← Chapters

အခန်း (၆၁၉-၆၂၁)

Vol. 42 Ch. 619-621

အခန်း (၆၁၉-၆၂၁)

Vol. 42 Ch. 619-621

အခန်း (၆၁၉) - ပေ့ရွှမ် တုန်လှုပ်ခြင်း (အပိုင်း ၄)

~ပေ့ရွှမ်နယ်မြေ စတင် ဖြစ်ပေါ်လာကတည်းက ကြီးစိုးမင်းမူခဲ့သော ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်းကြီးသည် ယနေ့တွင် သူ့လက်ချက်ဖြင့် နိဂုံးကမ္ပတ် အဆုံးသတ်သွားခဲ့ချေပြီ။

နင်ချီသည် ဟင်းလင်းပြင် တံခါးကို ဖွင့်လှစ်လိုက်ပြီး တစ်ဖက်သို့ ဖြတ်သန်း ကူးပြောင်းသွားလိုက်သည်။ သူသည် အကန့်အသတ်မဲ့ ဓားဂိုဏ်း အနီးတွင် ကြိုတင် ပြင်ဆင်ထားခဲ့သော တယ်လီပို့ အခင်းအကျင်း ရှေ့၌ တိုက်ရိုက် ပြန်လည် ပေါ်ထွက်လာသည်။

ထို့နောက် လျှပ်တပြက်ပင် ဂိုဏ်းအတွင်းရှိ သူ၏ တံခါးပိတ် ကျင့်ကြံရာ အခန်းသို့ ပြန်ဝင်သွားလိုက်တော့သည်။

...

ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်း၏ တိုက်ပွဲကြီးသည် ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေခဲ့သည်။

အဝေးတစ်နေရာမှ လှမ်းကြည့်လျှင်ပင် ထိုတိုက်ပွဲ၏ အရိပ်အယောင်များကို တွေ့မြင်နိုင်သည်။

ထို့ကြောင့် သဘာဝကျကျပင် လူအများ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့သော်လည်း မည်သူမျှ အနားသို့ မကပ်ရဲကြပေ။ ထိုနေရာမှ ထွက်ပေါ်နေသော တုန်ခါမှုများသည် ကြောက်မက်ဖွယ် ကောင်းလွန်းလှပြီး ပေါင်းစည်းခြင်း နယ်ပယ် စွမ်းအားရှင်များ၏ တိုက်ပွဲဖြစ်ကြောင်း သေချာနေသောကြောင့် ဖြစ်၏။

သူတို့သည် မိမိတို့၏ ဂိုဏ်းများသို့ သတင်းပို့ရုံသာ တတ်နိုင်ကြပြီး တိုက်ပွဲပြီးဆုံးမှသာ အဝေးမှနေ၍ အကဲခတ်ရဲကြသည်။

သို့သော် သူတို့၏ မျက်လုံးများက မြင်တွေ့လိုက်ရသော မြင်ကွင်းမှာမူ ကြီးကျယ်ခမ်းနားသော ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်း မဟုတ်တော့ချေ။

ယခုအချိန်တွင် ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်း တည်ရှိရာ နေရာသည် လွင်တီးခေါင်ပြင်ကြီး တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့တော့၏။ ဂိုဏ်းကာကွယ်ရေး အခင်းအကျင်းများ ပျက်စီးနေပြီး ဝိညာဉ်စွမ်းအင်များ ပြန့်ကျဲနေသည်။ သက်ရှိဟူ၍ ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်နေပြီး တိတ်ဆိတ်ငြိမ်သက်နေမှုက လူကို ကျောချမ်းစေသည်။

လူတိုင်း အလွန်အမင်း တုန်လှုပ်သွားကြပြီး မယုံကြည်နိုင်လောက်အောင် ဖြစ်နေကြသည်။

ပေ့ရွှမ်နယ်မြေ တစ်ခုလုံးကို နှစ်ပေါင်း မရေမတွက်နိုင်အောင် အုပ်စိုးလာခဲ့သော ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်းကြီးသည် အမှန်တကယ်ပင် မျိုးတုန်း ပျက်စီးသွားခဲ့ပြီလော။

ဤသတင်းသည် လျှပ်တပြက်ဆိုသလိုပင် နယ်မြေတစ်ခုလုံးသို့ ပျံ့နှံ့သွားတော့သည်။

မကြာမီမှာပင် အနီးနားရှိ ဂိုဏ်းများမှ ထိပ်တန်း မဟာစွမ်းအားရှင် အများအပြား ရောက်ရှိလာကြသည်။ သူတို့၏ ရင်ထဲတွင် ထိတ်လန့်မှုများ ပြည့်နှက်နေပြီး ဘာတွေ ဖြစ်ပျက်ခဲ့သလဲ ဆိုသည်ကို သိရှိရန်အတွက် မိမိတို့၏ သက်တမ်းကို စတေး၍ လျှို့ဝှက်ရတနာများကို အသုံးပြုကာ အတိတ်ကို ပြန်လည် တွက်ချက် ကြည့်ရှုကြလေ၏။

ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်းပင်လျှင် အစဖျောက်ခံလိုက်ရသည် ဆိုပါက သူတို့၏ ဂိုဏ်းများသည် ပို၍ အန္တရာယ်ကြီးမားသော အခြေအနေနှင့် ရင်ဆိုင်နေရသည် မဟုတ်ပါလော။

သို့သော် တွက်ချက်မှု ရလဒ်က လူတိုင်းကို အနည်းငယ် စိတ်သက်သာရာ ရသွားစေသည်။

သူတို့သည် မှုန်ဝါးဝါး ပုံရိပ်တစ်ခုကို မြင်လိုက်ရ၏။ ထိုပုံရိပ်သည် မှုန်ဝါးနေသော အဘိုးအို တစ်ဦး ဖြစ်၏။

ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်းကို ဖျက်ဆီးလိုက်သူမှာ သခင်ကြီး ဇန်ရွှမ် ဖြစ်ပြီး လက်စားချေရန် လာရောက်ခြင်း ဖြစ်ပုံရ၏။

လျှပ်တပြက်ပင် ဤသတင်းသည် နယ်မြေတစ်ခုလုံးသို့ ထပ်မံ ပျံ့နှံ့သွားပြန်သည်။ သခင်ကြီး ဇန်ရွှမ် ဆိုသော နာမည်သည် လူတိုင်း၏ နှလုံးသားထဲတွင် စွဲထင်သွားတော့သည်။

...

အကန့်အသတ်မဲ့ ဓားဂိုဏ်းသည်လည်း ဤသတင်းကို သဘာဝကျကျပင် လက်ခံရရှိလိုက်သည်။

သတင်းထောက်လှမ်းရေး တာဝန်ခံ အကြီးအကဲသည် စတင် ကြားသိလိုက်ရချိန်တွင် မှင်သက်သွားပြီး မယုံနိုင်အောင် ဖြစ်နေမိသည်။

သူသည် အခြားဂိုဏ်းများကို လျှပ်တပြက် ဆက်သွယ်ပြီး အကြိမ်ကြိမ် အတည်ပြုပြီးမှသာ ဤသတင်း အမှန်ဖြစ်ကြောင်း လက်ခံလိုက်ရတော့သည်။

ထိုအကြီးအကဲသည် ဝမ်းသာလွန်း၍ မျက်ရည်များ ကျဆင်းလာပြီး ဒုဂိုဏ်းချုပ် ချန်ဝမ်ဟယ် ထံသို့ ရုတ်ချည်းပင် သတင်းပို့လိုက်လေ၏။

“ကောင်းကင်ကြီးက မျက်နှာသာ ပေးလိုက်တာပဲဗျာ... ကံကောင်းလိုက်ပုံများ...”

