ဝိညာဉ်မွေးမြူခြင်း……
Vol. 15 Ch. 150
ရှောင်ဝူမင်းက မျက်လုံးစည်းထားသည့် အဘိုးအိုကို ခြံဝင်းထဲသို့ တွန်းပို့လိုက်ပြီးနောက် ခြေထောက်ကို ကန်လိုက်သဖြင့် ဒူးထောက်ကျသွားစေသည်။
လီချင်းချိုးက စားပွဲရှည်ကြီးကို ပတ်လျှောက်ကာ မျက်လုံးစည်းထားသည့် အဘိုးအို အနားသို့ ရောက်သွားပြီး ကျန်းယွီချွန်းနှင့် လီတုန်းယွဲ့တို့လည်း လာရောက် ကြည့်ရှုကြသည်။
"ပြောစမ်း... ဘာကိစ္စနဲ့ လာတာလဲ..."
ထိုလူသည် မျက်မမြင် ဖြစ်နေပြီး တောင်ပေါ်သို့ တက်လာသည်ကို မြင်သောအခါ နားလည်မှုလွဲခြင်း တစ်စုံတစ်ရာ ရှိနေမည်ကို စိုးရိမ်မိသောကြောင့် ဖြစ်သည်။
တစ်ယောက်ယောက်က သူ့ကို ဟွမ်ယွမ်ကျမ်းစာ လာခိုးခိုင်းတာ သို့မဟုတ် လူသတ်ခိုင်းတာ ဆိုရင်တော့ တော်တော် မသင့်တော်တဲ့ ကိစ္စပဲ…
မျက်လုံးစည်းထားသည့် အဘိုးအိုက တိတ်ဆိတ်နေသဖြင့် ယွမ်ချီနှင့် ရှောင်ဝူမင်းတို့ မကျေမနပ် ဖြစ်သွားကြသော်လည်း လီချင်းချိုး ရှိနေသောကြောင့် ဝင်မပြောရဲကြပေ။
သူ ဘာမှမပြောသည်ကို မြင်သောအခါ လီချင်းချိုး ဆက်မပြောတော့ပေ။
နားလည်မှုလွဲမှားခြင်း ရှိနေလျှင်ပင် ၎င်းသည် သူ့အပြစ်သာ ဖြစ်ပေလိမ့်မည်။
လီချင်းချိုးက ဝိညာဉ်ချုပ်ကျိန်စာ ကို ထုတ်သုံးတော့မည့်ဆဲဆဲတွင် ကောင်းကင်သက်တံဓားထဲမှ ချူကျင်း ထွက်ပေါ်လာပြီး….
"ဆရာ... ကျွန်တော် သူ့ကို သိတယ်... ဘယ်သူ လွှတ်လိုက်လဲဆိုတာ အကြမ်းဖျင်း သိပါတယ်..."
"အော်... ပြောပြစမ်း..."
ယွမ်ချီနှင့် ရှောင်ဝူမင်းတို့က လီချင်းချိုး ဘယ်သူ့ကို စကားပြောနေသနည်း ဟု တွေးတောကာ ကြောင်အသွားကြသည်။
ကျန်းယွီချွန်းနှင့် လီတုန်းယွဲ့တို့ကလည်း လီချင်းချိုးကို အံ့သြတကြီး ကြည့်လိုက်ကြသည်။
လီချင်းချိုးက သူတို့ကို ရှင်းမပြဘဲ ချူကျင်း ပြောပြသော မျက်လုံးစည်းထားသည့် အဘိုးအို အကြောင်းကို နားထောင်လိုက်သည်။
"သူ့နာမည်က မော့လီ... အာဏာရှင်ဓားက ကျန်းဟူမှာ လူသိများတယ်... စိတ်ဝင်စားစရာ ကောင်းတာက သူနဲ့ ရှန်ယွဲ့ နဲ့ ပတ်သက်မှု ရှိနေတာပဲ... သူက ရှန်ယွဲ့ရဲ့ မိတ်ဆွေရင်းလေ...အာဏာရှင်ဓားဆိုတာ ရှေးခေတ်ကတည်းက အမြဲတမ်း အလုအယက် ဖြစ်ခဲ့ရတဲ့ လက်နက်တစ်ခုပဲ... အရင် အာဏာရှင်ဓား အမွေခံက သူ့လက်ချက်နဲ့ သေခဲ့ရတာ... ငယ်ရွယ်စဉ်တုန်းက မော့လီက အာဏာရှင်ဓား နာမည်ကို ကျန်းဟူမှာ ပြန်လည် အသက်သွင်းဖို့ နေရာအနှံ့က ကျွမ်းကျင်သူတွေကို စိန်ခေါ်ခဲ့ပြီး ရန်သူတွေ အများကြီး ရခဲ့တယ်... သူ့ရန်သူတွေက သူ့မျက်လုံးတွေကို အဆိပ်ခတ်ခဲ့ကြပြီး သူ့မိန်းမနဲ့ ကလေးတွေလည်း ရန်သူတွေလက်ချက်နဲ့ သေဆုံးခဲ့ရတယ်... ချန်းကျိုးက ချီမိသားစုက သူ့ကို ကယ်တင်ပြီး ကလဲ့စားချေပေးခဲ့တာ... အဲဒီနောက်ပိုင်း သူ ကျန်းဟူကနေ အနားယူသွားခဲ့တယ်... တချို့ကတော့ သူ အသွင်ပြောင်းပြီး ချီမိသားစုဆီမှာ အလုပ်ဝင်လုပ်နေတယ်လို့ ပြောကြတယ်..."
