← Chapters

အခန်း (၇၃၄-၇၃၅)

Vol. 43 Ch. 734-735

အခန်း (၇၃၄-၇၃၅)

Vol. 43 Ch. 734-735

Chapter 734

အာရုဏ်ဦးမြို့တော်ရောက်ရှိလာခြင်း ၃

တိတ်ဆိတ်မြို့တော်၊၊ အမှတ် ၃ ပျံသန်းရေးယာဉ် ဆိုက်ကပ်ရာနေရာ၊၊

“NC-17 ဇုန်၊ ဖလိုင်းရင်းဒတ်ချ်မန်းဆိုက်ကပ်မှု ပြီးစီးပါပြီ”

ယန္တရားအသံလွှင့်ချက်က အမိုးခုံးအောက်၌ ဟိန်းထွက်နေစဉ် လင်းရှန်နှင့် ကီကီတို့သည် လေလုံတံခါးမှ ထွက်လာကြသည်၊၊ သူတို့သည် ဒဏ်ရာဒဏ်ချက်များစွာဖြင့် ဆိုက်ကပ်လာသော အရပ်ဘက်သုံးလေသင်္ဘောကြီးကို ကြည့်နေကြသည်၊၊ အိုင်းယွန်းတွန်းကန်စက်များမှာ အနီရင့်ရောင်တောက်နေပြီး သံချပ်ကာပြားများပေါ်တွင် ကြောက်မက်ဖွယ်ရာ ဒဏ်ရာများ ပြည့်နှက်နေသည်၊၊

၎င်းမှာ သာမန်မြေပြင်သန္ဓေပြောင်းမွန်းစတားများ၏ လက်သည်းချက်ကြောင့် မဟုတ်ဘဲ ဝေဟင်ရှိ ဧရာမသတ္တဝါတစ်ကောင်ကောင်ကြောင့် ဖြစ်သည်၊၊ အက်ကြောင်းတစ်ခုမှာ လေသင်္ဘောကို နှစ်ပိုင်းပြတ်လုနီးပါးဖြစ်စေခဲ့ပြီး သတ္တုစများတွင် ပြင်းထန်သော အမှောင်အဆိပ်အတောက်များပါရှိနေသည်မှာ ကြောက်ခမန်းလိလိပင်ဖြစ်သည်၊၊

“ဒါကြီးက ပြန်လာနိုင်တာ တကယ်ကံကောင်းတာပဲ”

ကီကီက မနေနိုင်ဘဲ မှတ်ချက်ချသည်၊၊

“ကောင်းကင်ရဲ့ အခြေအနေက မြေပြင်ထက် ပိုကြောက်ဖို့ ကောင်းပုံရတယ်”

“မြေပြင်မှာတော့ ပုန်းစရာ မြေမျက်နှာသွင်ပြင်တွေ၊ အဆောက်အဦတွေ ရှိသေးတယ်၊၊ လေထဲမှာတော့ ဘာမှ မရှိဘူးလေ”

လင်းရှန်သည် ယူပေတွင် တွေ့ခဲ့ရသော ဧရာမ မိုးပျံဂျယ်လီဖစ်ကြီးကို သတိရသွားသည်၊၊ ၎င်း၏ လက်တံတစ်ခု ဝေ့ယမ်းလိုက်ရုံဖြင့် မိုးမျှော်တိုက်ကြီးများသည် ဖုန်မှုန့်ဘဝရောက်သွားရသည်၊၊ အကယ်၍ ကံမကောင်းခဲ့လျှင် ထိုညက တာ့လိုတောင်ခြေတွင် အနန္တရထားသည် ကြေမွသွားလောက်ပြီ ဖြစ်သည်၊၊

“ဒါကြောင့်လည်း အခုချိန်မှာ ဂြိုဟ်တုတွေနဲ့ အာကာသစခန်းတွေမရှိတော့ဘူးလို့ ကျွန်မ သံသယရှိနေတာပဲ၊၊ ပြီးတော့ တောင်ဘက်ကောင်းကင်တံခါးနဲ့ ဝမ်ယွဲ့ဂြိုဟ်ပတ်ကွင်းတွေမှာ ဘာဖြစ်နေလဲ ဘယ်သူမှ မသိဘူး” ကီကီက ခန့်မှန်းကြည့်သည်၊၊

