← Chapters

တာအိုကံတရား

Vol. 15 Ch. 145

တာအိုကံတရား

Vol. 15 Ch. 145

"အန္တရာယ်..."

လီချင်းချိုး အံ့အားသင့်သွားခဲ့သည်။

ကံကောင်းခြင်းက ဘေးကင်းသည် မဟုတ်ပါလော။

သို့သော် သူ ပြန်လည် စဉ်းစားလိုက်သောအခါ အဓိပ္ပာယ် ရှိကြောင်း တွေ့ရှိလိုက်ရသည်။ သူ့အတွက် အန္တရာယ် မရှိခြင်းသာ ဖြစ်ပြီး ရှန်ယွဲ့၏ အင်အားမှာမူ သူ့အောက် နိမ့်ကျနေသေးသည်။

ဤသို့ တွေးမိလိုက်သောအခါ ကံကောင်းခြင်းကို ဂိုဏ်းထံသို့ အလျင်စလို လွှဲပြောင်းပေးလိုက်မိကြောင်း သဘောပေါက်သွားသည်။

တပည့်များကို စေလွှတ်၍ စုံစမ်းခိုင်းရန်လည်း မသင့်တော်ပေ။

လီချင်းချိုးက ရှန်ယွဲ့ကို ကြည့်၍ ရယ်မောလိုက်ပြီး….

"ကြည့်ရတာ ကိုယ်တိုင်ပဲ ဖြေရှင်းရတော့မယ့်ပုံပဲ..."

ထိုစကားကို ကြားသောအခါ ရှန်ယွဲ့၏ မျက်နှာထား ချက်ချင်း ပျက်သွားပြီး ….

"ကျုပ်ကို ဘာလုပ်စေချင်လဲသာ ပြောပါ... သေချာပေါက် လုပ်ပေးပါ့မယ်... ဂိုဏ်းချုပ် တစ်ယောက်အနေနဲ့ မင်းက ဂိုဏ်းထဲမှာပဲ နေပြီး တိတ်တိတ်ဆိတ်ဆိတ် နေသင့်တယ်..."

လီချင်းချိုးကလည်း ဤစကားကို စောင့်မျှော်နေခြင်း ဖြစ်သဖြင့်….

“ဒီသတ္တုတွင်းကို 'သံသတ္တုရင်းမြစ် ကောင်းချီးနယ်မြေ' လို့ နာမည်ပေးလိုက်မယ်... တပည့်ရင်းတစ်ဖွဲ့ ရွေးပြီး ခင်ဗျားနဲ့အတူ လိုက်ခိုင်းလိုက်မယ်... သူတို့ကို အဲဒီမှာ ကျင့်ကြံခိုင်းမယ်... ဝိညာဉ်ကျောက်တုံးနဲ့ ရှေးဟောင်း ကန်းသတ္တု ရင်းမြစ်သံတွေက ဂိုဏ်းရဲ့ မဟာဗျူဟာမြောက် အရင်းအမြစ်တွေပဲ... တပည့်တွေကို ခွင့်ပြုချက်မရှိဘဲ ထိတွေ့ခွင့် မပေးဘူး..."

"ဒါဆို ကျုပ်က အဲဒီမှာပဲ တောက်လျှောက် နေရတော့မှာလား..."

သံသတ္တုရင်းမြစ် ကောင်းချီးနယ်မြေ၌ ဝိညာဉ်ချီ အားကောင်းသော်လည်း သူသည် ချင်းရှောင်ဂိုဏ်း၌သာ နေထိုင်လိုလေသည်။

"ဒါပေါ့... မနေရပါဘူး... ခင်ဗျားက စည်းကမ်းတွေကို ရှင်းပြပေးဖို့ပဲ လိုတာ... ကြီးကြပ်ဖို့ တပည့်အဖွဲ့ထဲမှာ လူတစ်ယောက် ပါလာလိမ့်မယ်..."

"မင်းက တပည့်တွေကို အဲဒီလောက် ယုံကြည်တာလား..."

"ကျွန်တော့်မျက်လုံးတွေက လူတွေရဲ့ စိတ်နှလုံးကို ထွင်းဖောက်မြင်နိုင်တယ်..."

"တကယ်လား... ဒါဆို ကျုပ်ကိုရော မြင်နိုင်လား..."

"မြင်တာပေါ့... ခင်ဗျားက ကျွန်တော့်ကို အားကျနေပြီးသားပါ... ဝန်မခံချင်ရုံ သက်သက်ပဲ..."

"ပေါက်ကရတွေ..."

