်းသော မြေမျက်နှာသွင်ပြင် ရှိကာ ခမ်းနားထည်ဝါသော တောင်ကြီး ဖြစ်သည်။ အထက်ပိုင်းမှာမူ မတ်စောက်သော တောင်ထွတ်ဖြစ်ပြီး မြူခိုးများ ဖုံးလွှမ်းနေလေ့ ရှိသည်။

ကျောက်ကမ်းပါးယံ တစ်ခုပေါ်တွင် လီချင်းချိုးက ဂါထာကို ဆင်ခြင်သုံးသပ်နေပြီး ယွမ်လီ၊ ကျောက်ကျိန်းနှင့် ကျိယာတို့လည်း သူ့နောက်တွင် ယှဉ်တွဲ ထိုင်နေကြကာ ၎င်းတို့၏ လက်ဖဝါးများထဲတွင် ဓားရိပ်ငယ်လေး တစ်ခု စုစည်း ပေါ်ပေါက်နေသည်။

"မွေးရာပါ ဓားရူးသွပ်သူ" ကံကြမ္မာကို ပိုင်ဆိုင်ထားသော လီချင်းချိုးသည်လည်း ဓားသိုင်းများကို ဖန်တီးနိုင်စွမ်း ရှိသည်။ ဤဂါထာကို "ဝိညာဉ်နှုတ်ဓားပျံ" ဟု ခေါ်ဆိုပြီး အထွတ်အထိပ် ဓားထိန်းချုပ်ခြင်းပညာ၊ ပြန်လည်နုပျိုစေသော တစ္ဆေဝိညာဉ်အပ် နှင့် ဝိညာဉ်ချုပ်ကျိန်စာတို့ကို ပေါင်းစပ်၍ လီချင်းချိုး ဖန်တီးထားခြင်း ဖြစ်သည်။

ဝိညာဉ်နှုတ်ဓားပျံသည် အထွတ်အထိပ် ဓားထိန်းချုပ်ခြင်းပညာ၏ ထက်မြက်သော ဓားချီ၊ ပြန်လည်နုပျိုစေသော တစ္ဆေဝိညာဉ်အပ်၏ ထိုးဖောက်နိုင်စွမ်းနှင့် ဝိညာဉ်ချုပ်ကျိန်စာ၏ ဝိညာဉ်တည်ငြိမ်စေသော အာနိသင်များကို ပိုင်ဆိုင်ထားသည်။

အကယ်၍ ဝိညာဉ်နှုတ်ဓားပျံနှင့် တိုက်ခိုက်ခံရပါက ရုပ်ခန္ဓာ ပျက်စီးသွားမည့်အပြင် ဝိညာဉ်သည်လည်း ထိုးဖောက်ခံရပြီး ရုပ်ခန္ဓာနှင့် ကင်းကွာသွားမည် ဖြစ်လေသည်။

"မွေးရာပါ ဓားရူးသွပ်သူ"ကံကြမ္မာက လီချင်းချိုးကို ဓားတာအိုတွင် ထူးခြားသော နားလည်သဘောပေါက်နိုင်စွမ်းကို ပေးစွမ်းပြီး ဝိညာဉ်တာအိုတွင် နားလည်နိုင်စွမ်းမှာမူ "လူသားတစ္ဆေနတ်ဘုရား" ကံကြမ္မာမှ မြစ်ဖျားခံခြင်း ဖြစ်သည်။

ဝိညာဉ်နှုတ်ဓားပျံကို လီချင်းချိုး ပထမဆုံးအကြိမ် ထုတ်ဖော်လိုက်သောအခါ ချူကျင်း၊ နန်ကုန်းအာနှင့် လင်းချွမ်တို့ ကြောက်လန့်သွားခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် ဝိညာဉ်နှုတ်ဓားပျံက သူတို့ကို အလွန်အမင်း ဖိနှိပ်ချုပ်ချယ်နိုင်ကြောင်း သူတို့ ခံစားမိကြသောကြောင့် ဖြစ်သည်။

