← Chapters

ယန်ချင်း၏ ကောက်ချက်ချမှုနှင့် အကြံအစည် ( ၁ )

Vol. 6 Ch. 52

ယန်ချင်း၏ ကောက်ချက်ချမှုနှင့် အကြံအစည် ( ၁ )

Vol. 6 Ch. 52

"မော့မော့... မင်းက စကားပြောစရာရှိရင် တွန့်ဆုတ်နေတတ်တဲ့သူမှ မဟုတ်တာ။ စိတ်ထဲတစ်ခုခုရှိရင် မေးလိုက်စမ်းပါ။”

“ ငါ့ရဲ့ဂျူနီယာလေး လမ်းလွဲမသွားအောင်အောင် လမ်းပြပေးရတာ ငါ့အတွက်ပျော်စရာပဲလေ။ ဒါမှမဟုတ် ယီကျဲနဲ့ ဖုန့်ရှင်းရှေ့မှာ ပြောလို့မဖြစ်တဲ့ကိစ္စမိုလို့လားလား။”

“သူတို့ကို ကန်ထုတ်လိုက်လို့ရတယ်​နော်။ သူတို့က တရားခွင်ထဲကလေထုကို အမြဲတမ်းမွန်းကြပ်စေတဲ့ ကောင်တွေလေ။”

“မင်းလိုနေရောင်ခြည်လေးနဲ့ မတူဘူး။ နန်းတော်တရားရုံးမှာ မင်းသာမရှိရင် ငါ့ဘဝကြီးခက်ခဲနေတော့မှာ”

ယန်ချင်းက ပြောရင်း အဆုံးသတ်တွင် ဝမ်းနည်းပက်လက်မျက်နှာပေးဖြင့် သက်ပြင်းချကာ ယီကျဲနှင့် ဖုန့်ရှင်းတို့ကို ဘယ်တော့မှနှုတ်မရနိုင်သော ခြေမတွင်စူးနေသည့် အဆိပ်ဆူးများကဲ့သို့ ကြည့်လိုက်သည်။

ထိုနှစ်ယောက်ကလည်း နှာခေါင်းရှုံ့ရင်း ယန်ချင်းကို ပိုမိုကြီးမားသောဆူးကြီး၊ အာဟာရများကိုစုပ်ယူနေသော ကပ်ပါးကောင်ကြီးအဖြစ် ပြန်လည်စိန်ခေါ်သည့်အကြည့်ဖြင့် ကြည့်လိုက်ကြသည်။

"ရှင်တို့ ၃ ယောက် တစ်ခါလောက် ပုံမှန်ဖြစ်လို့မရကြဘူးလား"

မော့ယွင်ရု ခေါင်းခါလိုက်မိသည်။

"ဒီအမှုစကတည်းက ရှင်တော်တော်ထူးဆန်းနေတယ်လို့ ကျွန်မတွေးနေတာ။ ဟုတ်ပါတယ်... ရှင်ကသာမန်အသိဉာဏ်နဲ့ သမာရိုးကျနည်းနဲ့ တိုင်းတာလို့ မရတဲ့ ထူးဆန်းတဲ့လူတစ်ယောက်ဆိုတာ မှန်ပေမဲ့ တချို့လုပ်ရပ်တွေက ရှင့်အတွက်ဆိုရင်တောင် သိပ်ကိုထူးဆန်းလွန်းနေတယ်"

မော့ယွင်ရုက ရိုးသားစွာပြောလိုက်သည်။

"ငါ့ကို လူထူးဆန်းဆိုပြီး အဲဒီလောက်ပြောဖို့ လိုလို့လား မော့မော့ရာ။ ငါဘယ်လောက်ထူးဆန်းတယ်ဆိုတာပြဖို့ အဲဒီလောက်စကားလုံးတွေ အများကြီးသုံးဖို့လိုလို့လား"

