← Chapters

နွေဦးရောင်ခြည် ဖြာကျခြင်း

Vol. 6 Ch. 51

နွေဦးရောင်ခြည် ဖြာကျခြင်း

Vol. 6 Ch. 51

"ဟူး... တော်တော်လက်ဝင်တဲ့အမှုပဲ။ မော့မော့... နောက်တစ်ယောက်က ဘယ်သူလဲ"

ယန်ချင်းက ခါးဆန့်ရင်း မေးလိုက်သည်။ ထို့နောက် ရှိနေသူများအရှေ့တွင် သူ၏ပုံရိပ်ကို ဂရုမစိုက်ဘဲ ထိုင်ခုံပေါ်တွင် သက်သောင့်သက်သာဖြစ်မည့် အနေအထားရအောင် ပျင်းရိစွာပင်နေရာယူလိုက်သည်။

မော့ယွင်ရုက အိပ်ချင်နေသော ယန်ချင်းကိုကြည့်ရင်း မျက်ခုံးပင့်လိုက်ပြီးမှ မေးခွန်းကို ဆက်လက်ဖြေကြားလိုက်သည်။

"နောက်ထပ်အမှုတွေကတော့ - အကြွေးအများကြီးမဆပ်နိုင်တဲ့ ဂိုဏ်းတစ်ခု၊ အဲဒီဂိုဏ်းက အဓိကတပည့်နဲ့ ကုန်သည်အဖွဲ့အစည်းတစ်ခုကြားက သုံးပွင့်ဆိုင်ပဋိပက္ခအမှု၊ မြေကမ္ဘာစပျစ်နွယ်စားသောက်ဆိုင်က ပရိဘောဂတွေကိုဖျက်ဆီးပြီး လျော်ကြေးမပေးချင်တဲ့ ရွှေအမြုတေအဆင့်ကျင့်ကြံသူ ၃ ဦးအမှု၊ နောက်ဆုံးတစ်ခုကတော့ ရွှေအမြုတေအထွတ်အထိပ် တစ်ကိုယ်တော်ကျင့်ကြံသူတစ်ဦးကို ချွတ်ယွင်းချက်ရှိတဲ့ ကောင်းကင်အဆင့်ဓားရောင်းချခဲ့တဲ့ ဥက္ကာကြွေပန်းပဲဆိုင် ကို တရားစွဲထားတဲ့အမှုပါ"

"ကျန်တဲ့အမှုတွေထဲက ဘယ်တစ်ခုစမလဲ ရွေးပါဦး"

မော့ယွင်ရုက တာဝန်ကျေသော တရားရေးလက်ထောက်တစ်ဦးကဲ့သို့ မေးလိုက်သည်။

"အင်း... သုံးပွင့်ဆိုင်အမှုကတော့ တော်တော်ရှုပ်မယ့်ပုံပဲ။ မြူနွံဂိုဏ်းအမှုပြီးရင် ပိုလွယ်တဲ့အမှုလိုချင်တယ်။ ပြဿနာအပုံလိုက်ဖြစ်မယ့် အမှုမျိုးမလိုချင်ဘူး။”

“ငါ ဆုံးဖြတ်လိုက်ပြီ... မြေကမ္ဘာစပျစ်နွယ်စားသောက်ဆိုင်နဲ့ တစ်ကိုယ်တော်ကျင့်ကြံသူ ၃ ယောက်အမှုကိုပဲ စပြီး ကိုင်တွယ်ကြတာပေါ့"

ယန်ချင်းက ထိုင်ခုံပေါ်တွင် သက်သောင့်သက်သာမှီရင်း စဉ်းစားပြီး ပြောလိုက်သည်။

"ဟိုလေ... တရားသူကြီးယန်ချင်း... ကျွန်တော်တို့အကူအညီလိုတဲ့ ကိစ္စလေးတစ်ခု ကျန်ပါသေးတယ်"