ရှန်ယွဲ့ ဒေါသတကြီး အော်ဟစ်လိုက်သော်လည်း ရင်ထဲတွင်မူ အနည်းငယ် တုန်လှုပ်သွားမိသည်။

ကောလာဟလတွေက အမှန်ပဲလား…

လီချင်းချိုးက လူတွေကို အကဲခတ်နိုင်ရုံသာမက သစ္စာရှိမှုနဲ့ သစ္စာဖောက်မှုကိုပါ ခွဲခြားသိမြင်နိုင်တာလား…

လီချင်းချိုး၏ သဘောထားကြီးမှု၊ သူ့ရဲ့ ပြစ်မှားမှုများကို အကြိမ်ကြိမ် ခွင့်လွှတ်ပေးမှုနှင့် အသိပညာများကို မျှဝေပေးမှုတို့အတွက် စိတ်ရင်းမှန်ဖြင့် ကျေးဇူးတင်မိသော်လည်း လီချင်းချိုးက ထိုအချက်ကို ထောက်ပြလိုက်သောအခါ ရှက်ရွံ့မိသွားသည်။

"ကဲ... ဒီအကြောင်းတွေ ဆက်မပြောတော့ဘူး... ဓမ္မတိုက်ပွဲ ညီလာခံကို သွားကြည့်ဖို့ အတူ တောင်အောက်ကို လိုက်ခဲ့မလား..."

ဤသည်မှာ ချင်းရှောင်ဂိုဏ်း၏ ပထမဆုံးအကြိမ် ဓမ္မတိုက်ပွဲ ညီလာခံ ဖြစ်သည်။ တပည့်များစွာက ဂိုဏ်းအကြီးအကဲများရှေ့တွင် အရည်အချင်းရှိကြောင်း ထုတ်ဖော်ပြသလိုကြကြောင်း သူသိသလို ဂိုဏ်းချုပ်တစ်ယောက် အနေဖြင့် တပည့်များကို စိတ်ဓာတ်ခွန်အား ပေးရန် ရံဖန်ရံခါ လူလုံးပြသသင့်ပေသည်။

သို့သော် ရှန်ယွဲ့ကမူ ဇွဲမလျှော့ဘဲ သူ လက်မခံနိုင်သေးကြောင်းနှင့် လီချင်းချိုးကို နောက်တစ်ကြိမ် စိန်ခေါ်ဦးမည် ဖြစ်ကြောင်း ရှင်းပြနေလေ၏။

လီချင်းချိုးကလည်း သည်းမခံတော့ဘဲ နောက်တစ်ကြိမ်တွင်လည်း သိုင်းကွက် တစ်ကွက်တည်းဖြင့် အနိုင်ယူပြမည်ဟု ပြောလိုက်သည်။

ဤသို့ဖြင့် သူတို့နှစ်ဦး တောင်အောက်သို့ ဆင်းရင်း အချင်းချင်း အငြင်းပွားနေကြလေသည်။

ဓမ္မတိုက်ပွဲ ညီလာခံ ပထမနေ့ ချောမွေ့စွာ ပြီးဆုံးသွားခဲ့ရာ တပည့်များ အလွန် ပျော်ရွှင်ကြပြီး ဘုရားဖူးများနှင့် အထက်တန်းလွှာများကို အံ့သြမှင်သက်စေခဲ့သည်။

ချင်းရှောင်ဂိုဏ်းသားများ အလွန် သန်မာကြောင်း သူတို့ သိထားကြသော်လည်း ဤမျှလောက်ထိ သန်မာလိမ့်မည်ဟု မထင်မှတ်ထားခဲ့ကြပေ။

စင်မြင့်ပေါ် တက်လာသော တပည့်တိုင်းလိုလိုသည် ကိုယ်ပိုင် ထူးခြားသော စွမ်းရည်များ ရှိကြပြီး အကယ်၍ သူတို့သာ ကျန်းဟူတွင် ရှိနေပါက သေချာပေါက် ပထမတန်းစား သိုင်းပညာရှင်များ ဖြစ်လာကြပေလိမ့်မည်။

တစ်ရက်တည်းဖြင့်ပင် အာဏာရှိသူများ၊ ဘုရားဖူးများနှင့် ကျန်းဟူသားများသည် ချင်းရှောင်ဂိုဏ်းနှင့် အခြားသော သိုင်းလောက ဂိုဏ်းများအကြား ကွာခြားချက်ကို ခံစားမိလိုက်ကြသည်။

