← Chapters

လွတ်ငြိမ်းခွင့်အတွက် ၁၀ စက္ကန့် အခွင့်အရေး

Vol. 6 Ch. 60

လွတ်ငြိမ်းခွင့်အတွက် ၁၀ စက္ကန့် အခွင့်အရေး

Vol. 6 Ch. 60

“အခွင့်အရေးဆိုတာ ဘာကိုပြောတာလဲ တရားသူကြီး”

အပြာရောင်ဝတ်ရုံနှင့် ရှန်ရှီက တွေဝေစွာမေးလိုက်သည်။ ကျန်ညီအစ်ကိုနှစ်ယောက်ကလည်း သူ့နည်းတူ စိုးရိမ်တကြီးကြည့်နေကြသည်။

ယန်ချင်း ခုနကပြောလိုက်သည့်စကားသည် ရေငတ်နေသူတစ်ယောက်က ရေကြည်တစ်စက်ကို မြင်လိုက်ရသလို ဖြစ်နေသည်။

ရေ ဟုတ်မဟုတ် မသေချာသော်လည်း ဟုတ်ခဲ့လျှင် သူတို့၏လက်ရှိအခြေအနေမှ ကယ်တင်ပေးနိုင်မည်မဟုတ်ပါလား။

“ရိုးရှင်းပါတယ်... မင်းတို့ကို ရွေးချယ်စရာ ၂ ခု ပေးမယ်။ ပထမရွေးချယ်မှုက... မင်းတို့အပေါ်စွဲဆိုထားတဲ့အပြစ်တွေ အားလုံးကို ငါကင်းလွတ်ခွင့်ပေးမယ်။”

“တရားစီရင်ရေးအဖွဲ့ကပဲ အလယ်အလတ်အဆင့်ဝိညာဉ်ကျောက်တုံး ၁၅,၀၀၀ ကို စိုက်ရှင်းပေးထားမယ်။ မင်းတို့ဆီက တစ်ပြားမှပြန်မတောင်းဘူး။ အဲဒီအစား မင်းတို့လုပ်ရမှာက ၁၀ စက္ကန့်အတွင်း အသက်ရှင်အောင်နေဖို့ပဲ။”

“သတိမေ့သွားရင်ဖြစ်ဖြစ်၊ သေသွားရင်ဖြစ်ဖြစ် မင်းတို့ရှုံးပြီ။ အသက်ရှင်ပြီး သတိလည်နေသေးရင်တော့ မင်းတို့နိုင်ပြီ။ အဲဒီ ၁၀ စက္ကန့်အတွင်း ရလာတဲ့ဒဏ်ရာတွေကိုလည်း ငါကိုယ်တိုင်ကုပေးမယ်။”

“ဒုတိယရွေးချယ်မှုကတော့ ပိုတောင်ရိုးရှင်းသေးတယ်။ စောစောကလုပ်သင့်တဲ့အတိုင်း တရားရုံးရဲ့ဆုံးဖြတ်ချက်ကို လက်ခံပြီး မင်းတို့လုပ်ရပ်အတွက်ကျသင့်တဲ့ ပြစ်ဒဏ်ကိုခံယူဖို့ပဲ။”

“ပြဿနာမရှာဘဲ ကိုယ့်အလုပ်ကိုကြိုးကြိုးစားစားနဲ့ ဂရုတစိုက်လုပ်မယ်ဆိုရင် ထောက်ခံစာတချို့နဲ့ မင်းတို့ရဲ့ ၁၀ နှစ်ပြစ်ဒဏ်ကို လျှော့ပေါ့ပေးနိုင်တယ်။ ဒါမှမဟုတ် ခိုင်းတဲ့အလုပ်တိုင်းကိုလုပ်ရင်းနဲ့ ပိုအကျိုးရှိတာတစ်ခုခုတောင် ရိတ်သိမ်းခွင့်ရနိုင်တယ်။”

“ဒါပေမဲ့ အဲဒါတွေအားလုံးက မင်းတို့ရဲ့စိတ်နေသဘောထားအပေါ်မှာပဲ မူတည်တယ်။”

