ချင်းရှောင်ဂိုဏ်းက ဘယ်လောက်တောင် သန်မာသလဲ….
Vol. 15 Ch. 147
ရွှယ်ကျင်း စကားဆုံးသည်နှင့် တောအုပ်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားလေသည်။
"တစ်..."
ဘုန်း…
ကုန်းကွကွ အဘိုးကြီး၏ ကံကြမ္မာဆိုးကို မြင်လိုက်ရသော ဒုက္ခသည် ရာပေါင်းများစွာ ထိတ်လန့်တကြား အော်ဟစ်ကြပြီး အရပ်လေးမျက်နှာသို့ ထွက်ပြေးကြလေသည်။ မည်သူမျှ ရွှယ်ကျင်းကို ပြန်လည် ခုခံရဲခြင်း မရှိကြပေ။
ဤသည်မှာ လီစစ်ကျင်နှင့် အခြားသော ဂိုဏ်းသားများအတွက် ရွှယ်ကျင်း၏ လုပ်ဆောင်ချက်ကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်သည်။
ရှီးလျန့်ခန်းမသို့ ပြောင်းရွှေ့လာပြီးကတည်းက ရွှယ်ကျင်းအနေနှင့် သတ်ဖြတ်ခြင်း စွမ်းရည်များကို အသုံးမပြုခဲ့ပေ။ ဓမ္မတိုက်ပွဲ ညီလာခံ၌ပင် ဆရာသခင်အဆင့် ချီစွမ်းအင် ပမာဏကိုသာ ထုတ်သုံးခဲ့လေသည်။
ဒုက္ခသည်များ စတင် ထွက်ပြေးသည်ကို မြင်သောအခါ လီစစ်ကျင်နှင့် ချွမ်းကုန်းခန်းမမှ တပည့်သုံးဦးတို့ သက်ပြင်းချလိုက်မိကြသည်။
ရွှယ်ကျင်းက ခြိမ်းခြောက်ရုံသာ ခြိမ်းခြောက်လိုက်သည်ဟု သူတို့ ထင်မှတ်ခဲ့သော်လည်း ရွှယ်ကျင်းက တစ် အထိ ရေတွက်ပြီးနောက် အမှန်တကယ်ပင် သတ်ဖြတ်ပွဲ ဆင်နွှဲလေတော့သည်။ ၎င်းမှာ နှေးကွေးသော သတ်ဖြတ်ခြင်းမျိုး မဟုတ်ပေ။ သူသည် လေပြင်းသိုင်းကွက်ကို အသုံးပြု၍ လျင်မြန်စွာ လိုက်မီအောင် သွားပြီး အသက်အရွယ်၊ ကျား၊ မ မရွေး သူနှင့် တွေ့ဆုံသူတိုင်းကို ခုတ်ပိုင်း သတ်ဖြတ်လေတော့သည်။
ဓားသွားက အသားကို လှီးဖြတ်သွားသော အသံများ ဆက်တိုက် ထွက်ပေါ်လာပြီး အော်ဟစ်သံများ လေထဲတွင် ပြည့်နှက်သွားသည်။ လီစစ်ကျင်နှင့် အခြားသူများ၏ မြင်ကွင်းမှ ရွှယ်ကျင်း ပျောက်ကွယ်သွားပြီ ဖြစ်သော်လည်း အော်ဟစ်သံများကို အဝေးမှ ကြားနေရဆဲပင်။
ရှီးလျန့်ခန်းမမှ တပည့်များလည်း ခေတ္တမျှ တွန့်ဆုတ်နေကြပြီးနောက် ရှေ့သို့ ပြေးထွက်သွားကြလေသည်။
ထိုအခြေအနေကို မြင်သောအခါ ချွမ်းကုန်းခန်းမမှ တပည့်သုံးဦးစလုံး လီစစ်ကျင်ကို အသနားခံသော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။ထိုအခါမှသာ
လီစစ်ကျင် သတိဝင်လာပြီး….
"တိုက်တာခိုက်တာက သူတို့ကိစ္စပါ... ချွမ်းကုန်းခန်းမက ကျင့်ကြံရေး အရင်းအမြစ်တွေကို ဖန်တီးဖို့နဲ့ စုဆောင်းဖို့ပဲ တာဝန်ရှိတာ... သွား... လူတွေ သွားခေါ်လိုက်... ပြီးရင် ဒီအလောင်းတွေကို မြှုပ်ဖို့ နေရာရှာကြ..."
