ကျုံးချွမ်၏ ထွက်ဆိုချက်
Vol. 6 Ch. 55
ကျုံးချွမ်သည် သူ၏ဝတ်ရုံများကို သပ်ရပ်အောင်ဆွဲဆန့်လိုက်ပြီး တတ်နိုင်သမျှ ကြည့်ကောင်းစေရန် သူ၏ကိုယ်နေဟန်ထားကို ပြင်ဆင်လိုက်သည်။
ဝဝဖိုင့်ဖိုင့်ကျင့်ကြံသူတစ်ယောက်ကို တွေ့ရခဲပြီး၊ အထူးသဖြင့် ရွှေအမြုတေအဆင့်တွင် ပို၍ပင်ရှားပါးသည်။ ထိုအဆင့်ရှိ ကျင့်ကြံသူတစ်ယောက် ဤသို့ဖြစ်လာရသည့် အကြောင်းရင်းအနည်းငယ်သာ ရှိသည်။
၎င်းတို့မှာ - ခန္ဓာကိုယ်ကို ထိုသို့ဖြစ်စေသည့် သွေးမျိုးဆက်ပါလာခြင်း၊ ကျင့်ကြံခြင်းနည်းစနစ်တစ်ခု၏ ဘေးထွက်ဆိုးကျိုးကြောင့်ဖြစ်နိုင်သည်။
မိမိ၏အစစ်အမှန်ခန္ဓာကိုယ်ဖွဲ့စည်းပုံကို တမင်တကာ ဖုံးကွယ်ရန် သို့မဟုတ် ကျင့်ကြံသူသည် သူတို့ခန္ဓာကိုယ်က ကောင်းစွာချေဖျက်သန့်စင်နိုင်သည့် ပမာဏထက်ကျော်လွန်ပြီး အဂ္ဂိရတ်ဆေးလုံးများ သို့မဟုတ် သဘာဝရတနာများကို အလွန်အကျွံစားသုံးမိရာမှ အသုံးမပြုလိုက်ရသောစွမ်းအင်များက ခန္ဓာကိုယ်ထဲတွင် အဆီအဖြစ် စုပုံနေခြင်းတို့ဖြစ်နိုင်သည်။
ကျန်ဟူ၏ အစီရင်ခံစာအရ ကာယကံရှင်ကို ကိုယ်တိုင်မတွေ့ရခင်တုန်းကတော့ ပိုင်ရှင်ကျုံးချွမ်ကို အဂ္ဂိရတ်ဆေးလုံးများ စားသုံးမိပြီး ခန္ဓာကိုယ်ဝလာသည်ဟု ယူဆခဲ့သည်။
သို့သော် လူကိုအနီးကပ် မြင်တွေ့လိုက်ရသောအခါ သူ၏ ထင်မြင်ယူဆချက်မှာ မှားယွင်းနေကြောင်းသိလိုက်ရသည်။ ကျုံးချွမ် တရားခွင်ထဲသို့ ခြေချလိုက်သည်နှင့်တစ်ပြိုင်နက် ဧကရာဇ်အာရုံဖြင့် စစ်ဆေးပြီး သူ၏ခန္ဓာကိုယ်ထဲမှ ပုံမှန်မဟုတ်သောအခြေအနေတစ်ခုကို အာရုံခံမိလိုက်သည်။
ကျုံးချွမ်၏ ချီစွမ်းအင်သည် ကျန်ဟူ အစီရင်ခံထားသကဲ့သို့ အခြေခံအုတ်မြစ်မှာ မတည်မငြိမ်ဖြစ်နေသော်လည်း၊ ယန်ချင်း၏ဧကရာဇ်အာရုံမှတစ်ဆင့် ထိုထက်မကသောအရာများကို အာရုံခံမိနေသည်။
ချီစွမ်းအင်များသည် အချင်းချင်းဖျက်ဆီးနေကြပြီး ပြန်လည်တည်ဆောက်ကာ ထိုဖျက်ဆီးမှုမှထွက်ပေါ်လာသော စွမ်းအင်များကို ခန္ဓာကိုယ်ထဲတွင် သိုလှောင်ထားခြင်းဖြစ်သည်။ ချီစွမ်းအင်ထဲတွင် ကြမ်းတမ်းသောကနဦးအရှိန်အဝါတစ်ခု ရှိနေသည်။