"အာဏာရှင်ဓား မော့လီ... ချီမိသားစု..."
လီချင်းချိုး တစ်ကိုယ်တည်း ရေရွတ်လိုက်တော့
ထိုစကားကို ကြားသောအခါ မျက်လုံးစည်းထားသည့် အဘိုးအို ရုတ်တရက် ခေါင်းမော့လာသည်။ သူ မျက်စိမမြင်ရသော်လည်း ထိတ်လန့်သွားကြောင်း မျက်နှာတွင် အထင်းသား ပေါ်လွင်နေသည်။
ကျန်းယွီချွန်း၊ လီတုန်းယွဲ့၊ ယွမ်ချီနှင့် ရှောင်ဝူမင်းတို့လည်း လီချင်းချိုးက မော့လီ၏ အထောက်အထားကို မည်သို့ သိရှိသွားသနည်း ဆိုသည်ကို အလွန် သိချင်နေကြသည်။
"သူ ဒီကို ရောက်လာတာ ချန်းကျိုးက ချီမိသားစုရဲ့ စေခိုင်းမှုကြောင့် ဖြစ်ဖို့များတယ်... ချီမိသားစုရဲ့ သြဇာအာဏာက အရမ်းနက်ရှိုင်းလွန်းလို့ နန်းတွင်းမှာ အာဏာအကြီးကြီး ရထားတဲ့ ငါတောင် အကုန် မမြင်နိုင်ခဲ့ဘူး... သူတို့က နန်းတွင်းထဲအထိ စိမ့်ဝင်နေပြီး လက်ရှိ အရာရှိတွေရဲ့ တစ်ဝက်လောက်က သူတို့နဲ့ ပတ်သက်မှု ရှိကြတယ်... ကျောက်မိသားစု ကမ္ဘာကို အောင်နိုင်ခဲ့တာကလည်း သူတို့ရဲ့ အကူအညီ မကင်းခဲ့ဘူး... ဒါပေမဲ့ သူတို့က ကျုံးထျန်းကို မပြောင်းရွှေ့ချင်ကြလို့ သူတို့ရဲ့ ဂုဏ်သတင်းက မဟာမိသားစုကြီး ရှစ်ခု လောက် မကြီးမားတာ... ငါ့အမြင်အရတော့ ချီမိသားစုကသာ တကယ့် တမိုးအောက် အနှိုင်းမဲ့ မိသားစု ပါ..."
" လူလွှတ်ပြီး ချီမိသားစုကို စုံစမ်းခိုင်းဖူးပေမဲ့ ခြေရာလက်ရာ မကျန်ဘဲ ပျောက်သွားခဲ့တယ်... ဒါပေမဲ့ သူ မပျောက်သွားခင် ငါ့ဆီ သတင်းပါးခဲ့တာက ချီမိသားစုက ရှားပါးပြီး ထူးခြားဆန်းပြားတဲ့ သားရဲအမျိုးမျိုးရဲ့ အဆီအနှစ် လိုအပ်တဲ့ အရာတစ်ခုခုကို မွေးမြူနေတယ်တဲ့... အရင်တုန်းကတော့ ချီမိသားစုလည်း မသေမျိုးဆေးကို လိုက်ရှာနေတယ်လို့ ထင်ပြီး ဆက်မစုံစမ်းခဲ့ဘူး... သူတို့ မော့လီကို လွှတ်လိုက်တာ ချီလင်သွေး အတွက်လို့ထင်တယ်..."