“ဒါပေမဲ့ မင်းတို့သိထားရမှာက... ပထမရွေးချယ်မှုကိုယူပြီး ကျရှုံးသွားရင်တော့ မင်းတို့ရဲ့ပြစ်ဒဏ်အပေါ် နောက်ထပ် ၂ နှစ် ထပ်တိုးမယ်။ အဲဒီတော့ အလုပ်ကြမ်းပြစ်ဒဏ်က ၁၀ နှစ်အစား ၁၂ နှစ် ဖြစ်သွားမယ်။”

“အဲ့တော့ မင်းတို့ကို စဉ်းစားဖို့ ၅ မိနစ် အချိန်ပေးမယ်”

ယန်ချင်းက ထိုင်ခုံပေါ်တွင် သက်သောင့်သက်သာမှီချရင်း ပြောလိုက်သည်။

တခြားနေ့တစ်နေ့သာဆိုလျှင် ညီအစ်ကို ၃ ယောက်သည် ပထမရွေးချယ်မှုကိုသာ ဝမ်းသာအားရရွေးချယ်ခဲ့ကြမည်။ သို့သော် စက္ကန့်ပိုင်းအတွင်း သူတို့မလှုပ်ရှားနိုင်အောင် ချုပ်နှောင်ခံခဲ့ရသည်ကို မှတ်မိနေကြသေးသည်။

ထိုသို့သောစွမ်းအားမျိုးက သူတို့ကိုစိုးရိမ်စေသည်။ သူတို့ရေငတ်ပြေဖို့အတွက် တစ်ဖက်ကအဆိပ်ပေးပြီး တစ်ဖက်ကမီးလောင်လွယ်တဲ့အရည်တွေ ပေးနေသလို ခံစားနေရသည်။

ညီအစ်ကို ၃ ယောက်သည် ခေါင်းချင်းဆိုင်ပြီး တိုးတိုးတိတ်တိတ် အပြင်းအထန်ဆွေးနွေးကြသည်။ ၅ မိနစ်အချိန်မပြည့်ခင်မှာပဲ သူတို့သဘောတူညီမှုတစ်ခု ရသွားပုံရသည်။

သို့သော် သူတို့မျက်နှာတွင် ကြီးမားသောဆုံးဖြတ်ချက်တစ်ခုချပြီးနောက် ရရှိလာမည့်သက်သာရာရမှုမျိုး မတွေ့ရပေ။ မျက်နှာများဖြူရော်နေပြီး၊ ချွေးသီးချွေးပေါက်များကျကာ မျက်နှာအထက်တွင် စိုးရိမ်ပူပန်မှုများအပြည့် ရှိနေသည်။

ရှန်တင်းနှင့် ရှန်တျန်တို့က သူတို့အစ်ကိုရှန်ရှီကို ခေါင်းညိတ်ပြလိုက်ရာ ရှန်ရှီကလည်း ပြန်လည်ခေါင်းညိတ်ပြပြီးနောက် ယန်ချင်းဘက်သို့ လှည့်လာသည်။

“တရားသူကြီးယန်ချင်း... စိတ်အနှောင့်အယှက်မဖြစ်ဘူးဆိုရင် ကျွန်တော်တို့ဆုံးဖြတ်ချက်မချခင် ကိစ္စတချို့ကို ရှင်းလင်းခွင့်ပြုပါ”

ရှန်ရှီက နှိမ့်ချစွာပြောလိုက်သည်။

“ရတာပေါ့... မင်းတို့အသက်နဲ့ရင်းရမယ့်ကိစ္စပဲလေ။ ဒီလိုဘဝပြောင်းလဲစေမယ့် ဆုံးဖြတ်ချက်တွေချတဲ့အခါ တတ်နိုင်သမျှသတင်းအချက်အလက် စုဆောင်းတာကသဘာဝပဲ။”

“ဘာသိချင်လို့လဲ ရှန်ရှီ။ ငါပြောသလိုပဲ... ဒီနေ့ငါသဘောထားကြီးနေတာမို့ ငါတတ်နိုင်သလောက် ‘အတိုင်းအတာတစ်ခုအထိ’ အလိုက်လျောပေးပါ့မယ်”