ထိုစကားကို ကြားသောအခါ တပည့်သုံးဦး စိတ်သက်သာရာ ရသွားပြီး လူသွားခေါ်ရန် အလျင်အမြန် ထွက်ခွာသွားကြလေသည်။
…
ညနေခင်းတွင်…..
လီစစ်ကျင်တယောက် လင်းရှောင်ခြံဝင်း ကို ဖြတ်သန်း၍ လီချင်းချိုး၏ မသေမျိုးလိုဏ်ဂူ တံခါးကို ခေါက်လိုက်သည်။
ထိုစဉ် လီချင်းချိုးက ကုတင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေပြီး နံရံကို ညင်သာစွာ ပုတ်လိုက်ရာ ကျောက်တံခါး ပွင့်သွားလေသည်။ လီစစ်ကျင် ဝင်လာပြီးနောက် ကျောက်တံခါး ပြန်ပိတ်သွားသည်။
ယခုအခါ မသေမျိုးလိုဏ်ဂူသည် လျှို့ဝှက်ချက် မဟုတ်တော့ပေ။ ခန်းမသခင်များနှင့် အကြီးအကဲများ အားလုံး လာရောက် ကြည့်ရှုပြီးကြပြီ ဖြစ်သည်။ သူတို့အားလုံးက ဤကဲ့သို့သော မသေမျိုးလိုဏ်ဂူကို ပိုင်ဆိုင်ထားသည့် လီချင်းချိုးကို အားကျနေကြသဖြင့် မင်းကွမ်းကို မျက်နှာလိုမျက်နှာရ လုပ်လာကြရာ မင်းကွမ်းမှာ ချက်ချင်းပင် ရေပန်းစားလာလေသည်။
သို့သော် မသေမျိုးလိုဏ်ဂူ တည်ဆောက်ရန် အရင်းအမြစ်များ ရှားပါးကြောင်း သိရှိလိုက်ရသောအခါ အဆင့်မြင့် ပုဂ္ဂိုလ်များ ဆက်လက် တောင်းဆိုရဲခြင်း မရှိကြတော့ပေ။
လီစစ်ကျင်က လီချင်းချိုး၏ အနားသို့ လျင်မြန်စွာ လျှောက်သွားပြီး ဒုက္ခသည်များ၏ အခြေအနေကို အကျဉ်းချုံး ပြောပြလိုက်သည်။
"ရွှယ်ကျင်းက ဓားကွေးသွားတဲ့အထိ သတ်မယ်လို့ ပြောပေမဲ့ တကယ်တမ်းကျတော့ ဓားကို မူလချီ နဲ့ ဖုံးအုပ်ပြီး ဒုက္ခသည် အကုန်လုံးကို သတ်ပစ်လိုက်တာ... ဓားက နည်းနည်းလေးတောင် မကွေးသွားဘူး..."ဟု လီစစ်ကျင်က လက်လျော့လိုက်သော လေသံဖြင့် ပြောလိုက်သည်။
ရွှယ်ကျင်း၏ လူများကို မျှော်လင့်ချက်ပေးပြီးမှ သတ်ဖြတ်လိုက်သည့် လုပ်ရပ်အပေါ် သူမ ဝေဖန်ရန် ခက်ခဲနေသည်။
သို့သော် လီချင်းချိုးကမူ အံ့သြခြင်း မရှိပေ။ ဤအကြောင်းကြောင့်ပင် ရွှယ်ကျင်းကို စေလွှတ်လိုက်ခြင်း ဖြစ်သည်။
"အကုန် သတ်လိုက်တာ သေချာလား..."
"သေချာပါတယ်... ရွှယ်ကျင်း ကိုယ်တိုင် ပြောတာ..."