လင်းရှန်သည် ထိုစကားကို ကြားသောအခါ လျှောက်နေရင်း ပြောလိုက်သည်၊၊

“ဝမ်ယွဲ့ ဂြိုဟ်ပတ်ကွင်းဆိုတာ ငါတို့ နဂါးနိုင်ငံရဲ့ လကမ္ဘာစူးစမ်းရေးစီမံကိန်းမှာ အကြီးဆုံးပလက်ဖောင်းပဲ၊၊ နိုင်ငံပေါင်းတစ်ရာကျော် ပါဝင်ပတ်သက်နေတယ်၊၊ သူ့ရဲ့ အချင်းက ကီလိုမီတာ ၃၀၀ ကျော် ရှိတယ်၊၊ ဒီလောက် ကြီးမားတဲ့ဖွဲ့စည်းပုံကြီးတစ်ခု ကောင်းကင်မှာရှိနေတာကို မမြင်ရဘူးဆိုတော့ တစ်ခုခုက ပိတ်ဆို့ထားတာ ဖြစ်နိုင်မလား”

ကီကီသည် ထိုစကားကို ကြားရသောအခါ မျက်မှောင်ကြုတ်သွားသည်၊၊

“ရှင်ပြောတာကြီး ကြားရတာ နည်းနည်းတော့ ကြောက်စရာကောင်းသား”

“ငါ အတည်ပြောနေတာ”

လင်းရှန် က လေးနက်သော အမူယာဖြင့်

“တွင်းနက်ထဲက လွဲရင် ကျန်တဲ့နေရာတွေမှာ ကောင်းကင်ကို မြင်နေရတာပဲလေ၊၊ ဒါပေမဲ့ ပျံသန်းရေးယာဉ်တွေကို ပိတ်ဆို့ထားတဲ့ ကောင်းကင်အကာကွယ်ကတော့ ထူးဆန်းတယ်၊၊ ဘယ်လိုအရာက ကမ္ဘာတစ်ခုလုံးကို ပိတ်ထားတာလဲ”

“စကြဝဠာထဲက မွန်းစတားကြီးတစ်ကောင်လား”

ကီကီက မချိပြုံးနှင့် ပြောလိုက်သည်၊၊

“အကာကွယ်ကို ထိုးဖောက်သွားနိုင်မှပဲ အဖြေကို သိရလိမ့်မယ် ထင်တယ်”

လင်းရှန် ခေါင်းညိတ်ပြီး ဘာမှထပ်မပြောဘဲ ဟူလုရှို့ပြောထားသော ဆိုက်ကပ်ရာနေရာသို့ တည့်တည့်လျှောက်သွားသည်၊၊

အနားသို့ မရောက်ခင်မှာပင် လင်းရှန် သည် ဆိုက်ကပ်ရာနေရာတွင် ရပ်ထားသော ဧရာမ Dragon-Class ကုန်တင်သင်္ဘောကြီးကို မြင်လိုက်ရသည်၊၊ သံချပ်ကာနှင့် ဘေးဘက်ရှိ အအေးပေးစနစ်များက အနည်းငယ်ပျက်စီးနေပြီး လက်ရာကြမ်းကြမ်းဖြင့် ပြုပြင်ထားသည်မှအပ ကျန်အရာအားလုံး ကောင်းမွန်နေသည်၊၊ ဟူလုရှို့သည် ဆန်းချန်အပါဝင် နောက်လိုက်တစ်စုနှင့်အတူ ဘေးတွင် ရှိနေပြီး ယပ်တောင်လေး တစ်ခတ်ခတ်ဖြင့် တန်သောင်းချီသော ကုန်တင်သင်္ဘောကြီးကို ကြည့်ကာ ပြုံးဖြီးနေသည်၊၊ လင်းရှန်မြင်လိုက်သည်နှင့် ဟူလုရှို့၏ မျက်လုံးများ ချက်ချင်း တောက်ပသွားသည်၊၊

“လင်း~ ညီလေး”

ဟူလုရှို့သည် သူ၏ ရွှေသွားကြီး ပေါ်အောင် ပြုံးပြကာ လင်းရှန် ဆီသို့ ဝမ်းသာအားရ ခုန်ပေါက်ပြေးလာသည်၊၊

“အိုက်ယား… နောက်ဆုံးတော့ ရောက်လာပြီပေါ့၊၊ ဒီလို အကောင်ကြီးကို မင်းစိတ်မဝင်စားဘူးလို့တောင် ငါထင်နေတာ”

“ငါ အရမ်းစိတ်ဝင်စားတယ်”

လင်းရှန်၏ မျက်လုံးများက ကုန်တင်သင်္ဘောကြီးကို ဝေ့ကြည့်လိုက်သည်၊၊

“ဒီည ကျုပ် ဒါကို ဖျက်ပစ်မယ်၊၊ အစ်ကိုဟူ… ကျေးဇူးအများကြီးတင်ပါတယ်”

“ဖျက်... ဖျက်မယ်”

ဟူလုရှို့လည်း နားကြားမှားသည်ဟု ထင်သွားပြီး နောက်က ကုန်တင်သင်္ဘောကြီးကို လက်ညှိုးထိုးပြကာ

