ရှန်ညီအစ်ကိုသုံးယောက်အား ပြစ်ဒဏ်ချမှတ်ခြင်း
Vol. 6 Ch. 59
“ကဲ... အခု မင်းတို့ ၃ ယောက်နဲ့ စာရင်းရှင်းဖို့ အချိန်ရောက်ပြီ”
ယန်ချင်းက အေးစက်သောမျက်နှာထားဖြင့် ပြောလိုက်သည်။ အပြောအဆို၊ အပြုအမူရိုင်းစိုင်းပြီး မဆင်မခြင်ပြုမူတတ်သည့် မာနထောင်လွှားသော တရားခံများစွာကို သူမြင်ဖူးသည်။
သို့သော် သူမဟုတ်ဘဲ တခြားတစ်ယောက်ကို... အထူးသဖြင့် အကြီးအကဲစုန့်ချွမ်းလီကို ပစ်မှတ်ထားစော်ကားသည်မှာ ဒါပထမဆုံးအကြိမ်ဖြစ်သည်။ သူနှင့်ရင်းနှီးသောနည်းပြများထဲတွင် အကြီးအကဲစုန့်သည်လည်း တစ်ဦးအပါအဝင်ဖြစ်သည်။
ထို့ကြောင့်လည်း စိတ်တိုလွယ်မှန်းသိသိကြီးနှင့် ယန်ချင်းက သူ့ကိုခေါ်ခဲ့ခြင်းပင်။ အကယ်ဒမီတွင်ရှိစဉ်က အကြီးအကဲစုန့်သည် သူ့ကိုလမ်းညွှန်ပြသပေးခဲ့ပြီး သာမန်နည်းပြတစ်ယောက် လုပ်ပေးနိုင်သည်ထက်ပိုမိုသော အထောက်အပံ့များကို ပေးအပ်ခဲ့သည်။
သူတစ်ယောက်တည်းသာ မဟုတ်ပေ။အထက်တန်းရွှေအမြုတေတရားရုံးတရားသူကြီး ရှားပေါ်ချင်းဆိုလျှင် အကြီးအကဲစုန့်နှင့် အလွန်ရင်းနှီးသူအနည်းငယ်ထဲတွင် ပါဝင်ပြီး အကြီးအကဲစုန့်ကို ဖခင်တစ်ဦးလိုပင် သဘောထားသည်။
အကြီးအကဲစုန့်အကြောင်း မကောင်းပြောသည်ကို ကြားလိုက်ရသဖြင့် ယန်ချင်းမှာ ကိုယ်တိုင်ကိုယ်ကျ စော်ကားခံရသည်ထက်ပင် ပို၍ဒေါသထွက်သွားသည်။ ထိုနေရာတွင်ပင် သူတို့အားရိုက်မသတ်မိစေရန် ကိုယ့်ကိုယ်ကိုယ် အတော်လေး ထိန်းချုပ်ထားရသည်။
“မင်းတို့သာ စိတ်ရှည်သည်းခံဖို့ဆုံးဖြတ်ခဲ့ရင် အခြေအနေတွေက ဒီလိုအဆုံးသတ်မှာ မဟုတ်ဘူး။ ဟုတ်တယ်... မင်းတို့ ၃ ယောက်က ဆိုင်ပိုင်ရှင်ကျုံးချွမ်ရဲ့ပိုင်ဆိုင်မှုကို ဖျက်ဆီးခဲ့တဲ့အပြစ်ရှိတယ်ဆိုတာ သံသယဖြစ်စရာမလိုဘူး။”
“ပြီးတော့ လိုအပ်တဲ့ငွေပမာဏကို လုပ်အားနဲ့ဖြစ်ဖြစ်၊ ဝိညာဉ်ကျောက်တုံးနဲ့ဖြစ်ဖြစ် ပေးဆပ်ရမယ်ဆိုတာလည်း မှန်တယ်။”