"ဒါဆိုရင် စောင့်ကြည့်ရုံပဲ ရှိတော့တာပေါ့..."ဟု လီချင်းချိုးက တိုးတိုးလေး ရယ်မောလိုက်ရာ ရယ်သံတွင် အဓိပ္ပာယ်များ ပါဝင်နေလေသည်။
"လူတွေအကုန် သေကုန်ပြီလေ... ဘာကို စောင့်ကြည့်စရာ လိုသေးလို့လဲ..."ဟု လီစစ်ကျင်က အံ့သြတကြီး မေးလိုက်သော်လည်း
လီချင်းချိုး ပြန်မဖြေဘဲ သူမ၏ ကျင့်ကြံမှု တိုးတက်အခြေအနေကိုသာ စတင် မေးမြန်းလေသည်။
ယနေ့အထိ လီစစ်ကျင်၏ ကျင့်ကြံမှု အဆင့်က မူလအားဖြည့်နယ်ပယ် စတုတ္ထအဆင့်တွင်သာ ရှိနေသေးသဖြင့် လီချင်းချိုး မကျေမနပ် ဖြစ်နေရသည်။
သူမကို ကောင်းကောင်း ဆူပူဆုံးမရပေမည်။ ဝိညာဉ်ဆေးပင်များ စိုက်ပျိုးရန် အလုပ်များနေသည်မှာ ကောင်းသော်လည်း ကျင့်ကြံမှု အဆင့်ကို နောက်ကျကျန်ရစ်ခံ၍ မဖြစ်ပေ။
လီစစ်ကျင်ကတော့ စိတ်နဲ့ကိုယ် မကပ်ဘဲ ဒုက္ခသည်များ အကြောင်းကိုသာ တွေးနေမိသည်။
စီနီယာအစ်ကိုကြီးက ကမ္ဘာလောကအတွက် လုပ်ဆောင်ပေးနေပါလျက်နှင့် အဘယ်ကြောင့် လူများက သူ့ကို ပြဿနာကောင်ဟု ခေါ်ဆိုကြသည်ကို သူမ အမှန်တကယ် နားမလည်နိုင်ပေ။
…
ဇူလိုင်လ ကုန်ဆုံးသွားသောအခါ ချင်းရှောင်ဂိုဏ်း၏ ပထမဆုံး ဓမ္မတိုက်ပွဲ ညီလာခံအတွက် နောက်ဆုံး ဆန်ခါတင် ဆယ်ဦး စာရင်း ထွက်ပေါ်လာခဲ့သည်။
၎င်းတို့မှာ ကျောက်ကျိန်း၊ လီရန်၊ ရွှယ်ကျင်း၊ ဟန်လန်၊ လုချင်း၊ ကုချန်ဖျင်၊ ကျူးရွှန်းယန်၊ ကျိယာ၊ ယန်တုန်း နှင့် ယန်ချန်ယွီတို့ ဖြစ်ကြသည်။
ဤလူဆယ်ဦး၏ အမည်များ ဂိုဏ်းတစ်ခုလုံးတွင် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားပြီး သူတို့၏ ဂုဏ်သတင်းများလည်း ကျန်းဟူ သို့ပင် ရောက်ရှိသွားလေသည်။
သူတို့သည် ရွှီနင်းနှင့်အတူ ထိပ်သီး သုံးနေရာအတွက် ယှဉ်ပြိုင်ကြရမည် ဖြစ်ပြီး ချင်းရှောင်ဂိုဏ်း၏ လက်ရှိ အင်အားအဆင့်အတန်းကို သတ်မှတ်ကြပေမည်။
ဩဂုတ်လ အစောပိုင်းတွင် ဂိုဏ်းတစ်ခုလုံး ဓမ္မတိုက်ပွဲ ညီလာခံ၏ ဗိုလ်လုပွဲအတွက် ပြင်ဆင်နေချိန်၌ ကျန်းယွီချွန်းနှင့် ကျူးယန်တို့ လီချင်းချိုး ထံသို့ ရောက်လာကြသည်။
လီချင်းချိုးက သူတို့ကို ချက်ချင်း တင်ပြခွင့် မပေးဘဲ လီစစ်ကျင်ကို သွားခေါ်ခိုင်းဖို့ ယွမ်လီကို စေခိုင်းလိုက်သည်။
စောင့်ဆိုင်းနေစဉ် အတွင်း လီချင်းချိုးက သူတို့နှစ်ဦး၏ တပည့်မွေးထုတ်ပေးမှု အပေါ် ချီးကျူးစကား ဆိုလိုက်သည်။
ထိပ်သီးဆယ်ဦး အနက် ယန်တုန်းသည် ကုန့်လင်ခန်းမမှ ဖြစ်ပြီး ကျူးရွှန်းယန် သည် ကွမ့်ယွမ်ခန်းမ မှ ကျူးမိသားစုဝင် တစ်ဦး ဖြစ်သည်။
"ယန်တုန်းကို စီနီယာအစ်ကိုကြီးပဲ ကျွန်တော့်ဆီ ထောက်ခံပေးလိုက်တာလေ... ကျွန်တော်က လုပ်သင့်လုပ်ထိုက်တာကို လုပ်ပေးရုံပါ..."ဟု ကျန်းယွီချွန်းက ခေါင်းခါရင်း ပြောလိုက်သော်လည်း မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာလေသည်။
သူတို့ခန်းမမှ တပည့်တစ်ဦး ထိပ်သီးဆယ်ယောက် စာရင်းဝင်သွားခြင်းက ကုန့်လင်ခန်းမရှိ လူတိုင်းအတွက် ဂုဏ်ယူစရာ ဖြစ်စေသည်။
ကျူးယန်ကလည်း…..
