အခန်း (၇၃၂-၇၃၃)
Vol. 43 Ch. 732-733
Chapter 732
အာရုဏ်ဦးမြို့တော်ရောက်ရှိလာခြင်း ၁
ဖြောက်။
မိုနီကာက လက်ဖျစ်တစ်ချက် တီးလိုက်ရာ ကျိုးလီကို ထည့်ထားသော သီးသန့်ခန်းမှာ ချက်ချင်းပင် မှောင်အတိကျသွားပြီး အပြင်မှ မြင်ကွင်းနှင့် အသံများကို ပိတ်ဆို့လိုက်သည်။ ထို့နောက် သူမက လင်းရှန်ကို ပြောလိုက်သည်၊၊
“သူကတော့ အသုံးမဝင်တော့ဘူးထင်တယ်၊၊ ရှင် သူ့ကို ဘယ်လိုစီစဉ်ဖို့ စိတ်ကူးထားလဲ”
လင်းရှန်က ခေါင်းကုတ်လိုက်ပြီးနောက် “သူက အဖြူရောင်မြို့က ကိုယ်ပွားတွေကို စောင့်ကြည့်နေတာ ကြာပြီဆိုတော့ အတော်များများသိနိုင်တယ်၊၊ ဒီလူက အခုထိ အသက်ရှင်ပြီး ရောက်လာတာကလည်း အတော်လေးထူးဆန်းတယ်၊၊ သူ့ကို ဆက်ပြီး ထိန်းသိမ်ထားလိုက်ကြတာပေါ့၊၊ မင်းအတွက် အဆင်မပြေရင် သူ့ကို ရှင်းဂျီဆီ အပ်လိုက်မယ်လေ၊၊ တိတ်ဆိတ်မြို့တော်မှာ အချုပ်ခန်းတွေ အများကြီးရှိတယ်”
“ဒီမှာပဲ ဆက်ထားတာ ပိုကောင်းမယ်”
မိုနီကာက လက်ပိုက်၍ ပြောလိုက်သည်။
“ကျွန်မက မသေချာတဲ့အရာတွေကို ကျွန်မရဲ့ ထိန်းချုပ်မှုအောက်မှာ ထားရတာ ကြိုက်တယ်”
“ကောင်းပြီလေ”
လင်းရှန်က ပြောလိုက်ရင်း သူ၏လက်ထဲမှ သေတ္တာနှင့် တစ္ဆေအိုကြီး၏ အလောင်းကို ကြည့်ကာ သက်ပြင်းအရှည်ကြီး တစ်ချက်ချလိုက်သည်။
“အခုတော့ ရှင်းသွားပြီ၊၊ ဗျာဒိတ်တော်ဂိုဏ်းနဲ့ အနီရောင်ကမ္ဘာက ငါတို့ကို မျက်စိကျနေကြပြီပဲ၊၊ တကယ်ကို ဂုဏ်ယူစရာပဲ”
“လာစမ်းပါစေ” ကီကီက အေးစက်စွာ ပြောလိုက်သည်။
“ဒီအမှောင်ဂိုဏ်းအဖွဲ့ဝင်တွေက လူသားအားလုံးရဲ့ ရန်သူတွေပဲ၊၊ သူတို့က သေသင့်တယ်”
“ကျွန်မလည်း သဘောတူတယ်”
မိုနီကာက လင်းရှန်ကို ကြည့်ကာ စိတ်ဝင်စားသောအမူယာဖြင့် ပြောလိုက်သည်။
“လင်းရှန်၊၊ အခုအချိန်မှာ တွင်းနက်တွေရဲ့ ဝိုင်းရံပိတ်ဆို့မှုကြားမှာ လူသားတွေရဲ့ တိုက်ကြီးအဆင့်ဒေသတွေက ပရမ်းပတာအခြေအနေကနေ စနစ်တကျဖြစ်လာဖို့ ကြိုးစားနေကြပြီ၊၊ အမှောင်ထုက လူသားတွေကို စည်းလုံးစေတယ်၊၊ အရင်က တစ်ကိုယ်တော်လုယက်ပြီး စခန်းချနေတဲ့ လေလွင့်ဓားပြဂိုဏ်းတွေလည်း လျော့နည်းလာပြီ၊၊ အသက်ရှင်ဖို့အတွက် အကျပ်အတည်းတွေကြားမှာ ကောက်ကျစ်စဉ်းလဲမှုတွေက အဓိပ္ပာယ်မရှိတော့ဘူး၊၊ အသိတရားရှိတဲ့လူတိုင်းက ပူးပေါင်းပြီး မဟာမိတ်ဖွဲ့ပြီး ဝန်ရိုးစွန်းဒေသကို သွားချင်ကြတယ်၊၊ ဥရောပ မုန်တိုင်းမဟာမိတ်၊ မြောက်အမေရိက ပူးပေါင်းတပ်ဦး၊ အာရုဏ်ဦးမြို့တော်၊ တိတ်ဆိတ်မြို့တော်၊ Arctic Wind မဟာမိတ်နဲ့ လေလွင့်သူများမဟာမိတ်တွေကလည်း အတူတူပဲ၊၊ ဖီးနစ်ကတော့ ထာဝရတည်တံ့ရေးဘက်မှာ ရှိနေတယ်၊၊ ဒါကြောင့် ရှင်ရော ကိုယ်ပိုင်အင်အားစုတစ်ခု တည်ထောင်ဖို့ စိတ်မဝင်စားဘူးလား”
