← Chapters

အကြီးအကဲ စု့န့်ချွမ်းလီ

Vol. 6 Ch. 57

အကြီးအကဲ စု့န့်ချွမ်းလီ

Vol. 6 Ch. 57

“စိတ်မပူပါနဲ့ ... တခြားအရာတွေအားလုံးထက် တရားမျှတမှုကို ဦးစားပေးဆောင်ရွက်သွားမယ်ဆိုတာ ကျွန်တော်တို့ဘက်က အာမခံပါတယ်”

ယန်ချင်းက အပြုံးပါးပါးလေးဖြင့် ပြောလိုက်သည်။ ရှန်ရှီက နားလည်ကြောင်းပြသသည့်အနေဖြင့် လက်နှစ်ဖက်ကိုယှက်ကာ အရိုအသေပေးလိုက်သည်။

"ကျွန်တော် စီရင်ချက်မချခင်... ကျန်ဟူ... ကျေးဇူးပြုပြီး”

ယန်ချင်းက ကျန်ဟူထံမှ တစ်စုံတစ်ရာကို လက်ခံယူရန် လက်ဝါးဖြန့်ပေးလိုက်သည်။

ကျန်ဟူက ဝမ်းသာအားရဖြင့် အတင်းအဓမ္မချိုးဖဲ့ထားသကဲ့သို့ အစွန်းများကြမ်းတမ်းနေသော သစ်သားတုံးလေးတစ်တုံးကို ထုတ်ပေးလိုက်သည်။ ထိုသစ်သားတုံးလေးသည် ညနေဆည်းဆာကဲ့သို့ ပုဇွန်ဆီရောင်သမ်းနေသည်။

ထိုသစ်သားတုံးကို မြင်လိုက်ရသောအခါ ရှန်ညီအစ်ကို ၃ ယောက်၏ သူငယ်အိမ်များကျုံ့သွားသော်လည်း စက္ကန့်ပိုင်းအတွင်းမှာပင် ပုံမှန်ပြန်ဖြစ်သွားသည်။

ယန်ချင်းသည် သစ်သားတုံးလေးကို ဟိုဘက်ဒီဘက်လှန်လှောကြည့်ရင်း သူ၏မျက်လုံးများ အရောင်လက်သွားကာ သဘောတကျခေါင်းညိတ်နေသည်။

ပတ်ဝန်းကျင်ကို အေးမြပြီးနူးညံ့သိမ်မွေ့သော ရေကဲ့သို့ငြိမ်သက်သွားစေသည့် ခံစားချက်က ၎င်းသည် မြေကမ္ဘာစပျစ်နွယ်သစ်သားဖြစ်ကြောင်း ဖော်ပြနေသည်။

၎င်းသည် ဝိညာဉ်ကိုပင် ငြိမ်သက်စေနိုင်သော နူးညံ့သိမ်မွေ့သည့်သဘာဝရှိသော သစ်ပင်အနည်းငယ်ထဲမှ တစ်ခုဖြစ်သည်။

"ဒါနဲ့ဆိုရင် ကျွန်တော်စီရင်ချက်ချဖို့ လိုအပ်တဲ့သက်သေတွေအားလုံး ပြည့်စုံသွားပြီ"

ယန်ချင်းက သစ်သားတုံးလေးကို ဘေးချထားပြီး လက်ချောင်းများကိုယှက်ကာ ပြောလိုက်သည်။

"မြေကမ္ဘာစပျစ်နွယ်သစ်သားက အကြံ့ခိုင်ဆုံးအပင်မျိုးမဟုတ်ပေမဲ့ ရွှေအမြုတေအဆင့်အစောပိုင်းကျွမ်းကျင်သူတစ်ယောက်ရဲ့ တိုက်ခိုက်မှုကိုတော့ ခံနိုင်ရည်ရှိသင့်တယ်ဆိုတာ ကျွန်တော်သဘောတူပါတယ်"

ထိုစကားကိုကြားသောအခါ ရှန်ညီအစ်ကိုများသည် ဝမ်းသာအားရဖြစ်သွားပြီး မျက်နှာပေါ်တွင် ဂုဏ်ယူဝင့်ကြွားသောအမူအရာများ ပေါ်လာသည်။

