ပျောက်ဆုံးသွားသော ကျင့်ကြံသူ……
Vol. 15 Ch. 144
သူ့ရှေ့မှ ဝိညာဉ်နှုတ်ဓားပျံကို ကြည့်ရင်း ရှန်ယွဲ့၏ နှလုံးသားတခုလုံး အဆုံးမဲ့ ချောက်နက်ကြီးထဲသို့ ပြုတ်ကျသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ တစ်ခါမှ ဤမျှလောက်ထိ အားကိုးရာမဲ့ ဖြစ်သည်ဟု မခံစားဖူးခဲ့ပေ။
ဓားကျင့်ကြံသူ ဖြစ်လာခြင်းအတွက် ပျော်ရွှင်မှုများ ပျောက်ကွယ်သွားပြီး ရှုပ်ထွေးမှုများက နေရာယူလာလေချေပြီ။
လီချင်းချိုး ဝိညာဉ်နှုတ်ဓားပျံကို ပြန်လည် သိမ်းဆည်းလိုက်ချိန်တွင် ရှန်ယွဲ့ ကြောင်တောင်တောင်ဖြင့် မတ်တတ်ရပ်နေဆဲပင်။
ကျောက်ကျိန်းနှင့် ကျိယာတို့ကတော့ အလွန် ဝမ်းသာအားရ ဖြစ်သွားကြပြီး လီချင်းချိုး၏ ဘေးသို့ ပြေးသွားကာ ဝိညာဉ်နှုတ်ဓားပျံ အသုံးပြုနည်း လျှို့ဝှက်ချက်များကို စိတ်အားထက်သန်စွာ မေးမြန်းကြလေသည်။
ယွမ်လီက ရှန်ယွဲ့ကို စိုးရိမ်တကြီး ကြည့်လိုက်ပြီး ပြောရမလို မပြောရမလို ဖြစ်နေရှာသည်။
လီချင်းချိုးက ကျောက်ကျိန်းနှင့် သူ့အပေါင်းအပါကို စိုက်ကြည့်လိုက်ရာ ကောင်လေးနှစ်ယောက် ကြောက်လန့်ပြီး ဘေးသို့ ကပ်သွားကြသည်။
ရှန်ယွဲ့၏ အကြီးအကျယ် စိတ်ထိခိုက်နေသော မျက်နှာကို မြင်လိုက်ရသောအခါ လီချင်းချိုး မဆိုင်းမတွပင် ပြောလိုက်လေသည်။
"ဘယ်လိုမျက်နှာပေး လုပ်နေတာလဲ... ခင်ဗျားတစ်ယောက်တည်း ကျင့်ကြံခြင်းကို ကြိုးစားနေတာ မဟုတ်ဘူး... ကျွန်တော်လည်း အားနေတာမှ မဟုတ်တာ... ခင်ဗျားသာ ကျွန်တော့်ကို အဲဒီလောက် လွယ်လွယ်လေး မီလာမယ်ဆိုရင် အရင်တုန်းက ရှုံးခဲ့တဲ့ ခင်ဗျားအကြောင်း ဘယ်လို ပြောမလဲ..."
ထိုစကားများကို ကြားလိုက်ရသောအခါ ရှန်ယွဲ့ ရုတ်တရက် အသိဝင်လာသည်။
ဟုတ်သားပဲ…
အကယ်၍ လီချင်းချိုးကို အနိုင်ယူရန် ဤမျှ လွယ်ကူနေလျှင် သူ အဘယ်ကြောင့် ဤမျှ ကြိုးစားအားထုတ်နေဦးမည်နည်း။
လီချင်းချိုးက ရှန်ယွဲ့ကို ကြည့်ပြီး ဆက်ပြောလိုက်သည်က….
"ခင်ဗျားရဲ့ ပါရမီနဲ့ နားလည်နိုင်စွမ်းက အရမ်း အားကောင်းတယ်... သိုင်းပညာက ခင်ဗျားရဲ့ ပါရမီကို အနှောင့်အယှက် ပေးနေတာ... ခင်ဗျားသာ ကျင့်ကြံခြင်းကို ကြိုးကြိုးစားစား လုပ်မယ်ဆိုရင် ခင်ဗျားရဲ့ အောင်မြင်မှုတွေက အကန့်အသတ် ရှိမှာ မဟုတ်ဘူး... ဂိုဏ်းထဲမှာ မသေမျိုးလမ်းစဉ်ကို တက်လှမ်းခြင်းအတွက် ခင်ဗျားက အလားအလာ အရှိဆုံးလူလို့တောင် ကျွန်တော် ထင်တယ်..."
