သူရဲကောင်း ဟူသော ဂုဏ်ပုဒ်…….
Vol. 15 Ch. 146
ချင်းရှောင်ဂိုဏ်းတွင် အကျိုးပြုမှတ်များကို "တာအိုကံတရား"ဟု တရားဝင် ပြောင်းလဲ ခေါ်ဝေါ်လိုက်ပြီး တပည့်တစ်ဦးချင်းစီ၏ လစဉ် လစာနှင့် တာအိုကံတရား ရရှိမှုနှုန်းကို ကြေညာလိုက်လေသည်။
ဤကြေညာချက်ကို ချင်းရှောင်တောင် နေရာအနှံ့ ကပ်ထားသဖြင့် တပည့်များကြားတွင် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးစရာ ဖြစ်လာခဲ့သည်။
အပြင်စည်းတပည့်တဉီးလျှင် တစ်လလျှင် တာအိုကံတရား ၁၀ မှတ်၊ အတွင်းစည်းတပည့်သည် တစ်လလျှင် တာအိုကံတရား ၂၀ မှတ်နှင့် တပည့်ရင်းသည် တစ်လလျှင် တာအိုကံတရား ၅၀ မှတ် ရရှိမည် ဖြစ်သည်။
ကျမ်းစာဆောင်၏ တတိယထပ်ရှိ သိုင်းပညာ လျှို့ဝှက်ကျမ်းစာ တစ်အုပ်လျှင် တာအိုကံတရား ၁၀၀ ကျော် ကျသင့်ပြီး စတုတ္ထထပ်ရှိ ဂါထာစာအုပ်များအတွက် လျှို့ဝှက်ကျမ်းစာ တစ်အုပ်၏ ဈေးနှုန်းသည် တာအိုကံတရား ၁၀၀၀ မှ စတင်လေသည်။ ခြုံငုံကြည့်လျှင် ဤအခြေခံ ခံစားခွင့်များက အဆင့်အားလုံးမှ တပည့်များကို ကျေနပ်စေပြီး မည်သည့်ရာထူးတွင် ရှိသည်ဖြစ်စေ မျှော်လင့်ချက် ပေးစွမ်းနိုင်လေသည်။
အခြေခံ လစဉ် ခံစားခွင့်များအပြင် ဂိုဏ်းတည်ထောင်ခြင်း၊ တီထွင်ဖန်တီးခြင်းနှင့် အတွေ့အကြုံရှာဖွေရေးခန်းမရှိ တာဝန်များကို ထမ်းဆောင်ခြင်းအားဖြင့် တာအိုကံတရား ပိုမို ရရှိနိုင်လေသည်။
တာအိုကံတရားကို သိုင်းကျမ်းများ၊ လက်နက်များ၊ ဝိညာဉ်ကျောက်တုံးများ၊ ဝိညာဉ်ဆေးပင်များ၊ အဆောင်လက်ဖွဲ့များနှင့် လဲလှယ်နိုင်ကြောင်း တပည့်အားလုံး သိရှိထားကြသည်။ဂိုဏ်းသည် နောင်တွင် ကုန်ပစ္စည်းများ ပိုမို ထုတ်ပေးလိမ့်မည် ဖြစ်သည်။
ထည့်သွင်း ပြောကြားရမည့် အချက်မှာ ဟွမ်ယွမ်ကျမ်းစာ စိတ်စွမ်းအင် ကျင့်စဉ်ကို တာအိုကံတရား အသုံးပြု၍ လဲလှယ်နိုင်မည် မဟုတ်ပေ။ နယ်ပယ် သင့်လျော်သရွေ့ ကျင့်ကြံခြင်းခန်းမသို့ သွားရောက်၍ နောက်တစ်ဆင့် စိတ်စွမ်းအင် ကျင့်စဉ်ကို တိုက်ရိုက် တောင်းဆိုနိုင်သည်။
တာအိုကံတရားကို လွှဲပြောင်းပေး၍ မရသော်လည်း လဲလှယ်ရရှိထားသော ပစ္စည်းများကိုမူ ပုဂ္ဂလိက ကုန်သွယ်မှု ပြုလုပ်နိုင်သဖြင့် မင်းစိုးရာဇာ မျိုးနွယ်မှ သားသမီးများနှင့် အထက်တန်းလွှာများအတွက် မျှော်လင့်ချက် ဖြစ်စေခဲ့သည်။
ပြဿနာများကို ကာကွယ်ရန်အတွက် ကျီဖှာခန်းမက တာအိုကံတရားနှင့် ပတ်သက်သော စည်းကမ်းချက်များကို ပိုမို မိတ်ဆက်ပေးရင်း ဝန်ထုပ်ဝန်ပိုး ပိုမို ထမ်းဆောင်လာရသည်။
လီချင်းချိုးအဖို့တော့
ဖိအား သိပ်မရှိပေ။ ချင်းရှောင်ဂိုဏ်းသည် အခြေခံအားဖြင့် သူ့ထိန်းချုပ်မှုအောက်တွင် ရှိနေဆဲ ဖြစ်ပြီး တစ်စုံတစ်ရာ မှားယွင်းပါက အချိန်မီ ပြုပြင်ပြောင်းလဲနိုင်သည်။
ချင်းရှောင်ဂိုဏ်းသည် စူးစမ်းလေ့လာသည့် အဆင့်တွင် ရှိနေပြီး အမှားများမှ သင်ယူရန် လိုအပ်ပေသည်။