ချန်ဝမ်ဟယ် သည် ပြာလဲ့နေသော ကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။ ရွေ့လျားနေသော တိမ်တိုက်များကြားတွင် နေမင်းကြီး ထွန်းလင်းတောက်ပနေပြီး သူ့ရင်ထဲမှ ကျောက်တုံးကြီး တစ်တုံး ဖယ်ရှားခံလိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။

သူသည် အကြီးအကဲ အားလုံးကို လျှပ်တပြက် အသိပေးလိုက်ပြီးနောက် လူအုပ်ကို ဦးဆောင်ကာ ဂိုဏ်းချုပ်နင်၏ တံခါးပိတ် ကျင့်ကြံရာ အခန်းသို့ သွားရောက်ကြလေ၏။

နင်ချီသည် လူတိုင်း၏ ဖိတ်ခေါ်မှုဖြင့် ထွက်လာခဲ့ပြီး လုံးဝ ကြောင်အမ်းအမ်း ဖြစ်နေသော မျက်နှာထားကို ဟန်ဆောင် ပြသလိုက်သည်။

“ဒုဂိုဏ်းချုပ်... ခင်ဗျား ပြောတော့ ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်းကြီး ပျက်စီးသွားပြီ ဆို...”

“ဟုတ်ပါတယ် ဂိုဏ်းချုပ်...”

ချန်ဝမ်ဟယ် ၏ ပါးစပ်သည် နားရွက်တပ်ချိတ်လုမတတ် ပြုံးဖြီးနေလေ၏။

“အစတုန်းကတော့ ကျုပ်လည်း မယုံပါဘူး... ဂိုဏ်းအားလုံးကို ဆက်သွယ်မေးမြန်းပြီး အတည်ပြုလိုက်ရမှ ယုံလိုက်တာပါ...”

“ဟုတ်ပါတယ်... ဒါ အမှန်ပါပဲ... ကျုပ်တို့ သက်သေခံရဲပါတယ်...”

အခြား အကြီးအကဲများလည်း ထပ်တူထပ်မျှ ဝမ်းမြောက်နေကြတော့သည်။

ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်းမှ ပေါင်းစည်းခြင်း နယ်ပယ် စွမ်းအားရှင် ရှိနေသဖြင့် သူတို့အားလုံး နှစ်အနည်းငယ်ကြာအောင် တောင်တံခါးပိတ်ထားရန် စီစဉ်ခဲ့ကြသည်။ မထင်မှတ်ထားသည်မှာ ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်းကြီးသည် မျက်စိတစ်မှိတ် အတွင်းမှာပင် ပျောက်ကွယ်သွားရခြင်းပင်။

ကျန်းရူဟိုင် က ဖြည့်စွက် ပြောကြားလိုက်၏။

“ဂိုဏ်းချုပ်... ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်း ကို ဖျက်ဆီးလိုက်တဲ့သူက သခင်ကြီး ဇန်ရွှမ် လို့ ခေါ်ပါတယ်... ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်း နေရာမှာ သွားရောက် စစ်ဆေးဖို့အတွက် ကျုပ်က.. ပိုင်ချွမ်းကို ကိုယ်တိုင် လွှတ်လိုက်ပါပြီ...”

ထိုစဉ်၊ တာအိုဆရာ ဇီယန်က သူ့မုတ်ဆိတ်ရှည်ကို သပ်လိုက်ပြီး ပြောလိုက်သည်။

“ကြားတာတော့ သခင်ကြီး ဇန်ရွှမ် က တခြားနယ်မြေက လာတဲ့ စွမ်းအားရှင် တစ်ပါးလို့ ပြောကြတယ်... ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်း နဲ့ ရန်ငြိုးရန်စ ရှိလို့ လက်စားချေ ဖျက်ဆီးပစ်လိုက်တာ ဆိုပေမဲ့... သူက ကျုပ်တို့ အကန့်အသတ်မဲ့ ဓားဂိုဏ်း ကို ဘေးအန္တရာယ်ကနေ ကယ်တင်လိုက်တာနဲ့ တူတူပါပဲ...”

“တကယ်လို့ နောက်ပိုင်းမှာ သခင်ကြီး ဇန်ရွှမ် က တခြားဂိုဏ်းတွေကို ဘာမှ ဆက်မလုပ်ဘူး ဆိုရင် ဒါက အမှန်ပဲလို့ အတည်ပြုလို့ ရပါပြီ... သူ့ကို ဂုဏ်ပြုတဲ့ အနေနဲ့ ကျုပ်တို့ အကန့်အသတ်မဲ့ ဓားဂိုဏ်း မှာ သူ့အတွက် ရုပ်တုတစ်ခု ထုလုပ်ထားရှိသင့်တယ်လို့ အကြံပြုချင်ပါတယ်... ဂိုဏ်းချုပ် ဘယ်လို သဘောရပါသလဲ...”

ထိုအခါ၊ နင်ချီသည် တာအိုဆရာ ဇီယန်ကို ကြည့်လိုက်မိကာ ရင်တွင်း အော်ဟစ်လိုက်မိသည်။

'ခင်ဗျား တကယ် ပြောနေတာလား...'

သို့သော် သူက ပြောလိုက်၏။

“ကောင်းပါပြီ... အကြံပြုချက်အတိုင်း မဟာ အကြီးအကဲ ဇီယန် ပဲ ဒီကိစ္စကို တာဝန်ယူ ဆောင်ရွက်လိုက်ပါ...”

ချန်ဝမ်ဟယ် က ဆက်ပြောလိုက်သည်။

“ကျုပ်တို့ အကန့်အသတ်မဲ့ ဓားဂိုဏ်း က ဘာလို့ ဒီလောက် ကံကောင်းနေလဲ ဆိုတာ တကယ် နားမလည်နိုင်တော့ဘူး... ကျုပ်လည်း သခင်ကြီး ဇန်ရွှမ် အတွက် ရုပ်တုလုပ်ဖို့ သဘောတူပါတယ်... ဒါပေမဲ့ ဂိုဏ်းချုပ် ကိုလည်း ကျေးဇူးတင်သင့်တယ်လို့.. ထင်တယ်...”

သူ ခဏရပ်လိုက်ပြီး ဆက်ပြောလာ၏။

“ကြည့်ကြပါဦး... ဂိုဏ်းချုပ်နင် ရောက်လာကတည်းက ကျုပ်တို့ အကန့်အသတ်မဲ့ ဓားဂိုဏ်း ဟာ ကံကောင်းခြင်းတွေ ဆက်တိုက် ကြုံတွေ့နေရတာလေ... ဒါဟာ ဂိုဏ်းချုပ်နင်ရဲ့ ကံကောင်းခြင်း အရှိန်အဝါကြောင့် ဆိုတာ သေချာပါတယ်...”

နင်ချီ မပြုံးဘဲ မနေနိုင်တော့ချေ။

ဒုဂိုဏ်းချုပ် ဖြစ်နေတာ မဆန်းပါဘူး... မြှောက်ပေးတာ ကောင်းလွန်းတယ်။

သူ့ရင်ထဲတွင် စိတ်သက်သာရာ ရသွားသော်လည်း ဟန်ဆောင်မှုကိုတော့ ဆက်လက် ထိန်းသိမ်းထားပါရဦးမည်။

“ဒုဂိုဏ်းချုပ်... ခင်ဗျား ..ကျွန်တော့်ကို သိပ်ပြီး မမြှောက်ပင့်ပါနဲ့ဗျာ... ကံတရား ဆိုတာက သိပ်ပြီး မရေရာလှပါဘူး... ကံတရား တစ်ခုတည်းကိုပဲ အားကိုးနေမယ် ဆိုရင် တစ်နေ့ကျရင် ကုန်ဆုံးသွားမှာပါပဲ...”