လင်းရှန်က သူမဘက်သို့ လှည့်ကာ ပြုံးလိုက်သည်။
“မင်း ငါ့အဖွဲ့ကို တကယ်ပဲ အဲဒီလောက်တောင် ဝင်ချင်နေတာလား၊၊ မင်းရဲ့ ပုံစံက သူများရဲ့ လက်အောက်မှာ နေရတာကို နှစ်သက်မယ့်ပုံမျိုး မဟုတ်ပါဘူး”
မိုနီကာက ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်သည်။
“ပထမဆုံးအနေနဲ့ ကျွန်မက ရှင့်ကို လူကောင်းတစ်ယောက်အနေနဲ့ အသိအမှတ်ပြုတယ်၊၊ ပြီးတော့ ကြယ်စင်တွေအထိ ပျံသန်းနိုင်တဲ့ အကြီးစားကောင်းကင်အမိုးခုံးအဆင့် ရထားကြီးကိုလည်း ကျွန်မ အရမ်းစိတ်ဝင်စားတယ်”
ပြောပြီးနောက် သူမသည် ရထားပေါ်မှ ဆင်းသွားသည်။ လင်းရှန်၏ ဘေးမှ ဖြတ်သွားစဉ် သူမက ရပ်လိုက်ပြီး အနားသို့ တိုးကပ်ကာ တိုးတိုးလေး ပြောလိုက်သည်၊၊
“ဒါ့အပြင် တစ်စုံတစ်ယောက်ရဲ့ လက်အောက်မှာ နေတိုင်း လက်အောက်ခံဖြစ်ရမယ်လို့ ဘယ်သူပြောလဲ၊၊ အဲဒါက တကယ်ပဲ ပျော်စရာကောင်းနေရင်ရော”
လင်းရှန်လည်း ကျော့ရှင်းသော ကိုယ်ဟန်ဖြင့် ရထားတွဲပေါ်မှ ဆင်းသွားသည့် မိုနီကာကို လှည့်ကြည့်ပြီး ခါးသီးစွာ ပြုံးလိုက်မိသည်၊၊
ဒီအမျိုးသမီးကတော့ တကယ်ပဲ အဓိပ္ပာယ်မရှိတာပဲ။ ဘုရင်မတစ်ယောက် ဖြစ်ခဲ့ဖူးတဲ့သူက ငါ့လက်အောက်မှာနေရတာကို ဘာလို့ ပျော်နေရမှာလဲ။
ဘုရင်မ မိုနီကာရထားပေါ်မှ ဆင်းပြီးနောက် လင်းရှန်သည် အနက်ရောင်ဖယောင်းတိုင်ကို သိမ်းဆည်းလိုက်ပြီး ကီကီနှင့်အတူ လူပါးလူနပ်ဟူကို ရှာရန် အပေါ်ထပ်ရှိ သယ်ယူပို့ဆောင်ရေးသင်္ဘောဆိပ်ကမ်းသို့ သွားရန် ပြင်ဆင်လိုက်သည်။ အကယ်၍ သူသာ ထို Dragon-Class သယ်ယူပို့ဆောင်ရေးသင်္ဘောကို ဝါးမျိုနိုင်မည်ဆိုလျှင် နျူကလီးယားအင်ဂျင်နှင့် တွန်းကန်အားပေးစက်ကိရိယာများတင် ယန္တရားရင်းမြစ်အမှတ် ထောင်ပေါင်းများစွာရရှိနိုင်ပေမည်။ ၎င်းက သူ၏ယန္တရားနှလုံးသားကို သိသိသာသာမြှင့်တင်ပေးနိုင်မည်ဖြစ်ပြီး ဒုတိယအကြိမ် နိုးထမှုပြီးမြောက်ရန် အဆင့် ၆ သို့ပင် ရောက်ရှိသွားနိုင်သည်။
နောက်ထပ်မှတ်တိုင်မှာ ကျင်းဟိုင်ဖြစ်ပြီး ၎င်းမှာ အာရုဏ်ဦးမြို့တော်၏ နယ်မြေဖြစ်နှင့်နေပြီ။ ကျိုးလီ၏ စကားအရ အနီရောင်ကမ္ဘာ၏ ဌာနချုပ်မှာလည်း ထိုနေရာတွင် ရှိနေနိုင်သည်။ တိတ်ဆိတ်မြို့တော်၏ ကြီးမားသောအတိုင်းအတာကြောင့် ရှောင်လွှဲခြင်းဖြင့် လျစ်လျူရှု၍ မရနိုင်သဖြင့် လာမည့် နှစ်ရက်အတွင်း တိတ်ဆိတ်မြို့တော်၌ ကုန်ဆုံးမည့် အချိန်တိုင်းကို သူ၏ယန္တရားနှလုံးသားအား မြှင့်တင်ရန် အမိအရဆုပ်ကိုင်ဖို့လိုပေသည်၊၊
….