"ကျွန်မလည်း အစတုန်းက ရွှန်းယန်ရဲ့ အလားအလာကို မမြင်ခဲ့မိဘူး... ဂိုဏ်းချုပ်ရဲ့ ဉာဏ်ပညာကြောင့်သာ သူ့ပါရမီကို သိခွင့်ရခဲ့တာပါ... မဟုတ်ရင် ကျွန်မနဲ့ သူနဲ့ ဆွေမျိုးတော်ပေမဲ့ သူ့ကို အဓိကထားပြီး ပြုစုပျိုးထောင်ပေးဖြစ်မှာ မဟုတ်ဘူး..."
လီချင်းချိုး ဝင်မပြောလျှင်ပင် ဤနှစ်ယောက်က ဟွမ်ယွမ်ကျမ်းစာကို ကျင့်ကြံရုံဖြင့် နာမည်ကျော်ကြားလာနိုင်သော်လည်း ဂိုဏ်းထဲတွင် ဟွမ်ယွမ်ကျမ်းစာ၏ အစောပိုင်းအဆင့်ကို လူတိုင်း မကျင့်ကြံနိုင်ကြပေ။ လီချင်းချိုး၏ ထောက်ခံချက်က သူတို့အတွက် စောင့်ဆိုင်းရမည့် အချိန် တစ်နှစ်၊ နှစ်နှစ်ခန့် သက်သာသွားစေခဲ့သည်။
နောင်တွင် ဂိုဏ်းချုပ်နှင့် မပတ်သက်သော ပါရမီရှင် အများအပြား ချင်းရှောင်ဂိုဏ်း၌ ပေါ်ထွက်လာကြပေလိမ့်မည်။ အထူး ကံကြမ္မာ ပါလာခြင်း မဟုတ်လျှင် လီချင်းချိုးအနေနှင့် ပါရမီရှင် တစ်ယောက်ချင်းစီကို တကူးတက လိုက်ရှာနေတော့မည် မဟုတ်ပေ။
ကျူးရွှန်းယန် အကြောင်း ပြောမိသောအခါ ကျူးယန် စိတ်လှုပ်ရှားသွားရသည်။ ကျူးရွှန်းယန်က မထင်မရှားမိသားစုဝင် တစ်ဦးသာ ဖြစ်သော်လည်း ယခုအခါ အလွန် ရေပန်းစားလာပြီး ပင်မမိသားစုကပင် သူ့ကို မျက်နှာလိုမျက်နှာရ လုပ်လာကြသည်။
ကျူးရွှန်းယန်ကြောင့် သူမသည်လည်း မိသားစုအတွင်း၌ အသံပိုကျယ်လာခဲ့သည်။
သူမ၏ အကြံပြုချက်အရ ကျူးမိသားစုက ချင်းရှောင်ဂိုဏ်းနှင့် နက်ရှိုင်းသော ပူးပေါင်းဆောင်ရွက်မှုကို စတင်ခဲ့ခြင်းဖြစ်သည်။ ကျူးမိသားစုဘက်က ချင်းရှောင်ဂိုဏ်းအတွက် အဆင်ပြေမှုများစွာ ပံ့ပိုးပေးပြီး သတင်းအချက်အလက်များကိုလည်း တက်ကြွစွာ စုဆောင်းပေးလျက် ရှိပေသည်။
လီချင်းချိုးဘက်ကလည်း ကျူးမိသားစုကို မျှတစွာ ဆက်ဆံပြီး နှစ်တိုင်း ဝင်ခွင့် အရေအတွက် တစ်ခု ပေးအပ်မည် ဖြစ်သည်။
သူတို့သုံးဦးသား ဂိုဏ်းတွင်းရှိ ပါရမီရှင်များ အကြောင်း ဆွေးနွေးကြရာ ယန်တုန်းနှင့် ကျူးရွှန်းယန်တို့မှ စတင်ပြီး ဒုတိယအကြိမ် ဓမ္မတိုက်ပွဲ ညီလာခံ အထိ မျှော်မှန်း ဆွေးနွေးကြလေသည်။
"ဓမ္မတိုက်ပွဲ ညီလာခံကို နှစ်တိုင်း ကျင်းပဖို့ မသင့်တော်ဘူး... ပတ်ဝန်းကျင်ကို ထိခိုက်စေလိမ့်မယ်... ဆယ်နှစ်မှ တစ်ကြိမ် ကျင်းပသင့်တယ်... ဓမ္မတိုက်ပွဲ ညီလာခံကို နန်းတွင်း စာမေးပွဲလိုမျိုး ပွဲကြီးပွဲကောင်း ဖြစ်စေပြီး အရည်အချင်းရှိတဲ့ အမြင်စူးရှသူတွေကို အမြင့်သို့ ပျံတက်ခွင့် ပေးသင့်တယ်..."