စုဝေးရောက်ရှိနေသော အကြီးအကဲများသည် ထိုစကားကို ကြားသောအခါ ခေါင်းငြိမ့်လိုက်ကြပြီး နင်ချီအပေါ် လေးစားမှု ပိုမို တိုးပွားသွားကြရသည်။

သူတို့၏ ဂိုဏ်းချုပ်သည် အပြောင်းအလဲများကြားတွင် တည်ငြိမ်ရုံသာမက နှိမ့်ချတတ်သော စိတ်ထားလည်း ရှိသည် မဟုတ်ပါလော။

ဒါက ..အကန့်အသတ်မဲ့ ဓားဂိုဏ်း၏ ကံကောင်းခြင်း... သူတို့၏ ကံကောင်းခြင်းပင် ဖြစ်ပါ၏။

အကယ်၍ သူတို့သာ ဆိုလျှင် ဤကဲ့သို့သော စိတ်ထားမျိုး ထားရှိနိုင်ရန် ခက်ခဲလိမ့်မည်ဟု ခံစားမိကြသည်။

အကျပ်အတည်းကို ကျော်လွှားနိုင်ခဲ့ပြီ ဖြစ်သဖြင့် အကန့်အသတ်မဲ့ ဓားဂိုဏ်းသည် နောက်တစ်ကြိမ် တက်ကြွ လှုပ်ရှားလာခဲ့သည်။

မရေမတွက်နိုင်သော အစစ်အမှန် အမွေခံများသည် တံခါးပိတ် ကျင့်ကြံရာမှ ထွက်လာကြပြီး သတင်းကို ကြားသိရချိန်တွင် ထပ်မံ အံ့အားသင့်သွားကြပြန်သည်။

‘သခင်ကြီး ဇန်ရွှမ် ကျန်းမာပါစေ... ဂိုဏ်းချုပ် ကျန်းမာပါစေ…’

သေချာသည်မှာ နင်ချီသည် ဓားဘိုးဘေးကြီး ထံသို့လည်း သတင်းပို့လိုက်ရာ ဓားဘိုးဘေးကြီးက အလျင်အမြန်ပင် စာပြန်လာသည်။

“ဟေ့ကောင်... မင်း ငါ့ကို လိမ်နေတာတော့ မဟုတ်ပါဘူးနော်... ငါ ခေါ်လာတဲ့ စစ်ကူတွေတောင် ရောက်ခါနီးနေပြီကွ...”

“ဒါဆိုလည်း ခရီးထွက်လာသလို သဘောထားပြီး စစ်ကူတွေကို အကန့်အသတ်မဲ့ ဓားဂိုဏ်း မှာ ဧည့်ခံလိုက်တာပေါ့ဗျာ...”

နွားမိစ္ဆာ အဆင့်မြင့်ဂိုဏ်း မှ လူများ ရောက်ရှိလာသောအခါ သူတို့သည်လည်း သဘာဝကျကျပင် အံ့သြသွားကြရ၏။

သူတို့သည် လူအင်အား အများအပြားဖြင့် ရောက်ရှိလာကြခြင်း ဖြစ်၏။ နက်ရှိုင်းသော သစ္စာတရား လျှို့ဝှက်နယ်မြေ တွင် တွေ့ဆုံခဲ့သော နွားသိုးကြီး နျူမန် ၊ ကျားဖြူ ၊ ခေါင်းဆောင် မဟာစွမ်းအားရှင် မာလုံ နှင့် သူတို့ဂိုဏ်း၏ ပေါင်းစည်းခြင်း နယ်ပယ် စွမ်းအားရှင် နျူတင်းထျန် တို့လည်း ပါဝင်ကြသည်။

နင်ချီ ဂိုဏ်းချုပ် ဖြစ်လာသည်ကို သိလိုက်ရ၍ သူတို့သည် အံ့သြခဲ့ကြရသည်... နင်ချီက ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်း မှ မဟာစွမ်းအားရှင် အများအပြားကို သတ်ဖြတ်လိုက်သည် ဆို၍ အံ့သြခဲ့ကြရသည်... ယခု သခင်ကြီး ဇန်ရွှမ် က ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်း တစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်သည် ဆိုသောအခါ ပို၍ပင် အံ့အားသင့်သွားကြရ၏။

ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်း ဆိုသည်မှာ သူတို့နှင့် ရင်ပေါင်တန်းနိုင်သော ထိပ်တန်း အဆင့်မြင့်ဂိုဏ်းကြီး တစ်ခု ဖြစ်၏။ အကယ်၍ သခင်ကြီး ဇန်ရွှမ် သာ ဆန္ဒရှိပါက သူတို့၏ နွားမိစ္ဆာ အဆင့်မြင့်ဂိုဏ်း ကိုလည်း အလွယ်တကူ ဖျက်ဆီးပစ်နိုင်သည် မဟုတ်ပါလော။

နောက်ပိုင်းတွင်မူ လူတိုင်းသည် ထိုအတွေးများကို ဆက်လက် မတွေးတောကြတော့ချေ။

ဂိုဏ်းချုပ် အနေဖြင့် နင်ချီသည် လာရောက် ကူညီပေးသော သူတို့ကို ကျေးဇူးတင်စကား ဆိုလိုက်သည်။ နျူမန်နှင့် အခြားသူများသည် မိစ္ဆာများ ဖြစ်ကြသော်လည်း အလွန် ဖြောင့်မတ်မှန်ကန်ပြီး ကတိတည်သူများ ဖြစ်ကြ၏။

ထို့နောက် နင်ချီသည် သူတို့ကို အကန့်အသတ်မဲ့ ဓားဂိုဏ်း အတွင်း လှည့်လည် ပြသလိုက်ပြီး အကောင်းစား ဝိုင်အရက်များ၊ အင်မော်တယ် စားဖွယ်ရာများဖြင့် ဧည့်ခံ ကျွေးမွေးလိုက်ရာ ဧည့်သည်ရော အိမ်ရှင်ပါ ပျော်ရွှင် ကျေနပ်သွားကြလေတော့သည်။

အခန်း (၆၂၀) -ဆယ်စုနှစ်များ

~“ညီအစ်ကိုနင်... ငါတို့ မတွေ့ဖြစ်တာ တစ်လလောက်ပဲ ရှိသေးတယ်... မင်းက ဒီ နွားအိုကြီးကို တကယ် အံ့အားသင့်သွားအောင် လုပ်လိုက်တာပဲကွာ...”

နွားမိစ္ဆာ နျူမန်နှင့် အခြားသော မိစ္ဆာများသည် ဓားဘိုးဘေးကြီး၊ နင်ချီတို့နှင့်အတူ အကန့်အသတ်မဲ့ ဓားဂိုဏ်းအတွင်း လျှောက်လှမ်းနေကြစဉ် နျူမန်၏ ရင်ထဲ၌ ခံစားချက်လှိုင်းတံပိုးများ အရှိန်ပြင်းစွာ ရိုက်ခတ်နေမိသည်။

သူသည် နင်ချီနှင့် နက်ရှိုင်းသော သစ္စာတရား လျှို့ဝှက်နယ်မြေ အတွင်းရှိ နင်ယွီမြို့တော်တွင် စတင် တွေ့ဆုံခဲ့ခြင်းပါပင်။

ထိုစဉ်က လူသားတစ်ယောက်နှင့် မိစ္ဆာတစ်ကောင်တို့သည် ပျော်ရွှင်စွာ သေရည်သောက်ရင်း တောင်ပိုင်းနှင့် မြောက်ပိုင်းနယ်မြေမှ ပါရမီရှင်များ၏ အကြောင်းကို ဆွေးနွေးဝေဖန်ခဲ့ကြဖူးသည်။

ယခုအခါတွင်မူ တစ်ကိုယ်တော် ကျင့်ကြံသူ ဖူချန် မှလွဲ၍ အခြားသော ပါရမီရှင်များ အားလုံး သေဆုံးသွားခဲ့ကြပြီ ဖြစ်ပြီး သူတို့နှစ်ယောက်တည်းသာ ကျန်ရစ်တော့သည်။

နင်ချီသည် ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ် နှောင်းပိုင်းအဆင့် သို့ပင် ရောက်ရှိနေပြီဖြစ်ကာ ဂိုဏ်းချုပ် ရာထူးကိုလည်း ရယူထားနိုင်ပြီ ဖြစ်သဖြင့် နျူမန် အနေဖြင့် လေးစားအားကျမိသည်မှာ အမှန်ပင်။

လျှို့ဝှက်နယ်မြေထဲတွင် ရှိစဉ်ကပင် နင်ချီ၏ စွမ်းအားသည် နျူမန်နှင့် အခြားသူများကို တုန်လှုပ်စေခဲ့ပြီး ဖြစ်သော်လည်း ယခု အခြေအနေနှင့် ယှဉ်လိုက်လျှင် မိုးနှင့်မြေ ကွာခြားသကဲ့သို့ ဖြစ်နေတော့၏။

“အစ်ကိုကြီးနျူက မြှောက်ပင့်လွန်းနေပါပြီဗျာ... နွားမိစ္ဆာ အဆင့်မြင့်ဂိုဏ်းက အကြီးအကဲ နျူတင်းထျန် ကို ကိုယ်တိုင် ပင့်ဖိတ်ပေးခဲ့တဲ့ အတွက် ကျွန်တော်ကသာ ကျေးဇူးတင်ရမှာပါ...”