တာအိုကံတရားနှင့် လောကီချမ်းသာကြွယ်ဝမှုတို့ကြားက မျှခြေသည် အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်း ပုံဖော်လာမည် ဖြစ်ပြီး ပုံသေ စည်းမျဉ်းဟူ၍ မရှိပေ။
ချင်းရှောင်ဂိုဏ်းတွင် အကြီးစား ပြောင်းလဲမှုများ ပြုလုပ်နေစဉ် တောင်အောက်တွင် တိုက်ပွဲများ ပိုမို ပြင်းထန်လာခဲ့သည်။
ကုကျိုးစီရင်စု၏ နေရာအနှံ့အပြားတွင် စစ်ပွဲများ ဖြစ်ပွားနေပြီး စီရင်စုမြို့တော်၏ ခရိုင်များအပေါ် ထိန်းချုပ်မှု ပြိုလဲသွားပြီ ဖြစ်သည်။
ဆိုရိုးစကား ရှိသည့်အတိုင်း "ခေတ်ပျက်လျှင် သူရဲကောင်း ပေါ်ထွန်းသည်" ဆိုသကဲ့သို့ လူအများအပြားက မိမိတို့ကိုယ်ကို သူရဲကောင်းများဟု ထင်မှတ်နေကြသည်။
မေလ ရောက်သောအခါ ဒုက္ခသည် တစ်စုက ချင်းရှောင်ဂိုဏ်း၏ လက်ခံမှုကို မျှော်လင့်လျက် တောင်ခြေသို့ ရောက်ရှိလာကြသော်လည်း
ကျန်းယွီချွန်းက လက်မခံဘဲ ရိက္ခာခြောက် အနည်းငယ် ပေး၍ ပြန်လွှတ်လိုက်သည်။
သို့သော် ဤဒုက္ခသည်များက ဝေးဝေးလံလံ ထွက်မသွားကြဘဲ ထိုက်ခွန်းတောင်တန်း အတွင်း ပုန်းအောင်းနေကြကာ ချင်းရှောင်ဂိုဏ်းသို့ ရံဖန်ရံခါ လာရောက်၍ အစာတောင်းခံလေ့ ရှိကြသည်။
ဇွန်လ အစောပိုင်းတွင် ဓမ္မတိုက်ပွဲ ညီလာခံ၏ ထိပ်သီး ၆၄ နေရာအတွက် ယှဉ်ပြိုင်မှုကို စတင်လိုက်လေချေပြီ။
လကုန်မှသာ ထိပ်သီး ၆၄ ယောက် စာရင်း အတည်ပြုနိုင်ခဲ့ပြီး ကုန့်လင်ခန်းမက ထိုစာရင်းကို ထုတ်ပြန်ကြေညာခဲ့သည်။
သူတို့အထဲတွင် အနိမ့်ဆုံး အဆင့်ရှိသော တပည့်မှာ မူလအားဖြည့်နယ်ပယ် တတိယအဆင့် ဖြစ်ပြီး တပည့်တစ်ဦးစီတိုင်းက နာမည်ကျော်ကြားပြီးသူများ ဖြစ်ကြသည်။
ထို့ကြောင့် ချင်းရှောင်ဂိုဏ်းတွင် ပါရမီရှင်များဖြင့် ပြည့်နှက်နေကြောင်း လူတိုင်း ခံစားမိလိုက်ကြသည်။ ထိပ်သီး ၆၄ ယောက်ထဲမှ တစ်ယောက်ချင်းစီတိုင်းက တိုက်ပွဲများနှင့် ပြိုင်ပွဲများစွာမှတစ်ဆင့် ကိုယ်ပိုင်စွမ်းအားကို သက်သေပြခဲ့ကြပြီး အမှန်တကယ် စွမ်းရည်ဖြင့် တက်လှမ်းလာကြခြင်း ဖြစ်သည်။
လူသိများသော တပည့်ရင်း အများအပြားလည်း ပြုတ်ကျကျန်ရစ်ခဲ့ကြသည်။
ထိုနေ့ မွန်းတည့်ချိန်တွင်……
လင်းရှောင်ခြံဝင်းထဲသို့ တပည့်ရင်းများ တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်လာကြသည်။ "ချင်းရှောင်မှ သားတော်ခုနှစ်ပါး" အနက် ဒုတိယနေရာတွင် ရှိသော ယွီလင်းလည်း ထိုနေရာတွင် ရှိနေသည်။သူသည် စိတ်ပျက်အားငယ်နေပုံရပြီး အနောက်ဆုံးမှ လျှောက်လာလေသည်။
အစောဆုံး ချင်းရှောင်ဂိုဏ်းသားများ အနေဖြင့် ချင်းရှောင်သားတော်ခုနှစ်ပါးက ချင်းရှောင်ဂိုဏ်းအတွက် အရေးပါသော အကျိုးပြုမှုများ လုပ်ဆောင်ပေးခဲ့သည်။ သို့သော် သူတို့၏ မျှော်မှန်းချက်က မွေးရာပါ ပါရမီအပေါ် မူတည်နေသည်။
