အခန်း (၆၂၂-၆၂၄)
Vol. 42 Ch. 622-624
အခန်း (၆၂၂) - ဆယ်စုနှစ်များ (အပိုင်း ၃)
~နင်ချီသည် နျူတင်းထျန် ထံမှ ကျောက်စိမ်းလိပ်ကို လက်ခံလိုက်သည်။ ထိုအဘိုးအို၏ ရိုးသားမှုကို မြင်လိုက်ရသဖြင့် သူသည်လည်း အပြန်အလှန် ကျောက်စိမ်းလိပ် တစ်ခုကို ကမ်းလှမ်းလိုက်လေ၏။
“စီနီယာနျူ... ဒါကတော့ ကျွန်တော် ကိုယ်တိုင် နားလည်ထားတဲ့ ချုံနျုံ နတ်ဘုရား အသိစိတ် အတွေးအမြင်တချို့ ပါ... စီနီယာအတွက် အသုံးမဝင်မှာတော့ စိုးရိမ်မိပါတယ်...”
နျူတင်းထျန်၏ ပါးစပ်ကြီးသည် နားရွက်တပ်ချိတ်လုမတတ် ပြုံးဖြီးနေလေ၏။
“ဘာလို့ ဒီလောက် ယဉ်ကျေးနေရတာလဲ... စီနီယာနျူ လို့ မခေါ်ပါနဲ့... မိတ်ဆွေလေးက ငါ့ကို အစ်ကိုကြီးနျူလို့ ခေါ်လိုက်ရင် ရပါပြီ...”
နင်ချီသည် ပတ်ဝန်းကျင်မှ လူများကို ဝေ့ကြည့်လိုက်သည်။
နျူမန်၏ မျက်နှာသည် အလွန် ရှုပ်ထွေးနေသည်။
ညီအစ်ကိုနင်နဲ့ သူ့ဘိုးဘေးကြီးနဲ့က သူငယ်ချင်းတွေ ဖြစ်သွားမှတော့ သူတို့ချင်း ဘယ်လို ပြန်ခေါ်ရမည်နည်း။
တစ်ချိန်တည်းမှာပင် ဓားဘိုးဘေးကြီးသည်လည်း မကျေမနပ် ဖြစ်နေသဖြင့် နင်ချီမှာ ရယ်ချင်စိတ်ကို မနည်း ထိန်းချုပ်နေရ၏။
နျူတင်းထျန်က ဆက်ပြောသည်။
“မိတ်ဆွေလေး ပေးတဲ့ ဒီလက်ဆောင်က ငါ့ရဲ့ နှစ်တစ်ထောင် ကျင့်ကြံခြင်းနဲ့ ညီမျှပါတယ်... နောင်တစ်ချိန် မိတ်ဆွေလေး တစ်ခုခု လိုအပ်လာရင် ရေထဲဆင်းရဆင်းရ မီးထဲဖြတ်ရဖြတ်ရ ငါက အသင့်ပါပဲ...”
“စီနီယာနျူ...”
“အာ..စီနီယာနျူ လို့ ခေါ်နေတုန်းလား...”
ထိုအခါ၊ နင်ချီ သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။
“ဒါဆိုရင်... အစ်ကိုကြီးနျူ လို့ ခေါ်မယ်ဗျာ... ဘယ်လိုလဲ...”
