ချင်းရှောင် ဟူသော အမည်နာမ၊ ပထမဆုံး မှော်ရတနာ…….
Vol. 15 Ch. 149
နွေရာသီ၏ အပူရှိန် ကုန်ဆုံးသွားပြီ ဖြစ်၍ ရာသီဥတု အေးမြစ ပြုလာလေပြီ…..
ထိုက်ခွန်းတောင်တန်း၏ အစွန်းဘက်ရှိ ဟေးရွှေခရိုင်တွင်…..
ဤမြို့လေးသည် ယာဉ်သွားယာဉ်လာများဖြင့် စည်ကားနေပြီး လမ်းဘေးတစ်လျှောက်တွင် ဈေးသည်များနှင့် ဆိုင်ခန်းများ တန်းစီလျက်ရှိရာ မီးခိုးတိုင်များမှ မီးခိုးငွေ့များ တလူလူ ထွက်ပေါ်နေပြီး သက်ဝင်လှုပ်ရှားနေသော လေထုကို ဖန်တီးပေးထားသည်။
လမ်းမပေါ်တွင် ခေါက်ဆွဲဆိုင်တစ်ဆိုင် ရှိပြီး မီးဖိုကို အပြင်ဘက်တွင် တည်ခင်းထားကာ ဆိုင်ကို ရိုးရှင်းသော တဲဖြင့် ဆောက်လုပ်ထားသည်။ တာပေါ်လင်စ အမိုးအောက်တွင် စားပွဲသုံးလုံး ရှိရာ တစ်လုံးတွင် အဘိုးအိုတစ်ဦးနှင့် လူငယ်လေးတစ်ဦး ထိုင်နေကြသည်။
ထိုလူနှစ်ယောက်စလုံး သိုင်းလောကသားများလို ဝတ်ဆင်ထားကြသည်။ အသက်ကြီးသော သူသည် ဆံပင်များ ဖြူနေပြီ ဖြစ်သော်လည်း အလွန် သန်မာပုံရသည်။ သူသည် ကျောတွင် ဓားမကြီးတစ်လက်ကို လွယ်ထားပြီး မျက်လုံးများကို အမည်းရောင် အဝတ်စုတ်ဖြင့် စည်းနှောင်ထားလေသည်။
သူ့ဘေးတွင် ထိုင်နေသော ကောင်လေးမှာ အသက် ဆယ့်ငါးနှစ်၊ ဆယ့်ခြောက်နှစ်ခန့် ရှိပုံရပြီး အသားညိုကာ ခေါင်းတွင် မီးခိုးရောင် ခေါင်းပေါင်း ပေါင်းထားပြီး ကျောပေါ်တွင်လည်း ဓားတစ်လက်လွယ်ထားသည်။
ကောင်လေးက မေးကို လက်ဖြင့်ထောက်ကာ ဆိုင်ရှင် ခေါက်ဆွဲ လာချပေးမည်ကို ခြေကုန်လက်ပမ်းကျသော ပုံစံဖြင့် စောင့်ဆိုင်းနေသည်။
"ရှောင်နန်... ဒီနေ့ တည်းခိုဖို့ ငါ ခန်းမတစ်ခု ရှာထားပြီးပြီ... ငါ တစ်ယောက်တည်း သွားလုပ်စရာ ကိစ္စလေး ရှိလို့..."
မျက်လုံးစည်းထားသည့် အဘိုးအို က ပြောလိုက်ရာ သူ့အသံမှာ အက်ကွဲနေပြီး လောကဓံကို အံတုဖြတ်သန်းခဲ့ရသော လေသံမျိုး ပေါက်နေသည်။
ရှောင်နန်ဟု ခေါ်သော ကောင်လေး၏ နာမည်ရင်းမှာ ယဲ့နန် ဖြစ်သည်။ဆရာဖြစ်သူ၏ စကားကို ကြားသောအခါ သူ မျက်မှောင်ကြုတ်လိုက်ပြီး ….
"ဆရာ... မျက်မမြင်အဘိုးကြီးက ဘာသွားလုပ်မလို့လဲ... လမ်းပျောက်မနေနဲ့ဦး..."
ထိုစကားကို ကြားသော်လည်း မျက်လုံးစည်းထားသည့် အဘိုးအိုက အံ့သြပုံမရဘဲ ပြန်ဖြေလိုက်လေသည်။
"ငါ မင်းကို တပည့်အဖြစ် လက်ခံတုန်းက ပြောခဲ့တာတွေကို မေ့သွားပြီလား..."