ပြီးခဲ့သည့်လက အဆင့်တက်သွားသော ဟွမ်ရှန်းမှလွဲ၍ ကျန်ခြောက်ယောက်စလုံး မူလအားဖြည့်နယ်ပယ် စတုတ္ထအဆင့် မဟုတ်ကြဘဲ ကောင်းချီးနယ်မြေ အရင်းအမြစ်များကို ရရှိလျှင်ပင် မူလအားဖြည့်နယ်ပယ် တတိယအဆင့်သို့သာ ရောက်ရှိနိုင်မည် ဖြစ်သည်။
သူတို့အတွက် တတိယအဆင့်မှ စတုတ္ထအဆင့်သို့ တက်လှမ်းခြင်းက ကောင်းကင်ပေါ် တက်ရသကဲ့သို့ ခက်ခဲလှပေသည်။
လီချင်းချိုး၏ ဆင့်ခေါ်ခြင်း ခံရသောအခါ ယွီလင်း အလွန် ရှက်ရွံ့နေမိသည်။
အခြားသော တပည့်ရင်းများက စကားစမြည်ပြောရင်း ရယ်မောနေကြကာ သူတို့၏ စွမ်းဆောင်ရည် ကောင်းမွန်ခဲ့သဖြင့် ဂိုဏ်းချုပ်၏ အသိအမှတ်ပြုမှုကို ရရှိပြီဟု ယုံကြည်နေကြသည်။
ခြံဝင်းထဲသို့ဝင်ရောက်သွားသောအခါ ဂိုဏ်းချုပ်အပြင် ရှန်ယွဲ့နှင့် ကျန်းကျောက်ရှားတို့ပါ ရှိနေသည်ကို တွေ့လိုက်ရသည်။
ထိုနှစ်ယောက်ကို မြင်သောအခါ တပည့်များ အားလုံး တိတ်ဆိတ်သွားကြပြီး အသံမထွက်ရဲကြတော့ပေ။
တပည့်ရင်း အယောက်သုံးဆယ်လုံး ကိုယ့်သဘောဆန္ဒအလျောက် တန်းစီလိုက်ကြသည်ကို မြင်သောအခါ လီချင်းချိုး ကျေနပ်သွားလေသည်။ ထို့နောက် သူက သံသတ္တုရင်းမြစ် ကောင်းချီးနယ်မြေ အကြောင်း ပြောပြလိုက်ပြီး ဝိညာဉ်တစ်ထောင် ကောင်းချီးနယ်မြေ နှင့် ညီမျှသော ဝိညာဉ်ချီ ပေါကြွယ်ဝသည့် ထိုနေရာတွင် စောင့်ကြပ်ရန် သူတို့ကို စေလွှတ်မည် ဖြစ်ကြောင်း အသိပေးလိုက်သည်။
"ကျင့်ကြံရန်" ဟူသော စကားလုံးကို ကြားလိုက်ရသောအခါ ယွီလင်း အပါအဝင် တပည့်အားလုံး စိတ်လှုပ်ရှားသွားကြသည်။
ဒါက ကောင်းသော ကိစ္စပင်….
ယခင်က ဝိညာဉ်ကျောက်တွင်းကို စောင့်ကြပ်ရန် တာဝန်ယူခဲ့သော တပည့်များက အခြေခံအားဖြင့် တပည့်ရင်းများ ဖြစ်လာကြပြီး နောက်ပိုင်း ပြောင်းရွှေ့ခံရသူများပင်လျှင် အခြားတပည့်များထက် သာလွန်နေကြဆဲ ဖြစ်သည်။
ဤကဲ့သို့သော အခွင့်အရေးမျိုးက ရှားပါးလှပေသည်။
"သွားပြီး ပြင်ဆင်ကြချေ... အကြီးအကဲကျန်း နဲ့ အကြီးအကဲရှန် က မနက်ဖြန် မင်းတို့ကို အဲဒီ ခေါ်သွားလိမ့်မယ်... ယွီလင်း... မင်း ဒီမှာ နေခဲ့ဦး..."ဟု လီချင်းချိုးက လက်ဝှေ့ယမ်းပြီး ပြောလိုက်ရာ တပည့်များအားလုံး ချက်ချင်း ဦးညွှတ်ပြီး ကျေးဇူးတင်စကား ဆိုကြလေသည်။
တပည့်များ ထွက်သွားပြီးနောက် ယွီလင်း တစ်ယောက်တည်းသာ သူ့ရှေ့တွင် မတ်တတ်ရပ်လျက် ကျန်ရစ်ခဲ့သည်။ ယွီလင်း အလွန် စိတ်မသက်မသာ ဖြစ်နေပြီး သူ့မျက်လုံးများကို မကြည့်ရဲပေ။
"တူလေး... ဘာလို့ အဲဒီလောက် ကြောက်နေရတာလဲ... ငါက မင်းကို ကိုက်စားမှာ မဟုတ်ပါဘူး..." ဟု လီချင်းချိုးက ပြုံးပြီး ပြောလိုက်သည်။
"တူလေး" ဟူသော စကားလုံးက ယွီလင်း၏ နှလုံးသားကို ထုနှက်လိုက်သကဲ့သို့ ဖြစ်သွားပြီး သူ့ကို ပြိုလဲသွားစေသည်။ သူသည် ဘုန်းခနဲ ဒူးထောက်ချလိုက်ပြီး လီချင်းချိုးကို ဦးခိုက်ကာ ငိုကြွေးလေတော့သည်။
"စီနီယာဦးလေး... ကျွန်တော် ဦးလေးရဲ့ လမ်းညွှန်မှုကို မလိုက်နာနိုင်ခဲ့လို့ ဦးလေးနဲ့ ဆရာ့ရဲ့ သိက္ခာကို ကျဆင်းစေခဲ့မိပါတယ်..."