အဆင့်နိမ့် မိစ္ဆာနယ်မြေကို စောင့်ကြပ်နေသော တပည့်ရင်းများမှလွဲ၍ ကျန်ရှိသော တပည့်ရင်းများ အားလုံး ဓမ္မတိုက်ပွဲ ညီလာခံတွင် ပါဝင်ယှဉ်ပြိုင်ရန် စာရင်းသွင်းထားကြသဖြင့် လီချင်းချိုးကလည်း သံသတ္တုရင်းမြစ် ကောင်းချီးနယ်မြေသို့ လူလွှတ်ရန် အလျင်လိုခြင်း မရှိပေ။

ဓမ္မတိုက်ပွဲ ညီလာခံကို ဇွန်လအထိ ဆက်လက် ကျင်းပမည် ဖြစ်ပြီး နေ့စဉ် ညနေစောင်းအထိ ပြိုင်ပွဲများကို ကြည့်ရှုနိုင်မည် ဖြစ်သည်။

မျက်စိတစ်မှိတ်အတွင်း လဝက် ကုန်ဆုံးသွားခဲ့ပြီဖြစ်သည်။

တစ်နေ့တွင် ကျန်းယွီချွန်းနှင့် လီတုန်းယွဲ့တို့ လီချင်းချိုးကို လာရောက်တွေ့ဆုံကြပြီး သူတို့သုံးဦး လင်းရှောင်ခြံဝင်း အတွင်း၌ ဆွေးနွေးခဲ့ကြသည်။

"စီနီယာအစ်ကိုကြီး... ဒီ ဓမ္မတိုက်ပွဲ ညီလာခံက တကယ် ထူးခြားလွန်းတယ်... ဂိုဏ်းအတွက် ကြွယ်ဝချမ်းသာမှုတွေ အများကြီး ယူဆောင်လာပေးတယ်... ကျီဖှာခန်းမရဲ့ တာဝန်တွေလည်း နှစ်ဆ တိုးလာတယ်... ပြည်နယ်အသီးသီးက မင်းစိုးရာဇာ မျိုးနွယ်တွေနဲ့ အရာရှိတွေက ကျွန်တော်တို့ကို စည်းရုံးဖို့ ငွေတွေ သုံးနေကြတယ်... နေ့တိုင်း တောင်ပေါ်ကို လက်ဆောင်တွေ မရေမတွက်နိုင်အောင် ရောက်လာတယ်... အပြင်ဘက်မှာ သူလျှိုတွေသာ မရှိရင် ရွှေခေတ် ရောက်နေပြီလို့တောင် ထင်မိမှာ..." ဟု ကျန်းယွီချွန်းက အံ့သြတကြီး ပြောလိုက်သည်။

လီတုန်းယွဲ့ကလည်း.. "လတစ်ဝက်ပဲ ရှိသေးပေမဲ့ ကျွန်မတို့ရဲ့ ဝင်ငွေက ပြီးခဲ့တဲ့လထက် ကျော်လွန်နေပြီ... ကျွန်မတို့ ရောင်းတဲ့ ကောက်ပဲသီးနှံတွေ၊ သစ်သီးတွေ၊ ဆေးဖက်ဝင်အပင်တွေနဲ့ တခြားပစ္စည်းတွေ အားလုံးကို ဈေးကြီးပေးပြီး ဝယ်နေကြတယ်…”

လီချင်းချိုး အံ့သြခြင်း မရှိပေ။ ချင်းရှောင်ဂိုဏ်း အခုလို အင်အားကြီးသူ အများအပြားကို ဆွဲဆောင်နိုင်ခြင်းမှာ အင်အားကြောင့်သာ မဟုတ်ဘဲ မသေမျိုးကျင့်ကြံခြင်းကြောင့်လည်း ဖြစ်ပေသည်။

ချင်းရှောင်ဂိုဏ်း၏ မသေမျိုးကျင့်ကြံခြင်းနှင့် ပတ်သက်သော ကောလာဟလများ လောကီကမ္ဘာတွင် ပျံ့နှံ့နေပြီး အာဏာရှိသူများနှင့် ချမ်းသာသူများအတွက် မသေမျိုးဖြစ်ခြင်း၏ ဆွဲဆောင်မှုမှာ တွန်းလှန်၍ မရနိုင်ပေ။

"ဒီနှုန်းအတိုင်းဆိုရင် ဓားဂိုဏ်းမှာ မကြာခင် လုပ်စရာတွေ ရှိလာတော့မယ်..."ဟု လီချင်းချိုးက မှတ်ချက်ချလိုက်သည်။

နောက်ဆုံးတွင် ဟွမ်ယွမ်ကျမ်းစာ ပျံ့နှံ့သွားမည် ဖြစ်ပြီး ထိုကိစ္စအတွက် စိုးရိမ်ခြင်း မရှိပေ။ အမှန်တကယ်တွင် ဓားဂိုဏ်း၏ အာဏာကို ပြန်လည် တည်ဆောက်နိုင်စေရန် ထိုသို့ ဖြစ်လာမည်ကိုပင် သူ မျှော်လင့်နေသည်။