ယန်ချင်းက ပျော်ရွှင်စွာပြောရင်း စကားအဆုံးတွင် မျက်လုံးများကိုကျဉ်းမြောင်းလိုက်သည်။

သူတို့အသက်နဲ့ရင်းရမည့်ကိစ္စဟု ယန်ချင်းပြောလိုက်သောအခါ ညီအစ်ကို ၃ ယောက်မှာ တွန့်ခနဲဖြစ်သွားသည်။ ဒီနေ့အစပိုင်းတုန်းကတော့ အခြေအနေကဒီလိုဖြစ်လာမယ်လို့ သူတို့လုံးဝမထင်ထားခဲ့ကြပေ။

“မျက်နှာသာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် တရားသူကြီးယန်ချင်း”

ရှန်ရှီက ဦးညွှတ်ရင်းပြောလိုက်သည်။

“ကျွန်တော်တို့သိချင်တာက... ကျွန်တော်တို့ ဘယ်အရာကနေအသက်ရှင်အောင်နေရမှာလဲ။ လူတစ်ယောက်ရဲ့တိုက်ခိုက်မှုဆိုရင် ဘယ်သူလဲ။”

“တိုက်ခိုက်မှုရဲ့စွမ်းအားက ဘယ်လောက်ရှိမလဲ။ ပြီးတော့ တိုက်ခိုက်မှုကိုကာကွယ်ဖို့ ကျွန်တော်တို့ရနိုင်တဲ့ အကာအကွယ်နည်းလမ်းအားလုံးကို သုံးလို့ရပါသလား”

ရှန်ရှီက မေးလိုက်သည်။

“ပြစ်ဒဏ်ချမှတ်တဲ့သူက ငါဆိုတော့…တိုက်ခိုက်မယ့်သူက​လဲ ငါပဲလေ... ”

ယန်ချင်းက ညင်သာစွာပြုံးရင်းပြောလိုက်ရာ ရှန်ညီအစ်ကိုများ ကျောချမ်းသွားကြသည်။ ရှန်ရှီသည် သူ၏ညီနှစ်ယောက်ကို စိုးရိမ်တကြီးနှင့် မေးခွန်းထုတ်ချင်သောမျက်လုံးများဖြင့် လှည့်ကြည့်လိုက်မိသည်။

ထိုအကြည့်များက “ငါတို့ ဒါကိုဆက်လုပ်ကြမှာ သေချာလား” ဟု မေးနေသယောင်ပင်။

သူတို့အမြင်တွင် ယန်ချင်းနှင့်ရင်ဆိုင်ရခြင်းသည် အဆိုးရွားဆုံးရွေးချယ်မှုဖြစ်သည်။ မလှုပ်ရှားနိုင်အောင် ချုပ်နှောင်မခံရခင်တုန်းကတော့ ယန်ချင်းကို သူတို့သိပ်ဂရုမစိုက်သလို ကြောက်လန့်မှုလည်းမရှိခဲ့ပေ။

တကယ်တမ်းပြောရလျှင် တရားခွင်တစ်ခုလုံးတွင် အကြောက်ရဆုံးအငွေ့အသက်ရှိသူမှာ ယီကျဲဖြစ်ပြီး အရှိန်အဝါအနည်းဆုံးမှာ ယန်ချင်းဖြစ်သည်။ သူက ဇိမ်ကျကျထိုင်ခုံပေါ်မှာထိုင်နေတဲ့ သာမန်လူငယ်လေးတစ်ယောက်ဟုသာ ထင်ရသည်။

သို့သော် ထိုအဖြစ်အပျက်ပြီးနောက်တွင် သူတို့ရှေ့က ဆံပင်စိမ်းနှင့်လူငယ်လေး၏ အန္တရာယ်ပမာဏကို သူတို့အသစ်ပြန်လည်အကဲဖြတ်ခဲ့ရသည်။