နျူတင်းထျန် ကျေနပ်စွာ ခေါင်းငြိမ့်လိုက်သည်။
မူလက သူသည် မျိုးဆက်သစ် လူငယ်များကို ကတိတည်သောအားဖြင့် လာရောက်ခဲ့ခြင်း ဖြစ်ပြီး ကြိုတင် ရင်းနှီးမြှုပ်နှံမှု တစ်ခု ပြုလုပ်ရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်၏။ သို့သော် နင်ချီထံမှ ဤမျှ များပြားသော အကျိုးအမြတ်များ ရရှိလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။
နျူတင်းထျန်၏ မျက်လုံးများထဲတွင် ဉာဏ်အလင်းများ ဝင်းလက်သွား၏။ နင်ချီ၏ အနာဂတ်သည် မည်မျှ တောက်ပမည် ဆိုသည်ကို သူ၏ မျိုးဆက် နျူမန်ထက် သူ ပိုမို ရှင်းလင်းစွာ မြင်တွေ့နေရ၏။
ချုံနျုံ နတ်ဘုရား ပုံသဏ္ဌာန် အကြောင်းကို ထားလိုက်ဦး... စောစောက ယှဉ်ပြိုင်မှုတွင် နင်ချီသည် စွမ်းအား (၃၀) ရာခိုင်နှုန်းကိုသာ အသုံးပြုခဲ့ရကြောင်း သူ သိရှိလိုက်သည်။ နင်ချီသည် မကြာမီအချိန်အတွင်း သူတို့ကဲ့သို့သော ဆရာသခင်ကြီးများကို ကျော်တက်သွားတော့မည် ဖြစ်ကြောင်း နျူတင်းထျန် ကောင်းစွာ နားလည်ထားပါသည်။
ထို့နောက် နျူတင်းထျန်နှင့် နွားမိစ္ဆာ အဆင့်မြင့်ဂိုဏ်း အဖွဲ့သားများသည် အကန့်အသတ်မဲ့ ဓားဂိုဏ်းတွင် နောက်ထပ် တစ်ရက် ဆက်လက် နေထိုင်ခဲ့ပြီးမှ ပြန်ရန် ပြင်ဆင်ကြလေ၏။
မထွက်ခွာမီ နျူတင်းထျန်က ထ၍ ပြောလိုက်လေ၏။
“မိတ်ဆွေလေးနင်... ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်း မရှိတော့ပေမဲ့ ငါ ပြောပြစရာ တစ်ခု ရှိသေးတယ်...”
“ပြောပါ အစ်ကိုကြီးနျူ...”
နျူတင်းထျန်သည် ကောင်းကင်ကို လက်ညှိုးထိုးပြလိုက်သည်။
“ဝိညာဉ် ကမ္ဘာ စစ်ပွဲကြီး ဖြစ်ဖို့ သိပ်မလိုတော့ဘူး ထင်တယ်... တကယ်လို့ ငါတို့ ပါဝင်ပတ်သက်ခဲ့ရင်... အချင်းချင်း ပူးပေါင်းလို့ ရနိုင်လောက်တယ်...”
ထိုသို့ ပြောဆိုသည်ကို ကြားလိုက်ရသောအခါ၊ နင်ချီ ခေါင်းငြိမ့်လိုက်သည်။ နျူတင်းထျန်သည် သူ့အတွက်နှင့် အကန့်အသတ်မဲ့ ဓားဂိုဏ်း အတွက် စိုးရိမ်ပေးနေပုံ ရ၏။
အပေါ်ယံကြည့်လျှင် အကန့်အသတ်မဲ့ ဓားဂိုဏ်းတွင် ပေါင်းစည်းခြင်း နယ်ပယ် အဆင့်ရှိသူ တစ်ဦးတစ်ယောက်မျှ မရှိသေးသောကြောင့် ဖြစ်၏။
“ကျေးဇူးတင်ပါတယ် အစ်ကိုကြီးနျူ...”
ထို့နောက်၊ နျူတင်းထျန် ဆက်ပြောလာသည်။
“တောင်ပိုင်း အစစ်အမှန်နယ်မြေ က မကြာသေးခင်က သိပ်ပြီး အေးချမ်းမှု မရှိဘူး... ကောင်းကင် ကြယ်တာရာ အဆင့်မြင့်ဂိုဏ်း နဲ့ အမတ အသွင်ပြောင်း အဆင့်မြင့်ဂိုဏ်းတို့က သူတို့ရဲ့ အစစ်အမှန် အမွေခံတွေ အကုန်လုံး ဆုံးရှုံးလိုက်ရလို့...ငါတို့ ဂိုဏ်းနှစ်ဂိုဏ်းကို သံသယ ဝင်နေကြတယ်...”
“ဒါပေမဲ့ စိတ်မပူပါနဲ့... ငါ နွားအိုကြီး ရှိနေသမျှ အဲဒီ ဂိုဏ်းနှစ်ဂိုဏ်းကို အစွမ်းကုန် တားဆီးပေးထားပါ့မယ်...”