အကယ်၍ အခြားသော အထက်တန်းရွှေအမြုတေတရားရုံးတရားသူကြီးတစ်ယောက်သာဆိုလျှင် ကျုံးချွမ်၏ အစစ်အမှန်သဘာဝမှာ သူတို့မျက်လုံးများအောက်မှ လွတ်ကင်းသွားနိုင်ဖွယ်ရှိသည်။
သို့သော် နန်းတော်အဆင့် ကျင့်ကြံသူတစ်ဦးက နန်းတော်တရားရုံးတွင်မရှိဘဲ အထက်တန်းရွှေအမြုတေတရားရုံးတွင် ရှိနေလိမ့်မည်ဟု ကျုံးချွမ်အနေဖြင့် အိပ်မက်ထဲတွင်ပင် ထည့်မက်မိမည်မဟုတ်ပေ။
“သူ့မှာ ဘာသွေးမျိုးဆက် ရှိနေတာပါလိမ့်။ သူမသိအောင် ပိုပြီးနက်နက်ရှိုင်းရှိုင်း ထောက်လှမ်းလို့မရတာ နှမြောစရာပဲ”
ယန်ချင်းက သူ၏မျက်လုံးများ စိတ်ဝင်တစားအရောင်လက်သွားရင်း စိတ်ထဲမှ တွေးလိုက်သည်။
မိမိကိုယ်ကို သပ်ရပ်အောင်ပြင်ဆင်နေသော ကျုံးချွမ်သည် ရုတ်တရက်တွန့်ခနဲဖြစ်သွားပြီး ၎င်းကို အလျင်အမြန်ဖုံးကွယ်ရန် ကြိုးစားလိုက်သည်။
“ဟင်... တစ်ယောက်ယောက်က ငါ့ကိုထောက်လှမ်းလိုက်သလို ဘာလို့ခံစားလိုက်ရတာလဲ” ဟု တွေးရင်း တရားခွင်ကို တိတ်တဆိတ်အကဲခတ်ကြည့်လိုက်ရာ သူ့အား စိတ်ဝင်တစားနှင့် သိုးဝကြီးသဖွယ်ကြည့်နေသော ယန်ချင်းထံ အကြည့်ရောက်သွားသည်။
“နေဦး၊ သူလား... မဖြစ်နိုင်ပါဘူး။ နန်းတော်အဆင့်အောက် ဘယ်သူမှ ငါ့လျှို့ဝှက်ချက်ကို မရှာဖွေနိုင်ဘူး။ သူက ရွှေအမြုတေအဆင့်လောက်ပဲ ရှိတာ။ နန်းတော်အဆင့်တက်လုနီးပါး ကျွမ်းကျင်သူဖြစ်ရင်တောင် ငါ့ကိုဖောက်ထွင်းမမြင်နိုင်ပါဘူး။”
“မဟုတ်ဘူး၊ မဟုတ်ဘူး၊ ကျုံးချွမ်... မင်းကအသက်ကြီးလာတော့ အာရုံကြောတွေအားနည်းပြီး သံသယလွန်ကဲနေပြီထင်တယ်။ ပူးပေါင်းခြင်းလုပ်ငန်းစဉ် စတင်ကတည်းက ရွှေရောင်ဝါးရုံစံအိမ်က သူတို့အာရုံကို တခြားလွှဲလိုက်တော့ ငါ့ဘဝက ပိုပိုပြီးခက်ခဲလာတယ်။”