မသေမျိုးလမ်းစဉ်သို့ တက်လှမ်းခြင်း…
ဧကရာဇ်ကို လီချင်းချိုး လုပ်ကြံသတ်ဖြတ်ခဲ့ချိန်မှစ၍ ကောင်းကင်သက်တံဓားက သူ့ပတ်လည်တွင် အချိန်ပြည့် ပျံဝဲနေခဲ့ပြီး ဟွမ်ယွမ်ကျမ်းစာကလည်း အမှန်တကယ်တွင် မှော်ပညာတစ်မျိုး ဖြစ်သည်ဟု ဂိုဏ်းအတွင်း ကောလာဟလများ ထွက်ပေါ်နေခဲ့သည်။
တမိုးအောက် အနှိုင်းမဲ့ ဖြစ်သော ရှန်ယွဲ့သည်ပင် သိုင်းပညာနှင့် ဟွမ်ယွမ်ကျမ်းစာတို့မှာ အခြေခံအားဖြင့် ကွာခြားကြောင်း ကောင်းစွာ သိရှိထားသော်လည်း တိကျသော အဖြေကို တစ်ခါမျှ မရရှိခဲ့ပေ။
လီချင်းချိုး၏ စကားကို ကြားလိုက်ရသောအခါ ရှန်ယွဲ့၏ ခန္ဓာကိုယ်အနှံ့ စိတ်လှုပ်ရှားမှုများ ဖြတ်စီးသွားသကဲ့သို့ ခံစားလိုက်ရပြီး ထိုခံစားချက်က ဦးခေါင်းထိပ်အထိ တက်သွားလေသည်။
အသိအမှတ်ပြုခံရခြင်း၏ ပျော်ရွှင်မှုနှင့် မသေမျိုး ဖြစ်လာရန် မျှော်လင့်ချက် ပြင်းပြမှုတို့ကို တပြိုင်နက် ခံစားလိုက်ရချေပြီ။
ဒီလောကကြီးမှာ မသေမျိုး ဖြစ်ဖို့ မကျင့်ကြံချင်တဲ့သူ ဘယ်သူ ရှိလို့လဲ….
အထူးသဖြင့် သိုင်းပညာ လေ့ကျင့်သူများ အနေဖြင့် ပို၍တောင် တောင့်တနေပေလိမ့်မည်။
သိုင်းပညာရှင် အများစုက သူတို့၏ ခန္ဓာကိုယ်ကို သန်မာစေရန်နှင့် လောကီဘုံမှ လွတ်မြောက်ရန် စဉ်းစားကြသည်။ ရှန်ယွဲ့သည်လည်း ခြွင်းချက် မဟုတ်ပေ။
ယွမ်လီနှင့် အခြားနှစ်ယောက်သည်လည်း "မသေမျိုးလမ်းစဉ်သို့ တက်လှမ်းခြင်း" ဟူသော စကားလုံးကြောင့် မှင်သက်သွားကြသော်လည်း သူတို့၏ ခံစားချက်များကတော့ ရှန်ယွဲ့လောက် နက်ရှိုင်းခြင်း မရှိကြပေ။
ရှန်ယွဲ့ လီချင်းချိုးကို ကြည့်လိုက်ရာ ရင်ထဲတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသော်လည်း စကားလုံးထောင်ပေါင်းများစွာ လည်ချောင်းဝ၌ တစ်ဆို့နေလေသည်။
"စောစောက ကျွန်တော် သုံးလိုက်တဲ့ အကွက်ကို သင်ချင်လား..."
လီချင်းချိုးက ပြုံးပြီး မေးလိုက်တော့မှသာ
ရှန်ယွဲ့ ကြောင်နေရာမှ သတိဝင်လာပြီး "ရလို့လား..."ဟု ပြန်မေးလိုက်သည်။
လီချင်းချိုး၏ ဓားသိုင်းက အလွန် အစွမ်းထက်ကြောင်း သူ ဝန်ခံရမည် ဖြစ်သည်။ ထိုကဲ့သို့သော ဓားသိုင်းမျိုးကို သူ ယခင်က တစ်ခါမှ မမြင်ဖူးခဲ့ပေ။ ထိုဓားရိပ်နှင့် ရင်ဆိုင်လိုက်ရချိန်တွင် နေရာမှာပင် အမှန်တကယ် တောင့်တင်းသွားခဲ့ပေသည်။
ဤသည်မှာ ကြောက်လန့်သွားသောကြောင့် မဟုတ်ဘဲ ဓားရိပ်တွင် ဖိနှိပ်နိုင်သော စွမ်းအား ပါဝင်နေသဖြင့် သူ့ရဲ့ ဝိညာဉ်နှင့် ရုပ်ခန္ဓာ ကွဲကွာသွားတော့မလို ကြောက်မက်ဖွယ် ခံစားချက်ကို ပေးစွမ်းသောကြောင့် ဖြစ်သည်။
အလွန် လျင်မြန်သော ဓားအမြန်နှုန်း…
အလွန် ထက်မြက်သော ဓားသွား...
