← Chapters

လွှမ်းမိုးကြီးစိုးမည့် လမ်းခရီး…

Vol. 15 Ch. 148

လွှမ်းမိုးကြီးစိုးမည့် လမ်းခရီး…

Vol. 15 Ch. 148

ဓမ္မတိုက်ပွဲ ညီလာခံ ပြီးဆုံးသွားသော်လည်း ချင်းရှောင်ဂိုဏ်း အတွင်း၌ စိတ်လှုပ်ရှားမှုများ ဆက်လက် ရှိနေဆဲပင်။

ကုန့်လင်ခန်းမက ထိပ်သီး ၆၄ ယောက်၊ ထိပ်သီး ၁၀ ယောက်နှင့် ထိပ်သီး ၃ ယောက်တို့ အတွက် ဆုလာဘ်များကို ကြေညာချက် ကပ်ထားလိုက်ရာ ငွေကြေး၊ ဝိညာဉ်ကျောက်တုံးများနှင့် တာအိုကံတရားများ ပါဝင်လေသည်။ အံ့သြစရာ ကောင်းသည်မှာ ထိပ်သီး သုံးယောက်စလုံး မသေမျိုးလိုဏ်ဂူကို ဆုအဖြစ် ရရှိကြခြင်း ဖြစ်သည်။

မသေမျိုးလိုဏ်ဂူဆိုတာ ဘာလဲ...

ဤအကြောင်းအရာသည် တပည့်များကြားတွင် ဆွေးနွေးစရာ ခေါင်းစဉ်တစ်ခု ဖြစ်လာသည်။

ထိုနေ့တွင်ပင် မသေမျိုးလိုဏ်ဂူသည် ကိုယ်ပိုင် ကျင့်ကြံရန် နေရာတစ်ခု ဖြစ်ပြီး နေထိုင်၍ သိုင်းကျင့်နိုင်ကြောင်း၊ ၎င်း၏ ဝိညာဉ်စွမ်းအင်များက ဝိညာဉ်တစ်ထောင် ကောင်းချီးနယ်မြေ နှင့် ယှဉ်နိုင်ကြောင်း သတင်းများ ပျံ့နှံ့သွားလေသည်။

ထိုသတင်းက ဂိုဏ်းတစ်ခုလုံးကို လှုပ်ခတ်သွားစေသည်။

ထိပ်သီး ဆယ်ယောက် စာရင်းဝင်သော တပည့်များကတော့ နောင်တများဖြင့် ပြည့်နှက်နေကြပြီး အကယ်၍ သူတို့သာ ကျင့်ကြံခြင်းကို ပိုမို ကြိုးစားခဲ့လျှင် ထိပ်သီး သုံးယောက် စာရင်းဝင်ရန် အခွင့်အရေး ရှိမရှိ တွေးတောနေကြသည်။

ရွှီနင်း၊ ရွှယ်ကျင်းနှင့် ကျောက်ကျိန်းတို့အနေဖြင့် မသေမျိုးလိုဏ်ဂူကို ပိုင်ဆိုင်ထားသဖြင့် အခြားတပည့်များနှင့် ကွာဟချက် ပိုမို ကြီးမားလာမည်မှာ မြင်ယောင်နေပေသည်။

နောက်တစ်ကြိမ် ဓမ္မတိုက်ပွဲ ညီလာခံတွင် သူတို့ကို ကျော်တက်ရန် ခက်ခဲသွားမည် မဟုတ်ပါလော။

နောက်တစ်နေ့ နံနက်တွင် ဓမ္မတိုက်ပွဲ ညီလာခံကို ဆယ်နှစ်လျှင် တစ်ကြိမ် ကျင်းပမည် ဖြစ်ကြောင်း၊ နောက်တစ်ကြိမ် ညီလာခံမှ စတင်၍ ထိပ်သီး ဆယ်ယောက် စာရင်းဝင်သူ အားလုံး မသေမျိုးလိုဏ်ဂူ ရရှိမည် ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လာသည်။

ထို့အပြင် ညီလာခံ တစ်ခုစီမှ ထိပ်သီး သုံးယောက်အနေဖြင့် နောက်တစ်ကြိမ် ဓမ္မတိုက်ပွဲ ညီလာခံ၌ ပါဝင်ခွင့် ရှိမည် မဟုတ်ပေ။

