← Chapters

ယန်ချင်း၏ ကောက်ချက်ချမှုနှင့် အကြံအစည် ( ၂)

Vol. 6 Ch. 53

ယန်ချင်း၏ ကောက်ချက်ချမှုနှင့် အကြံအစည် ( ၂)

Vol. 6 Ch. 53

ယန်ချင်းသည် ခံတွင်းစိုအောင် အနည်းငယ်မော့သောက်ပြီးနောက် သူ၏ ရှင်းပြချက်ကို ဆက်လက်ပြောပြသည်။

"ဝမ်ချန် ချီဖောက်ပြန်တဲ့အချိန်မှာ ငါ့အတွေးတွေက အတော်လေးသေချာနေပြီ။ ဒါကြောင့် သူ့ကိုကူညီရင်း အချိန်ခဏလေးအတွင်းမှာ ငါ့ရဲ့အရှိန်အဝါတစ်စိတ်တစ်ပိုင်းကို ထုတ်လွှတ်ပြီး ချန်ယွမ်ရဲ့ စိတ်ပင်လယ်ထဲကို ထည့်သွင်းလိုက်တာ။”

“သူကြုံတွေ့ခဲ့ရတာက အဲဒီအရာရဲ့အစိတ်အပိုင်းသေးသေးလေးပဲရှိသေးတယ်။ ငါသံသယဖြစ်နေတဲ့ကိစ္စသာ တကယ်ဖြစ်လာခဲ့ရင်တော့ အစစ်အမှန်က နောက်မှထွက်ပေါ်လာလိမ့်မယ်”

“သူဘယ်လိုလုပ်ခဲ့လဲမသိပေမဲ့ ဂိုဏ်းချုပ်ချန်ယွမ်က သူ့မှတ်ဉာဏ်အစိတ်အပိုင်းတချို့၊ အထူးသဖြင့် တုန်းယန်လင်နဲ့ ပတ်သက်ပြီး သူကြံစည်ခဲ့တဲ့အစီအစဉ်နဲ့ ပတ်သက်တာတွေကို ဖျောက်ဖျက်ထားတယ်လို့ ငါသံသယဖြစ်နေတာ။”

“မဟုတ်ရင် သူ့သရုပ်ဆောင်ချက်တွေက ဒီလောက်အပြစ်ကင်းစင်နေမှာမဟုတ်ဘူး။ ကိုယ်တိုင်တကယ်မသိမှသာ သရုပ်ဆောင်တာမဟုတ်ဘဲ အစစ်အမှန်ဖြစ်မှာလေ”

ယန်ချင်းက စဉ်းစားခန်းဝင်နေရင်း ပြောလိုက်သည်။

ချန်ယွမ်သည် သူ၏ဝိညာဉ်ကို အတင်းအဓမ္မဖတ်ရှုခြင်းမပြုပါက သဲလွန်စရှာမတွေ့နိုင်လောက်အောင် ဘယ်လိုနည်းလမ်းမျိုးသုံးခဲ့သလဲဆိုတာ ယန်ချင်းသိချင်နေမိသည်။

“ဒါပေမဲ့ သူမှတ်ဉာဏ်ဖျောက်ဖျက်ဖို့ သုံးခဲ့တဲ့နည်းလမ်း ဘာပဲဖြစ်ဖြစ် အဲဒါကိုဖြေရှင်းနိုင်မယ့်နည်းလမ်းတွေ ကျွန်မတို့ဆီမှာမရှိဘူးလား”

မော့ယွင်ရုက နားမလည်စွာမေးလိုက်သည်။

ချန်ယွမ်တို့လို အဆင့်နိမ့်ဂိုဏ်းတွေကို အထင်သေးတာမဟုတ်ပေမဲ့ တရားစီရင်ရေးအဖွဲ့ရဲ့ နည်းလမ်းတွေကို ကျော်လွန်နိုင်မယ့်အရာမျိုး သူတို့ဆီမှာရှိလိမ့်မည်ဟု သူမမထင်ထားပေ။

"မော့မော့... မင်းအဲဒီလိုဆက်တွေးနေမယ်ဆိုရင် မင်းရဲ့အမြင်က ကျဉ်းမြောင်းပြီး အမြော်အမြင်နည်းပါးသွားလိမ့်မယ်။ အဲဒါကမင်းကို လူတွေလှည့်စားဖို့ ပိုလွယ်ကူစေလိမ့်မယ်။”

