ရှန် ညီအစ်ကိုများ
Vol. 6 Ch. 56
“ငါပြောမယ်”
ညီအစ်ကို ၃ ယောက်လုံး ပြိုင်တူအော်ဟစ်လိုက်ကြသည်။
“မရဘူး… ငါပြောမယ်။ အကြီးဆုံးအနေနဲ့ အငယ်တွေကိုယ်စား တာဝန်ယူပြီးပြောဖို့ ငါ့တာဝန်ပဲလေ”
အပြာရောင်ဝတ်ရုံကို သပ်ရပ်စွာဝတ်ဆင်ထားသောရှန်ရှီက ရုတ်တရက်လေးနက်သောမျက်နှာထားဖြင့် ပြတ်သားစွာပြောလိုက်သည်။
“မင်းက အကြီးဆုံးလို့ ဘယ်သူကပြောလဲ. ငါကအကြီးဆုံးလည်းဖြစ်သလို အထက်မြက်ဆုံးလည်းဖြစ်တာမို့ ငါပဲပြောသင့်တာကို ရှင်းနေတာပဲလေ”
အဝါရောင်ဝတ်ရုံနှင့်ရှန်တင်းက ဝင်ပြောလိုက်သည်။
“မင်းတို့နှစ်ယောက်က ဘာလို့အချိန်ဖြုန်းပြီး ငြင်းနေကြတာလဲ။ လက်သီးအကြီးဆုံးလူက ကျန်တဲ့သူတွေကိုယ်စား ပြောသင့်တာ ရှင်းနေတာပဲလေ။”
“ကျင့်ကြံခြင်းလောကမှာ အင်အားကပဲ အမြဲတမ်းစကားပြောတာ။ ငါကအသန်မာဆုံးဆိုတာ အသိသာကြီး။ မင်းတို့နှစ်ယောက် အဲဒီအတိတ်ဆိုးတွေကို ပြန်မှတ်မိချင်နေတာလား”
အညိုရောင်သားရေဝတ်ရုံနှင့် ရှန်တျန်က ရန်စလိုသောအပြုံးဖြင့် ပြောလိုက်သည်။
“တစ်စုံတစ်ယောက်က ကိုယ့်ကိုယ်ကိုယ် အရမ်းအထင်ကြီးနေပါလား။ မင်းတိုက်ပွဲရလဒ်တွေကို မေ့သွားပုံရတယ် ရှန်တျန်။”
“ခေါင်းဝှေ့တတ်တဲ့ ဝိညာဉ်သားရဲတွေဆီက ခေါင်းကိုအခါခါအထုခံရတာ မင်းကိုတော်တော်ထိခိုက်သွားပုံပဲ။ မူလကတည်းက ဉာဏ်ရည်ပိုင်းမှာ ပါရမီမပါတဲ့ကောင်က ခုတော့အရင်ကထက်တောင် ပိုဆိုးသွားသလိုပဲ”
ရှန်တင်းက လှောင်ပြောင်လိုက်သည်။
“မင်း ဘာပြောလိုက်တယ်… ငွေမက်တဲ့ကောင်”
အညိုရောင်သားရေဝတ်ရုံနှင့်ရှန်တျန်က ဒေါသတကြီးအော်ဟစ်ရင်း ထိုးရန်လက်သီးကို ဆုပ်လိုက်သည်။
ယီကျဲ ဝင်တားရန်ပြင်နေသည်ကို မြင်သောအခါ ယန်ချင်းက ခေါင်းခါပြလိုက်သည်။ ညီအစ်ကို ၃ ယောက်၏ ပြဇာတ်ကို သူစိတ်ဝင်တစား စောင့်ကြည့်နေသေးသည်။
“ငါတို့ ဘယ်ရောက်နေလဲဆိုတာ သတိထားဦး ရှန်တျန်။ ပြီးတော့ ရှန်တင်း ပြောတာလည်း မမှားဘူးလေ။ ငါတို့နဲ့တိုက်ခဲ့တဲ့ မင်းရဲ့ရလဒ်တွေက ဘယ်လောက်လဲ။”
