← Chapters

အခန်း (၇၃၀-၇၃၁)

Vol. 43 Ch. 730-731

အခန်း (၇၃၀-၇၃၁)

Vol. 43 Ch. 730-731

Chapter 730

အကျပ်ကိုင် အညံ့ခံစေခြင်း ၂

“ဒါပေမဲ့ ငါတို့က ဖီးနစ်နဲ့လည်း ပူးပေါင်းထားတာပဲ” တစ္ဆေအိုကြီးက ချက်ချင်းပင် အကျယ်ကြီး ခုခံပြောဆိုလိုက်သည်။

“ပြီးတော့... ပြီးတော့ ဖက်ဒရေးရှင်း၊ ငါတို့ မြောက်အမေရိက ပူးပေါင်းတပ်ဦးနဲ့လည်း ပူးပေါင်းနေတာပဲ၊၊ အဲဒါက သက်သေပြနေတာပဲလေ၊၊ ငါတို့က တားမြစ်ပစ္စည်းတွေနဲ့ ကပ်ဘေးအပင်တွေကိုပဲ စိတ်ဝင်စားတာပါ၊၊ မကောင်းတဲ့ လုပ်ရပ်တွေကို လုပ်နေတဲ့သူတွေ မဟုတ်ပါဘူး”

“အော်” လင်းရှန်က မျက်ခုံးပင့်ကာ ပြောလိုက်သည်။

“ဒါဆို တွင်းနက် အမှတ် ၅ က ခြင်္သေ့ငါးရုပ်တုက မင်းတို့နဲ့ ဘာမှမဆိုင်ဘူးပေါ့”

“သေချာတာပေါ့”

တစ္ဆေအိုကြီးက တွေဝေခြင်းမရှိဘဲ ငြင်းဆိုလိုက်သည်။

“ငါတို့က စွမ်းရည်တွေကို စမ်းသပ်ဖို့ပဲ တာဝန်ရှိတာပါ၊၊ ငါတို့ အဲဒီအရာကို မထိန်းချုပ်နိုင်ဘူး၊၊ အနီရောင်ကမ္ဘာက ဘာလုပ်လုပ် အဲဒါ ငါတို့နဲ့ မဆိုင်ဘူး”

“တားမြစ်ပစ္စည်းတစ်ခုရဲ့ စွမ်းရည်တွေကို မင်းတို့ ဘယ်လိုသိတာလဲ”

မိုနီကာက မေးသည်။

“အဲဒါကို ငါက ဘယ်လိုလုပ်ပြောပြလို့ရမလဲ”

တစ္ဆေအိုကြီးက ရင်ဘတ်ကို ကော့၍ မထီမဲ့မြင်ပြောလိုက်သည်။

“ငါတို့ ဗျာဒိတ်တော်ဂိုဏ်းမှာလည်း ကိုယ်ပိုင်နည်းလမ်းတွေ ရှိတယ်၊၊ အဲဒါက စီးပွားရေး လျှို့ဝှက်ချက်ပဲ၊၊ မင်းတို့ရော မင်းတို့ရဲ့ စီးပွားရေးလျှို့ဝှက်ချက်တွေကို သူများကို အလွယ်တကူ ပြောပြမှာမို့လို့လား”

“ကပ္ပတိန်လင်း”

ကျိုးလီက ချက်ချင်း ဝင်ပြောလိုက်သည်။

“အဲ့စောက်ရူးကောင်ရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို နားမထောင်ပါနဲ့၊၊ ဗျာဒိတ်တော်ဂိုဏ်းဆိုတာ ဘာမှမဟုတ်ဘူး၊၊ သူတို့က လူဆိုးတွေနဲ့ ပေါင်းပြီး သန္ဓေပြောင်းသတ္တဝါတွေကို နတ်ဘုရားတွေလို ကိုးကွယ်နေကြတာပဲ၊၊ ဒီလိုပုံစံပေါက်နေတဲ့ကောင်က လူကောင်းတစ်ယောက်လို့ မင်းထင်လို့လား”

“မင်း... မင်း...”

“ပါးစပ်ပိတ်ထား”

လင်းရှန်က တစ္ဆေအိုကြီး၏ စကားကို တိုက်ရိုက်ဖြတ်လိုက်ပြီး စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။

“ဒါဆို မင်းက ဝန်ခံဖို့ ဆန္ဒမရှိဘူးပေါ့၊၊ ကောင်းပြီလေ၊၊ မိုနီကာ…မင်းမှာ အကြံတစ်ခုခုရှိလား”

မိုနီကာ၏ အကြည့်က တစ္ဆေအိုကြီးအပေါ် အေးစက်စွာ ကျရောက်သွားသည်။

“ရှင်းပါတယ်… သူ့ကို အရင်ဆုံး မိန်းမစိုးဖြစ်အောင် လုပ်လိုက်မယ်လေ”