“ဒီလောက် အဖိုးတန်တဲ့ ရတနာကြီးကို ဘာလို့ ဖျက်မှာလဲ၊၊ ဒါက ပျံသန်းနိုင်တဲ့ သောက်ကျိုးနဲကောင်ကြီးလေ”

“ကျုပ် သိပါတယ်’’

လင်းရှန်က ဟုလုရှို့ကို ကြည့်ပြီး ပြုံးလိုက်သည်၊၊

‘’ဒါပေမဲ့ ဒါကလည်း ပျက်ကျနိုင်တာပဲလေ’’

“ရှင်က Dragon-Class ကုန်တင်သင်္ဘောကြီးကို ပျက်ကျအောင် လုပ်ခဲ့တာ မဟုတ်ဘူးလား’’

ကီကီက လက်ပိုက်ပြီး စိတ်ဝင်တစား ကြည့်နေသည်၊၊

“ရှင်က ဒုတိယတစ်ခါ ထပ်စီးချင်လို့လား’’

‘’အာ... ဒါက...’’ ကီကီ၏ စကားကြောင့် ဟူလုရှို့ ဆွံ့အသွားသည်၊၊

‘’ဒါကတော့ အမှန်ပဲ၊၊ ဒါပေမဲ့လည်း...’’

ဟူလုရှို့က အတော်လေး နှမြောတသဖြစ်နေသည့် ပုံစံရှိသည်၊၊ ဒီကုန်တင်သင်္ဘောကြီးက သွေးပဲစေ့ ၅၀၀ နှင့် လဲလှယ်ထားရသည့် ရတနာဖြစ်ပြီး ဒါကြီးရှိရင် ယာဉ်တန်းတစ်ခုလုံးကို တင်ပြီး အာရုဏ်ဦးဗဟိုစင်တာ ဒါမှမဟုတ် ဝင်ရိုးစွန်းဒေသအထိတောင် ထွက်ပြေးလို့ရသည်၊၊

(ရှေ့အပိုင်းမှာ လင်းရှန်ကို ၅သောင်းလို့ လိမ်ပြောခဲ့တာဖြစ်မယ်🤣)

ဒါကလည်း သူ့မှာ သတ္တိရှိမှသာ ဖြစ်နိုင်ပေလိမ့်မည်၊၊

အမှန်တော့ ကမ္ဘာပျက်ကပ်ထဲတွင် ပျံသန်းရေးယာဉ်က ပိုကြီးရင် သာမန်ရှင်သန်သူတွေအတွက် ဝန်ထုပ်ဝန်ပိုးပိုဖြစ်လေဆိုသည်ကို ဟူလုရှို့ သိပေသည်၊၊ ထိုအန္တရာယ်မှာ ဖုတ်ကောင်အုပ်ထဲကို စက်ဘီးစီးသွားသလိုမျိုးဖြစ်ပြီး သတ္တဝါကြီးတွေအတွက် ထမင်းလုပ်ကမ်းပေးသလို ဖြစ်နေသည်၊၊ ထို့ကြောင့် သာမန်သူများသည် ထိုကဲ့သို့ယာဉ်မျိုးကို အသုံးမပြုရဲကြပေ၊၊ ဒီကုန်တင်သင်္ဘောမှာ ဘီးသာပါရင် ပိုကောင်းဦးမည်ဖြစ်သော်လည်း ၎င်းမှာ မဖြစ်နိုင်ပေ၊၊ ထိုအချက်ကြောင့်ပင် ဟူလုရှို့က ဈေးပေါပေါနှင့် ရခဲ့ခြင်းဖြစ်သည်၊၊

ရိုးရိုးပြောရရင် ဘယ်သူမှ မရောင်းရဲသလို ဘယ်သူမှလည်း မဝယ်ရဲကြပေ၊၊

ဘာပဲဖြစ်ဖြစ် တန်သောင်းချီတဲ့ ပျံသန်းရေးယာဉ်ကြီးပင်ဖြစ်သည်၊၊ ဒါကို ဖျက်ပစ်မယ်မှန်း ကြိုသိခဲ့လျှင် ထိုသွေးအဆီအနှစ် ၅၀၀ ကို လင်းရှန်ဆီမှာပဲ တိုက်ရိုက်သုံးလိုက်တာကမှ ပိုတန်ဦးမည်၊၊

လင်းရှန်သည် ဟူလုရှို့ ဘာတွေးနေသည်ကို သိလေသည်၊၊ သို့သော် သူ့အတွက်တော့ ယခုချိန်မှာ ဒီကောင်ကြီးက သွေးပဲစေ့ထက် အများကြီးပိုအသုံးဝင်သည်၊၊ သူက အဆင့်တက်ဖို့ ဝါးမျိုစရာမရှိမှာကိုသာ စိုးရိမ်နေခြင်းဖြစ်ရာ ဟူလုရှို့ကို တိုက်ရိုက်ပင် ပြောလိုက်သည်၊၊