“မင်းငါ့ကို ၂၃ ပွဲနိုင်တယ်၊ ၂၂ ပွဲရှုံးတယ်၊ ၁၅ ပွဲသရေကျတယ်။ ရှန်တင်းကိုတော့ ၁၂ ပွဲနိုင်တယ်၊ ၁၄ ပွဲရှုံးတယ်၊ ၃၄ ပွဲသရေကျတယ်။ ငါက ရှန်တင်းကို ၁၈ ပွဲနိုင်တယ်၊ ၁၇ ပွဲရှုံးတယ်၊ ၂၅ ပွဲသရေကျတယ်။”
“ဒီရလဒ်တွေနဲ့ မင်းကအသန်မာဆုံးလို့ ဘယ်လိုအကြောင်းပြချက်နဲ့ ပြောရဲတာလဲ။ ဒီကိစ္စပြီးတဲ့အထိစောင့်… နောက်မှစာရင်းရှင်းကြတာပေါ့”
“လောလောဆယ်တော့ မကြာသေးခင်ကမှ အနိုင်ရထားတဲ့သူကပဲ ကျန်တဲ့သူတွေကိုယ်စားပြောတာ တရားမျှတမယ်ထင်တယ်။ မင်းတို့နှစ်ယောက်စလုံး သဘောတူတယ်မဟုတ်လား”
အပြာရောင်ဝတ်ရုံနှင့် ရှန်ရှီက ကျန်နှစ်ယောက်ကို ရုတ်တရက်မေးလိုက်သည်။
“ကောင်းပြီလေ”
အညိုရောင်ဝတ်ရုံနှင့်ရှန်တျန်က ရုတ်တရက်လျှော့ပေးလိုက်ပြီး သူ၏ဒေါသတကြီးပုံစံမှ ပုံမှန်အနေအထားသို့ ချက်ချင်းပြောင်းသွားသည်။
“သူ့ထက်စာရင် မင်းကပိုကောင်းပါတယ် ရှန်ရှီ”
ကောက်ကျစ်သောပုံစံရှိသည့် အဝါရောင်ဝတ်ရုံနှင့်ရှန်တင်းက ပခုံးတွန့်ရင်း ပြန်ပြောလိုက်သည်။
ယန်ချင်းသည် ထိုဟန်ဆောင်မှုများကိုကြည့်ရင်း ပြုံးနေလိုက်သည်။ ညီအစ်ကို ၃ ယောက်သည် ရုတ်တရက်သဘောတူညီမှု ရသွားသယောင်ပြသနေသော်လည်း တကယ်တမ်းမှာမူ ယီကျဲဒေါသထွက်တော့မည်ကို သတိထားမိသွား၍သာဖြစ်သည်။
“တစ်ကိုယ်တော်ကျင့်ကြံသူတွေအဖြစ် အသက်ရှင်လာရတော့ အန္တရာယ်ရှိတဲ့အခြေအနေတွေကို တော်တော်လေး အာရုံခံနိုင်စွမ်းရှိသွားကြပုံပဲ”
ယန်ချင်း တွေးရင်း လက်ညှိုးဖြင့်စားပွဲကိုခေါက်နေကာ သူ၏မျက်လုံးများတွင် အကြံတစ်ခုရသွားသည့် အရောင်များ တောက်ပလာသည်။
“ရိုင်းစိုင်းတဲ့အပြုအမူအတွက် တောင်းပန်ပါတယ် တရားသူကြီးယန်ချင်း။ ကျုပ်တို့မှာ တရားစီရင်ရေးအဖွဲ့ကို စော်ကားလိုတဲ့ရည်ရွယ်ချက် မရှိပါဘူး။”
“ကျုပ်တို့ညီအစ်ကိုတွေက ငယ်ငယ်ကတည်းက တောတောင်တွေထဲမှာပဲ နေလာခဲ့ရတာမို့ တစ်ခါတလေ အမူအကျင့်တွေကို ထိန်းချုပ်ဖို့ ခက်ခဲနေတတ်လို့ပါ”