“တခြားပြိုင်ဘက်ကုန်သည်အဖွဲ့အစည်းတွေဆီက တိုက်ခိုက်မှုတွေ၊ ပြီးတော့ တချို့ကိစ္စတွေမှာ ရွှေရောင်ဝါးရုံစံအိမ်ရဲ့ လက်အောက်ခံအဖွဲ့အစည်းတချို့ရဲ့ လက်ရာတွေပါနေမလားလို့တောင် သံသယရှိမိတယ်။ စားသောက်ဆိုင်ဖွင့်တာ ဒီလောက်ပြဿနာများမယ်မှန်းသိရင် စာအုပ်ဆိုင်နဲ့ လက်ဖက်ရည်ဆိုင်လေးပဲ ဖွင့်ခဲ့ပါတယ်။”
“အဲ့တာဆိုပြဿနာ ပိုနည်းနိုင်တယ်။ ဖြစ်ပြီးတာတွေလည်း ပြီးပါပြီလေ... ဒီအမှုကို တရားစီရင်ရေးအဖွဲ့ဆီ ယူလာတာက ကျန်တဲ့သူတွေအတွက် သတိပေးချက်တစ်ခုဖြစ်လာဖို့ မျှော်လင့်ရတာပဲ။”
“ဒီညီအစ်ကို ၃ ယောက်က ငါ့ဆိုင်မှာ ပြဿနာရှာဖို့ တစ်ခြားအဖွဲ့အစည်းတွေက တမင်လွှတ်လိုက်တာလားဆိုတာတော့ မသိဘူး။ ဒါပေမဲ့ တမင်လွှတ်လိုက်တာမဟုတ်ရင်တောင် တခြားတစ်ယောက်ယောက်က ဒီပြဿနာကို ဖြေရှင်းပေးတာ မမှားပါဘူး”
ကျုံးချွမ်သည် သူ၏ပြဿနာများအတွက် စိတ်ထဲမှ သက်ပြင်းမချဘဲ မနေနိုင်ခဲ့ပေ။
ထိုတိုတောင်းသော အတွေးအပိုင်းအစများသည် စက္ကန့်အနည်းငယ်သာ ကြာမြင့်ခဲ့ပြီးနောက် ကျုံးချွမ်သည် ထိုအတွေးများကို ဖယ်ရှားလိုက်ကာ လက်ရှိကိစ္စကိုသာ အာရုံစိုက်ရန် သူ့ကိုယ်သူ ပြန်လည်ပြင်ဆင်လိုက်သည်။
“မင်္ဂလာပါ တရားသူကြီးယန်ချင်း... လူကိုယ်တိုင်ကြွရောက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ရဲ့နိမ့်ကျတဲ့ နာမည်ကတော့ ကျုံးချွမ်ပါ။ ကျွန်တော်က မြေကမ္ဘာစပျစ်နွယ်စားသောက်ဆိုင်ရဲ့ပိုင်ရှင်အဖြစ် ပြီးခဲ့တဲ့ အနှစ် ၇၀ လုံးလုံး တာဝန်ယူလာခဲ့တာပါ။”
“ ကျွန်တော့်စားသောက်ဆိုင်က သေးငယ်ပေမဲ့ အကောင်းဆုံးဝန်ဆောင်မှုနဲ့ ဖောက်သည်တွေရဲ့ကျေနပ်မှုကိုတော့ ကျွန်တော်တို့ ဂုဏ်ယူဝင့်ကြွားစွာနဲ့အာမခံနိုင်ပါတယ်။”
“ဒါကြောင့်မို့ ကျွန်တော်တို့က ဘယ်သူ့ကိုမှခွဲခြားဆက်ဆံခြင်းမရှိဘဲ မှူးမတ်မျိုးနွယ်က သခင်လေးပဲဖြစ်ဖြစ်၊ သာမန်အရပ်သားပဲဖြစ်ဖြစ် ဘယ်သူ့ကိုမဆို တံခါးဖွင့်ကြိုဆိုပါတယ်။’’
“ ကျွန်တော်တို့ရဲ့ဝန်ဆောင်မှုက အားလုံးအပေါ် တန်းတူညီမျှရှိပါတယ်။ အဲဒါက ကျွန်တော်အလွန်လေးစားရတဲ့ တရားစီရင်ရေးအဖွဲ့ကြီးက တောင်ဘက်တိုက်ကြီးတစ်ခုလုံးအပေါ် ထားရှိတဲ့သဘောထားမျိုးနဲ့ အတူတူပါပဲ။”