"ဒါပေမဲ့ သူရဲ့ထူးခြားပြီးနူးညံ့သိမ်မွေ့တဲ့သဘာဝကြောင့် သူ့ကိုဆိုးကျိုးသက်ရောက်စေပြီး သာမန်သစ်သားတွေနဲ့ မကွာခြားအောင်လုပ်နိုင်တဲ့ အရာတချို့ရှိတယ်။”

“ဒီသစ်သားတုံးမှာ အဲဒီလိုအရာတွေထဲက တစ်ခုရဲ့သဲလွန်စကို ကျွန်တော်တွေ့ထားတယ်။ ဒီအမှုကို တာဝန်ယူတဲ့ စစ်ဆေးရေးမှူးကျန်ဟူက ကျိုးပဲ့သွားတဲ့စားပွဲကနေ သစ်သားစတစ်ခုကို ယူလာခဲ့တယ်။ အဲဒါက ဒီအစလေးပါပဲ”

"ပထမဆုံးအနေနဲ့ ဒါဟာမြေကမ္ဘာစပျစ်နွယ်သစ်သားအစစ်ဖြစ်တယ်ဆိုတာ မှန်ပါတယ်။သူ့ရဲ့ အရည်အသွေးကို ကြည့်ရရင် အနည်းဆုံး သက်တမ်း ၂၀,၀၀၀ ရှိတဲ့ မြေကမ္ဘာစပျစ်နွယ်သစ်ပင်ကနေ ရရှိထားတာဖြစ်ပြီး အာနိသင်က ရွှေအမြုတေအဆင့်အထွတ်အထိပ်ရောက်နေသူအထိ သက်ရောက်မှုရှိနိုင်ပါတယ်။”

“ဈေးနှုန်းနဲ့ပတ်သက်လို့ကတော့ ကျွမ်းကျင်သူတစ်ယောက်ကို ရှင်းပြခိုင်းတာ ပိုကောင်းပါလိမ့်မယ်။ ကျန်ဟူ... အကြီးအကဲစုန့်ချွမ်းလီကို ခေါ်ပေးလို့ရမလား။ သူ့ရဲ့အလုပ်ထဲကနေ အခေါ်ခံရလို့ စိတ်တိုမနေပါစေနဲ့လို့ပဲ ဆုတောင်းရမှာပဲ”

ယန်ချင်းက စိုးရိမ်တကြီးပြောလိုက်သည်။

ကျန်ဟူ အပြင်သို့အလျင်အမြန်ထွက်သွားပြီးနောက် ရင်ဘတ်အထိရှည်လျားသော မုတ်ဆိတ်ဖြူများရှိသည့် အရပ်ပုပုအဘိုးအိုတစ်ဦးနှင့်အတူ ပြန်ဝင်လာသည်။

အဘိုးအိုဝတ်ဆင်ထားသော အဖြူရောင်ဝတ်ရုံပေါ်တွင် လွှစာမှုန့်များ ကပ်နေသည်။ ထိုလွှစာမှုန့်များသည် ထူးဆန်းသောဂုဏ်သတ္တိများ ရှိနေပုံရသည်။

အချို့က ခရမ်းရောင်လျှပ်စီးများ တဖျတ်ဖျတ်လက်နေပြီး၊ အချို့က ရွှေရောင်တောက်ပနေကာ၊ အချို့ကတော့ စက္ကန့်ပိုင်းအတွင်း အရောင်မျိုးစုံ ပြောင်းလဲနေသည်။

အဘိုးအိုသည် လက်နောက်ပစ်ကာ ခိုင်မာတည်ငြိမ်သောခြေလှမ်းများဖြင့် လျှောက်လာသည်။သူ၏ မျက်နှာပေါ်တွင် တင်းမာပြီးစိတ်မရှည်၊ စိတ်မကြည်နေသည့် အမူအရာများရှိနေသည်။

“အလုပ်များနေတဲ့ကြားက နှောင့်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ် အကြီးအကဲစုန့်။ ဒါပေမဲ့ ကိစ္စတစ်ခုအတွက် အကြီးအကဲရဲ့ကျွမ်းကျင်မှု လိုအပ်နေလို့ပါ။ ဒီနယ်ပယ်မှာ အကြီးအကဲက အတော်ဆုံးတွေထဲက တစ်ယောက်ပဲလေ”