“ကမ္ဘာကြီးက မင်းနဲ့ငါ စိတ်ကူးနိုင်တာထက် အများကြီး ပိုပြီးကျယ်ပြောတယ်။ ကျင့်ကြံခြင်းဆိုတာ သဲပွင့်တွေလိုများပြားတဲ့လမ်းစဥ်တွေ၊ ရှာဖွေတွေ့ရှိမှုတွေနဲ့ ပြည့်နှက်နေတဲ့ အဆုံးမရှိခရီးရှည်ကြီးတစ်ခုပဲ”

“တချို့အဆင့်မရှိတဲ့ဂိုဏ်းတွေမှာ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် ၃ ဆင့်ကို တစ်ရက်တည်းနဲ့ကျော်ဖြတ်နိုင်တဲ့ နည်းစနစ်တွေရှိကောင်းရှိနိုင်တယ်။ တချို့က ထူးခြားတဲ့ပန်းပဲပညာတွေ တတ်ကျွမ်းကြတယ်။ တချို့က ဝိညာဉ်သားရဲတွေရဲ့ကျင့်ကြံခြင်းပုံစံကို တုပနိုင်ကြတယ်။”

“ အဲဒီလိုတွေအများကြီးရှိနေနိုင်တယ်။ ကျင့်ကြံခြင်းပညာရပ်တွေနဲ့ အဂ္ဂိရတ်ပညာမှာလည်း ဒီသဘောတရားအတိုင်းပဲ။ ဘယ်လောက်ဝါရင့်တဲ့ အဂ္ဂိရတ်ပညာရှင်ဖြစ်ပါစေ၊ ရှိသမျှဆေးဖော်မြူလာအားလုံးကို သိပါတယ်လို့ မပြောရဲကြဘူး။ သူတို့သိတာတွေက သမုဒ္ဒရာကြီးထဲက ရေတစ်စက်လောက်ပဲရှိတယ်။”

“ကျင့်ကြံခြင်းပညာရပ်တွေလည်း ဒီအတိုင်းပဲ။ ယေဘုယျအားဖြင့် စွမ်းအားမကြီးပေမဲ့ သီးခြားရည်ရွယ်ချက်တစ်ခု၊ ဥပမာ - မှတ်ဉာဏ်ကို ဘေးထွက်ဆိုးကျိုးမရှိဘဲဖျောက်ဖျက်တာမျိုးအတွက်တော့ အရမ်းစွမ်းအားကြီးမားနေနိုင်တယ်။”

“ဘယ်သူ့ကိုမှ အဆင့်အတန်းနဲ့မဆုံးဖြတ်ပါနဲ့။ ချီစုစည်းမှုအဆင့်လောက်ပဲရှိတဲ့သူက မင်းမသိတဲ့အရာတစ်ခုခုကို သိနေနိုင်တယ်။”

“မြူနွံဂိုဏ်းမှာ နန်းတော်အဆင့်ကျွမ်းကျင်သူတစ်ယောက်ရဲ့ အာရုံခံနိုင်စွမ်းကိုတောင် လှည့်စားနိုင်လောက်တဲ့ မှတ်ဉာဏ်ဖျောက်ဖျက်နည်းတစ်ခုရှိမယ်လို့ ငါထင်တယ်။ အဲဒီနည်းလမ်းက သဘာဝရတနာတစ်ခုခု၊ ဥပမာ - သူတို့ရဲ့မြူနွယ်ပင်ဆီကနေ ရတာဖြစ်ဖို့ ပိုများတယ်လို့ ငါယူဆတယ်”

ယန်ချင်းက အပြုံးပါးပါးလေးဖြင့် ပြောလိုက်သည်။

မော့ယွင်ရု ခေါင်းငုံ့သွားပြီး ရင်ခုန်သံမြန်လာသည်။ တရားစီရင်ရေးအဖွဲ့ဝင်တစ်ယောက်ဖြစ်ခြင်းကြောင့် သူမမျက်လုံးများမှာ မာန်မာနအနည်းငယ်ဖုံးလွှမ်းနေခဲ့ကြောင်း သဘောပေါက်လိုက်သည်။

ယန်ချင်းတွင် မတူညီသောအမြင်ရှိရခြင်းမှာ သူ၏မိသားစုကြောင့်ဖြစ်သည်။သူ၏မိသားစုသည် အဆင့်မရှိသော်လည်း နယ်ပယ်တစ်ခုတွင် အလွန်ကျွမ်းကျင်သဖြင့် တရားစီရင်ရေးအဖွဲ့အတွင်းရှိ သူတို့ထက်ပိုမိုအစွမ်းထက်သောကျင့်ကြံသူများပင် လေးစားရသည့် သက်ရှိသက်သေများပင်။