ထိုအခါ ယဲ့နန်၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားပြီး ….
"ဆရာက ကျွန်တော့်ကို သိုင်းပညာ လေ့ကျင့်ဖို့ပဲ အာရုံစိုက်ခိုင်းပြီး ဆရာ့ကိစ္စတွေကို ဝင်မပါနဲ့လို့ ပြောခဲ့တယ်..."
အတိတ်ကို ပြန်ပြောင်းသတိရလိုက်သောအခါ သူ့ရဲ့ လေသံ ပြောင်းလဲသွားသည်။
မျက်လုံးစည်းထားသည့် အဘိုးအိုက အိတ်ကပ်ထဲမှ ငွေအိတ်ကို ထုတ်၍ စားပွဲပေါ် တင်လိုက်ပြီးနောက် ယဲ့နန်၏ ရှေ့သို့ တွန်းပို့လိုက်တော့
ယဲ့နန်က မျက်မှောင် ပို၍ ကြုတ်လိုက်ပြီး မေးလိုက်လေသည်။
"ဆရာ... ဆရာ ဘာတွေ လုပ်ဖို့ ကြံစည်နေတာလဲ... ဟေးရွှေခရိုင်မှာ ဆရာ့ ရန်သူတွေ ရှိနေလို့လား..."
သူသည် ယမန်နှစ်ကမှ တပည့်ဖြစ်လာခဲ့ပြီး ဆရာ့နောက်သို့ လိုက်ကာ တောင်ဘက်သို့ မိုင်ပေါင်းထောင်ချီ ခရီးနှင်ခဲ့သည်။ တစ်နှစ်အတွင်းမှာပင် သူ့ရဲ့ သိုင်းပညာသည် လျင်မြန်စွာ တိုးတက်လာခဲ့ပြီး ယခင်ကကဲ့သို့ ကြောက်ရွံ့တတ်သော ကောင်လေး မဟုတ်တော့ပေ။
အကယ်၍ ဆရာ့တွင် ရန်ငြိုးရှိပါက ဆရာ့ကို ကူညီရန် ဆန္ဒရှိပြီး သူ့အသက်ကိုပင် ပေးဆပ်ရဲလေသည်။
"ငါ့မှာ ရန်ငြိုး မရှိပါဘူး... ဒီကိစ္စကို လုပ်ပေးဖို့ အကူအညီ တောင်းခံရလို့ပါ... ထပ်မမေးနဲ့တော့... မင်းကို ခေါ်သွားရင် ငါ့အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်ရုံပဲ ရှိမယ်... မင်းရဲ့ သိုင်းပညာက မဆိုးဘူးလို့ မင်း ထင်နေပေမဲ့ အတွင်းအား ကျင့်ကြံထားတဲ့ သိုင်းလောက ကျွမ်းကျင်သူတွေနဲ့ တွေ့ရင် မင်းက ဘာမှ မဟုတ်တော့ဘူး... ငါ ထွက်သွားပြီးရင် မင်းအချိန်တွေကို အတွင်းအား လေ့ကျင့်ဖို့ပဲ ပေးပါ... မှတ်ထား... အတွင်းအားက အရေးကြီးဆုံးပဲ... ပြင်ပသိုင်းကွက်တွေက နည်းစနစ် သက်သက်ပဲ..."
ယဲ့နန် ပါးစပ်ဟလိုက်သော်လည်း ပြန်လည် မချေပနိုင်ပေ။
အဘယ်ကြောင့်ဆိုသော် အမှန်တကယ် ကြောက်မက်ဖွယ် ကောင်းသော အတွင်းအားကို သူ့ဆရာ အသုံးပြုသည်ကို သူ မြင်တွေ့ခဲ့ရသောကြောင့်ပင်။
"ခင်ဗျားတို့ရဲ့ ခေါက်ဆွဲ ရပါပြီ..."
ထိုစဉ် ခေါက်ဆွဲဆိုင်ပိုင်ရှင်က အငွေ့တထောင်းထောင်း ထနေသော ခေါက်ဆွဲနှစ်ပန်းကန်ကို ယူလာပြီး ပြုံးလျက် ပြောလိုက်လေသည်။
ကျေးဇူးတင်စကား ပြောပြီးနောက် ယဲ့နန်သည် ဆရာ့အတွက် တူကိုင်၍ စတင်စားသောက်ဖို့ ပြင်ဆင်ကြလေသည်။
ခေါက်ဆွဲဆိုင်ပိုင်ရှင် အဝေးသို့ ရောက်သွားသောအခါ မျက်လုံးစည်းထားသည့် အဘိုးအိုက…
"တကယ်လို့ တစ်လအတွင်း ငါ ပြန်မလာရင် မင်းဘာသာမင်း ထွက်သွားပြီး အခြေချဖို့ နေရာတစ်ခု ရှာတော့..."