ဤသတင်းက တပည့်အများအပြားကို စိတ်လှုပ်ရှားသွားစေသည်။ ဆယ်နှစ်ဆိုသည်မှာ ကြာမြင့်သော အချိန်တစ်ခု ဖြစ်သော်လည်း တပည့်အများစုအတွက် သူတို့၏ စွမ်းရည်များကို သွေးတိုးစမ်းရန်နှင့် ကြီးထွားလာရန် အခွင့်အရေးကောင်း တစ်ရပ် ဖြစ်သည်။

အထူးသဖြင့် ထိပ်သီး သုံးယောက် ဝင်သူများကို နောက်တစ်ကြိမ် ယှဉ်ပြိုင်ခွင့် ပိတ်ပင်လိုက်သော စည်းမျဉ်းက သူတို့ကို မျှော်လင့်ချက်ပိုမိုဖြစ်ပေါ်စေသည်။

တပည့်များက နောက်တစ်ကြိမ် ဓမ္မတိုက်ပွဲ ညီလာခံအတွက် မျှော်လင့်ချက်များဖြင့် နစ်မြောနေစဉ် ချင်းရှောင်ဂိုဏ်း၏ အဆင့်မြင့် အစည်းအဝေး ပြန်လည် စတင်လိုက်ပြန်သည်။

ယခုတစ်ကြိမ်တွင် လင်းရှောင်ခြံဝင်း ထဲ၌ မဟုတ်ဘဲ ရွှမ်ရှင်းခန်းမထဲ၌ ဆွေးနွေးကြခြင်း ဖြစ်သည်။

ခန်းမသခင်များ သာမက ဒုတိယ ခန်းမသခင်များနှင့် ခန်းမအသီးသီးမှ အကြီးအကဲများ လည်း စုဝေးရောက်ရှိနေကြသည်။

လူဒါဇင်ပေါင်းများစွာ လှေကားထစ်များ ရှေ့တွင် ရပ်လျက် ဓမ္မတိုက်ပွဲ ညီလာခံ အကြောင်း ပြောဆိုကာ အချင်းချင်း ဂုဏ်ပြုနေကြသည်။

ယွမ်ချီနှင့် ရှောင်ညီအစ်ကိုသုံးဖော် ကို ဦးဆောင်၍ လီချင်းချိုး ခန်းမထဲသို့ ဝင်လာသောအခါ အားလုံး တိတ်ဆိတ်သွားကြပြီး လမ်းဖယ်ပေးကြသည်။

ဤသည်မှာ ရှောင်ညီအစ်ကိုသုံးဖော် အတွက် ဤကဲ့သို့သော အစည်းအဝေးမျိုးကို ပထမဆုံးအကြိမ် တက်ရောက်ဖူးခြင်း ဖြစ်သဖြင့် သူတို့ အလွန် စိတ်လှုပ်ရှားနေကြသည်။

ဓမ္မတိုက်ပွဲ ညီလာခံတွင် သူတို့ စောစီးစွာ ထွက်ခဲ့ရသော်လည်း ယခုအခါ တပည့်အများစုထက် သာလွန်နေပြီ ဖြစ်ကြောင်း ပေါ်လွင်နေသဖြင့် လီချင်းချိုးကို ပို၍ ကျေးဇူးတင်မိကြသည်။

သူတို့တင် မကဘဲ အခြားသော ဂိုဏ်းခေါင်းဆောင်များသည်လည်း လီချင်းချိုးနှင့် အတူ သူတို့ကို တွေ့လိုက်ရသဖြင့် အံ့သြသွားကြသည်။

ဂိုဏ်းချုပ်က သူတို့ကို အာဏာရှိသော ရာထူးများအတွက် အမှန်တကယ် ပြုစုပျိုးထောင်နေပုံ ရသည်ဟု သိထားရန် လိုအပ်ပေသည်။

ကျောက်ကျိန်းနှင့် ကျိယာတို့ နှစ်ယောက်စလုံး ဤအစည်းအဝေးသို့ မတက်ရောက်ကြပေ။

လီချင်းချိုးက ရှေ့သို့ လျှောက်သွားပြီး လှေကားထစ်များပေါ်သို့ တက်ကာ လူအားလုံးကို ငုံ့ကြည့်လိုက်တော့ ယွမ်ချီ၏ အချက်ပြမှုဖြင့် ရှောင်ညီအစ်ကိုသုံးဖော်က ခန်းမသခင်များ၏ မျက်နှာချင်းဆိုင်တွင် ဝင်ရပ်လိုက်ကြသည်။