သူ၏မိသားစုတစ်ခုတည်း မဟုတ်ပေ။ထိုအရာကပင် မော့ယွင်ရုကို ပိုပြီးရှက်ရွံ့စေသည်။ တရားစီရင်ရေးအဖွဲ့ကို ဒီနေ့လိုအခြေအနေရောက်အောင် ကူညီပေးခဲ့တဲ့ အခြေခံအုတ်မြစ်တွေထဲကတစ်ခုကို သူမ မေ့လျော့နေခဲ့သည်။

အဖွဲ့သည် အဆင့်မရှိသောမိသားစုများမှ ကျောင်းသားများကို လက်ခံရုံသာမက သူတို့မိသားစုများကိုပါ လက်ခံခဲ့သည်။

ထိုမိသားစုများ သို့မဟုတ် မျိုးနွယ်စုများတွင် သီးခြားနယ်ပယ်ငယ်တစ်ခု၌ ထူးခြားသောစွမ်းရည်၊ အမွေအနှစ်နှင့် ဗဟုသုတများရှိကြသည်။ ထိုအရာကပင် တရားစီရင်ရေးအဖွဲ့၏ အခြေခံအုတ်မြစ်တစ်ခုဖြစ်လာခဲ့သည်။

“ကဲ... ပထမမေးခွန်း ဖြေပြီးပြီ။ ကျန်တဲ့မေးခွန်းတွေက ငါဘာလို့ မြူနွံဂိုဏ်းကို ဒီလောက်ကူညီပေးနေတာလဲဆိုတာနဲ့ သက်ဆိုင်နေတယ်။ အင်း... မော့မော့... တရားစီရင်ရေးအဖွဲ့ရဲ့ လုပ်ပိုင်ခွင့်အာဏာက ဘာလို့ထင်လဲ”

ယန်ချင်း မေးလိုက်သည်။

"ကျွန်မတို့က တောင်ဘက်တိုက်ကြီးမှာ ဘယ်သူပဲဖြစ်ဖြစ် တရားမျှတမှုနဲ့ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့၊ သာယာဝပြောဖို့ တာဝန်ထမ်းဆောင်ပါတယ်"

မော့ယွင်ရုက စာကျက်ထားသလို နှုတ်တိုက်ဖြေလိုက်သည်။ ထိုအရာသည် သူတို့ငယ်စဥ်ကတည်းက သွတ်သွင်းခံထားရပြီး သစ္စာဆိုချက်တစ်ခုလို ဖြစ်နေသည်။

"မင်းပြောတာ မှန်တယ်။ ဒါပေမဲ့ ငါဖြည့်စွက်ချင်တာတချို့ရှိတယ်။ တရားစီရင်ရေးအဖွဲ့ကို စတင်တည်ထောင်ခဲ့တာက ကျင့်ကြံသူတွေရဲ့စစ်ပွဲတွေကြောင့် သာမန်ပြည်သူတွေရဲ့ဘဝတွေ မပျက်စီးစေဖို့။”

“အခြေခံအားဖြင့် အဖွဲ့တည်ရှိရတဲ့အကြောင်းရင်းနဲ့ ငါတို့ရဲ့တကယ့်ရည်မှန်းချက်က သာမန်ပြည်သူတွေရဲ့လုံခြုံရေးကို အာမခံဖို့ပဲ။”

“ချီစုစည်းမှုအဆင့်လောက်ရှိတဲ့သူတစ်ယောက်တည်းက ကျင့်ကြံခြင်းမရှိတဲ့ သာမန်လူတစ်ထောင်လောက်ကို အလွယ်တကူသတ်ဖြတ်နိုင်တယ်။ အခြေတည်အဆင့်ဆိုရင် အဲဒီထက်အဆ ၅၀ ပိုသတ်နိုင်တယ်။”

“အဲဒီလိုလူတွေအများကြီးပါဝင်တဲ့ စစ်ပွဲတွေဆိုရင် ဘယ်လိုနေမလဲ။ သန်းနဲ့ချီတဲ့သာမန်ပြည်သူတွေ ဘာမှမသိဘဲ မြေစာပင်ဖြစ်သွားကြလိမ့်မယ်။ ကျင့်ကြံသူတွေရှေ့မှာ သူတို့အသက်တွေက မြက်ပင်တွေလိုပဲ။”