သူတို့ဆွေးနွေးနေစဉ်အတွင်းမှာ ရှန်တျန်က သူ၏အလိုလိုသိမြင်နိုင်စွမ်းအရ မကြာခင်ကျရောက်လာတော့မယ့်သေဘေးကို ထပ်ခါတလဲလဲအာရုံခံမိနေပြီး ထိုအန္တရာယ်အားလုံး၏ဗဟိုချက်မှာ ယန်ချင်းဖြစ်နေသည်ဟု ထပ်ခါတလဲလဲ သတိနေပေးခဲ့သည်။

သူတို့အချင်းချင်းပေးနေသော အကြည့်များကို လျစ်လျူရှုကာ ယန်ချင်းက ဆက်ပြောလိုက်သည်။

“တိုက်ခိုက်မှုရဲ့စွမ်းအားကတော့ ဒီလောက်ပဲရှိမှာပါ”

သူက ညာဘက်လက်ညှိုးကို ထောင်ပြလိုက်ရာ ညီအစ်ကို ၃ ယောက် ဘာကိုဆိုလိုမှန်းနားမလည်ဘဲ ကြောင်ကြည့်နေကြသည်။

“ငါဆိုလိုတာက... ငါဒီလက်ညှိုးတစ်ချောင်းတည်းကိုပဲသုံးပြီး တိုက်ခိုက်မှာ။ မင်းတို့ရင်ဆိုင်ရမယ့်စွမ်းအားက ဒီလက်ညှိုးလေးတစ်ချောင်းတည်းမှာ သိုလှောင်ထားတဲ့ စွမ်းအင်ပမာဏပဲဖြစ်လိမ့်မယ်။”

“ရွှေအမြုတေအဆင့် ၁ ကျွမ်းကျင်သူတစ်ယောက်ရဲ့ အစွမ်းကုန်တိုက်ခိုက်မှုထက်တော့ ပိုမယ်မထင်ပါဘူး”

ယန်ချင်းက သူ၏လက်ညှိုးကို အန္တရာယ်မရှိသော တီကောင်လေးတစ်ကောင်လို တွန့်လိမ်ပြရင်း ပြောလိုက်သည်။

“နောက်ဆုံးမေးခွန်းအတွက်ကတော့... မင်းတို့ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ ရနိုင်သမျှနည်းလမ်းအကုန် သုံးခွင့်ရှိတယ်။ တစ်ယောက်ချင်းစီရင်ဆိုင်ရမှာမဟုတ်ဘူး၊ ၃ ယောက်ပေါင်းပြီး ရင်ဆိုင်ရမှာ။ ဒါကြောင့် သုံးနိုင်တာအကုန်သုံး၊ မင်းတို့ဆီမှာရှိတာ အကုန်ထုတ်သုံး၊ ငါ့ဘက်ကလုံးဝကန့်ကွက်စရာမရှိဘူး”

ယန်ချင်းက အလွန်သဘောထားကြီးပြီး ရက်ရောသောမျက်နှာထားဖြင့် ပြောလိုက်သည်။

“ဒါဆို ကျွန်တော်တို့ တခြားလူတစ်ယောက်ရဲ့တိုက်ခိုက်မှုကို ရွေးလို့ရမလား”

ရှန်ရှီက အသနားခံသည့်မျက်နှာဖြင့် မေးလိုက်သည်။

“ငါပြောခဲ့သလိုပဲ... ပြစ်ဒဏ်ချမှတ်တဲ့သူက ငါဆိုတော့ ငါပဲဖြစ်ရမယ်။ ပြီးတော့ တခြားသူတွေနဲ့ယှဉ်ရင် ငါကအကောင်းဆုံးရွေးချယ်မှုဆိုတာ အမှန်တရားတစ်ခုအနေနဲ့ ငါပြောနိုင်တယ်။”

“ငါ့တိုက်ခိုက်မှုကနေ မင်းတို့အသက်ရှင်နိုင်ခြေက တခြားသူတွေထက် ပိုများတယ်။ ယီကျဲဆိုရင် မင်းတို့ရဲ့လက်တွေခြေတွေကိုဖြတ်ပြီး တစ်သက်လုံးဒုက္ခိတဖြစ်အောင် လုပ်ပစ်လိမ့်မယ်။”