ယန်ချင်းက မတ်တပ်ရပ်ပြီး လက်နှစ်ဖက်ကိုယှက်ကာ တောင်းပန်သောအပြုံးဖြင့် ပြောလိုက်သည်။ မော့ယွင်ရု၊ ယီကျဲနှင့် ကျန်ဟူတို့ကလည်း သူ့ကိုရိုသေစွာလက်ယှက်ပြီး အရိုအသေပေးကြသည်။

ဤမြင်ကွင်းကြောင့် ရှန်ညီအစ်ကိုများနှင့် ကျုံးချွမ်တို့ စပ်စုချင်စိတ်များ ဖြစ်ပေါ်လာသည်။ တရားသူကြီးနှင့် စစ်ဆေးရေးမှူးများက ဤမျှရိုသေမှုပြသရလောက်အောင် ဒီလူက ဘယ်လောက်အရေးပါတဲ့သူလဲဟု တွေးနေကြသည်။

သူတို့သည် အဘိုးအို၏ကျင့်ကြံခြင်းအဆင့်ကို အကဲခတ်ကြည့်ရာ ရွှေအမြုတေအဆင့်နောက်ဆုံးအဆင့်တွင်သာ ရှိကြောင်းသိလိုက်ရသည်။

အချိန်မရွေးသေနိုင်သည့်ပုံပေါက်နေသော အဘိုးအိုကြီးကို ဘာကြောင့်ဤမျှရိုသေနေရသလဲဆိုတာ အထူးသဖြင့် ရှန်ညီအစ်ကိုများ နားမလည်နိုင်ဖြစ်နေကြသည်။

သူတို့၏ကမ္ဘာနှင့် ကျင့်ကြံသူအများစု၏ကမ္ဘာတွင် ခွန်အားသည်သာ လေးစားမှုခံထိုက်သော တစ်ခုတည်းသောစံပေတံဖြစ်သည်။

“ဟမ့်... အကာအကွယ်အပြည့်နဲ့ နေရတဲ့ကျင့်ကြံသူတွေရဲ့ ထုံးစံအတိုင်းပဲ”

ယန်ချင်းနှင့် ကျန်လူများ၏ရိုသေမှုကို ကြည့်ရင်း ရှန်တျန် စိတ်ထဲမှ အထင်သေးစွာတွေးလိုက်သည်။

“မင်းအမှုအတွက် ငါ့အလုပ်တွေကို ထားခဲ့ရတာမို့ မင်းရဲ့ကိုယ်ပိုင်ရန်ပုံငွေထဲကနေ ငါ့အသုံးစရိတ်တချို့ကို ထောက်ပံ့ပေးဖို့ ပြင်ထား ယန်ချင်း။”

“ဒီတစ်ခေါက် ငါတို့ရှားပါးပစ္စည်းတချို့ရထားတယ်ဆိုတာ မင်းမသိဘူးလား။ ငါအကြာကြီးထွက်လာရင် အဲဒီအဖိုးကြီးတွေက ငါ့အတွက်ဘာမှမချန်ထားဘဲ အကုန်ယူသွားကြလိမ့်မယ်။ အဲဒါကြောင့် မင်းလိုချင်တာ မြန်မြန်ပြော ငါ့မှာအချိန်မရှိဘူး”

အကြီးအကဲစုန့်ချွမ်းလီက စိတ်မရှည်စွာပြောလိုက်သည်။

“ဟဲဟဲဟဲ... ကျွန်တော် အကြီးအကဲကို အကြွေးတင်သွားပါပြီ။ ရန်ပုံငွေအတွက်ကတော့ ကျွန်တော့်ရဲ့အခမ်းအနားပြီးတဲ့အထိ စောင့်ရလိမ့်မယ်။”

“အဲဒီကျရင် ပိုကောင်းအောင် လျော်ပေးပါ့မယ်။ ခုက ဒီကိစ္စအတွက် အကြီးအကဲကို ခေါ်လိုက်တာပါ”

ယန်ချင်းက ပြောရင်း မြေကမ္ဘာစပျစ်နွယ်သစ်သားတုံးကို ပစ်ပေးလိုက်ရာ အကြီးအကဲဆုန့်က လှုပ်ရှားမှုလေးတစ်ခု လုပ်လိုက်ရုံဖြင့် လဲကျတော့မည့်ပုံပေါက်နေသော်လည်း ကျွမ်းကျင်စွာဖမ်းယူလိုက်သည်။