"အခုခေတ် ကျန်းဟူမှာ မော့လီကို မှတ်မိတဲ့လူ သိပ်မရှိတော့ဘူး... မော့လီ ကျရှုံးရင်တောင် သူတို့ရဲ့ အထောက်အထားကို ဖော်ထုတ်မှာ မဟုတ်ဘူး..."ဟု ချူကျင်းက ပြောရင်း သက်ပြင်းချလိုက်သည်။
ချီမိသားစုက အကွက်ချစီစဉ်ရာတွင် အလွန် ကောင်းမွန်သော်လည်း ကံဆိုးသည်မှာ ချင်းရှောင်ဂိုဏ်းက သိုင်းလောက ဂိုဏ်း မဟုတ်ခြင်းပင်။
ဂိုဏ်းထဲတွင် လီချင်းချိုး အနေဖြင့် မော့လီ သေချင်နေလျှင်ပင် သူ့ရည်ရွယ်ချက်ကို ထုတ်ပြောလာအောင် လုပ်နိုင်သည့် နည်းလမ်းပေါင်းများစွာ ရှိလေသည်။
ထိုအခါ လီချင်းချိုး၏ မျက်လုံးများ အရောင်တောက်သွားသည်။
"ချီလင်သွေးအတွက်လား... ချီမိသားစု က ဘာကောင်ကို မွေးနေတာလဲ..."
ထိုစကားကို ကြားသောအခါ မော့လီ တုန်လှုပ်သွားသည်။ ထို့နောက် ပါးစပ်ထောင့်စွန်းမှ သွေးများ စီးကျလာပြီး လျှာကိုကိုက်၍ မိမိကိုယ်ကို အဆုံးစီရင်လိုက်ကာ တပြိုင်နက်တည်းမှာပင် အတွင်းအားကို အသုံးပြု၍ သူ့သွေးကြောများကို ဖျက်ဆီးပစ်လိုက်လေသည်။
ဘုန်း…
သူ လျင်မြန်စွာပင် မြေပြင်ပေါ်သို့ လဲကျသွားတော့ လီတုန်းယွဲ့ ဝင်ရောက် ကူညီသင့် မသင့် တွန့်ဆုတ်နေမိသည်။ သူမ၏ ပြန်လည်နုပျိုစေသော တစ္ဆေဝိညာဉ်အပ်ကို မော့လီကို ကူညီနိုင်သည်။
သို့သော် စီနီယာအစ်ကိုကြီး၏ ပြန်လည်နုပျိုစေသော တစ္ဆေဝိညာဉ်အပ် က သူမထက် ပိုမို အစွမ်းထက်လေသည်။ အကယ်၍ စီနီယာအစ်ကိုကြီးက သူ့အသက်ကို ချမ်းသာပေးလိုလျှင် အရေးယူလိမ့်မည် ဖြစ်သည်။
လီချင်းချိုးကတော့ အရေးယူရန် မလိုအပ်ဟု ခံစားမိသည်။ တစ်ဖက်လူကို သေလမ်း ရွေးအောင် ဖိအားပေးခဲ့သူမှာ သူ မဟုတ်ပေ။ အကယ်၍ မော့လီသာ ရိုးရိုးသားသား ဝန်ခံခဲ့လျှင် လွတ်မြောက်လမ်း ရှိကောင်း ရှိနိုင်ပေသည်။
သူ့အပေါ် စိတ်ပျက်စရာ ကောင်းသည့် အချက်မှာ သူက ဟန်ဆောင်လွန်းခြင်းပင်။
"သေချာ ကြည့်ထား... ဒါကို ဝိညာဉ်ချုပ်ကျိန်စာလို့ ခေါ်တယ်... လူတစ်ယောက် သေသွားရင်တောင် ဝိညာဉ်ချုပ်ကျိန်စာ လက်ကနေ မလွတ်မြောက်နိုင်ဘူး..."
လီချင်းချိုး စကားဆုံးသည်နှင့် တပြိုင်နက် သူ့မျက်လုံးများ ခရမ်းရောင်အဖြစ် ပြောင်းလဲသွားရာ သူ့မျက်နှာချင်းဆိုင်ရှိ ယွမ်ချီနှင့် ရှောင်ဝူမင်းတို့ အံ့သြတကြီး မျက်လုံးပြူးသွားကြသည်။
ကျန်းယွီချွန်းနှင့် လီတုန်းယွဲ့တို့ ရှေ့တစ်လှမ်း တိုးလာကြပြီး လီချင်းချိုး၏ မျက်လုံးများကို ရှင်းလင်းစွာ မြင်လိုက်ရသောအခါ သူတို့လည်း မှင်သက်သွားကြလေသည်။
……..