“ဒါပေမဲ့ ဆိုင်ပိုင်ရှင်ကျုံးချွမ်ကို ငါပြောခဲ့သလိုပဲ... တရားစီရင်ရေးအဖွဲ့က အဲဒီငွေကို အရင်စိုက်ရှင်းပေးထားပြီး မင်းတို့ ၃ ယောက်က ငါတို့ကို နောက်မှပြန်ဆပ်လို့ရတယ်။”
“ငါတို့က မင်းတို့ကို လုံလောက်တဲ့အချိန်ပေးပြီး အရစ်ကျပြန်ဆပ်ခွင့် ပေးမှာ။ နှစ်စဉ်အတိုးနှုန်း ၁ ရာခိုင်နှုန်းတော့ ရှိမယ်။ အဲဒီ ၁ ရာခိုင်နှုန်းကလည်း နှစ်စဉ်ကျန်တဲ့အကြွေးပမာဏအပေါ်မှာပဲ မူတည်ပြီး တွက်မှာ။”
“ကျုံးချွမ်နဲ့ မတူတာက... ငါတို့က မင်းတို့ ၃ ယောက် ထွက်ပြေးသွားမှာကို စိတ်ပူစရာမလိုဘူးလေ။ တရားစီရင်ရေးအဖွဲ့က တောင်ဘက်တိုက်ကြီးတစ်ခုလုံး မင်းတို့ ဘယ်နေရာရောက်ရောက် ခြေရာခံလို့ရတယ်။”
“နောက်ထပ် ရွေးချယ်စရာတစ်ခုက ငါတို့အတွက် တာဝန်တချို့လုပ်ပေးဖို့ပဲ။ တခြားနေရာတွေနဲ့မတူဘဲ ငါတို့က မင်းတို့ရဲ့ကျင့်ကြံခြင်းအဆင့်အပေါ်မူတည်ပြီး ပုံသေအခကြေးငွေ ပေးတာမဟုတ်ဘူး။”
“တာဝန်ရဲ့အဆင့်နဲ့ ပြီးမြောက်မှုရာခိုင်နှုန်းအပေါ်မူတည်ပြီး ပေးတာ။ ဒါကြောင့် မင်းတို့က အလယ်အလတ်အဆင့်ဝိညာဉ်ကျောက်တုံး ၁၅,၀၀၀ တန်တဲ့တာဝန်တစ်ခုကိုယူပြီး အောင်မြင်အောင်လုပ်နိုင်ရင် တစ်ရက်တည်းနဲ့အကြွေးကြေသွားနိုင်သလို မင်းတို့အတွက် အခွင့်အလမ်းသစ်တွေလည်း ပွင့်လာနိုင်တယ်။”
“ မင်းတို့လို တစ်ကိုယ်တော်ကျင့်ကြံသူတွေကို ငါတို့ပေးတဲ့ တာဝန်တွေ အများကြီးရှိသလို အခကြေးငွေသတ်မှတ်ချက်တွေကလည်း အရမ်းကောင်းတယ်။”
“ဝိညာဉ်ကျောက်တုံးနဲ့ ပေးလို့ရသလို၊ ဆေးမြစ်တွေ၊ လက်နက်တွေ၊ ဆေးလုံးတွေလို ဝိညာဉ်ကျောက်တုံးနဲ့ တန်ဖိုးညီမျှတဲ့ ကျင့်ကြံခြင်းအရင်းအမြစ်တွေနဲ့လည်း ပေးလို့ရတယ်။”
“ဒါမှမဟုတ် အကယ်ဒမီက နည်းပြတွေဆီမှာ သတ်မှတ်ထားတဲ့အချိန်ကာလတစ်ခုအထိ ကျင့်ကြံခြင်းပညာရပ်တွေနဲ့ပတ်သက်ပြီး လမ်းညွှန်မှုခံယူဖို့လည်း ရွေးချယ်နိုင်တယ်။”