တစ္ဆေအိုကြီးလည်း သူမ၏ စကားကြောင့် တုန်လှုပ်သွားပြီး မျက်နှာမှာ ချက်ချင်း ဖြူဖျော့သွားသည်။

“မလုပ်နဲ့၊ မလုပ်နဲ့နော်၊၊၊ ငါတို့ ကောင်းကောင်း စကားပြောကြရအောင်လေ… အကြမ်းဖက်တာမကောင်းဘူး”

လင်းရှန်က မိုနီကာကို ကြည့်ကာ ဤအမျိုးသမီးသည် တကယ့် အားနည်းချက်ကို ထိရောက်စွာ ထိုးနှက်နိုင်သည်ဟု တွေးမိလိုက်သည်။ ကျိုးလီ၏ ပြောပြချက်အရ ဤတစ္ဆေအိုကြီးသည် မိန်းမလိုက်စားသူဖြစ်ကြောင်း ထင်ရှားနေပြီး စကားတစ်ခွန်းတည်းဖြင့်ပင် သူ့ကို ထိရောက်စွာ ခြိမ်းခြောက်နိုင်ခဲ့သည်။

“ပထမဆုံးအချက်… ပြောစမ်း၊၊ မင်း ဒီမှာဘာရှာနေတာလဲ” လင်းရှန်က ထောက်လှမ်းရေးစက်ကို ထုတ်ကာ မေးလိုက်သည်။

တစ္ဆေအိုကြီးက သူ၏ နှုတ်ခမ်းများကို လျှာဖြင့် သပ်လိုက်ပြီး ကျိုးလီကို တစ်ချက်ကြည့်ကာ အပြစ်ရှိသလို အမူအရာဖြင့် ပြောလိုက်သည်။

“ငါ... ငါကတော့ တားမြစ်ပစ္စည်းတွေကို ရှာနေတာပါ၊၊ ဒီစက်က အဲဒါအတွက်ပဲ၊၊ ငါ တကယ်ပဲ မင်းတို့အပေါ် မကောင်းတဲ့စိတ်မရှိပါဘူး...”

“အဲဒီလိုလား”

လင်းရှန်က ပြုံးကာ အနက်ရောင်ဖယောင်းတိုင်ကို လက်ညှိုးထိုးပြလိုက်သည်။

“ဒါဆို ဒါက ဘာအတွက်လဲဆိုတာ ပြောပြစမ်း”

“ဒါက တားမြစ်ပစ္စည်းတစ်ခုပဲ”

တစ္ဆေအိုကြီးက အရေးကြီးသည့် အရာတစ်ခုကို ရှင်းပြနေသကဲ့သို့ တည်ငြိမ်သွားသည်။

“ဒါကို တစ်ခါ ထွန်းလိုက်တာနဲ့ မင်း ဒါကို ပိုင်ဆိုင်သွားပြီ၊၊ ပြီးရင် မင်း အမှောင်ထဲမှာ ပုန်းကွယ်နေနိုင်တယ်၊၊ သူများတွေ မင်းကို ရှာရခက်သွားလိမ့်မယ်၊၊ မင်းခံစားရမယ့် အမှောင်စွမ်းအားကျူးကျော်မှုတွေတောင် လျော့နည်းသွားလိမ့်မယ်၊၊ သန္ဓေပြောင်းမွန်းစတားတွေရဲ့ ထောက်လှမ်းမိဖို့ အခွင့်အလမ်းလည်း နည်းသွားလိမ့်မယ်”

“ဟေး… ဒါဆို ရှင်က ဘာလို့ ရှင်က ကိုယ်ဖျောက်ဖို့ ဒါကို မထွန်းထားတာလဲ”

ကီကီက မေးလိုက်သည်။

“အဲဒါ... အဲဒါက အမြဲတမ်း ထွန်းထားဖို့ မလိုပါဘူး၊၊ တစ်ခါထွန်းထားပြီးတာနဲ့... အဲဒါက... အဲဒါက...”

တစ္ဆေအိုကြီးက ပျာပျာသလဲဖြင့် အစီအစဉ်မကျဘဲ ရှင်းပြလေသည်။

သီးသန့်ခန်းအတွင်းမှ ကျိုးလီသည် ၎င်းကို ကြားလိုက်ရသောအခါ မျက်လုံးများ ပြူးထွက်မတတ် ဖြစ်သွားပြီး အော်ဟစ်လိုက်သည်။

“ဒီxxx… ဖယောင်းတိုင် ကုန်သွားရင် လူသေလိမ့်မယ်လို့ မင်းပြောခဲ့တာ မဟုတ်ဘူးလား”

“အဓိပ္ပာယ်မရှိတာတွေ… ငါ အဲဒီလိုမပြောရင် မင်းက ငါ့စကားနားထောင်ပြီး တွင်းနက်ထဲကို ဝင်ပါ့မလား” တစ္ဆေအိုကြီး၏ အကြည့်ထဲတွင် ရက်စက်မှုအချို့ဖြတ်ပြေးသွားသည်။