ပြီးတော့ ယုံကြည်နိုင်စရာ မရှိလောက်အောင် ဖိနှိပ်နိုင်စွမ်း…
ရှန်ယွဲ့စိတ်ထဲ၌ ဤသိုင်းကွက်မှာ လုံးဝ ပြီးပြည့်စုံသည်ဟု ထင်မြင်ပြီး အမှန်တကယ်ပင် သင်ယူချင်နေမိသည်။
လီချင်းချိုးက ထိုမေးခွန်း မေးလာသောအခါ ချက်ချင်းပင် လက်ယပ်ခေါ်လိုက်သလိုပင် ခံစားလိုက်ရသည်။
ရှန်ယွဲ့ တွန့်ဆုတ်နေစဉ်မှာပင် ယွမ်လီက ရှေ့တိုးလာပြီး သူ့လက်မောင်းကို ကိုင်ကာ လီချင်းချိုး ရှိရာသို့ လှမ်းခေါ်သွားလေသည်။
အသက်ဆယ်နှစ်အရွယ် ယွမ်လီကို ကြည့်ရင်း ရှန်ယွဲ့၏ နှလုံးသားထဲတွင် တစ်စုံတစ်ခု လှုပ်ခတ်သွားပြီး မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသော်လည်း ကိုယ့်ကိုယ်ကိုယ် မရယ်ဘဲ မနေနိုင်တော့ပေ။
"အသက် ၈၁ နှစ်တောင် ရှိနေပြီ... ဘာလို့ မျက်နှာပျက်မှာကို စိုးရိမ်နေရသေးတာလဲ... ရှုံးတာက ရှုံးတာပဲ... ဘာကို စွဲလမ်းနေရမှာလဲ..."
အခြေအနေကို သဘောပေါက်သွားပြီးနောက် ရှန်ယွဲ့ စိတ်သက်သာရာ ရသွားပြီး မျှော်လင့်ချက်များဖြင့် လီချင်းချိုး ဆီသို့ လျှောက်သွားလေတော့သည်။
ထို့နောက် လီချင်းချိုးက ရှန်ယွဲ့အား ဝိညာဉ်နှုတ်ဓားပျံကို သင်ပေးသော်လည်း ဓားသိုင်းပညာတွင် အမြဲတမ်း နားလည်နိုင်စွမ်း ကောင်းမွန်သော ရှန်ယွဲ့ခင်မျာ လုံးဝ နားမလည်နိုင် ဖြစ်နေရသည်။
အဘယ်ကြောင့်ဆိုသော် ဝိညာဉ်နှုတ်ဓားပျံက ဝိညာဉ်အမျိုးအစား၏ စစ်မှန်သော အဓိပ္ပာယ် ပါဝင်ပတ်သက်နေပြီး ရှန်ယွဲ့အနေဖြင့် ထိုကဲ့သို့သော ဂါထာမျိုးကို ယခင်က တစ်ခါမှ မကြုံဖူးသောကြောင့် ဖြစ်တန်ရာ၏။
ဤအချက်ကို သူ စဉ်းစား၍ မရသလို လီချင်းချိုးလည်း စဉ်းစား၍ မရနိုင်ပေ။
"ခင်ဗျားက ဝိညာဉ်ပညာရပ်ကို နားမလည်ဘဲနဲ့ ဓားဝိညာဉ်ကို ဖန်တီးနိုင်တယ် ဟုတ်လား..."
လီချင်းချိုးက မျက်လုံးပြူးကာ မေးလိုက်တော့ ရှန်ယွဲ့ စိတ်ရှုပ်လာပြီး လီချင်းချိုးကို စိုက်ကြည့်ကာ ပြန်မေးလိုက်သည်။
"အဲဒါ ဘာဖြစ်လဲ..."
သူတို့နှစ်ယောက် အပြန်အလှန် စိုက်ကြည့်နေကြသဖြင့် ယွမ်လီနှင့် အခြားနှစ်ယောက်မှာ စိတ်လှုပ်ရှားလာကြပြီး သူတို့နှစ်ယောက် စကားများရန်ဖြစ်ကာ ကိုယ်ထိလက်ရောက် ကျူးလွန်ကြမည်ကို စိုးရိမ်နေကြသည်။
ဆရာသာ ဓားနတ်ဘုရား စီနီယာကြီးကို သတ်လိုက်ရင် ဘယ်လိုလုပ်မလဲ…
…
နှစ်ရက်အကြာတွင် ရှန်ယွဲ့ကို ဂုဏ်ပြုသောအားဖြင့် ရွှမ်ရှင်းခန်းမ ရှေ့ရှိ ကျူးတောက်လမ်းမကြီးပေါ်တွင် နောက်ထပ် ကျောက်တိုင်တစ်တိုင် စိုက်ထူလိုက်လေသည်။
"တာအိုလမ်းစဉ်သို့ ဝင်ရောက်ခြင်း" ဟု ကမ္ပည်းထိုးထားပြီး ချင်းရှောင်ဂိုဏ်းအတွက် ဓားကျင့်ကြံသူ လမ်းစဉ်ကို လမ်းခင်းပေးခြင်း ဖြစ်၏။
ဤအဖြစ်အပျက်က ချင်းရှောင်ဂိုဏ်းအတွင်း အတော်လေး လှုပ်ခတ်သွားစေပြီး တပည့်များက ဓားကျင့်ကြံသူ ဆိုသည်မှာ မည်သို့အရာမျိုးလဲ ဆိုသည်ကို အလွန် သိချင်လာကြသည်။
တုံ့ပြန်မှု အပြင်းထန်ဆုံးမှာ ကျန်းကျောက်ရှား ဖြစ်သည်မှာ သေချာပေါက်ပင်။
ကျန်းကျောက်ရှားက လီချင်းချိုးနှင့် သွားရောက်တွေ့ဆုံပြီး ရှန်ယွဲ့ကို တမင်တကာ ဆွဲဆောင်စည်းရုံးရန် ကြိုးစားနေခြင်း ဟုတ်မဟုတ် မေးခွန်းထုတ်လေ၏။
လီချင်းချိုးက သူ့ကို ရှန်ယွဲ့ထံ သွားခိုင်းလိုက်ရာ သူ ချက်ချင်းပင် ထွက်သွားလေသည်။
နာရီဝက်ခန့် ကြာသောအခါ ကျန်းကျောက်ရှား လီချင်းချိုး ထံသို့ ပြန်ရောက်လာပြီး ….