လီချင်းချိုး၏ ပြတ်သားသော အောင်မြင်မှုက ကျန်းယွီချွန်းကို နောင်တရစေခဲ့သည်။ ဤ ဓမ္မတိုက်ပွဲ ညီလာခံက ချင်းရှောင်ဂိုဏ်းအတွက် ဂုဏ်သတင်းနှင့် ကြွယ်ဝချမ်းသာမှု နှစ်မျိုးစလုံးကို ယူဆောင်လာပေးခဲ့သဖြင့် နောက်တစ်ကြိမ် ကျင်းပမည့်ပွဲကို မျှော်လင့်နေပြီ ဖြစ်သည်။
နာရီဝက်ခန့် ကြာသောအခါ ယွမ်ချီက လီစစ်ကျင်ကို ခြံဝင်းထဲသို့ ခေါ်ဆောင်လာပြီးနောက် ဦးညွှတ်၍ ထွက်ခွာသွားလေသည်။
"ဘာဖြစ်လို့လဲ... ဘာကိစ္စမို့လို့ ဒီလောက် အလျင်လိုနေရတာလဲ..."
လီစစ်ကျင်က ဇီယန်တောင်ထွတ်မှ လာရသဖြင့် အနည်းငယ် စိတ်ဆိုးနေသော လေသံဖြင့် မေးလိုက်သည်။
လီချင်းချိုးက သူမကို ထိုင်ရန် လက်ပြလိုက်ပြီးနောက် ကျန်းယွီချွန်းနှင့် ကျူးယန်တို့ကို လာရင်းကိစ္စ ပြောပြရန် ညွှန်ကြားလိုက်သည်။
ကျန်းယွီချွန်းက လီစစ်ကျင်ကို တစ်ချက်ကြည့်လိုက်ပြီး ….
"ရွှယ်ကျင်းက ဒုက္ခသည်တွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်လိုက်တဲ့ သတင်း ပျံ့နှံ့သွားပြီး အခု သိုင်းလောက မှာ ငါတို့ကို မကျေနပ်တဲ့ အသံတွေ အများကြီး ထွက်ပေါ်နေတယ်..."
"သတင်းပျံ့သွားတယ် ဟုတ်လား... လူတွေအကုန် သေကုန်ပြီလေ... ဘယ်သူက သတင်းဖြန့်လိုက်တာလဲ..."
လီစစ်ကျင် မျက်လုံးပြူးသွားပြီး အံ့သြတကြီး မေးလိုက်မိသည်။
သစ္စာဖောက် ရှိနေတာလား...
မဟုတ်ဘူး... ဒီကာလအတွင်း သူမရဲ့ တပည့်သုံးယောက်စလုံး တောင်အောက်ကို မဆင်းကြဘူး…
ရွှယ်ကျင်းကလည်း သူ့လက်အောက်ငယ်သားတွေကို သေချာ စောင့်ကြည့်ထားမှာပဲ...
သစ္စာဖောက် ရှိရင်တောင် သတင်းက ဘယ်လိုလုပ် ဒီလောက်မြန်မြန် ပျံ့သွားရတာလဲ…
ကျူးယန်က….
"သိုင်းလောကတင် မကဘူး... မင်းစိုးရာဇာ မျိုးနွယ်တွေကလည်း ဒီကိစ္စကို ပြောနေကြတယ်... တစ်ခုခုတော့ မှားနေပြီ... တစ်ယောက်ယောက်က ကျွန်မတို့ကို လုပ်ကြံဖို့ ကြံစည်နေမှာ စိုးရိမ်ရတယ်..."
ကျန်းယွီချွန်းက ….
"အပြင်လောကမှာ ပြောနေကြတာက ငါတို့က ဒုက္ခသည် အများအပြားကို သတ်ခဲ့တယ် တဲ့... တကယ်တမ်းကျတော့ ငါတို့ အကုန်လုံးကို သတ်လိုက်တယ်ဆိုတာ သူတို့ မသိကြဘူး..."