ချင်းရှောင်သားတော်ခုနှစ်ပါးလုံး တောင်ခြေရှိ ရွာတစ်ရွာတွင် နေထိုင်ခဲ့ကြသူများဖြစ်သည်။ သူတို့သည် ချင်းရှောင်ဂိုဏ်း၏ ပထမဆုံးသော တပည့်များ ဖြစ်ကြပြီး အားလုံးက ကျန်းယွီချွန်း၏ လက်အောက်တွင် ပညာသင်ကြားခဲ့ကြသည်။ သူတို့အားလုံး ဂိုဏ်းကြီး တစ်ဆင့်ပြီးတစ်ဆင့် တည်ဆောက်လာပုံကို စောင့်ကြည့်ခဲ့ကြသူများ ဖြစ်ပေသည်။
သို့သော် တပည့်ဦးရေ တိုးပွားလာသည်နှင့်အမျှ ချင်းရှောင်သားတော်ခုနှစ်ပါးသည်လည်း လီချင်းချိုးနှင့် ပိုမို ဝေးကွာလာခဲ့သည်။ သူတို့ လင်းရှောင်ခြံဝင်းထဲသို့ လွတ်လပ်စွာ ဝင်ထွက်ခွင့် မရှိတော့ဘဲ လီချင်းချိုးကို တွေ့ရန် ခက်ခဲလာခဲ့သည်။
လီချင်းချိုးက သူတို့ကို မေ့နေလောက်ပြီဟု ယွီလင်း ထင်ထားခဲ့သော်လည်း လီချင်းချိုးက သူ့ကို "တူလေး" ဟု ခေါ်လိုက်သည်ကို ကြားလိုက်ရသောအခါ ခံစားချက်များကို ဖုံးကွယ်မထားနိုင်တော့ပေ။
နှလုံးသားကို ထိရှိမိသော အခိုက်အတန့်များ၊ ဝမ်းနည်းစရာ အခိုက်အတန့်များနှင့် အံ့သြစရာ အခိုက်အတန့်များ ရင်ထဲတွင် ရှိနေခဲ့သည်။
လီချင်းချိုး မတ်တတ်ရပ်လိုက်ပြီး စားပွဲရှည်ကြီးကို ပတ်ကာ သူ့အနားသို့ လျှောက်လာခဲ့ကာ ထူမပေးလိုက်ပြီး မေးလိုက်သည်။
"ဘာများ ရှက်စရာ ရှိလို့လဲ..."
"ကျွန်တော် ထိပ်သီး ၆၄ ယောက် စာရင်း မဝင်ခဲ့ဘူး..."
"ဒါများကွာ... အရှုံးနဲ့ အနိုင်ဆိုတာ အမြဲ ရှိတာပဲ... ချင်းရှောင်ဂိုဏ်းက အင်အားတစ်ခုတည်းကိုပဲ ကြည့်တာ မဟုတ်ဘူး... မင်းရဲ့ ဝါရင့်မှုနဲ့ မင်းရဲ့ အကျိုးပြုမှုတွေကြောင့် ဘယ်သူမှ မင်းကို အထင်မသေးရဲပါဘူး... တကယ်လို့ တစ်ယောက်ယောက်က အထင်သေးလာရင် ငါ သူတို့ကို လွှတ်ထားမှာ မဟုတ်ဘူး..."ဟု
လီချင်းချိုး လေးနက်စွာ ပြောလိုက်ရာ ယွီလင်း ပိုမို စိတ်လှုပ်ရှားလာပြီး မျက်နှာ ရဲတက်လာလေသည်။
လီချင်းချိုး သူ့ကို ချန်ထားရသည့် အကြောင်းရင်းမှာ အရေးကြီးသော တာဝန်တစ်ခု ပေးအပ်လိုသောကြောင့် ဖြစ်သည်။ ၎င်းမှာ သံသတ္တုရင်းမြစ် ကောင်းချီးနယ်မြေရှိ ဝိညာဉ်ကျောက်တုံးများနှင့် ရှေးဟောင်း ကန်းသတ္တု ရင်းမြစ်သံများကို ကြီးကြပ်ရန်နှင့် မည်သည့်တပည့်မျှ ခွင့်ပြုချက်မရှိဘဲ မယူဆောင်နိုင်အောင် တားဆီးရန် ဖြစ်သည်။
လီချင်းချိုး ရွေးချယ်ထားသော တပည့်များက သစ္စာရှိမှု မြင့်မားကြသော်လည်း သစ္စာရှိမှုသည် တပည့်များ၌ ကိုယ်ကျိုးရှာလိုစိတ် မရှိကြောင်း အာမခံနိုင်ခြင်း မရှိပေ။
အကယ်၍ တပည့်တစ်ဦးက ဂိုဏ်းချုပ် သို့မဟုတ် ဂိုဏ်းအတွက် အလျင်အမြန် သန်မာလာရန် လိုအပ်သည်ဟု ခံစားရပါက မည်သို့ လုပ်မည်နည်း။
ကျန်းကျောက်ရှားက သံသတ္တုရင်းမြစ် ကောင်းချီးနယ်မြေတွင် တပ်စွဲထားမည် ဖြစ်သော်လည်း သူ့သဘာဝအရ ကျင့်ကြံခြင်းကိုသာ အာရုံစိုက်မည် ဖြစ်ပြီး တပည့်များ၏ လုပ်ဆောင်ချက်များကို အမြဲတမ်း အာရုံစိုက်နေမည် မဟုတ်ပေ။
သံသတ္တုရင်းမြစ် ကောင်းချီးနယ်မြေက အတော်လေး ကြီးမားသဖြင့် မြင်ကွင်းတစ်ခုလုံးကို တစ်ချက်တည်းနှင့် မမြင်နိုင်ပေ။
လီချင်းချိုး၏ တောင်းဆိုမှုကို ယွီလင်း သဘာဝကျကျပင် သဘောတူလိုက်ပြီး မည်သည့်အမှားအယွင်းမျှ မရှိစေရကြောင်း သူ့အသက်နှင့် ရင်း၍ ကျိန်ဆိုလေသည်။
"ဒီကလေးကတော့... မင်းက အရမ်း ပုံကြီးချဲ့တာပဲ... သွား... ပြန်ပြီး ပြင်ဆင်တော့..."