ဖုန်းကျန်းက ဘေးမှအားနာစွာ ဝင်ပြောလိုက်သည်။ ချန်ယွမ်က ဖုန်းကျန်းဘာမေးချင်တာလဲဆိုတာ စဉ်းစားရင်း နားမလည်စွာကြည့်နေသည်။

"သူတိုက်ခိုက်ရမယ့် ပွဲအရေအတွက် တိုးပေးဖို့တောင်းဆိုချင်နေတာလား"

ချန်ယွမ် မတွေးဘဲမနေနိုင်သလို သူ၏အတွေးမှာမှန်ကန်နိုင်ခြေများသည်ဟုလည်း ထင်နေသည်။

"ဘာကိစ္စလဲ အကြီးအကဲဖုန်းကျန်း"

ယန်ချင်းက မျက်လုံးမှိတ်ထားရင်း အိပ်ချင်မူးတူးလေသံဖြင့် ပြန်မေးလိုက်သည်။

"မြူနွယ်ပင်ကိစ္စပါ။ အဲဒါက စစ်ဆေးရေးမှူးဖုန့်ရှင်းလက်ထဲမှာ ရှိနေတုန်းပဲ။ ပြီးတော့ ကျွန်တော်တို့ရတနာတွေလည်း ပါသေးတယ်။ အဲဒါတွေပြန်ရနိုင်မလား မသိဘူး။”

“ရတနာတွေကို ဂရုမစိုက်ပေမဲ့ မြူနွယ်ပင်ကိုတော့ ပြန်လိုချင်ပါတယ်။ သူကကျွန်တော်တို့ ငယ်ငယ်ကတည်းက စောင့်ရှောက်လာခဲ့တဲ့ အပင်ပါ။ အခုသူက အမြဲတမ်းစောင့်ကြည့်ဂရုစိုက်ပေးဖို့ လိုအပ်တဲ့အရေးကြီးအချိန် ရောက်နေလို့ပါ"

ဖုန်းကျန်းက စိုးရိမ်တကြီးမေးလိုက်သည်။

သစ်ပင်၏ကျန်းမာရေးအတွက်ရော၊ တရားစီရင်ရေးအဖွဲ့က ဂိုဏ်းကိုအပိုဆောင်းပြစ်ဒဏ်အနေဖြင့် သစ်ပင်ကိုသိမ်းယူလိုက်မည်ကိုပါ သူစိုးရိမ်နေသည်။

"ဟေ့... ဖုန်း... စနေပြီလား"

ချန်ယွမ်က အလျင်အမြန်မေးလိုက်သည်။

"ဟုတ်တယ်... မစသေးရင်တောင် စတော့မှာ။ ဒါပေမဲ့ အခြေအနေက အရင်ကလောက် မကောင်းတော့ဘူး။ သူက ကျွန်တော်နဲ့ဂွီ ဘေးကင်းအောင် သူ့ရဲ့ စွမ်းအင်အများကြီး သုံးလိုက်ရတယ်။ ကျန်တဲ့စွမ်းအင်နဲ့ သူဘယ်လိုဆက်တောင့်ခံမလဲဆိုတာတော့ မသေချာသေးဘူး"

ဖုန်းကျန်းက အပြစ်ရှိစိတ်ဖြင့် ပြောလိုက်သည်။

"ဪ... သစ်ပင်ကိစ္စကို မေ့နေတာပဲ။ ဖုန့်ရှင်း..."

