တရားစီရင်ရေးအဖွဲ့အပေါ် မကျေနပ်မှု
Vol. 6 Ch. 58
ယန်ချင်းသည် ထိုအတွေးများကို အမြန်ဖယ်ရှားလိုက်ပြီး လက်ရှိကိစ္စကိုသာ အာရုံစိုက်လိုက်သည်။
“ခင်ဗျားတို့ ကြားတဲ့အတိုင်းပဲ... မြေကမ္ဘာစပျစ်နွယ်သစ်သားက သက်တမ်း ၂၃,၀၀၀ ရှိပြီး ခင်ဗျားတို့ညီအစ်ကိုတွေ ဖျက်စီးလိုက်တဲ့စားပွဲလုပ်ဖို့ သုံးခဲ့တဲ့သစ်သားပမာဏကို အခြေခံတွက်ကြည့်ရင် တန်ဖိုးက ၂၀,၀၀၀ နဲ့ ၂၅,၀၀၀ ကြားမှာရှိတယ်။”
“ကျုံးချွမ်တောင်းတဲ့ အလယ်အလတ်အဆင့်ဝိညာဉ်ကျောက်တုံး ၁၅,၀၀၀ ဆိုတာက သူ့ဘက်ကကြည့်ရင် အများကြီးမျှတနေပါပြီ”
“ဒါကြောင့် မြေကမ္ဘာစပျစ်နွယ်သစ်သားအစစ် ဟုတ်မဟုတ်ဆိုတဲ့ စွပ်စွဲချက်က မှားယွင်းကြောင်းသက်သေပြပြီးဖြစ်သလို ကျိုးပဲ့သွားတဲ့စားပွဲအတွက် သူတောင်းတဲ့လျော်ကြေးကလည်း သင့်တော်ကြောင်း တွေ့ရှိရတယ်။ ဒီအချက်အလက်တွေ အားလုံးပြည့်စုံပြီမို့လို့...”
“နေပါဦး တရားသူကြီးယန်ချင်း မျှတတယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ။ ဒါက တရားစီရင်ရေးအဖွဲ့ရဲ့ အလုပ်လုပ်ပုံလား။”
“ကိုယ့်ကိုယ်ကိုယ်ကလွဲပြီး တခြားကျောထောက်နောက်ခံမရှိတဲ့ တစ်ကိုယ်တော်ကျင့်ကြံသူတွေကို ဖိနှိပ်ဖို့ ချမ်းသာတဲ့သူတွေနဲ့ ပူးပေါင်းကြံစည်နေတာလား”
“သေကာနီး အဖိုးကြီးတစ်ယောက်ရဲ့ ဆုံးဖြတ်ချက်ကို ကျုပ်တို့က ယုံရမယ်လို့ ခင်ဗျားတကယ်ထင်နေတာလား။ သူက သတိမေ့နေတဲ့အဖိုးကြီးတစ်ယောက်ပဲလေ။”
“အကုန်လုံးက ဖြောင့်မတ်မှန်ကန်ကြောင်း ဟန်ဆောင်ပြဖို့ သူ့ကိုဒီအမှုထဲ ဆွဲသွင်းလာတာလေ။ တကယ်တမ်းကျတော့ ခင်ဗျားက ဟိုဘက်ကလောဘကြီးတဲ့ကုန်သည်ဘက်ကို ပါဖို့ဆုံးဖြတ်ထားပြီးသားပဲ။”
“တရားစီရင်ရေးအဖွဲ့က တရားမျှတမှုရဲ့ ပြယုဂ်ဆိုပါလား... ဟက်... ဒီကထွက်သွားတာနဲ့ တရားစီရင်ရေးအဖွဲ့က ဘယ်လိုအလုပ်လုပ်လဲဆိုတာ၊ အထူးသဖြင့် တစ်ကိုယ်တော်ကျင့်ကြံသူတွေအပေါ် ဘယ်လိုဆက်ဆံလဲဆိုတာကို နားထောင်မယ့်သူမှန်သမျှကို လိုက်ပြောပြမယ် စောင့်ကြည့်နေ။”
“ကျုပ်တို့ညီအစ်ကိုတွေက ဒါကိုလက်ခံမှာမဟုတ်ဘူး။ ဒီလိုဟန်ဆောင်မှုသက်သက်ဖြစ်နေတဲ့ အမှုစစ်ဆေးရေးလုပ်ငန်းစဉ်ကိုလည်း ကျုပ်တို့ ဆက်မလုပ်နိုင်တော့ဘူး”
ရှန်ရှီက မကျေမနပ်နှာခေါင်းရှုံ့ရင်း ဒေါသတကြီး ပြောလိုက်သည်။ ကျန်ညီအစ်ကိုများကလည်း သူ့ကိုထောက်ခံပုံရပြီး ရှန်တျန်ဆိုလျှင် တရားခွင်ကြမ်းပြင်ပေါ်သို့ပင် တံတွေးထွေးချလိုက်သည်။