မည်သို့ပင်ဖြစ်စေ ဟွမ်ယွမ်ကျမ်းစာသည် အဆင့်လိုက် လက်ဆင့်ကမ်းခြင်း ဖြစ်သဖြင့် မည်သူမျှ ပြီးပြည့်စုံသော ဟွမ်ယွမ်ကျမ်းစာကို ရရှိနိုင်မည် မဟုတ်ပေ။

ကျန်းယွီချွန်းနှင့် လီတုန်းယွဲ့တို့ကလည်း သူ့ဆိုလိုရင်းကို နားလည်ကြသည်။ သူတို့ ဤကိစ္စကို ဆွေးနွေးပြီးကြပြီ ဖြစ်၍ တုန်လှုပ်ခြင်း မရှိကြပေ။

"စီနီယာအစ်ကိုကြီး... ကျန်ရှိနေတဲ့ ခြောက်ဆယ့်လေးယောက်နဲ့ ပြိုင်ပွဲ ဆယ်ပတ်အတွက် ပွဲကြီးပွဲကောင်း တစ်ခု ကျင်းပပြီး ဧည့်သည်တွေအတွက် ပိုကောင်းတဲ့ ကြည့်ရှုစင်မြင့်တစ်ခု ဆောက်ပေးရင် ဘယ်လိုလဲ..."

ကျန်းယွီချွန်းက ထိုသို့ ပြုလုပ်ခြင်းဖြင့် ငွေအမြောက်အမြား ရနိုင်မည်ဟု ခံစားမိသဖြင့် မေးလိုက်လေသည်။

လီချင်းချိုးက သူ့ကို ကြည့်ပြီး …..

"ဓမ္မတိုက်ပွဲ ညီလာခံ ဆိုတာ လူတွေ ကြည့်ဖို့၊ ငါတို့ရဲ့ စွမ်းရည်တွေကို ထုတ်ပြဖို့ သက်သက်ပဲ... ဒါပေမဲ့ ပိုက်ဆံရှာဖို့ သုံးမယ်ဆိုရင်တော့ ငါတို့တပည့်တွေရဲ့ အရည်အချင်းကို ဖြုန်းတီးရာ ရောက်လိမ့်မယ်... တပည့်တွေရဲ့ တိုက်ပွဲတွေက သူတို့ရဲ့ လေ့ကျင့်မှု ရလဒ်တွေကို စမ်းသပ်ဖို့ပဲ... အာဏာရှိသူတွေနဲ့ ချမ်းသာသူတွေကို ပြစားဖို့ မဟုတ်ဘူး..."

ထိုစကားကို ကြားသောအခါ ကျန်းယွီချွန်း ရှက်ရွံ့သွားလေ၏။

ထို့နောက် လီတုန်းယွဲ့က…..

"စီနီယာအစ်ကိုကြီး... နတ်ဆိုးထိန်းကျောင်းရေးခန်းမကို ဘယ်တော့ တည်ထောင်မှာလဲ..."

"ဘာလဲ... မင်းလည်း လူတစ်ယောက်လောက် ထည့်ချင်လို့လား..."

"နတ်ဆိုးထိန်းကျောင်းရေးခန်းမရဲ့ အဆောင် ဆောက်ပြီးသွားပြီလေ... ကျွန်မ တစ်ယောက်တည်း စူးစမ်းချင်နေတာ မဟုတ်ဘူး... တခြားလူတွေလည်း စိတ်ဝင်စားနေကြတယ်... သတင်း လာလာမေးနေကြတာ..."

ကျမ်းစာဆောင်ရှိ ဂါထာများနှင့် လျှို့ဝှက်ကျမ်းများ တိုးပွားလာသည်နှင့်အမျှ အကျိုးပြုမှတ်များက ငွေကြေးထက် ပိုမို တန်ဖိုးရှိလာပြီး ခန်းမတစ်ခု၏ တပည့်ဖြစ်ပါက အကျိုးပြုမှတ် ပိုမို ရရှိနိုင်လေသည်။

"ဓမ္မတိုက်ပွဲ ညီလာခံ ပြီးတာနဲ့ သင့်တော်တဲ့ လူစာရင်းကို အတည်ပြုပေးမယ်... မင်းကို လူနှစ်ယောက် ထည့်ခွင့်ပေးမယ်..."