နင်ချီသည် နှိမ့်ချစွာ ပြောဆိုလိုက်ရင်း သူ့ဘေးနားတွင် ရှိနေသော အရပ်အမောင်း ပေ (၃၀) ခန့် မြင့်မားသည့် နွားမိစ္ဆာ အကြီးအကဲကြီးကို လက်သီးဆုပ် ဂါရဝပြုလိုက်လေ၏။

ထိုအကြီးအကဲကြီးသည် ရိုးသားဖြောင့်မတ်သော မျက်နှာထား ရှိပြီး တောင်ကြီးတစ်လုံးကဲ့သို့ တည်ငြိမ်လေးလံသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။

နျူမန်က ပြုံးလိုက်ရင်း၊

“ငါတို့ လျှို့ဝှက်နယ်မြေထဲမှာ ကတိပြုထားပြီးသားပဲလေ... ငါ ဘယ်လိုလုပ် ကတိဖျက်လို့ ရပါ့မလဲ...”

ဓားဘိုးဘေးကြီးသည် နွားမိစ္ဆာ အဆင့်မြင့်ဂိုဏ်းမှ အကြီးအကဲကြီး၏ ဘေးမှ လိုက်ပါလာခဲ့သည်။

ထို လူနှင့် မိစ္ဆာ အုပ်စုကြီးသည် စကားစမြည် ပြောဆိုရင်း လျှောက်လှမ်းလာကြသည်။

နျူတင်းထျန်၏ အကြည့်များသည် နင်ချီနှင့် ဓားဘိုးဘေးကြီးတို့ထံသို့ ရံဖန်ရံခါ ရောက်ရှိသွားတတ်သည်။ ပေါင်းစည်းခြင်း နယ်ပယ် စွမ်းအားရှင် တစ်ပါး အနေဖြင့် သူ ကိုယ်တိုင် ကိုယ်ကျ ရောက်ရှိလာခြင်းမှာ နျူမန်နှင့် အခြားသူများ၏ တိုက်တွန်းမှုကြောင့် ဖြစ်၏။

သာမန်အားဖြင့် ဆိုလျှင် သူတို့ဂိုဏ်းမှ ဟင်းလင်းပြင် လမ်းစဉ် ပြီးပြည့်စုံခြင်း အဆင့်ရှိသော မိစ္ဆာကြီး တစ်ကောင်လောက် လွှတ်လိုက်လျှင်ပင် လုံလောက်နေပြီ ဖြစ်၏။

သို့သော် သူ ကိုယ်တိုင် လာခဲ့သည်။

ပထမအချက်မှာ နျူမန်နှင့် အခြားသူများက လျှို့ဝှက်နယ်မြေ အတွင်းမှ အဖြစ်အပျက်များကို အသေးစိတ် ပြောပြခဲ့ပြီး နင်ချီကို အကြိမ်ကြိမ် ချီးကျူးခဲ့သောကြောင့် ဖြစ်၏။

နျူမန်သည် သာမန်အားဖြင့် သူနှင့် အဆင့်တူ ပါရမီရှင်များကို အထင်မကြီးတတ်သဖြင့် ဤမျှ ချီးကျူးပြောဆိုသည်ကို နျူတင်းထျန် တော်ရုံနှင့် မကြားဖူးခဲ့ချေ။

ဒုတိယအချက်မှာ ဓားဘိုးဘေးကြီး ကိုယ်တိုင် အကူအညီ တောင်းခံခဲ့သောကြောင့်ပါပင်။

ဓားဘိုးဘေးကြီးသည် လွန်ခဲ့သော နှစ်ပေါင်း တစ်သောင်းက ပါရမီရှင် တစ်ဦး ဖြစ်ပြီး ပေါင်းစည်းခြင်း နယ်ပယ် စွမ်းအားရှင် ဖြစ်သည့် နျူတင်းထျန် ပင်လျှင် ဓားဘိုးဘေးကြီး၏ ပါရမီကို အသိအမှတ် ပြုထားသည်။

သူသည် နွားမိစ္ဆာ အဆင့်မြင့်ဂိုဏ်းတွင် ဓားဘိုးဘေးကြီးနှင့် လက်ရည်ယှဉ်ဖူးခဲ့၏။

လက်ရည်ယှဉ်ပြီးနောက် နျူတင်းထျန်သည် ဓားဘိုးဘေးကြီး၌ သဟဇာတဖြစ်ခြင်း နယ်ပယ် သို့ ရောက်ရှိနိုင်မည့် အလားအလာ ရှိကြောင်း မဆိုင်းမတွပင် အသိအမှတ် ပြုခဲ့သည်။ ထိုကဲ့သို့သော ပါရမီရှင်မျိုး အခက်အခဲ ကြုံနေရချိန်တွင် ကူညီပေးရမည့် ကျေးဇူးတရားကို သူ မည်သို့ နားမလည်ဘဲ နေပါမည်နည်း။

သူတို့ နွားမိစ္ဆာ အဆင့်မြင့်ဂိုဏ်းမှ မထွက်ခွာမီက နျူတင်းထျန်သည် ဓားဘိုးဘေးကြီးအား နင်ချီအကြောင်း မေးမြန်းခဲ့ဖူးသည်။

ဓားဘိုးဘေးကြီးက ရိုးရိုးရှင်းရှင်းပင် ပြောခဲ့ဖူးသည်။ ဒီလူငယ်လေးက ငါ့ထက် အဆပေါင်းများစွာ သာလွန်တယ်... ဟူ၍။

ထိုစကားသည် နျူတင်းထျန်ကို ပိုမို စူးစမ်းလိုစိတ် ဖြစ်ပေါ်စေခဲ့သဖြင့် ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်းနှင့် ထိပ်တိုက် တွေ့ရမည်ကိုပင် ဂရုမစိုက်ဘဲ အကန့်အသတ်မဲ့ ဓားဂိုဏ်းသို့ ကိုယ်တိုင်ကိုယ်ကျ လာရောက်ခဲ့ခြင်း ဖြစ်၏။

သို့သော် သူတို့ လမ်းခုလတ်တွင် ရှိနေစဉ်မှာပင် ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်းကြီးသည် ဆန်းကြယ်သော ပုဂ္ဂိုလ်တစ်ဦး၏ လက်ချက်ဖြင့် ပျက်စီးသွားလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့ကြချေ။

နျူတင်းထျန်၏ အကြည့်က နင်ချီအပေါ်တွင် ရပ်တန့်သွားပြီး ရုတ်တရက် ပြောလိုက်လေ၏။

“ဓားကလေးက ပြောပြချက်အရ... ဂိုဏ်းချုပ်နင်ရဲ့ ပါရမီက သူ့ထက်တောင် သာလွန်တယ် ဆိုပဲ... ဒါဆိုရင် မင်းနဲ့ ငါ... လက်ရည်နည်းနည်းလောက် ယှဉ်စမ်းကြည့်ကြမလား...”

“ဓားကလေးတဲ့လား...”

နင်ချီ အနည်းငယ် ကြောင်သွားပြီးမှ ဓားဘိုးဘေးကြီးကို လှမ်းကြည့်လိုက်ရာ ဓားဘိုးဘေးကြီး၏ မျက်နှာတွင် ရှက်ရွံ့နေသော အမူအရာ ပေါ်နေသည်ကို တွေ့လိုက်ရ၏။

မတတ်နိုင်ပေ။ ဓားဘိုးဘေးကြီးသည် ဟင်းလင်းပြင် လမ်းစဉ် ပြီးပြည့်စုံခြင်း အဆင့်တွင်သာ ရှိသေးသဖြင့် ပေါင်းစည်းခြင်း နယ်ပယ် စွမ်းအားရှင်နှင့် ရင်ဆိုင်ရသောအခါ ဂျူနီယာ တစ်ယောက်ကဲ့သို့ ပြုမူရသည်မှာ သဘာဝကျပါ၏။

“အကြီးအကဲနျူ က ဒီလူငယ်လေးကို လမ်းညွှန်ပြသပေးချင်တယ် ဆိုမှတော့... ကျွန်တော်က ဘယ်လိုလုပ် ငြင်းဆန်ရဲပါ့မလဲ...”