“ခင်ဗျားတို့နှစ်ယောက်ရဲ့ သဘောထားကရော အဲဒီအတိုင်းပဲလား”
ယန်ချင်းက ရှန်ရှီဘေးရှိ ညီအစ်ကိုနှစ်ယောက်ကိုကြည့်ရင်း တည်ငြိမ်စွာမေးလိုက်သည်။
“ဟုတ်တယ်”
ရှန်ဒင်က အေးစက်စွာဖြေသည်။
“ငါလည်း အတူတူပဲ။ ဒါပေမဲ့ ရှန်ရှီပြောတာ သိပ်ယဉ်ကျေးလွန်းနေတယ်ထင်တယ်။ ရှန်ရှီ... မင်းက ဟိုသူကောင်းမျိုးနွယ်တွေလို ‘ယဉ်ကျေး’ အောင် သိပ်ကြိုးစားလွန်းတယ်။”
“ငါအမြဲပြောသလိုပဲ ရှန်ရှီရာ... လုံလောက်တဲ့ခွန်အားသာရှိရင် တောဝက်တစ်ကောင်ကိုတောင် ဘုရင်တစ်ပါးထက်ပိုပြီး လူကြီးလူကောင်းပီသတယ်လို့ မြင်ကြမှာပဲ။ ငါတို့မှာသာ လုံလောက်တဲ့ခွန်အားရှိရင် ဒီလိုဟန်ဆောင်ပြဇာတ်ဆန်တဲ့ တရားစီရင်မှုမျိုးကို ခံရမယ်ထင်လား”
ရှန်တျန်က လှောင်ပြောင်သောအပြုံးဖြင့် ပြောလိုက်သည်။
“တရားစီရင်ရေးအဖွဲ့က ပါရမီရှင်တွေစုဝေးရာနေရာလို့ နာမည်ကြီးပေမဲ့ ငါ့အမြင်မှာတော့ ကိုယ့်ကိုယ်ကိုယ်အထင်ကြီးနေတဲ့ ကိတ်မုန့်ပျော့ပျော့လေးတွေလိုပဲ။”
“စောင့်ကြည့်နေ... ငါတရားစီရင်ရေးအဖွဲ့ရဲ့ မျက်နှာကို ဗြောင်ကျကျတံတွေးထွေးရဲတဲ့အထိ အစွမ်းထက်လာအောင် လုပ်ပြမယ်”
ရှန်တျန်က ယန်ချင်းကိုစိုက်ကြည့်ရင်း မျက်နှာပေါ်တွင် အထင်သေးသောအပြုံးတစ်ခုပေါ်လာကာ စိတ်ထဲမှ တွေးလိုက်၏။
ထိုဖြစ်ရပ်များကြောင့် ကျုံးချွမ် မျက်မှောင်ကြုတ်သွားသော်လည်း ယန်ချင်းနှင့် ကျန်လူများ၏ တည်ငြိမ်ပြီးဂရုမစိုက်သောအမူအရာကို မြင်သောအခါ မျက်မှောင်ပြန်ပြေသွားသည်။
ညီအစ်ကို ၃ ယောက်ကိုကြည့်နေသော ယန်ချင်း၏မျက်လုံးများထဲတွင် ကစားလိုပြီး ကောက်ကျစ်သောအရိပ်အယောင်လေးတစ်ခုကိုပင် သူမြင်လိုက်ရသည်။
“ကောင်းပြီ... အားလုံးသဘောတူတယ်ဆိုတော့ ကိစ္စတွေက ပိုလွယ်သွားတာပေါ့။ တစ်ကိုယ်တော်ကျင့်ကြံသူတွေအနေနဲ့ အသိညဏ်လေးတော့ နည်းနည်းပါးပါးရှိမယ်ထင်ထားတာ။”
“ဒီလောက်တောင် ဘာမှမသိဘဲ တဇွတ်ထိုးလုပ်တတ်တဲ့ ခင်ဗျားတို့တွေ ဘယ်လိုများအသက်ရှင်နေနိုင်ခဲ့တာလဲ။ ခင်ဗျားတို့ပြောတဲ့ အဲ့ဒီသေကာနီးအဖိုးကြီးက လက်မှုပညာလောကမှာ အထွတ်အထိပ်ပုဂ္ဂိုလ်တွေထဲက တစ်ယောက်ပဲ။”
“အသိစိတ်ရှိတဲ့ရတနာ တချို့ကို ဖန်တီးခဲ့ဖူးတယ်။ ကောင်းကင်အဆင့်ကနေ အထွတ်အမြတ်အဆင့်အထိ သူလုပ်ခဲ့တဲ့ပစ္စည်း ဘယ်လောက်များမယ်ထင်လဲ။”