ထို့အပြင် လီချင်းချိုး ပိုင်ဆိုင်သော ဂါထာက ကိုယ်တိုင် ဖန်တီးထားခြင်း ဖြစ်နိုင်ကြောင်း ချူကျင်း သဘောပေါက်လိုက်သောအခါ လီချင်းချိုးကို ပို၍ ရိုသေလေးစားသွားမိပြီး လီချင်းချိုးသည် သူ့အိမ်မက်ထဲတွင် ပေါ်လာသော နတ်ဘုရား မဟုတ်ဘဲ နတ်ဘုရားတစ်ပါး ဝင်စားလာသူ ဖြစ်မည်ဟု ခန့်မှန်းမိလိုက်လေသည်။

လီချင်းချိုး သူ့တပည့်များကို သင်ကြားပေးရန် အာရုံစိုက်နေစဉ် သူ့ရှေ့တွင် အသိပေးချက် တစ်ခု ရုတ်တရက် ပေါ်လာသည်။

[ချင်းရှောင်ဂိုဏ်းမှ တပည့်တစ်ဦးသည် ပထမဆုံးအကြိမ်အဖြစ် ဓားတာအိုသို့ ဝင်ရောက်ပြီး ဓားကျင့်ကြံသူဖြစ်လာသဖြင့် တာအိုမျိုးဆက် ဖွံ့ဖြိုးတိုးတက်မှုအတွက် ဖြစ်နိုင်ခြေများကို ပိုမို ဖြည့်စွက်ပေးသောကြောင့် သင့်အား ကံကောင်းခြင်း အခွင့်အရေး တစ်ကြိမ် ဆုချပါသည်။]

လီချင်းချိုး ကြောင်အသွားသည်။

ဓားကျင့်ကြံသူ ဟုတ်လား…

ဤအရာက ယခင်က ချူကျင်းကြောင့် ဖြစ်ပေါ်လာခဲ့သော တစ္ဆေကျင့်ကြံသူ အသိပေးချက်ကို သတိရမိစေသည်။

ဓားဂါထာများကို သင်ယူရုံမျှဖြင့် ဓားကျင့်ကြံသူ ဖြစ်မလာနိုင်ကြောင်း ထင်ရှားနေသည်။

မည်သည့် ထူးချွန်သော ပုဂ္ဂိုလ်က ပြုလုပ်လိုက်သည်ကို မသိရသော်လည်း ၎င်းမှာ ကျန်းကျောက်ရှား ဖြစ်နိုင်ခြေ အများဆုံးဟု လီချင်းချိုး သံသယ ဝင်မိလိုက်သည်။

သူ့စိတ်အခြေအနေ ကြည်လင်သွားပြီး ကံကောင်းခြင်း အခွင့်အရေးဆိုသည်မှာ တပည့်များ ဖန်တီး၍ မရနိုင်သော ဝိညာဉ်အရင်းအမြစ်များကို ကိုယ်စားပြုပေသည်။

ယနေ့ သင်ကြားမှု ပြီးဆုံးပါက ကံကောင်းခြင်းကို ဖွင့်ကြည့်ရမည်။

ယခုတခေါက် ကံကောင်းခြင်းက ဝိညာဉ်ချီ ပေါကြွယ်ဝသော နောက်ထပ်နေရာတစ်ခု ဖြစ်လာရန် မျှော်လင့်ရင်း ကံကောင်းခြင်းကို စောင့်မျှော်နေမိသည်။

သို့မှသာ တပည့်ရင်းများကို ပိုမို မွေးထုတ်ပေးနိုင်မည် ဖြစ်သည်။

နေရာ မည်မျှပင် ဝေးကွာနေပါစေ သူ မကြောက်ပေ။ အဘယ်ကြောင့်ဆိုသော် ယခုအခါ ချင်းရှောင်ဂိုဏ်းက အလွန် အင်အားကြီးမားလာပြီဖြစ်၍ မူလအားဖြည့်နယ်ပယ် စတုတ္ထအဆင့်ရှိ တပည့်ရင်း ငါးယောက်လောက် စေလွှတ်လိုက်လျှင် ထိုနေရာကို စောင့်ကြပ်ရန် လုံလောက်သောကြောင့် ဖြစ်သည်။

ကျင့်ကြံသူတစ်ဦးနှင့် မတွေ့ဆုံသမျှ ကာလပတ်လုံး တာ့လီမင်းဆက် အတွင်းရှိ မည်သူကမျှ ချင်းရှောင်ဂိုဏ်းကို ဒုက္ခပေးနိုင်မည် မဟုတ်ပေ။