အပြာရောင်ဝတ်ရုံနှင့်ရှန်ရှီက ခပ်တိုတိုဦးညွှတ်ရင်း ပြောလိုက်သည်။
“ရပါတယ်။ ကျွန်တော်ကျင့်သားရနေပါပြီ။ ဒီစားပွဲမှာထိုင်လာရတာ ကြာတော့ လူပေါင်းစုံနဲ့တွေ့ဖူးပါတယ်။ အထူးသဖြင့် တစ်ကိုယ်တော်ကျင့်ကြံသူအသိုင်းအဝိုင်းက လူတွေကိုပေါ့”
ယန်ချင်းက ဂရုမစိုက်သည့်ဟန်ဖြင့် လက်ဝှေ့ယမ်းရင်း ပြောလိုက်သည်။ ရှန်ရှီ၏ဦးညွှတ်မှုသည် ရိုးသားမှုမပါဘဲ ဝတ္တရားအရသာလုပ်ဆောင်ခြင်းဖြစ်ကြောင်း သူသိနေသည်။
တစ်ကိုယ်တော်ကျင့်ကြံသူများအဖြစ် ဘဝတစ်လျှောက်လုံး နေထိုင်လာခဲ့သူများတွင် ပြုပြင်၍မရသော စရိုက်လက္ခဏာအချို့ရှိသည်။တချို့ကဆန့်ကျင်ဘက်ဖြစ်နေပြီး တချို့ကဆင်တူကြသည်။
တစ်ကိုယ်တော်ကျင့်ကြံသူတစ်ယောက်၏ ဘဝသည် လွတ်လပ်မှု၊ တားဆီးပိတ်ပင်မှုကင်းမဲ့မှုတို့နှင့် ပြည့်နှက်နေသကဲ့သို့ ဂိုဏ်းများ၊ မိသားစုများ၊ တော်ဝင်မျိုးနွယ်များ၊ အဖွဲ့အစည်းများမှကျင့်ကြံသူများ တစ်သက်လုံးမကြုံဖူးသော၊ မတွေ့ဖူးသော အန္တရာယ်များစွာနှင့်လည်း ဝိုင်းရံနေသည်။
ထိုအန္တရာယ်များကပင် သူတို့ကို အသက်ကိုအလွန်တန်ဖိုးထားသူများ သို့မဟုတ် သေခြင်းရှင်ခြင်းကို ဂရုမစိုက်သူများ ဖြစ်စေသည်။ထိုအချက်ကပင်သူတို့ကို အလွန်အမင်းရဲရင့်သူများ သို့မဟုတ် အလွန်အမင်းကောက်ကျစ်သူများ ဖြစ်လာကြသည်။
ထို့အပြင် ထိုတစ်ကိုယ်တော်ကျင့်ကြံသူများ၏စိတ်ထဲတွင် စွဲမြဲနေသော နောက်ထပ်အတွေးတစ်ခု ရှိသေးသည်။ အရင်းအမြစ်နည်းပါးစွာဖြင့် အန္တရာယ်များကို ပိုမိုကျော်ဖြတ်နိုင်လေလေ၊ သူတို့ကိုယ်သူတို့ အခြားသူများထက် ပိုမိုသာလွန်သည်ဟု ထင်မြင်လာလေလေဖြစ်သည်။
အထူးသဖြင့် အခက်အခဲပေါင်းများစွာကို ရင်ဆိုင်ကျော်ဖြတ်လာရသောအခါ ဂိုဏ်းများ၊ မိသားစုများ၊ တော်ဝင်မျိုးနွယ်များ၊ အဖွဲ့အစည်းများမှ ကျင့်ကြံသူများကို အထင်သေးလာကြသည်။