ကျင်းဟိုင်ရှိ ဖက်ဒရေးရှင်း ကြယ်ဆိပ်ကမ်း မြေအောက်တည်ဆောက်ရေးစခန်းတွင် မီးရောင်များထိန်ထိန်လင်းနေသည်၊၊ အမိုးခုံးအောက်၌ ဧရာမယန္တရားလက်တံကြီးများမှာ ဟိုမှဒီသို့ လှုပ်ရှားနေကြပြီး တန်ချိန်သုံးသိန်း အပြည့်ရှိသော Constant Star-Class ကြယ်သင်္ဘောကြီးတစ်စင်းကို ဝိုင်းရံတည်ဆောက်နေကြသည်၊၊ ၎င်း၏ ပမာဏမှာ ဖို့ဒ်အဆင့် လေယာဉ်တင်သင်္ဘောသုံးစင်းနှင့် ညီမျှရာ ဒရက်နော့အဆင့် အာကာသတိုက်ပွဲဝင်သင်္ဘောများပင် ၎င်း၏ရှေ့တွင် သေးငယ်သွားရသည်၊၊ ဂဟေဆော်ရာမှ ထွက်လာသော မီးပွားများမှာ မိုးသည်းထန်စွာ ရွာသွန်းသကဲ့သို့ ကျဆင်းနေပြီး ကောင်းကင်တွင် လွင့်ပျံနေသော ဟိုလိုဂရမ် တိုးတက်မှုပြဘားကို လင်းထိန်စေသည် — “021 Constant Star-Class ကြယ်သင်္ဘော- တည်ဆောက်မှု တိုးတက်မှု ၉၂%”
ရုတ်တရက် အင်ဂျင်နီယာအားလုံး၏ ဆက်သွယ်ရေးစက်များတွင် အထူးသင်္ကေတတစ်ခု ပြိုင်တူလင်းလာသည်၊၊
“ဖက်ဒရေးရှင်း ဥက္ကဋ္ဌ အထူးအခွင့်အရေး - လိုင်းအားလုံး ရှင်းလင်းပေးရန်”
လေဖိအားသုံးတံခါးမှာ ဟိုက်ဒရောလစ်အသံနှင့်အတူ ပွင့်သွားပြီး အရပ်ရှည်ရှည်လူတစ်ယောက်သည် လူတစ်စုနှင့်အတူ ကြယ်ဆိပ်ကမ်းထဲသို့ အလျင်အမြန် လျှောက်လှမ်းဝင်ရောက်လာသည်၊၊ တစ်ခဏအတွင်းမှာပင် D7 ကြယ်ဆိပ်ကမ်းနယ်မြေတစ်ခုလုံး၏ ဆူညံသံများမှာ သိသိသာသာတိတ်ဆိတ်သွားသယောင်ရှိသည်၊၊ သူသည် အာရုဏ်ဦးမြို့တော်၏ အမြင့်ဆုံးအုပ်ချုပ်ရေးမှူးယူနီဖောင်း အပြာရင့်ရောင်ကို ဝတ်ဆင်ကာ ရှေ့ဆုံးမှ လျှောက်လာသည်၊၊ သူ၏ ပခုံးလိုင်းများမှာ သံချပ်ကာကို ထိုးဖောက်မည့် သင်္ဘောဦးကဲ့သို့ မတ်စောက်နေပြီး ကော်လံပေါ်ရှိ ငွေရောင်ကြယ်ပြာတံဆိပ်မှာ အေးစက်သော အလင်းအောက်တွင် သတ္တုရောင်တလက်လက်တောက်နေသည်၊၊
ဤလူမှာ အခြားသူမဟုတ်ပေ၊၊ ကြယ်ပြာဖက်ဒရေးရှင်းကောင်စီ၏ ဥက္ကဋ္ဌဟောင်းနှင့် အာရုဏ်ဦးမြို့တော်၏ မြို့တော်ဝန် ချူကျောက်နန်ပင် ဖြစ်သည်၊၊
အသက် ၅၂ နှစ်အရွယ်ရှိ သူ၏ ပြတ်သားသော မျက်နှာတွင် ပညာရှင်ဆန်သော အငွေ့အသက်များရှိနေပြီး မျက်ခုံးများသည် သွယ်လျထက်မြက်သော်လည်း ထွက်ပေါ်လာသော အကြည့်များမှာမူ အလွန်နူးညံ့နေသည်၊၊