ညအချိန်သည် ရေကဲ့သို့ ငြိမ်သက်နေသည်……
ဟေးရွှေခရိုင် ဧည့်ဂေဟာရှိ ယဲ့နန်ကတော့ အိပ်မပျော်ဘဲ လူးလိမ့်နေရင်း ရုတ်တရက် ထထိုင်လိုက်ပြီး ပြတင်းပေါက် အပြင်ဘက်မှ လရောင်ကို လှည့်ကြည့်လိုက်သည်။
ဆရာ ထွက်သွားတာ ခုနစ်ရက် ရှိပြီ။ သဘောတူထားတဲ့ တစ်လ ပြည့်ဖို့ အများကြီး လိုသေးပေမဲ့ အကြောင်းပြချက် မရှိဘဲ သူ ပိုပိုပြီး ဂနာမငြိမ် ဖြစ်လာကာ ကိစ္စကြီး တစ်ခုခု ဖြစ်တော့မလို ခံစားနေရသည်။
ဟေးရွှေခရိုင် ဝန်းကျင်တွင် သိုင်းလောက ဂိုဏ်းဟူ၍ ချင်းရှောင်ဂိုဏ်း တစ်ခုတည်းသာ ရှိသည်။
ဆရာ ချင်းရှောင်တောင်ကို သွားတာများလား…
သူ လုံးဝကို ဇဝေဇဝါ ဖြစ်နေရသည်။
သူသည် တပည့်ဖြစ်လာသည်မှာ တစ်နှစ် ရှိပြီ ဖြစ်သော်လည်း ဆရာ့ နောက်ခံ သို့မဟုတ် ဆရာ ဘာလုပ်မည် ဆိုသည်ကို လုံးဝ မသိရှိပေ။
လွန်ခဲ့သော တစ်နှစ်က သူ ဓားပြများနှင့် တွေ့ဆုံပြီး သေလုနီးပါး ဖြစ်နေချိန်တွင် မော့လီက သူ့ကို ကယ်တင်ခဲ့ခြင်း ဖြစ်သည်။ သူသည် မော့လီ၏ သိုင်းပညာကို အံ့သြခဲ့ရပြီး သူ့ကို တပည့်အဖြစ် လက်ခံရန် မော့လီအား တောင်းပန်ခဲ့သည်။
မော့လီက ကိစ္စရှိ၍ တောင်ဘက်သို့ သွားရမည်ဟု ပြောရာ ယဲ့နန်လည်း မငြီးမငြူ လိုက်ပါခဲ့ပေသည်။
ဤတစ်နှစ်တာ ကာလအတွင်း ဆရာတပည့် နှစ်ယောက် တိုင်းပြည် အနှံ့ ခရီးသွားခဲ့ကြပြီး ကြွယ်ဝမှုနှင့် ပရမ်းပတာ ဖြစ်မှုများကို မြင်တွေ့ခဲ့ရသည်။ ကမ္ဘာကြီးက သစ္စာမဲ့လာလေလေ ဆရာနှင့် အတူ ကုန်ဆုံးရသော နေ့ရက်များကို သူ ပိုမို တန်ဖိုးထားလေလေ ဖြစ်သည်။
"ဆရာက ချင်းရှောင်ဂိုဏ်းကို ကလဲ့စားသွားချေတာတော့ မဟုတ်ပါဘူးနော်... သူ ဘယ်လောက်ပဲ သန်မာပါစေ လီချင်းချိုးကိုတော့ ဘယ်ယှဉ်နိုင်ပါ့မလဲ..."
ယဲ့နန် ပိုမို စိတ်လှုပ်ရှားလာပြီး ခေါင်းကိုပင် ကုတ်မိလေသည်။
သူသည် အချိန်အတော်ကြာ လူးလိမ့်နေပြီးနောက် ထိုညတွင် နောက်ဆုံး၌ အိပ်ပျော်သွားကာ
တံခါးခေါက်သံ ကြားမှသာ သူ နိုးလာသည်။ ပြတင်းပေါက် အပြင်ဘက်မှ စူးရှသော နေရောင်ခြည အခန်းထဲသို့ ဝင်ရောက်နေသဖြင့် မျက်လုံးဖွင့်ရန် ခက်ခဲနေပေသည်။
ဘယ်သူလဲ…
အိပ်မှုန်စုန်ဝါး ဖြစ်နေသော ယဲ့နန်က စိတ်မရှည်စွာ မေးလိုက်တော့….