ဂိုဏ်းဝင်ကျင့်ကြံသူများက တစ်ကိုယ်တော်ကျင့်ကြံသူများကို အထင်အမြင်သေးသကဲ့သို့ တစ်ကိုယ်တော်ကျင့်ကြံသူအချို့ကလည်း ထိုဂိုဏ်းဝင်များကို သူတို့နေရာတွင် တစ်ရက်မျှပင် အသက်ရှင်နိုင်မည်မဟုတ်သော အိမ်မွေးကျင့်ကြံသူများအဖြစ် ပြန်လည်အထင်သေးကြသည်။
အန္တရာယ်များကို များများကျော်ဖြတ်လာရလေလေ၊ တခြားသူများကို အထင်သေးစိတ်နှင့် မိမိကိုယ်ကိုဂုဏ်ယူစိတ်က ပိုမိုနက်ရှိုင်းလာလေလေဖြစ်သည်။ တချို့ကဆိုလျှင် မိမိကိုယ်ကို အစစ်အမှန်ကျင့်ကြံသူများဟုပင် သမုတ်ကြသည်။
ယန်ချင်းက ထိုညီအစ်ကို ၃ ယောက်သည်လည်း ထိုအုပ်စုဝင်များဖြစ်ကြောင်း သတိပြုမိလိုက်သည်။ လောလောဆယ်တွင် သူတို့သည် ထိန်းချုပ်ထားပြီး ရိုသေမှုပြသနေသယောင်ရှိသော်လည်း အားလုံးမှာ ဟန်ဆောင်မှုသာဖြစ်သည်။
သူ့ကိုရော တရားခွင်ထဲရှိလူအားလုံးကိုပါ ကြည့်သည့်အခါ သူတို့မျက်လုံးထဲတွင် ဖုံးကွယ်ထားသော အထင်သေးမှုများ ရှိနေသည်။
“သူတို့ပါရမီပါပါလျက်နဲ့ ဘယ်ဂိုဏ်းကိုမှမဝင်တာ အံ့သြစရာမဟုတ်ဘူးပဲ။ သေဘေးကနေ အကြိမ်ကြိမ်လွတ်မြောက်လာတဲ့မာနက တစ်ခုခုတော့ တစ်ခုခုပဲ။”
“ဒါပေမဲ့ ဒါကသူတို့ကို အစစ်အမှန်ကျင့်ကြံသူတွေ ဘယ်လိုဖြစ်စေလဲဆိုတာကိုတော့ ငါနားမလည်နိုင်သေးဘူး။”
“သူတို့အသေအလဲတိုက်ခိုက်ပြီး အနိုင်ယူရတဲ့အရာတစ်ခုကို ငါကလက်သန်းလေးတစ်ချောင်းတည်းနဲ့ စက္ကန့်ပိုင်းအတွင်း နိုင်နိုင်တယ်ဆိုရင် သူတို့က ငါ့ထက်ပိုတော်တဲ့ ကျင့်ကြံသူတွေ ဘယ်လိုလုပ်ဖြစ်လာမှာလဲ”
“အဲဒါနဲ့ စကားမစပ်… အခြေတည်အဆင့်အထွတ်အထိပ်ပဲရှိသေးတဲ့ ကန်ဟွေ့လန်နဲ့တွဲပြီး အလုပ်သင်ဆင်းနေတဲ့ ကျောင်းသားတစ်ယောက်ကို သွားစိန်ခေါ်မိတဲ့ ရွှေအမြုတေအဆင့်အစောပိုင်းက တစ်ကိုယ်တော်ကျင့်ကြံသူ ဘာဖြစ်သွားလဲမသိဘူး။”
“ဟဲဟဲ… ကြားရသလောက်တော့ အဲဒီလူတော်တော်လေးအရိုက်ခံလိုက်ရပြီး ဒဏ်ရာပြင်းထန်လွန်းလို့ ချီဖောက်မှု တောင်ဖြစ်လုနီးပါးပဲတဲ့။ ကန်က တစ်ခါတလေအရမ်းကောက်ကျစ်တာပဲ။”