ချင်းရှောင်ဂိုဏ်း၏ ပင်မခန်းမ ဖြစ်သော ရွှမ်ရှင်းခန်းမကို ပြန်လည် မွမ်းမံထားသဖြင့် ပရိဘောဂများမှာ ပိုမို ခမ်းနားလာပြီး ကြမ်းပြင်များမှာ တောက်ပြောင်နေပေသည်။

လီချင်းချိုးက လှေကားထစ်များပေါ်တွင် ရပ်၍ ထိုအရာအားလုံးကို ကြည့်လိုက်ရာ စိတ်ကြည်နူးသွားရသည်။

ကွမ့်ယွမ်ခန်မးက အလကား ထမင်းစားနေခြင်း မဟုတ်ပေ။

"အားလုံးပဲ... ချင်းရှောင်ဂိုဏ်း ဒုက္ခရောက်ပြန်ပြီ..."

ထိုစကားကြောင့် ခန်းမတစ်ခုလုံး ဆူညံသွားပြီး အကြီးတန်း အရာရှိများသည် ဒေါသထွက်သွားကြသည်။

ဂိုဏ်းချုပ် လိမ်ပြောမည် မဟုတ်ကြောင်းလည်း သူတို့ ယုံကြည်ကြသည်။

"ဘယ်သူက ငါတို့ ချင်းရှောင်ဂိုဏ်းကို ပြဿနာ လာရှာရဲတာလဲ..."

"ငါတို့ ချင်းရှောင်ဂိုဏ်းက ကိုယ့်ဖွံ့ဖြိုးတိုးတက်မှု အပေါ်မှာပဲ အာရုံစိုက်နေတာ... အာဏာလုဖို့ ထွက်မသွားဘူး... ဒါတောင် တချို့လူတွေက ငါတို့ကို ပြဿနာ လာရှာနေကြတုန်းပဲ... လွန်လွန်းတယ်..."

"ဒါက ကျန်းဟူလေ... ချင်းရှောင်ဂိုဏ်း ရှိနေသရွေ့ ပြဿနာတွေက ဘယ်တော့မှ ပြီးမှာ မဟုတ်ဘူး..."

"ဘယ်သူက ဒီလောက် မိုက်ရူးရဲ ဆန်နေတာလဲ ဂိုဏ်းချုပ်... ဒီတစ်ခါတော့ ဂိုဏ်းချုပ် ကိုယ်တိုင် အရေးယူစရာ မလိုဘူး... ကျွန်တော်တို့ကို နာမည်ကောင်းရဖို့ အခွင့်အရေး ပေးပါ..."

"ဟုတ်ပါတယ်... ချင်းရှောင်ဂိုဏ်းက အခု အင်အားကြီးနေပြီ... ဂိုဏ်းချုပ် ဝင်မပါရင်တောင် ပြဿနာ အားလုံးကို ကျွန်တော်တို့ ရှင်းပစ်နိုင်ပါတယ်..."

လေးလကြာမြင့်သော ဓမ္မတိုက်ပွဲ ညီလာခံ ပြီးနောက် အဆင့်မြင့် ပုဂ္ဂိုလ်များက ချင်းရှောင်ဂိုဏ်း၏ အင်အားကို အပြည့်အဝ နားလည်ထားကြပြီး လူတိုင်း ယုံကြည်မှု အပြည့် ရှိနေကြသည်။

သူတို့တင် မကဘဲ အဆင့်အသီးသီးမှ တပည့်များ၏ စိတ်ဓာတ်သည်လည်း ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

နှိုင်းယှဉ်မှု မလုပ်ဘဲနှင့် ချင်းရှောင်ဂိုဏ်းတွင် ပါရမီရှင် ဤမျှလောက် များပြားကြောင်း သိနိုင်မည် မဟုတ်ပေ။

မည်သည့် တပည့်ရင်းမဆို ကျန်းဟူ တွင် နာမည်ကျော်ကြားလာစေရန် လုံလောက်ပေသည်။

လီချင်းချိုး၏ စကားကို ကြားလိုက်ရသောအခါ အဆင့်မြင့် ပုဂ္ဂိုလ်များ၏ ပထမဆုံး တုံ့ပြန်မှုမှာ ဒေါသဖြစ်ပြီး ထို့နောက်တွင် စိတ်လှုပ်ရှားမှု ဖြစ်ပေါ်လာကြသည်။ သူတို့အတွက် အခွင့်အရေး ရောက်လာပြီဟု ခံစားမိကြသောကြောင့်ပင်။