ယန်ချင်းက စိတ်ဝင်စားသောမျက်နှာထားဖြင့် ထလိုက်သည်။ ဖုန့်ရှင်းမှာ အခေါ်မခံရခင်ကတည်းက သူ့ဆီလျှောက်လာနေပြီဖြစ်သည်။

"ဒီထဲမှာပါ... သူတို့ရတနာတွေလည်း ပါတယ်။ ခင်ဗျားအဲဒါတွေရှင်းပြီးရင် ကျွန်တော်အမြန်ဆုံးဆုံးဖြတ်ချက်ချပေးစေချင်တဲ့ ကိစ္စတချို့ရှိသေးတယ်"

ဖုန့်ရှင်းက ချန်ယွမ်နှင့် ဖုန်းကျန်းတို့ရှိရာသို့ ရောက်နေပြီဖြစ်သော ယန်ချင်းကို ပြောလိုက်သည်။ ဝမ်ချန်မှာမူ ဂွီဘင်းဝမ်နှင့်အတူရှိနေပြီး ဂွီဘင်းဝမ်က ဖုန်းကျန်း၏အစီအစဉ်များနှင့် နောက်ဆက်တွဲဖြစ်ရပ်များကို စိတ်ရှည်လက်ရှည် ရှင်းပြနေသည်။

"စိတ်ဝင်စားစရာကောင်းတဲ့ သိုလှောင်အိတ်ပဲ။ အဆင့်မြင့်ဧကရာဇ်အဆင့်ရတနာဖြစ်မယ့်ပုံပဲ။ အသက်ဓာတ်ကို ထိန်းသိမ်းပေးနိုင်တဲ့ သိုလှောင်ရတနာတစ်ခုပဲ။”

“ဖုန့်ရှင်း... ဒီတစ်ခါတော့ မင်းကံကောင်းတာပဲ။ သိမ်းထားမှာလား၊ ရောင်းဖို့စဉ်းစားထားလား။ ရောင်းမယ်ဆိုရင် သားရဲထိန်းကျောင်းရေးဌာနခွဲက လူတွေကဈေးကောင်းပေးပြီး ဝယ်ကြမှာသေချာတယ်"

ယန်ချင်းက ကစားစရာအသစ်ရထားသော ကလေးတစ်ယောက်လို စိတ်ဝင်တစားကြည့်ရှုရင်း ပြောလိုက်သည်။

"သိမ်းထားဖို့ စဉ်းစားထားတယ်။ ရိုးရိုးသိုလှောင်လက်စွပ်တွေထက် ပါဝင်ပစ္စည်းတွေကို ပိုလတ်ဆတ်အောင် ထားနိုင်မှာလေ"

ဖုန့်ရှင်းက ပြန်ဖြေသည်။

ယန်ချင်းက နားလည်စွာခေါင်းညိတ်ပြီး အိတ်ကိုဆက်လက်ကလိနေလိုက်ရာ သူတို့အလယ်တွင် မြူနွယ်ပင် ပေါ်လာသည်။ ဖုန်းကျန်းနှင့် ဂွီဘင်းဝမ်တို့က အပြစ်ရှိစိတ်ဖြင့် ကြည့်နေကြပြီး ချန်ယွမ်မှာမူ လက်သီးကိုတင်းတင်းဆုပ်ကာ မျက်နှာမကောင်းဖြစ်နေသည်။

မြူနွယ်ပင်သည် အရွယ်အစားသေးငယ်သွားပြီး ၇၀ စင်တီမီတာခန့်သာ ရှိတော့သည်။ အရွက်များမှာလည်း ၁၀၀ အောက်သာကျန်တော့ပြီး အများစုမှာ ကတုံးဖြစ်နေသည်။

သစ်ပင်အကြောင်းနားမလည်သူပင် အခြေအနေမကောင်းကြောင်း ပြောနိုင်သည်။ ယန်ချင်းက ကျားသစ်သိုလှောင်အိတ်ကို ဖုန့်ရှင်းထံပြန်ပစ်ပေးလိုက်ပြီး ညှိုးနွမ်းအားနည်းနေသော သစ်ပင်နားသို့တိုးသွားသည်။

သူသည် အရွက်များကို ညင်သာစွာကိုင်တွယ်ပြီး အကိုင်းအခက်များနှင့် အခေါက်များကို ဂရုတစိုက်စစ်ဆေးသည်။ စစ်ဆေးမှုပြီးဆုံးသောအခါ သက်ပြင်းချလိုက်သည်။