“ကျွန်တော်သာ သတ္တိကြောင်သူတစ်ယောက်မဟုတ်ဘဲ ပါရမီလေးနည်းနည်းပါခဲ့ရင် သေချာပေါက် ဝင်ရောက်ခစားမှာပါ။ ဒါပေမဲ့ ကံမပါခဲ့ဘူးပေါ့ဗျာ”
ကျုံးချွမ်သည် ပြဇာတ်ဆန်ဆန် ခေတ္တရပ်လိုက်ပြီး ဟန်ဆောင်သည်ဟု မထင်ရလောက်အောင် တစ်သက်တာလုံးနောင်တရနေသည့် မျက်နှာပေးမျိုးကို ပြသလိုက်သည်။
“သူ့ရဲ့သရုပ်ဆောင်စွမ်းရည်က ဘယ်လောက်တောင် ကောင်းနေတာလဲ”
ညီအစ်ကို ၃ ယောက်ထဲမှ တစ်ယောက်က ကျုံးချွမ်၏ ဟန်အမူအရာထဲတွင် အတုအယောင်လေး တစ်စွန်းတစ်စများ ပါနေမလားဟု စူးစမ်းကြည့်ရင်း တွေးလိုက်သည်။
ယန်ချင်းနှင့် ကျုံးချွမ်တို့၏ အတွေးများကမူ တခြားတစ်နေရာတွင် ရောက်နေကြသည်။ “တံခါးဖွင့်ကြိုဆိုပါတယ်” ဟူသော စကားစုဖြင့် ကျုံးချွမ်ပေးလိုက်သည့် သိမ်မွေ့သောအရိပ်အမြွက်ကို ယန်ချင်းက မသိမသာ သတိထားမိလိုက်သည်။
အမျိုးတူငှက်များက လူအုပ်ကြားထဲတွင် အချင်းချင်း အနံ့ခံရှာဖွေတတ်သည့် နည်းလမ်း အမြဲတမ်းရှိနေတတ်သည် မဟုတ်ပါလား။
“သတင်းစကား လက်ခံရရှိတယ်။ ကောင်းပြီ၊ ငါလာခဲ့မယ်... မင်းစိတ်ပျက်အောင်တော့ မလုပ်နဲ့နော်”
“စိတ်မပူပါနဲ့ သခင်လေး... အရည်အသွေးနဲ့ အရေအတွက်မှာ လျော့မသွားစေရပါဘူး”
“ဈေးနှုန်း”
“၅၀% လျှော့ပေးမယ်”
“သဘောတူတယ်”
“ဒါဆို သဘောတူညီချက် အောင်မြင်ပြီ”
စကားတစ်ခွန်းမျှ ဖလှယ်ခြင်းမရှိသော်လည်း သူတို့ဖလှယ်လိုက်သည့် ခဏတာအကြည့်လေးဖြင့်ပင် သူတို့သည် သဘောတူညီမှုရရှိသွားခဲ့ပြီး အသေးစိတ်အချက်အလက်များကိုပင် ပြေလည်အောင်ညှိနှိုင်းပြီးစီးကာ တစ်ယောက်ကိုတစ်ယောက် ကျေနပ်နေကြသည်။
တစ်ယောက်က ကြီးမားသောလျှော့ဈေးဖြင့် စားသောက်ရန် နေရာတစ်ခုရသွားပြီး ကျန်တစ်ယောက်က ဖောက်သည်သစ်တစ်ယောက် ရရှိသွားခဲ့သည်။
သတိမထားမိလောက်အောင် မြန်ဆန်သော ခဏတာအပေးအယူအပြီးတွင် ကျုံးချွမ်သည် အလျင်အမြန် ဆက်ပြောလိုက်သည်။