ရွှယ်ကျင်း၏ လုပ်ရပ် ကောင်းသည် ဆိုးသည်ကို သူ မဆုံးဖြတ်နိုင်သော်လည်း ဤသည်မှာ ချင်းရှောင်ဂိုဏ်း လုပ်သင့်သော အလုပ်ဖြစ်ကြောင်း သူ သေချာနေသည်။
ဤအဖြစ်အပျက်က ရွှယ်ကျင်းအပေါ် သူ၏ အမြင်ကို လုံးဝ ပြောင်းလဲသွားစေခဲ့သည်။
သူ့မျက်လုံးထဲတွင် ရွှယ်ကျင်းသည် ဂျူနီယာ တစ်ယောက် မဟုတ်တော့ဘဲ အရေးကြီးကိစ္စများကို ဆွေးနွေးနိုင်သော လုပ်ဖော်ကိုင်ဖက် တစ်ဦး ဖြစ်လာခဲ့သည်။
ထိုနေ့က စီနီယာအစ်ကိုကြီး ပြောခဲ့သော စကား၏ အဓိပ္ပာယ်ကို လီစစ်ကျင် နောက်ဆုံးတော့ နားလည်သွားလေပြီ။
သူတို့ ဒုက္ခသည်များကို သတ်သည်ဖြစ်စေ၊ မသတ်သည်ဖြစ်စေ တစ်ယောက်ယောက်က သူတို့ကို အသရေဖျက်နေဦးမည်သာ ဖြစ်ကြောင်း ထင်ရှားနေသည်။
လီချင်းချိုး ….
"ဘယ်အင်အားစုရဲ့ လက်ချက်လို့ မင်းတို့ ထင်လဲ..."
ကျန်းယွီချွန်းက ….
"သိုင်းလောက ရှုထောင့်က ကြည့်မယ်ဆိုရင် လင်းထျန်းဂိုဏ်းရဲ့ လက်ချက်ပဲ ဖြစ်ရမယ်... သူတို့က သိုင်းလောကကို ကြီးစိုးချင်နေကြတာ... ကျွန်တော်တို့ကို ကျော်လို့မရဘူး... မင်းစိုးရာဇာ ရှုထောင့်က ကြည့်မယ်ဆိုရင်တော့ အိမ်နီးချင်းပြည်နယ်က နယ်စားမင်းရဲ့ လက်ချက်ပဲ ဖြစ်နိုင်တယ်... အဲဒါကလည်း ပြည်နယ်တစ်ခုလုံးကို ပေါင်းစည်းထားပြီးသား နယ်စားမင်းကြီးပဲ ဖြစ်ရမယ်... နယ်စားမင်းအငယ်စားတွေက ကျွန်တော်တို့ကို ဂရုစိုက်ဖို့ အချိန်မရှိဘူး..."
ကျူးယန်က ….
"နယ်စားမင်းကြီး တစ်ပါးနဲ့ လင်းထျန်းဂိုဏ်း ပူးပေါင်းပြီး ကျွန်မတို့ကို လုပ်ကြံတာ ဖြစ်နိုင်တယ်လို့ ကျွန်မ ထင်တယ်... မဟုတ်ရင် ဒီလောက်တိုတောင်းတဲ့ အချိန်အတွင်းမှာ အရာရှိလောကနဲ့ သိုင်းလောက တစ်ခုလုံးကို ပျံ့နှံ့သွားစရာ အကြောင်းမရှိဘူး..."
သူတို့၏ ခန့်မှန်းချက်များကို နားထောင်ရင်း လီစစ်ကျင် ဖိအားများ ခံစားလိုက်ရသည်။
ထိုအချိန်၌ လီချင်းချိုးက ရယ်မောလိုက်ပြီး …..
"ငါတို့ နောက်ထပ် နှစ်အနည်းငယ်လောက် အေးအေးဆေးဆေး နေရမယ်လို့ ထင်ထားတာ... ဒီလောက် မြန်မြန် စိတ်မရှည် ဖြစ်လာကြမယ်လို့ မထင်ထားဘူး... ကောင်းတာပေါ့... အနည်းဆုံးတော့ တပည့်တွေ တာအိုကံတရားရှာဖို့ အခွင့်အရေး ရသွားတာပေါ့..."