တူကို လှမ်းယူတော့မည့် ယဲ့နန်က ထိုစကားကို ကြားလိုက်ရသောအခါ မျက်လုံးများ ပြူးကျယ်သွားပြီး အလောတကြီး အာမေဋိတ် ပြုလိုက်လေသည်။
"ဆရာ... ဘာတွေ လျှောက်ပြောနေတာလဲ..."
အသံ အတော်လေး ကျယ်လောင်သွားသဖြင့် ဘေးနားရှိ လမ်းမပေါ်မှ ဖြတ်သွားဖြတ်လာများ၏ အာရုံစိုက်မှုကို ဆွဲဆောင်လိုက်သလို ဖြစ်သွားသည်။
"သိုင်းလောက ထဲ ရောက်နေရင် ကိုယ့်ကံကြမ္မာကို ကိုယ်မပိုင်တော့ဘူး... ရှောင်နန်... တစ်နေ့ကျရင် မင်း နားလည်လာမှာပါ..."
ထိုအခါ ခေါက်ဆွဲဆိုင်ပိုင်ရှင်က လှည့်မကြည့်ဘဲ မနေနိုင်တော့ဘဲ မေးလိုက်လေသည်။
"ဧည့်သည်တို့... ဒုက္ခရောက်နေကြတာလား... တကယ်လို့ တစ်ယောက်ယောက်က အနိုင်ကျင့်လို့ သွားစရာ မရှိဘူးဆိုရင် အကူအညီတောင်းဖို့ ချင်းရှောင်ဂိုဏ်း ကို သွားလို့ ရတယ်နော်... သူတို့ ကူညီနိုင်လောက်တယ်..."
ယဲ့နန်က……
"သူတို့ကို အကူညီတောင်းရင် ပိုက်ဆံ ဘယ်လောက် ပေးရမလဲ..."
ယဲ့နန်သည်လည်း ချင်းရှောင်ဂိုဏ်း အကြောင်းကို ကြားဖူးထားသည်မှာ ကြာပြီ ဖြစ်သည်။ သူသည် မြောက်ဘက်မှ လာသူ ဖြစ်သော်လည်း ချင်းရှောင်ဂိုဏ်းကို အထင်ကြီးလေးစားပြီး လိုလားတောင့်တမိသည်။
သူ့မိဘများနှင့် ညီမလေးခင်မျာ နတ်ဆိုးဂိုဏ်း လက်ချက်ဖြင့် သေဆုံးခဲ့ရပြီး သူ့ကို တစ်ကောင်ကြွက် ဖြစ်စေခဲ့သည်။ လီချင်းချိုးက ဧကရာဇ်ကို သတ်လိုက်သည့် သတင်းကို ကြားလိုက်ရသောအခါ သူ ဝမ်းသာလွန်း၍ ငိုကြွေးခဲ့ရသည်။ ထိုနေ့က ခံစားချက်ကို သူ ဘယ်တော့မှ မေ့မည် မဟုတ်ပေ။
သို့သော် သူ လေးစားသော်လည်း ချင်းရှောင်ဂိုဏ်းက မည်သူ့ကိုမဆို ကလဲ့စားချေပေးရန်လောက်ထိ သဘောထားကြီးမည်ဟု မထင်မှတ်ထားပေ။
ခေါက်ဆွဲဆိုင်ပိုင်ရှင်က တိုးတိုးလေး ရယ်မောလိုက်ပြီး…..
"တကယ်လို့ ခင်ဗျားတို့က အရာရှိကြီးတွေ၊ သူဌေးတွေဆိုရင်တော့ ပိုက်ဆံ ပေးရမှာပေါ့... ဒါပေမဲ့ ခင်ဗျားတို့က အားကိုးရာမဲ့နေတဲ့ သာမန်လူတွေ ဆိုရင်တော့ ချင်းရှောင်ဂိုဏ်းက ပိုက်ဆံ မယူပါဘူး..."
ထိုစကားကို ကြားသောအခါ အစက သိပ်အာရုံမစိုက်မိသော ယဲ့နန်၏ မျက်လုံးများ ပြူးကျယ်သွားပြီး…..