“အစ်ကိုဟူ.... ကျုပ်က ဒါကို ဖျက်ပြီး ရထားတစ်စင်းတည်ဆောက်မလို့ပဲ၊၊ မိုးပျံရထားပေါ့၊၊ ဒါက ကုန်တင်သင်္ဘောထက် ပိုလုံခြုံတယ်၊၊ ခဗျား ကျုပ်တို့နဲ့ လိုက်ချင်တာ ကျုပ်သိပါတယ်၊၊ ဒါပေါ့… ကျုပ် အခု မဟာမိတ်အဖွဲ့တစ်ခု ဖွဲ့ဖို့ ပြင်နေတယ်၊၊ ခဗျားရဲ့ယာဉ်တန်းလည်း ပါဝင်လို့ရတယ်၊၊ ဒါပေမဲ့ စည်းကမ်းချက်ကတော့... အရာအားလုံးက ကျုပ်အမိန့်အောက်မှာပဲ ရှိရမယ်’’

လင်းရှန်၏ စကားကို ကြားရသောအခါ ဟူလုရှို့၏ မျက်လုံးများ လင်းလက်လာပြီး သူ၏ ရွှေသွားကြီးမှာ မီးပန်းများကဲ့သို့ တောက်ပသွားသည်၊၊ လင်းရှန်စကားဆုံးသည်နှင့် သူသည် ဆန်ကောက်နေသည့် ကြက်ကလေးကဲ့သို့ ခေါင်းကို တရစပ်ညိတ်ကာ ပြော‌လိုက်သည်၊၊

“မိုက်တယ်… သောက်ရမ်းအဆင်ပြေတာပေါ့၊၊ ကပ္ပတိန်လင်းရဲ့ အစီအစဉ်မှန်သမျှကို ငါက ၁၀၀ ရာခိုင်နှုန်း မဟုတ်ဘူး၊၊ ၁၀၀၀ ရာခိုင်နှုန်း လိုက်နာမှာပါ၊၊ အို... ကပ္ပတိန်လင်း၊ လမ်းတလျှောက်လုံး မင်းရဲ့ မယုံနိုင်စရာလုပ်ဆောင်ချက်တွေက ဒီဟူလုရှို့ကို လုံးဝ သိမ်းပိုက်နိုင်ခဲ့တယ်၊၊ အခုနက မင်းပြောလိုက်တဲ့... ပျံ...’’

‘’မိုးပျံရထား’’ ဆန်းချန်က ဘေးမှ သတိပေးလိုက်သည်၊၊

‘’ဟုတ်တယ်၊၊ ဟုတ်တယ်… မိုးပျံရထား’’

ဟူလုရှို့က မျက်လုံးပြူးကာ ပြောသည်၊၊

‘’တခြားသူသာပြောရင် ဒီလူက နားတောင်ထောင်မှာ မဟုတ်ဘူး၊၊ မိုးပျံရထားဆိုတာ ရယ်စရာကြီးလေ’’

‘’ဒါပေမဲ့ ကပ္ပတိန်လင်းပြောတာဆိုရင်တော့ ၁၀၀၀ ရာခိုင်နှုန်း ယုံတယ်၊၊ မင်းက တွဲဆိုင်း ၅၀၀ ကျော်ပါတဲ့ ပေါင်းစည်းယာဉ်တန်းကို တွင်းနက်ထဲကနေ ပျံထွက်အောင် လုပ်နိုင်ခဲ့တာပဲ၊၊ ဘုရားရေ... အဲဒါက တကယ်ကို ရူးလောက်စရာကောင်းတယ်၊၊၊ ငါကတော့ လုံးဝနာခံမယ်၊၊ အခုကစပြီး ကပ္ပတိန်လင်းက အရှေ့လို့ ပြောရင် ငါအနောက်ကို လုံးဝ မသွားတော့ဘူး… ဘယ်လိုလဲ’’

ဟူလုရှို့၏ မြှောက်ပင့်စကားများမှာ လွန်လွန်းလာသဖြင့် ကီကီပင် မခံစားနိုင်တော့ဘဲ သူ့ကို မျက်စောင်းထိုးကြည့်လိုက်သည်၊၊

Chapter 735

အာရုဏ်ဦးမြို့တော်ရောက်ရှိလာခြင်း ၄

‘’ဟေး… ပြောတဲ့အတိုင်းလည်း ဖြစ်အောင်လုပ်ဦး’’

“သေချာတာပေါ့”

‘’ဒါနဲ့’’

ဟူလုရှို့က လင်းရှန်အနားကို အသာကပ်လာပြီး ပြုံး၍ ပြောလိုက်သည်၊၊

“ကပ္ပတိန်လင်း… မင်း ခုနက ပြောတဲ့ မဟာမိတ်ဆိုတာ ဘယ်လိုမျိုးလဲ…. ဒီအစ်ကိုကြီးက ဘာများ ကူညီပေးရမလဲ’’

‘’အသေးစိတ်တော့ မစဉ်းစားရသေးဘူး၊၊ ကျုပ်တို့ အနန္တရထားယာဥ်တန်းထဲကို ဝင်လိုက်တာလို့ပဲ သဘောထားလိုက်’’

လင်းရှန်က တိုက်ရိုက်ပြန်ပြောသည်၊၊

‘’ဘာလုပ်ရမလဲဆိုရင်တော့...’’