“ဒီလိုရွေးချယ်ခွင့်တွေက ဒီလိုကြမ်းတမ်းတဲ့လောကကြီးမှာ မင်းတို့ခြေကုပ်ရနိုင်အောင် တစ်ကိုယ်တော်ကျင့်ကြံသူတွေအတွက်ကိုပဲ သီးသန့်ပေးထားတာ။”
“လွန်ခဲ့တဲ့ နှစ်တစ်ရာအတွင်း နာမည်ကျော်ကြားလာတဲ့ တစ်ကိုယ်တော်ကျင့်ကြံသူအများစုထဲက ထက်ဝက်ကျော်ဟာ ငါတို့နဲ့ တာဝန်တွေလုပ်ရင်း ရခဲ့တဲ့ အကျိုးအမြတ်တွေကြောင့် နာမည်ရလာကြတာ။”
“တချို့ဆိုရင် အရမ်းတော်လွန်းလို့ အကယ်ဒမီကဆင်းတာမဟုတ်ပေမဲ့ ငါတို့အဖွဲ့မှာ အမြဲတမ်းတာဝန်ထမ်းဆောင်ဖို့တောင် ကမ်းလှမ်းခံရတယ်။”
“ဒါပေမဲ့ စောစောက ဒီတရားရုံးကို လုံးဝအထင်အမြင်သေးပြီး ဂရုမစိုက်တဲ့ မင်းတို့ရဲ့အပြုအမူတွေကြောင့် မင်းတို့ရဲ့အဆုံးသတ်က ထင်ထားတာထက် အများကြီးပိုဆိုးရွားပြီး ကြမ်းတမ်းလိမ့်မယ်။”
“အထက်တန်းရွှေအမြုတေတရားရုံးတရားသူကြီး ကျွန်တော်ယန်ချင်းသည် ရှန်ရှီ၊ ရှန်တင်းနှင့် ရှန်တျန်တို့အား တရားရုံးနှင့် တရားစီရင်ရေးအဖွဲ့ဝင်တစ်ဦးကို အသရေဖျက်မှု၊ အထင်သေးမှုတို့ဖြင့် အပြစ်ရှိကြောင်း ကြေညာလိုက်သည်။”
“ထို့အပြင် တရားရုံး၏ ကျင့်ဝတ်စည်းကမ်းချက်ပုဒ်မ ၂၄ ဖြစ်သော ‘သက်ဆိုင်သူများအနေဖြင့် တရားရုံး၏စီရင်ချက်နှင့်ပြစ်ဒဏ်များကို ရိုသေလိုက်နာခြင်း’ ကို ချိုးဖောက်ကြောင်း တွေ့ရှိရသည်။”
“တရားရုံး၏စီရင်ချက်ကို လိုလိုလားလားအပြည့်အဝ နာခံပါမည်ဟု သဘောတူခဲ့သော်လည်း သဘောတူညီချက်နှင့်ဆန့်ကျင်စွာ ပြုမူခဲ့သဖြင့် အဆိုပါပုဒ်မကိုချိုးဖောက်ရာရောက်ပြီး ပြစ်ဒဏ်များကို ခံယူရမည်ဖြစ်သည်။”
“တရားစီရင်ရေးအဖွဲ့ဝင်တစ်ဦးကို အကြောင်းမဲ့အသရေဖျက်မှုအတွက် အလုပ်ကြမ်း ၃ နှစ် ကျခံရမည်။အလုပ်ကြမ်းအမျိုးအစားကို အမှုကိုတာဝန်ယူသောတရားသူကြီးက ဆုံးဖြတ်ခွင့်ရှိသော်လည်း လိုအပ်ပါက ထိုအချိန်ရှိ တရားစီရင်ရေးအဖွဲ့၏ လိုအပ်ချက်အပေါ်မူတည်၍ ပြောင်းလဲနိုင်သည်။”