"ရေ လာပို့တာပါ..."ဟူသော တံခါး အပြင်ဘက်မှ ကျယ်လောင်သော အမျိုးသားအသံ ထွက်ပေါ်လာသည်။
ထိုအသံကို ကြားသောအခါ ယဲ့နန် ရုန်းကန်ထလိုက်ပြီး လျှောက်သွားကာ တံခါးဖွင့်လိုက်တော့
ယဲ့နန် လန့်ဖျပ်သွားသည်။
တံခါးအပြင်ဘက်တွင် စားပွဲထိုး မဟုတ်ဘဲ ဝတ်ရုံပြာ ဝတ်ဆင်ထားသော ရုပ်ရည်ချောမောသည့် အမျိုးသားနှစ်ဦးရှိနေသောကြောင့်ပင်….
"သူပဲ... သေချာတယ်..."
ပုံတူကားချပ် ကို ကိုင်ထားသော တပည့်တစ်ဦးက ပြောလိုက်တော့ အခြားတစ်ဦးက ချက်ချင်း လက်မြှောက်၍ တံခါးကို ဖိထားပြီး ….
"ကျွန်တော်တို့က ချင်းရှောင်ဂိုဏ်းသားတွေပါ... ကျေးဇူးပြုပြီး တောင်ပေါ်ကို လိုက်ခဲ့ပါ..."
ချင်းရှောင်ဂိုဏ်း ဟုတ်လား…
ယဲ့နန်၏ စိတ်ထဲတွင် ဗလာ ဖြစ်သွားပြီး အလိုအလျောက် လှည့်ပြေးရန် ကြိုးစားသော်လည်း လက်တစ်ဖက်က သူ့ကို ဖိထားသဖြင့် လှုပ်ရှား၍ မရတော့ပေ။
"ငြိမ်ငြိမ်နေဖို့ အကြံပေးချင်ပါတယ်... ကျွန်တော်တို့က ပြဿနာ လာရှာတာ မဟုတ်ပါဘူး... ခင်ဗျားကို တောင်ပေါ် ခေါ်သွားချင်ရုံပါ..."
မူလအားဖြည့်နယ်ပယ် တတိယအဆင့် ကျင့်ကြံမှုဖြင့် အတွင်းအား မရှိသော လူငယ်တစ်ဦးကို ဖမ်းဆီးရန်မှာ သူ့အတွက် အလွန် လွယ်ကူလေသည်။
ယဲ့နန် ကြောက်ရွံ့နေချေပြီ။ သူ့ကိုယ်သူ အတော်ကောင်းသည်ဟု ထင်ထားသော်လည်း ဤမျှ လွယ်ကူစွာ အဖမ်းခံရလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ ဆရာ ပြောခဲ့သော စကားကို သူ နောက်ဆုံးတော့ နားလည်သွားလေပြီ။
အတွင်းအား မကျင့်ကြံသရွေ့ မင်း ဘယ်တော့မှ ကျွမ်းကျင်သူ ဖြစ်လာမှာ မဟုတ်ဘူး…
…
ကွမ်းယွမ်ခန်းမ၏ ခြံဝင်း အတွင်း၌ …..
လီချင်းချိုးနှင့် ကျူးယန်တို့ ယှဉ်တွဲ ရပ်နေကြပြီး ရှောင်ညီအစ်ကိုသုံးဖော်၊ မင်းကွမ်းနှင့် စုရှီးလင်တို့ ဘေးတွင် ရပ်လျက် အမျိုးသမီး တပည့်တစ်ဦးကို စူးစမ်းလိုစိတ်ဖြင့် ကြည့်နေကြသည်။
လူအုပ်ကြီး၏ အကြည့်ကို ရင်ဆိုင်နေရသဖြင့် ထိုအမျိုးသမီး တပည့်ခင်မျာ အလွန် စိတ်လှုပ်ရှားနေသည်။
သူမ၏ ဝတ်ရုံလက်မောင်းများကို ပင့်တင်ထားသဖြင့် ပြာများနှင့် မီးသွေးများ ပေကျံနေသော လက်မောင်းများကို မြင်တွေ့နေရသည်။ သူမသည် ပိန်လှီပြီး မျက်နှာတွင် ညစ်ပတ်နေသော်လည်း မျက်လုံးများမှာ ကြီးမားပြီး တောက်ပနေလေသည်။
သူမ၏ အမည်မှာ ဝူရှင်းယွဲ့ ဖြစ်ပြီး မူလအားဖြည့်နယ်ပယ် ဒုတိယအဆင့် ရှိသော တပည့်တစ်ဦး ဖြစ်သည်။
သူမက ကြေးမုံပြင် တစ်ခုကို ကိုင်ထားပြီး စိတ်လှုပ်ရှားလွန်းသဖြင့် လက်ဖဝါးများတွင် ချွေးများ ထွက်နေသည်။
"မင်းရဲ့ တေဇောကြေးမုံကို ဂိုဏ်းချုပ် မြင်အောင် မြန်မြန် ထုတ်ပြလိုက်လေ..."