နင်ချီ ကျေးဇူးတင်ကြောင်း ပြောကြားလိုက်သည်။ နျူတင်းထျန်သည် အမှန်တကယ်ပင် လေးစားဖွယ် ကောင်းလှပါသည်။
သူ့အပေါ် ရင်းနှီးမြှုပ်နှံလိုစိတ် ရှိသော်လည်း ရိုးသားမှု အပြည့်အဝ ရှိသည်။
ထို့ပြင် နင်ချီ ကိုယ်တိုင်လည်း သိထားသည်မှာ ဤ ဝင်စားခန္ဓာဖြင့် ပေါင်းစည်းခြင်း နယ်ပယ် သို့ တက်လှမ်းရန်အတွက် ကြီးမားသော အခွင့်အလမ်းများ လိုအပ်ကြောင်းပင်။
အချိန်ကိုသာ အားကိုးပြီး ကျင့်ကြံနေမည် ဆိုပါက နှစ်ပေါင်း တစ်ရာကျော် ကြာမြင့်ပေလိမ့်မည်။
ထပ်မံ၍ နျူတင်းထျန်က ပြောလိုက်သည်။
“မိတ်ဆွေလေးနင်... အားရင် ငါ့ရဲ့ နွားမိစ္ဆာ အဆင့်မြင့်ဂိုဏ်း ကို အလည်လာခဲ့ပါဦး...”
“ကောင်းပါပြီ အစ်ကိုကြီးနျူ... လောလောဆယ်တော့ ကျွန်တော် ဂိုဏ်းမှာပဲ နေပြီး ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်း ပျက်စီးပြီးနောက်ပိုင်း အခြေအနေတွေကို စောင့်ကြည့်ရဦးမယ်... နှစ်အနည်းငယ် ကြာရင်တော့ သေချာပေါက် လာခဲ့ပါ့မယ်ဗျ...”
“ကောင်းပြီ... သေချာပေါက် လာခဲ့နော်...”
“စိတ်ချပါ...”
နှုတ်ဆက်စကားများ ပြောဆိုပြီးနောက် နျူတင်းထျန်နှင့် အဖွဲ့ ထွက်ခွာသွားကြလေ၏။
သူ့နောက်တွင် ဓားဘိုးဘေးကြီးက ပြောလိုက်သည်။
“ကောင်လေး... ဒီ နျူတင်းထျန် က မင်းအပေါ် စောစောစီးစီး လောင်းကြေးထပ်လိုက်တာပဲ... သူ့စိတ်ထားက မဆိုးပါဘူး... မင်း စိတ်ချလို့ ရပါတယ်...”
နင်ချီ ခေါင်းငြိမ့်လိုက်ပြီး ပြောလိုက်သည်။
“ဓားဘိုးဘေးကြီး... ကျွန်တော် ခဏလောက် တံခါးပိတ် ကျင့်ကြံချင်ပါတယ်...”
ဓားဘိုးဘေးကြီး နားလည်လိုက်သည်။
“ကောင်းပြီလေ... အကန့်အသတ်မဲ့ ဓားဂိုဏ်း မှာ ငါ ရှိနေတာပဲ... မင်း စိတ်ချလက်ချ သွားကျင့်ကြံပေတော့...”
...
ဂိုဏ်းချုပ်အတွက် သီးသန့် တည်ဆောက်ထားသော တံခါးပိတ် ကျင့်ကြံရာ အခန်းအတွင်း၌...
နင်ချီသည် ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်းကို ဖျက်ဆီးရာမှ ရရှိခဲ့သော တိုက်ပွဲလက်ဆောင် ပစ္စည်းများကို တစ်ခုပြီးတစ်ခု ထုတ်ယူလိုက်လေ၏။
ပေါင်းစည်းခြင်း နယ်ပယ် စွမ်းအားရှင်များ ပိုင်ဆိုင်သော ထိပ်တန်း အဆင့်မြင့်ဂိုဏ်းကြီး ဖြစ်သည့်အားလျော်စွာ ရရှိလာသော ပစ္စည်းများသည် နက်ရှိုင်းသော သစ္စာတရား လျှို့ဝှက်နယ်မြေ နှင့် မယှဉ်နိုင်သော်လည်း ပေါင်းစည်းခြင်း နယ်ပယ် နှင့် ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ် အတွက် အရင်းအမြစ်များစွာ ပါဝင်လေ၏။
ပျက်စီးနေသော ထိပ်တန်းအဆင့် ဝိညာဉ်ရတနာ တစ်ခု၊ အလယ်အလတ်အဆင့် ဝိညာဉ်ရတနာ (၅) ခု၊ ပျက်စီးနေသော အလယ်အလတ်အဆင့် ရတနာ (၂၀) နှင့် အခြား ရေတွက်မရနိုင်သော ပစ္စည်းများ...