“အလုပ်များကြောင့် အသက်အန္တရာယ်ကြုံတွေ့နိုင်ပြီး ထိုသို့ဖြစ်လာပါက တရားစီရင်ရေးအဖွဲ့တွင် ကယ်တင်ရမည့်တာဝန် မရှိပေ။”
“ပြစ်ဒဏ်ကျခံနေစဉ်အတွင်း ရရှိသောဒဏ်ရာများကို အဖွဲ့ကကုသပေးမည်မဟုတ်ဘဲ နေထိုင်စရာ၊ အစားအသောက်နှင့် တာဝန်ကိုကောင်းစွာပြီးမြောက်နိုင်ရန်လိုအပ်သော သတင်းအချက်အလက်များကိုသာ ထောက်ပံ့ပေးမည်။”
“အလုပ်နှင့်သက်ဆိုင်သော ထောက်ပံ့ရေးများကိုလည်း ပေးမည်ဖြစ်သော်လည်း တိုက်ခိုက်ရေးကိရိယာများ မပါဝင်ပေ။ အဲဒီအပိုင်းအတွက်ကတော့ ကိုယ့်ဘာသာ ဖြေရှင်းရလိမ့်မယ်။”
“ထို့အပြင် ကျင့်ဝတ်စည်းကမ်းချက်ပုဒ်မ ၂၄ ကို ချိုးဖောက်မှုအတွက် အနည်းဆုံးပြင်းထန်သော အလုပ်ကြမ်း ၅ နှစ်ပြစ်ဒဏ်ပါဝင်ပြီး တရားခံသူအနေဖြင့် မူလအမှု၏စီရင်ချက်အရ ပေးဆောင်ရမည့်လျော်ကြေးငွေကိုလည်း ပေးဆောင်ရမည်။”
“မင်းတို့အမှုအတွက်ဆိုရင်... ၅ နှစ် ပြစ်ဒဏ်ကျခံပြီးတာတောင် တရားစီရင်ရေးအဖွဲ့ကို အလယ်အလတ်အဆင့်ဝိညာဉ်ကျောက်တုံး ၁၅,၀၀၀ အကြွေး ပြန်ဆပ်ရဦးမယ်။ ပြီးတော့ အကြွေးမကျေသရွေ့ အတိုးက ဆက်တက်နေဦးမှာပဲ။”
“ဒါပေမဲ့ ချိုးဖောက်မှုရဲ့ဆိုးရွားမှုအပေါ်မူတည်ပြီး အနည်းဆုံးပြစ်ဒဏ် ၅ နှစ်အပေါ်မှာ နောက်ထပ်နှစ်တွေထပ်တိုးမတိုးဆိုတာ တရားသူကြီးရဲ့ ဆုံးဖြတ်ပိုင်ခွင့်ပဲ။ ဒါကြောင့် ငါက နောက်ထပ် ၂ နှစ်ထပ်တိုးပြီး ၇ နှစ်ပြစ်ဒဏ်အဖြစ် သတ်မှတ်လိုက်တယ်။”
“ပြီးတော့ အထင်အမြင်သေးမှုအတွက် ၃ နှစ်ထပ်ပေါင်းပြီး စုစုပေါင်း အလုပ်ကြမ်းနဲ့ ၁၀ နှစ်ပြစ်ဒဏ် ချမှတ်လိုက်တယ်။”
“ရှန်ရှီ၊ ရှန်တင်း၊ ရှန်တျန်... မင်းတို့ရဲ့ပြစ်ဒဏ်ကာလအတွင်း လုပ်ဆောင်ရမယ့် ပြင်းထန်သောလုပ်အားပေးအလုပ်တွေကတော့ အောက်ပါအတိုင်းဖြစ်ပြီး ဒါတွေတင်မကသေးဘူး...”