"တကယ်လား... ချင်းရှောင်ဂိုဏ်းက ဒီလိုလုပ်လို့ ဘာအကျိုးအမြတ် ရမှာလဲ... လူတွေရဲ့ ကျေးဇူးတင်မှုကို လိုချင်လို့လား... ဒါပေမဲ့ ဒီလိုလုပ်ရင် ရန်သူတွေ အများကြီး ရလာမှာ..."
"ဟုတ်တယ်... ရန်သူတွေ များလာမှာ... အခုဆိုရင် အပြင်လောကက လူတိုင်းက ဂိုဏ်းချုပ်လီ ဧကရာဇ်ကို သတ်လိုက်တာ မကောင်းမှုပဲဆိုပြီး ပြစ်တင်ရှုတ်ချနေကြတယ်... ဝရုန်းသုန်းကား ခေတ်ပျက် ရောက်လာပြီး လူတွေ အများကြီး သေဆုံးရတာ ဂိုဏ်းချုပ်လီ ကြောင့်ပဲ ဆိုပြီး အပြစ်ပုံချနေကြတာ... ရယ်စရာပဲ... ဧကရာဇ် အရှင်ရှိနေတုန်းက ကုကျိုးစီရင်စုမှာ ငတ်မွတ်ခေါင်းပါးမှုတွေ၊ ပုန်ကန်မှုတွေ ခဏခဏ ဖြစ်နေတာပဲ... အဲဒီတုန်းက ဘယ်သူမှ ထမပြောကြဘူး..."
ထိုကိစ္စကို ပြောမိသောအခါ ခေါက်ဆွဲဆိုင်ပိုင်ရှင်လည်း ဒေါသထွက်လာသည်။
ထိုစဉ် အဘိုးအိုတစ်ဦးက ခေါက်ဆွဲဆိုင်ရှေ့မှ ဖြတ်သွားရင်း ထိုစကားကို ကြားလိုက်ရသဖြင့် ဝင်ထောက်ခံလေသည်။
"ဟုတ်ပါ့ဗျာ... အဲဒီလူတွေက အရမ်း ယုတ်မာတယ်... သူတို့ ကံကောင်းပြီး စည်းစိမ်ယစ်နေတုန်းကကျတော့ ငါတို့အသက်တွေကို ဂရုမစိုက်ကြဘူး... ပြဿနာ ကြုံလာတော့မှ ငါတို့ သာမန်ပြည်သူတွေကို သူတို့အလိုအတိုင်း လိုက်စေချင်ပြီး သူတို့ရဲ့ လက်နက် ဖြစ်စေချင်ကြတာ... ဘာပဲဖြစ်ဖြစ် ကျုပ်အမြင်ကတော့ ဂိုဏ်းချုပ်လီကသာ ဘယ်သူနဲ့မှ မတူတဲ့ တမိုးအောက် အနှိုင်းမဲ့ သူရဲကောင်းပဲ..."
အဘိုးအိုရဲ့ ကျယ်လောင်သော အသံကြောင့် ခရီးသွားများ၏ အာရုံစိုက်မှုကို ရရှိသွားပြီး ရပ်တန့်ကာ ဝင်ရောက် ချီးကျူးကြလေသည်။
ချင်းရှောင်ဂိုဏ်း ဤနေရာတွင် ဤမျှလောက် ဂုဏ်သတင်း ကြီးမားလိမ့်မည်ဟု ယဲ့နန် မထင်မှတ်ထားခဲ့ပေ။ သိုင်းလောက ကောလာဟလများကို သာမန်ကာလျှံကာ ပြောလိုက်ရုံဖြင့် လူများစွာ၏ ထောက်ခံမှုကို ရရှိစေခဲ့သည်။
သူသည် သိုင်းလောက ကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။ သို့သော် ချင်းရှောင်ဂိုဏ်းက ပြည်သူများကြားတွင် မည်မျှ ရေပန်းစားကြောင်း သိလိုက်ရသဖြင့် အလွန် အထင်ကြီးသွားမိသည်။
မျက်လုံးစည်းထားသည့် အဘိုးအိုက ဘာမျှ ဝင်မပြောဘဲ ခေါက်ဆွဲကိုသာ စတင် စားသောက်နေသည်။