ချန်ယွမ်နှင့် ကျန်လူများ၏နှလုံးသားသည် ယန်ချင်း၏သက်ပြင်းသံကြားသောအခါ စိတ်ဓာတ်ကျသွားသည်။ အဆိုးဆုံးအခြေအနေကို ကြိုတွေးထားသော်လည်း လက်တွေ့ဖြစ်လာသောအခါ လက်မခံနိုင်ဖြစ်နေသည်။

"ဒါကို ကံတရားလို့ပဲ သတ်မှတ်လိုက်ကြတာပေါ့။ မင်းလိုထူးခြားတဲ့အရာတစ်ခု ဒီအတိုင်းပျောက်ကွယ်သွားရမှာ နှမြောစရာကောင်းပါတယ်။ ဒါပေမဲ့ အလကားလုပ်ပေးမှာတော့ မဟုတ်ဘူးနော်။ အသီးတွေသီးလာရင် ငါ့အတွက်ချန်ထားပေးဖို့ မမေ့နဲ့"

ယန်ချင်း၏အကြည့်သည် ရုတ်တရက်လောဘတက်လာသည်။

အသီးအကြောင်းကြားလိုက်ရသောအခါ ဖုန့်ရှင်း၏မျက်လုံးများလည်း အရောင်တောက်လာသည်။ ဒီလိုမျိုးစိတ်ကွဲသစ်ပင်ရဲ့ အသီးအရသာဘယ်လိုနေမလဲ တွေးရင်း နှုတ်ခမ်းကို သပ်လိုက်မိသည်။ ထူးခြားသောအရသာရှိမည်မှာ သေချာသည်။

သို့သော် သူ၏မျက်ခုံးများ တွန့်ချိုးသွားသည်။ ယန်ချင်းမှာ သူ့လို အစားသရဲပင်။ အထူးသဖြင့် ကောင်းမွန်သောအရာများကို ဘယ်တော့မှမျှဝေလေ့ မရှိပေ။

အစားပုတ်ကောင် ယန်ချင်းဆီမှ လက်ကျန်လေးရဖို့အတွက်ပင် တန်ဖိုးတူတစ်ခုခုနှင့် လဲလှယ်ရလိမ့်မည်။ သူတို့နှစ်ယောက်အတွက်ဆိုလျှင် ကျင့်ကြံခြင်းအရင်းအမြစ်မဟုတ်ဘဲ စားစရာတစ်ခုခုဖြစ်မှ ရမည်။

"ငါအဲဒါကို သုံးမှရတော့မယ်ထင်ပါတယ်"

ဖုန့်ရှင်း တွေးရင်း နှမြောတသဖြစ်နေသည်။

"ဖုန့်ရှင်းဆီမှာ တန်ဖိုးတူလဲလှယ်စရာရှိပုံရတယ်။ တော်ဝင်ပုလဲသစ်ပင် ရဲ့ အငွေ့အသက်အနည်းငယ်ပါဝင်တဲ့ မြူနွယ်ပင်ရဲ့အသီးနဲ့ ယှဉ်နိုင်ဖို့ဆိုရင် မြစိမ်းရောင်မြူနွံဒေသက သူ့ရိတ်သိမ်းမှုက တော်တော်များပြားမှာပဲ။”

“ အဲဒီသစ်ပင်က မြင့်မြတ်သောနယ်မြေတွေကတောင် လောဘတကြီး လုယူကြလောက်အောင် တန်ဖိုးကြီးတယ်။ အငွေ့အသက်နည်းပါးပေမဲ့ ဒီသစ်ပင်ကို အနည်းဆုံးနယ်မြေအဆင့်ရောက်ဖို့နဲ့ အဲဒီအဆင့်မှာ ပြိုင်ဘက်တွေကြား အသန်မာဆုံးဖြစ်ဖို့ လုံလောက်တယ်။ ဟဲဟဲဟဲ... ဖုန့်ရှင်း... မင်းဆီကရှိသမျှ အကုန်ညှစ်ထုတ်ပစ်မယ်... စောင့်နေလိုက်"