“မင်း…”

ကျိုးလီ ထဆဲရန် ပြင်လိုက်သော်လည်း လင်းရှန်က တားလိုက်သည်။ တစ္ဆေအိုကြီးက ထိုမြင်ကွင်းကို ကြည့်ကာ ကျိုးလီကို လှောင်ပြောင်သောအကြည့်ဖြင့် ကြည့်လိုက်သည်။

“ဒီလူကလည်း လူကောင်းတစ်ယောက်မဟုတ်ပါဘူး၊၊ မင်းက သူ့အတွက်နဲ့ ငါတို့ ဗျာဒိတ်တော်ဂိုဏ်းကို ရန်သူလုပ်မှာ မဟုတ်ဘူးမလား”

“ဒါဆို ဒီဖယောင်းတိုင်ကို ထွန်းလိုက်ရင် ငါက ကိုယ်ဖျောက်ထားနိုင်မယ်ပေါ့ ဟုတ်လား”

လင်းရှန်က အနက်ရောင်ဖယောင်းတိုင်ကို ကြည့်ကာ သံသယဖြင့် မေးလိုက်သည်။

“ဟုတ်တယ်၊၊ ဟုတ်တယ်”

တစ္ဆေအိုကြီးက ခေါင်းကို ညိတ်ပြလိုက်သည်။

“ဒါပေမဲ့ အဲဒါမှာ ဘေးထွက်ဆိုးကျိုးတွေ ရှိတယ်၊၊ ဒါကြောင့် မင်းကို အလွယ်တကူ မစမ်းကြည့်ဖို့ ငါအကြံပေးချင်တယ်”

“ကောင်းပြီလေ”

လင်းရှန်သည် သေတ္တာကို ချက်ချင်း ပိတ်ကာ သိမ်းဆည်းလိုက်သည်။

“ဟေ့၊၊ မင်း မစမ်းကြည့်ချင်ဘူးလား”

တစ္ဆေအိုကြီးသည် လင်းရှန်က ဤမျှ အလွယ်တကူ လက်ခံလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ကိုယ်ပျောက်နိုင်သည့် စွမ်းရည်ကို မည်သူက မစမ်းကြည့်ပဲ အောင့်ထားနိုင်မည်နည်း။

“ဘေးထွက်ဆိုးကျိုးရှိတယ်လို့ မင်း ပြောခဲ့တာပဲ မဟုတ်လား”

လင်းရှန်က ပြုံးလိုက်သည်။

တစ္ဆေအိုကြီးက အကြောင်းပြချက်တစ်ခု မစဉ်းစားနိုင်ခင်မှာပင် လင်းရှန်က ရုတ်တရက် လက်ကို မြှောက်လိုက်ရာ သေနက်တစ်လက်ပေါ်လာပြီး အေးစက်သော ပြောင်းဝက တစ္ဆေအိုကြီး၏ နဖူးအလယ်သို့ တည့်တည့်ချိန်ရွယ်ကာ ချက်ချင်းပင် ခလုတ်ကို ဆွဲညှစ်လိုက်သည်။

တစ္ဆေအိုကြီးလည်း လင်းရှန်က ရုတ်တရက် တိုက်ခိုက်လိမ့်မည်ဟု မထင်ထားမိပေ၊၊ သူ၏မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားပြီး မျက်ဝန်းထဲတွင် အေးစက်သောအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

ဒိုင်း။

ရထားတွဲအတွင်း သေနတ်သံတစ်ချက်ဟိန်းထွက်သွားသော်လည်း ကျည်ဆန်ထွက်မလာခဲ့ပေ၊၊ ၎င်းမှာ ကျည်ဆန်အလွတ်သာ ဖြစ်သည်။ သို့သော် သေနတ်သံမြည်သည်နှင့် ခုံပေါ်တွင် သံခြေကျဉ်းများဖြင့် ထိုင်နေသော တစ္ဆေအိုကြီးသည် ရုတ်တရက် ပျောက်ကွယ်သွားပြီး ကုလားထိုင်အလွတ်သာ ကျန်ရစ်ခဲ့သည်။

“ဘာလဲဟ… သူ ပျောက်သွားတာလား”

ကီကီက အလန့်တကြားအော်လိုက်သည်။

မိုနီကာလည်း မျက်မှောင်ကြုတ်ကာ ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်ရာ တစ္ဆေအိုကြီးသည် အမှန်တကယ်ပင် အစအနမကျန် ပျောက်ကွယ်သွားပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။

“ဖာ့ခ်…. သူက တည်နေရာကူးပြောင်းသွားတာလား”