"စီနီယာအစ်ကိုကြီး... လုပ်တာ မှန်ပါတယ်... ကျွန်တော့်ရဲ့ ဓားသိုင်းပညာက သူ့အောက် နိမ့်ကျနေတာ အမှန်ပါပဲ... ဒါပေမဲ့ ကျွန်တော် နောက်ကျရင် လက်စားချေရအောင် လုပ်မယ်... စောင့်ကြည့်နေပါ... ကျွန်တော်လည်း ဓားကျင့်ကြံသူ ဖြစ်အောင် လုပ်ပြမယ်..."
"ငါ မင်းကို ယုံပါတယ်... ရှန်ယွဲ့က ဓားကျင့်ကြံသူဆိုတဲ့ ဘွဲ့ကိုပဲ ရထားတာ... ငါ့ မျက်လုံးထဲမှာတော့ မင်းက ဓားနတ်ဘုရား ဖြစ်လာနိုင်တဲ့ အလားအလာ ရှိတယ်..."ဟု လီချင်းချိုးက လေးနက်စွာ ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ ကျန်းကျောက်ရှား၏ မှုန်ကုပ်နေသော မျက်နှာထား ချက်ချင်း ပျောက်ကွယ်သွားပြီး တောက်ပစွာ ပြုံးလိုက်လေသည်။
"ကျွန်တော် ဓားနတ်ဘုရား ဖြစ်လာတဲ့အခါ စီနီယာအစ်ကိုကြီး ကျွန်တော့်အတွက် ကျောက်တိုင် စိုက်ထူပေးရမယ်နော်... ဓားနတ်ဘုရား အမွေအနှစ်ကို ချန်ထားခဲ့မှာ..."
"ဒါပေါ့... အဲဒီနေ့ကို အမြဲ မျှော်လင့်နေတာ..."
လီချင်းချိုး ရယ်မောလိုက်ပြီး စကားပြောရင်းနှင့် ကျန်းကျောက်ရှားကို လှမ်းကန်လိုက်သဖြင့်
ကျန်းကျောက်ရှားစိတ်ထဲ၌ သူ့ငယ်ဘဝကို ပြန်တွေးမိပြီး စိတ်သက်သာရာ ရသွားသည်။
ကျွမ်းကျင်သူများနှင့် ပါရမီရှင်များ ချင်းရှောင်ဂိုဏ်းသို့ ပိုမို ဝင်ရောက်လာကြသော်လည်း စီနီယာအစ်ကိုကြီးကတော့ သူ့အပေါ် မျှော်လင့်ချက်ကြီးကြီး ထားရှိဆဲ ဖြစ်ရာ သူ့အတွက် လုံလောက်ပြီ ဖြစ်၏။
ကျန်းကျောက်ရှားတယောက် ဓားကျင့်ကြံသူ တစ်ယောက် ဖြစ်လာရန်အတွက် လေ့ကျင့်မှုများကို ပြီးမြောက်အောင် လုပ်ဆောင်ရန် အလျင်အမြန် ပြန်သွားလေသည်။
ဓမ္မတိုက်ပွဲ ညီလာခံ နီးကပ်လာသည်နှင့်အမျှ ဓားနတ်ဘုရားက ဓားကျင့်ကြံသူ လမ်းစဉ်ကို လမ်းခင်းပေးလိုက်သဖြင့် ချင်းရှောင်ဂိုဏ်းက ပိုမို စိတ်လှုပ်ရှားဖွယ် ကောင်းလာလေ၏။
အမြင်စူးရှသူ အများအပြားက ဓားကျင့်ကြံသူဆိုသည်မှာ မည်သို့အရာမျိုးလဲဆိုသည်ကို ဆွေးနွေးနေကြသည်။
ဘုရားဖူးများနှင့် အထက်တန်းလွှာများသည်လည်း ဓားကျင့်ကြံသူနှင့် ဓားသမား၏ ကွာခြားချက်မှာ မည်သို့နည်း ဟု တွေးတောနေကြလေ၏။
မတ်လကုန်တွင်…..