လီချင်းချိုးက ယွီလင်း၏ ဆံပင်ကို ဖွလိုက်ပြီး ပြောလိုက်တော့
ယွီလင်း ပြုံးလိုက်ပြီး လီချင်းချိုးကို လေးလေးစားစား ဦးညွှတ်ကာ လှည့်ထွက်သွားလေသည်။
ထိုအခါ မလှမ်းမကမ်းတွင် ရပ်နေသော ရှန်ယွဲ့နှင့် ကျန်းကျောက်ရှားတို့ အချင်းချင်း ကြည့်လိုက်ကြသည်။ အကြောင်းပြချက် မသိရသော်လည်း သူတို့နှစ်ယောက်စလုံး တစ်စုံတစ်ခု မှားနေသကဲ့သို့ စိတ်မသက်မသာ ဖြစ်နေကြသည်။
နောက်တစ်နေ့ မနက်တွင် ကျန်းကျောက်ရှားတို့အဖွဲ့နှင့် တပည့်ရင်း အယောက်သုံးဆယ်နှင့် အတူ ထွက်ခွာသွားကြလေသည်။
ချင်းရှောင်တောင်မှ အရှေ့ဘက် ကမ်းရိုးတန်းအထိ မိုင် ၇၀၀ ကျော် ကွာဝေးသည့်အပြင် လမ်းတစ်လျှောက်လုံးတွင် မြင့်မားသော တောင်များနှင့် မတ်စောက်သော မြေမျက်နှာသွင်ပြင်များ ရှိနေသဖြင့် ဖြတ်သန်းသွားလာရန် ခက်ခဲလှ၏။
သို့သော် ကျင့်ကြံသူများအတွက်မူ ဤသဘာဝ အတားအဆီးက သိပ်မခက်ခဲလှပေ။
ရက်အနည်းငယ် ကြာသောအခါ ရှန်ယွဲ့ တစ်ယောက်တည်း ပြန်ရောက်လာပြီး ဓားဂိုဏ်းသားများကို ဆက်လက် လေ့ကျင့် သင်ကြားပေးလေသည်။
မကြာသေးမီက ဓားဂိုဏ်းတွင် နောက်ထပ် လူငါးဆယ် ခေါ်ယူခဲ့သည်။
ဤတပည့်အားလုံးက ဓမ္မတိုက်ပွဲ ညီလာခံအတွက် လျှောက်ထားခဲ့ကြသဖြင့် ဓမ္မတိုက်ပွဲ ညီလာခံတွင် ထူးချွန်စွာ စွမ်းဆောင်နိုင်ခဲ့သောကြောင့် ရွေးချယ်ခံရခြင်း ဖြစ်သည်ဟု တပည့်များက ယုံကြည်နေကြသည်။ ဤအချက်က တပည့်များ၏ စိတ်ထဲတွင် ဓမ္မတိုက်ပွဲ ညီလာခံကို ပိုမို အရေးပါလာစေသည်။
ဇူလိုင်လ ရောက်ရှိလာခဲ့ပြီ……
ထိပ်သီး ၆၄ ယောက်စလုံး ထိပ်သီး ၁၀ နေရာအတွက် ယှဉ်ပြိုင်ကြရာ ပွဲစဉ်များကို တစ်နေ့တည်းနှင့် အပြီး မကျင်းပနိုင်ပေ။ နေ့စဉ် ပွဲစဉ်အရေအတွက် လျော့နည်းသွားသော်လည်း ဓမ္မတိုက်ပွဲ ညီလာခံ၏ စိတ်လှုပ်ရှားဖွယ် ကောင်းမှုက ပိုမို ကြီးမားလာသည်။
အမြင်စူးရှသူ အများအပြားသည်ပင် မျှော်လင့်ချက်ကြီးကြီး ထားရှိကြသည်။ သူတို့ ရွေးချယ်ထားသော ပါရမီရှင်များ နောက်ဆုံးအဆင့်ထိ ရောက်နိုင်မလား ဆိုသည်ကို သိချင်နေကြသည်။
ထည့်သွင်း ပြောကြားရမည့် အချက်မှာ ရွှီနင်းက မည်သည့်ပွဲစဉ်မှ ဝင်ရောက် ယှဉ်ပြိုင်ခြင်း မရှိပေ။ သူမက ဩဂုတ်လတွင် ကျင်းပမည့် ဗိုလ်လုပွဲ အဆင့်သို့ တိုက်ရိုက် တက်ရောက်မည် ဖြစ်ပြီး ထိပ်သီး ၁၀ ယောက် စာရင်းတွင် နေရာယူထားခြင်း မရှိပေ။
မည်သူကမျှ ဤအရာကို မသင့်လျော်ဟု မထင်ကြပေ။ ဆန့်ကျင်ဘက် အနေဖြင့် ဂိုဏ်းချုပ်က တရားမျှတစွာ ဆောင်ရွက်သည်ဟုသာ ခံစားကြရသည်။ အကယ်၍ ရွှီနင်းသာ ခြေစစ်ပွဲ အဆင့်မှ စတင် ယှဉ်ပြိုင်ရမည် ဆိုပါက သူမနှင့် တွေ့ဆုံရမည့် တပည့် မည်မျှ ကံဆိုးလိုက်မည်နည်း။
ဇူလိုင်လလယ်တွင် လီစစ်ကျင်တယောက် လီချင်းချိုးနှင့် လာရောက် တွေ့ဆုံလေသည်။