ထူးချွန်သော တပည့်များကို ဆုချရန်အတွက် နတ်ဆိုးထိန်းကျောင်းရေးခန်းမရှိ နေရာကို အသုံးပြုရန် ဆုံးဖြတ်ပြီးသား ဖြစ်ကြောင်း လီချင်းချိုးက ပြန်ဖြေလိုက်သည်။

"ကျေးဇူးတင်ပါတယ် စီနီယာအစ်ကိုကြီး..."

"ကျေးဇူးအများကြီး တင်ပါတယ် စီနီယာအစ်ကိုကြီး..."

ကျန်းယွီချွန်းနှင့် လီတုန်းယွဲ့တို့ တပြိုင်နက်တည်း ပြောလိုက်ကြပြီးနောက် အချင်းချင်း ကြည့်ကာ ပြုံးလိုက်ကြသည်။ သူတို့၏ ခံစားချက်များကို တစ်ယောက်နှင့်တစ်ယောက် ဖုံးကွယ်မထားနိုင်ကြောင်း ခံစားလိုက်ရသည်။

လီချင်းချိုးက သူတို့၏ ကိုယ်ကျိုးရှာလိုသည့် ရည်ရွယ်ချက်များကို စိတ်ထဲ မထားပေ။ နောက်ဆုံးတွင် သူတို့သည် ကိုယ်ကျိုးအတွက် လုပ်ဆောင်ခြင်း မဟုတ်ဘဲ တစ်စုံတစ်ယောက်က အကူအညီ တောင်းခံလာခြင်းကြောင့်သာ ဖြစ်ပေမည်။

"အကျိုးပြုမှတ်တွေကို နာမည်ကောင်းကောင်းလေး ပေးသင့်တယ် မဟုတ်လား... ဒါက နောက်ပိုင်းကျရင် ချင်းရှောင်ဂိုဏ်းရဲ့ ငွေကြေးစနစ် ဖြစ်လာမှာ..."ဟု လီချင်းချိုးက ရုတ်တရက် မေးလိုက်သည်။

သူတို့ ဤပြဿနာကို ယခင်က ဆွေးနွေးခဲ့ဖူးသော်လည်း အဆုံးအဖြတ် မပေးခဲ့ကြပေ။ ထို့ကြောင့် တပည့်များ နေသားကျစေရန် ရိုးရှင်းသော အမည်ကို ယာယီ အသုံးပြုခဲ့ကြခြင်း ဖြစ်သည်။

ကျန်းယွီချွန်းက… "ဒါက စီနီယာအစ်ကိုကြီး ဆုံးဖြတ်ရမယ့် ကိစ္စပါ... ကျွန်တော်တို့ ဘယ်သူမှ ဝင်ပြောလို့ မရပါဘူး..."

သူမလည်း ထိုအတိုင်း တွေးမိသောကြောင့်

လီချင်းချိုး ခေတ္တမျှ စဉ်းစားလိုက်ပြီး….

"အကျိုးပြုမှတ် အကြောင်း ပြောရတာက သိပ်ပြီး တရားဝင်ဆန်လွန်းတယ်... ပိုက်ဆံအကြောင်း ပြောရတာကလည်း ရိုင်းလွန်းတယ်... ကံတရားအကြောင်းပဲ ပြောကြတာပေါ့... တာအိုကံတရားလို့ ခေါ်ကြမယ်လေ..."

"တာအိုကံတရား... နာမည်ကောင်းလေးပဲ..." ဟု ကျန်းယွီချွန်း အာမေဋိတ် ပြုလိုက်တော့

လီတုန်းယွဲ့က သူ့ကို အံ့သြတကြီး ကြည့်လိုက်သည်။ သူ ပြန်ဖြေသည်မှာ မြန်လွန်းလှသဖြင့် ဖားနေသည်ဟု သူမ သံသယ ဝင်မိလိုက်မိသည်။

"မင်းတို့ ဒီကိစ္စကို ဆွေးနွေးပြီး တပည့်တစ်ယောက်ချင်းစီရဲ့ လစဉ် တာအိုကံတရားကို ရေးမှတ်ထားလိုက်... ပြီးရင် မနက်ဖြန်ကျ ငါ့ဆီ လာပြ..."ဟု လီချင်းချိုး ညွှန်ကြားလိုက်တော့

နှစ်ယောက်စလုံး ချက်ချင်း သဘောတူလိုက်ကြလေသည်။

ထို့နောက် လီချင်းချိုး မတ်တတ်ရပ်လိုက်ပြီး မှောင်နေသေးသည်ကို မြင်သောအခါ မင်းကွမ်း၏ မသေမျိုးလိုဏ်ဂူ ပြုပြင်ခြင်း မည်သို့ ရှိသည်ကို သွားရောက် ကြည့်ရှုရန် ဆုံးဖြတ်လိုက်သည်။

………

ဧပြီလကုန်၊ လင်းရှောင်နန်းတော်၏ နောက်ဘက် တောင်တန်းများပေါ်တွင်…..