“တိုက်ခိုက်နေတုန်း မတော်တဆနင်းမိရင်တောင် ဘယ်သူမှ ဂရုစိုက်ကြမှာမဟုတ်ဘူး။ဟိုတုန်းက စစ်ပွဲတွေအရမ်းဆိုးရွားခဲ့လို့ တိုက်ကြီးတစ်ခုလုံးက သာမန်ပြည်သူအရေအတွက် သုံးပုံတစ်ပုံလောက်အထိ ကျဆင်းသွားခဲ့တယ်။”

“အဲဒါက တောင်ဘက်တိုက်ကြီးတစ်ခုလုံးအတွက် အန္တရာယ်ရှိတဲ့အကျိုးဆက်ကို ဖြစ်စေခဲ့တယ်။ ငါတို့ရဲ့အခြေခံအုတ်မြစ်ကြီးက ယိုင်နဲ့သွားခဲ့တယ်။”

“မင်းသိတဲ့အတိုင်းပဲ... ကျင့်ကြံသူတွေက ကလေးရဖို့မလွယ်ဘူး။ စွမ်းအားကြီးလေ ပိုခက်လေပဲ။ နှစ် ၁၀,၀၀၀ လောက်အသက်ရှင်ပြီး ဘဝတစ်သက်လုံးမှာကလေးတစ်ယောက်ပဲ ရတာမျိုးလဲဖြစ်နိုင်တယ်”

"ငါတို့ စွမ်းအားကြီးလာလေ မေ့လျော့တတ်လေ ဖြစ်နေကြတယ်။ ငါတို့ရဲ့ဇာစ်မြစ်က ငါတို့မြက်ပင်လိုသဘောထားတဲ့ သာမန်ပြည်သူတွေဆီက လာတာ။”

“ကျင့်ကြံသူတွေရဲ့သွေးကြောက သူတို့ဆီကလာတာ။ သူတို့မရှိရင် ငါတို့အရေအတွက် ကျဆင်းသွားမယ်။”

“ ပါရမီရှင်အသစ်တွေ၊ ကောင်းကင်ဘုံကိုစိန်ခေါ်နိုင်တဲ့ ဉာဏ်ကြီးရှင်တွေ ပေါ်ထွက်လာတော့မှာမဟုတ်ဘူး။ ရာစုနှစ်တွေ၊ ထောင်စုနှစ်တွေကြာလာပြီး တပည့်သစ်လက်ခံရရှိမှု နှုန်းထားတွေထိုးကျသွားတဲ့အခါကျမှ ဂိုဏ်းတွေ၊ မျိုးနွယ်စုတွေ၊ အင်ပါယာတွေ အဲဒီကြမ်းတမ်းတဲ့အမှန်တရားကို သိမြင်လာကြတာ။”

“ပါရမီရှင်အသစ်တွေက သနားစရာကောင်းလောက်အောင် နည်းပါးလာတယ်။ လူငယ်ကလူကြီးနေရာ ဆက်ခံနိုင်မှုအချိုးအစားက ၁:၅၀,၀၀၀ လောက် ဖြစ်သွားတယ်။ အဆင့် ၃ နဲ့အထက်ဂိုဏ်းတွေက သူတို့ရဲ့ဝင်ခွင့်လိုအပ်ချက်တွေကို လျှော့ချလိုက်ရတယ်။”

“အဲဒီတော့ အဆင့်နိမ့်ဂိုဏ်းတွေမှာ ရာစုနှစ်အနည်းငယ်အတွင်း ဝင်လာသူ လုံးဝမရှိသလောက် ဖြစ်သွားတယ်။ အမွေဆက်ခံမယ့်သူ မရှိတော့လို့ တချို့ဂိုဏ်းတွေဆိုရင် အချိန်ကာလသဲမှုန့်တွေကြားမှာပဲ မြှုပ်နှံခံလိုက်ရတယ်။”

“ တောင်ဘက်တိုက်ကြီးတစ်ခုလုံးရဲ့ ကျင့်ကြံခြင်းအဆင့်အတန်းကလဲ ကျဆင်းသွားခဲ့တယ်။ ဒါကြောင့်လည်း တခြားတိုက်ကြီးက ဂိုဏ်းတွေက ငါတို့နောက်ဖေးပေါက်အထိလာပြီး အစွယ်ထုတ်ရဲကြတာပေါ့"