"စီနီယာအစ်ကိုကြီး... တောင်အောက်က ဒုက္ခသည်တွေကို ဖြေရှင်းမှဖြစ်မယ်... တချို့လူတွေက ကျွန်မရဲ့ ဆေးဖက်ဝင်အပင် စိုက်ခင်းက ပစ္စည်းတွေကို ခိုးနေကြပြီ... မိသွားရင်တောင်မှ သူတို့မှာ ခိုးရတဲ့ အကြောင်းပြချက် ခိုင်ခိုင်လုံလုံ ရှိနေတယ်..."ဟု လီစစ်ကျင်က မကျေမနပ် ပြောဆိုလေသည်။
ချင်းရှောင်တောင်ပေါ်တွင် မြေနေရာ ရှားပါးလာသဖြင့် ချွမ်းကုန်းခန်းမက တောင်အောက်သို့ ဆင်း၍ လည်းကောင်း၊ ဇီယန်တောင်ထွတ် သို့ သွားရောက်၍ လည်းကောင်း ဆေးဖက်ဝင်အပင် စိုက်ခင်းများနှင့် ဥယျာဉ်များကို တိုးချဲ့ စိုက်ပျိုးနေရသည်။
လီချင်းချိုးက ခဏမျှ စဉ်းစားလိုက်ပြီး….
"ရှီးလျန်းခန်းမကို သွားပြီး ရွှယ်ကျင်းကို သွားရှာလိုက်... သူက ထိပ်သီး ၁၀ ယောက် စာရင်း ဝင်ထားပြီးပြီ... ဒီကိစ္စကို ဖြေရှင်းဖို့ သူ့ကို အဖွဲ့တစ်ဖွဲ့ ဦးဆောင်ခိုင်းလိုက်..."
ပြောရင်းနှင့် သူ့ရဲ့ ဂိုဏ်းချုပ် အမိန့်ပြားကိုလည်း ထုတ်ပေးလိုက်သည်။
ဤအမိန့်ပြားသည် ငွေရောင် ဖြစ်ပြီး ကောင်းကင်သက်တံဓား ပုံသဏ္ဌာန် ထွင်းထုထားသည်။ ၎င်းကို ကျန်းယွီက အကြံပြုခဲ့ပြီး ကွမ့်ယွမ်ခန်းမက ဖန်တီးခဲ့ခြင်း ဖြစ်သည်။
နှုတ်ဖြင့် သတင်းစကား ပါးခြင်းသည် ဖုံးကွယ်ထားသော အန္တရာယ်များ ရှိနိုင်သဖြင့် ဆက်လက် မလုပ်ဆောင်သင့်တော့ဟု ယုံကြည်ထားကြသည်။
ဂိုဏ်းချုပ် အမိန့်ပြားကို လက်ခံရရှိပြီးနောက် လီစစ်ကျင်က ချက်ချင်းပင် လေထဲသို့ ခုန်တက်လိုက်ပြီး ခြံဝင်းတံတိုင်းကို ကျော်ဖြတ်ကာ တောင်အောက်သို့ ပျံသန်းသွားသည်ကိုကြည့်ခြင်းဖြင့် သူမ မည်မျှ တက်ကြွနေသည်ကို ပြသနေသည်။
လီချင်းချိုး ခေါင်းအနည်းငယ် ခါလိုက်ပြီးနောက် စားပွဲရှည်ကြီးပေါ်တွင် ဂါထာများနှင့် လျှို့ဝှက်ကျမ်းစာများကို ဆက်လက် ရေးသားနေလိုက်သည်။
မကြာသေးမီက အားလပ်ချိန်များတွင် သရဲတစ္ဆေများနှင့် ပတ်သက်သော ဂါထာများကို စဉ်းစားနေမိပြီး ဝိညာဉ်ချုပ်ကျိန်စာကဲ့သို့ ရက်စက်ခြင်း မရှိသော ဝိညာဉ်ထိန်းချုပ်နည်း တစ်မျိုးကို ဖန်တီးချင်နေမိသည်။
ယခုအခါ ချင်းရှောင်ဂိုဏ်းတွင် တစ္ဆေကျင့်ကြံခြင်းလမ်းစဉ်ပေါ်ပေါက်လာပြီ ဖြစ်၍ သူ ထပ်မံ စူးစမ်းရှာဖွေပြီး တပည့်များကို မျှော်လင့်ချက် ပိုပေးရမည် ဖြစ်သည်။
ချီသန့်စင်ခြင်းအတွက် ပါရမီ မလုံလောက်ပါက တစ္ဆေလမ်းစဉ်ကို စမ်းသပ် လေ့လာနိုင်ပေမည်။
အကယ်၍ တပည့်တစ်ဉီးဉီးကသာ တစ္ဆေလမ်းစဉ်ကို တိုးတက်အောင် လုပ်ဆောင်နိုင်ပြီး ဝိညာဉ်ကျွန်၏ ပါရမီကို မိမိပါရမီ အဖြစ် ပြောင်းလဲနိုင်လျှင် သို့မဟုတ် ဝိညာဉ်ကျွန်နှင့် အတူတကွ ပူးပေါင်း ကျင့်ကြံနိုင်လျှင် မသေမျိုးလမ်းစဉ်သို့ သွားရာလမ်း၌ ဖြစ်နိုင်ခြေများစွာ တိုးပွားလာမည် မဟုတ်ပါလော။
…
ဇီယန်တောင်ထွတ်၏ အနောက်ဘက် တောင်ခြေတွင်…..