ယန်ချင်း ညည်းညူလိုက်သည်။

မော့ယွင်ရုက မကြားချင်ယောင်ဆောင်ပြီး ဆက်ပြောလိုက်သည်။

"ဥပမာတစ်ခုက ဝမ်ချန်ချီဖောက်ပြန်တုန်းက ရှင် 'ထာဝရညရဲ့စိမ်းလန်းပိုးအိမ်' ကိုသုံးပြီး ကူညီပေးခဲ့တယ်။ အဲဒီတုန်းက ရှင်က အရှိန်အဝါတစ်စိတ်တစ်ပိုင်းကို ထုတ်လွှတ်ပြီး ဂိုဏ်းချုပ်ချန်ယွမ်ရဲ့ စိတ်ဝိဥာည်ပင်လယ်ထဲကို ဝင်ရောက်ခဲ့တာကို ယီကျဲရော ကျွန်မပါ အာရုံခံမိတယ်။”

“ပြီးတော့ သူ့ကို ဝူလုံလက်ဖက်ရည်တိုက်တယ်၊ ချောင်ယင်းလက်ရာဟင်းပွဲတွေ မှာကျွေးတယ်၊ စားသောက်နေတုန်းမှာလည်း အမျိုးမျိုးလုပ်ပေးခဲ့တယ်။”

“အဲဒါတွေအားလုံးက ချန်ယွမ်ရဲ့ကျင့်ကြံခြင်းအဆင့်တက်ဖို့ ရည်ရွယ်ပြီးလုပ်ပေးနေသလိုပဲ။ အဲဒီမတိုင်ခင် မိနစ်ပိုင်းလောက်ကမှ ရှင့်အရှိန်အဝါနဲ့ သူ့ကိုခြိမ်းခြောက်ခဲ့သေးတယ်လေ”

"ပြီးတော့ ဖုန်းကျန်းကိစ္စမှာလဲ... အတူတူပဲ။ ရှင်က သူရဲ့တိုးတက်မှုအတွက် တက်တက်ကြွကြွ ကူညီပေးလိုက်သေးတယ်။ အပြာရောင်အဆင့်ကျင့်ကြံခြင်းပညာရပ် ပေးတာမျိုးအထိတောင် လုပ်ပေးတယ်။”

“ပြီးတော့ ရှင်ချမှတ်တဲ့ စည်းကမ်းချက်တွေကလည်း ပြစ်ဒဏ်နဲ့တောင်မတူဘူး။ ဒီအမှုတစ်လျှောက်လုံးမှာ တစ်ချိန်တုန်းက ချန်ယွမ်ကို မကျေနပ်ချက်ရှိသလိုလိုနဲ့ နောက်ပိုင်းကျတော့ သူတို့တိုးတက်ဖို့ အရာအားလုံးလုပ်ပေးနေသလိုပဲ။”

“ဒီလောက်ထိပါဝင်ပတ်သက်နေတာက တရားသူကြီးတစ်ယောက်မှာရှိသင့်တဲ့ ဘက်မလိုက်မှု တရားမျှတမှု စတဲ့ကျင့်ဝတ်တွေနဲ့ ဆန့်ကျင်မနေဘူးလား”

မော့ယွင်ရုက ယန်ချင်း၏အဖြေကို စောင့်မျှော်ရင်း မေးလိုက်သည်။

ယီကျဲနှင့် ဖုန့်ရှင်းတို့မှာမူ သူတို့နှင့်မဆိုင်သလို၊ ယန်ချင်း၏အကြောင်းပြချက်ကို စိတ်မဝင်စားသလို နေနေကြသည်။ ဘေးတွင် ပါဝင်ပစ္စည်းများနှင့် ဝိုင်ပမာဏအကြောင်း အချင်းချင်းဈေးဆစ်ငြင်းခုံနေကြသည်။

"ရှင်တို့နှစ်ယောက်က ဘယ်လိုလုပ်စိတ်မဝင်စားဘဲ နေနိုင်ရတာလဲ။ ယန်ချင်းရဲ့ထူးဆန်းတဲ့အပြုအမူကို စိတ်မဝင်စားကြဘူးလား။ အထူးသဖြင့် ရှင်လေ ဖုန့်ရှင်း... ရှင်သေလုနီးပါး ဖြစ်ခဲ့တာနော်။”