ကျိုးလီ ဆွံ့အသွားသည်။

သို့သော် လင်းရှန်ကမူ ဤမြင်ကွင်းကို မြင်သော်လည်း တည်ငြိမ်နေဆဲဖြစ်ပြီး အေးစက်စက်ပြောလိုက်သည်။

“တည်နေရာကူးပြောင်းသွားတာ ဟုတ်လား၊၊ ဒီကောင်က ငါတို့ရှေ့မှာတင် ထိုင်နေတုန်းပဲလေ”

ပြောပြီးသည်နှင့် သူသည် လက်ကိုမြှောက်ကာ သေနတ်ကို ဝါးမျိုလိုက်ပြီး ဟင်းလင်းပြင်ထဲသို့ လှမ်းဆွဲလိုက်သည်။

ဂျစ်…

ပြုတ်ကျကျန်ရစ်ခဲ့သော သံခြေကျဉ်းများဆီမှ ဗို့အားမြင့်လျှပ်စစ်များ ရုတ်တရက် ထွက်ပေါ်လာရာ မီးခိုးပြာရောင်သဏ္ဍာန်ရှိသောလူရိပ်တစ်ခု လက်ခနဲပေါ်လာပြီးနောက် တစ္ဆေအိုကြီးသည် ထိတ်လန့်တုန်လှုပ်သော မျက်နှာဖြင့် ပြန်ပေါ်လာသည်။ ယခုတစ်ကြိမ်တွင်မူ သူ၏အကြည့်များထဲ၌ ယခင်ကကဲ့သို့ ထိတ်လန့်သလိုဟန်ဆောင်မှု သို့မဟုတ် လှောင်ပြောင်မှုများမရှိတော့ဘဲ လင်းရှန်ကို အလွန်သတိကြီးစွာဖြင့် ကြည့်နေလေသည်။ ထိုနောက် တုန်တုန်ရင်ရင်ဖြင့် ပြောလိုက်သည်၊၊

“မင်း... မင်း ဒါကို ဘယ်လိုသိတာလဲ”

“ဟန်ဆောင်မနေနဲ့တော့”

လင်းရှန်က လေးနက်သောလေသံဖြင့် ပြောလိုက်သည်။

“ဖယောင်းတိုင်ထွန်းမှ ပိုင်ဆိုင်နိုင်တာဆိုရင် ဒီဖယောင်းတိုင်က ကျိုးလီနဲ့ ဆိုင်တာပေါ့၊ မင်းကတော့ တခြားသူတွေကို ဖယောင်းတိုင်ထွန်းခိုင်းပြီး ခြိမ်းခြောက်ထိန်းချုပ်လိုရသလို ဖန်တီးပြီး လှည့်စားနေတာပဲ၊၊ တကယ့် ပိုင်ဆိုင်သိမ်းဆည်းနည်းက အဲဒီလိုမဟုတ်တာ သေချာတယ်၊၊ ငါပြောတာ မှန်တယ်မလား”

တကယ်လည်း လင်းရှန်သည် အစကတည်းက ထူးဆန်းနေသည်ဟု ယူဆခဲ့သည်။ ကျိုးလီက ဖယောင်းတိုင်ကို ကောက်ယူခဲ့သော်လည်း အခြားသူတစ်ယောက်၏ ထိန်းချုပ်မှုကို ခံနေရခြင်းမှာ တားမြစ်ပစ္စည်းများ၏ အဆင့်အတန်းခွဲခြားမှုအရ ဖြစ်နိုင်ပါ့မလား၊၊ ဤယုတ္တိဗေဒမှာ လုံးဝ အဓိပ္ပာယ်မရှိပေ။

ထိုစကားကြောင့် ကျိုးလီ ထိတ်လန့်သွားပြီးမှ ရုတ်တရက် သဘောပေါက်သွားသည်။

“သောက်ကျိုးနည်း…. ဒီကောင်က ငါထင်တာထက်တောင် ပိုပြီး ကောက်ကျစ်သေးတာပဲ၊၊ သူက တားမြစ်ပစ္စည်းကို ထိန်းချုပ်ဖို့ ထူးခြားတဲ့နည်းလမ်းရှိတယ်လို့ ငါက တကယ်ယုံနေခဲ့တာပဲ၊၊ တကယ်တော့ ဒီဖယောင်းတိုင်က အစကတည်းက သူ့ဟာဖြစ်နေတာကိုး၊၊ သေလိုက်စမ်းပါလားကွာ”

Chapter 731

အကျပ်ကိုင် အညံ့ခံစေခြင်း ၃

ယခုအချိန်တွင် တစ္ဆေအိုကြီးသည် လင်းရှန်ကို သံသယဖြင့် ကြည့်နေပြီး သူ၏အမူအရာမှာ ရုတ်တရက် ပျာယာခတ်သွားကာ သံခြေကျဉ်းများမှ ရုန်းထွက်ရန် ကြိုးစားရင်း ပြောလိုက်သည်၊၊