“မြို့တစ်မြို့လုံးကိုတောင် မြှုပ်ပစ်လို့ရတယ်။ အဲဒါကို ခင်ဗျားတို့က ကောင်းကင်အဆင့်ပစ္စည်းလေးတစ်ခုအပေါ်ထားတဲ့ သူ့ရဲ့ ဆုံးဖြတ်ချက်ကို သံသယဝင်ရဲသေးတယ်ပေါ့။”
“သူမကြားသွားတာ ခင်ဗျားတို့ကံကောင်းတယ်။ ကျွန်တော်တောင် သူ့ရဲ့လက်သီးတစ်ချက်ကို ခံနိုင်ရည်မရှိဘူး။ ခင်ဗျားတို့လို ရွှေအမြုတေအဆင့် ၄ ပဲရှိတဲ့ ကောင်လေး ၃ ယောက်ဆိုရင် ပြောနေစရာတောင်မလိုဘူး။”
“တရားစီရင်ရေးအဖွဲ့က အခြေတည်အဆင့်အစောပိုင်းကလေးတွေတောင် အလွယ်တကူကျော်ဖြတ်နိုင်တဲ့ သာမန်စမ်းသပ်မှုလေးတွေကို အသက်ရှင်ကျန်ရစ်ရုံနဲ့ မာနတွေထောင်လွှားနေလိုက်ကြတာ။”
“ရွှေအမြုတေအဆင့် ကျင့်ကြံသူတွေလောက်နဲ့ တရားစီရင်ရေးအဖွဲ့က လှည့်ကွက်တွေသုံးပြီး နာမည်ဖျက်ခံမယ်ထင်နေလား။ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူတောင် မတန်ဘူး၊ ခင်ဗျားတို့ ၃ ယောက်ဆိုရင် ပိုတောင်ဆိုးသေးတယ်။”
“ပြီးတော့ ဒီမှာ စစ်သည်တော်နဲ့ဓားပြကစားနေတဲ့ ကလေးတွေလို့များ ခင်ဗျားတို့ ၃ ယောက်က ထင်နေလား။ အမှုစစ်ဆေးရေးလုပ်ငန်းစဉ်ထဲကနေ ထွက်ချင်တဲ့အချိန် ထွက်လို့ရမယ်ထင်နေလား။”
“ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို အပြည့်အဝနာခံဖို့ သေချာလားလို့ ကျွန်တော်အစကတည်းက မေးခဲ့တယ်။ ခင်ဗျားတို့ သဘောတူခဲ့တယ်။ အဲဒီသဘောတူညီချက်နဲ့အတူ ငြင်းပယ်ခွင့်ဆိုတာ မရှိတော့ဘူး၊ အခု ခင်ဗျားတို့ အမှုထဲရောက်နေပြီ။”
“စီရင်ချက်ကို အသရေဖျက်တဲ့လုပ်ရပ် ဒါမှမဟုတ် မနာခံတဲ့လုပ်ရပ်မှန်သမျှဟာ ကျွန်တော့်စီရင်ချက်ကို သဘောတူလိုက်တာထက် အများကြီးပိုပြင်းထန်တဲ့ နောက်ထပ်ပြစ်ဒဏ်တစ်ခုပဲ။”
“နောက်လာမယ့်အကျိုးဆက်တွေအတွက် ခင်ဗျားတို့ ပြင်ဆင်ထားရလိမ့်မယ်။ဒီနေရာက တရားစီရင်ရေးအဖွဲ့ပဲ၊ ခင်ဗျားတို့စိတ်ထင်တိုင်း ပြုမူလို့ရတဲ့နေရာ မဟုတ်ဘူး”
ယန်ချင်းက ဂရုမစိုက်သည့်မျက်နှာထားဖြင့် ပြောလိုက်သည်။
ရှန်တင်းက သူတို့များအရဲစွန့်လွန်းသွားသလားဟု တွေးရင်း စိုးရိမ်တကြီး တံတွေးမြိုချလိုက်သည်။ သို့သော် ရှန်ရှီနှင့် ရှန်တျန်တို့ကမူ မကြောက်မရွံ့ပုံပေါက်နေသော်လည်း ရှန်တျန်၏ခန္ဓာကိုယ်က ယခင်ကထက် ပိုမိုတင်းမာလာပြီး ရှန်ရှီ၏လက်သီးတစ်ဖက်ကိုလည်း တင်းတင်းဆုပ်ထားသည်။
“အထက်တန်းရွှေအမြုတေတရားရုံးတရားသူကြီး ကျွန်တော်ယန်ချင်းသည် တရားစီရင်ရေးအဖွဲ့မှ အပ်နှင်းထားသောအာဏာကိုကျင့်သုံး၍ မြေကမ္ဘာစပျစ်နွယ်စားသောက်ဆိုင်ပိုင်ရှင် ကျုံးချွမ်နှင့် ရှန်ညီအစ်ကို ၃ ယောက်တို့၏အမှုအား စီရင်ချက်ချမှတ်ပါတော့မည်။”