တာအိုကံတရားစတင် သတ်မှတ်ပြီးနောက် ကျမ်းစာဆောင်ရှိ ကျင့်စဉ်များနှင့် လျှို့ဝှက်ကျမ်းစာများသည်လည်း တိကျသော တန်ဖိုးများ ရှိလာကြသည်။ သာမန် သိုင်းပညာများကို လဲလှယ်ရန် လွယ်ကူသော်လည်း ကျမ်းစာဆောင်၏ စတုတ္ထထပ်ရှိ လျှို့ဝှက်ကျမ်းစာများကို လဲလှယ်ရန် မလွယ်ကူပေ။

ဈေးအကြီးဆုံး ကျမ်းစာများဆိုလျှင် တာအိုကံတရား သောင်းချီ ကျသင့်သည်။ ဤအချက်က အဆင့်မြင့် ပုဂ္ဂိုလ်များကို ထိုလျှို့ဝှက်ကျမ်းစာများ မည်မျှ အစွမ်းထက်မည်လဲ ဆိုသည်ကို အလွန် သိချင်လာစေသည်။

ရှန်ယွဲ့၊ ကျန်းကျောက်ရှား၊ ကျောက်ကျိန်း နှင့် အခြားသူများ ရှိနေသဖြင့် ကျမ်းစာဆောင် အတွက် လျှို့ဝှက်ကျမ်းစာ အသစ်တစ်ခုက ရက်အနည်းငယ်လျှင် တစ်ကြိမ် ပေါ်ထွက်လာလေ့ ရှိပြီး လီချင်းချိုးဘက်ကလည်း ပဉ္စမထပ် တည်ဆောက်ရန်ပင် စီစဉ်နေပြီ ဖြစ်သည်။

လီချင်းချိုးက လက်မြှောက်၍ လူအားလုံးကို တိတ်ဆိတ်စေလိုက်ပြီးနောက် ကျန်းယွီချွန်းကို မျက်ရိပ်ပြလိုက်တော့

ကျန်းယွီချွန်း ရှေ့တိုးလာပြီး ဒုက္ခသည်များ အကြောင်းနှင့် ကျန်းဟူ နှင့် လောကီကမ္ဘာတွင် ပျံ့နှံ့နေသော ကောလာဟလများကို ပြန်လည် ပြောပြလိုက်လေရာ အဆင့်မြင့် အရာရှိ အနည်းငယ်က ဤကိစ္စကို သိထားကြသော်လည်း အများစုမှာ မသိကြပေ။

ကျန်းဟူမှ ကောလာဟလများကို ကြားလိုက်ရသောအခါ သူတို့အားလုံး ယုတ္တိမရှိဟု ထင်မြင်ကြလေသည်။

"ဂိုဏ်းချုပ်သာ ဝင်မပါခဲ့ရင် ဒီကမ္ဘာကြီးက ငရဲလို ဖြစ်နေမှာ မဟုတ်ဘူးလား... ဂိုဏ်းချုပ်ကို အသရေဖျက်ဖို့ ဒါကို ဘယ်လိုလုပ် အသုံးချနိုင်ရတာလဲ... သူတို့ ရူးနေကြပြီ..."

အကြီးအကဲ တစ်ဦးက မယုံကြည်နိုင်သော မျက်နှာထားဖြင့် အာမေဋိတ် ပြုလိုက်သည်။ သူ့စကားကို အခြားသော အဆင့်မြင့် အရာရှိများက ထောက်ခံကြပြီး လီချင်းချိုး ဧကရာဇ်ကို လုပ်ကြံသတ်ဖြတ်ခြင်းသည် ချင်းရှောင်ဂိုဏ်း၏ အဂုဏ်ယူရဆုံးနှင့် သူရဲကောင်းဆန်သော လုပ်ရပ် ဖြစ်သည်ဟု ယုံကြည်ထားကြသည်။

ယန်ကျွယ်တိန်လည်း ဒေါသထွက်သွားပြီး ထိုလူများကို ပါးစပ်ပိတ်သွားအောင် လုပ်ရန်အတွက် သိုင်းလောကသို့ အဖွဲ့တစ်ဖွဲ့ ဦးဆောင်သွားရန် တာဝန်ယူလိုက်သည်။

လူတိုင်း သူတို့၏ ခံစားချက်များကို ထုတ်ဖော်ခွင့် ပေးပြီးနောက် လီချင်းချိုးက ….