ပြောပြောဆိုဆိုနှင့်၊ နင်ချီသည် လူအုပ်ကြီးကို ဗဟို ရင်ပြင်ကျယ်ကြီး ဆီသို့ ခေါ်ဆောင်သွားလိုက်သည်။

“ကြွပါခင်ဗျာ...”

နင်ချီ၏ လွတ်လပ်ပေါ့ပါးသော ဟန်ပန်နှင့် ပေါင်းစည်းခြင်း နယ်ပယ် စွမ်းအားရှင် ရှေ့တွင် တည်ငြိမ်စွာ ရင်ဆိုင်ရဲသော သတ္တိကို မြင်လိုက်ရသဖြင့် နျူတင်းထျန်သည် စိတ်ထဲမှ ကြိတ်၍ ချီးကျူးလိုက်မိသည်။

လျှပ်တပြက်ဆိုသလိုပင် လူသားတစ်ယောက်နှင့် မိစ္ဆာတစ်ကောင်တို့သည် ရင်ပြင်ကျယ်ကြီးထဲတွင် မျက်နှာချင်းဆိုင် ရပ်လိုက်ကြ၏။

အခြားသူများက ဘေးသို့ ကပ်ပြီး ကြည့်ရှုလိုက်ကြသည်။

နျူတင်းထျန်သည် သူ၏ အရွယ်အစားကို လူသားတစ်ယောက်၏ အရွယ်အစား နီးပါးအထိ လျှော့ချလိုက်ပြီး ပြောလိုက်သည်။

“ဂိုဏ်းချုပ်နင်... အရင် စတင် လှုပ်ရှားပါ...”

“ကောင်းပါပြီ... အကြီးအကဲနျူ က ပြောမှတော့... ကျွန်တော်ပဲ စလိုက်ပါ့မယ်...”

နင်ချီ၏ လက်ထဲတွင် ဓားတစ်လက် ပေါ်ပေါက်လာပြီး စူးရှထက်မြက်သော ဓားစိတ်ဆန္ဒ တစ်ခု သူ့ခန္ဓာကိုယ်မှ ဖွဲ့တည်လာသည်။

“ဓားတစ်လက်ဖြင့် နည်းစနစ် တစ်သောင်းကို ဖျက်ဆီးခြင်း...”

နင်ချီသည် ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်းမှ မဟာစွမ်းအားရှင် တစ်ဦးကို သတ်ဖြတ်ခဲ့စဉ်က အသုံးပြုခဲ့သော ဓားသိုင်းကွက်ကို မဆိုင်းမတွပင် ထုတ်သုံးလိုက်လေ၏။

သူ ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ပြီး နျူတင်းထျန် ရှိရာသို့ ဓားတစ်ချက် ထိုးသွင်းလိုက်သည်။ မည်သည့် ဆန်းပြားသော နည်းစနစ်မှ မပါဝင်ဘဲ ရိုးရှင်းပြီး အလွန်အမင်း အာရုံစိုက်ထားသော ဓားတစ်ချက်သာ ဖြစ်၏။

စည်ပိုင်းခန့် ထူထဲသော ဟင်းလင်းပြင် တွင်းနက်ကြီး တစ်ခု ဓားထိပ်ဖျားတွင် ရုတ်တရက် ဖွဲ့တည်လာပြီး နျူတင်းထျန်၏ ရင်ဘတ်တည့်တည့်သို့ တန်းတန်းမတ်မတ် ချိန်ရွယ်သွားလေ၏။

ဘေးမှ ကြည့်ရှုနေသူများ၊ အထူးသဖြင့် နျူမန်နှင့် အခြား မိစ္ဆာများသည် ဤဓားချက်ကို မြင်လိုက်ရသဖြင့် ထိတ်လန့်တုန်လှုပ်သွားကြသည်။ အကယ်၍ သူတို့သာ ရင်ဆိုင်ရမည် ဆိုပါက ထွက်ပြေးရန် အခွင့်အရေး မရှိဘဲ လျှပ်တပြက် အသတ်ခံရမည်မှာ သေချာသလောက်ပင်။

ဓားဘိုးဘေးကြီး ကိုယ်တိုင်ပင်လျှင် သူ့မုတ်ဆိတ်သူ သပ်ရင်း ခေါင်းငြိမ့်လိုက်မိသည်။ နင်ချီသည် သူ့ထံမှ အနှစ်သာရကို အမှန်တကယ် သင်ယူတတ်မြောက်သွားပြီ ဖြစ်ကြောင်း အသိအမှတ် ပြုလိုက်ရ၏။

အခြား အကြီးအကဲများသည် စူးစမ်းလေ့လာနေဆဲ အဆင့်တွင်သာ ရှိသေးသော်လည်း နင်ချီသည် ထိုစွမ်းရည်များကို လွယ်ကူစွာ ကျွမ်းကျင်ပိုင်နိုင်နေပြီ ဖြစ်၏။

ပေါင်းစည်းခြင်း နယ်ပယ် စွမ်းအားရှင် ဖြစ်သည့်အားလျော်စွာ နျူတင်းထျန်သည် ဓားအရှိန်အဝါကို ရင်ဆိုင်ရင်း ကြီးမားသော ဟိန်းသံကြီး တစ်ခု ပြုလုပ်လိုက်သည်။

သူ့ရှေ့ရှိ ဟင်းလင်းပြင်သည် အလားတူပင် ကွဲအက်သွားပြီး နင်ချီ၏ ဓားချက်ကို ဝါးမြိုသွားမည့် တွင်းနက်ကြီး တစ်ခု ပေါ်ပေါက်လာသည်။

ကြည့်ရှုသူများ အနေဖြင့် သူသည် ပေါင်းစည်းခြင်း နယ်ပယ် စွမ်းအားရှင် ဖြစ်သည်နှင့်အညီ ထိုက်တန်သည်ဟုသာ ပြောနိုင်ကြသည်။

သို့သော် နျူတင်းထျန် တစ်ယောက်တည်းသာ စိတ်ထဲတွင် ညည်းတွားလိုက်မိသည်။ သူသည် ပေါင်းစည်းခြင်း နယ်ပယ် ပြီးပြည့်စုံခြင်း အဆင့် ရောက်နေသူ ဖြစ်ပါလျက်နှင့် ထိုဟိန်းသံတွင် သူ၏ စွမ်းအား (၂၀) ရာခိုင်နှုန်းတိတိ ထည့်သုံးလိုက်ရသောကြောင့် ဖြစ်၏။

နင်ချီ၏ ဓားသည် ကခုန်နေသကဲ့သို့ လှုပ်ရှားနေပြီး ဆက်တိုက် ထိုးနှက်လိုက်ရာ ရေတွက်၍ မရနိုင်သော ဟင်းလင်းပြင် တွင်းနက်ကြီးများသည် နျူတင်းထျန်ကို ဝိုင်းရံထားလိုက်ပြီး ဖိအားပေးလာကြသည်။

“ဂိုဏ်းချုပ်နင်... မင်းရဲ့ ဓားသိုင်းပညာက တကယ်ပဲ ထူးခြားတဲ့ အချက်တွေ ရှိနေတာပဲ... ဒါပေမဲ့ ကျုပ်ကလည်း အဲဒီ ဓားကွက်ကို ထူးထူးခြားခြား ပုံစံတူ ပြန်လုပ်ပြမယ်...”