ယန်ချင်း တွေးရင်း ဖုန့်ရှင်းကို အဆီအစ်နေသောသိုးတစ်ကောင်လို ဘေးတိုက်ကြည့်လိုက်သည်။

"ကဲ... အခြေအနေတွေ ဒီထက်ပိုဆိုးမလာခင် စလိုက်ကြစို့"

ယန်ချင်းက တွေးရင်း ခေါင်းခါလိုက်သည်။

"နွေဦးရောင်ခြည် ဖြာကျခြင်း "

ယန်ချင်း၏အသံသည် မဟာတာအို၏ အသံကဲ့သို့ အခန်းအနှံ့ပဲ့တင်ထပ်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များ သူ၏ခန္ဓာကိုယ်အနှံ့မှ ထွက်ပေါ်လာသည်။

ကံကောင်းထောက်မစွာ ထိုစွမ်းအင်အားလုံးသည် မြူနွယ်ပင်၏ထိပ်ဖျားသို့ညွှန်ပြထားသော သူ၏လက်ညှိုးထိပ်တွင် စုစည်းနေသည်။

ရောင်စုံအလင်းတန်းများ လက်ညှိုးထိပ်တွင် စုစည်းလာပြီး ယန်ချင်း၏ဆံပင်များမှာလည်း အစိမ်းရင့်ရောင်ပြောင်းသွားသည်။

ကျေးငှက်များတေးဆိုသံ၊ ပိုးကောင်များအော်မြည်သံ၊ တိရစ္ဆာန်များ လွတ်လပ်စွာပြေးလွှားနေသံ၊ ရေစီးသံ၊ မြေကြီးရွေ့လျားသံ၊ လေတိုးသံ၊ ပန်းပွင့်သံနှင့် အပင်များကြီးထွားလာသံများ​မှာ အခန်းတစ်ခုလုံး ပဲ့တင်ထပ်လျက်ရှိသည်။

ထိုအသံအားလုံးသည် ယန်ချင်း၏လက်ညှိုးထိပ်မှ ထွက်ပေါ်လာသောအလင်းရောင်ဆီမှ လာခြင်းပင်။ လိမ္မော်၊ အဝါ၊ အပြာနှင့် အစိမ်းရောင်အလင်းများ ပေါင်းစပ်သွားပြီး ခရမ်းရင့်ရောင်အလင်းက လွှမ်းခြုံထားသည်။

အလင်းများသည် လက်ဖဝါးအရွယ်အစားဘောလုံးအဖြစ် စုစည်းသွားပြီးနောက် ရေစက်ကလေးတစ်စက် အရွယ်အစားရောက်သည်အထိ ကျုံ့သွားသည်။

ကျုံ့ဝင်သွားတိုင်း ယန်ချင်း၏ကိုယ်မှထုတ်လွှတ်သော စွမ်းအင်ပမာဏတိုးလာပြီး သူ၏ဝတ်ရုံများလွင့်ပျံကာ လေထုပင်တုန်ခါသွားသည်။

နောက်ဆုံးတွင် လက်ညှိုးထိပ်မှအလင်းသည် ခရမ်းရောင်သမ်းနေသော အစိမ်းရောင်ရေစက်ကလေးအဖြစ် ဖွဲ့စည်းသွားသည်။ သေးငယ်သော်လည်း ထိုရေစက်ကလေးထဲတွင် ကမ္ဘာတစ်ခုတည်ရှိနေသကဲ့သို့ ဖြစ်နေသည်။

ရေစက်ကလေး မြူနွယ်ပင်ပေါ် ကျရောက်သွားသည်နှင့် နွေဦးရာသီရောက်ရှိလာသကဲ့သို့ ဖြစ်သွားသည်။ အရွက်များ မျက်စိဖြင့်မလိုက်နိုင်လောက်အောင် လျင်မြန်စွာထွက်ပေါ်လာသည်။