“မော့ယွင်ရုဆိုရင် မင်းတို့ရဲ့စိတ်ကိုဖျက်ဆီးပစ်ပြီး တစ်သက်လုံးအရူးတွေလို နေသွားရလိမ့်မယ်။ ကျန်ဟူကတော့ ငယ်ရွယ်ပြီးသွေးဆူလွယ်တော့ မင်းတို့ကိုအရှင်လတ်လတ်မီးရှို့ပြီး ကျင့်ကြံခြင်းအခြေခံကို ဖျက်ဆီးပစ်လိမ့်မယ်... ဒါမှမဟုတ် မသေသေးတာကိုပဲ နောင်တရလောက်တဲ့အခြေအနေမျိုးဖြစ်အောင် လုပ်ပစ်လိမ့်မယ်”

ယန်ချင်းက ဂရုစိုက်တတ်သောလူကြီးတစ်ယောက်လို စိတ်ရှည်လက်ရှည် ရှင်းပြလိုက်သည်။

ယန်ချင်း၏စကားကြောင့် ညီအစ်ကို ၃ ယောက် ကျန်လူများကို မကြည့်ဘဲမနေနိုင်တော့ပေ။ ယီကျဲက အေးစက်စက်နေဆဲဖြစ်ပြီး၊ အမြဲတမ်းနူးညံ့သိမ်မွေ့ပုံပေါက်သော မော့ယွင်ရု၏မျက်နှာတွင် အေးစက်ပြီးဂရုမစိုက်သောအမူအရာ ရှိနေသည်။

ကျန်ဟူကတော့ ပြုံးနေသော်လည်း သူ၏မျက်နှာပေါ်တွင် မကောင်းဆိုးဝါးတစ်ကောင်၏ အပြုံးမျိုးရှိနေပြီး နှုတ်ခမ်းကို သပ်နေသည်။ ညီအစ်ကို ၃ ယောက် တစ်ယောက်ကိုတစ်ယောက် ပြန်ကြည့်လိုက်ပြီးနောက် ခိုင်မာစွာခေါင်းညိတ်လိုက်ကြသည်။

“ကျွန်တော်တို့ ပထမရွေးချယ်မှုကို ယူမယ်”

ရှန်ရှီက ပြတ်သားသောလေသံဖြင့် ပြောလိုက်သည်။

“သေချာရဲ့လား” ယန်ချင်း မေးလိုက်သည်။

“သေချာပါတယ်။ ကျွန်တော်တို့က တစ်ကိုယ်တော်ကျင့်ကြံသူတွေလေ။ ကျွန်တော်တို့ဘဝတစ်ခုလုံးက စွန့်စားမှုတွေအပေါ်မှာ တည်ဆောက်ထားတာ။”

“ဒီကနေလွတ်မြောက်နိုင်မယ့် အခွင့်အရေးရှိရင် ကျွန်တော်တို့တိုက်ယူမယ်။ ဒီအခိုက်အတန့်ကို တရားစီရင်ရေးအဖွဲ့ရဲ့ခွန်အားကို ကြုံတွေ့ခံစားရမယ့် သွေးတိုးစမ်းမှုတစ်ခုအဖြစ် သတ်မှတ်လိုက်မယ်။”

“ကျွန်တော်တို့မှာ အားနည်းချက်တွေ အများကြီးရှိကောင်းရှိနိုင်ပေမဲ့ သတ္တိကြောင်တာကတော့ အဲဒီအထဲမှာမပါဘူး”

ရှန်ရှီက ရဲရင့်သောမျက်နှာထားဖြင့် ပြောလိုက်သည်။

သူ၏ခန္ဓာကိုယ်မှ စစ်သူကြီးတစ်ဦးကဲ့သို့ အရှိန်အဝါများထွက်ပေါ်လာပြီး ကျန်ညီအစ်ကိုနှစ်ယောက်ကို တည်ငြိမ်သွားစေသည်။