“ရှင့်ကို အဲဒီအခြေအနေရောက်အောင်လုပ်ခဲ့တဲ့ သူတွေကို ရှင့်ရဲ့အထက်လူကြီးက တက်တက်ကြွကြွကူညီပေးနေတာက ရှင့်အတွက် မတရားဘူးလို့ မထင်ဘူးလား"

သူတို့တုံ့ပြန်ပုံကြောင့် မော့ယွင်ရု တစ်ယောက် ကျွဲမြီးတိုသွားသည်။ သူတို့ ၃ ယောက်နှင့်အတူ တရားခွင်တွင် ၃ လကြာလက်တွဲလုပ်ကိုင်ခဲ့သော်လည်း တစ်ခါတစ်ရံ သူတို့အတွေးများကို လိုက်မမီနိုင် ဖြစ်ရသည်။ သို့သော် ဒီကိစ္စတွင်တော့ သူတို့အမြင်တူလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့သည်။

"အင်း... မော့မော့ရေ... ငါကမင်းနဲ့မတူဘူးလေ၊ ပြီးတော့ ငါက သာမန်စစ်ဆေးရေးမှူးတစ်ယောက်ပဲလေ။ ယန်ချင်းရဲ့ဆုံးဖြတ်ချက်တွေကို အရမ်းကြီးလိုက်တွေးနေစရာ မလိုပါဘူး။”

“အဲဒီအစား စားသောက်ဆိုင်တချို့ရဲ့ နာမည်ပျက်စာရင်း ကနေ ဘယ်လိုလွတ်အောင်လုပ်ရမလဲ၊ နောက်ထပ် 'မူလကြာပန်းနှင်းစက်'ဝယ်နိုင်အောင် ဘယ်လိုပိုက်ဆံရှာရမလဲဆိုတာပဲ တွေးချင်တယ်။”

“ဟုတ်တယ်... ငါဒဏ်ရာရလုနီးပါးဖြစ်ခဲ့တယ်။ ဒါပေမဲ့ ဒါကအလုပ်သဘောအရပဲလေ။ စစ်ဆေးရေးမှူးအလုပ်က အန္တရာယ်တွေ၊ ပြောင်းလဲမှုတွေနဲ့ ပြည့်နှက်နေတာပဲ။”

“ဒီအမှုမှာမဖြစ်ရင် တခြားအမှုမှာဖြစ်မှာပဲ။ ပြီးတော့ ဒီအမှုမှာ ငါရိတ်သိမ်းရတာတွေများပါတယ်။”

“ဒီတစ်ခေါက် ငါသွားခဲ့ရလို့ဝမ်းသာတယ်။ ဟို အဆိပ်တိုက်စားဗျိုင်း ကို ဘယ်လိုအကောင်းဆုံးအသုံးချရမလဲ စဉ်းစားနေတာ။ သူ့ရုပ်လိုပဲ အရသာက ရွံစရာမကောင်းပါစေနဲ့လို့ ဆုတောင်းရမှာပဲ”

ဖုန့်ရှင်း၏စကားများသည် နောက်ဆုံးတွင် ပါဝင်ပစ္စည်းများအကြောင်း ရောက်သွားပြီး မော့ယွင်ရုမေးသည်ကိုပင် မေ့သွားသည်။

"ငါလည်း ယန်ချင်းနဲ့သဘောထားတူတယ်။ မပူပါနဲ့ မော့မော့... မင်းသံသယဖြစ်နေတာ နားလည်ပါတယ်။ ဒါပေမဲ့ ဒီအလုပ်ကို လုပ်သက်ကြာလေလေ မင်းရဲ့ဆုံးဖြတ်ချက်တွေက ပိုပြီးပျော့ပျောင်းလာလေလေ ဖြစ်မှာပါ။”

“မင်းအမှုတွဲမှတ်တမ်းကို အထက်လူကြီးတွေဆီပို့လိုက်ပြီးပြီ မဟုတ်လား။ သူတို့ယန်ချင်းရဲ့ဆုံးဖြတ်ချက်ကို ပယ်ချတာမျိူး မင်းမတွေ့ရဘူးလေ။ဒါဆို သူတို့သဘောတူတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ”