"မြင်ပြီလား မော့မော့... တရားစီရင်ရေးအဖွဲ့ရဲ့ သည်းခံနိုင်တဲ့အကန့်အသတ်က သာမန်ပြည်သူတွေရဲ့အသက်ပဲ။ ဒါကြောင့် သာမန်ပြည်သူတွေကိုဒုက္ခပေးတဲ့ ကျင့်ကြံသူတွေကိုပေးတဲ့ပြစ်ဒဏ်က အချင်းချင်းဒုက္ခပေးတာထက် ပိုပြင်းထန်နေတာ”

"အဓိကရည်မှန်းချက်ကို ကာကွယ်ပြီးပြီဆိုရင် ဒုတိယရည်မှန်းချက်ဖြစ်တဲ့ တည်ငြိမ်မှုထိန်းသိမ်းရေးကို ဆက်လုပ်လို့ရပြီ။ အဲဒါကို အတင်းအကျပ်လုပ်မလား၊ တခြားနည်းလမ်းတွေသုံးမလားဆိုတာ ရွေးချယ်စရာရှိတယ်။”

“ပထမနည်းလမ်းတစ်ခုတည်းကို အားကိုးဖို့ဆိုတာ ငါတို့အတွက်မဖြစ်နိုင်ဘူး။”

“ငါတို့သမိုင်းကြောင်းက တိုတောင်းသလို တောင်ဘက်တိုက်ကြီးတစ်ခုလုံး တရားမျှတမှုရှိအောင် အတင်းအကျပ်လုပ်နိုင်လောက်တဲ့ လူအင်အားငါတို့မှာမရှိဘူး။ ဒါကြောင့် တခြားနည်းလမ်းတွေ သုံးရတယ်။ အဲဒီထဲကတစ်ခုက မြူနွံဂိုဏ်းကို ငါလုပ်ပေးခဲ့တာပဲ။”

“ ဒီနေ့ခေတ်ဂိုဏ်းတွေ၊ မျိုးနွယ်စုတွေ၊ အင်ပါယာအများစုက ငါတို့ကို မျက်စိစပါးမွေးစူးနေကြတယ်။ ငါတို့အချိန်တိုအတွင်း ဒီလောက်ကြီးထွားလာတာကို အတုခိုးဖို့ ကြိုးစားနေကြတယ်။”

“ငါတို့ကိုယှဉ်ပြိုင်ဖို့၊ ငါတို့စည်းမျဉ်းတွေအောက်က ရုန်းထွက်ဖို့ မဟာမိတ်တွေဖွဲ့နေကြတယ်။ အထူးသဖြင့် အဆင့် ၂ နဲ့အထက်ဂိုဏ်းတွေပေါ့။”

“သူတို့လုပ်သမျှကို စောင့်ကြည့်နေတဲ့သူတစ်ယောက် သူတို့အပေါ်မှာရှိနေတာကို မုန်းကြတယ်။ သူတို့လုံးဝမညီညွှတ်ကြလို့သာပေါ့၊ မဟုတ်ရင် ခုအချိန်လောက်ဆို ငါတို့ဌာနချုပ်ကို ဝင်စီးနေလောက်ပြီ”

"ဒါကြောင့် ငါတို့က ပြောင်းလဲနိုင်တဲ့ကိန်းရှင်တွေ ဖန်တီးပြီး အဲဒီဂိုဏ်းတွေ၊ မျိုးနွယ်စုတွေရဲ့အာရုံကို ငါတို့ဆီကနေ သူတို့အချင်းချင်းဆီ လွှဲပြောင်းပေးဖို့လိုတယ်။ ဒီဂိုဏ်းတွေ ငါတို့ထက်ပိုမုန်းတာက သူတို့အောက်က ဂိုဏ်းတစ်ဂိုဏ်း သူတို့လောက်အစွမ်းထက်လာမှာကိုပဲ။”

“အဲဒီမှာ မြူနွံဂိုဏ်းက အသုံးဝင်လာတာပေါ့။ သူတို့ကံကြမ္မာက ငါတို့လက်ထဲမှာရှိတယ်။ အထူးသဖြင့် ချန်ယွမ်က ငါထင်သလိုလုပ်ခဲ့တယ်ဆိုရင် ပိုတောင်မှန်သေးတယ်။”

“ငါသူတို့ကို သက်ညှာပြီးကူညီပေးခဲ့တယ်။ အခုသူတို့ အဖွဲ့ကိုအကြွေးတင်သွားပြီ။”