ဘယ်ဘက်လက်ကို နောက်ပစ်ထားဆဲဖြစ်ပြီး ညာလက်ဖြင့်သာ ဖမ်းယူလိုက်ခြင်းပင်။

“အင်း... သက်တမ်း ၂၃,၉၀၀နှစ် ရှိတဲ့ မြေကမ္ဘာစပျစ်နွယ်သစ်ပင်ကနေ ရထားတဲ့ မြေကမ္ဘာစပျစ်နွယ်သစ်သားပဲ။ သစ်လုံးကနေ သစ်သားရအောင်ခွဲစိတ်တဲ့လက်ရာက သိပ်မကောင်းဘူး၊ မူလတန်ဖိုးရဲ့ ၇၀ ရာခိုင်နှုန်းပဲ ကျန်တော့တယ်”

အကြီးအကဲဆုန့်က သစ်သားတုံးကို နှာခေါင်းနားတေ့ကာ မျက်လုံးမှိတ်ပြီး ညင်သာစွာအနံ့ခံရင်း ပြောလိုက်သည်။

“ခုတ်လှဲပြီးကတည်းက သစ်သားကိုပြုပြင်ပြီး အသုံးပြုတဲ့အချိန်အထိ ၂၇ နှစ်ကနေ ၂၉ နှစ်လောက်ကြာပြီ... အင်း...အတိအကျဆိုရင် ၂၉ နှစ် တိတိပဲ”

ထို့နောက် သူသည် ကျုံးချွမ်ကို ယခင်ကထက်ပိုမိုအံ့အားသင့်သွားစေမည့် အရာတစ်ခုကို လုပ်ဆောင်လိုက်သည်။ ကျုံးချွမ် ဘာတစ်ခုမှ ထုတ်မပြောရသေးဘဲ အကြီးအကဲဆုန့်က အသေးစိတ်အချက်အလက်တိုင်းကို မှန်ကန်စွာပြောဆိုသွားသောကြောင့်ဖြစ်ပင်။

အကြီးအကဲစုန့်က သစ်သားတုံးကို ပေါင်မုန့်တစ်ချပ်ကဲ့သို့ ကိုက်စားလိုက်သည်။ တည်ငြိမ်နေသော သူ၏မျက်နှာထားသည် ရုတ်တရက်အေးစက်သွားပြီး သစ်သားကို ဒေါသတကြီး ထွေးထုတ်လိုက်သည်။

“ဘယ်ခွေးသူတောင်းစားက မီးခိုးရောင်တစ္ဆေကင်းမွန်ပင်ရဲ့ဝတ်မှုန်တွေကို ဒီထဲခိုးထည့်ထားတာလဲ။ အဲဒီအရာက မြေကမ္ဘာစပျစ်နွယ်သစ်သားရဲ့ မူလသဘာဝကို ဖျက်ဆီးပစ်တာ။ ဒါကြောင့် အနံ့ကရွံစရာကောင်းပြီး အရသာကလည်း ပုပ်ဟောင်နေတာကိုး”

အကြီးအကဲစုန့်က နောက်ထပ်အကြိမ်အနည်းငယ် ထွေးထုတ်ရင်း သစ်သားတုံးကို အမှိုက်တစ်စလို ပြန်ပစ်ပေးလိုက်သည်။

“၂၉ နှစ်ကြာပြီးနောက်မှာ မြေကမ္ဘာစပျစ်နွယ်သစ်သားရဲ့အာနိသင် ဘယ်လောက်ကျန်သေးလဲဆိုတာ ပြောပြလို့ရမလား အကြီးအကဲစုန့်။ ဒါမှမဟုတ် ပြောလို့မရလောက်အောင်ကို အရည်အသွေးကျဆင်းသွားပြီလား”

ယန်ချင်းက သစ်သားတုံးကို ဘေးဖယ်ထားရင်း သူ၏လက်ဖဝါးပေါ်ကပ်နေသော တံတွေးများကို တိတ်တဆိတ် အငွေ့ပျံစေရင်း မေးလိုက်သည်။