ဧည့်ရိပ်သာ ဝင်းတစ်ခု အတွင်း၌ ဝေမင်းသား ကျောက်ချီတယောက် ကျောက်စားပွဲဝိုင်းတွင် ထိုင်၍ လက်ဖက်ရည် သောက်နေသော်လည်း သူ့မျက်နှာထားမှာ အနည်းငယ် ညှိုးငယ်နေသည်။
သူ ချင်းရှောင်ဂိုဏ်းသို့ လာရသည့် ရည်ရွယ်ချက်မှာ ချင်းရှောင်ဂိုဏ်း၏ ထောက်ခံမှုကို ရယူရန် ဖြစ်သည်။ အကယ်၍ သူ နန်းတက်ရပါက ချင်းရှောင်ဂိုဏ်းကို တစ်ခုတည်းသော အုပ်ချုပ်သူ ဂိုဏ်းအဖြစ် သတ်မှတ်ပေးပြီး လောကီသိုင်းလောကကို ထိန်းချုပ်ခွင့် ပေးမည်ဟုပင် ကတိပေးခဲ့သည်။
သို့သော် ကျန်းယွီချွန်းက သဘောမတူခဲ့ပေ။
ကျန်းယွီချွန်းက ယဉ်ကျေးစွာ ငြင်းဆိုခဲ့ပြီး သူ့ကို အရှက်မခွဲခဲ့သော်လည်း အရေးမလုပ်ခံရသလို ခံစားနေရဆဲပင်။
ဤသည်ကိုထောက်ချင့်လျှင် ချင်းရှောင်ဂိုဏ်းက သူ့ကို မယုံကြည်တာ ထင်ရှားသည်။
ထိုစဉ်ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦး ခြံဝင်းထဲသို့ လျင်မြန်စွာ ဝင်ရောက်လာပြီး ဝေမင်းသား၏ အနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်လေသည်။
ထိုစကားကို ကြားသောအခါ ဝေမင်းသား၏ မျက်နှာထား အကြီးအကျယ် ပြောင်းလဲသွားကာ လက်ထဲမှ လက်ဖက်ရည်ခွက်ကို ချေမွပစ်လိုက်ပြီး အံကြိတ်ကာ အော်ဟစ်လိုက်လေသည်။
"ချွေ့မိသားစုက ထီးနန်းလုဖို့ ငါ့ကို စိန်ခေါ်ရဲတယ်လား...ဒါ ပုန်ကန်မှုပဲ... ရိုင်းစိုင်းလိုက်တာ..."
သူသည် ဒေါသထွက်နေသော ခြင်္သေ့တစ်ကောင်ကဲ့သို့ ဒေါသသူပုန်ထနေချေပြီ။
ထို့ကြောင့် ခရမ်းရောင်ဝတ် အမျိုးသားက နောက်ထပ် တိုးတိုးလေး ပြောလိုက်သည်။
"အရှင်မင်းသား... ကျွန်တော်တို့ ဒီမှာ ဆက်နေလို့ မဖြစ်တော့ဘူး... တိုင်းပြည်အရေးက နှောင့်နှေးခံလို့ မရတော့ဘူး... နေ့တိုင်းလိုလို လူတစ်ယောက်ယောက်က ထင်ရှားကျော်ကြားလာပြီး နေ့တိုင်းလိုလို နယ်စားမင်းတစ်ပါးက ပိုသန်မာလာတယ်... ကျောက်ကျိ သေသွားတော့ နန်းတွင်းအာဏာ ထိခိုက်သွားပြီး ကျန်ရှိနေတဲ့ ကျောက်မိသားစု အင်အားက လူတွေရဲ့ ရည်မှန်းချက်ကို မနှိမ်နင်းနိုင်တော့ဘူး..."
ထိုအခါ ဝေမင်းသားက အသက်ပြင်းပြင်း ရှူလိုက်ပြီး မတ်တတ်ရပ်ကာ …..
"သွားပြီး ဖေကျန်းကျစ်ကို ခေါ်လိုက်... သူ နောက်တစ်နာရီ အတွင်း တောင်ပေါ်က ဆင်းလာလိမ့်မယ်..."
"ဟုတ်ကဲ့ပါ..."