“လင်း၊၊ ငါတို့ကြားမှာ ဘာရန်ငြိုးမှ မရှိဘူး မဟုတ်လား၊၊ ငါ့ကို အမြန်လွှတ်ပေးတာ ပိုကောင်းလိမ့်မယ်၊၊ မဟုတ်ရင် ငါတို့လူတွေ ရောက်လာတဲ့အခါ မင်းရဲ့ရထားပေါ်က တားမြစ်ပစ္စည်းသုံးခုလုံးကို မင်း ထိန်းသိမ်းထားနိုင်တော့မှာ မဟုတ်ဘူး”

လင်းရှန်၏အကြည့်များ အေးစက်သွားသည်။

“ငါ့ရထားပေါ်မှာ တားမြစ်ပစ္စည်းသုံးခုရှိတယ်ဆိုတာ မင်းဘယ်လိုသိတာလဲ”

တစ္ဆေအိုကြီးသည် လင်းရှန်၏အမူအရာကြောင့် စကားပြောမှားသွားမှန်း သိလိုက်လေသည်။ သို့သော် သူသည် အလျှော့မပေးလိုသောကြောင့် တဇွတ်ထိုးဆက်ပြောလိုက်သည်။

“ငါသိတော့ ဘာဖြစ်လဲ… မဟုတ်ရင် မင်းတို့ ဘာကြောင့် ခြင်္သေ့ငါးရုပ်တုနဲ့ တွင်းနက်ထဲကို ဆွဲခေါ်ခံလိုက်ရတယ်လို့ ထင်လဲ”

“အာခီစိုင်းက မင်းတို့ရဲ့ အစီအစဉ်ပေါ့ဟုတ်လား” လင်းရှန်၏လေသံမှာ တဖြည်းဖြည်း ရေခဲကဲ့သို့ အေးစက်လာသည်။

တစ္ဆေအိုကြီးသည် သူ့ကိုယ်သူစိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။ လင်းရှန်၏မျက်ဝန်းထဲတွင် သတ်ဖြတ်လိုစိတ်များ ပိုမိုပြင်းထန်လာသည်ကို မြင်သောအခါ သူသည် အစီအစဉ်မကျသော ခြိမ်းခြောက်မှုများကို စတင်ပြောလိုက်သည်။

“ဒါဆို မင်းက ငါတို့ရဲ့ အစွမ်းကို သိပြီပေါ့၊၊ ငါတို့ ခေါင်းဆောင်က မင်းကို အသာလေးအပြတ်ရှင်းနိုင်တယ်နော်၊၊ နားလည်စမ်းပါ၊၊ ငါ့ကို အခုလွှတ်ပေးလိုက်… ဒါဆို ဘာမှမဖြစ်ခဲ့သလို ငါဟန်ဆောင်ပေးမယ်၊၊ မင်းလည်း အခုချက်ချင်း ပြေးတာ ပိုကောင်းမယ်၊၊ ဒါမှ မင်း အသက်ရှင်ဖို့ အခွင့်အရေးရှိလိမ့်မယ်”

“အော်၊၊ မင်းတို့က ငါ့ရဲ့ တားမြစ်ပစ္စည်းတွေကို မျက်စိကျနေတာပေါ့၊၊ ဒါကြောင့် ငါတို့ကို တွင်းနက်ထဲ ဆွဲသွင်းဖို့ အနီရောင်ကမ္ဘာနဲ့ ပူးပေါင်းခဲ့တာကိုး၊၊ ငါတို့ကို အပြတ်ရှင်းပြီးမှ တားမြစ်ပစ္စည်းတွေကို လာသိမ်းဖို့ ကြံစည်ခဲ့တာပေါ့၊၊ အခုတော့ မင်းကိုယ်တိုင်ပေါ်လာပြီး ငါ့ကို ခြိမ်းခြောက်တယ်၊၊ အဲဒါတောင် ငါက မင်းကို လွှတ်ပေးရမယ်ပေါ့၊၊ ဒါမှ မင်းက ပြန်သတင်းပို့ပြီး ငါ့ကို ဆက်ဒုက္ခပေးလို့ရမှာပေါ့ ဟုတ်လား”

လင်းရှန်က တစ္ဆေအိုကြီး၏ စကားများကို အလွန်အံ့သြသင့်နေဟန်ဖြင့် ပြန်ပြောလိုက်မိသည်။

“ငါ... ဒါ ဒါက...”