ထိုအခြေအနေကို မြင်သောအခါ ယဲ့နန်လည်း ခေါင်းငုံ့၍ ခေါက်ဆွဲကိုသာ စားနေလိုက်သည်။ သို့သော် လူများ ပိုမို စုဝေးရောက်ရှိလာကြပြီး ချင်းရှောင်ဂိုဏ်း၏ ကောင်းမှုကုသိုလ်များ အကြောင်း ပြောဆိုနေကြလေသည်။
ဆေးကုသပေးခြင်း၊ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး လုပ်ပေးခြင်း၊ ဓားပြများနှင့် ခိုးသားများကို နှိမ်နင်းပေးခြင်း စသဖြင့် ပြောမဆုံးနိုင်အောင်ပင်။
ထို့အပြင် ချင်းရှောင်ဂိုဏ်းက ဆင်းရဲသော မိသားစုများထံမှ ငွေအနည်းငယ်သာ ယူလေ့ရှိပြီး ပေါက်စီတစ်တောင်းဖြင့် ဆယ်နှစ်ကြာ ရောဂါကို ပျောက်ကင်းအောင် ကုသပေးခဲ့ဖူးသည်ဟုလည်း ဆိုကြသည်။
ချင်းရှောင်ဂိုဏ်းက ဆင်းရဲသားများကို တမင်တကာ မျက်နှာလိုမျက်နှာရ လုပ်နေခြင်း မဟုတ်ပေ။ မင်းစိုးရာဇာ မျိုးနွယ်ဝင်များ သို့မဟုတ် နှိမ့်ချသော နောက်ခံရှိသူများ မတရားမှုနှင့် ကြုံတွေ့ရပါကလည်း ကူညီပေးလေ့ ရှိသည်။ သို့သော် မင်းစိုးရာဇာ မျိုးနွယ် ခေါင်းဆောင်များ သို့မဟုတ် ချမ်းသာသူများ ပေးကမ်းသော ငွေကြေးကိုမူ လက်ခံလေ့ ရှိသည်။
ယဲ့နန်လည်း ထိုဇာတ်လမ်းများကို ပုံပြင်စာအုပ် နားထောင်နေရသကဲ့သို့ နားထောင်နေမိပြီး ချင်းရှောင်ဂိုဏ်းနှင့် ပတ်သက်ပြီး စိတ်ကူးယဉ်မှုများစွာ ဖြစ်ပေါ်လာပြီး ဝင်ရောက်ရန်ပင် ဆန္ဒရှိလာသည်။
...
ယနေ့ညတွင် လမင်းကြီး ထိန်ထိန်သာနေပြီး ကြယ်ရောင်များ ခပ်ဖျောက်ဖျောက်ထွန်းတောက်နေသည်…..
လင်းရှောင်ခြံဝင်းထဲတွင်…..
လီချင်းချိုး၊ ကျန်းယွီချွန်း၊ ကျူးယန်၊ လီတုန်းယွဲ့နှင့် ကျန်းယွီတို့ စားပွဲဝိုင်းတွင် ထိုင်နေကြပြီး ကျူးယန်က ကျူးမိသားစု စုဆောင်းထားသော သတင်းအချက်အလက်များကို ပြန်လည် ပြောပြနေသည်။
"ယွီကျိုးစီရင်စုရဲ့ အုပ်ချုပ်သူအသစ် ကျန်းယွီက လင်းထျန်းဂိုဏ်းနဲ့ ပူးပေါင်းပြီး တောင်ဘက်ကို ဆင်းလာဖို့ လုပ်နေကြပြီ... အရင်တုန်းက ဒုက္ခသည်တွေ ကိစ္စက သူတို့လူတွေ ဖန်တီးခဲ့တာ..."
ထိုအခါ ကျန်းယွီက အံ့သြတကြီး လျှာသပ်လိုက်ပြီး….
"ယွီကျိုး... တော်တော် ဝေးတာပဲ... ဒီနယ်စားမင်းက ပြည်နယ်တစ်ခုကိုပဲ ငြိမ်းချမ်းအောင် လုပ်ရသေးတာ... ဒီလောက်ဝေးတဲ့ နေရာအထိ လက်လှမ်းနေပြီလား... သူတို့ ဘာလုပ်ဖို့ ကြံစည်နေတာလဲ..."
ကျူးယန်က ခဏမျှ တွန့်ဆုတ်နေပြီးနောက်…..