“ငါတို့ သူတို့ကို ပစ်မှတ်ထားမှာကြောက်လို့ သူတို့ဖြောင့်ဖြောင့်မတ်မတ် နေကြလိမ့်မယ်။ တခြားဂိုဏ်းတွေနဲ့ မဟာမိတ်ဖွဲ့ဖို့လည်း မဖြစ်နိုင်သလောက်ပဲ။”

“တကယ်တော့ ငါတို့မျက်နှာသာရဖို့အတွက် အဲဒီမဟာမိတ်အဖွဲ့တွေအကြောင်း ငါတို့ကို သတင်းပေးလိမ့်မယ်လို့တောင် ငါလောင်းရဲတယ်”

"မြူနွံဂိုဏ်းလို ဂိုဏ်းမျိုးတွေအများကြီး ငါတို့လိုအပ်တယ်။ ငါတို့ရဲ့မျက်လုံးတွေ၊ နားတွေဖြစ်ဖို့တင်မကဘဲ ရှုပ်ထွေးပြီးပျက်စီးလွယ်တဲ့မျှခြေ တစ်ခုဖန်တီးဖို့အတွက် အစိတ်အပိုင်းတွေအဖြစ် လိုအပ်တယ်။”

“ အဲဒီလိုရှုပ်ထွေးတဲ့မျှတမှုမျိုးက ငါတို့ရဲ့အကောင်းဆုံးမိတ်ဆွေပဲ မော့မော့။ ဂိုဏ်းတွေ၊ မျိုးနွယ်စုတွေ၊ အင်ပါယာတွေက ဘုံရန်သူ ရှိနေမယ့်အစား တစ်ယောက်ကိုတစ်ယောက် သတိထားပြီးထိန်းကျောင်းနေကြလိမ့်မယ်။”

“ငါကအဲဒီလိုကိန်းရှင်တွေအများကြီးဖန်တီးပြီး နှစ်ကြာရှည်တည်ရှိခဲ့တဲ့မျှတမှုကို တတ်နိုင်သမျှနှောင့်ယှက်ပစ်ဖို့ စီစဉ်ထားတယ်။”

“အခုလိုအချိန်မျိုးမှာ ရှုပ်ထွေးတဲ့မျှခြေက ငါတို့အတွက်အကောင်းဆုံးအခြေအနေပဲ။ ဒါကြောင့် ငါချန်ယွမ်ကို ဝမ်းမြောက်ဝမ်းသာကူညီခဲ့တာ။ ဖုန်းကျန်းအတွက်ကတော့ မြူနွံဂိုဏ်းကို ထောက်ပံ့ဖို့တစိတ်တပိုင်းပါသလို ငါသူ့ကိုလေးစားမိလို့လည်း ပါတယ်။”

“ချန်ယွမ်ရဲ့အစီအစဉ် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အဆုံးသတ်က သေလမ်းပဲဆိုတာသိရက်နဲ့ သူလိုလိုလားလားလုပ်ခဲ့တယ်။ အဲဒီလိုလူမျိုးရဲ့ သန္နိဋ္ဌာန်က ခိုင်မာပြီး လေးစားစရာကောင်းတယ်”

"ဒါပေမဲ့ သူက ရွှေအမြုတေအဆင့်တက်မယ့်အစား မိုးကြိုးကပ်ဘေးသန့်စင်ခြင်းနည်းလမ်းကိုသုံးပြီး သူ့ရဲ့မဏ္ဍိုင်တွေကို လိမ္မော်ရောင်အဆင့်ကနေ အပြာရောင်အဆင့် မြှင့်တင်ခဲ့တာတွေ့တော့ ငါအံ့သြသွားတယ်။”

“အဲဒီလိုလူတစ်ယောက်က ငါတို့ကျောင်းသားတွေနဲ့ တိုက်ခိုက်ပေးမယ်ဆိုရင် သူတို့အတွက်ရော၊ သူ့အတွက်ပါ အကျိုးရှိပါတယ်။ ပြီးတော့ ချန်ယွမ်ထက်စာရင် ဖုန်းကျန်းရဲ့စရိုက်ကို ငါပြီးပိုယုံကြည်တယ်”

"စိတ်မပူပါနဲ့ မော့မော့... ငါ့နည်းလမ်းကို အတုခိုးစရာမလိုပါဘူး။ မင်းအမှုတွေများများစစ်လေလေ၊ တရားစီရင်ရေးအဖွဲ့ရဲ့ စံနှုန်းတွေနဲ့ မင်းရဲ့ခံယူချက် ထပ်တူကျမယ့် ကိုယ်ပိုင်စီရင်ဆုံးဖြတ်နည်းတွေ တွေ့လာလေလေဖြစ်မှာပါ။”