* မင်းတို့ ဝိညာဉ်ကျောက်တုံးမိုင်းတွင်း အလုပ်သမားအဖြစ် ၆ လ လုပ်ရမယ်။ ဘယ်မိုင်းတွင်းကိုပို့မယ်၊ အချိန်ဇယားဘယ်လိုသတ်မှတ်မယ်ဆိုတာကို သတ္တုတူးဖော်ရေးဌာနရဲ့ အကြီးအကဲအတွင်းရေးမှူးက ဆုံးဖြတ်လိမ့်မယ်။
* နှင်းစက်အင်ပါယာမှာရှိတဲ့ ငါတို့ရဲ့နှင်းစက်ဌာနခွဲရုံးချုပ်ကို ဖုံးလွှမ်းနေတဲ့အဆိပ်ငွေ့ တွေကို တိုက်ဖျက်ရာမှာကူညီဖို့ အဂ္ဂိရတ်ဌာနခွဲနဲ့ပူးပေါင်းပြီး ၆ လ လုပ်ရမယ်။ သူတို့ခိုင်းသမျှကို အကုန်လုပ်ရမယ်။
* ၁၅ လအတွက် အဆင့် ၅ တိုင်းပြည်ဖြစ်တဲ့ သန်းခေါင်ယံပန်းတိုင်းပြည်မှာ တာဝန်ကျမယ်။ သူတို့တိုင်းပြည်က ရေကြီးမှုကြောင့် သုံးပုံတစ်ပုံလောက် ပျက်စီးသွားတယ်။
မင်းတို့က ဆည်တွေတည်ဆောက်တာ၊ ရေလမ်းကြောင်းတွေပြန်လည်ပြုပြင်တာနဲ့ တိုင်းပြည်အတွင်းက တခြားအခြေခံအဆောက်အအုံတွေ တိုးတက်အောင်လုပ်တဲ့နေရာမှာ ကူညီရမယ်။
မြေနေရာပြန်လည်ဖော်ထုတ်ရေး၊ ပြန်လည်ထူထောင်ရေးနဲ့ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေမှာလည်း ကူညီရမယ်။ တရားစီရင်ရေးအဖွဲ့က သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကျွမ်းကျင်သူတစ်ယောက်က မင်းတို့နဲ့အတူ လိုက်ပါလာလိမ့်မယ်။
သူက မင်းတို့အလုပ်ကိုကြီးကြပ်ပြီး ဘာလုပ်ရမယ်၊ ဘယ်လိုလုပ်ရမယ်ဆိုတာ ညွှန်ကြားလိမ့်မယ်။ မင်းတို့ရဲ့ရွှေအမြုတေအဆင့်တွေနဲ့ဆိုရင် ၁၅ လအတွင်း ပြီးအောင်လုပ်ဖို့ မခက်ခဲပါဘူး။ မပြီးရင်တော့ ပြစ်ဒဏ်နောက်ထပ် ၆ လ ထပ်တိုးမယ်။
* ကျန်တဲ့ပြစ်ဒဏ်ကာလကိုတော့ ဌာနချုပ်နဲ့ ဌာနခွဲတွေအားလုံးမှာရှိတဲ့ ရွှေအမြုတေတရားရုံးတွေအတွက် အကူဝန်ထမ်းအဖြစ် ဖြတ်သန်းရမယ်။
ဒါပေမဲ့ မင်းတို့ရဲ့စွမ်းရည်တွေအရ အပြင်တန်းရွှေအမြုတေတရားရုံးနဲ့ အတွင်းတန်းရွှေအမြုတေတရားရုံးတွေကိုပဲ စေလွှတ်မယ်။ မင်းတို့ကိုခိုင်းသမျှ အကုန်လုပ်ရမယ်။ ငြင်းဆန်တာမှန်သမျှကို နောက်ထပ်စည်းကမ်းဖောက်ဖျက်မှုတစ်ခုအဖြစ် သတ်မှတ်ပြီး ပြစ်ဒဏ် ၃ လ ထပ်တိုးမယ်။