သူမ ငူငူငိုင်ငိုင် ဖြစ်နေသည်ကို မြင်သောအခါ ကျူးယန်က တိုးတိုးလေး သတိပေးလိုက်တော့
ဝူရှင်းယွဲ့ သတိဝင်လာပြီး ချက်ချင်း လှည့်ကာ မူလချီကို မှန်ထဲသို့ ထည့်သွင်းလိုက်သည့်အခါ ချက်ချင်းပင် ကြက်သွေးရောင် မီးတောက်တစ်ခုက မှန်ထဲမှ လှိုင်းလုံးသဖွယ် ထွက်ပေါ်လာပြီး ဝဲပျံကာ ရှေ့သို့ တိုးဝင်သွားသည်။
မီးတောက်သည် လျင်မြန်စွာ ကြီးမားလာပြီး ငါးကျန့် (မီတာ ၁၀ ခန့်) အထိ ရှည်လျားသွားရာ ရှေ့ရှိ အိမ်ကိုပင် မီးလောင်လုနီးပါး ဖြစ်သွားစေသည်။
ရှောင်ညီအစ်ကိုသုံးဖော်မှာ မျက်လုံးများ ပြူးကျယ်သွားပြီး မြင်ကွင်းကြောင့် တုန်လှုပ်သွားကြသည်။
စုရှီးလင်ကလည်း ယခင်က မြင်ဖူးသော်လည်း ထပ်မံ မြင်တွေ့ရချိန်တွင် အံ့သြနေဆဲပင်။
ဝူရှင်းယွဲ့က မူလချီကို ဖြတ်တောက်လိုက်ပြီး လီချင်းချိုး ဘက်သို့ လှည့်ကာ စိတ်လှုပ်ရှားစွာဖြင့်…..
"ကျွန်မရဲ့ မူလချီက ဒီလောက်ပဲ တတ်နိုင်ပါတယ်... တကယ်လို့ ပိုစွမ်းအားကြီးတဲ့ တပည့်တွေ သုံးမယ်ဆိုရင် ဒီထက် ပိုပြင်းထန်တဲ့ စွမ်းအားကို ထုတ်လွှတ်နိုင်မှာ သေချာပါတယ်..."
"တေဇောကြေးမုံ ဟုတ်လား... နာမည်ကောင်းလေးပဲ... ဒီမှန်ကို ဖန်တီးဖို့ စိတ်ကူး ဘယ်လို ရတာလဲ..." ဟု လီချင်းချိုး ကျေနပ်စွာ မေးလိုက်တော့
သူ့ အပြုံးကို မြင်သောအခါ ဝူရှင်းယွဲ့ ချက်ချင်း စိတ်သက်သာရာ ရသွားသည်။
"အစီအရင်အခြေခံမှတ်တမ်းကို လေ့လာနေတုန်းက လက်နက်တွေပေါ်မှာ သိုင်းကွက်တွေကို ပုံနှိပ်ထားလို့ ရမလားလို့ စဉ်းစားမိပါတယ်... ဒါဆိုရင် လေ့ကျင့်ရတဲ့ အချိန် သက်သာတာပေါ့... ဒါကြောင့် တားမြစ်စည်ကို လေ့လာခဲ့တယ်... ပြီးတော့ ကျွန်မ မိသားစုက မျိုးရိုးစဉ်ဆက် ပန်းပဲဆရာတွေဆိုတော့ လက်နက်သွန်းလုပ်နည်း တချို့ကို သိပါတယ်... စမ်းကြည့်ချင်ခဲ့တာပါ... အစတုန်းကတော့ စမ်းသပ်ရုံ သက်သက်ပါပဲ... မအောင်မြင်ခဲ့ပေမဲ့ အောင်မြင်ဖို့ မျှော်လင့်ချက် ရှိလာခဲ့ပါတယ်..."