ခဏအကြာတွင် လေထဲမှ တရွှီရွှီမြည်သံ ထွက်ပေါ်လာသဖြင့် ယွမ်လီ၊ ကျောက်ကျိန်းနှင့် ကျိယာတို့ လန့်ဖျပ်ပြီး လှည့်ကြည့်လိုက်ကြသည်။

ရှန်ယွဲ့က သစ်သားဓားတစ်ချောင်း အပေါ်တွင် စီးနင်းလိုက်ပါလျက် ပျံသန်းလာပြီး သူတို့လေးယောက်၏ အနောက်သို့ လျင်မြန်စွာ ဆင်းသက်လိုက်လေသည်။

သူ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ပြီးနောက် သစ်သားဓားက သူ့ကျောဘက်တွင် တရစ်ဝဲဝဲ ပျံဝဲနေသဖြင့် ယွမ်လီနှင့် အခြားနှစ်ယောက်မှာ မျက်လုံးများ ပြူးကျယ်သွားကြသည်။

လီချင်းချိုးလည်း အံ့သြမိနေသည်။

ဓားကျင့်ကြံသူ ဖြစ်လာသူမှာ ကျန်းကျောက်ရှား မဟုတ်ဘဲ ရှန်ယွဲ့ ဖြစ်နေလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။

"ဂိုဏ်းချုပ်... ကျုပ်ဓားက တာအိုလမ်းစဉ် ဝင်သွားပြီ... ဘယ်လိုလဲ..."

ရှန်ယွဲ့က လီချင်းချိုးကို စိုက်ကြည့်ရင်း ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်လေသည်။

လီချင်းချိုးက သစ်သားဓားကို ကြည့်လိုက်ရာ ၎င်း၏ အတွင်းပိုင်း၌ ဝိညာဉ်တစ်ခု ရှိနေသည်ကို တွေ့ရှိလိုက်ရသည်။

ချူကျင်းနှင့် မတူသည်မှာ ဤဝိညာဉ်သည် လူသားဝိညာဉ် မဟုတ်ပေ။ ၎င်း၏ ပုံသဏ္ဌာန်မှာ ရှန်ယွဲ့နှင့် ဆင်တူပြီး ၎င်း၏ အော်ရာမှာလည်း အတိအကျ တူညီနေသည်။

ရှန်ယွဲ့က ဓားဝိညာဉ်ကို တကယ် ဖန်တီးလိုက်တာလား...

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…

"မွေးရာပါ ဓားရူးသွပ်သူ" ကံကြမ္မာ ပိုင်ဆိုင်ထားသော လီချင်းချိုးပင်လျှင် ရှန်ယွဲ့ မည်သို့ ပြုလုပ်လိုက်သည်ကို နားမလည်နိုင်အောင် ဖြစ်နေရသည်။

ထို့ကြောင့် လီချင်းချိုးက အံ့သြတကြီး ရေရွတ်လိုက်မိသည်။

"တကယ့်ကို လက်ရာမြောက်လွန်းပါတယ်... ခင်ဗျားက တကယ့် ဓားကျင့်ကြံသူ တစ်ယောက်ပါပဲ..."

"ဓားကျင့်ကြံသူ ဟုတ်လား... နာမည်ကောင်းလေးပဲ... ကျုပ် သဘောကျတယ်..."

ကျောက်ကျိန်းနှင့် ကျိယာတို့က ရှန်ယွဲ့၏ နောက်ကျောမှ သစ်သားဓားကို ကြည့်ရင်း အံ့သြနေကြသည်။သူတို့၏ ကျင့်ကြံမှုက ယွမ်လီထက် မြင့်မားသောကြောင့် ပိုမို နက်ရှိုင်းစွာ ခံစားမိကြသည်။

"ဂိုဏ်းချုပ်... အခုဆိုရင် ခင်ဗျားကို ထပ်ပြီး စိန်ခေါ်ဖို့ အရည်အချင်း ပြည့်မီပြီလား..."

လီချင်းချိုးက ရှန်ယွဲ့ဘက်သို့ လှည့်ကာ ပြုံးလိုက်ပြီး ….