လီစစ်ကျင်က ရွှယ်ကျင်းနှင့်ရှီးလျန့်ခန်းမမှ တပည့် တစ်ဒါဇင်ကျော်ကို ဦးဆောင်၍ တောအုပ်ထဲသို့ ဝင်ရောက်လာကြသည်။
ဒုက္ခသည် ရာပေါင်းများစွာက တောအုပ်အနှံ့ ပြန့်ကျဲနေကြပြီး အချို့မှာ မြေကြီးပေါ်တွင် လဲလျောင်းနေကြကာ အချို့မှာ သစ်ပင်များကို မှီထိုင်နေကြသဖြင့် လေထဲတွင် ဆိုးရွားသော အနံ့အသက်များ ပျံ့နှံ့နေသည်။
ထိုအချိန်၌ ကျင့်ကြံခြင်းခန်းမမှ တပည့် သုံးဦးက သက်ကြီးရွယ်အို အမျိုးသား အချို့နှင့် စကားများ ရန်ဖြစ်နေကြသည်။
"လူတွေ လာနေပြီ..."
ဆံပင်ဖားလျားနှင့် အမျိုးသမီးတစ်ဦးက လီစစ်ကျင်နှင့် အဖွဲ့ကို လက်ညှိုးထိုးပြပြီး စူးရှသော အသံဖြင့် အော်ဟစ်လိုက်ရာ ဒုက္ခသည်များ ပိုမို လှည့်ကြည့်လာကြသည်။
တောအုပ်ထဲတွင် အညစ်အကြေး အများအပြားကို မြင်လိုက်ရသဖြင့် ရွှယ်ကျင်း မျက်မှောင် အနည်းငယ် ကြုတ်လိုက်မိသည်။
သူ့နောက်မှ ရှီးလျန့်ခန်းမ တပည့်များကလည်း ဤမြင်ကွင်းကို ပထမဆုံးအကြိမ် မြင်ဖူးကြသဖြင့် သူတို့လည်း မျက်မှောင်ကြုတ်လိုက်ကြသည်။
"ဒီလူတွေကို မမောင်းထုတ်ရင် နောက်ထပ် ဒုက္ခသည်တွေကို ဆွဲဆောင်သလို ဖြစ်လိမ့်မယ်..."
လီစစ်ကျင်က ရပ်တန့်လိုက်ပြီး ရွှယ်ကျင်းကို ပြောလိုက်ရာ သူမ၏ အသံထဲတွင် လက်လျော့ချင်သော လေသံများ ပါဝင်နေသည်။
သူမ အတော်လေး နောင်တရနေမိသည်။
ပထမတုန်း ဆေးဖက်ဝင်အပင် စိုက်ခင်းနားတွင် ဒုက္ခသည်များကို တွေ့ရှိခဲ့ပြီး သနားသဖြင့် ရိက္ခာခြောက်နှင့် ရေ ပေးခဲ့သော်လည်း လူအများအပြားကို ဆွဲဆောင်မိလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
ရွှယ်ကျင်းက ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး ရှေ့တိုးကာ မေးလိုက်သည်။
"ဘယ်သူက ခေါင်းဆောင်လဲ... ထွက်လာပြီး ဆွေးနွေးရအောင်..."
ခေါင်းဆောင် ဟုတ်လား…
ဤဒုက္ခသည်များကြားတွင် တာဝန်ခံ တစ်ဦး ရှိလိမ့်မည်ဟု လီစစ်ကျင် လုံးဝ မထင်မှတ်ထားခဲ့ပေ။
ရွှယ်ကျင်း အတွေးလွန်နေသည်ဟု သူမ ထင်လိုက်ချိန်တွင် ကုန်းကွကွ အဘိုးကြီး တစ်ဦးက သစ်သားတုတ်ကောက်ကို အားပြု၍ ယိမ်းထိုးလျက် လျှောက်လာသည်ကို တွေ့လိုက်ရသဖြင့် သူမ မျက်လုံးများ ပြူးကျယ်သွားပြီး ယုတ္တိမရှိသလို ခံစားလိုက်ရသည်။
ကုန်းကွကွ အဘိုးကြီး ရွှယ်ကျင်းဆီသို့ လျှောက်လာသည်ကို မြင်သောအခါ အမျိုးသား အများအပြား မတ်တတ်ရပ်ပြီး သူ့ကို ဝန်းရံလိုက်ကြသည်။
ကုန်းကွကွ အဘိုးကြီးက ရွှယ်ကျင်း အနားသို့ ကပ်လာပြီး ပြုံးဖြီးဖြီးဖြင့်….