“များများဖတ်ပါ၊ များများနားထောင်ပါ၊ အကြံဉာဏ်များများတောင်းပါ၊ ပြီးတော့ အရေးကြီးဆုံးက စိတ်ကိုဖွင့်ထားပါ။ အဲဒီအခါ မင်းရဲ့လမ်းကြောင်းကို မင်းမြင်လာပါလိမ့်မယ်”

ယန်ချင်းက ပြောရင်း သူမကျောကို ညင်သာစွာပုတ်ပေးလိုက်သည်။

"မင်း တရားသူကြီးကောင်းတစ်ယောက် ဖြစ်လာမယ်ဆိုတာ ငါသိပါတယ်။ မင်းမှာတော်လွန်းတဲ့ ဆရာတစ်ယောက်ရှိတာကိုး။ တရားစီရင်ရေးအဖွဲ့မှာ ငါ့ရဲ့ဘွဲ့နာမည်တွေ အများကြီးရှိတယ်။”

“အဲဒီထဲကတစ်ခုက 'ကမ္ဘာ့ပန်းချီကားချပ်'တဲ့။ဖုံးကွယ်ထားတဲ့အချက်လက်တွေကို ငါဘယ်လောက်မြင်နိုင်လဲဆိုတာ တင်စားထားတာလေ။ ဒီလိုကြီးကျယ်ခမ်းနားမှုတွေ မင်းဆည်းပူးခွင့်ရတာ မင်းကံကောင်းတာပဲ မော့မော့”

ယန်ချင်းက ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။

"ဟားဟားဟား..."

မော့ယွင်ရု ရယ်မောလိုက်ရာ ကျန်လူများလည်း လိုက်လံရယ်မောကြတော့သည်။

" သူရဲ့အရှက်မရှိမှုက လေထုပေါ့ပါးသွားအောင် လုပ်ဆောင်ပေးနိုင်တာပဲ" ဟု သူတို့တွေးမိလိုက်ကြသည်။ ကာယကံရှင်ကတော့ နှာခေါင်းပွတ်ရင်း ရှက်နေပုံရသည်။

ထို့နောက် ယန်ချင်းသည် ဖုန့်ရှင်းနှင့်ဆက်လက်ဆွေးနွေးတော့သည်။ ဖုန့်ရှင်းက သက်တံရောင်မြူဖား ဘိုလင်း သူ၏လက်ထဲရှိနေကြောင်းနှင့် ပုံရိပ်ယောင်ပုစဥ်း ဟိုင်ရှီကို သူတို့အဖွဲ့ထဲသို့ ထည့်သွင်းရန်အစီအစဥ်ရှိကြောင်း ပြောပြသည်။

"ဒါပေါ့... သူက ငါတို့အပိုင်ပဲ။ ဟိုအဂ္ဂိရတ်ပညာရှင်တွေနဲ့ ဝေမျှမသုံးနိုင်ပါဘူး။ ငါတို့မှာ လူအင်အားနည်းနေတာ၊ နောက်ထပ်လက်တစ်စုံရတာ ဘာမှမဖြစ်ဘူး။”

“ပြီးတော့ မြစိမ်းရောင်မြူနွံဒေသအကြောင်း ပိုသိရတာပေါ့။ သူ့ကိုအရင်ထုတ်လိုက်ပါဦး”

ဖုန့်ရှင်းက ဝါးဘူးထဲမှ ဘိုလင်းကို ထုတ်ပေးလိုက်သည်။ ဘိုလင်းသည် အိပ်ရာနိုးခါစလူတစ်ယောက်လို အနည်းငယ်မူးဝေနေပြီးမှ အခြေအနေကို သဘောပေါက်သွားသည်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ဖုန့်ရှင်းကိုတွေ့သဖြင့် တရားရုံးတော်ထဲသို့ရောက်နေမှန်း သိလိုက်သည်။

သူသည် အထက်လူကြီးဖြစ်ပုံရသော ယီကျဲကို ဦးညွှတ်လိုက်သည်။ ယန်ချင်းကိုမူ လုံးဝလျစ်လျူရှုထားသဖြင့် ယန်ချင်းက မကျေနပ်စွာနှာခေါင်းရှုံ့လိုက်သည်။

"ယီကျဲက ဘယ်လိုလုပ်ငါ့ထက်ပိုပြီး ကျွမ်းကျင်သူပုံစံပေါက်နေရတာလဲ"