ခရမ်းရောင်ဝတ် အမျိုးသားက အမှာစကားကိုလက်ခံပြီး ခြံဝင်းထဲမှ ချက်ချင်း ထွက်ခွာသွားလေသည်။
တစ်နာရီအကြာတွင် ဝေမင်းသားနှင့် နောက်လိုက်များ၊ တောင်ပေါ်မှ ဆင်းသွားသော်လည်း ဖေကျန်းကျစ်ကမူ လိုက်ပါသွားခြင်း မရှိပေ။
သူနှင့် ကျန်းယွီချွန်းတို့ ကျောက်ကမ်းပါးယံပေါ်တွင် ရပ်၍ အောက်ဘက်သို့ ထွက်ခွာသွားသော ဝေမင်းသားနှင့် အခြားသူများကို ငုံ့ကြည့်နေကြသည်။
ဖေကျန်းကျစ်က သက်ပြင်းချရင်း …..
"ကမ္ဘာလောကကြီးက အရေးပေါ် အခြေအနေ ရောက်နေပြီ... ခန်းမသခင်ကျန်း စိတ်မဆိုးဖို့ မျှော်လင့်ပါတယ်..."
"သခင်ကြီးဖေ... ဝေမင်းသားက ကမ္ဘာကြီးကို ငြိမ်းချမ်းအောင် လုပ်နိုင်မယ်လို့ တကယ် ထင်နေတာလား... သူက တစ်ကြိမ် ကျရှုံးခဲ့ပြီးပြီလေ..."
ထိုစကားကို ကြားသောအခါ ဖေကျန်းကျစ် ဇဝေဇဝါ မဖြစ်ခဲ့ပေ။ သူ ကျန်ရစ်ခဲ့ရန် ဆုံးဖြတ်ချက်က သူ့သန္နိဋ္ဌာန်ကို ပြသနေပြီးဖြစ်ပေသည်။
"ခန်းမသခင်ကျန်းက ကျွန်တော့်အပေါ် ရိုးသားမှတော့ ကျွန်တော်လည်း ကွေ့ဝိုက်မနေတော့ပါဘူး... ဝေမင်းသားမှာ တကယ်ပဲ အဲဒီ အရည်အချင်း မရှိပါဘူး... ကျွန်တော် မေးချင်တာက ချင်းရှောင်ဂိုဏ်းအနေနဲ့ သာမန်ပြည်သူတွေအတွက် တာဝန်ယူနိုင်တဲ့ အရည်အချင်း ဘယ်သူ့မှာ ရှိတယ်လို့ ထင်ပါသလဲ..."
ကျန်းယွီချွန်း အကြည့်လွှဲလိုက်ပြီး ဖေကျန်းကျစ်ဘက်သို့ လှည့်လိုက်လေသည်။
ပုံမှန်အားဖြင့် နူးညံ့သိမ်မွေ့သော ကျန်းယွီချွန်း၏ မျက်နှာပေါ်တွင် ယခုအချိန်၌ အပြုံးအရိပ်အယောင် မရှိတော့ဘဲ သူ၏ တည်ရှိမှု အရှိန်အဝါက ဖေကျန်းကျစ်ထက် မနိမ့်ကျပေ။
"ချင်းရှောင်ဂိုဏ်းက အာဏာလုပွဲတွေမှာ ဝင်ပါမှာ မဟုတ်ဘူး... ဒါပေမဲ့ ကိုယ်ကျင့်တရား မရှိတဲ့ ကိစ္စရပ်တွေကို ဖြစ်ခွင့်ပေးမှာ မဟုတ်ဘူး... ဘယ်သူပဲ ထီးနန်းရရ... ပြည်သူ့ဆန္ဒအတိုင်း လိုက်နာသရွေ့ ချင်းရှောင်ဂိုဏ်းက အမြဲ ကြိုဆိုနေမှာပါ... ချင်းရှောင်ဂိုဏ်း လုပ်ချင်တာက ဘယ်တော့မှ အာဏာလုဖို့ မဟုတ်ဘူး... သိုင်းလောက နဲ့ မင်းဆက်ဆိုတာ ကျွန်တော်တို့ မျက်လုံးထဲမှာ မရှိပါဘူး..."
ကျန်းယွီချွန်းက ဖေကျန်းကျစ်ကို စိုက်ကြည့်ရင်း ပြောလိုက်ရာ ဖေကျန်းကျစ် ဇဝေဇဝါ ဖြစ်သွားရသည်။
"တကယ်လို့ ဖေမိသားစုက ကမ္ဘာကို အုပ်ချုပ်ချင်တယ်ဆိုရင် စစ်ဖုန်းနဲ့ မြောင်အာတို့ရဲ့ လက်ထပ်ပွဲကို ထောက်ထားပြီး ဖေမိသားစုကို ချမ်းသာပေးနိုင်မလား..."
"ချင်းရှောင်ဂိုဏ်းက ဘယ်တော့မှ အရင်ရန်မစဘူး..."
" ဒီလောက်ဆို ခန်းမသခင်ကျန်းရဲ့ စကားတွေက လုံလောက်ပါပြီ..."