“လက်ရှိ အတည်ပြုထားတဲ့ တိတ်ဆိတ်မြို့တော်ရဲ့ တည်နေရာက လုလင်မြို့ တောင်ဘက် ၂၃၀ ကီလိုမီတာမှာ ရှိနေပါတယ်၊၊ ဒုဥက္ကဋ္ဌကျိုးက အာရုဏ်ဦးမြို့တော်ကနေ အလင်းတမန်တော်အဖွဲ့ရဲ့ စောင့်ရှောက်မှုနဲ့ သယ်ယူပို့ဆောင်ရေးသင်္ဘောပေါ် လိုက်ပါထွက်ခွာသွားပါပြီ၊၊ သူနဲ့အတူ လင်းလုံအုပ်စုက ဝမ်တုံနဲ့ ဖင်းဂါးအုပ်စုရဲ့ အကြီးအကဲ ကျန်းရှု့ဝေတို့လည်းပါသွားကြတယ်၊၊ ကျင်းဟိုင်လေကြောင်းလမ်းကနေ သွားပြီး မြောက်ဘက်ကို ကွေ့မှာဆိုတော့ မိနစ် ၃၀ အတွင်း ဒီနေရာကို ဖြတ်သွားလိမ့်မယ်”
ဘေးမှ လိုက်ပါလာသော အတွင်းရေးမှူးက အစီရင်ခံနေသည်၊၊ ချူကျောက်နန်သည် ရွေ့လျားနေသော ငွေမှင်ရောင် ဧရာမ အာကာသအင်ဂျင်ရှေ့တွင် ရပ်တန့်ကာ ကြည့်ရှုပြီးနောက် အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်၊၊
“တိုးတက်မှုက နည်းနည်းနှေးနေတယ်”
အနီးရှိ လူအုပ်ထဲမှ အဓိကအင်ဂျင်နီယာ၏ ဂုတ်ပိုးတွင် ချွေးစေးများ ထွက်လာသည်၊၊
“ဓာတ်ရောင်ခြည် ကာကွယ်ရေးပစ္စည်းတွေ သယ်ယူတာ နောက်ကျသွားလို့ပါ ဥက္ကဋ္ဌကြီး”
“ဝမ်ဟွေ့ရဲ့ ကြယ်သင်္ဘောတည်ဆောက်ရေးအဖွဲ့ကို နည်းနည်း မြန်မြန်လုပ်ဖို့ အကြောင်းကြားလိုက်ပါ၊၊ အမှတ် ၅ တွင်းနက်မှာ နောက်ထပ် အဖြစ်အပျက်တစ်ခုဖြစ်ပွားခဲ့တယ်”
“ကောင်းပါပြီ ဥက္ကဋ္ဌကြီး”
ထို့နောက် ချူကျောက်နန်သည် အာရုဏ်ဦးမြို့တော်သို့ ပြန်ရန် အထူးလက်နက်များတပ်ဆင်ထားသော လေသင်္ဘောပေါ်သို့ အခြံအရံများနှင့်အတူ တက်ရောက်ခဲ့သည်၊၊ သူသည် အုပ်ချုပ်ရေးခန်းမတွင် ထိုင်လိုက်သည်နှင့် ဘေးတွင်ရှိသော ဝတ်စုံပြည့်နှင့် ယန္တရားမျက်လုံးတပ်ထားသော လူလတ်ပိုင်းတစ်ယောက်က အသံနိမ့်ဖြင့် မေးလိုက်သည်၊၊
“ဥက္ကဋ္ဌကြီး၊၊ တိတ်ဆိတ်မြို့တော်က ကျင်းဟိုင်ကို လာနေတာဆိုတော့ ကျွန်တော်တို့ ကာကွယ်ရေးကို မြှင့်တင်သင့်လား”
ဤလူလတ်ပိုင်းမှာ လော့မင်ဖြစ်ပြီး အိန်ဂျယ်စီမံကိန်း၏ အကြီးအကဲဟောင်းဖြစ်ကာ ယခုအခါ အာရုဏ်ဦးမြို့တော်ရှိ အလင်းတမန်တော်စွမ်းအားရှင်ဌာန၏ ဝန်ကြီးဖြစ်သည်၊၊
“ဘယ်သူ့ကို ကာကွယ်ဖို့လဲ”
ချူကျောက်နန်က နွေးထွေးသော အပြုံးတစ်ခုဖြင့် မေးလိုက်သည်၊၊
“လူသားတွေကိုလား”
“သူတို့က ပူးပေါင်းဆောင်ရွက်ဖို့ လာတာပဲ၊၊ လမ်းတလျှောက်မှာ လူတွေ အများကြီးကို ကယ်ခဲ့တယ်၊၊ ငါတို့မှာ ယန္တရားထုတ်လုပ်မှု စွမ်းအားတွေ အရေးတကြီးလိုအပ်နေတာကြောင့် သူတို့ကို ကြိုဆိုဖို့တောင် မလုံလောက်ဖြစ်နေတယ်”
Chapter 733
အာရုဏ်ဦးမြို့တော်ရောက်ရှိလာခြင်း ၂
ဝူး...