သူက ဟူလုရှို့၏ နောက်က ဝတ်စုံနက်ဝတ် အဖွဲ့ဝင်များကို တစ်ချက်ကြည့်ကာ ပြုံးလိုက်သည်၊၊

“ခဗျားတို့ရဲ့ အရည်အချင်းတွေကို ဆက်ပြီး ပြနေရုံပါပဲ’’

ပြောပြီးနောက် လင်းရှန်က ကုန်တင်သင်္ဘောဆီသို့ လျှောက်သွားသည်၊၊ လမ်းတစ်ဝက်တွင် ရပ်တန့်ကာ ပေါင်ထက် ပိုတုတ်သည့် ယန္တရားလက်နှင့် တည်ငြိမ်အေးစက်သည့် မျက်နှာအမူယာရှိသော ဆန်းချန်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် ဟူလုရှို့ကို မေးလိုက်သည်၊၊

“ဒါနဲ့… ကျုပ် တစ်ခါမှ မမေးမိဘူး၊၊ ခဗျားနဲ့ ဆန်းချန်က ဘယ်လိုပတ်သက်တာလဲ’’

ဟူလုရှို့ ခဏလောက်ကြောင်သွားပြီးနောက် လေးနက်စွာ ပြန်ဖြေသည်၊၊

“မင်းကို ငါမပြောဖူးဘူးလား၊၊ သူက ငါ့မိန်းမလေ’’

‘’ကွာရှင်းထားတာ’’ ဆန်းချန်က ဘေးမှ ဝင်ပြောသည်၊၊

‘’ကွာရှင်းထားတော့ ဘာဖြစ်လဲ’’

ဟူလုရှို့က ဘာမှနားမလည်ပုံဖြင့် ပြန်မေးသည်၊၊

‘’ကမ္ဘာပဲ ပျက်တော့မယ့်ဟာကို… မင်းက နောက်တစ်ယောက် ထပ်ရှာမလို့လား’’

ဆန်းချန်က သူ့ကို အေးစက်စွာ တစ်ချက်ကြည့်ပြီးနောက် ယန္တရားလက်မောင်းများကို ပိုက်ကာ ပြောလိုက်သည်၊၊

‘’ငါ ယောက်ျားတွေကို စိတ်မဝင်စားဘူး’’

လင်းရှန်၊ ကီကီ “…”

လင်းရှန် အတော်လေး အံ့အားသင့်သွားသည်၊၊ သူက ဆန်းချန်ကို ဟူလုရှို့၏ လက်ထောက်ဟုပဲ အမြဲထင်ခဲ့သည်ဖြစ်သော်လည်း မမျှော်လင့်ဘဲ လင်မယားဖြစ်နေသည်၊၊

အရပ် ၁.၇ မီတာလောက်ပဲရှိပြီး ပိန်လှီသော ဟူလုရှို့တွင် အရပ် ၁.၉ မီတာနီးပါးရှိကာ အသားညိုညို၊ ကြွက်သားအမြောင်းမြောင်းနှင့် ယန္တရားလက်များရှိသော မိန်းမတစ်ဦး ရှိလိမ့်မည်ဟု တွေးကြည့်ရန်မှာ ခက်ခဲလှသည်၊၊ ဆန်းချန်က လင်းရှန်ရှေ့တွင် ရပ်နေသည်မှာ တာ့လိုတောင်ကိုပင် လွှမ်းမိုးနိုင်သည့် အရှိန်အဝါမျိုး ရှိနေသည်၊၊

ထိုလင်မယား ရန်ဖြစ်နေသည်ကို ကြည့်ပြီး လင်းရှန်က မျက်ခုံးအနည်းငယ်တွန့်ကာ ဘာမှမပြောဘဲ ကုန်တင်သင်္ဘောပေါ် တက်သွားသည်၊၊ ကီကီကလည်း နောက်မှ လိုက်လာသည်၊၊

‘’ဝိုး... ဆန်းချန်က ဟူလုရှို့ရဲ့ မိန်းမဖြစ်နေလိမ့်မယ်လို့ မထင်ထားဘူး၊၊ ဒီတစ်ခါတော့ တကယ်ကို မျက်စိပွင့်သွားတာပဲ...’’ ကီကီက အံ့သြတကြီး ပြောလာသည်၊၊