“ဒါပေမဲ့ ဒီညီအစ်ကို ၃ ယောက်ရဲ့ပုံစံကိုကြည့်ရတာ သူတို့ရဲ့စိတ်ဓာတ်ကို အယုတ်မာဆုံးနည်းလမ်းတွေသုံးပြီး ချိုးနှိမ်ပစ်ချင်စိတ်တောင် ပေါက်လာပြီ။”
“ဒီတရားရုံးမှာ ငါ့ရဲ့နောက်ဆုံးအပတ် ဖြစ်နေတာမို့ ဒီတစ်ခါတော့ သဘောထားကြီးပေးလိုက်ပါဦးမယ်လေ”
ယန်ချင်း တွေးရင်း ထိုအတွေးများကို အမြန်ဖယ်ရှားလိုက်ကာ ရှန်ရှီ၏ မိတ်ဆက်စကားကို နားထောင်လိုက်သည်။
“ကျွန်တော့်နာမည် ရှန်ရှီပါ။ သူတို့ကတော့ ကျွန်တော့်ညီအစ်ကိုတွေဖြစ်တဲ့ ရှန်တင်းနဲ့ ရှန်တျန်ပါ”
ရှန်ရှီက အဝါရောင်ဝတ်ရုံနှင့်လူ၊ အညိုရောင်ဝတ်ရုံနှင့်လူတို့ကို အသီးသီးညွှန်ပြရင်း ပြောလိုက်သည်။
“ကျွန်တော်တို့ ညီအစ်ကို ၃ ယောက်က တစ်ကိုယ်တော်ကျင့်ကြံသူတွေပါ။ တခြားသူတွေအမြင်မှာတော့ အနာဂတ်မရှိတဲ့လမ်းကြောင်း၊ ဒါမှမဟုတ် နောက်ဆုံးရွေးချယ်စရာလမ်းကြောင်းလို့ ထင်ရပေမဲ့ ကျွန်တော်တို့အတွက်တော့ လက်ဆောင်တစ်ခုပါ။”
“ကျွန်တော်တို့က နေရာအနှံ့ခရီးသွားရတယ်၊ အတွေ့အကြုံအသစ်တွေရတယ်၊ ကောင်းကင်ကိုစောင်လုပ်ပြီး မြေကြီးကိုအိပ်ရာလုပ်ရင်း အသစ်အသစ်သောအရာတွေကို သင်ယူရတယ်။”
“အလုပ်တစ်ခုအတွက် မြစိမ်းလီလီတိုင်းပြည် ကို ဖြတ်သွားတုန်းက အဲဒီခရီးစဉ်တွေမှာ မြေကမ္ဘာစပျစ်နွယ်စားသောက်ဆိုင်အကြောင်း ကြားခဲ့ရတာပါ”
“စားကောင်းသောက်ဖွယ်တွေကို ခံစားဖို့၊ မြေကမ္ဘာစပျစ်နွယ်သစ်သားရဲ့ အာနိသင်တွေကို မြည်းစမ်းဖို့နဲ့ သူတို့ပြောသလောက် တကယ်ကောင်းမကောင်းသိချင်လို့ အဲဒီနေရာကို သွားဖို့ဆုံးဖြတ်လိုက်ကြတာပါ။”
“ဝန်ဆောင်မှုက မဆိုးပါဘူး။ ဒီထက်ပိုကောင်းတာတွေ မြင်ဖူးပေမဲ့ မြေကမ္ဘာစပျစ်နွယ်စားသောက်ဆိုင်က ဘယ်သူ့ကိုမှခွဲခြားဆက်ဆံခြင်းမရှိတာကိုတော့ ကျေးဇူးတင်ပါတယ်။”
“အစားအသောက်က အဆင်ပြေပါတယ်။ မြေကမ္ဘာစပျစ်နွယ်သစ်သားရဲ့အာနိသင်ကတော့ ကျွန်တော်တို့အပေါ် သက်ရောက်မှုနည်းပေမဲ့ ခံစားလို့တော့ ရပါတယ်။”