ယီကျဲက မော့ယွင်ရုကို နှစ်သိမ့်သောအပြုံးဖြင့် ရှင်းပြသည်။

"အဲဒါကြောင့် မေးနေတာပေါ့။ ကျွန်မကြိုးစားပြီးစဉ်းစားပေမဲ့ လွတ်သွားတဲ့အချက်တချို့ ရှိနေတယ်လို့ ခံစားရတယ်။ ဒါကြောင့် ယန်ချင်းရဲ့အကူအညီလိုတာပေါ့"

မော့ယွင်ရုက အားကိုးရာမဲ့ပြုံးရင်း ဖြေလိုက်သည်။ တရားသူကြီးတစ်ယောက်ဖြစ်ပါလျက် ကိုယ့်အထက်လူကြီးရဲ့အတွေးကို လိုက်မမီကြောင်း ဝန်ခံရသည်မှာ သူမအတွက် အတော်လေးရှက်ရစရာဖြစ်နေသည်။

"မော့မော့လေး ရှက်နေတာ ချစ်စရာလေး"

ယန်ချင်းက သူမကိုလက်ညှိုးဖြင့်ထိုးရင်း ယုတ်မာစွာပြုံးလိုက်သည်။

"ကြီးကြပ်ရေးမှူးလဲ့ဝေယွမ်ဆီမှာ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုနဲ့ တိုင်လိုက်ရမလား"

မော့ယွင်ရု၏မျက်လုံးများတွင် အန္တရာယ်အရောင်အဝါများ တောက်ပလာပြီး အေးစက်စွာပြောလိုက်သည်။

"အဟွတ်... အဟွတ်... အဟမ်း...”

“ငါကအထက်လူကြီးကောင်းတစ်ယောက်ဆိုတော့ ငါ့အတွေးတွေကိုရှင်းပြပေးရတာက ဘာမှအပန်းမကြီးပါဘူး။ ငါ့ထင်မြင်ချက်သက်သက်လို့ အရင်ပြောပါရစေ။”

“ဂိုဏ်းချုပ်ချန်ယွမ်က ဒီအစီအစဉ်တစ်ခုလုံးရဲ့ နောက်ကွယ်က ကြိုးကိုင်သူလို့ ငါထင်တယ်။တရားစီရင်ရေးအဖွဲ့ကို ပါဝင်စေတာ၊ သူတို့အင်အားကို ခွဲထုတ်လိုက်တာ... အားလုံးက သူ့ရဲ့လုပ်ကြံဖန်တီးမှုတွေလို့ ငါထင်တယ်။”

“ အစတုန်းကတော့ သံသယသေးသေးလေးပဲ။ ဒါပေမဲ့ ဖုန်းကျန်းဆီကနေ ကူပိုးကောင်နဲ့ တုန်းယန်လင်ရဲ့ ဝိညာဥ်ကို အတင်းအဓမ္မဖယ်ရှားတုန်းက တစ်ခုခုအာရုံခံမိလိုက်တယ်။”

“ တစ်ယောက်ယောက်က တံဆိပ်ကိုနှောင့်ယှက်ဖို့ကြိုးစားခဲ့ပေမဲ့ ဘာမှမဖြစ်ခင် စောစောစီးစီးရပ်တန့်လိုက်တဲ့ ချီစွမ်းအင်အကြွင်းအကျန်တချို့ တွေ့ခဲ့တယ်။ အားနည်းပေမဲ့ ငါ့ရဲ့ဧကရာဇ်အာရုံကိုတော့ ဖုံးကွယ်လို့မရဘူး"

"ငါရှင်းပြလို့မပြီးမချင်း မေးခွန်းဖြတ်မမေးရဘူးနော် မော့မော့"