"ဓားကျင့်ကြံသူ တစ်ယောက် အနေနဲ့ ခင်ဗျားရဲ့ အောင်မြင်မှုက ကျောက်တိုင်စိုက်ထူ ဂုဏ်ပြုထိုက်ပါတယ်... ဒါပေမဲ့ တာအိုလမ်းစဉ် ဝင်ရောက်နည်းကို တပည့်တွေကို ပြန်သင်ပေးဖို့ ဆန္ဒရှိမှ ဖြစ်မယ်..."

လီချင်းချိုးပြောသော တာအိုလမ်းစဉ်ဝင်ရောက်နည်းဆိုသည်မှာ ဝိညာဉ်သန့်စင်ခြင်း နည်းလမ်းကို ဆိုလိုခြင်း ဖြစ်သည်။

"သေချာပေါက် ဆန္ဒရှိတာပေါ့... ကျုပ်ရဲ့ လက်ရှိ နားလည်သဘောပေါက်မှုတွေက ခင်ဗျားနဲ့ ချင်းရှောင်ဂိုဏ်း လုပ်ပေးခဲ့တာတွေကနေ ရလာတာလေ... အကုန်လုံးကို ပြန်ပေးဆပ်ဖို့ ဆန္ဒရှိပါတယ်..."

ရှန်ယွဲ့က နှုတ်ခမ်းထောင့်စွန်းများ တွန့်ကွေးသွားသည်အထိ ပြုံးရင်း ချက်ချင်းပင် ပြန်ဖြေလိုက်သည်။

လီချင်းချိုး၏ စိတ်ထင်မှု ဟုတ်မဟုတ် မသိသော်လည်း ရှန်ယွဲ့က ဟန်ဆောင်ရသည်ကို နှစ်သက်သော ကျောက်ကျိန်းနှင့် တူသည်ဟု သူ အမြဲ ခံစားနေရသည်။

လီချင်းချိုး၏ အကြည့်ထဲမှ သံသယကို ရိပ်မိပုံရသော ရှန်ယွဲ့က မျက်နှာထားကို တည်လိုက်ပြီး …..

"ဂိုဏ်းချုပ်... ခင်ဗျား မဖြေရသေးဘူး... ခင်ဗျားကို ထပ်ပြီး စိန်ခေါ်ခွင့် ရှိမလား..."

စကားသံဆုံးသည်နှင့် တပြိုင်နက်

ရွှစ်...ဟူသော

စူးရှသော အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာပြီးနောက် ရှန်ယွဲ့၏ ဆံပင်ဖြူများနှင့် မုတ်ဆိတ်ဖြူများ အနောက်သို့ လွင့်ပါသွားကာ မျက်လုံးအိမ်များ ကျယ်သွားပြီး ငွေရောင် ဓားရိပ်တစ်ခု သူ့ရှေ့တည့်တည့်၌ ဝဲပျံနေကာ ကြောက်မက်ဖွယ် ကောင်းသော ဖိအားများဖြင့် သူ့ကို လွှမ်းခြုံထားသဖြင့် သူ လှုပ်ရှား၍ မရတော့ပေ။

ဤမြင်ကွင်းက ဟိုတစ်ကြိမ်က အဖြစ်အပျက်နှင့် တစ်ထပ်တည်း တူညီနေသည်။

ယခုတစ်ကြိမ်တွင်လည်း လီချင်းချိုး၏ ဓားချက်အောက်တွင် အငိုက်မိသွားပြန်လေသည်။

ရှန်ယွဲ့သည် သူ့ရှေ့မှ ဝိညာဉ်နှုတ်ဓားပျံကို ကြည့်ရင်း ဓားရိပ်ထဲတွင် ပါဝင်သော ကြောက်မက်ဖွယ် သတ်ဖြတ်လိုသော ဆန္ဒကို ခံစားလိုက်ရသဖြင့် ကြောက်ရွံ့တုန်လှုပ်သွားရသည်။

"ခင်ဗျား ပိုသန်မာလာတယ်... ဒါပေမဲ့ မလုံလောက်သေးဘူး..."

လီချင်းချိုးက တည်ငြိမ်စွာ ပြောလိုက်တော့

ထိုစကားကို ကြားသောအခါ ယွမ်လီနှင့် အခြားနှစ်ယောက်တို့က လီချင်းချိုးအား လေးစားအားကျသော မျက်လုံးများဖြင့် ကြည့်လိုက်ကြလေသည်။

All Chapters