“ဆန်းချန်က ဘာလို့ တခြားလက်ထောက်တွေနဲ့ မတူတာလဲဆိုတာ အခုမှ ရှင်းသွားတော့တယ်’’

လင်းရှန်လည်း ဆန်းချန်၏ ဟူလုရှို့ကို ဒေါက်ဖြုတ်ခြင်းများကို ပြန်တွေးပြီး ရယ်မောလိုက်သည်၊၊

‘’လင်းရှန်၊၊ ရှင်က ဒီကုန်တင်သင်္ဘောကြီးကို လူအများရှေ့မှာပဲ ချက်ချင်း ဝါးမျိုတော့မလို့လား’’

ကီကီက သင်္ဘောထဲက လျှောက်လမ်းအတိုင်း လိုက်လာရင်း မေးသည်၊၊

‘’တစ်စစီပေါ့၊၊ နူကလီးယားစွမ်းအင်သုံး အင်ဂျင်ကနေ အရင်စမယ်’’

လင်းရှန်က ကီကီကို ပြောသည်၊၊

‘’ဟူလုရှို့ကို ဆိုက်ကပ်ရာနေရာရဲ့ ပြုပြင်ထိန်းသိမ်းရေး အကာအကွယ်တွေကို ဆွဲချထားပေးဖို့ ပြောလိုက်ဦး၊၊ ကျန်တာတွေ စိတ်မပူနဲ့၊၊ သူတို့ကို အပြင်ထွက်ခိုင်းလိုက်’’

ကီကီက ခေါင်းညိတ်သည်၊၊ ထို့နောက် လင်းရှန်သည် ချင်းရွှေမြို့တွင် လုပ်ခဲ့သလိုမျိုး ကုန်တင်သင်္ဘော၏ စွမ်းအင်ခန်းသို့ သွားကာ နူကလီးယားအင်ဂျင်ခန်းပေါ် ခုန်တက်ပြီး ယန္တရားဝါးမျိုမှုကို စတင်လိုက်သည်၊၊

‘’အရင်တစ်ခါက အချိန်မရလို့ နူကလီးယားစွမ်းအင်သုံးစက်ကိုပဲ ဝါးမျိုနိုင်ခဲ့တယ်၊၊ ဒီတစ်ခါတော့ အင်ဂျင်၊ တွန်းကန်စနစ်နဲ့ ကုန်တင်သင်္ဘောတစ်စင်းလုံးကို သိမ်းပိုက်ရမယ်’’

[ဝါးမျိုမှု တိုးတက်နှုန်း ၁%]

သူ့ရှေ့တွင် စနစ်မြင်ကွင်းပွင့်လာသည်နှင့် လင်းရှန် တက်ကြွလာသည်၊၊ ယန္တရားနှလုံးသားကို ရရှိပြီးနောက်ပိုင်း ဤမျှကြီးမားသော အရာဝတ္ထုကို ပထမဆုံးအကြိမ် ဝါးမျိုခြင်းဖြစ်သည်၊၊ အရင်က ဝါးမျိုဖူးသမျှထဲတွင် အကြီးဆုံးမှာ တန်ရာဂဏန်းသာရှိသော နူကလီးယားစွမ်းအင်သုံးခေါင်းတွဲသာ ရှိသည်၊၊

သို့သော် ဤDragon-Class ကုန်တင်သင်္ဘောမှာ တန်ချိန် တစ်သောင်းကျော်ရှိရာ အဓိကသတ္တုတည်ဆောက်ပုံအချို့ကပင် သူ့အတွက် အရင်းအမြစ် အမြောက်အမြားထုတ်ပေးနိုင်လိမ့်မည်၊၊

ဆိုက်ကပ်ရာနေရာ ၂၄ တွင် Dragon-Class ကုန်တင်သင်္ဘောကြီးသည် တိတ်ဆိတ်စွာ ရှိနေပြီး ၎င်း၏ အတွင်းပိုင်းသည် တစ်စစီပြိုကွဲနေကာ လင်းရှန်၏ ယန္တရားနှလုံးသား အဆင့်မြှင့်တင်မှုအတွက် အစာအာဟာရဖြစ်နေသည်ကို မည်သူမျှ မသိကြပေ၊၊

၁၀ နာရီ ၃၀ မိနစ်၊၊

မှောင်မှိန်နေသော ကောင်းကင်မှာ ရုတ်တရက် လင်းထိန်သွားပြီး နီယွန်မီးရောင်များဖြင့် တောက်ပနေသော တိတ်ဆိတ်မြို့တော်ပေါ်သို့ နေရောင်ခြည်များကျလာသည်၊၊ တိတ်ဆိတ်မြို့တော်၏ ကုန်းပတ်ပေါ်တွင် လူများ ပြန်လည် လှုပ်ရှားလာကြသည်၊၊

ဝူး... ဒုန်း...