"လူလေးရာ... ငါတို့ကို အပြစ်မတင်ပါနဲ့ကွာ... ငါတို့က ငတ်ပြတ်ပြီး သွားစရာမရှိလို့ပါ... တိုင်းပြည်က ပရမ်းပတာ ဖြစ်နေတော့ တောင်ပေါ်ကလွဲရင် ငါတို့ နေစရာ မရှိဘူး... မင်းတို့ ဂိုဏ်းချုပ်သာ ဧကရာဇ်ကို မသတ်ခဲ့ရင် တိုင်းပြည်က ဘယ်လိုလုပ် ဒီလောက် ပရမ်းပတာ ဖြစ်လာမလဲ... ငါတို့လည်း ဘယ်လိုလုပ် အိုးမဲ့အိမ်မဲ့ ဖြစ်လာမလဲ..."
ထိုစကားကိုကြားသောအခါ လီစစ်ကျင် ဒေါသထွက်သွားပြီး ပြန်အော်လိုက်လေသည်။
"ငါ့ စီနီယာအစ်ကိုကြီးသာ ဝင်မပါခဲ့ရင် ဧကရာဇ်က မသေမျိုးဆေးကို ဆက်ရှာနေပြီး နေရာအနှံ့က သာမန်ပြည်သူတွေရဲ့ ကလေးတွေကို လုယူနေမှာ... အဲဒီ လုယူမှုက ရှင်တို့ ခေါင်းပေါ် ရောက်လာမှာကို မကြောက်ဘူးလား..."
ထိုအခါ တောင့်တင်းသန်မာသော အမျိုးသားတစ်ဦးက နှာခေါင်းရှုံ့လိုက်ပြီး ….
"ဒါဆို ဘာဖြစ်လဲ... ကမ္ဘာပေါ်မှာ လူတွေ အများကြီး ရှိတာပဲ... ငါတို့က ကျန်းယန်မြို့ နဲ့ အဝေးကြီး ဝေးတာ... ငါတို့ကို လာဖမ်းဖို့ ခက်တယ်... အခုတော့ တိုင်းပြည်က ရှုပ်ထွေးနေပြီ... ငါတို့အားလုံး ထိခိုက်နေရပြီ... ဒါတွေ အားလုံးက မင်းတို့ ချင်းရှောင်ဂိုဏ်း ကြောင့်ပဲ..."
ထိုစကားကို ကြားသောအခါ အခြားသော ဒုက္ခသည်များကလည်း ထောက်ခံကြပြီး လီချင်းချိုးကိုပင် ဆဲဆိုကြသဖြင့် လီစစ်ကျင်နှင့် တပည့်များ ရှက်ရွံ့ပြီး မျက်နှာများ ရဲတက်လာကြသည်။
ရွှယ်ကျင်းက ကုန်းကွကွ အဘိုးကြီးကို ကြည့်ပြီး …..
"ခင်ဗျားမှာ ပြောစရာ ရှိသေးလား..."
ကုန်းကွကွ အဘိုးကြီးက လက်မြှောက်လိုက်တော့ ဒုက္ခသည် အားလုံး တိတ်ဆိတ်သွားကြသည်။ သူက ရွှယ်ကျင်းကို ခံစားချက်မရှိသော မျက်နှာထားဖြင့် စိုက်ကြည့်ပြီး….
"မင်းတို့ ဂိုဏ်းချုပ်ကို ငါ့ဆီ လာတွေ့ခိုင်းလိုက်... ငါ သူနဲ့ ကိုယ်တိုင် စကားပြောချင်တယ်... လီချင်းချိုးက သူရဲကောင်းဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ရဲ့လား ဆိုတာ ကြည့်ချင်သေးတယ်..."
ချွင်…
ထိုစဉ် ဓားအလင်းရောင် တစ်ချက် လက်ခနဲ ဖြစ်သွားပြီးနောက် ဓားအိမ်ထဲမှ ဓားကို ဆွဲထုတ်လိုက်သံက တောအုပ်ထဲရှိ လူတိုင်းကို လန့်ဖျပ်သွားစေသည်။
ထို့နောက်တွင် ဒုက္ခသည်များနှင့် ချင်းရှောင်ဂိုဏ်းသားများအားလုံး ကုန်းကွကွ အဘိုးကြီး၏ ဉီးခေါင်း မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်ကို တွေ့လိုက်ရပြီး လည်ပင်းမှ သွေးများ ပန်းထွက်လာလေသည်။
ရွှယ်ကျင်းက သွေးများ မိမိကိုယ်ပေါ် မစင်စေရန် မူလချီကို အသုံးပြု၍ ကာကွယ်လိုက်သည်။ သူက သူ့ရှေ့မှ ဒုက္ခသည်များကို စိုက်ကြည့်ပြီး ….
"ငါ ဆယ်အထိ ရေတွက်မယ်... အဲဒီနောက်ပိုင်း ငါ့ဓား ကွေးသွားတဲ့အထိ သတ်ပစ်မယ်..."