“မင်း ဘယ်သူနဲ့စကားပြောနေတယ် ထင်လဲ။ မင်းအဲဒီသစ်သားတွေ မပေါက်လာခင်ကတည်းက ငါ့လက်ထဲကို တန်ဖိုးကြီးသစ်သားအမျိုးအစား ဘယ်လောက်တောင် ရောက်ဖူးတယ်ထင်လဲ။ အာနိသင် ၄၃ ရာခိုင်နှုန်း ကျန်သေးတယ်”

အကြီးအကဲစုန့်က ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်။

“မေးစရာ ဒါအကုန်ပဲလား။ ဒါဆို ငါသွားတော့မယ်”

အကြီးအကဲစုန့်က လှည့်ထွက်ရန်ပြင်ရင်း မေးလိုက်သည်။

“ခနနေပါဦး အကြီးအကဲစုန့်... မေးစရာနည်းနည်း ကျန်ပါသေးတယ်။ ကျုံးချွမ်... ခင်ဗျားရဲ့စားပွဲအရွယ်အစားက ဘယ်လောက်ရှိလဲ”

ယန်ချင်းက အကြီးအကဲစုန့်ကို စောင့်ပေးရန် အသနားခံသည့်မျက်လုံးများဖြင့်ကြည့်ရင်း အလျင်အမြန်မေးလိုက်သည်။ အကြီးအကဲစုန့်က စိတ်မရှည်စွာ နှာခေါင်းရှုံ့လိုက်သော်လည်း စောင့်ပေးရန် သဘောတူလိုက်သည်။

“စားပွဲက လူ ၆ ယောက်ထိုင်ပါ။ အကျယ် လက်မ ၄၀ နဲ့ အလျား ၇၂ လက်မ ရှိပါတယ်”

ကျုံးချွမ်က တစ်စက္ကန့်မျှမတွန့်ဆုတ်ဘဲ ဖြေလိုက်သည်။

“အကြီးအကဲစုန့်... အဲဒီလိုစားပွဲမျိုးလုပ်ဖို့ သစ်သားဘယ်လောက်လိုအပ်လဲဆိုတာ ခန့်မှန်းပေးလို့ရမလား။ ပြီးတော့ လက်ရှိသစ်သားရဲ့အာနိသင်အရ သူ့ရဲ့ကာလပေါက်ဈေးက ဘယ်လောက်ဖြစ်မလဲ။ ဒါနောက်ဆုံးမေးခွန်းပါပဲ”

ယန်ချင်းက မေးလိုက်သည်။

“မြေကမ္ဘာစပျစ်နွယ်သစ်သားနဲ့ အဲဒီလိုစားပွဲမျိုးလုပ်ဖို့ အနည်းဆုံး သစ်ပြား ၅၀ လောက်လိုမယ်။ သက်တမ်း ၂၃,၀၀၀ ရှိတဲ့ မြေကမ္ဘာစပျစ်နွယ်သစ်ပင်တစ်ပင်ကရတဲ့ သစ်လုံးတစ်လုံးကို အဆင့်မြင့်ဝိညာဉ်ကျောက်တုံး ၆၀၀ လောက်တန်တယ်။ အဲဒီသစ်လုံးတစ်လုံးကနေ သစ်ပြား ၄၀၀ လောက် ရနိုင်တယ်။”

"အလယ်အလတ်အဆင့်ဝိညာဉ်ကျောက်တုံးနဲ့ ပြောင်းတွက်မယ်ဆိုရင် သစ်ပြား ၅၀ ကို ကျောက်တုံး ၇၅,၀၀၀ လောက်တန်တယ်။ ဒါပေမဲ့ အဲဒါက သစ်သားကိုပြုပြင်တဲ့အခါမှာ မူလအာနိသင် ၉၀ ရာခိုင်နှုန်း အနည်းဆုံးကျန်အောင် လုပ်နိုင်မှပါ။”

“အခုလုပ်ထားတဲ့သူက ၇၀ ရာခိုင်နှုန်းပဲ ကျန်အောင်လုပ်နိုင်ခဲ့တယ်။ အဲဒါတောင် ငါကအများဆုံးခန့်မှန်းပေးထားတာ။ အဲဒီတော့ ဈေးက ၅၀,၀၀၀ လောက်ကျသွားမယ်။”

“ပြီးတော့ အချိန်ဘယ်လောက်ကြာသွားပြီလဲဆိုတာနဲ့ လက်ရှိအာနိသင်အဆင့်ကို ထည့်တွက်မယ်ဆိုရင် တန်ဖိုးက အဲဒီရဲ့ထက်ဝက်လောက်ပဲ ရှိတော့မယ်။”