လီချင်းချိုး သူမကို ကြည့်ရင်း ခံစားချက် အမျိုးမျိုး ဖြစ်ပေါ်လာသည်။
ဝူရှင်းယွဲ့၏ ကျင့်ကြံမှု စိတ်နေသဘောထားမှာ သာမန်မျှသာ ဖြစ်သော်လည်း သူမ၏ နားလည်နိုင်စွမ်းမှာ အတော်လေး ကောင်းမွန်သည်။ သူမတွင် အထူးကံကြမ္မာ မရှိသလို လက်ရှိဂိုဏ်းတွင် ဤကဲ့သို့သော ပါရမီမျိုးကို ထူးချွန်သည်ဟု မသတ်မှတ်သောကြောင့် လီချင်းချိုး သူမကို အာရုံမစိုက်ခဲ့မိပေ။
မထင်မှတ်ဘဲ သူမက သူ့ကို အံ့အားသင့်စေခဲ့သည်။
ဤအချက်က ကံကြမ္မာတခုတည်းနှင့်တင် အရာအားလုံးကို မဆုံးဖြတ်နိုင်ကြောင်း ပြသနေသည်။
ကံကြမ္မာ မပါဘဲနှင့်လည်း အံ့ဖွယ်အမှုများကို ဖန်တီးနိုင်ပြီး ကြီးမြတ်သော အရာများကို ပြီးမြောက်စေနိုင်သည်။
ဝူရှင်းယွဲ့ကို ကြည့်လေ သူ ပိုကျေနပ်လေ ဖြစ်လာသည်။
"မင်း လုပ်တာ အရမ်းကောင်းတယ်... မင်း မှော်ရတနာ တစ်ခုကို ဖန်တီးလိုက်တာပဲ... အမှန်အတိုင်း ပြောရရင် ချင်းရှောင်ဂိုဏ်းမှာ သိုင်းပညာတင် မကဘူး... ကျင့်ကြံခြင်း နည်းလမ်းတွေလည်း ရှိတယ်... မင်း ပုံနှိပ်လိုက်တဲ့ တားမြစ်စည်းက ကျင့်ကြံခြင်း နည်းလမ်း တစ်ခုပဲ..."
မှော်ရတနာ…
ဝူရှင်းယွဲ့ မျက်လုံးများ ပြူးကျယ်သွားသလို အခြားသူများလည်း ထိုနည်းတူ ဖြစ်သွားကြသည်။ သို့သော် သေချာ စဉ်းစားလိုက်သောအခါ ဤကဲ့သို့သော နတ်ဘုရားလက်နက်မျိုးကို မှော်ရတနာ ဟု သတ်မှတ်နိုင်ကြောင်း သဘောပေါက်လိုက်ကြသည်။
ချင်းရှောင်ဂိုဏ်းက မသေမျိုးကျင့်ကြံခြင်း အယူအဆကို လက်ခံထားသည်မှာ ကြာပြီ ဖြစ်သော်လည်း ဂိုဏ်းချုပ် ကိုယ်တိုင် အတည်ပြုပေးမှသာ သူတို့ အမှန်တကယ် ယုံကြည်နိုင်ကြခြင်း ဖြစ်သည်။
"မင်းက ချင်းရှောင်ဂိုဏ်းအတွက် ပထမဆုံး မှော်ရတနာ ကို ဖန်တီးပေးခဲ့တဲ့အတွက် မင်းကို ဂုဏ်ပြုတဲ့အနေနဲ့ ကျောက်တိုင် စိုက်ထူပေးမယ်... ပြီးတော့ မင်းကို ကွမ်းယွမ်ခန်းမ ရဲ့ အကြီးအကဲ ရာထူး ပေးအပ်မယ်... ဂိုဏ်းရဲ့ လက်နက်သွန်းလုပ်ခြင်း လမ်းစဉ်မှာ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့အတွက် နောက်ထပ် မှော်ရတနာတွေ ပိုမို ဖန်တီးပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်..."
လီချင်းချိုး လေးနက်စွာ ပြောလိုက်ရာ ဝူရှင်းယွဲ့ စိတ်လှုပ်ရှားသွားရသည်။
အကြီးအကဲ... အဲဒါက တပည့်ရင်း ထက်တောင် ပိုမြင့်တဲ့ ဂုဏ်ပုဒ်ပဲ...
သူမ ချက်ချင်း အောင်မြင်သွားပြီ ….
"ဂိုဏ်းချုပ်ကို မြန်မြန် ကျေးဇူးတင်စကား ပြောလိုက်လေ..."