ယန်ချင်းက ပြောရင်း သူမဘက်မှလှည့်ထွက်သွားပြီး တရားခွင်အလယ်သို့ လျှောက်သွားကာ ကျွမ်းကျင်သူပညာရှင်တစ်ယောက်၏ ဟန်ပန်မျိုးဖမ်းလိုက်သည်။ အလယ်တွင်ရပ်တန့်ပြီး အဝေးကိုမျှော်ကြည့်နေသကဲ့သို့ ဟန်ဆောင်လိုက်သည်။

"ရှင်က ပညာရှိကြီးတစ်ယောက်လို ဟန်ဆောင်ရတာ ဘယ်လောက်တောင် ကြိုက်နေတာလဲ"

မော့ယွင်ရု ခေါင်းခါလိုက်မိသည်။ ယန်ချင်းက သူမစကားကို လုံးဝလျစ်လျူရှုပြီး ဆက်ပြောသည်။

“ချန်ယွမ်လိုအဆင့်မျိုးက သူ့နှာခေါင်းအောက်မှာ အကြီးအကဲတစ်သိုက် လုပ်ကြံဖို့ကြံစည်နေတာကို သတိမထားမိဘူးဆိုတာ ငါမယုံဘူး။ ဖုန်းကျန်းရဲ့သစ္စာဖောက်မှုကလည်း အစကတည်းက သံသယဖြစ်စရာပဲ။”

“တစ်ယောက်အသက်တစ်ယောက် အကြိမ်ကြိမ်ကယ်ခဲ့ဖူးတဲ့သူတွေ၊ ဆရာတူညီအစ်ကိုတွေက ဒီလောက်အလွယ်တကူ သစ္စာဖောက်ကြမယ်ဆိုတာ ယုံရခက်တယ်။”

“ဒါပေမဲ့ ငါ့သံသယအများစုက ချန်ယွမ်ဆီမှာပဲရှိတယ်။ ဒီစားပွဲနောက်မှာ အလုပ်လုပ်ရင်း ဂိုဏ်းချုပ်အများအပြားနဲ့ တွေ့ဖူးတယ်။ အဆင့် ၅ ဂိုဏ်းချုပ်တွေထဲမှာတောင် ရိုးရှင်းတဲ့သူတစ်ယောက်မှ မပါဘူး။”

“သူတို့အားလုံးမှာ တူညီတဲ့အချက်တစ်ချက်ရှိတယ်။ အားလုံးက အမြော်အမြင်ကြီးမားပြီး တွက်ချက်တတ်တဲ့ စိတ်ဓာတ်ရှိကြတယ်”

“ချန်ယွမ်လို အရည်အချင်းရှိသူက ဒီကိစ္စမှာညံ့ဖျင်းမယ်မထင်ဘူး။ တကယ်တော့ သူ့အဆင့်ဂိုဏ်းချုပ်တွေကြားမှာ ဆိုရင်သူ့ကိုငါအမှတ်ပိုပေးချင်တယ်။”

“အကြောင်းရင်းက ရှင်းပါတယ်။ သူကငယ်ငယ်လေးနဲ့ ဂိုဏ်းချုပ်နေရာရောက်လာတယ်။ အဲဒီအချိန်တုန်းက ကျင့်ကြံခြင်းအမြင့်ဆုံးရှိတဲ့ သူတို့ရဲ့ ဆရာသခင်က ဆုံးသွားပြီ။”

“အဲဒါတွေအားလုံးကို သူကတာဝန်ယူခဲ့ပြီး နှစ် ၁၀၀ မပြည့်ခင်မှာ မြစိမ်းရောင်မြူနွံလို ရှုပ်ထွေးတဲ့ဒေသမှာ ဒီနေ့လိုအခြေအနေရောက်အောင် ဂိုဏ်းကိုတိုးတက်စေခဲ့တယ်။”

“တရားစီရင်ရေးအဖွဲ့ လုံးဝမရှိတဲ့အဲဒီနေရာက ဝိညာဉ်သားရဲတွေမပါဘဲ လူအချင်းချင်းသတ်ဖြတ်မှုတွေနဲ့ ပြည့်နှက်နေတဲ့နေရာလေ။”