“ဒါကြောင့် သူရဲ့တန်ဖိုးက အလယ်အလတ်အဆင့်ဝိညာဉ်ကျောက်တုံး ၂၀,၀၀၀ ကနေ ၂၅,၀၀၀ ကြားမှာရှိမယ်။ အာနိသင် ၄၃ ရာခိုင်နှုန်းပဲကျန်တော့ရင်တောင် ဆိုင်အများစုက ၂၀,၀၀၀ အောက်တော့ မလျှော့ပေးကြဘူး။”

“အဲဒါအကုန်ပဲလို့ မျှော်လင့်ပါတယ်။ ငါသွားတော့မယ်။ အဲဒီခွေးသူတောင်းစားတွေ ငါ့အတွက် နေမင်းတောင်ထွတ်ချယ်ရီသစ်သား လေးတော့ ချန်ထားပေးဖို့ မျှော်လင့်ရတာပဲ။ သူတို့အရမ်းလွန်သွားရင် ဒီအဖိုးကြီးက သူတို့နဲ့စာရင်းရှင်းရလိမ့်မယ်”

အကြီးအကဲစုန့်က သေရေးရှင်ရေးတိုက်ပွဲသို့သွားမည့် စစ်သည်တစ်ဦးကဲ့သို့ သူ့ဘာသာပွစိပွစိရေရွတ်ရင်း ထွက်သွားသည်။ ယန်ချင်း၏ ကျေးဇူးတင်စကားကိုပင် မကြားတော့ပေ။

“ဪ မေ့သွားလို့... မင်းအားတဲ့အချိန် ငါ့ခြံမှာလာကူညီပေးဖို့ မမေ့နဲ့ ယန်ချင်း။ မင်းလျှောက်နေတဲ့လမ်းကြောင်းအပေါ် မင်းရဲ့နားလည်မှုကို ပိုနက်ရှိုင်းသွားစေလိမ့်မယ်။”

“ယီကျဲကိုလည်း ခေါ်ခဲ့... ဒါမှ ဒီကောင်လေးတစ်ခုခုလုပ်ပြီး ငါ့အသီးတွေအကုန်မစားပစ်မှာ။ မင်းရဲ့ နှင်းဇီးပွင့်ဝိုင် ကိုလည်း ယူခဲ့ဦး။”

“မင်းလုပ်ပေးခဲ့တဲ့ နောက်ဆုံးစည်ပိုင်းက ကုန်သွားပြီ။ အလုပ်လုပ်ပေးတဲ့အခကြေးငွေအနေနဲ့ ခြံထဲကတစ်ခုခုကို ရိတ်သိမ်းခွင့်ပေးမယ်"

အကြီးအကဲစုန့်၏ အသံသည် တံခါးပိတ်သွားသည်နှင့် တဖြည်းဖြည်း တိုးဝင်သွားသည်။

ယန်ချင်းသည် အကြီးအကဲစုန့်၏ အပြုအမူများကိုကြည့်ပြီး ခါးသီးစွာပြုံးလိုက်မိသည်။ သူကအမြဲတမ်း ဒီလိုပင်။

လက်မှုပညာနဲ့ပတ်သက်လာရင် စိတ်လှုပ်ရှားလွယ်ပြီး စိတ်အားထက်သန်လေ့ရှိသည်။ တရားစီရင်ရေးအဖွဲ့ဌာနချုပ်အဆောက်အအုံက အောက်တန်း၊ အထက်တန်းနဲ့ အထူးရွှေအမြုတေတရားရုံးတချို့၊ ကိုယ်ပိုင်ရုံးခန်းတချို့က ပရိဘောဂတွေကို ပြန်လည်မွမ်းမံပေးခဲ့သော လက်မှုပညာရှင်များထဲမှ တစ်ယောက်အပါအဝင်ဖြစ်ပေသည်။

ရုက္ခဗေဒ၊ ပြုပြင်ထုတ်လုပ်ရေးနှင့် လက်မှုပညာပိုင်းတွင် သူ၏ကျွမ်းကျင်မှုမှာ ပြိုင်ဘက်ကင်းပြီး နယ်မြေအဆင့်ကျွမ်းကျင်သူတစ်ယောက်နဲ့ပင် ယှဉ်နိုင်ပေသည်​။