နျူတင်းထျန်သည် ဟင်းလင်းပြင် တွင်းနက်ကြီးများ၏ အလယ်ဗဟိုတွင် ရပ်နေရင်း တည်ငြိမ်စွာ ပြောလိုက်လေ၏။

သူ့စကား ဆုံးသည်နှင့် တစ်ပြိုင်နက် ရိုင်းစိုင်းကြမ်းတမ်းသော ချုံနျုံ နတ်ဘုရား ပုံသဏ္ဌာန် တစ်ခုသည် သူ့ခန္ဓာကိုယ် အပြင်ဘက်တွင် ရုတ်တရက် ပေါ်ပေါက်လာသည်။ ၎င်းကို စည်းမျဉ်း နတ်ဘုရား စွမ်းအားမျှင် များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်၏။

ပေါင်းစည်းခြင်း နယ်ပယ် တွင် စည်းမျဉ်းများကို အသားထဲသို့ ပေါင်းစပ်လိုက်ပြီး နတ်ဘုရား စွမ်းရည်များ သဘာဝအလျောက် ဖြစ်ပေါ်လာကြသည်။

ထင်ရှားသည်မှာ နျူတင်းထျန်၏ နတ်ဘုရား စွမ်းရည်မှာ ဤ ချုံနျုံ နတ်ဘုရား ပုံသဏ္ဌာန် ပင် ဖြစ်ပါ၏။

ချုံနျုံ သားရဲကြီးသည် နျူတင်းထျန်၏ အခြား ပုံသဏ္ဌာန် တစ်ခု အဖြစ် ရှိနေပြီး သူ၏ ရုပ်ခန္ဓာက လုပ်ဆောင်သမျှ လှုပ်ရှားမှုများကို လိုက်ပါ လုပ်ဆောင်နေလေ၏။

ဟင်းလင်းပြင် အတွင်း၌ နွားသိုးဟိန်းသံများ ပဲ့တင်ထပ်သွားပြီး ချုံနျုံ သားရဲကြီးသည် နင်ချီ၏ ဓားချက်များကြောင့် ဖြစ်ပေါ်လာသော ဟင်းလင်းပြင် တွင်းနက်ကြီးများကို ဝင်ရောက် တိုက်ခိုက်လိုက်လေ၏။

အရာအားလုံးကို ဝါးမြိုဖျက်ဆီးနိုင်စွမ်း ရှိပုံရသော၊ ဟင်းလင်းပြင် အတွင်းရှိ ဝိညာဉ်စွမ်းအင်နှင့် စည်းမျဉ်းများကို ဖျက်ဆီးနိုင်စွမ်း ရှိသော ထို မည်းနက်သည့် ဟင်းလင်းပြင် တွင်းနက်ကြီးများသည်...

ကြီးမားလှသော ချုံနျုံ နတ်ဘုရား ပုံသဏ္ဌာန် နှင့် ရင်ဆိုင်ရသောအခါ ရွှံ့အိုင်များပမာ ဖြစ်သွားပြီး နတ်ဘုရား ပုံသဏ္ဌာန်ကို လက်ခံထားနိုင်စွမ်း မရှိကြတော့ချေ။

အဘယ်ကြောင့်ဆိုသော် ပေါင်းစည်းခြင်း နယ်ပယ် သည် စည်းမျဉ်းများကို ဟင်းလင်းပြင်မှ ဆွဲယူခြင်း မဟုတ်တော့ဘဲ မိမိ၏ ခန္ဓာကိုယ် အတွင်းမှ ထုတ်လွှတ်ခြင်း ဖြစ်သောကြောင့်ပင်။

နျူတင်းထျန်သည် ဟင်းလင်းပြင် တွင်းနက်ကြီးများကို စုတ်ဖြဲပြီး နင်ချီ၏ ရှေ့မှောက်သို့ ရောက်ရှိလာသည်။ သို့သော် သူသည် နင်ချီကို စတင် တိုက်ခိုက်ခြင်း မပြုဘဲ ပြောလိုက်လေ၏။

“မင်းရဲ့ တိုက်ကွက်က ဓားတစ်လက်ဖြင့် နည်းစနစ် တစ်သောင်းကို ဖျက်ဆီးခြင်း ဖြစ်ပေမဲ့... ငါ့ရဲ့ တိုက်ကွက်ကတော့... အင်အားတစ်ခုဖြင့် နည်းစနစ် တစ်သောင်းကို ဖျက်ဆီးခြင်း ပဲ…”

အခန်း (၆၂၁) - ဆယ်စုနှစ်များ (အပိုင်း ၂)

~ဤအချိန်တွင် နင်ချီ၏ ပါရမီသည် ဓားဘိုးဘေးကြီးထက် သာလွန်ကြောင်း နျူတင်းထျန် အတည်ပြုလိုက်တော့၏။

ဓားဘိုးဘေးကြီးသည် နှစ်ပေါင်း တစ်သောင်းကျော် သက်တမ်းရှိနေပြီ ဖြစ်သော်လည်း နင်ချီမှာမူ ငယ်ရွယ်နုပျိုနေဆဲ ဖြစ်၏။

သူ စစ်ဆေးကြည့်လိုက်ရာ နင်ချီ၏ ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ် အခြေခံသည် အလွန်အမင်း ခိုင်မာနေကြောင်း တွေ့ရှိရလေ၏။ အကန့်အသတ်မဲ့ ဓားဂိုဏ်းက သူ့ကို ဂိုဏ်းချုပ်နေရာ ပေးအပ်လိုက်သည်မှာ အံ့သြစရာ မဟုတ်တော့ချေ။

ဂိုဏ်းထဲတွင် လူမရှိ၍ ပေးအပ်လိုက်ခြင်း မဟုတ်ဘဲ နင်ချီ၏ စွမ်းရည်သည် အခြားသူများအားလုံးထက် အမှန်တကယ် သာလွန်နေသောကြောင့်ပင်။

ထို့ကြောင့် နျူတင်းထျန်သည် နျူမန်အပေါ် ပိုမို ကျေနပ်အားရသွားမိသည်။ နင်ချီကဲ့သို့ မိတ်ဆွေကောင်းတစ်ယောက် ရရှိထားခြင်းသည် နျူမန်၏ ဘဝတွင် အကြီးမားဆုံး ကံကောင်းခြင်း ဖြစ်ကောင်း ဖြစ်နိုင်ပါ၏။

နျူတင်းထျန်သည် ဆက်လက် တိုက်ခိုက်ရန် ရည်ရွယ်ချက် မရှိတော့ချေ။

သို့သော် နင်ချီကမူ နျူတင်းထျန်ကို ပြုံးစစ မျက်လုံးများဖြင့် ကြည့်နေလေ၏။

ဒီ ပေါင်းစည်းခြင်း နယ်ပယ် စွမ်းအားရှင်က ဘာကြောင့်များ ချုံနျုံ နတ်ဘုရား ပုံသဏ္ဌာန် ကို ရွေးချယ် အသုံးပြုလိုက်ရသနည်း။

မကြာသေးမီကမှ နင်ချီသည် သခင်ကြီး ဇန်ရွှမ် အသွင်ဖြင့် ချုံနျုံ အပါအဝင် နဂါးမင်း၏ သားတော် ကိုးပါး နတ်ဘုရား ပုံသဏ္ဌာန်များကို အသုံးပြုကာ ပေါင်းစည်းခြင်း နယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်ရှိသော ကျိုးထျန်းဇီကို သတ်ဖြတ်ခဲ့သည် မဟုတ်ပါလော။

“စီနီယာနျူ... ကျွန်တော့်မှာ စီနီယာနဲ့ ဆွေးနွေးစရာ တိုက်ကွက်တစ်ခု ကျန်နေသေးတယ်ဗျ...”

နင်ချီက တည်ငြိမ်စွာ ပြောလိုက်သည်။

နျူတင်းထျန် အံ့သြသွား၏။

“ဟေ... ဟုတ်လား...”