“ကျွန်တော်တို့ ညီအစ်ကိုတွေအချင်းချင်း စကားပြောရင်း အခြေအတင်ဖြစ်သွားတယ်။ ကျွန်တော်တို့ရဲ့ စိတ်အားထက်သန်တဲ့သဘာဝကြောင့် သတိမထားမိခင်မှာပဲ လက်ပါသွားကြတယ်။”
“ဒါပေမဲ့ ကျွန်တော်တို့ အင်အားအများကြီးမသုံးခဲ့ပါဘူး။ ဘယ်နေရာရောက်နေလဲဆိုတာ သတိထားပြီး စွမ်းရည်အများစုကို ထိန်းချုပ်ထားခဲ့ပါတယ်။ စားပွဲတစ်လုံးပဲ ကျိုးသွားတာက ကျွန်တော်ပြောတာမှန်ကန်ကြောင်း သက်သေပါပဲ။”
“ဒါပေမဲ့ ကျွန်တော်တို့အင်အားကို ထိန်းချုပ်ထားတဲ့ကြားက မြေကမ္ဘာစပျစ်နွယ်စားပွဲက အရမ်းလွယ်လွယ်ကူကူ ကျိုးသွားခဲ့တယ်။”
“အာနိသင်တွေအများကြီးရှိတယ်လို့ ကြွားလုံးထုတ်ထားတဲ့ အရာတစ်ခုက ရွှေအမြုတေအဆင့်ကျွမ်းကျင်သူတစ်ယောက်ရဲ့ တိုက်ခိုက်မှုကိုတောင် ခံနိုင်ရည်ရှိရမှာမဟုတ်ဘူးလား။”
“အနည်းဆုံး ကောင်းကင်အဆင့် ရှိတဲ့အရာတစ်ခုက ကျွန်တော်တို့ရဲ့ သေးငယ်တဲ့တိုက်ခိုက်မှုလေးတစ်ခုနဲ့ ဘယ်လိုလုပ်ကျိုးသွားရတာလဲဆိုတာကို ကျွန်တော်တို့ နားမလည်နိုင်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့အမှားဖြစ်နေလို့ လျော်ကြေးပေးဖို့ သဘောတူခဲ့ပါတယ်။”
“ဒါပေမဲ့ ပိုင်ရှင်က အလယ်အလတ်အဆင့်ဝိညာဉ်ကျောက်တုံး ၁၅,၀၀၀ တဲ့။ ပိုင်ရှင်က ကျွန်တော်တို့ကို တစ်ကိုယ်တော်ကျင့်ကြံသူတွေမှန်းသိလို့ တချို့ကိစ္စတွေနားမလည်လောက်ဘူးထင်ပြီး အခွင့်အရေးယူဖို့ ကြိုးစားနေတာ ရှင်းနေတာပဲလေ။”
“တရားသူကြီးယန်ချင်း… ကျွန်တော်တို့ညီအစ်ကိုတွေက အဲဒီစားပွဲဟာ မြေကမ္ဘာစပျစ်နွယ်သစ်သားအစစ်နဲ့ လုပ်ထားတာလို့ လုံးဝမယုံကြည်ပါဘူး။”
“ကျွန်တော်တို့ ကိုယ်တိုင်မမြင်ဖူးပေမဲ့ လင်းယုန်ခေါ်သံသစ်သား၊ တစ္ဆေစမ်းချောင်းသစ်သား နဲ့ မိုးကြိုးဆူးသစ်ပင်က သစ်သားတွေလို တခြားကောင်းကင်အဆင့်သစ်သားတွေကို မြင်ဖူးပါတယ်။”