တစ္ဆေအိုကြီး တံတွေးကို ခက်ခက်ခဲခဲမျိုချလိုက်ရကာ သူသည် သိသိသာသာ ပျာယာခတ်နေပြီး

“မင်း မကြောက်ဘူးလား”

မိုနီကာက ဘေးတွင်ရပ်ကာ တစ္ဆေအိုကြီးကို လှောင်ပြောင်သောမျက်ဝန်းများဖြင့် အေးစက်စွာ ကြည့်နေသည်။

“ဒီလို ညှိနှိုင်းမှုမျိုးက တကယ်ပဲ ကျွန်မကို အမြင်ပွင့်သွားစေတာပဲ၊၊ ဗျာဒိတ်တော်ဂိုဏ်းက တကယ်ပဲ ပုန်းကွယ်နေတဲ့ ပါရမီရှင်တွေပြည့်နေတာပဲ”

ကျိုးလီသည် ဘေးမှပွဲကြည့်နေသူတစ်ဦးအဖြစ် တစ္ဆေအိုကြီး၏ လုပ်ရပ်များကို ကြည့်ရင်း လုံးဝ ဆွံ့အကာ ရေရွတ်နေမိသည်။

“ငါက တကယ်ပဲ ဒီလိုငတုံးမျိုးရဲ့ လှည့်စားမှုကို ခံခဲ့ရတာလား... တကယ်ကို ကံဆိုးတာပဲ”

လင်းရှန်က တဖြည်းဖြည်း ထရပ်လိုက်ပြီး လက်ကို မြှောက်လိုက်ရာ သူ၏လက်ချောင်းထိပ်များမှာ ယန္တရားအမြောက်ပုံရိပ်အသွင် ပြောင်းလဲသွားပြီး တောက်ပသော စွမ်းအင်တန်းတစ်ခု စုစည်းလာကာ တစ္ဆေအိုကြီး၏ နဖူးကို ချိန်ရွယ်လိုက်သည်။

“ဒီလို မင်းကို သတ်ပစ်ဖို့ ခိုင်လုံတဲ့ အကြောင်းပြချက်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်”

“နေဦး၊ နေဦး၊ နေဦး”

ထိုခဏတွင် တစ္ဆေအိုကြီးမှာ သေမင်း၏အငွေ့အသက်ကို အမှန်တကယ် ခံစားလိုက်ရပုံရသည်၊၊ သူ၏မျက်နှာမှာ ချက်ချင်း ဖြူဖျော့သွားပြီး ဇီးရွက်လောက်ဖြစ်သွားကာ တစ်ကိုယ်လုံးတုန်ရီနေလေသည်။ သူသည် အလောတကြီး အော်ဟစ်လိုက်သည်၊၊

“မင်း ငါ့ကို သတ်လိုက်ရင် ဒီဖယောင်းတိုင်ကို ဘယ်လိုသိမ်းဆည်းရမလဲဆိုတာ မင်းဘယ်တော့မှ သိမှာမဟုတ်ဘူး”

“ငါသိတယ်၊၊ မင်းကို သတ်လိုက်တာက နည်းလမ်းပဲ”

လင်းရှန်က အေးစက်သောမျက်ဝန်းများဖြင့် ပြောလိုက်သည်။

“မင်း ဘယ်လိုသိတာလဲ”

တစ္ဆေအိုကြီး ရုတ်တရက် လန့်သွားသည်။

“ဖယောင်းတိုင်ငြိမ်းသွားတာတောင် ကျိုးလီက ဘာလို့အသက်ရှင်နေသေးတာလဲဆိုတာကို သိချင်လို့ မင်း ဒီကိုရောက်လာတာ မဟုတ်လား”

လင်းရှန်က မေးလိုက်သည်။

“မင်း ဘယ်လိုသိတာလဲ”

တစ္ဆေအိုကြီးသည် သူ၏စိတ်ကျန်းမာရေးကိုပင် သံယသဝင်မိလာသည်။

“ခန့်မှန်းကြည့်တာလေ”

လင်းရှန်၏ ပါးစပ်မှ လွှတ်ခနဲထွက်သွားသည်၊၊

“လင်းရှန်... လခွမ်းပဲ”

ဘစ်ဇ်

ယန္တရားစွမ်းအင်အမြောက်သည် တစ္ဆေအိုကြီး၏ နဖူးကို တိုက်ရိုက်ဖောက်ထွက်သွားပြီး လင်းရှန်၏ တစ်မိသားစုလုံးကို ဆဲဆိုရန် ပြင်နေသော သူသည် ဤကမ္ဘာကြီးကို ရုတ်တရက် နှုတ်ဆက်သွားလေသည်။

“နောက်ဆုံးတော့...”