"ချင်းရှောင်ဂိုဏ်းမှာ ချီလင်ရှိတယ်ဆိုတဲ့ သတင်းကို သူ ရထားတယ်... သူက ချီလင် ယသွေးကို လိုချင်နေတာ... ဒါပေမဲ့ ချင်းရှောင်ဂိုဏ်းရဲ့ အင်အားကိုလည်း ကြောက်နေတော့ ဒီလို ယုတ်မာတဲ့ နည်းလမ်းကို သုံးလိုက်တာ..."
ကျန်းယွီချွန်းက…..
"သူတစ်ယောက်တည်း မဟုတ်လောက်ဘူး..."
မသေမျိုးစွမ်းအားများနှင့် နိမိတ်ကောင်းများရှိနေသော ချင်းရှောင်ဂိုဏ်းသည် အာဏာရှိသူများနှင့် ချမ်းသာသူများ၏ မျက်လုံးထဲတွင် သူတို့ တပ်မက်သော အသားတုံးကြီး တစ်တုံး ဖြစ်နေလေပြီ။
"ကျူးမိသားစုဘက်ကပြောတာ သေချာလို့လား..."
လီချင်းချိုးက ကျူးယန်ကို ကြည့်ပြီး ရုတ်တရက် မေးလိုက်တော့
ကျူးယန် ခဏမျှ စဉ်းစားလိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။
လီချင်းချိုးက…..
"ဒါဆိုရင် ကျန်းယွီရဲ့ ခေါင်းကို ယူဖို့ ဘယ်သူ့ကို လွှတ်ရမလဲ စဉ်းစားကြတာပေါ့..."
"တကယ်လို့ သူက အပြစ်ကင်းတယ် ဆိုရင်တော့ ကျူးမိသားစုထဲက တစ်ယောက်ယောက်က အသက်နဲ့ ပြန်ပေးဆပ်ရလိမ့်မယ်..."
လူတိုင်း မှင်သက်သွားကြပြီး လီချင်းချိုး ဤကဲ့သို့ ပြောလိမ့်မည်ဟု မထင်မှတ်ထားခဲ့ကြပေ။
ထိုအခါကျူးယန်၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားသည်။ သူမ ခဏမျှ တုံ့ဆိုင်းနေပြီးနောက်…..
"ဂိုဏ်းချုပ်... ကျွန်မ ပြန်ပြီး ထပ်မေးကြည့်ရမလား... ဘာပဲဖြစ်ဖြစ် ကျွန်မလည်း မိသားစုနဲ့ စာကနေတဆင့် ဆက်သွယ်နေတာ ဆိုတော့လေ..."
လီချင်းချိုးသည် ကျူးမိသားစုကို သံသယ မဝင်သော်လည်း ပြဿနာများစွာ မကြုံတွေ့လိုသဖြင့် ကျူးယန်ကို သတိပေးလိုက်ခြင်း ဖြစ်သည်။
ချင်းရှောင်ဂိုဏ်းတွင် စုဝေးနေကြသော မင်းစိုးရာဇာ မျိုးနွယ်များက ကိုယ်ကျိုးစီးပွား လုံးဝ မရှိဘဲ နေမည် မဟုတ်ပေ။ ထို့ကြောင့် မည်သူမျှ ချင်းရှောင်ဂိုဏ်းကို အမြတ်ထုတ်ခြင်း မပြုနိုင်ရန်အတွက် ဤထောက်လှမ်းရေး သတင်းနှင့် ပတ်သက်ပြီး လီချင်းချိုးဘက်က တင်းမာသော သဘောထားကို ပြသရမည် ဖြစ်သည်။
"မင်းကို သတင်းပေးနေတဲ့ မင်းစိုးရာဇာ မျိုးနွယ်တွေနဲ့ အရာရှိတွေကို အကြံပေးလိုက်ပါ... တကယ်လို့ သူတို့က ချင်းရှောင်ဂိုဏ်းကို ရိုးရိုးသားသား ကူညီမယ်ဆိုရင် ချင်းရှောင်ဂိုဏ်းက သူတို့ရဲ့ ခင်မင်မှုကို မေ့မှာ မဟုတ်ဘူး... ဒါပေမဲ့ ချင်းရှောင်ဂိုဏ်းကို လက်နက်သဖွယ် အသုံးချမယ် ဆိုရင်တော့ အဲဒီလက်နက်က သူတို့လက်တွေကို ပြန်ထိခိုက်စေနိုင်သလို အသက်ကိုပါ ရန်ရှာနိုင်တယ် ဆိုတာ ပြောလိုက်ပါ..."