စက္ကန့်အနည်းငယ်အတွင်းမှာပင် ညီအစ်ကို ၃ ယောက်သည် စောစောက စိုးရိမ်ပူပန်နေသောပုံစံများ ပျောက်ကွယ်သွားပြီး ရဲရင့်တည်ငြိမ်သောအမူအရာများဖြင့် ပြင်ဆင်လိုက်ကြသည်။

ယန်ချင်းသည် သူတို့၏လက်ရှိပုံစံကိုကြည့်ပြီး မလေးစားဘဲမနေနိုင်တော့ပေ။ သူတို့မှာ ဘယ်လောက်ပဲအားနည်းချက်တွေ၊ ရိုင်းစိုင်းမှုတွေ ရှိနေပါစေ... အနည်းဆုံးတော့ နောက်ဆုံးအချိန်အထိ ကိုယ့်ကိုယ်ကိုယ်သစ္စာရှိကြသေးသည် မဟုတ်ပါလား။

“ကောင်းပြီ... မင်းတို့ပြင်ဆင်ဖို့ စက္ကန့်အနည်းငယ် အချိန်ပေးမယ်”

ယန်ချင်းက ရှေ့သို့ကိုင်းကာ ဘယ်ဘက်လက်ဖဝါးဖြင့် မေးထောက်လိုက်ပြီး ညာဘက်လက်ကိုစားပွဲပေါ်တင်ကာ လက်ညှိုးကိုအောက်ဘက်သို့ ညွှန်ပြထားလိုက်သည်။

သူ၏ပုံစံသည် တိုက်ခိုက်တော့မည့်သူတစ်ယောက်ထက် နေ့ခင်းကြောင်တောင်အိပ်မက်မက်ရန် အကောင်းဆုံးအနေအထားကို ပြင်ဆင်နေသူတစ်ယောက်နှင့် ပိုတူနေသည်။

ရှန်တင်းသည် သူဝတ်ဆင်ထားသော ပွန်းပဲ့နေသည့်စကျင်ကျောက်လုံးနှင့်တူသော သိုလှောင်အိပ် ထဲမှ တစ်စုံတစ်ရာကို ထုတ်ယူလိုက်သည်။

သူတို့ရှေ့တွင် ကြီးမားသောဒိုင်းကာတစ်ခု ပေါ်လာသည်။ ဒိုင်းကာသည် အမြင့် ၁၀ မီတာ၊ အကျယ် ၃ မီတာရှိပြီး ညီအစ်ကို ၃ ယောက်လုံးကို အပြည့်အဝကာကွယ်ပေးနိုင်လောက်အောင် ကြီးမားသည်။

ဒိုင်းကာကို မီးခိုးရင့်ရောင်သစ်သားဖြင့် ပြုလုပ်ထားပြီး အပြာရောင်သမ်းသော အဖြူရောင်အမွေးအမျှင်များဖြင့် ဖုံးအုပ်ထားသည်။ ဖြူဖွေးသည့်ဝံပုလွေခေါင်းတစ်ခုကိုလည်း ဒိုင်းကာအလယ်တွင် တပ်ဆင်ထားသည်။

ယန်ချင်း တစ်ချက်ကြည့်လိုက်ရုံဖြင့် ထိုဒိုင်းကာသည် အလယ်အလတ်သို့မဟုတ် အထက်တန်းကောင်းကင်အဆင့်လက်နက်တစ်ခုဖြစ်ကြောင်း သိလိုက်သည်။ သာမန် ရွှေအမြုတေအဆင့် ၇ ကျွမ်းကျင်သူတစ်ယောက်၏ တိုက်ခိုက်မှုကို ကာကွယ်နိုင်စွမ်းရှိသည်။

အမွေးအမျှင်နှင့်ခေါင်းသည် မိုးပြာဝံပုလွေဖြူထံမှရရှိထားခြင်းဖြစ်ပြီး ထိုဝံပုလွေသည် တိုက်ခိုက်ခြင်းနှင့်ကာကွယ်ခြင်းကို မျှတစွာစွမ်းဆောင်နိုင်ခြင်းကြောင့် နာမည်ကြီးသည်။