“အဲဒီသစ်သားတွေအားလုံးက ရွှေအမြုတေအဆင့်အစောပိုင်းကျွမ်းကျင်သူတစ်ယောက်ရဲ့ တိုက်ခိုက်မှုကို သေချာပေါက်ခံနိုင်ရည်ရှိပါတယ်။ ဒါပေမဲ့ မြေကမ္ဘာစပျစ်နွယ်သစ်သားက ရွှေအမြုတေအဆင့်တောင်မရှိတဲ့ တိုက်ခိုက်မှုလေးနဲ့ ကျိုးသွားတယ်ဆိုတာကို ကျွန်တော် ယုံရမှာလား။”
“ကျွန်တော်တို့ ပြဿနာမရှာချင်လို့ အပေးအယူလုပ်ပြီး သူ့အတွက် အလုပ်တစ်ခုလုပ်ပေးဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒါပေမဲ့ သူက အလယ်အလတ်အဆင့်ဝိညာဉ်ကျောက်တုံး ၁၅,၀၀၀ အစား တစ်လတိတိ အလုပ်လုပ်ပေးရမယ်လို့ အတင်းအကြပ်တောင်းဆိုပါတယ်။”
“ ဒါပေမဲ့ တွက်ကြည့်တော့ မကိုက်ဘူးလေ။ ကျွန်တော်တို့ ၃ ယောက်က ရွှေအမြုတေအဆင့် ၄ မှာရှိပြီး ကျွန်တော်တို့ရဲ့အင်အားက ရွှေအမြုတေအဆင့် ၇ အစောပိုင်းလောက်ရှိတဲ့သူတစ်ယောက်နဲ့ ညီမျှပါတယ်။”
“ကျွန်တော်တို့ရဲ့တန်ကြေးက တစ်ရက်ကို အလယ်အလတ်အဆင့်ကျောက်တုံး ၅၀၀ ပဲ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ကျွန်တော်တို့အဆင့်ရှိတဲ့ လူတစ်ယောက်ကို ငှားရမ်းခက အဲဒီထက် ၁၀ ဆ ပိုများပြီး တစ်ရက်ကို ၅,၀၀၀ လောက်ရှိတယ်။ အဲဒါကိုပြောပြလိုက်တော့ ညှိနှိုင်းမှုပျက်ပြားသွားတာပါပဲ။”
“တရားသူကြီး… ကျေးဇူးပြုပြီး ဒီအမှုကို တရားမျှတစွာ ဆုံးဖြတ်ပေးဖို့ တောင်းဆိုပါတယ်။ ပိုင်ရှင်ရဲ့လိမ်လည်မှုကို ခံရပေမဲ့ ကျွန်တော်တို့ပြဿနာမရှာဘဲ ငြိမ်းချမ်းတဲ့အဖြေတစ်ခုကိုပဲ လိုချင်ခဲ့တာပါ။”
“ဒါပေမဲ့ ပိုင်ရှင်က သူ့သဘောအတိုင်းဖြစ်ဖို့ အတင်းအကြပ်တောင်းဆိုပြီး ကျွန်တော်တို့ညီအစ်ကိုတွေက တစ်ကိုယ်တော်ကျင့်ကြံသူတွေဖြစ်လို့ အခွင့်အရေးယူဖို့ ကြိုးစားခဲ့တာပါ။ တရားရုံးက ဒီကိစ္စမှာတရားမျှတမှုရှိမယ်လို့ မျှော်လင့်ပါတယ်။”
“ပြီးတော့ တော်ဝင်မျိုးနွယ်ပဲဖြစ်ဖြစ်၊ သာမန်အရပ်သားပဲဖြစ်ဖြစ် ဒီနေရာမှာခွဲခြားဆက်ဆံမှုမရှိဘဲ တရားမျှတမှုကို တန်းတူညီမျှပေးအပ်တယ်ဆိုတာကို ကမ္ဘာသိအောင် ပြသပေးပါ”
ရှန်ရှီက ပြောရင်း ယခင်ကထက်ပိုမိုနက်ရှိုင်းစွာ ဦးညွှတ်လိုက်သည်။