ပင်မတံတား၏ ထိန်းချုပ်မှုဖြင့် ရွှံ့နွံများကြားထဲတွင် ရောက်နေသော တိတ်ဆိတ်မြို့တော်၏ ရွေ့လျားပလက်ဖောင်းဘီးများသည် မြည်ဟည်းလာသည်၊၊ မြို့တော် ၁ ၏ ဘေးတစ်ဖက်တစ်ချက်စီရှိ တွန်းကန်စနစ်များမှာ အားပြင်းသော တွန်းအားများကို ထုတ်လွှတ်လိုက်သည်၊၊ အလေးချိန်လျှော့ချပြီးနောက် ဧရာမ မိုးပျံယန္တရားမြို့တော်ကြီးသည် အရှေ့ဘက်သို့ ဖြည်းညှင်းစွာ စတင်ရွေ့လျားလာရာ မြေပြင်နှင့် တောင်တန်းများပင် တုန်ခါသွားရသည်၊၊

ဂယား...

ဟိန်းထွက်လာသော အသံများနှင့်အတူ လမ်းတစ်လျှောက်ရှိ တောတောင်များနှင့် လမ်းများပေါ်မှ ဖုတ်ကောင်အုပ်ကြီးများသည် အော်ဟစ်ကာ ပြေးထွက်လာကြသည်၊၊ သို့သော် တောင်တစ်လုံးကဲ့သို့ ကြီးမားသော ဤမြို့တော်ကြီး၏ ရှေ့တွင် ဖုတ်ကောင်များမှာ မြေပုံပေါ်က ခြင်များ၊ ယင်များကဲ့သို့သာဖြစ်ပြီး ရထားလမ်းကြောင်းများအောက်တွင် ရွှံ့နွံများအဖြစ် ကြေမွသွားကြရသည်၊၊ မြို့တော်ကို ဘာအန္တရာယ်မှ မပေးနိုင်ဘဲ အော်ဟစ်ရင်း နောက်ကသာ လိုက်နေနိုင်ကြသည်၊၊

တစ်ချိန်တည်းမှာပင် တိတ်ဆိတ်မြို့တော်၏ ဆက်သွယ်ရေးတာဝါတွင် လူပေါင်းရာနှင့်ချီ၍ အလုပ်ရှုပ်နေကြပြီး ရေဒီယိုနှင့် ဆက်သွယ်ရေးစက်များမှတဆင့် သတင်းအချက်အလက်များနှင့် ယာဉ်တန်းများ၊ ပျံသန်းရေးယာဉ်များ၏ ချဉ်းကပ်မှုကို လက်ခံနေကြသည်၊၊ ဝင်ရောက်ခွင့်ရသည်နှင့် ယာဉ်တန်းများမှာ နောက်ဘက် ဆိုက်ကပ်ပလက်ဖောင်းမှတဆင့် အလျင်အမြန်ဝင်ရောက်လာကြပြီး တိတ်ဆိတ်မြို့တော် အစောင့်တပ်ဖွဲ့၏ စစ်ဆေးမှုအပြီးတွင် မြို့ထဲသို့ ဝင်လာကြသည်၊၊

မကြာမီမှာပင် အသက်ရှင်ကျန်ရစ်သူယာဉ်တန်း အများအပြားဝင်ရောက်လာကြသည်၊၊ တိတ်ဆိတ်မြို့တော်၏ တွင်းနက်ထဲက ထွက်လာသည့် သတင်းမှာ လုလင်နှင့် ကျင်းဟိုင်တစ်ဝိုက်တွင် ညတွင်းချင်း ပြန့်သွားပုံရပြီး ရှင်သန်သူအများအပြားကို ဆွဲဆောင်နိုင်ခဲ့သည်၊၊

ထိုအချိန်တွင် တိမ်ပျံကုန်းပတ်ပေါ်၌ ဖက်ဒရေးရှင်းကုန်တင်သင်္ဘောကြီးတစ်စင်းသည် ကောင်းကင်တိုက်သင်္ဘောအချို့၏ အစောင့်အရှောက်ဖြင့် ဖြည်းညှင်းစွာ ဆင်းသက်လာသည်၊၊

အပြင်ဘက်တွင် ရွှန်းနှင့် တိုင်ရီလန်တို့သည် တိတ်ဆိတ်မြို့တော် ယန္တရားအစောင့်တပ်ဖွဲ့နှင့်အတူ ကုန်တင်ယာဉ်ပေါ်ရှိ ‘’ဖက်ဒရေးရှင်း အာရုဏ်ဦးမြို့တော်’’ အမှတ်အသားကို တည်ငြိမ်သော မျက်နှာဖြင့် ကြည့်ကာ စောင့်ဆိုင်းနေကြသည်၊၊