မင်းတို့ရဲ့အချိန်ဇယားနဲ့ တာဝန်ချထားမှုကို အောက်တန်းရွှေအမြုတေတရားရုံးနဲ့ အထက်တန်းရွှေအမြုတေတရားရုံးတွေက အချိန်ဇယားဆွဲသူတွေနဲ့ အဆိုင်းကြီးကြပ်ရေးမှူးတွေက ဆုံးဖြတ်လိမ့်မယ်။ နောက်ထပ် ၇ နှစ်နဲ့ ၇ လအတွက် သူတို့ပြောသမျှက ဥပဒေပဲ။
“ဒီတာဝန်တွေအားလုံးကို ထမ်းဆောင်နေစဉ်အတွင်းမှာ မင်းတို့ကို အမှတ်ပေးအကဲဖြတ်နေမယ်ဆိုတာ သတိပြုပါ။ မင်းတို့အလုပ်ရဲ့အရည်အသွေးနဲ့ ပြီးမြောက်မှုရာခိုင်နှုန်းအပေါ်မူတည်ပြီး အမှတ်ပေးလိမ့်မယ် အကဲဖြတ်မှုမှာ အမှတ် ၁၀ မှာ ၇ မှတ်အောက်ရခဲ့ရင် ပြစ်ဒဏ်နောက်ထပ် ၆ လ ထပ်တိုးမယ်”
ယန်ချင်းက ပြောပြီးသည်နှင့် ရှန်ညီအစ်ကိုများကို မလှုပ်ရှားနိုင်အောင် ချုပ်နှောင်ထားသောစွမ်းအင်များကို ရုပ်သိမ်းလိုက်သည်။
ညီအစ်ကို ၃ ယောက်သည် မျက်လုံးပြူး၊ ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။ သူတို့ အော်ဟစ်ချင်သော်လည်း စောစောက မလှုပ်ရှားနိုင်အောင် ချုပ်နှောင်ခံလိုက်ရသည့်ခံစားချက်က သူတို့စိတ်ထဲတွင် စွဲထင်နေဆဲဖြစ်သည်။
“တရားသူကြီး... ကျွန်တော်တို့က ခင်ဗျားဆုံးဖြတ်ချက်ကို သဘောမတူလို့ ဆန့်ကျင်ရုံလေးနဲ့ ဒါကမတရားလွန်းဘူး မဟုတ်လား”
ကောက်ကျစ်သောပုံစံရှိသည့် အဝါရောင်ဝတ်ရုံနှင့် ရှန်တင်းက တောင့်တောင့်ကြီးရပ်ရင်း မေးလိုက်သည်။
သူ၏တစ်ကိုယ်လုံး တုန်ရီနေပြီး ဖြူဖပ်ဖြူရော်ဖြစ်နေသည်။ သူတစ်ယောက်တည်း ထိုသို့ဖြစ်နေခြင်းမဟုတ်ပေ။
ရှန်တျန်ဆိုလျှင် အဆိုးရွားဆုံး ခံစားနေရသည်။ လက်သီးကိုသွေးစက်များထွက်လာသည်အထိ တင်းတင်းဆုပ်ထားသော်လည်း တုန်ယင်နေသောဒူးများနှင့်လက်များကို ဘယ်လိုမှထိန်းချုပ်၍ မရနိုင်ဖြစ်နေသည်။
သူ၏အတွင်းစိတ်တစ်ခုလုံး ကြောက်ရွံ့မှုများဖြင့်ထုံကျင်နေပြီး ထွက်ပြေးရန် သတိပေးအော်ဟစ်နေကြသည်။
ဘာကြောင့်အဲဒီလောက် ကြောက်နေရသလဲဆိုတာ သူမသိပေ။ သူသည် ညီအစ်ကို ၃ ယောက်ထဲတွင် အလိုလိုသိမြင်နိုင်စွမ်း အကောင်းဆုံးဖြစ်ပြီး၊ ၎င်းသည် သူတို့ဒီအချိန်ထိ အသက်ရှင်နိုင်ခဲ့ခြင်း၏ အကြောင်းရင်းများထဲမှ တစ်ခုလည်းဖြစ်သည်။