သူတို့နှစ်ယောက် ခေတ္တမျှ စကားစမြည် ပြောဆိုပြီးနောက် ဖေကျန်းကျစ် နှုတ်ဆက် ထွက်ခွာသွားလေသည်။
ကျန်းယွီချွန်းကတော့ နေရာမှာပင် ကျန်ရစ်ခဲ့ပြီး ဖေကျန်းကျစ် တောင်ပေါ်မှ ဆင်းသွားသည်ကို ကြည့်နေလိုက်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်က… .
"ဒါပေမဲ့ ချင်းရှောင်ဂိုဏ်းကိုလာပြီး ရန်စတဲ့ ဘယ်သူ့ကိုမဆို လွတ်မြောက်ခွင့်ပေးမှာ မဟုတ်ဘူး... ဘယ်လို သက်ညှာမှုမျိုးမှလည်း ပေးမှာ မဟုတ်ဘူး..."
ထိုစကားကိုရေရွတ်နေစဉ် မျက်လုံးထဲတွင် စူးရှသော အရိပ်အယောင် တစ်ခု ဖြတ်ပြေးသွားလေသည်။
…………
ဧပြီလတွင် ဓမ္မတိုက်ပွဲ ညီလာခံကို ချင်းရှောင်ဂိုဏ်း တပည့်ထောင်ပေါင်းများစွာ၏ မျှော်လင့်ချက်များ ကြား၌ စတင် ကျင်းပလိုက်လေသည်။
ပြိုင်ပွဲကို တောင်ခြေ၌ ကျင်းပပြီး တပည့်များ စွမ်းရည်ပြသနိုင်ရန် သိုင်းပြိုင်စင်မြင့် ဆယ်ခု တည်ဆောက်ထားသည်။
ကွမ်းယွမ်ခန်းမက စည်းကမ်းထိန်းသိမ်းရန် အမည်ခံတပည့် တစ်ရာကို ယာယီ ခေါ်ယူထားခဲ့ရသည်။
သိုင်းပြိုင်စင်မြင့် ဆယ်ခုစလုံးတွင် လူများဖြင့် ပြည့်ကျပ်နေပြီး ခန်းမသခင်များ ပင်လျှင် ပွဲလာကြည့်ကြသည်။
သို့သော် လီချင်းချိုး မသွားခဲ့ပေ။ သူသည် လင်းရှောင်ခြံဝင်းထဲတွင် သေရည်သောက်ရင်း အနားယူနေသည်။ ဤသေရည်သည် မင်းစိုးရာဇာ မိသားစုတစ်ခုမှ လက်ဆောင်ပေးထားခြင်း ဖြစ်ပြီး အတော်လေး ပြင်းလေသည်။
ယနေ့ သူ သိုင်းမကျင့်သလို လူအုပ်ထဲလည်း မသွားပေ။ ဤနေရာ၌ လူတစ်ယောက်ကို အထူးတလည် စောင့်ဆိုင်းနေခြင်း ဖြစ်သည်။
တပည့်အားလုံး ဓမ္မတိုက်ပွဲ ညီလာခံကို ကြည့်ရှုရန် တောင်အောက်သို့ ဆင်းသွားကြသဖြင့် ချင်းရှောင်တောင်တခုလုံး ခြောက်ကပ်သွားပြီး လီချင်းချိုးအတွက် နေသားမကျသလို ဖြစ်နေရသည်။ ယွမ်ချီ ပင်လျှင် အရိပ်အယောင် မတွေ့ရပေ။
သူ သေရည်သောက်နေစဉ်မှာပင် ပုံရိပ်တစ်ခု ကောင်းကင်မှ ဆင်းသက်လာပြီး ခြံဝင်းထဲသို့ ရောက်ရှိလာလေသည်။
ရှန်ယွဲ့ ……
ရှန်ယွဲ့က သစ်သားဓားတစ်ချောင်း ပေါ်တွင် မတ်တတ်ရပ်နေပြီး ၎င်းသစ်သားဓားက လေထဲတွင် ဝဲပျံကာ ဖုန်မှုန့်များ ထသွားစေသဖြင့်
လီချင်းချိုး လက်မြှောက်ပြီး ယပ်ခတ်လိုက်သော်လည်း အလုပ်မဖြစ်ပေ။
"ဓားနတ်ဘုရား ဖြစ်နေပြီပဲ... ဘာလို့ ပျံတတ်မှန်း လူတွေ မသိမှာကြောက်တဲ့ အတိုင်း လေထဲမှာ တဝဲလည်လည် လုပ်နေရတာလဲ..."