လေသင်္ဘောသည် အနည်းငယ် တုန်ခါသွားပြီးနောက် ဖြည်းညှင်းစွာ ပျံတက်သွားကာ ကြယ်ရောင်စုံညကောင်းကင်ယံမှတဆင့် အာရုဏ်ဦးမြို့တော်သို့ လျင်မြန်စွာ ပျံသန်းသွားသည်၊၊ အုပ်ချုပ်ရေးခန်းမအတွင်းတွင် အလင်းတမန်တော်ဝန်ကြီး လော့မင်အပြင် အထက်လွှတ်တော်နှင့် မြေအောက်မြို့တော် ကော်မတီ၏ အကြီးအကဲ ရှုယန်လည်း ရှိနေသည်၊၊ သူသည် ဝတ်စုံပြည့်နှင့် ဆံပင်အနည်းငယ် ဖြူနေသော ပိန်ပိန်ပါးပါး လူကြီးတစ်ဦး ဖြစ်သည်၊၊ သူသည် ရေဒါမြေပုံကို ကြည့်ရင်း ပြောလိုက်သည်၊၊
“ဒုဥက္ကဋ္ဌကျိုးက ကြယ်သင်္ဘောတည်ဆောက်ရေးအမိန့်ကို သုံးပြီး တိတ်ဆိတ်မြို့တော်ကို အာရုဏ်ဦးမြို့တော်ရဲ့ ဆင်ခြေဖုံးအနီးပတ်ဝန်းကျင်မှာပဲ ထားချင်နေတယ်၊၊ တည်ဆောက်ရေးအတွက် ထုတ်လုပ်မှုစွမ်းအားတွေ ပေးနိုင်တဲ့အပြင် အမှတ် ၅ တွင်းနက်ကနေ အနောက်မြောက်ဘက် ကာကွယ်ရေးအတွက်လည်း အကူအညီရနိုင်တာမို့ အတော်လေး အမြော်အမြင်ရှိတဲ့ အစီအစဉ်ပဲ”
“ဒါက သူ့အလုပ်ပဲ”
ချူကျောက်နန်၏ မျက်လုံးများက အနည်းငယ် မှေးစင်းသွားပြီး အေးစက်သော အရိပ်တစ်ခုဖြတ်ပြေးသွားသည်၊၊ ထို့နောက် သူက တည်ငြိမ်စွာ ပြောလိုက်သည်၊၊
“ဒီလောက် ကြီးမားတဲ့ တာဝန်က ဒုဥက္ကဋ္ဌကျိုးကို တကယ်ပင်ပန်းစေမှာပဲ”
“တိတ်ဆိတ်မြို့တော်နဲ့ အာရုဏ်ဦးမြို့တော်ကြား ပဋိပက္ခတွေဖြစ်မှာကို ကျွန်တော် စိုးရိမ်တယ်”
ရှုယန်က ပွင့်ပွင့်လင်းလင်း ပြောသည်၊၊
“တိတ်ဆိတ်မြို့တော်က ဒီတစ်ခါ အမှတ် ၅ တွင်းနက် ကိစ္စမှာ ပါဝင်ပတ်သက်လာတယ်ဆိုတော့ သူတို့ တစ်ခုခုစုံစမ်းမိထားတာ သေချာတယ်၊၊ သူတို့ရဲ့ မြှားဦးက ကျွန်တော်တို့ဆီကို ဦးတည်လာလိမ့်မယ်”
“ဒါဆိုလည်း လာပါစေ”
ထိုသို့ ပြောပြီးနောက် ချူကျောက်နန်သည် တတ်ဘလက်တစ်ခုကို ယူကာ သတင်းအချက်အလက်အမျိုးမျိုးကို ဆက်တိုက်ဖတ်ရှုနေရင်း ခပ်တိုးတိုးထပ်ပြောလိုက်သည်၊၊
“ကျင်းဟိုင် အရှေ့ဘက်ပင်လယ်က သတင်းအရ ဖီးနစ်ရဲ့ အာရုဏ်ဦးဗဟိုစင်တာက ကောင်းကင်ငြိမ်သက်ခြင်းသင်္ဘောက လေကြောင်းရေဒါမှာ ပေါ်လာတယ်၊၊ အမှတ် ၅ တွင်းနက်အခြေအနေကြောင့် ကမ္ဘာတဝှမ်းမှာ တုံ့ပြန်မှုတွေ ဖြစ်လာတာ သေချာတယ်”
“ကောင်းကင်ငြိမ်သက်ခြင်းသင်္ဘော…. ယဲ့လန်လား”
ရှုယန်၏ မျက်မှောင် အနည်းငယ် တွန့်သွားသည်၊၊
“လက်ရှိမှာတော့ ယဲ့လန်လား… လီဟီပင်းလားဆိုတာ မသိရသေးဘူး”
ဝန်ကြီးလော့မင်က ပြောသည်၊၊