“အဲဒီလို ကြိုးစားပမ်းစားနဲ့ အကောင်းမွန်ဆုံးဝန်ဆောင်မှုပေးချင်တဲ့ စိတ်ဓာတ်ကြောင့် ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုသက်တမ်းတစ်လျှောက်လုံး ဖောက်သည်တွေဆီက တိုင်ကြားစာတွေ သိပ်မရခဲ့ဖူးသလို ပုံမှန်ဖောက်သည်အရေအတွက်ကလည်း ဆက်တိုက်တိုးလာခဲ့ပါတယ်။”
“အဲဒီလို နာမည်ကောင်းရှိလို့ ဒီညီအစ်ကို ၃ ယောက်က ကျွန်တော့်စားသောက်ဆိုင်ကို အားပေးဖို့ ဆုံးဖြတ်ခဲ့တာလို့ ထင်ပါတယ်။ လွန်ခဲ့တဲ့ ၄ ရက်ကစပြီး သူတို့လာ စားသောက်ခဲ့ကြတယ်။”
“သူတို့ကို ဝန်ဆောင်မှုပေးခဲ့တဲ့ စားပွဲထိုးတစ်ယောက်ဆီက ကြားရသလောက် သူတို့က အစားအသောက်ကို အရသာခံစားသောက်နေကြပုံရပေမဲ့ ရုတ်တရက်ကြီး အချင်းချင်း စကားများလာကြတယ်။”
“စားပွဲထိုး ဝင်မတားနိုင်ခင်မှာပဲ လက်ပါလာကြပြီး ရန်ပွဲကြားမှာ မြေကမ္ဘာစပျစ်နွယ်သစ်သားစားပွဲကို ချိုးဖျက်ပစ်လိုက်တဲ့အပြင် တခြားဖောက်သည်တွေရဲ့ အစားအသောက်တွေကိုပါ မှောက်ကျကုန်စေခဲ့တယ်။ ကျွန်တော် ဝင်တားဖို့ရောက်လာတဲ့အချိန်မှာတော့ ပျက်စီးမှုတွေက ဖြစ်ပြီးနေပါပြီ။”
“ကျွန်တော်က သူတို့ကို ပျက်စီးသွားတဲ့ မြေကမ္ဘာစပျစ်နွယ်စားပွဲအတွက်ပဲ လျော်ကြေးပေးဖို့ ယဉ်ယဉ်ကျေးကျေးတောင်းဆိုခဲ့ပြီး သူတို့စားခဲ့တဲ့ အစားအသောက်ဖိုးနဲ့ သူတို့ရန်ပွဲကြောင့် ပျက်စီးသွားတဲ့ တခြားဖောက်သည်တွေရဲ့ အစားအသောက်ဖိုးတွေကိုတော့ လျော်ပေးလိုက်ပါတယ်။”
“ဒါပေမဲ့ သူတို့က မပေးနိုင်ခဲ့ပါဘူး။ သူတို့ဆီမှာ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၄၀ နီးပါးလောက်ပဲရှိတာမို့ ရေတစ်စက်စာလောက်တောင် မကာမိပါဘူး။”
“ သူတို့က တစ်ကိုယ်တော်ကျင့်ကြံသူတွေဖြစ်လို့ ငွေကြေးကြပ်တည်းမယ်ဆိုတာ နားလည်တဲ့အတွက် အကြွေးကြေတဲ့အထိ ကျွန်တော့်ဆီမှာ အလုပ်လုပ်ဖို့ အခြားရွေးချယ်စရာတစ်ခု ကမ်းလှမ်းခဲ့ပါတယ်။”