မင်းကွမ်းနှင့် လီချင်းချိုးတို့ ယှဉ်တွဲ ရပ်နေကြပြီး မင်းကွမ်း၏ မျက်နှာတွင် တင်းမာမှုနှင့် စိတ်လှုပ်ရှားမှုတို့ ရောယှက်နေသည်။

သူတို့ရှေ့ရှိ တောင်နံရံတွင် ကျောက်တံခါးတစ်ချပ်ရှိပြီး ၎င်းသည် မင်းကွမ်း တည်ဆောက်ထားသော မသေမျိုးလိုဏ်ဂူသို့ ဦးတည်နေသည်။ ဤသည်မှာ ချင်းရှောင်ဂိုဏ်း၏ ပထမဆုံးသော မသေမျိုးလိုဏ်ဂူ လည်း ဖြစ်လေသည်။

လီချင်းချိုးက ဝိညာဉ်အာရုံကို အသုံးပြု၍ အတွင်းပိုင်းကို မြင်တွေ့ပြီးပြီ ဖြစ်သဖြင့် ချီးကျူးလိုက်သည်။

"မဆိုးဘူး... မင်း ငါ့ကို စိတ်ပျက်အောင် မလုပ်ခဲ့ဘူးပဲ... ဒီလို မသေမျိုးလိုဏ်ဂူမျိုး နောက်ထပ် ဘယ်နှစ်ခုလောက် ဆောက်နိုင်သေးလဲ..."

ဂိုဏ်းချုပ်၏ ချီးကျူးစကားကို ကြားရသောအခါ မင်းကွမ်း စိတ်သက်သာရာ ရသွားပြီး တွေးတောကာ ပြန်ဖြေလိုက်သည်။

"ဝိညာဉ်စုစည်းမှု အစီအရင် တည်ဆောက်ဖို့ ပစ္စည်းတွေက ဈေးမပေါသလို ရှာရလည်း ခက်ပါတယ်... ဝိညာဉ်ဆေးပင်တွေနဲ့ လူလုပ် ဝိညာဉ်ရေကန်ကို ထည့်မတွက်ရင်တောင် ဝိညာဉ်ကျောက်တုံးတွေ လိုပါသေးတယ်... ကျွန်တော် သိသလောက်ဆိုရင် ဂိုဏ်းအနေနဲ့ အများဆုံး မသေမျိုးလိုဏ်ဂူ ငါးခုလောက်ပဲ တည်ဆောက်နိုင်မှာပါ..."

"ငါးခုလား... မဆိုးပါဘူး... မင်းကို မသေမျိုးလိုဏ်ဂူ သုံးခု အရင် ဆောက်ခိုင်းမယ်... ဓမ္မတိုက်ပွဲ ညီလာခံမှာ ပထမ၊ ဒုတိယ၊ တတိယ ရတဲ့သူတွေကို ဆုချဖို့လေ..."

ထိုစကားကို ကြားသောအခါ မင်းကွမ်း တိတ်တဆိတ် ထိတ်လန့်သွားသည်။

မသေမျိုးလိုဏ်ဂူကို ကိုယ်တိုင် တည်ဆောက်ခဲ့သူ ဖြစ်သဖြင့် ဝိညာဉ်ကျင့်ကြံမှုအတွက် ၎င်း၏ အရေးပါပုံကို သူ ကောင်းစွာ သိရှိထားသည်။ ဂိုဏ်းချုပ်က တကယ့်ကို သဘောထားကြီးလွန်းလှသည်။ အဆင့်မြင့် ပုဂ္ဂိုလ်များကို ဦးစွာ ခံစားခွင့် မပေးဘဲ တပည့်များကို ဦးစားပေးနေသည်။

မင်းကွမ်း လီချင်းချိုးကို ရင်ထဲမှ လေးစားသွားပြီး တချိန်တည်းမှာပင် လီချင်းချိုး ရှေ့တက်၍ ကျောက်တံခါးဆီသို့ လျှောက်သွားသည်ကို မြင်လိုက်ရသဖြင့်

သူ ချက်ချင်းပင်လိုက်သွားပြီး…

"တံခါးပေါ်မှာ တားမြစ်စည်းတစ်ခု ရှိပါတယ်... အဲဒီမှာ သခင်အဖြစ် အသိအမှတ်ပြုခိုင်းလို့ ရပါတယ်... ဒါဆိုရင် တခြားလူတွေ အတင်း ဝင်လို့မရတော့ဘူး... အတင်းဝင်ရင် တောင်ကို တုန်ခါသွားစေလိမ့်မယ်... အသံကျယ်ရင် အချက်ပေးသံလို ဖြစ်သွားမှာပါ..."