“ဖီးနစ်က လက်ရှိတောင်ဘက်က ယုံကျန်းဆိပ်ကမ်းမှာ သံမဏိအစောင့်တပ်ရင်း ၈၃ ပဲ ရှိတယ်၊၊ သူတို့ရဲ့ အင်ပါယာစီမံကိန်း အမှတ် ၂ နဲ့ အမှတ် ၃ စက်ယန္တရားတွေ တည်ဆောက်မှုကို စောင့်ကြပ်နေကြတယ်၊၊ မြောက်ဘက်ကနေဆိုရင်တော့ အာရုဏ်ဦးဗဟိုစင်တာက ကောင်းကင်ငြိမ်သက်ခြင်း သင်္ဘောတစ်စင်းနဲ့ မြောက်အမေရိက ပူးပေါင်းတပ်ဦးက အင်တာပရိုက်စ်သင်္ဘောပဲ လာကြတယ်၊၊ အားလုံးက ညတွင်းချင်း ခရီးနှင်လာကြတာဆိုတော့ အခြေအနေက ထိန်းချုပ်မှုအပြင်ဘက်ကို ရောက်နေပြီလို့ သူတို့ ယူဆနေပုံရတယ်”
“ယဲ့လန်ဖြစ်ဖို့ များတယ်”
ချူကျောက်နန်က တည်ငြိမ်သော မျက်နှာထားဖြင့် ပြောသည်၊၊
“အကယ်၍ လီဟီပင်းသာဆိုရင် သူ့အကျင့်အတိုင်း အနည်းဆုံး စတားဖလိ့အကြီးစားတပ်ဖွဲ့ ငါးခုလောက် ခေါ်လာမှာပဲ၊၊ ငါတို့ရဲ့ ကင်းစခန်းတွေတောင် ပြိုပျက်ကုန်လောက်ပြီ...”
ထိုသို့ပြောပြီးနောက် သူသည် မတ်တပ်ရပ်ကာ လက်နှစ်ဖက်ကို နောက်ပစ်လျက် ပြတင်းပေါက်နားသို့ လျှောက်သွားပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်၊၊
“သူတို့က ငါတို့ကို စစ်ကြေညာဖို့ လာတာမဟုတ်ဘူး၊၊ ဒါပေမဲ့ လုထျန်းယီကိုတော့ ပြင်ဆင်မှုတချို့လုပ်ထားဖို့ အကြောင်းကြားလိုက်”
“ယဲ့လန်... အာရုဏ်ဦးဗဟိုစင်တာရဲ့ တပ်မှူးကိုယ်တိုင် လာတာလား၊၊ ပြီးတော့ မြောက်အမေရိက ပူးပေါင်းတပ်ဦးပါ ပါသေးတယ်ပေါ့”
ထိုစကားကို ကြားသောအခါ ရှုယန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်၊၊
“ကျိုးမင်ယွမ်နဲ့ ဂျူးလိယပ်စ်တို့ဟာ ကိစ္စတွေကို ပိုပိုပြီး ကြီးအောင် လုပ်နေကြပြီ ထင်တယ်”
ရှုယန်၏ မျက်နှာမှာ အနည်းငယ် မည်းမှောင်သွားသည်၊၊ အာရုဏ်ဦးမြို့တော်နှင့် အနီရောင်ကမ္ဘာတို့အကြား ပူးပေါင်းဆောင်ရွက်မှုအချို့ကို သူတို့ သိရှိကြသည်၊၊ အာရုဏ်ဦးမြို့တော်၏ ခေါင်းဆောင်အဖွဲ့မှာ တည်ငြိမ်အေးချမ်းပုံရသော်လည်း အထက်လွှတ်တော်အကြီးအကဲအဖြစ် ရှုရန်သည် အရာအားလုံးကို ရှင်းလင်းစွာမြင်နေရသည်၊၊ လက်ရှိတွင် ချူကျောက်နန်သည် သူ၏ အင်အားအားလုံးကို မိုးကုတ်စက်ဝိုင်းအလွန်ကြယ်ခရီးစဥ်တွင်သာ အာရုံစိုက်ထားပြီး အာရုဏ်ဦးကာကွယ်ရေးတပ်၊ အလင်းတမန်တော်ဌာနနှင့် ကြယ်သင်္ဘောတည်ဆောက်ရေးတို့မှအပ ကျန်ရှိသော အသေးအဖွဲကိစ္စများကို ဒုဥက္ကဋ္ဌကျိုးမင်ယွမ်က တစ်ဦးတည်း စီမံခန့်ခွဲနေသည်၊၊ ၎င်းမှာ အုပ်စုကွဲခြင်းထက် ချူကျောက်နန်သည် ဤကမ္ဘာပျက်ကပ်အခြေအနေတွင် စီမံခန့်ခွဲမှုအပေါ် စိတ်ဝင်စားမှုလျော့နည်းသွားခြင်းကြောင့် ဖြစ်သည်၊၊