ယန်ချင်း မနာလိုဖြစ်သွားသည်။

"အဟမ်း... ဘိုလင်း... ငါ့အထက်လူကြီးက ဆံပင်စိမ်းနဲ့လူပါ။ မင်းဦးညွှတ်လိုက်တဲ့လူကလည်း ငါ့အထက်လူကြီးပါပဲ။”

“ဒါပေမဲ့ ဆံပင်စိမ်းနဲ့လူက အကြီးဆုံးဘော့စ်ကွ။ ကြည့်ရတာ သာမန်လိုပဲထင်ရပေမဲ့ ငါ့လိုလူနှစ်ယောက်တောင် သူတစ်ယောက်ကို မနိုင်ဘူး"

ဖုန့်ရှင်းက ပြောလိုက်သည်။

ထိုစကားကြောင့် ဘိုလင်းတုန်လှုပ်သွားပြီး ယန်ချင်းကို သတိကြီးစွာကြည့်လိုက်သည်။ ဖုန့်ရှင်းကို အသွင်အပြင်ကြည့်ပြီး သိုးတစ်ကောင်ဟုထင်ခဲ့မိသည့် အမှားမျိုး ထပ်မမှားချင်တော့ပေ။

"တောင်းပန်ပါတယ် ဆရာသခင်... ဒီနုံချာတဲ့ ဖားပြုတ်လေးနာမည်က ဘိုလင်းပါ"

ဘိုလင်းက မျက်နှာကြမ်းပြင်နှင့်ထိသည်အထိ ဦးညွှတ်ရင်း ပြောလိုက်သည်။

"ဝါး... သက်တံရောင်မြူဖားပဲ"

ယန်ချင်းက သူ၏ဘေးတွင်ထိုင်ချပြီး ကလေးတစ်ယောက်လိုပြုံးကာ လက်ညှိုးဖြင့်ထိုးကြည့်နေသည်။ ဘိုလင်းမှာ အသတ်ခံရတော့မည်ဟုထင်ပြီး ကြောက်ရွံ့နေသော်လည်း သူ၏ခန္ဓာကိုယ်ထဲသို့ စီးဆင်းသွားသော နူးညံ့သိမ်မွေ့သည့် ချီစွမ်းအင်ကြောင့် ထိုအတွေးမှားကြောင်း သိလိုက်သည်။

မကြာမီ ခရမ်းရောင်စာလုံးများ အရေပြားပေါ် ပေါ်လာသည်။ 'ယန်ချင်း၏ဖား၊ မရိုးမသားမလုပ်နဲ့' ဟု ရေးထားသည်။

"ကောင်းပြီ... ဒါဆို ဟိုအဂ္ဂိရတ်ပညာရှင်တွေ ပြန်ပေးဆွဲပြီး အတုနဲ့လဲဖို့ မကြိုးစားရဲတော့ဘူး။ ဖုန့်ရှင်း... သူ့ကို ဝန်ထမ်းရေးရာရုံးမှာ စာရင်းသွင်းလိုက်ပါ။”

“သူ့လေ့ကျင့်ရေးအတွက် လော့မိန်လီဆီ လွှဲလိုက်မယ်။ သူက ဒီကိစ္စတွေ ပိုကျွမ်းကျင်တယ်။ တွေ့ရတာဝမ်းသာပါတယ် ဘိုလင်း။ နောက်မှ စကားအများကြီးပြောကြတာပေါ့။”

“ငါအချိန်သိပ်မရတော့လို့။ နောက်မှ ဟိုင်ရှီနဲ့အတူ ကြိုဆိုပွဲသေချာလုပ်ကြတာပေါ့”

ယန်ချင်းက သူ၏လက်ရေးကို သဘောကျစွာကြည့်ရင်း ပြောလိုက်သည်။

ဖုန့်ရှင်း ခေါင်းညိတ်လိုက်ပြီး နောက်ထပ်အမှုသည်ခေါ်ရန် အပြင်ထွက်သွားသော ယီကျဲနှင့်အတူ လိုက်သွားသည်။

ဖုန့်ရှင်း ခြေလှမ်းများရပ်တန့်သွားပြီး အရေးကြီးသောကိစ္စတစ်ခု မေ့ကျန်ခဲ့သည်ဟု ခံစားလိုက်ရသည်။ သို့သော် မကြာမီ ခေါင်းခါလိုက်ပြီး ဆက်လျှောက်သွားတော့သည်။

All Chapters