ကျန်းယွီချွန်း၊ လီတုန်းယွဲ့နှင့် ကျူးယန်တို့လည်းချက်ချင်း တုံ့ပြန်လိုက်ကြသည်။
ကျန်းယွီက လီချင်းချိုး တကယ် ရက်စက်ပြီး ညှာတာမှု ကင်းမဲ့သည်ဟု တွေးကာ အံ့သြတကြီး ဖြစ်သွားသည်။ သို့သော် သူ ပြန်စဉ်းစားလိုက်သောအခါ လီချင်းချိုး၏ စွမ်းရည်ဖြင့် အမှန်တကယ်ပင် ဤမျှ ကြီးစိုးမင်းမူ နိုင်ကြောင်းနှင့် ၎င်းသည် ချင်းရှောင်ဂိုဏ်းအတွက် မလိုအပ်သော ပြဿနာများကို လျှော့ချပေးနိုင်ကြောင်း သဘောပေါက်လိုက်သည်။
ထို့နောက် လီချင်းချိုးက ကျူးယန်အား အခြားသော သတင်းအချက်အလက်များကို ဆက်လက် တင်ပြခိုင်းလိုက်သည်
။
ထိုအချိန်၌ လီချင်းချိုး၏ မျက်လုံးရှေ့တွင် အသိပေးချက် တစ်ခု ရုတ်တရက် ပေါ်လာလေသည်။
[ချင်းရှောင်ဂိုဏ်းတွင် တပည့်တစ်ဦးက ပထမဆုံးအကြိမ်အဖြစ် မှော်ရတနာတစ်ခုကို ဖန်တီးလိုက်သဖြင့် တာအိုမျိုးဆက်ကို တိုးတက်စေသောကြောင့် သင့်အား အမွေအနှစ် ဆုလာဘ်တစ်ခု ပေးအပ်ပါသည်။]
ဟင်...မှော်ရတနာ ဟုတ်လား...
ဘယ်သူက ဒီလောက်တောင် တော်နေရတာလဲ…
လီချင်းချိုးက မှော်ရတနာ လမ်းစဉ်ကို လေ့လာရန် တပည့်တစ်စုကို စီစဉ်ပေးခဲ့သော်လည်း သူတို့ မည်သည့် တိုးတက်မှုမျှ မရရှိခဲ့ကြပေ။ သူသည် ဤကိစ္စကို အရင်က မစဉ်းစားခဲ့သော်လည်း ယနေ့ညတွင် တစ်စုံတစ်ယောက်က သူ့ကို အံ့အားသင့်စေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
ဤသည်မှာ လူအုပ်စုကြီး တစ်ခု ရှိခြင်း၏ အားသာချက်ဖြစ်ပြီး အံ့သြစရာများ ဖြစ်ပေါ်လာရန် ပိုမို လွယ်ကူလေသည်။
မှော်ရတနာ အကြောင်း တွေးမိသောအခါ သူ့နှုတ်ခမ်းပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။
ကျူးယန်က သူ့အပြုံးကို သတိထားမိပြီး ကျောချမ်းသွားလေသည်။
ဂိုဏ်းချုပ်က သူတို့ကို ထပ်ပြီး ရှင်းလင်းပစ်ဖို့ ကြံစည်နေတာများလား…
နာရီဝက်ခန့် ကြာသောအခါ နောက်ကျနေပြီဖြစ်၍ လီချင်းချိုးက သူတို့ကို ပြန်နားခိုင်းလိုက်သည်။
ကျူးယန်နှင့် ကျန်းယွီတို့ လင်းရှောင်ခြံဝင်း ထဲမှ ထွက်ခွာသွားခါစတွင် ယွမ်ချီ ခြံဝင်းထဲသို့ အလျင်အမြန် ဝင်ရောက်လာလေသည်။
"ဂိုဏ်းချုပ်... ဂိုဏ်းထဲကို လူတစ်ယောက် ခိုးဝင်လာပါတယ်... သူ့ရည်ရွယ်ချက်က မရှင်းလင်းဘဲ သံသယဖြစ်ဖွယ် ပြုမူနေပါတယ်... ဖမ်းမိပြီးတာတောင် ထွက်ပြေးဖို့တောင် ကြိုးစားပါသေးတယ်... အခု တပည့်တွေက ဖမ်းမိထားပါပြီ... ဘာဆက်လုပ်သင့်လဲ..."ဟု ယွမ်ချီက လီချင်းချိုး အနားသို့ ကပ်၍ မြန်မြန်ဆန်ဆန် ပြောလိုက်သည်။
ကျန်းယွီချွန်းနှင့် လီတုန်းယွဲ့တို့ အခန်းသို့ မပြန်ရသေးဘဲ ထိုစကားကို ကြားလိုက်ရသဖြင့် ရပ်တန့်လိုက်ကြသည်။
"အဲဒီလူက ဘယ်လိုပုံစံလဲ..."