အမှန်စင်စစ် အနီရောင်ကမ္ဘာနှင့် ပူးပေါင်းဆောင်ရွက်မှုများတွင် ချူကျောက်နန်သည် သိလျက်နှင့် မျက်ကွယ်ပြုထားခဲ့ခြင်းဖြစ်သည်၊၊ သူ၏ ခိုင်မာသော ဆုံးဖြတ်ချက်မှာ မိုးကုတ်စက်ဝိုင်းအလွန်ကြယ်ခရီးစဥ်သည် မဖြစ်မနေအောင်မြင်ရမည်ဟူသော အချက်ပင် ဖြစ်သည်၊၊ အကယ်၍ မိုးကုတ်စက်ဝိုင်းအဆင့် ကြယ်သင်္ဘောတစ်စင်းတည်းသာ လွတ်မြောက်သွားနိုင်လျှင်ပင် ၎င်းသည် လူသားမျိုးနွယ်ဆက်လက်တည်နိုင်မှုအတွက် အောင်ပွဲတစ်ခုဖြစ်သည်၊၊ လူမည်မျှ သေဆုံးသည်ဖြစ်စေ၊ မည်သူနှင့် ပူးပေါင်းသည်ဖြစ်စေ သို့မဟုတ် အရင်းအမြစ် မည်မျှကုန်ဆုံးသည်ဖြစ်စေ သူ ဂရုမစိုက်ပေ၊၊
ဤအချက်ကို ကြည့်ခြင်းအားဖြင့် ချူကျောက်နန်သည် လက်တွေ့ဆန်သူတစ်ဦးဖြစ်ကြောင်းထင်ရှားနေသည်၊၊ ဖက်ဒရေးရှင်းပြိုကွဲခြင်းနှင့် မရေမတွက်နိုင်သော မြေအောက်မြို့တော်စီမံကိန်းများ ကျရှုံးခြင်းတို့ကြောင့် အမှောင်ထုကို အနိုင်မယူနိုင်ကြောင်း သူသည် အခြားသူများထက် ပို၍ နားလည်ထားသည်၊၊ အပြာရောင်ဂြိုလ်ပေါ်ရှိ သန်းပေါင်းများစွာသော အသက်များကို ကယ်တင်ရန်မှာ မဖြစ်နိုင်ကြောင်း သူမြင်သော်လည်း မျှော်လင့်ချက်မျိုးစေ့လေးတစ်ခုကို ထိန်းသိမ်းရန်မှာမူ အနည်းငယ် ဖြစ်နိုင်ခြေရှိသည်ဟု ယူဆပေသည်၊၊
ထို့ကြောင့် သူသည် မိုးကုတ်စက်ဝိုင်းအလွန်ကြယ်ခရီးစဥ်ကိုသာ အာရုံစိုက်ပြီး ကျိုးမင်ယွမ်နှင့် လင်းလုံအုပ်စုမှ ဝမ်ဟွေ့တို့၏ အနီရောင်ကမ္ဘာနှင့် လျှို့ဝှက်ပူးပေါင်းမှုများကို မျက်စိမှိတ်၍ ခွင့်ပြုထားခြင်းဖြစ်သည်၊၊ အာရုဏ်ဦးမြို့တော်၏ ဖိနှိပ်သောအုပ်ချုပ်မှုနှင့် ပြင်းထန်သော ဖိအားများကို သူဂရုမစိုက်ဘဲ မည်သည့်တန်ကြေးပေးရသည်ဖြစ်စေ အောင်မြင်ရန်သာ စိတ်ပိုင်းဖြတ်ထားသည်၊၊
အုပ်ချုပ်ရေးခန်းမအတွင်းရှိ လေထုသည် တိတ်ဆိတ်အေးစက်နေသည်၊၊
ချူကျောက်နန်သည် မျက်လုံးများကို အနည်းငယ် ပိတ်ကာ အသက်ပြင်းပြင်းရှူလိုက်သည်၊၊ ထို့နောက် လေသံမြှင့်ကာ ပြောလိုက်သည်၊၊
“သူတို့ကို ခဏထားလိုက်ပါဦး၊၊ ထိုးဖောက်ရေးအဖွဲ့ရဲ့ အခြေအနေရော ဘယ်လိုလဲ”
“တိုးတက်မှု ကောင်းပါတယ်၊၊ မနက်ဖြန်မှာ တတိယအကြိမ်မြောက် စမ်းသပ်ပျံသန်းမှု လုပ်နိုင်မယ်” ဝန်ကြီးလော့မင်က ပြန်ဖြေသည်၊၊
“မြန်မြန်လုပ်ရမယ်၊၊ ချူကျင်းကို ပြောလိုက်၊၊ ရက် ၃၀ အတွင်း သူတို့ ကောင်းကင်အကာကွယ်ကို ထိုးဖောက်ရမယ်၊၊ မဟုတ်ရင် သူတို့ကို လူစားလဲပစ်မယ်”
အဟွတ်~
ရှုယန်က ချောင်းအနည်းငယ် ဟန့်ကာ ဝင်ပြောပေးလိုက်သည်၊၊