"နောက်ပိုင်းကျရင် ရှီးလျန့်ခန်းမ

က ဂိုဏ်းတာဝန်တွေကို ဆက်တိုက် တိုးမြှင့်ပေးလိမ့်မယ်... ချင်းရှောင်ဂိုဏ်းက သိုင်းလောက ပဋိပက္ခတွေမှာ ဝင်မပါချင်ပေမဲ့ လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး... အားလုံးပဲ... ငါတို့ သတ်ဖြတ်ပွဲ စတင်တော့မယ်... ကျေးဇူးပြုပြီး ပြင်ဆင်ထားကြပါ..."

ထိုစကားကို ကြားသောအခါ လူတိုင်း ကျောချမ်းသွားကြသည်။

ဂိုဏ်းချုပ်က ဂိုဏ်းထဲတွင် သွေးအဆာဆုံး လူတစ်ယောက် ဖြစ်ကြောင်း သူတို့ မေ့လုနီးပါး ဖြစ်သွားကြသည်။

ဤကိစ္စကို ဆွေးနွေးပြီးနောက် လီချင်းချိုးက အခြားသော တောင်ထွတ်များ တည်ဆောက်ခြင်း ကိစ္စကို အဆင့်မြင့် အရာရှိများနှင့် စတင် ဆွေးနွေးပြီး ခန်းမတစ်ခုစီကို အခြားတောင်ထွတ်များတွင် ခန်းမခွဲများ တည်ထောင်ခွင့် ပြုလိုက်လေသည်။

ဤသည်မှာ ခန်းမကြီး ၇ ခုက တပည့်များကို ဆက်လက် ခေါ်ယူတော့မည် ဖြစ်ကြောင်းနှင့် သူတို့၏ အာဏာ ကြီးထွားလာမည် ဖြစ်ကြောင်း ညွှန်ပြနေသဖြင့် ခန်းမထဲရှိ လူတိုင်းအတွက် ကောင်းသော ကိစ္စ ဖြစ်ပေသည်။

သေချာပေါက် အရေးကြီးဆုံး အရာမှာ ချင်းရှောင်ဂိုဏ်း၏ ဖွံ့ဖြိုးတိုးတက်မှု အလားအလာပင် ဖြစ်သည်။

ဂိုဏ်းချုပ်ထံတွင် ကြီးမားသော ရည်မှန်းချက်များ ရှိနေပုံရသဖြင့် သူတို့ကြားတွင် မျှော်လင့်ချက်များ ဖြစ်ပေါ်လာစေသည်။

ယခုတခေါက် အဆင့်မြင့် အစည်းအဝေးက တစ်နာရီနီးပါး ကြာမြင့်ခဲ့သည်။ ပြီးဆုံးသွားပြီးနောက် သိုင်းလောကနှင့် လောကီအင်အားစုများက ချင်းရှောင်ဂိုဏ်းကို ပစ်မှတ်ထားနေကြောင်း ကောလာဟလများ ဂိုဏ်းတစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး ကြားသိရသော တပည့်အားလုံး ဒေါသထွက်သွားကြလေသည်။

ရုတ်ခြည်းပင် ချင်းရှောင်ဂိုဏ်း၏ အာရုံစိုက်မှုက ဓမ္မတိုက်ပွဲ ညီလာခံမှ လောကီကမ္ဘာသို့ ပြောင်းလဲသွားသည်။ အရပ်ရပ်မှ ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရသော်လည်း ချင်းရှောင်ဂိုဏ်းသားများကတော့ တိုက်ခိုက်ရန် စိတ်အားထက်သန်နေကြပြီး တပည့်အများအပြားပ ဂိုဏ်းတာဝန်များ ထုတ်ပြန်မည်ကို စောင့်ဆိုင်းရန် အတွေ့အကြုံရှာဖွေရေးခန်းမ သို့ သွားရောက်နေကြပြီဖြစ်သည်။

ညအချိန်၌…..