မင်းကွမ်း၏ လမ်းညွှန်မှုအောက်တွင် လီချင်းချိုးက အသိအမှတ်ပြုခြင်း လုပ်ငန်းစဉ်ကို လျင်မြန်စွာ ပြီးစီးအောင် လုပ်ဆောင်လိုက်ပြီးနောက် တံခါးကို တွန်းဖွင့်၍ ဝင်လိုက်လေသည်။

ဂူထဲသို့ ဝင်လိုက်သည်နှင့် ဝိညာဉ်စွမ်းအင်များက လီချင်းချိုးထံသို့ တိုးဝင်လာကြသည်။

ဤမသေမျိုးလိုဏ်ဂူအတွင်းရှိ ဝိညာဉ်ချီ ပမာဏက မြေအောက်ဝိညာဉ်ရေကန်နှင့် ယှဉ်နိုင်ပြီး အတော်လေး အထင်ကြီးစရာ ကောင်းပေသည်။

လမ်းတစ်လျှောက်တွင် ဂူနံရံ၌ မြှုပ်နှံထားသော ဝိညာဉ်ကျောက်တုံး အများအပြားကို သူ တွေ့လိုက်ရသည်။ ဤဝိညာဉ်ကျောက်တုံးများကို ဖြစ်သလို မြှုပ်နှံထားခြင်း မဟုတ်ဘဲ တားမြစ်စည်း စည်းမျဉ်းတစ်ခုအတိုင်း လိုက်နာထားသဖြင့် ဝိညာဉ်ကျောက်တုံး အားလုံး၏ ဝိညာဉ်ချီများကို စနစ်တစ်ခုအဖြစ် စုစည်းစေကာ မသေမျိုးလိုဏ်ဂူ အတွင်း၌ ပြီးပြည့်စုံသော ဂေဟစနစ်တစ်ခု ဖြစ်ပေါ်လာစေသည်။

မသေမျိုးလိုဏ်ဂူ၏ တံခါးများကို ပိတ်ထားလျှင်ပင် ဝိညာဉ်ချီ ကုန်ခမ်းမသွားသရွေ့ မသေမျိုးလိုဏ်ဂူ အတွင်းရှိ ဉာဏ်ပညာနှင့် သက်ရှိများ ပျက်စီးသွားမည် မဟုတ်ပေ။

အလျား သုံးကျန့် ခန့်ရှိသော ကွေ့ကောက်နေသည့် ဂူလမ်းကြောင်းကို ဖြတ်သန်းပြီးနောက် အတော်အတန် ကျယ်ဝန်းသော ဂူခန်းမတစ်ခုသို့ ရောက်ရှိလာခဲ့သည်။ဂူနံရံအနီးတွင် အချင်း တစ်ကျန့် ကျော်ရှိသော ရေကန်ငယ်လေး တစ်ခု ရှိပြီး အခြားတစ်ဖက်တွင် စားပွဲ၊ ကုလားထိုင်များနှင့် ကျောက်ကုတင် တစ်လုံး ရှိလေသည်။

ဤမသေမျိုးလိုဏ်ဂူကို တည်ဆောက်ရန်အတွက် မင်းကွမ်းက လက်မှုပညာရှင် အများအပြားကို ငှားရမ်းခဲ့ရပြီး သူတစ်ယောက်တည်း ပြီးစီးအောင် လုပ်ဆောင်ခဲ့သော စီမံကိန်း မဟုတ်ပေ။

မင်းကွမ်း၏ စိတ်ထဲတွင်မူ သူတစ်ယောက်တည်း အောင်မြင်ခဲ့ခြင်း မဟုတ်ကြောင်း သိထားသည်။မသေမျိုးလိုဏ်ဂူ အကြံဉာဏ်ကို ဂိုဏ်းချုပ်က အဆိုပြုခဲ့ခြင်း ဖြစ်ပြီး သူက တည်ဆောက်ရေး အတွက်သာ တာဝန်ယူခဲ့ခြင်း ဖြစ်သည်။ မသေမျိုးလိုဏ်ဂူ အကြံဉာဏ်ကို ပထမဆုံး ကြားသိခဲ့ရစဉ်က သူ အံ့သြမှင်သက်ခဲ့ရသည်။

ဂိုဏ်းချုပ်က တကယ့်ကို ဘက်စုံထူးချွန်သော ပုဂ္ဂိုလ် ဖြစ်ပေသည်။

"ငါ သိပ်ကျေနပ်တယ်... မင်း ပြန်လို့ရပြီ..."