ကျူးယန်က တိုက်တွန်းလိုက်တော့
ဝူရှင်းယွဲ့ သတိဝင်လာပြီး ဆုလာဘ်အတွက် လီချင်းချိုးကို အလျင်အမြန် ဦးညွှတ်၍ ကျေးဇူးတင်စကား ပြောကြားလေ၏။
လီချင်းချိုးက ဝူရှင်းယွဲ့ကို ဆက်လက် ချီးကျူးစကားဆိုပြီး မှော်ရတနာ၏ အရေးပါပုံကို ရှင်းပြကာ ချင်းရှောင်ဂိုဏ်း၏ အနာဂတ်က သူမအပေါ်တွင် မူတည်နေသယောင် ပြောဆိုလိုက်သဖြင့် ဝူရှင်းယွဲ့ အလွန် စိတ်လှုပ်ရှားသွားရသည်။
တာအိုမျိုးဆက် စနစ် ထဲတွင် သူမ၏ သစ္စာရှိမှု အမှတ် ၉၀ သို့ ရောက်ရှိသွားသည်ကို မြင်သောအခါ လီချင်းချိုး၏ အပြုံး ပိုမိုပီပြင်လာသည်။
"နောက်ပိုင်း မေးစရာရှိရင် မင်းကွမ်း လိုပဲ ငါ့ဆီ တိုက်ရိုက် လာမေးလို့ ရတယ်..."
ထိုစကားကို ကြားသောအခါ ဝူရှင်းယွဲ့က မင်းကွမ်း ဘက်သို့ လှည့်ကြည့်လိုက်ရာ မင်းကွမ်းက သူမကို အားပေးသော အပြုံးဖြင့် ပြုံးပြလိုက်သည်။
လီချင်းချိုး ဆက်မနေတော့ဘဲ ဝူရှင်းယွဲ့ ပျော်ရွှင်မှုကို ခံစားနိုင်ရန် အချိန်ပေးလိုက်လေသည်။
သူနှင့် ရှောင်ညီအစ်ကိုသုံးဖော် ထွက်သွားပြီးနောက် ဝူရှင်းယွဲ့က ဝမ်းသာအားရ အော်ဟစ်ပြီး ကျူးယန်ကို တင်းကျပ်စွာ ဖက်ထားလိုက်သည်။
ကျူးယန် သူမကို တွန်းမထုတ်ဘဲ ကျေနပ်သော အပြုံးဖြင့် သူမ၏ ကျောကို ပုတ်ပေးလိုက်သည်။
သူမ ရင်ထဲတွင်လည်း ခံစားချက်များ ပြည့်နှက်နေ၏။ ဝူရှင်းယွဲ့ လက်နက်သွန်းလုပ်တတ်သည်ဟု ကြားရုံသာ ကြားဖူးခဲ့သဖြင့် ခြွင်းချက်အနေဖြင့် တပည့်အဖြစ် လက်ခံခဲ့ခြင်း ဖြစ်သည်။ ဝူရှင်းယွဲ့က သူမကို ဤမျှ ကြီးမားသော အံ့သြမှုမျိုး ပေးလိမ့်မည်ဟု သူမ တစ်ခါမျှ မထင်မှတ်ထားခဲ့ပေ။
အခြားတစ်ဖက်တွင်……
လီချင်းချိုးသည် ကျောက်ပြားခင်း လမ်းငယ်လေးပေါ်တွင် လျှောက်လှမ်းနေပြီး သူ့နောက်မှ ရှောင်ညီအစ်ကိုသုံးဖော်သည် မှော်ရတနာ အကြောင်း စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြသည်။
နောင်တစ်ချိန်တွင် ချင်းရှောင်ဂိုဏ်းသား တိုင်း မှော်ရတနာ တစ်ခုစီ ပိုင်ဆိုင်ကြလိမ့်မည်ဟု လီချင်းချိုး ပြောခဲ့သဖြင့် သူတို့ စိတ်ကူးယဉ် အိမ်မက်ကမ္ဘာထဲသို့ ရောက်ရှိနေကြခြင်း ဖြစ်သည်။
ထိုစဉ် လီချင်းချိုး၏ ရယ်မောသံ ရပ်တန့်သွားသည်။ အဘယ်ကြောင့်ဆိုသော် သူ့အတွေးများက မော့လီနှင့် ချီမိသားစု ထံသို့ ပြန်ရောက်သွားသောကြောင့် ဖြစ်သည်။
"ဝိညာဉ်မွေးမြူခြင်းတဲ့လား... ခင်ဗျားတို့ ဘယ်လို ပေါက်ကရတွေ လုပ်နိုင်မလဲ ဆိုတာ ကြည့်ရသေးတာပေါ့..."
|