“အဲဒီလိုနေရာမှာ အသက်ရှင်ရပ်တည်ပြီး တိုးတက်အောင်လုပ်နိုင်ခဲ့သူက အလွယ်တကူအလိမ်ခံရမယ့် ရိုးရှင်းတဲ့လူစားမျိုးဆိုတာ လုံးဝ မဖြစ်နိုင်ဘူး”

“ဖုန်းကျန်း ပြောပြတာတွေကြားပြီးနောက် ငါ့အတွေးကို ဆက်စပ်မိသွားတယ်။ ဖုန်းကျန်းက ဂွီဘင်းဝမ်ဆီအရင်မသွားဘဲ သူ့ဆီအရင်လာခဲ့တယ်လို့ ငါယူဆတယ်။”

“ချန်ယွမ်က သူ့ညီအကြောင်း ကောင်းကောင်းသိတော့ တစ်ခုခုမှားနေတာနဲ့ ချက်ချင်းရိပ်မိမှာပဲ။”

“အဲဒီကနေ ဖုန်းကျန်းဆီက ကူပိုးကောင်ကို ဖယ်ရှားဖို့ကြိုးစားပေမဲ့ သူ့အတွက်အရမ်းရှုပ်ထွေးလွန်းတာ သိလိုက်ရတယ်။ ဒါဆို သူဘာလုပ်မလဲ။”

“ကူပိုးကောင်ထည့်တဲ့သူကို သတ်လိုက်ရင် ပညာရပ်ပျက်ပြယ်သွားမယ်လို့မျှော်လင့်ပြီး သတ်ဖို့ကြိုးစားမလား။ ဒါပေမဲ့ သူကိုယ်တိုင်လုပ်လို့မရဘူး။ တစ်ဖက်လူက သတိကြီးတယ်။”

“ပြီးတော့ တိုက်ပွဲဖြစ်ရင် လွယ်မှာမဟုတ်သလို ဂိုဏ်းလည်းပျက်စီးသွားလိမ့်မယ်။ ဒါကြောင့် သူနဲ့ဖုန်းကျန်းက သူနဲ့ဝမ်ချန်ကြား ရန်ငြိုးဖြစ်တဲ့ဇာတ်လမ်းကို ဖန်တီးလိုက်တယ်။ ပြီးတော့ အငှားဓားကိုသုံးပြီးဂိုဏ်းထဲက ကပ်ပါးကောင်တွေကိုပါ ရှင်းထုတ်ဖို့ ကြံစည်လိုက်တယ်”

"တုန်းယန်လင်က ဖုန်းကျန်းကို သတိသိပ်မထားလို့ သူ့ကိုပဲ တုန်းယန်လင်ကို ရှင်းခိုင်းလိုက်တယ်။ ရွှေအမြုတေအဆင့်စွမ်းအားရှိတဲ့ ရတနာတွေပေးတယ်။”

“ရွှေအမြုတေအထွတ်အထိပ်စွမ်းအားရှိတဲ့ မြူနွယ်ပင်ရဲ့အကူအညီကို ယူတယ်။ ဒီအချက်တွေအားလုံးနဲ့ဆိုရင် သူ့ကိုရှင်းပစ်နိုင်မယ်လို့ သူတို့ယုံကြည်ခဲ့ကြတယ်”

"မြူနွယ်ပင်ကို ဂိုဏ်းကနေထုတ်ယူသွားတာကလည်း သူပါဝင်ပတ်သက်နေတယ်ဆိုတဲ့ သက်သေတစ်ခုပဲ။ အဲဒါက ဂိုဏ်းရဲ့အဖိုးတန်ဆုံးရတနာလေ။”

“ဖုန်းကျန်းက ဒုတိယဂိုဏ်းချုပ်ဖြစ်ပေမဲ့ အဲဒီလောက်လွယ်လွယ်နဲ့ ယူသွားလို့မရနိုင်ဘူး။ ချန်ယွမ်လိုဂိုဏ်းချုပ်က သူ့တာဝန်ကိုလစ်ဟင်းပြီး အလွယ်တကူထားခဲ့မယ်လို့ မထင်ဘူး”