‘’သူတို့က မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ လာတာပဲ’’

တိုင်ရီလန်က လေပြင်းများကြားမှ ပြောလိုက်သည်၊၊

ရွှန်းက တည်ငြိမ်နေဆဲပင်၊၊

“ကိစ္စမရှိပါဘူး… ရှင်းဂျီက သူတို့ရဲ့ အနီရောင်ကမ္ဘာနဲ့ ပူးပေါင်းရတဲ့ ရည်ရွယ်ချက်ကို မထုတ်ဖော်မချင်း ငါတို့ မတိုက်ခိုက်သေးဘူး၊၊ ဒါ့အပြင် ဖီးနစ်အာရုဏ်ဦးဗဟိုစင်တာကလည်း လူလွှတ်ထားတယ်ဆိုတော့ ဘယ်သူက ဘယ်သူ့ကို တားဆီးမလဲဆိုတာ မသေချာသေးဘူး’’

“ရွှန်း… မရိုင်းနဲ့’’

ထိုအချိန်တွင် ရိုးရှင်းသော ဝတ်ရုံကို ဝတ်ဆင်ထားသော ရှင်းဂျီသည် တည်ငြိမ်သောမျက်နှာထားဖြင့် သူတို့အနားကို ဖြတ်လျှောက်သွားသည်၊၊

‘’ဟုတ်ကဲ့ပါ’’

ရှင်းဂျီသည် သူတို့နှစ်ဦး၏ ရှေ့တွင် ရပ်ကာ ကုန်တင်သင်္ဘောပေါ်မှ ဆင်းလာသူများကို ကြည့်ရင်း ရွှန်းကို ပြောလိုက်သည်၊၊

‘’ACS ရဲ့ အချိန်နဲ့တပြေးညီ စောင့်ကြည့်ရေးစနစ်မြင်ကွင်းကို ဖွင့်ထားလိုက်ပါ၊၊ တစ်စုံတစ်ယောက်က ဒါကို စိတ်ဝင်စားလိမ့်မယ်’’

ရွှန်းက ထိုစကားကို ကြားသောအခါ ပြုံးလိုက်သည်၊၊

‘’နားလည်ပါပြီ’’

ထိုအချိန်တွင် ကုန်းပတ် ၃ ရှိ ဆိုက်ကပ်ရာနေရာ ၂၄ မှ Dragon-Class ကုန်တင်သင်္ဘော အင်ဂျင်ခန်းထဲတွင် ယန္တရားဝါးမျိုခြင်းလုပ်နေသော လင်းရှန်သည် ရှင်းဂျီထံမှ သတင်းစကားတစ်ခုကို လက်ခံရရှိလိုက်သည်၊၊

သူ မျက်လုံးဖွင့်လိုက်သည်နှင့် သူ့ရှေ့တွင် ဟိုလိုဂရမ်စနစ်မြင်ကွင်းတစ်ခုပေါ်လာသည်၊၊

အဆင့်မြင့်ကုန်တင်သင်္ဘောတစ်စင်း၏ တံခါးပွင့်လာပြီး အဆင့်အတန်းမြင့်မားပုံရသည့်လူများ တစ်ဦးပြီးတစ်ဦးဆင်းလာသည်ကို သူ မြင်လိုက်ရသည်၊၊ လင်းရှန် မျက်မှောင် အနည်းငယ်ကြုတ်သွားသည်၊၊ ခေါင်းဆောင်လာသူမှာ အသက် ၅၀ ခန့်ရှိပြီး ဆံပင်အနည်းငယ်ဖြူနေသော်လည်း စတိုင်ကျကာ အရှိန်အဝါရှိသူဖြစ်သည်၊၊ မျက်လုံးထောင့်တွင် အရေးအကြောင်း အနည်းငယ်ရှိပြီး တည်ငြိမ်နေသည့်အချိန်မှာပင် နူးညံ့သိမ်မွေ့သော လူကြီးတစ်ဦး၏ ကြင်နာမှုမျိုး ရှိနေသည်၊၊

လင်းရှန်သည် ထိုလူကို ချက်ချင်း ရင်းနှီးသလို ခံစားနေရသည်၊၊ ကိုယ်တိုင်သိလို့ မဟုတ်ဘဲ အရင်က တီဗီသတင်းများတွင် တွေ့ဖူးသောကြောင့် ဖြစ်သည်၊၊

သူ့နောက်မှ အမျိုးသမီးတစ်ဦးထွက်လာသောအခါ လင်းရှန်၏ မျက်နှာအမူယာ သိသိသာသာပြောင်းလဲသွားသည် — ထိုလူတွေထဲတွင် သူ ‌တကယ်သိသည့် တစ်ဦးတည်းသောသူဖြစ်သည်၊၊

ကျန်းရှု့ဝေ၊၊

All Chapters