ယခင်ကထက် ပိုကြီးပြီး ပျောက်ဆုံးနေသောတောက်ပမှုများ ပြန်လည်ရောက်ရှိလာပြီး ပိုမိုတောက်ပကာ နူးညံ့နွေးထွေးသောအငွေ့အသက် ပါဝင်လာသည်။

ငှက်မည်း၊ မိုးကောင်ငှက်၊ ရင်အုပ်နီငှက်နှင့် သစ်ပင်ပျံလွှားငှက်တို့၏ ဝိညာဉ်ပုံရိပ်များ သစ်ပင်ပတ်လည်တွင် ပျံဝဲကာ တေးဆိုနေကြသည်။ ပန်းများပွင့်လာပြီး ပျားများပျံဝဲနေသည်မှာ သီချင်းဆိုနေသော ငှက်များနှင့် လိုက်ဖက်ညီကာပနံသင့်နေသည်။

အခန်းတွင်းရှိလူများနှင့်၊ ယီကျဲနှင့် ကျန်လူများပင် သူတို့ခန္ဓာကိုယ်များ ပြန်လည်အားပြည့်လာသလို စိတ်အာရုံများလည်း လန်းဆန်းလာသည်။

ကလစ်…

မြူနွယ်ပင်၏အခေါက်သည် ဖန်ကွဲသကဲ့သို့ ကွဲထွက်သွားပြီး နေရောင်ခြည်ကိုပင် ပြန်လည်ထင်ဟပ်နိုင်လောက်အောင် ချောမွေ့သော အဖြူရောင်အခေါက်သစ်ပေါ်လာသည်။ မိနစ်ပိုင်းအတွင်း သေလုမျောပါးဖြစ်နေသော သစ်ပင်သည် အသက်ပါဝါနှင့်တက်ကြွမှုများ ပြည့်နှက်နေသော သစ်ပင်ပျိုတစ်ပင်အဖြစ် ပြောင်းလဲသွားသည်။

"ငါ့အတွက်အသီးတွေ မမေ့နဲ့နော်။ မင်းအခုစမ်းသပ်မှုကို ကျော်ဖြတ်ဖို့လုံလောက်တဲ့စွမ်းအင် အရန်သင့်ရှိနေပြီ"

ယန်ချင်းက ပြောရင်း ညာလက်ကိုဝှေ့ယမ်းလိုက်ရာ ဝိညာဉ်ပုံရိပ်အားလုံး ပျောက်ကွယ်သွားပြီး ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။

မြူနွယ်ပင်သည် သဘောတူကြောင်းပြသသည့်အနေဖြင့် အကိုင်းအခက်များကို လှုပ်ခါလိုက်သည်။ချန်ယွမ်နှင့် ကျန်လူများ အံ့အားသင့်လွန်းသဖြင့် ယန်ချင်းကို လူထူးလးဆန်းတစ်ဦးကဲသို့ဝိုင်းကြည့်နေကြသည်။

ကျေးဇူးတင်စိတ်များ ပြည့်နှက်နေသော်လည်း တစ်ချိန်တည်းမှာပင် ခြင်္သေ့တစ်ကောင်နှင့်ရင်ဆိုင်နေရသော ယုန်တစ်ကောင်ကဲ့သို့ ကြောက်ရွံ့မှုကိုလည်း ခံစားနေရသည်။

မြူနွယ်ပင်သည် အဝါရောင်အလင်းတန်းတစ်ချက် လက်သွားပြီးနောက် ကျုံ့သွားကာ ချန်ယွမ်ထံသို့ပျံသန်းသွားသည်။ အလင်းသည် အဝါရောင်သစ်ရွက်တစ်ရွက်အဖြစ် ပြောင်းလဲသွားပြီး သူ၏ဝတ်ရုံပေါ်တွင် တွယ်ကပ်လိုက်သည်။