ဤမြင်ကွင်းကို ကြည့်ကာ မိုနီကာက သက်ပြင်းတစ်ချက် ချလိုက်ပုံရသည်။

လင်းရှန်က လက်ကို ခါလိုက်ရင်း “ဒီကောင့်ကိုပါ မင်းဆီမှာ ထည့်ပိတ်ထားဖို့ ငါပြောမှာကို မင်း စိုးရိမ်နေတာလား”

မိုနီကာက တစ္ဆေအိုကြီး၏ အလောင်းကို အရေးမပါသလို ကြည့်လိုက်သည်။

“ရှင့်ကို ကူညီဖို့ ကျွန်မစိတ်မရှိပေမဲ့… ကျွန်မရဲ့ ဘုရင်မ မိုနီကာရထားပေါ်က အိတ်ဇောပိုက်ကိုတော့ တကယ်ပဲ စိုးရိမ်မိတယ်”

၎င်းကို ကြားသောအခါ ကီကီက ရွံရှာသော အမူအရာဖြင့် မျက်မှောင်ကြုတ်လိုက်ပြီး လင်းရှန်ဘက်သို့ လှည့်ကာ “လင်းရှန်၊၊ ဖယောင်းတိုင် သိမ်းဆည်းတဲ့နည်းကို ရှင်ဘယ်လိုသိတာလဲ”

လင်းရှန်က ပခုံးတွန့်ပြလိုက်ပြီး အကူညီမဲ့သော အမူအရာဖြင့် ပြောလိုက်သည်။

“မင်း ငါ့စကားကို ဘယ်တော့မှ သေချာနားထောင်မှာလဲ၊၊ ငါပြောပြီးသားပဲလေ၊၊ ခန့်မှန်းကြည့်တာလို့”

“ဟမ်… ရှင်တကယ်ကြီး ခန့်မှန်းလိုက်တာလား”

ကီကီက မယုံကြည်နိုင်သော မျက်နှာပေးဖြင့် ကြည့်နေသည်။ အစောပိုင်းကမူ လင်းရှန်သည် နတ်ဘုရားတစ်ပါးကဲ့သို့ အကြားအမြင်ရနေသည်ဟု သူမ ထင်မှတ်နေမိခဲ့သည်။

ဘီပ်။

ရထားတွဲအတွင်းရှိ ကင်မရာသည် ယခုအခါ ကျိုးလီ၏ တည်ရှိမှုကို ဖမ်းယူလိုက်သည်။ မိုနီကာက စွမ်းအားဝတ်စုံရေဒါကို အသုံးပြု၍ စကင်ဖတ်ကြည့်ရာ ကျိုးလီသည် သူ၏ ပုန်းကွယ်နိုင်သော ကိုယ်ပျောက်စွမ်းရည်ပျောက်ဆုံးသွားပြီဖြစ်ကြောင်း တွေ့လိုက်ရသည်၊၊ ၎င်းသည် အနက်ရောင်ဖယောင်းတိုင်၏ စွမ်းအား ကုန်ဆုံးသွားပြီဖြစ်ကြောင်း ညွှန်ပြနေသည်။

“ဒီကောင်က စိတ်လွတ်နေပြီလေ၊၊ ဒါကြောင့် အခြေအနေကို စမ်းသပ်ဖို့ သူ့ကို ငါခြောက်ကြည့်လိုက်တာ…မထင်မှတ်ဘဲ ငါ့ခန့်မှန်းချက်က မှန်သွားတာပဲ”

လင်းရှန်က ပြောလိုက်သည်။

နောက်ဆုံးမေးခွန်းနှစ်ခုမှာ အရေးမစိုက်ပဲ ပြောခဲ့ခြင်း မဟုတ်သော်လည်း အမှန်တကယ်ပင် ခန့်မှန်းချက်များသာဖြစ်သည်။ ပထမအချက်မှာ ဖယောင်းတိုင်ကို မီးထွန်းခြင်းဖြင့် သို့မဟုတ် ကိုင်တွယ်ခြင်းဖြင့် သိမ်းဆည်း၍ မရနိုင်ကြောင်း သူ သိထားသည်။ ကျိုးလီက ဖယောင်းတိုင်ကို မကောက်ယူမီကပင် ထိုအနက်ရောင်ဖယောင်းတိုင်ကို တစ္ဆေအိုကြီးက ပိုင်ဆိုင်ထားပြီးသားဖြစ်သည်။ ထိုနည်းလမ်းဖြင့်ပင် တစ္ဆေအိုကြီးသည် ကျိုးလီကို သူ၏ရုပ်သေးရုပ်အဖြစ် ဖန်တီးခဲ့ခြင်းဖြစ်သည်ဟု သူယူဆခဲ့သည်။