အကြီးအကဲစုန့်မှာ အကယ်ဒမီမှ နည်းပြတွေထဲက တစ်ဦးလည်းဖြစ်သည်။ အပင်အမျိုးမျိုးကို ကိုင်တွယ်သည့်နည်းစနစ်အများအပြားကို တီထွင်ခဲ့ပြီး တရားစီရင်ရေးအဖွဲ့မှ အဂ္ဂိရတ်ပညာရှင်အများအပြားကပင် ထိုနည်းစနစ်များကို တန်ဖိုးထားကြရသည်။

လက်မှုပညာရှင်တစ်ယောက်အနေဖြင့် လမ်းစဥ်လျောက်လှမ်းရာတွင် ရွှေရောင်အဆင့်နည်းစနစ်တချို့ကိုပင်ဖန်တီးနိုင်ခဲ့သည်။

သို့ပေသည့်... ရွှေအမြုတေအဆင့်ကျွမ်းကျင်သူတစ်ယောက်အဖြစ်သာ ရှိသေးသည်။ အကြောင်းမှာ လူထူးဆန်း အလုပ်ကြမ်းသမားတစ်ယောက် ဖြစ်သောေကြာင့်ပင်။

လွန်ခဲ့သောနှစ် ၁၂၀ လောက်ကတည်းက နန်းတော်အဆင့်ကိုတက်လှမ်းရန် အချိန်မပေးနိုင်လောက်အောင် အလုပ်များနေသည်ဟုသော အကြောင်းပြချက်ဖြင့် နန်းတော်အဆင့်သို့တက်ရန် ဆိုင်းငံ့ထားခဲ့သည်။

လွန်ခဲ့သောနှစ် ၁၂၀ လုံးလုံး ထိုခံစားချက်မျိုး ညဏ်အလင်းမပွင့်တော့ရာ ရွှေအမြုတေအဆင့်နောက်ဆုံးအဆင့်တွင် သောင်တင်နေခဲ့သည်။

ရွှေအမြုတေအဆင့်၏ အထွတ်အထိပ်၌သာ ရှိသေးသော်လည်း သူ၏တာအိုလမ်းကြောင်းကို နန်းတော်အဆင့်ကျင့်ကြံသူတစ်ဦးထက် ပိုပြီးနက်ရှိုင်းအောင် လျောက်လှမ်းနိုင်ခဲ့ပေသည်။

ယန်ချင်း နန်းတော်အဆင့်ကိုမတက်ခင်က လဲ့ဝေယွမ်က ပြောဖူးပေသည်။ အကြီးအကဲစုန့်သာ အဆင့်တက်ရန်ဆုံးဖြတ်လိုက်ရင် တစ်ရက်တည်းနှင့် နန်းတော်အဆင့်အထွတ်အထိပ်ကို တိုက်ရိုက်ရောက်သွားပြီး နယ်မြေအဆင့်ကိုတောင် ထိုးဖောက်လုနီးပါးဖြစ်သွားစေနိုင်သည်။

သူ၏တာအိုရဲ့အခြေခံမှာ အလွန်နက်ရှိုင်းပြီးခိုင်မာပေသည်။ ယန်ချင်းတစ်ယောက်နန်းတော်အဆင့်ကိုရောက်လာပြီး သူ၏ကိုယ်ပိုင်တာအိုလမ်းကြောင်းကို လျှောက်လှမ်းနေချိန်တွင် အကြီးအကဲစုန့်နှင့် ထိတွေ့ဆက်ဆံလိုက်ရသည့်အခါမှ လဲ့ဝေယွမ်၏ သုံးသပ်ချက်ကို သဘောပေါက်သွားတော့သည်။

အကြီးအကဲစုန့်၏အရှိန်အဝါမှာ ခေတ်အဆက်ဆက်ကိုကျော်လွန်၍ အချိန်ကာလရေစီးကြောင်းနှင့်အတူ ဗဟုသုတတွေပြည့်နှက်နေပြီး တိုင်းပြည်တစ်ခုလုံးကို ဖုံးလွှမ်းနိုင်သောသစ်ပင်ကြီးတစ်ပင်ကဲ့ခံစားရသည်။

All Chapters