သူ့အပြုံးတွင် သတ်ဖြတ်လိုသော အငွေ့အသက် မပါဘဲ အမှန်တကယ် ပျော်ရွှင်နေသကဲ့သို့ ဖြစ်နေသည်။
ထိုစကားကို ကြားပြီးနောက် လီစစ်ကျင် စိတ်ဖိစီးမှု အတော်လေး လျော့နည်းသွားသည်။
"ထောက်လှမ်းရေး သတင်းတွေကို ဆက်ပြီး စုံစမ်းပါ... ရှီးလျန့်ခန်းမက တပည့်တွေကို သတိပေးဖို့ ရွှယ်ကျင်းကို ပြောလိုက်... တာဝန်လက်ခံထားတဲ့ တပည့်တွေကို တောင်အောက်က လူတစ်ယောက်ယောက်က ငါတို့ ချင်းရှောင်ဂိုဏ်းကို ပစ်မှတ်ထားနေတယ် ဆိုတာ သတိပေးလိုက်... တောင်အောက်ဆင်းရင် သတိထားကြဖို့ ပြောလိုက်... ငါတို့ လောလောဆယ် ငြိမ်နေပြီး ဓမ္မတိုက်ပွဲ ညီလာခံ ကျင်းပဖို့ကိုပဲ အာရုံစိုက်ထားကြမယ်... ဧကရာဇ် တစ်ပါးတည်းကို သတ်ရုံနဲ့ မလုံလောက်သေးဘူး... နောက်ထပ် လူတွေကို သတ်ရဦးမယ်... ကမ္ဘာလောကကြီးကို အသိပေးဖို့ အချိန်တန်ပြီ..."
ချင်းရှောင်ဂိုဏ်းက ဘယ်လောက်တောင် သန်မာသလဲ ဆိုတာကိုပေါ့…
ကျန်းယွီချွန်းနှင့် ကျူးယန်တို့ကလည်း ထိုစကားကို သဘောတူသည့်အနေဖြင့် လေးလေးနက်နက် ခေါင်းညိတ်လိုက်ကြသည်။
လီချင်းချိုးက ပြန်နိုင်ပြီဖြစ်ကြောင်း မျက်လုံးဖြင့် အမူအရာ ပြလိုက်တော့
ထိုနှစ်ယောက် မတ်တတ်ရပ်၍ ဦးညွှတ်ကာ လင်းရှောင်ခြံဝင်း ထဲမှ အတူတကွ ထွက်ခွာသွားကြလေသည်။
ထို့နောက် လီချင်းချိုးက လီစစ်ကျင်ကို ကြည့်ပြီး နှစ်သိမ့်လိုက်သည်။
"စီနီယာအစ်ကိုကြီးက မင်းကို ဒီကမ္ဘာလောကအကြောင်း ပိုနားလည်စေချင်လို့ ဒီကို ခေါ်လိုက်တာပါ... မင်း ဖိအားတွေ ခံစားနေစရာ မလိုပါဘူး... ကောင်းကင် ပြိုကျလာရင်တောင် စီနီယာအစ်ကိုကြီးက မင်းအနောက်မှာ ရှိနေမှာပါ..."
ချင်းရှောင်ဂိုဏ်းသားများ တောင်အောက်သို့ ဆင်း၍ ကမ္ဘာလောကကြီးကို ဖြတ်ကျော် တိုက်ခိုက်မည့် မြင်ကွင်းကို သူ မျှော်လင့်နေမိပြီ ဖြစ်သည်။
ချင်းရှောင်ဂိုဏ်းဆိုသည်မှာ လီချင်းချိုးနှင့် သူ့ဓားတစ်လက်တည်း မဟုတ်ကြောင်း ကမ္ဘာလောကကြီးကို သိစေရမည်။
တစ်ချိန်တည်းမှာပင် ချင်းရှောင်ဂိုဏ်း၏ အမွေအနှစ်နှင့် သိုင်းလောကကြားက ကွာခြားချက်ကို တပည့်များ သဘောပေါက်လာစေပြီး တပည့်များ၏ စိတ်ဓာတ်ကို လောကီ အကျိုးစီးပွားများ နောက်လိုက်ခြင်းမှ မသေမျိုးလမ်းစဉ်သို့ လိုက်စားခြင်းဆီသို့ ပြောင်းလဲသွားစေလိုသည်။
လီစစ်ကျင်က ခေါင်းညိတ်လိုက်ပြီး….
"စီနီယာအစ်ကိုကြီး... စိတ်မပူပါနဲ့... ကျွန်မ ကိုယ်တိုင်လည်း ကြိုးစားပြီး ကျင့်ကြံပါ့မယ်... အစ်ကိုကြီးက ကျွန်မကို ထောက်ပံ့ပေးထားပေမဲ့ ကျွန်မလည်း ဖိအားတချို့ကို မျှဝေခံစားဖို့ လိုပါတယ်... ဘာပဲဖြစ်ဖြစ် ကျွန်မလည်း ခန်းမသခင် တစ်ယောက်ပဲလေ..."