နင်ချီ၏ ဓားကွက်သည် သူ၏ အသန်မာဆုံး တိုက်ကွက် ဖြစ်လိမ့်မည်ဟု သူ ထင်မှတ်ထားခဲ့သော်လည်း နင်ချီ၌ ဝှက်ဖဲ ကျန်ရှိနေသေးသည်ဟု မမျှော်လင့်ထားခဲ့ချေ။

ကြည့်ရှုနေသူများ အာမေဋိတ်သံများ ထွက်ပေါ်လာကြသည်။

ဓားဘိုးဘေးကြီး ကိုယ်တိုင်ပင်လျှင် သံသယ ဝင်သွားမိသည်။ သူသည် နင်ချီနှင့် တိုက်ခိုက်ဖူးပြီး နင်ချီ၏ အားအကြီးဆုံး တိုက်ကွက်မှာ သူသင်ပေးထားသော ဓားတစ်လက်ဖြင့် နည်းစနစ် တစ်သောင်းကို ဖျက်ဆီးခြင်း ဖြစ်ကြောင်း ယုံကြည်ထားခဲ့သည်လေ။

ယခု နင်ချီတွင် ဘယ်က တိုက်ကွက်သစ် ထပ်ပေါ်လာရပြန်သနည်း။

သူ စိတ်ထဲတွင် အံ့သြနေမိသည်။ ဒီကောင်လေးက ဉာဏ်အလင်း တစ်ခုခု ထပ်ရသွားပြန်ပြီလား။

“ဒါဆိုရင်လည်း ငါ့ကို ပြပါဦး...”

နျူတင်းထျန်သည် သူ၏ မူလနေရာသို့ ပြန်လည် ဆုတ်ခွာလိုက်သည်။

နင်ချီသည် အသက်ပြင်းပြင်း ရှူလိုက်ပြီး သူ၏ မျက်လုံးများတွင် နတ်ဘုရား အလင်းရောင်များ တောက်ပလာလေ၏။

လက်ရှိတွင် ဤ ဝင်စားခန္ဓာသည် ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ် တွင်သာ ပြိုင်ဘက်ကင်း ဖြစ်ပြီး ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်းတွင် လုပ်ဆောင်ခဲ့သကဲ့သို့ ပင်မခန္ဓာကိုယ်ကြီးထံမှ နယ်မြေစွမ်းအားကို ငှားရမ်း၍ နျူတင်းထျန်ကို တိုက်ခိုက်ရန် မဖြစ်နိုင်ချေ။

သို့သော် နျူတင်းထျန်သည် ချုံနျုံ နတ်ဘုရား ပုံသဏ္ဌာန်ကို အသုံးပြုလာသောကြောင့် နင်ချီသည်လည်း သူ့ကို စမ်းသပ်လိုစိတ် ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်၏။

နင်ချီ၏ မူလဝိညာဉ် စွမ်းအားများ ဖွဲ့တည်လာပြီး စည်းမျဉ်း နတ်ဘုရား စွမ်းအားမျှင်များသည် ဟင်းလင်းပြင်ထဲတွင် တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာကာ ရောင်စုံ အလင်းတန်းများ ဖြာထွက်နေလေ၏။

စည်းမျဉ်း နတ်ဘုရား စွမ်းအားမျှင် အများအပြားနှင့် ရှည်လျားသော အကွာအဝေးကို မြင်လိုက်ရသဖြင့် နျူမန်နှင့် အခြား မိစ္ဆာများ အံ့အားသင့်သွားကြသည်။

နျူတင်းထျန် ကိုယ်တိုင်ပင်လျှင် မျက်လုံးအိမ်များ မှေးကျဉ်းသွားရ၏။

ဘုရားရေ... ဒီကောင်လေးက သူ့ကိုယ်သူ တော်တော် ကောင်းကောင်း ဖုံးကွယ်ထားတာပဲ။ သူ့ရဲ့ အသန်မာဆုံး တိုက်ကွက်က ဓားသိုင်းလို့ ထင်ထားမိတာ မှားသွားပြီ။

ထိုအခိုက်အတန့်တွင် ၊ နင်ချီသည် မူလဝိညာဉ် စွမ်းအားဖြင့် စည်းမျဉ်း နတ်ဘုရား စွမ်းအားမျှင်များကို ထိန်းချုပ်လိုက်သည်။ ရုတ်တရက် ဆိုသလိုပင် သူ၏ မူလဝိညာဉ်သည် စည်းမျဉ်း နတ်ဘုရား စွမ်းအားမျှင်များ အပေါ်တွင် ကပ်ငြိသွားသကဲ့သို့ ဖြစ်သွား၏။

ဒါက ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်း၏ ဟင်းလင်းပြင် နတ်ဘုရား ဝိညာဉ် သန့်စင်ခြင်း နည်းစနစ် မှ ဆင်းသက်လာခြင်း ဖြစ်ပြီး ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ် ရောက်မှသာ အသုံးပြုနိုင်သော မူလဝိညာဉ် သန္ဓေသား နည်းစနစ် ပင် ဖြစ်၏။

သာမန်အားဖြင့် ဤနည်းစနစ်ကို ပူးကပ်ခြင်း နည်းစနစ် အဖြစ်သာ သတ်မှတ်ကြပြီး ရုပ်ခန္ဓာ ပျက်စီးသွားသောအခါ မူလဝိညာဉ် ကျန်ရစ်နေပါက အခြားသူ၏ ခန္ဓာကိုယ်ကို လုယူရာတွင် အသုံးပြုကြသည်။

သို့သော် နင်ချီသည် ၎င်းကို ထပ်မံ မွမ်းမံထားပြီး အခြားသူ၏ ခန္ဓာကိုယ်ကိုသာမက ကောင်းကင်နှင့် မြေကြီး၏ စည်းမျဉ်းများကိုပါ ပူးကပ် ထိန်းချုပ်နိုင်အောင် ပြုလုပ်ထားခြင်း ဖြစ်၏။

ထို့ကြောင့် ဟင်းလင်းပြင်ထဲရှိ စည်းမျဉ်း နတ်ဘုရား စွမ်းအားမျှင်များသည် ပုံရိပ်ယောင် တစ်ခုကို တဖြည်းဖြည်း တည်ဆောက်နေကြသည်ကို လူတိုင်း မြင်တွေ့လိုက်ကြရ၏။

ထိုပုံရိပ်သည် တဖြည်းဖြည်း ပိုမို ခိုင်မာလာပြီး လူတိုင်း၏ မျက်လုံးထဲတွင် ထင်ဟပ်လာသည်။

သတ္တု၊ မိုးကြိုး နှင့် လေ စည်းမျဉ်း နတ်ဘုရား စွမ်းအားမျှင်များသည် ၎င်း၏ လက်သည်းများနှင့် အစွယ်များ ဖြစ်လာကြပြီး၊ မြေ စည်းမျဉ်းသည် ၎င်း၏ ခန္ဓာကိုယ် တစ်ခုလုံးကို ဖွဲ့စည်းလိုက်သည်။

ချုံနျုံ သားရဲကြီး တစ်ကောင်သည် ဟင်းလင်းပြင်ထဲမှ ထွက်ပေါ်လာပြီး ပရိသတ်ကို ငုံ့ကြည့်လိုက်ရာ အရာအားလုံးကို အထင်သေးနေသည့်အလား ရှိလေ၏။

နျူမန်နှင့် အခြား မိစ္ဆာများသည် ပါးစပ်အဟောင်းသား ဖြစ်သွားကြပြီး မြင်ကွင်းကို မယုံကြည်နိုင် ဖြစ်နေကြသည်။

နင်ချီ ဖန်တီးလိုက်သော ချုံနျုံ နတ်ဘုရား ပုံသဏ္ဌာန်သည် ဘိုးဘေးကြီး၏ ပုံသဏ္ဌာန်ထက် ပိုမို အသက်ဝင်နေသည်ဟု ခံစားနေရခြင်းမှာ အဘယ်ကြောင့်နည်း။ ချုံနျုံ၏ နတ်ဘုရား အသိစိတ် အစစ်အမှန် ပါဝင်နေသကဲ့သို့ပင်။

နျူတင်းထျန် နောက်တစ်ကြိမ် အံ့သြသွားပြန်သည်။ သူသည်လည်း အခြားသူများကဲ့သို့ပင် ခံစားနေရ၏။

ပေါင်းစည်းခြင်း နယ်ပယ် သို့ ရောက်ရှိပြီးကတည်းက သူသည် စည်းမျဉ်းများကို ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် ပေါင်းစပ်ခဲ့ပြီး နောက်ဆုံးတွင် ချုံနျုံကို သူ၏ စည်းမျဉ်း နတ်ဘုရား စွမ်းရည် အဖြစ် ရွေးချယ်ခဲ့ခြင်း ဖြစ်၏။