“လက်ရှိအချက်အလက်များသည် စီရင်ချက်ချမှတ်ရန်လုံလောက်သည်ဟု ဆုံးဖြတ်ပြီးနောက် တရားခံများဖြစ်ကြသော ရှန်ရှီ၊ ရှန်ဒင်နှင့် ရှန်တျန်တို့သည် မြေကမ္ဘာစပျစ်နွယ်စားပွဲအား ဖျက်ဆီးခဲ့ကြောင်း အပြစ်ရှိသည်ဟု ကြေညာလိုက်သည်။”
“အဆိုပါစားပွဲသည် မဟာလက်မှုပညာရှင် အကြီးအကဲစုန့်ချွမ်းလီ၏ တန်ဖိုးဖြတ်ချက်အရ အလယ်အလတ်အဆင့်ဝိညာဉ်ကျောက်တုံး ၂၀,၀၀၀ မှ ၂၅,၀၀၀ ကြား တန်ဖိုးရှိသည်။’’
“ပိုင်ရှင်ကျုံးချွမ်တောင်းဆိုသော အလယ်အလတ်အဆင့်ဝိညာဉ်ကျောက်တုံး ၁၅,၀၀၀ သည် မျှတပြီးဖြောင့်မတ်မှန်ကန်ကြောင်း တွေ့ရှိရသည်။”
“ပြစ်ဒဏ်အနေဖြင့် တရားစီရင်ရေးအဖွဲ့က ပိုင်ရှင်ကျုံးချွမ်အား ရရန်ရှိသောငွေပမာဏကို အပြည့်အဝပေးချေမည် (သို့မဟုတ်) ညီအစ်ကို ၃ ယောက်က စားသောက်ဆိုင်တွင် လုပ်အားဖြင့် ပြန်လည်ပေးဆပ်ရမည်။”
“ညီအစ်ကို ၃ ယောက် တစ်လတိတိအလုပ်လုပ်ပြီးပါက အကြွေးကြေပြီဟု သတ်မှတ်မည်။”
“အလုပ်သမားခအဖြစ် တစ်ရက်လျှင် အလယ်အလတ်အဆင့်ဝိညာဉ်ကျောက်တုံး ၅၀၀ သတ်မှတ်ပြီး ၎င်းသည် ရွှေအမြုတေအဆင့် ၄ ကျွမ်းကျင်သူတစ်ဦး၏ ပုံမှန်လုပ်အားခဖြစ်သည်ဟု ယူဆသည်။ ပိုင်ရှင်ကျုံးချွမ်... ဘယ်ရွေးချယ်မှုကို သဘောကျပါသလဲ”
“တရားသူကြီးယန်...”
ညီအစ်ကို ၃ ယောက်က စီရင်ချက်ကို ကန့်ကွက်ရန် ဒေါသတကြီး ခုန်ထွက်လာကြသည်။
“တိတ်စမ်း... ဒီကိစ္စမှာ ခင်ဗျားတို့ ပြောပိုင်ခွင့်မရှိဘူး။ ငြိမ်ငြိမ်ရပ်ပြီး ခင်ဗျားတို့အလှည့်ကို စောင့်နေ”
ညီအစ်ကို ၃ ယောက် စကားမပြောနိုင်ခင် ယန်ချင်းက ဖြတ်ပြောလိုက်သည်။ ညီအစ်ကို ၃ ယောက် စကားပြောချင်သော်လည်း စွမ်းအင်တစ်ခုက သူတို့ကို ဝန်းရံလာပြီး ခန္ဓာကိုယ်များကို အတင်းအဓမ္မကျောက်ရုပ်လို ဖြစ်သွားစေသည်ကို ခံစားလိုက်ရသည်။
မျက်တောင်ပင်ခတ်၍ မရတော့ဘဲ အသက်ရှူရုံသာ တတ်နိုင်တော့သည်။ ထိုရုတ်တရက်ပြောင်းလဲမှုကြောင့် သူတို့၏ခန္ဓာကိုယ်များမှာ ရုတ်ချည်းအေးစက်တောင့်တင်းသွားသည်။
ကျုံးချွမ်က ညီအစ်ကို ၃ ယောက်ကြားမှာ ထူးဆန်းတာတစ်ခုခုဖြစ်နေခြင်းကို သတိထားမိလိုက်သည်။ အထူးသဖြင့် တစ်ခုခုပြောချင်ဟန်ရပြီးမှ အသံတိတ်သွား၍ ဖြစ်၏။
“ဒီတရားသူကြီးက အပြင်ပန်းမြင်ရတာထက် အများကြီးပိုနက်နဲပုံရတယ်။ စောစောကများ...”