"အသက် ခြောက်ဆယ်၊ ခုနစ်ဆယ်လောက် ရှိပုံရပြီး မျက်လုံးကွယ်နေပါတယ်... ကျောပေါ်မှာ ဓားတစ်လက် ပါပါတယ်..."
"ကြည့်ရတာ လူကောင်းပုံ မပေါ်ဘူးပဲ... သူ့ကို ဒီခေါ်လာခဲ့... ငါကိုယ်တိုင် စစ်ဆေးမေးမြန်းမယ်..."
ယခုချိန်တွင် လီချင်းချိုး စိတ်အခြေအနေ ကောင်းမွန်နေပြီး ကျန်းယွီချွန်းနှင့် လီတုန်းယွဲ့တို့ နောင်တွင် အသုံးပြုနိုင်ရန်အတွက် ဝိညာဉ်ချုပ်ကျိန်စာကို သရုပ်ပြရန် အခွင့်အရေး ရသွားသောကြောင့် ဖြစ်သည်။
"ဟုတ်ကဲ့ပါ..."
ယွမ်ချီ စကားဆုံးသည်နှင့် လှည့်ထွက်သွားလေသည်။
ကျန်းယွီချွန်းက …..
"ဒီလောက် ကိစ္စသေးသေးလေးကို စီနီယာအစ်ကိုကြီး ကိုယ်တိုင် စစ်ဆေးမေးမြန်းဖို့ လိုလို့လား... စည်းကမ်းထိန်းသိမ်းရေးခန်းမကို လွှဲလိုက်ရင် ပိုမကောင်းဘူးလား..."
"သူ့ရည်ရွယ်ချက်ကို မသိရသေးခင်မှာ ဒါကို ကိစ္စသေးလေးလို့ ဆုံးဖြတ်လို့ မရသေးဘူး..."
နားထောင်ပြီးနောက် ကျန်းယွီချွန်းက အဓိပ္ပာယ်ရှိသည်ဟု ယူဆသဖြင့် ဝင်ထိုင်လိုက်ပြီး သူ့ တပည့်များအကြောင်း စတင် ပြောဆိုလေသည်။ လီတုန်းယွဲ့ကလည်း ဝင်ထိုင်လိုက်သည်။
အမွှေးတိုင် တစ်တိုင်စာ ကုန်ဆုံးချိန်တွင်……
ယွမ်ချီနှင့် ရှောင်ဝူမင်းတို့ အဘိုးအိုတစ်ဦးကို ခြံဝင်းထဲသို့ ခေါ်ဆောင်လာကြသည်။
ဤအဘိုးအိုသည် ယဲ့နန်၏ ဆရာဖြစ်သော မျက်လုံးစည်းထားသည့် အဘိုးအိုပင် ဖြစ်လေသည်။
ယခုအချိန်တွင် မျက်လုံးစည်းထားသည့် အဘိုးအို၌ ဓားမပါတော့သလို မျက်လုံးစည်းထားသော အဝတ်စလည်း ပျောက်ဆုံးနေပြီ ဖြစ်ရာ ချိုင့်ဝင်နေသော မျက်ခွံများကို မြင်တွေ့နေရပြီး အတော်လေး ကြောက်စရာ ကောင်းနေသည်။ ပါးစပ်ထောင့်စွန်းမှ သွေးများ စီးကျနေဆဲ ဖြစ်ပြီး နာကျင်မှု တစ်စုံတစ်ရာ ခံစားခဲ့ရကြောင်း သိသာနေသည်။
လီချင်းချိုး သူ့ကို ကြည့်လိုက်တော့ သူ့ခန္ဓာကိုယ် ဖွဲ့စည်းပုံနှင့် အတွင်းအား ကို ကြည့်ခြင်းအားဖြင့် သူသည် သိုင်းလောကမှ အတွင်းအားအဆင့်ရှိ ကျွမ်းကျင်သူတစ်ဦး ဖြစ်ရပေမည်။
ထိုကဲ့သို့သော ကျွမ်းကျင်သူမျိုး ရှားပါးလှသည်။