လင်းရှောင်ခြံဝင်းထဲတွင် လီချင်းချိုးတယောက် စားပွဲရှည်ကြီးတွင် ထိုင်၍ အမည်များကို ရေးချနေပြီး ယွမ်ချီနှင့် ရှောင်ညီအစ်ကိုသုံးဖော်တို့ သူ့နောက်တွင် ရပ်၍ ကြည့်နေကြသည်။

လီချင်းချိုးက အမည်များကို ရေးချရုံသာမက ထိုတပည့်များ၏ မျက်နှာများကိုပါ ရေးဆွဲနေသည်။ လက်ရှိ သူ့ရဲ့ ရုပ်ခန္ဓာ ထိန်းချုပ်နိုင်စွမ်းဖြင့် တာအိုမျိုးဆက် စနစ်ထဲရှိ ပုံတူများကို အမှားအယွင်း မရှိဘဲ ပြီးပြည့်စုံအောင် ရေးဆွဲနိုင်လေသည်။

လီချင်းချိုး အဘယ်ကြောင့် ဤသို့ လုပ်ဆောင်နေသည်ကို သူတို့ သိချင်နေကြသည်။ တပည့်အချို့၏ မျက်နှာများကို သူတို့ မြင်ဖူးကြပြီး အတော်လေး ကောင်းမွန်သော အထင်ကြီးမှု ရှိထားကြသည်။

လီချင်းချိုးက လူ ၂၃ ယောက်၏ မျက်နှာများကို တစ်ဆက်တည်း ရေးဆွဲလိုက်ပြီး …..

"ယွမ်ချီ... မနက်ဖြန်ကျရင် ဒီပုံတူတွေကို ကျီဖှ.ခန်းမ ကို ယူသွားပြီး ဒီသစ္စာဖောက်တွေကို စစ်ဆေးမေးမြန်းခိုင်းလိုက်..."

ဤ ၂၃ ယောက်စလုံးသည် လီချင်းချိုးနှင့် ချင်းရှောင်ဂိုဏ်းအပေါ် သစ္စာရှိမှု လုံးဝမရှိတော့သည့် သူများ ဖြစ်ကြပြီး သူလျှိုများ ဖြစ်နိုင်ခြေ အများဆုံး ဖြစ်သည်။

အချိန်အတိုင်းအတာ တစ်ခုရောက်တိုင်း လီချင်းချိုးက သစ္စာရှိမှု သုည ရှိသော တပည့်များကို ရှင်းလင်းလေ့ ရှိသည်။

အစပိုင်းတွင် စည်းကမ်းထိန်းသိမ်းရေးခန်းမဘက်က ဇဝေဇဝါ ဖြစ်ခဲ့သော်လည်း စုံစမ်းစစ်ဆေးမှု တစ်ကြိမ်စီ ပြုလုပ်ပြီးတိုင်း လီချင်းချိုးကို ပိုမို လေးစားလာကြပြီး ဂိုဏ်းချုပ်က တကယ့် နတ်ဘုရားတစ်ပါး ဖြစ်သည်ဟု ထင်မြင်လာကြလေသည်။

ထိုစကားကို ကြားသောအခါ ယွမ်ချီက မည်သည့်မေးခွန်းမျှ မမေးဘဲ ပုံတူများကို ချက်ချင်း သိမ်းဆည်းလိုက်သည်။

ရှောင်ညီအစ်ကိုသုံးဖော်စလုံး ဤကိစ္စကို သိချင်နေကြသော်လည်း မေးခွန်းမထုတ်ခဲ့ကြပေ။ သူတို့အားလုံး လီချင်းချိုးကို လုံးဝ ယုံကြည်ကြပြီး ဂိုဏ်းချုပ်၌ ခိုင်လုံသော အကြောင်းပြချက် ရှိရမည်ဟု ယုံကြည်ထားကြသည်။

လီချင်းချိုးက ယွမ်ချီကို ထွက်သွားရန် လက်ပြလိုက်ပြီးနောက် ရှောင်ညီအစ်ကိုသုံးဖော်ကို သူ့မျက်နှာချင်းဆိုင်တွင် ထိုင်ခိုင်းလိုက်သည်။

သူတို့ အတူနေခဲ့သည်မှာ နှစ်ဝက်ကျော် ရှိပြီ ဖြစ်၍ ရှောင်ညီအစ်ကိုသုံးဖော်စလုံး လီချင်းချိုး ရှေ့တွင် ရှက်ရွံ့နေခြင်း မရှိတော့ပေ။ လီချင်းချိုး ဘာဆက်ပြောမည်ကို သူတို့ အလွန် သိချင်နေကြသည်။

"နောက်တစ်ကြိမ် ဓမ္မတိုက်ပွဲ ညီလာခံမှာ မင်းတို့ ထိပ်သီး ဆယ်ယောက် စာရင်း ဝင်ကို ဝင်ရမယ်... အဲဒီအတွက် ငါ မင်းတို့ကို အစွမ်းကုန် ပြုစုပျိုးထောင်ပေးမယ်..."