ကျုံးချွမ်၏ခေါင်းထဲမှာပိုကြောက်စရာကောင်းသော
တွေးလက်စကိုရပ်ကာ ယန်ချင်းအား သတိကြီးကြီးထား၍ ကြည့်လိုက်မိသည်။
“တရားသူကြီးယန်ချင်း... အဆင်ပြေမယ်ဆိုရင် ပထမရွေးချယ်မှုကိုပဲ ပိုသဘောကျပါတယ်။ ရွှေအမြုတေအဆင့်ကျွမ်းကျင်သူတွေကို တစ်လလောက်အလုပ်ခိုင်းချင်ပေမဲ့ သူတို့ကို စားသောက်ဆိုင်မှာထားတာက အကျိုးထက်အပြစ်က ပိုများနိုင်တယ်။”
“အထူးသဖြင့် သူတို့ကမနေချင်ဘူးဆိုရင် ပိုဆိုးမယ်။ ပထမရွေးချယ်မှုက ကျွန်တော့်အတွက် အလုံခြုံဆုံးနဲ့ အမှန်ကန်ဆုံးရွေးချယ်မှုပါပဲ”
ကျုံးချွမ်က နှိမ့်ချစွာ ပြောလိုက်သည်။
“ဒုတိယရွေးချယ်မှုကို ရွေးရင်လည်း ခင်ဗျားဘာမှစိတ်ပူစရာမလိုပါဘူး။ တရားစီရင်ရေးအဖွဲ့မှာ သူတို့ကိုအလုပ်ခွင်မှာ စည်းကမ်းတကျရှိစေဖို့ နည်းလမ်းတွေရှိပါတယ်။ ဒါဆို ပထမရွေးချယ်မှုကိုပဲ ယူမလား... ဒါမှမဟုတ် ပြန်စဉ်းစားဦးမလား”
ယန်ချင်းက ပြုံးရင်း မေးလိုက်သည်။
“စဉ်းစားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ပထမရွေးချယ်မှုကိုပဲ ယူပါရစေ”
ကျုံးချွမ်က ကျေးဇူးတင်သောအပြုံးဖြင့် ပြောလိုက်သည်။
“ကောင်းပြီလေ... ကျန်ဟူက ခင်ဗျားကို လျော်ကြေးနဲ့ပြန်လည်ရယူရေးရုံးကို ခေါ်သွားပေးလိမ့်မယ်။ အဲဒီမှာ ရစရာရှိတဲ့ငွေပမာဏ အပြည့်အဝပြန်ရပါလိမ့်မယ်။”
“အဆင့်မြင့်၊ အလယ်အလတ်၊ ဒါမှမဟုတ် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ဘယ်လိုပဲလိုချင်လိုချင် သူတို့စီစဉ်ပေးပါလိမ့်မယ်။ ဒါကို သက်သေအဖြစ် ယူသွားပါ”
ယန်ချင်းက ပြောရင်း ရှေးဟောင်းစက္ကူတစ်ရွက်ပေါ်တွင် စာတိုလေးတစ်စောင် အမြန်ရေးလိုက်သည်။
အဆုံးတွင် ရွှေလင်းယုန်တံဆိပ်ပြားဖြင့် တံဆိပ်နှိပ်လိုက်ရာ စာလုံးများသည် စစ်မှန်သောရွှေရောင်အလင်းဖြင့် တောက်ပလာသည်။
ထို့နောက် စက္ကူသည် သူ့အလိုလိုလိပ်သွားပြီး ရွှေလင်းယုန်ဝိညာဉ်ငှက်တစ်ကောင် ပေါ်လာကာ စက္ကူကို မျိုချလိုက်သည်။ ပြီးနောက် ကျန်ဟူထံ ပျံသန်းသွားပြီး ပခုံးပေါ်တွင် နားလိုက်သည်။