သူ၏ အချိန်ကိုက်သတိပေးချက်နှင့် အလိုလိုတုံ့ပြန်စွမ်းများကြောင့် သေချာပေါက်သေရမည့်အခြေအနေမှ အကြိမ်ကြိမ်ကယ်တင်ခဲ့ဖူးသည်။သို့သော် အခုတော့ သူ့၏အာရုံများက သူတို့သေလမ်းကို သွားနေပြီဟု အော်ဟစ်သတိပေးနေသည်။
စောစောက ရှိခဲ့သောအထင်အမြင်သေးမှုနှင့် မာနထောင်လွှားမှုများ ညီအစ်ကို ၃ ယောက်စလုံးထံမှ ပျောက်ကွယ်သွားပြီဖြစ်သည်။
“အမှုစတုန်းက တရားရုံးရဲ့ဆုံးဖြတ်ချက်ကို အပြည့်အဝနာခံဖို့ သဘောတူရဲ့လားလို့ ငါမေးခဲ့တယ် မဟုတ်လား။ မင်းတို့အားလုံး သဘောတူခဲ့တယ်လေ။”
“မင်းတို့လိုချင်ရင် မင်းတို့သဘောတူခဲ့တဲ့ မှတ်တမ်းတင်ကျောက်တုံးကိုတောင် ငါပြန်ဖွင့်ပြလို့ရတယ်။ ငါ့ပြဿနာက သဘောမတူတာနဲ့ မဆိုင်ဘူး။ မင်းတို့သဘောမတူကြောင်း ပြသခဲ့တဲ့ပုံစံနဲ့ပဲ ဆိုင်တာ။”
“မင်းတို့ရဲ့အတွေးတွေကို ငါ့ဆီကနေ ဖုံးကွယ်ထားနိုင်မယ်ထင်နေလား။ ဒီတရားရုံးထဲ ခြေချကတည်းက မင်းတို့က ဒီနေရာနဲ့ဒီကလူတွေကို လုံးဝဂရုမစိုက်ဘဲ အထင်သေးနေခဲ့တာ။”
“စိတ်ထဲထင်နေရုံလောက်ဆိုရင် ရပါတယ်။ ဒါပေမဲ့ မင်းတို့က အဲဒီအတိုင်းဆက်လုပ်ပြီး ဒီနေရာနဲ့ဒီကလူတွေကို မင်းတို့အိမ်နောက်ဖေးလို သဘောထားပြီး ပြုမူဖို့ဆုံးဖြတ်ခဲ့တယ်။”
“တစ်ခုခုကိုလုပ်ချင်ရင် နောက်ဆက်တွဲအကျိုးဆက်တွေကိုခံယူဖို့အတွက် ပြင်ဆင်ထားရမယ်။ မင်းတို့က ငါတို့နာမည်ကိုအပြင်မှာ ဖျက်ဆီးပစ်မယ်လို့တောင် ခြိမ်းခြောက်ရဲသေးတယ်။”
“ရွှေအမြုတေအဆင့်ကျွမ်းကျင်သူလေးတွေရဲ့ ပွစိပွစိလုပ်သံလေးကြားရုံနဲ့ တရားစီရင်ရေးအဖွဲ့က ထိခိုက်သွားလောက်အောင် ပျော့ညံ့တယ်ထင်နေလား... ရယ်စရာကောင်းလိုက်တာ”
ယန်ချင်းက အေးစက်စွာ ပြောလိုက်သည်။
“ဒါပေမဲ့ ငါကသဘောထားကြီးနေတာမို့ မင်းတို့ ၃ ယောက်ကို အထူးအခွင့်အရေးတစ်ခုပေးမယ်။ မင်းတို့အရမ်းဂုဏ်ယူနေတဲ့ အဲဒီခွန်အားကို အသုံးချလို့ရတယ်”
ယန်ချင်းက အပြစ်ကင်းစင်ပုံပေါက်သောအပြုံးလေးဖြင့် ပြောလိုက်သည်။
ထိုအပြုံးကိုမြင်လိုက်ရသောအခါ ကျန်းဟူတစ်ယောက် ညီအစ်ကို ၃ ယောက်အတွက် ရေစက်ချပြီး အမျှဝေချင်စိတ်ပေါက်သွားသည်။
ထိုအန္တရာယ်ကင်းသောအပြုံး၏ နောက်ကွယ်ကအဓိပ္ပာယ်ကို သူကောင်းကောင်းကြီး သိနေသည်။