လီချင်းချိုး၏ ပထမဆုံးဆုံးသော စကားလုံးများက သူတို့ကို တက်ကြွသွားစေသည်။ ဤ ဓမ္မတိုက်ပွဲ ညီလာခံတွင် ရှုံးနိမ့်ခဲ့ပြီးနောက် သူတို့ နောက်တစ်ကြိမ် ဓမ္မတိုက်ပွဲ ညီလာခံအတွက် တိုက်ခိုက်လိုစိတ်များ ပြည့်နှက်နေပြီး ကောင်းမွန်သော အဆင့်တစ်ခု ရရှိရန် ဆုံးဖြတ်ထားကြသည်။

ဂိုဏ်းချုပ်၏ ခွင့်ပြုချက် မရှိလျှင်ပင် သူတို့ ကြိုးစားကြမည် ဖြစ်သော်လည်း ယခု ဂိုဏ်းချုပ်၏ အပြည့်အဝ ပံ့ပိုးမှုကို ရရှိမည် ဖြစ်၍ စိတ်လှုပ်ရှားနေကြသည်။

"ဒါပေမဲ့ ငါက မင်းတို့ကို ဒီလောက် မျက်နှာလိုက်နေရင် ရေရှည်မှာ ငါ့တပည့်တွေက သေချာပေါက် မကျေမနပ် ဖြစ်လာကြလိမ့်မယ်... ဒါကြောင့် ဒီနေ့ကစပြီး ငါ မင်းတို့ကို နှစ်တိုင်း တာဝန်တွေ ပေးမယ်... တာဝန်တိုင်းက အရမ်း အန္တရာယ်များလိမ့်မယ်... ပြင်ဆင်ထားကြ..."

ရှောင်ဝူတိက…

"ဂိုဏ်းချုပ်... အမိန့်သာပေးပါ... ကျွန်တော်တို့ လုံးဝ မကြောက်ပါဘူး... တာဝန်ကို ပြီးမြောက်အောင် သေချာပေါက် လုပ်ဆောင်ပါ့မယ်..."

ရှောင်ဝူချင်းက…..

"ကျွန်တော်တို့ အရင်းအမြစ်တွေ အများကြီး ရထားမှတော့ ပိုပြီး အန္တရာယ်များတဲ့ တာဝန်တွေကို ယူသင့်တာပါပဲ... အဲဒါက တရားမျှတပါတယ်..."

ရှောင်ဝူမင်းကမူ တိတ်ဆိတ်နေပြီး သူ့မျက်နှာထားမှာ တည်ငြိမ်နေသဖြင့် နက်နဲစွာ တွေးခေါ်တတ်သူ တစ်ဦးကဲ့သို့ ထင်ရသည်။ တကယ်တမ်းတွင် သူသည် ထိုအရာများကို လုံးဝ စဉ်းစားမနေပေ။ ဂိုဏ်းချုပ်က ဘာတာဝန်ပေးမည်ကို သူ ဂရုမစိုက်ဘဲ ဘယ်တော့ စမလဲ ဆိုသည်ကိုသာ စောင့်မျှော်နေခြင်း ဖြစ်သည်။

လီချင်းချိုးက သူတို့၏ သဘောထားကို အလွန် ကျေနပ်သဖြင့် အားပေးစကား အနည်းငယ် ပြောကြားပြီးနောက် ပြန်လွှတ်လိုက်လေသည်။

သူတို့ ထွက်သွားပြီးနောက် လီတုန်းယွဲ့ အိမ်ထဲမှ ထွက်လာပြီး လီချင်းချိုး အနားသို့ လျှောက်လာကာ …..

"စီနီယာအစ်ကိုကြီး... မနက်ဖြန် ပြန်လည်နုပျိုစေသော တစ္ဆေဝိညာဉ်အပ် နဲ့ ပတ်သက်ပြီး လမ်းညွှန်ပေးဖို့ အချိန်ရမလား..."