အကြီးအကဲ ဝတ်ရုံပြာကို ဝတ်ဆင်ထားသော ရှန်ယွဲ့သည် ဓားနတ်ဘုရားတစ်ပါးကဲ့သို့ လောကီဆန်မနေသော ကျက်သရေကို ထုတ်ဖော်ပြသနေပေသည်။ လီချင်းချိုး၏ စကားကို ကြားသောအခါ သူက နှာခေါင်းရှုံ့လိုက်ပြီး ဘာမှ ပြန်မပြောပေ။
ရှန်ယွဲ့က သစ်သားဓားပေါ်မှ ခုန်ဆင်းလိုက်ပြီး လီချင်းချိုး၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်ကာ အသံ တိုးတိုးဖြင့်……
"မင်းပြောတဲ့ လမ်းကြောင်းအတိုင်း သွားကြည့်တော့ အရှေ့ဘက် ကမ်းရိုးတန်းက တောင်ကြားတစ်ခုထဲမှာ ဝိညာဉ်ကျောက်တွင်းတစ်ခု တကယ် ရှိနေတာ တွေ့ခဲ့တယ်... အဲဒီမှာ ဝိညာဉ်ကျောက်တုံးတွေတင်မကဘဲ ထူးခြားတဲ့ သတ္တုရိုင်း တစ်မျိုးလည်း ရှိတယ်... အရမ်းမာပြီး နတ်ဘုရားလက်နက်တွေ ဖန်တီးဖို့ သင့်တော်တယ်..."
သူ ရည်ညွှန်းသော နေရာမှာ လီချင်းချိုး ယခင်က ဖွင့်လှစ်ခဲ့သော ကံကောင်းခြင်း ပင် ဖြစ်သည်။
ဤသည်မှာ လီချင်းချိုး ကိုယ်တိုင် ကံကောင်းခြင်းကို သွားမရှာသည့် ပထမဆုံးအကြိမ် ဖြစ်လေသည်။ ရှန်ယွဲ့ကို စေလွှတ်ရသည့် အကြောင်းရင်း နှစ်ချက်ရှိသည်။ ပထမအချက်မှာ ရှန်ယွဲ့၏ သစ္စာရှိမှု ၉၅ သို့ ရောက်ရှိနေခြင်းဖြစ်ပြီး ဒုတိယအချက်မှာ ဤကံကောင်းခြင်းက မူလက ရှန်ယွဲ့ ဖွင့်လှစ်ပေးခဲ့ခြင်းကြောင့် ဖြစ်ပေသည်။
"ကျွန်တော့် အိမ်မက်ထဲက နတ်ဘုရားက လိမ်မပြောဘူးပဲ... အဲဒီ သတ္တုရိုင်းက သာမန် မဟုတ်ဘူး... ရှေးဟောင်း ကန်းသတ္တုရင်းမြစ်သံလို့ ခေါ်တယ်... ဝိညာဉ်ကျောက်တုံးထက်တောင် ပိုတန်ဖိုးကြီးသေးတယ်..."
ကံကောင်းခြင်း၏ မှတ်ဉာဏ်ထဲတွင် သံသတ္တုတွင်း အမည်များ မှတ်တမ်းတင်ထားသော ကျောက်တိုင်တစ်တိုင်ကို တွေ့မြင်ခဲ့ရသောကြောင့် ထိုသံသတ္တုတွင်း အမည်များကို သိရှိနေခြင်း ဖြစ်သည်။
ထိုနေရာလွတ်သည် သဘာဝအလျောက် ဖြစ်ပေါ်လာခြင်း ဖြစ်သော်လည်း ယခင်က ပိုင်ရှင် ရှိခဲ့ဖူးသည်။
ထို့ကြောင့် ဤမြေပေါ်တွင် တစ်ချိန်က ကျင့်ကြံခြင်းဂိုဏ်းတစ်ခု ရှိခဲ့ဖူးကြောင်း လီချင်းချိုး သေချာနေခြင်း ဖြစ်သည်။ သို့သော် အကြောင်းအမျိုးမျိုးကြောင့် ကျင့်ကြံသူများ အားလုံး ထွက်ခွာသွားကြသည်။ အချို့က မသေမျိုးလိုဏ်ဂူများကို ထားရစ်ခဲ့ကြပြီး အချို့က အရင်းအမြစ် အမျိုးမျိုးကို ထားရစ်ခဲ့ကြသည်။ ဤလက္ခဏာများကို ကြည့်ခြင်းအားဖြင့် ကျင့်ကြံသူများ အလျင်အမြန် ထွက်ခွာသွားကြခြင်း ဖြစ်ပုံရသည်။
အကယ်၍ သူတို့ အလျင်မလိုပါက သိုလှောင်အိတ် သို့မဟုတ် အခြား သိုလှောင်ရေး မှော်ရတနာများကို အသုံးပြု၍ ဤအရင်းအမြစ်များကို ယူဆောင်သွားနိုင်မည် ဖြစ်လေသည်။
"ဒါပေမဲ့ အဲဒီနေရာက အန္တရာယ် ရှိတယ်လို့ ခံစားရတယ်... အထဲမဝင်ခင်မှာ တစ်စုံတစ်ခုက ကျုပ်ကို စောင့်ကြည့်နေသလို ခံစားရတယ်..."ဟု ရှန်ယွဲ့က မျက်မှောင်ကြုတ်ရင်း ပြောလိုက်လေသည်။