“ဗိုလ်မှူးကြီးချူကျင်းက သုတေသနဌာနမှာပဲ အမြဲရှိနေတယ်လို့ ကြားတယ်၊၊ လော့ဖုန်းသာ ဆွဲမထုတ်သွားရင် သူကိုယ်တိုင် စမ်းသပ်မောင်းသူအဖြစ် ပါဝင်နေမှာလို့ ကြားတယ်”
“ဟုတ်လား၊၊ အဲဒီကောင်ကတော့ ပိုပြီး ဆိုးလာပြီ”
ထိုစကားကို ကြားသောအခါ ချူကျောက်နန်၏ မျက်လုံးများ အနည်းငယ်လက်သွားပြီး ခက်ထန်သောလေသံက အနည်းငယ် နူးညံ့သွားသည်၊၊ သူသည် ရှုယန်ကို ကြည့်လိုက်သည်၊၊
“အဘိုးကြီးရှု၊၊ သူတို့ကို အသီးနှံဖျော်ရည်တွေပိုပြီး ထောက်ပံ့ပေးဖို့ နည်းလမ်းရှာလိုက်ပါဦး၊၊ အရင်က ပြောဖူးသလိုပဲ အရင်းအမြစ် အားလုံးကို မိုးကုတ်စက်ဝိုင်းအလွန်ကြယ်ခရီးစဥ်ကိုပဲ ပုံအောထားရမယ်”
“ကောင်းပါပြီ”
ရှုရန်က ခေါင်းညိတ်သည်၊၊
ချူကျောက်နန်သည် မျက်နှာအမူယာကို ပြန်ထိန်းချုပ်လိုက်ပြီး လူနှစ်ဦးဘက်သို့ လှည့်လိုက်သည်၊၊ မီးအိမ်၏ အရိပ်များမှာ သူ၏ မျက်နှာပေါ်တွင် ဖြည်းညှင်းစွာ ဖြတ်သန်းသွားစဉ် သူက လေးနက်စွာ ပြောလိုက်သည်၊၊
“ကျိုးမင်ယွမ်နဲ့ သူတို့ရဲ့ လုပ်ရပ်တွေက အရမ်းကျွံသွားပြီလို့ ငါ ခံစားနေရတယ်၊၊ ယဲ့လန်လာတာဟာ ပထမဆုံးသတိပေးချက်ဖြစ်နိုင်တယ်၊၊ ငါတို့မှာ အချိန်အများကြီးမကျန်တော့ဘူး”
“ဖီးနစ်က ကျနော်တို့ကို စစ်ကြေညာနိုင်လား”
လော့မင်က မျက်မှောင်ကြုတ်သည်၊၊
“အခုချက်ချင်းတော့ မဖြစ်နိုင်သေးဘူး၊၊ ကမ္ဘာတဝှမ်းလုံးမှာ ရှုပ်ထွေးနေတော့ ဖီးနစ်ရဲ့ အဓိကအာရုံက စုစည်းမှုနဲ့ ကယ်ဆယ်ရေးမှာပဲ ရှိနေတယ်၊၊ ပြည်တွင်းပဋိပက္ခတွေနဲ့ စာရင်းရှင်းဖို့ အချိန်မရှိသေးဘူး၊၊ ဒါပေမဲ့... ယဲ့လန်နဲ့ လီဟီပင်းတို့ကို လျှော့မတွက်ဖို့ပဲ ငါပြောချင်တယ်၊၊ သူတို့ရဲ့ နည်းဗျူဟာတွေကို ငါ အသိဆုံးပဲ”
ချူကျောက်နန်က အေးစက်စွာ ပြောသည်၊၊ သူ၏ သားရေဖိနပ်သံမှာ အုပ်ချုပ်ရေးခန်းမအတွင်း ကျယ်လောင်စွာ မြည်ဟည်းသွားပြီးနောက် အသံအနိမ့်မြင့်ပြောင်းသွားသည်၊၊
“ဒါပေမဲ့ သူတို့ရဲ့ အကြံစည်တွေ အားလုံးက အလကားပဲ၊၊ ငါတို့ရဲ့ မြေအောက်မြို့တော်စီမံကိန်းက မဖြစ်နိုင်ဘူး၊၊ သူတို့ရဲ့ တစ်နှစ်နဲ့ ၉၆ ရက် ခန့်မှန်းချက်ဆိုတာက ရယ်စရာပဲ၊၊ အမှတ် ၅ တွင်းနက်ရဲ့ လက်ရှိ ပြန့်ကားနှုန်းအရ ခြောက်လတောင် မခံနိုင်လောက်ဘူး၊၊ လူသားမျိုးနွယ်ရဲ့ မီးတောက်ကို ဆက်ပြီးရှင်သန်စေဖို့ တစ်ခုတည်းသော လမ်းကတော့...”
ဒုန်း၊၊
သူသည် စားပွဲကို အားပြင်းစွာ ရိုက်လိုက်ရာ ထိုအသံမှာ စူးရှသွားသည်၊၊
“သေခြင်းတရားထဲမှာ ရှင်သန်ခြင်းပဲ”