ဓမ္မတိုက်ပွဲ ညီလာခံက သူမကိုလည်း များစွာ လှုံ့ဆော်ပေးခဲ့သည်။ယခုဆိ မူလအားဖြည့်နယ်ပယ် ပဉ္စမအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း ထိပ်သီးဆယ်ယောက်ထဲမှ မည်သည့်တပည့်ကိုမျှ အနိုင်ယူနိုင်မည့် ယုံကြည်ချက် မရှိသဖြင့် အကျပ်အတည်း တစ်ခုကို ခံစားနေရသည်။

"ကောင်းပြီ... မနက်ဖြန် မနက်စောစော ငါ့ရဲ့ မသေမျိုးလိုဏ်ဂူ ကို လာခဲ့..."

ထိုအခါ လီတုန်းယွဲ့၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။ သူမက လီချင်းချိုးကို ဆက်လက် အနှောင့်အယှက် မပေးတော့ဘဲ စကားအနည်းငယ် ပြောပြီးနောက် ထွက်ခွာသွားလေသည်။

……….

ဩဂုတ်လ ကုန်ဆုံးပြီးနောက် တပည့်များ၏ စိတ်အားထက်သန်စွာ စောင့်မျှော်မှုများ ကြားတွင် ရှီးလျန့်ခန်းမက နောက်ဆုံး၌ လောကီကမ္ဘာနှင့် ဆိုင်သော ဂိုဏ်းတာဝန် တစ်ခုကို ထုတ်ပြန်လိုက်လေသည်။

ကျန်းကျိုးရှိ ရွှေမြွေဂိုဏ်းကို သုတ်သင်ရန် တပည့် ၂၅ ဦး လိုအပ်ပြီး အနည်းဆုံး ကျင့်ကြံမှု အဆင့်မှာ မူလအားဖြည့်နယ်ပယ် တတိယအဆင့် ဖြစ်သည်။ တာဝန်ပြီးမြောက်ပါက တာအိုကံတရား ၅၀ မှ ၂၀၀ အထိ နှင့် ကြေးပြား ၅၀၀ မှ ၃၀၀၀ အထိ စွမ်းဆောင်ရည်အပေါ် မူတည်၍ ဆုချီးမြှင့်မည် ဖြစ်သည်။

ဤတာဝန်ကို အမွှေးတိုင် တစ်တိုင်စာ အချိန်ပင် မကုန်လိုက်ဘဲ ရှီးလျန့်ခန်းမမှ ပယ်ဖျက်လိုက်ရသည်။

အဘယ်ကြောင့်ဆိုသော် ပါဝင်သူ အရေအတွက် ပြည့်သွားသောကြောင့် ဖြစ်သည်။

ဤအချက်က တပည့်အများအပြားကို အလွန် စိတ်ပျက်သွားစေပြီး တစ်ချိန်တည်းမှာပင် ရွှေမြွေဂိုဏ်း ဟူသော အမည်သည်လည်း ပျံ့နှံ့သွားလေသည်။

တပည့်အများအပြားက ဤအမည်ကို ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်ပြီး ရွှေမြွေဂိုဏ်းက ချင်းရှောင်ဂိုဏ်းကို မည်သို့ စော်ကားခဲ့သနည်းဆိုသည်ကို အလွန် သိချင်နေကြသည်။

တောအုပ်တစ်ခု အတွင်း၌ ……

ကျောက်ကျိန်း၊ ယွမ်လီ၊ ကျိယာ၊ လီရန် နှင့် ရှောင်ညီအစ်ကိုသုံးဖော်တို့ကို လီချင်းချိုး သိုင်းသင်ပေးနေစဉ် ကျန်းယွီချွန်း ရောက်လာလေသည်။

"စီနီယာအစ်ကိုကြီး... ဒီလိုမျိုး တာဝန်ကို ကပ်ထားတာက အရမ်း ထင်ရှားလွန်းမနေဘူးလား..”

"ငါက ပေါ်ပေါ်ထင်ထင် လုပ်ပြချင်တာ... ချင်းရှောင်ဂိုဏ်းက အာဏာစက် ဖြန့်ကျက်မယ့်လမ်းစဉ် ကို လျှောက်တော့မှာ... တကယ်လို့ သူတို့က သတင်းကို ကြိုရသွားတယ်ဆိုရင်လည်း ကောင်းတာပဲ... ဒါက ငါတို့ တပည့်တွေရဲ့ လုပ်ဆောင်မှု အမြန်နှုန်းကို စမ်းသပ်ရာလည်း ရောက်တာပေါ့..."

All Chapters