"အဆင်ပြေသွားတာပေါ့။ အခုဆိုရင် သစ်ပင်ကို ဂိုဏ်းဆီဘယ်လိုဘေးကင်းအောင် ပြန်သယ်ရမလဲ စိတ်ပူစရာမလိုတော့ဘူး။ ဖုန့်ရှင်း... သူတို့ရတနာတွေကို ဒီသိုလှောင်လက်စွပ်ထဲ ထည့်ပေးလိုက်ပါ။”

“အကြီးအကဲဖုန်းကျန်း... တိုက်ခိုက်ဖို့လာတဲ့အချိန်ကျရင် အဲဒါကိုပြန်ယူလာပေးပါ။ ဪ... မေ့တော့မလို့... အပြာရောင်အဆင့် ကျင့်ကြံခြင်းပညာရပ်လဲပေးရအုံးမယ်"

ယန်ချင်းက ပြောရင်း သိုလှောင်လက်စွပ်ထဲ မွှေနှောက်ကာ ချောမွေ့သော မီးခိုးရောင်ကျောက်စိမ်းတစ်ခုကို ထုတ်လိုက်ယူသည်။

ဖုန်းကျန်းသည် တစ်ကြိမ်သာသုံးနိုင်သောကျောက်စိမ်း ဖြစ်ကြောင်း ချက်ချင်းသိလိုက်သည်။ ဝိညာဉ်အာရုံကို ကျောက်စိမ်းထဲထည့်သွင်းလိုက်ရာ အပြာရောင်အဆင့်ကျင့်ကြံခြင်းပညာရပ်၏ အချက်အလက်အားလုံး ခေါင်းထဲဝင်ရောက်လာသည်။ ပညာရပ်နာမည်မှာ "လျှပ်တစ်ပြက် လက်သီးသိုင်း"ပင်။

လက်သီးပညာရပ်ဖြစ်သော်လည်း ကိုယ်ဖော့ပညာ၊ လက်ဝါးနှင့် ခန္ဓာကိုယ်သန့်စင်ခြင်း၊ ဝိညာဉ်သန့်စင်ခြင်းပညာရပ်များ ပါဝင်သည်။

ပြီးပြည့်စုံအောင် တတ်မြောက်ရန် အဆင့် ၅ ဆင့်ရှိပေသည်။ ပြီးပြည့်စုံသွားပါက လက်သီးသည် အလင်းကဲ့သို့မြန်ဆန်ပြီး မိုင် ၁၀၀၀ ပတ်လည်အတွင်းရှိ အရာအားလုံးကို ဖျက်ဆီးနိုင်သောအဖျက်အားပါဝင်သည်။ ဖုန်းကျန်းသည် ၎င်း၏နက်နဲမှုနှင့် ရှုပ်ထွေးမှုကို အံ့သြနေမိသည်။

သူသည် ယန်ချင်းကို ယခင်ကထက်ပိုမိုနက်ရှိုင်းစွာ ဦးညွှတ်လိုက်သည်။ အပြာရောင်အဆင့်ပညာရပ်များကို မမြင်ဖူးသော်လည်း ဤပညာရပ်သည် အပြာရောင်အဆင့်များကြားတွင်ပင် ထိပ်တန်းဖြစ်ကြောင်း သိလိုက်သည်။

"သေချာလေ့ကျင့်ပါ"

ယန်ချင်းက ယဉ်ကျေးစွာပြုံးရင်း သူတို့ကို တရားခွင်မှထွက်ခွာရန် လက်ပြလိုက်သည်။ မော့ယွင်ရုက ယန်ချင်းကို တစ်စုံတစ်ရာစဉ်းစားနေသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။

ဒီအမှုတစ်လျှောက်လုံးတွင် ယန်ချင်း၏အပြုအမူသည် ပုံမှန်မဟုတ်ပေ။ မည်မျှပင်စဉ်းစားသော်လည်း အကြောင်းရင်းကို သူမခန့်မှန်း၍မရနိုင် ဖြစ်နေသည်။

All Chapters