"သူတို့ကအစီအစဉ်နှစ်ခု ချမှတ်ခဲ့တယ်။ အစီအစဉ် (၁) ကတော့ မြူနွယ်ပင်ရဲ့အကူအညီနဲ့ ဖုန်းကျန်းက တုန်းယန်လင်ကို ရှင်းပစ်ဖို့။ ဒါပေမဲ့ မမျှော်လင့်တာတစ်ခုခုဖြစ်ပြီး သစ်ပင်တောင်မနိုင်တဲ့ အခြေအနေမျိုးဖြစ်လာရင် အစီအစဉ် (၂) ကို သုံးမယ်။”

“အဲဒါကတော့ ချန်ယွမ်က ဝမ်ချန်ရဲ့အကူအညီနဲ့ ဂိုဏ်းကိုအစကနေ ပြန်တည်ထောင်ဖို့။ ဒီကိုလာတဲ့ ဂိုဏ်းချုပ်ရဲ့တပည့်တွေထဲမှာ အများစုက အလားအလာအရှိဆုံးဂိုဏ်းရဲ့ မျိုးစေ့လေးတွေဖြစ်မယ်လို့ ငါလောင်းရဲတယ်။ ဖုန့်ရှင်းက မြင်ဖူးတော့ အတည်ပြုပေးနိုင်မယ်ထင်တယ်”

ယန်ချင်းက ဖုန့်ရှင်းဘက် လှည့်မေးလိုက်သည်။

"သူတို့ဂိုဏ်းစံနှုန်းနဲ့ဆိုရင်တော့ တကယ်ကို အလားအလာရှိတဲ့သူတွေပါ။ ၁၅ ယောက်လောက်ရှိတယ်။ အားလုံးက လူငယ်တွေ၊ အခြေတည်အဆင့်တွေ။ ၂ ယောက်က ချီစုစည်းမှုအထွတ်အထိပ်အဆင့်။”

“အခြေတည်အဆင့်တွေထဲမှာ အသက် ၃၀ လောက်ရှိပြီး အခြေတည်အဆင့်အလယ်အလတ်ရောက်နေတဲ့ တစ်ယောက်ပါသေးတယ်။ အဲဒီအဆင့်က အဆင့် ၃ ဂိုဏ်းတွေ၊ တချို့အဆင့် ၂ ဂိုဏ်းတွေမှာတောင် ပါရမီရှင်လို့ သတ်မှတ်လို့ရတယ်”

ဖုန့်ရှင်းက ဖြေသည်။ ယန်ချင်းက သဘောကျစွာ ခေါင်းညိတ်လိုက်သည်။

"ချန်ယွမ်အတွက်တော့ ဂိုဏ်းဆက်လက်ရပ်တည်နိုင်ရေးက သူ့အသက်၊ သူ့ညီရဲ့အသက်၊ တကယ်တမ်းလိုအပ်လာရင် မြူနွယ်ပင်ထက်တောင် ပိုအရေးကြီးတယ်။ ဒါကြောင့် သူဒီလောင်းကြေးကိုထပ်ပြီး သူတို့အစီအစဉ်လွဲချော်ခဲ့ရင် မြူနွယ်ပင်ဆုံးရှုံးရမယ့်အန္တရာယ်ကို သိသိလျက်နဲ့ စွန့်စားခဲ့တာ။”

“ဒီကိစ္စအားလုံးမှာ ဘာမှမသိတဲ့သူဆိုလို့ ဝမ်ချန်တစ်ယောက်ပဲရှိတယ်။ ငါသာမကူညီရင် သူအသက်ပေးလိုက်ရမှာ။ သူ့အနားမှာရှိနေတုန်း ငါဖတ်မိတဲ့အခြေအနေက ဒါပဲ”

ယန်ချင်းက စကားခေတ္တရပ်ပြီး သစ်သားရေဘူးစိမ်းလေးတစ်ခုထဲမှ တစ်စုံတစ်ရာကို မော့သောက်လိုက်သည်။

All Chapters