“ဒါပေမဲ့ အဲဒါကလည်း သူတို့ရဲ့လုပ်အားခသတ်မှတ်ချက်ကို နားလည်မှုမရနိုင်တာကြောင့် သဘောထားကွဲလွဲမှု ဖြစ်စေခဲ့ပါတယ်။ သူတို့တောင်းဆိုတဲ့ လုပ်အားခက ရွှေအမြုတေအဆင့် နောက်ဆုံးအဆင့်လောက် ရောက်နေတဲ့သူကိုတောင် ငှားလို့ရတဲ့ပမာဏ ဖြစ်နေတယ်။ ဒါကြောင့် ညှိနှိုင်းမှုပျက်ပြားသွားတာပါပဲ။”
“ပိုက်ဆံစုဆောင်းနိုင်ဖို့ အချိန်ပေးဖို့ သူတို့ဘက်က အကြံပြုခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်က သူတို့ကိုသိတာမှမဟုတ်တာ။ တခြားနေရာကို ပြောင်းသွားရင် ဘယ်သူကတားနိုင်မှာလဲ။”
“သူတို့က တစ်ကိုယ်တော်ကျင့်ကြံသူတွေဖြစ်လို့ ဘယ်ဂိုဏ်း၊ ဘယ်မိသားစု၊ ဘယ်တိုင်းပြည်နဲ့မှ ဆက်စပ်ချည်နှောင်ထားတာ မရှိဘူး။ သူတို့ကို ပြန်ရှာဖို့ဆိုတာက သူတို့ဖျက်ဆီးသွားတဲ့ တန်ဖိုးထက် ပိုကုန်ကျမယ့်ငွေမသုံးဘဲနဲ့တော့ မဖြစ်နိုင်သလောက်ပါပဲ။”
“ဒါကြောင့် နောက်ဆုံးမှာ တရားစီရင်ရေးအဖွဲ့ရဲ့ ဘက်မလိုက်တဲ့ ဆုံးဖြတ်ချက်ကိုခံယူဖို့ ဆုံးဖြတ်လိုက်ကြတာပါ။ ဒီလောက်အဆင့်ရှိတဲ့ အမှုကို ဒီနေရာအထိ ယူလာတာက ကျွန်တော်တို့ဘက်က နည်းနည်းတော့ အားနာစရာကောင်းမှန်း သိပါတယ်။”
“ဒါပေမဲ့ ဒီကိစ္စကို ကျေနပ်စရာအဖြေတစ်ခုရအောင် ယူဆောင်လာဖို့ ကျွန်တော်ယုံကြည်ရတဲ့ တစ်ခုတည်းသောနေရာမို့လို့ပါ။”
“တရားသူကြီးယန်ချင်းရဲ့ လမ်းညွှန်မှုကို တောင်းခံပါတယ်”
ကျုံးချွမ်က ပြတ်သားစွာဦးညွှတ်ရင်း ပြောလိုက်သည်။ သို့သော် သူ၏ဗိုက်ရွှဲကြီးကြောင့် သိပ်ပြီးကွေးညွှတ်နိုင်ပုံမရသော်လည်း သူ၏ရည်ရွယ်ချက်မှာ ကောင်းစွာရောက်ရှိသွားသည်။
“တရားစီရင်ရေးအဖွဲ့အပေါ် ယုံကြည်မှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်။ တရားမျှတမှုကို ဘယ်လိုပုံစံနဲ့ပဲဖြစ်ဖြစ် ထိန်းသိမ်းနိုင်ဖို့ ကျွန်တော်တို့ ကြိုးစားပေးပါမယ်။”
“ကဲ ဒါဆိုရင် ခင်ဗျားတို့ ညီအစ်ကို ၃ ယောက်ထဲက ဘယ်သူအရင်စမလဲ။ ဒါမှမဟုတ် တစ်ယောက်တည်းကပဲ ကိုယ်စားပြောမလား။ ခင်ဗျားတို့ ဘယ်လိုပဲဆုံးဖြတ်ဆုံးဖြတ် အဆင်ပြေပါတယ်”
ယန်ချင်းက ညီအစ်ကို ၃ ယောက်ဘက်သို့ ညင်သာစွာလက်လှမ်းပြရင်း ပြောလိုက်သည်။