၎င်းသည် ပြိုင်ဘက်၏တိုက်ခိုက်မှု ချီစွမ်းအင်ကို တိုက်စားပစ်နိုင်သော အနက်ရောင်မီးတောက်ကို ထုတ်လွှတ်နိုင်ပြီး၊သူ၏အဖြူရောင်အမွေးအမျှင်များသည် ပတ်ဝန်းကျင်မှ ချီစွမ်းအင်ကိုစုပ်ယူလိုက်တိုင်း ပိုမိုခိုင်မာတောင့်တင်းလာသည်။

ဒိုင်းကာရှိ မီးခိုးရောင်သစ်သားမှာ သစ်ကတိုးပင်မှ ရရှိခြင်းဖြစ်သည်။ ၎င်းသည် သူ၏အပေါ်တပ်ဆင်ထားသမျှ အရာအားလုံး၏အာနိသင်ကို ဆယ်ဆတိုးမြှင့်ပေးနိုင်ပြီး ချီစွမ်းအင်ကို သဘာဝအလျောက် စုပ်ယူနိုင်စွမ်းရှိသည်။

ထိုဒိုင်းကာသည် ရှန်ညီအစ်ကိုများ တစ်ကိုယ်တော်ကျင့်ကြံသူများအဖြစ် ဒီအချိန်ထိအသက်ရှင်နိုင်ခဲ့ခြင်း၏ အကြောင်းရင်းများထဲမှ တစ်ခုဖြစ်သည်။

ရှန်ညီအစ်ကိုများသည် အပြည့်အဝကာကွယ်သည့်လမ်းကြောင်းကို ရွေးချယ်လိုက်ကြသည်။ သူတို့၏လက်နက်များကို သိမ်းဆည်းခံထားရသော်လည်း ဒိုင်းကာတော့ကျန်နေသေးသည်။

သူတို့လက်နက်များ ပြန်ရခဲ့လျှင်တောင်မှ တိုက်ခိုက်မှုအသီးသီးခွဲထုတ်ပြီး အင်အားဖြန့်ကျက်မည့်အစား ခိုင်မာသောကာကွယ်ရေးတစ်ခုတည်းမှာသာ အင်အားစုစည်းရန် ဒိုင်းကာကိုပဲရွေးချယ်ကြမည်သာဖြစ်သည်။

သူတို့၏ပန်းတိုင်သည် အသက်ရှင်ကျန်ရစ်ရေးသက်သက်သာဖြစ်သဖြင့် ကျန်ရွေးချယ်စရာများမှာ ကျဉ်းမြောင်းသွားခြင်းဖြစ်သည်။

သူတို့သည် ဒိုင်းကာနောက်တွင် စုဝေးလိုက်ကြပြီး သူတို့၏ချီစွမ်းအင်များကို ဒိုင်းလွှားထဲသို့ အရူးအမူး ဖြည့်သွင်းလိုက်ကြသည်။

“ကျွန်တော်တို့ အဆင်သင့်ဖြစ်ပြီ တရားသူကြီးယန်ချင်း”

ညီအစ်ကို ၃ ယောက်လုံး သူတို့၏စိတ်ဓာတ်ခွန်အားများကိုထုတ်ဖော်ကာ ဟိန်းဟောက်လိုက်ကြသည်။ ရှန်တျန်၏အရေပြားသည် ကျောက်သားကြံ့၏ သားရေအဖြစ်ပြောင်းလဲသွားပြီး၊ ရှန်ဒင်၏အရေပြားတွင်မူ သတ္တုရွှေရောင်များ တောက်ပလာသည်။

ရှန်ရှီ၏အရေပြားပေါ်တွင်မူ အက်ကွဲကြောင်းများပေါ်လာပြီး လျှပ်စီးများဖြာထွက်နေသည်။

“ကောင်းပြီလေ”

ယန်ချင်း၏ ညင်သာသောအသံ ထွက်ပေါ်လာသည်။

All Chapters