ထိုအခါ လီချင်းချိုး စိတ်သက်သာရာ ရသွားပြီး ပြုံးလိုက်ကာ တင်းမာနေသော လေထုကို လျှော့ချရန်အတွက် သူမ၏ ငယ်ဘဝက ရယ်စရာ အကြောင်းအရာများကို စတင် ပြောဆိုလိုက်လေသည်။
…
ထိပ်သီးဆယ်ယောက် ပြိုင်ပွဲကို လလယ်တွင် စတင်ခဲ့ပြီး ထိပ်သီးသုံးယောက်ကို ဆုံးဖြတ်ရန် သုံးရက် ကြာမြင့်ခဲ့သည်။
ပထမနေရာကို ရွှီနင်းက ရရှိခဲ့ပြီး သူမသည် မူလအားဖြည့်နယ်ပယ် သတ္တမအဆင့် ရှိသဖြင့် ငြင်းချက်ထုတ်စရာ မရှိလောက်အောင် သန်မာလှပေသည်။ ထိပ်သီးဆယ်ယောက်ထဲမှ မည်သည့်တပည့်ကမျှ သူမ၏ တိုက်ကွက် တစ်ကွက်ကိုပင် ခံနိုင်ရည် မရှိကြပေ။ ဤအချက်က ဂိုဏ်းချုပ်၏ တပည့်ရင်း ခေါင်းဆောင် မည်မျှ ကြောက်စရာကောင်းကြောင်း တပည့်အားလုံးကို နက်နက်ရှိုင်းရှိုင်း သဘောပေါက်သွားစေသည်။
ဒုတိယနေရာကို ရွှယ်ကျင်း ရရှိခဲ့သည်။ မူလအားဖြည့်နယ်ပယ် ပဉ္စမအဆင့် ကျင့်ကြံမှုနှင့် နှစ်ပေါင်းများစွာ သွေးထွက်သံယို အတွေ့အကြုံများဖြင့် သူသည် အကွက်ပေါင်း သုံးရာခန့် တိုက်ခိုက်ပြီးနောက် ကျောက်ကျိန်း၏ လည်ပင်းကို ဓားဖျားဖြင့် ထောက်၍ ပွဲသိမ်းလိုက်လေသည်။
တတိယနေရာကို ကျောက်ကျိန်း ရရှိခဲ့သည်။ အသက် ဆယ်နှစ် အရွယ်ဖြင့် သူသည် မူလအားဖြည့်နယ်ပယ် ပဉ္စမအဆင့် သို့ ရောက်ရှိနေပြီ ဖြစ်၏။ သူ့ရဲ့ မဟာနေမင်း စစ်မှန်သော ကျင့်စဉ်နှင့် နတ်နဂါး အသွင်ပြောင်းခြင်း တို့ဖြင့် ရွှယ်ကျင်းကို သိုင်းပြိုင်စင်မြင့် ပေါ်မှ ပြုတ်ကျလုနီးပါး ဖြစ်အောင် အကြိမ်ကြိမ် ပြုလုပ်နိုင်ခဲ့သည်။ သူ ရှုံးနိမ့်ခဲ့သော်လည်း မကြာမီ ရွှယ်ကျင်းကို ကျော်တက်နိုင်မည်ဟု လူတိုင်းက ထင်မြင်နေကြသည်။
ရွှီနင်းကို မီလာရန်ပင် အခွင့်အရေး ရှိနေလေသည်။
ဂိုဏ်းတစ်ခုလုံးတွင် အသန်မာဆုံး တပည့်သုံးဦး အနက် နှစ်ဦးမှာ ဂိုဏ်းချုပ်၏ တပည့်များ ဖြစ်ကြပြီး ကျန်တစ်ဦးမှာလည်း ဂိုဏ်းချုပ် တန်ဖိုးထားသော သူတစ်ဦး ဖြစ်သည်။ ထို့ကြောင့် တပည့်များက ရွှီနင်းနှင့် အခြားနှစ်ယောက် အကြောင်း ဆွေးနွေးကြတိုင်း လီချင်းချိုး အကြောင်း မပါမဖြစ် ပါဝင်လာကြသည်။
တာအိုမျိုးဆက်စနစ်မှတစ်ဆင့် တပည့်အများစု၏ သစ္စာရှိမှု သိသိသာသာ တိုးတက်လာသည်ကို မြင်တွေ့လိုက်ရသဖြင့် လီချင်းချိုး ကျေနပ်နေပေတော့သည်။