အခြားတစ်ချက်မှာမူ တစ္ဆေအိုကြီးသည် အနန္တရထားပေါ်တွင် တားမြစ်ပစ္စည်းသုံးခုရှိကြောင်း သိထားသည့်အပြင် ထောက်လှမ်းရေးကိရိယာလည်းရှိနေသဖြင့် သူသည် ကျိုးလီကို ရှာရန် ဘုရင်မ မိုနီကာရထားဆီသို့ အရင်ရောက်လာခဲ့ခြင်းဖြစ်သည်။ သို့သော် ပြဿနာမှာ မိုနီကာ၏ ရထားပေါ်တွင် တားမြစ်ပစ္စည်းမရှိပေ၊၊ ထို့ကြောင့် တစ္ဆေအိုကြီးသည် အနက်ရောင်ဖယောင်းတိုင်နှင့် တစ်စုံတစ်ရာဆက်နွှယ်မှုမှတစ်ဆင့် ကျိုးလီ၏ တည်ရှိမှုကို အာရုံခံနိုင်ခြင်းဖြစ်ရမည်ဟု လင်းရှန်က တွေးဆခဲ့သည်။ သူ ဤနေရာသို့ လာရခြင်း၏ အဓိကအကြောင်းရင်းမှာ ကျိုးလီ သေ၊ မသေ အတည်ပြုရန်ဖြစ်ပြီး ၎င်းမှာ သူ့အတွက် အလွန်အရေးကြီးသည်။ ကျိုးလီကို မြင်လိုက်ရချိန်တွင် တစ္ဆေအိုကြီး၏ အံ့သြသွားသော အမူအရာက လင်းရှန်ကို ဤအတွေးကိုရစေခဲ့ခြင်းဖြစ်ပြီး မထင်မှတ်ဘဲ ၎င်းမှာ အမှန်ဖြစ်နေခဲ့သည်။

သူသည် ကျိုးလီကို ပြန်ကြည့်ကာ မရယ်ဘဲ မနေနိုင်တော့ပေ။

ဒီလူကတော့ တကယ့်ကို ကံကောင်းတဲ့သူပဲ၊၊ ဖယောင်းတိုင်ငြိမ်းသွားတာတောင် သူ အသက်ရှင်နေသေးပေသည်။ ၎င်းမှာ သူတို့ ကြုံတွေ့ခဲ့ရသော တွင်းနက်အတွင်း ဟင်းလင်းပြင် ဖြတ်ကျော်မှုနှင့် ဆက်စပ်နေနိုင်သည်ဟု လင်းရှန် တွေးမိသော်လည်း ငွေနဂါးဆယ်ဆပန်းကြောင့်လား သို့မဟုတ် ခြင်္သေ့ငါးရုပ်တုကြောင့်လားဆိုသည်ကိုမူ မသိရပေ။ သို့သော် ယခု ကျိုးလီသည် ထိုစွမ်းရည် ပျောက်ဆုံးသွားခြင်းက သူသည် အနက်ရောင်ဖယောင်းတိုင်၏ လွှမ်းမိုးမှုမှ လွတ်မြောက်သွားပြီဖြစ်ကြောင်း အတိအကျဖော်ပြနေသည်။

ထိုခဏတွင် သီးသန့်ခန်းအတွင်း ရပ်နေသော ကျိုးလီလည်း ဆွံ့အလျက်ရှိနေသည်။ တစ္ဆေအိုကြီး၏ အလောင်းကို ကြည့်ရင်း သူသည် ကြောင်၍ ရပ်နေမိသည်။ တားမြစ်ပစ္စည်းတစ်ခုရှိနေရုံမျှဖြင့် သူ့လို ထက်မြက်ပြီး ကောက်ကျစ်သူတစ်ဦးမှာ ဤကဲ့သို့သော ငတုံးတစ်ယောက်၏ အသုံးချခြင်းကို ခံခဲ့ရသည်။ ၎င်းကို တွေးမိသောအခါ ကျိုးလီ ရယ်ချင်သော်လည်း မရယ်နိုင်ပေ။ ထို့နောက် သူသည် အခန်းအတွင်းရှိ စောင့်ကြည့်ရေးကင်မရာကို မော့ကြည့်လိုက်ပြီး ဖယောင်းတိုင်၏ ခြိမ်းခြောက်မှုမှ ကင်းဝေးသွားပြီဖြစ်ကြောင်း သဘောပေါက်သောအခါ ရယ်မောလိုက်သော်လည်း သူ၏ ကိုယ်ပျောက်စွမ်းရည်ပျောက်ဆုံးသွားကာ သာမန်လူတစ်ဦးအဖြစ် ပြန်ရောက်သွားပြီး အကျဉ်းသားတစ်ဦး ဖြစ်နေရသည်ကို တွေးမိပြန်သောအခါ ထပ်၍ မရယ်နိုင်တော့ပြန်ပေ။

ကီကီက ရယ်တစ်ခါ၊ ငိုတစ်လှည့်ဖြစ်နေသော ထိုလူကို မျက်လုံးလှန်ကြည့်လိုက်ပြီး မိုနီကာကို ပြောလိုက်သည်။

“ဒီမှာ နောက်ထပ် ရူးသွားတဲ့လူတစ်ယောက် ရှိသေးတာပဲ၊၊ ရှင်ပြောတာ မှန်တယ်၊၊ ဒီအဖွဲ့အစည်းက တကယ်ပဲ ပါရမီရှင်တွေ စုစည်းမိနေတာပဲ”

All Chapters