ယခုအချိန်အထိ နျူတင်းထျန်၏ ချုံနျုံသည် ပုံသဏ္ဌာန်သာ ရှိပြီး နတ်ဘုရား အသိစိတ်မှာမူ မပြည့်စုံသကဲ့သို့ ခံစားနေရမြဲ ဖြစ်၏။

နင်ချီ ဖန်တီးလိုက်သော ချုံနျုံသည် နျူတင်းထျန်ထံသို့ တိုးဝင်သွား၏။ လှုပ်ရှားမှုတိုင်းသည် အလွန်အမင်း ကြမ်းတမ်းခက်ထန်လှ၏။

၎င်းသည် ဟင်းလင်းပြင် တွင်းနက်ကြီးများ ဖြစ်ပေါ်စေရန် ဟင်းလင်းပြင်ကို မထိုးခွဲတော့ဘဲ ဟင်းလင်းပြင် တစ်ခုလုံးက သူ့ပတ်လည်တွင် လည်ပတ်နေပြီး နျူတင်းထျန်ကို ဖိနှိပ်ထားသကဲ့သို့ ဖြစ်နေလေ၏။

နျူတင်းထျန်သည် နင်ချီကို လွတ်လပ်စွာ တိုက်ခိုက်ခွင့် ပြုထားမည် မဟုတ်ချေ။ သူသည်လည်း ချုံနျုံ ပုံသဏ္ဌာန် အဖြစ် ပြောင်းလဲလိုက်ပြီး ချုံနျုံ နှစ်ကောင်သည် ဟင်းလင်းပြင်ထဲတွင် ထိပ်တိုက် တွေ့ဆုံကာ တိုက်ခိုက်ကြလေတော့သည်။

သူတို့နှစ်ဦးသည် ကောင်းကင်မှ မြေကြီးဆီသို့၊ မြေပြင်ရှိ ရင်ပြင်ကျယ်ကြီး ကြေမွသွားသည်အထိ တိုက်ခိုက်ကြပြီး၊ ထိုမှတဆင့် ကောင်းကင်ယံသို့ ပြန်လည် တက်ရောက်သွားကြသည်။ မိုးခြိမ်းသံများ တရစပ် ထွက်ပေါ်နေပြီး တောင်များနှင့် မြစ်များကို တုန်လှုပ်စေသော နွားသိုးဟိန်းသံများလည်း ရောနှော ပါဝင်နေလေ၏။

နျူတင်းထျန်သည် နင်ချီနှင့် တိုက်ခိုက်လေလေ၊ ပိုမို အံ့အားသင့်လေလေ ဖြစ်၏။

ယခုအချိန်တွင် သူသည် ပေါင်းစည်းခြင်း နယ်ပယ် စွမ်းအား၏ (၂၅) ရာခိုင်နှုန်းကို ထုတ်သုံးထားသော်လည်း နင်ချီကို လျှပ်တပြက် အနိုင်မယူနိုင်သေးပေ။

ဆန့်ကျင်ဘက် အနေဖြင့် သူသည် နင်ချီ၏ ဖိနှိပ်ခြင်းကို ခံနေရဆဲပင်။ နင်ချီ၏ ချုံနျုံ နတ်ဘုရား ပုံသဏ္ဌာန်သည် အစစ်အမှန် ဖြစ်ပြီး နျူတင်းထျန်၏ ချုံနျုံကို သွေးမျိုးဆက် အရှိန်အဝါဖြင့် လုံးဝ ဖိနှိပ်ထားသကဲ့သို့ ဖြစ်နေသည်။

နျူတင်းထျန်ကို ပိုမို အံ့သြစေသည်မှာ သူ့ရင်ထဲတွင် အကြောက်တရား အနည်းငယ် ဖြစ်ပေါ်လာခြင်းပင်။ အမှန်တကယ် ထူးဆန်းလှပါ၏။

နောက်ဆုံးတွင် အပြန်အလှန် တိုက်ခိုက်မှုပေါင်း ရာချီ ပြုလုပ်ပြီးနောက် နျူတင်းထျန်သည် စွမ်းအား (၃၀) ရာခိုင်နှုန်းကို ထုတ်သုံးလိုက်ရပြီးမှသာ နင်ချီ၏ ချုံနျုံ နတ်ဘုရား ပုံသဏ္ဌာန်ကို မနည်း ဖြိုခွင်းနိုင်ခဲ့လေ၏။

ဟင်းလင်းပြင် ငြိမ်သက်သွားပြီး နျူတင်းထျန်သည် ပျက်စီးနေသော ရင်ပြင်ပေါ်သို့ ဆင်းသက်လိုက်ကာ မျက်နှာချင်းဆိုင်ရှိ နင်ချီကို ကြည့်လိုက်သည်။

နင်ချီသည် မူလဝိညာဉ် သန္ဓေသား နည်းစနစ်ကို အသုံးပြုပြီး စည်းမျဉ်းများတွင် ဝင်ရောက် နေထိုင်ခဲ့သဖြင့် သူ၏ ရုပ်ခန္ဓာသည် တိုက်ခိုက်ခြင်း မပြုဘဲ ရင်ပြင်၏ ထောင့်တစ်နေရာတွင် တင်ပျဉ်ခွေ ထိုင်နေခဲ့ခြင်း ဖြစ်၏။

ယခုအခါ နင်ချီသည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး နျူတင်းထျန်၏ သုံးပေအကွာအဝေးသို့ လမ်းလျှောက်လာခဲ့သည်။

သူသည် လက်သီးဆုပ် ဂါရဝပြုလိုက်ပြီး ပြောလိုက်၏။

“စီနီယာနျူ... စီနီယာရဲ့ ပညာရပ်တွေက တကယ်ပဲ နက်ရှိုင်းလှပါတယ်... ကျွန်တော် မယှဉ်နိုင်ပါဘူး...”

နျူတင်းထျန်၏ နွားသိုးမျက်နှာကြီးပေါ်တွင် တောက်ပသော အပြုံးတစ်ခု ပေါ်လာပြီး ကျောက်စိမ်းလိပ်တစ်ခုကို ထုတ်ယူကာ နင်ချီလက်ထဲသို့ တိုက်ရိုက် ထည့်ပေးလိုက်လေသည်။

“မိတ်ဆွေလေးရဲ့ ပါရမီမျိုးက လောကမှာ ရှားပါးလွန်းတယ်... ဒီမှာ ပေါင်းစည်းခြင်း နယ်ပယ် ရုပ်ခန္ဓာအတွက် ချုံနျုံ ပုံသဏ္ဌာန် သန့်စင်နည်း ရှိတယ်... ဒါက ငါ့တစ်သက်တာ ကျင့်ကြံခြင်းကနေ ရရှိထားတဲ့ အသိဉာဏ်တွေပဲ... မိတ်ဆွေလေးကို ဘာလို့ မပေးရမှာလဲ...”

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ လူတိုင်း အောက်မေးရိုးများ ပြုတ်ကျသွားကြသည်။

နျူမန်နှင့် အခြား မိစ္ဆာများ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ဘိုးဘေးကြီးသည် ယခင်က နင်ချီကို စမ်းသပ်နေခြင်း ဖြစ်ကြောင်း သူတို့ ရှင်းလင်းစွာ နားလည်လိုက်ကြသည်။

သို့သော် ယခုအခါ ဘိုးဘေးကြီးသည် အလွန် တက်ကြွလာပြီး နင်ချီနှင့် ပိုမို ရင်းနှီးအောင် ကြိုးစားနေပါလား။ မိတ်ဆွေလေး ဟုပင် တိုက်ရိုက် ခေါ်ဝေါ်နေတော့၏။

ဓားဘိုးဘေးကြီး ကျင်းရှောင် မှာမူ အခံရခက်ဆုံး ဖြစ်နေရှာသည်။

အိုက်ယား... ငါ့ကျတော့ "ဓားကလေး" တဲ့... နင်ချီကျတော့ "မိတ်ဆွေလေး" တဲ့... ငါ့ရဲ့ ဝါစဉ်က နိမ့်သွားသလို ခံစားနေရပါလားကွာ…

All Chapters