လီချင်းချိုးက မင်းကွမ်းဘက်သို့ လှည့်၍ ပြောလိုက်တော့ ထိုစကားကို ကြားသောအခါ မင်းကွမ်း ချက်ချင်း ဦးညွှတ်လိုက်ပြီး နှုတ်ဆက် ထွက်ခွာသွားလေသည်။

မင်ကွမ်း မသေမျိုးလိုဏ်ဂူမှ ထွက်ခွာသွားပြီးနောက် ချူကျင်း၊ နန်ကုန်းအာနှင့် လင်းချွမ်တို့ တစ်ယောက်ပြီးတစ်ယောက် ပေါ်ထွက်လာကြသည်။

"ဒါက မသေမျိုးလိုဏ်ဂူလား... ဒီမှာ ကျင့်ကြံရတာ တကယ် ကောင်းမှာပဲ... အဲဒီတပည့် မင်းကွမ်းက တကယ် အံ့သြစရာ ကောင်းတာပဲ..." ဟု ချူကျင်းက အာမေဋိတ် ပြုလိုက်သည်။

ဤကဲ့သို့သော လေ့ကျင့်ရေးကွင်းကို ချင်းရှောင်ဂိုဏ်းသား တစ်ဦးက ဖန်တီးခဲ့သည်ကို သူ အတော်လေး အံ့သြနေမိသည်။

ချင်းရှောင်ဂိုဏ်းတွင် ပါရမီရှင် ကျင့်ကြံသူများသာမက အခြားသော နယ်ပယ်များမှ ပါရမီရှင်များလည်း ရှိနေသဖြင့် အမှန်တကယ်ပင် နက်ရှိုင်းသော အခြေခံအုတ်မြစ်ကို ပိုင်ဆိုင်ထားလေသည်။

"ဒီနေ့ကစပြီး မင်းတို့ မသေမျိုးလိုဏ်ဂူ ထဲမှာပဲ ကျင့်ကြံရမယ်... တခြားတပည့်တွေကို သွားမနှောင့်ယှက်နဲ့..."ဟု လီချင်းချိုးက ညွှန်ကြားလိုက်သည်။

ချင်းရှောင်တောင် တစ်ခုလုံးရှိ တောအုပ်တိုင်းလိုလိုတွင် ဝီရိယရှိရှိ ကျင့်ကြံနေသော တပည့်များဖြင့် ပြည့်နှက်နေသော်လည်း ချူကျင်းတို့ ဝိညာဉ်သုံးကောင်မှာ လျှောက်သွားရသည်ကို နှစ်သက်ကြသည်။ မကြာသေးမီက ဂိုဏ်းအတွင်း၌ သရဲတစ္ဆေနှင့် မိစ္ဆာကောလာဟလများ ပျံ့နှံ့နေသဖြင့် တပည့်အချို့ စိုးရိမ်ပူပန်နေကြရသည်။

နန်ကုန်းအာက "အကုန်လုံး လင်းချွမ် အပြစ်ပဲ... သူက တခြားလူတွေရဲ့ ခေါင်းပေါ် တက်နင်းရတာ ကြိုက်တယ်..."

လင်းချွမ်က သူမကို စိုက်ကြည့်လိုက်သော်လည်း ပြန်လည် မချေပနိုင်ပေ။

လီချင်းချိုးက ကုလားထိုင်ပေါ်တွင် ထိုင်၍ ရယ်မောလိုက်ပြီး ….

"တပည့်တွေရဲ့ ကျင့်ကြံမှုအဆင့် မြင့်လာတာနဲ့အမျှ တစ္ဆေတွေနဲ့ ထိတွေ့ဆက်ဆံနိုင်လာကြလိမ့်မယ်... အဲဒီအချိန်ကျရင် မင်းတို့ ပုန်းနေစရာ မလိုတော့ဘူး... ဂိုဏ်းသားတွေနဲ့ ပေါ်ပေါ်ထင်ထင် ထိတွေ့ဆက်ဆံနိုင်ပြီ..."

ထိုစကားကို ကြားသောအခါ ဝိညာဉ်သုံးကောင်စလုံး၏ မျက်လုံးများ အရောင်တောက်လာကြသည်။

"ဒါဆို ကျွန်မတို့ ပြန်ရှင်လာသလိုမျိုး ဖြစ်မသွားဘူးလား..." ဟု နန်ကုန်းအာက အံ့သြတကြီး ရေရွတ်လိုက်လေ၏။

All Chapters