ပေါင်းစည်းခြင်း နယ်ပယ် အတွက် ကောင်းကင်မြေကြီး ပေါင်းစည်း ဆေးလုံး (၃၀)၊ ဟင်းလင်းပြင် လမ်းစဉ် ခရမ်းရောင် ရွှေဆေးလုံး (၂၀၀) နှင့် စည်းမျဉ်း ကျောက်စိမ်း (၈၀)...
ထို့ပြင် ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်းမှ မဟာစွမ်းအားရှင်များ၏ ကျင့်စဉ်များ၊ ကျိုးထျန်းဇီ၏ ကျင့်စဉ်များနှင့် များပြားလှသော ကောင်းကင်မြေကြီး ရတနာများ...
ဤအရာများ အားလုံး ပေါင်းလိုက်လျှင် အကန့်အသတ်မဲ့ ဓားဂိုဏ်း၏ ဘဏ္ဍာတိုက် တစ်ခုလုံးထက် များစွာ သာလွန်နေပါ၏။
ယခင်က နင်ချီသည် မိမိဂိုဏ်း၏ ဘဏ္ဍာတိုက်ကို မျက်စိကျနေခဲ့သော်လည်း ယခုအခါတွင်မူ လုံးဝ မလိုအပ်တော့ချေ။
သူသည် ပစ္စည်းအားလုံးကို အစစ်အမှန်သိုင်း ကမ္ဘာ ရှိ ပင်မခန္ဓာကိုယ်ထံသို့ ပေးပို့လိုက်လေ၏။
အစစ်အမှန်သိုင်း ကမ္ဘာ...
အတွင်းကမ္ဘာ ၌...
နယ်မြေ အရှင်သခင် နင်ချီသည် ပေးပို့လိုက်သော ရတနာများကို ကြည့်ရှုလိုက်ပြီး ကျွမ်းကျင်စွာဖြင့် ခွဲခြမ်းစိတ်ဖြာလိုက်ကာ အစစ်အမှန်သိုင်း ကမ္ဘာ အတွက် စည်းမျဉ်း မူလအစ အသစ်များကို စတင် ပြုစုပျိုးထောင်လိုက်တော့သည်။
ယခင်က ဓာတ်ကြီးငါးပါး အတွင်းရှိ သစ်သားစွမ်းအင် စည်းမျဉ်း သည် အနည်းငယ် လိုအပ်ချက် ရှိနေခဲ့သော်လည်း ယခုအခါတွင်မူ ပြီးပြည့်စုံသွားခဲ့တော့၏။
နင်ချီသည် သစ်သားစွမ်းအင် စည်းမျဉ်း မူလအစ ကို လွှတ်ပေးလိုက်ရာ အစိမ်းရောင် အလင်းတန်း တစ်ခုသည် ပြင်ပကမ္ဘာသို့ တိုးထွက်သွားလေ၏။
အစစ်အမှန်သိုင်း ကမ္ဘာ တစ်ခုလုံးတွင် ကောင်းကင်ယံ၌ အစိမ်းရောင် တိမ်တိုက်များ ဖုံးလွှမ်းသွား၏။
မြေပြင်ပေါ်တွင် သစ်သားစွမ်းအင် စည်းမျဉ်း မူလအစ ပြီးပြည့်စုံသွားသည်နှင့် အမျှ အဆုံးမဲ့သော သက်စောင့်စွမ်းအားများ ဖွဲ့တည်လာပြီး သက်ရှိသတ္တဝါ အားလုံးကို အံ့အားသင့်သွားစေသည်။ သူတို့အားလုံး နယ်မြေ အရှင်သခင်ကို ဦးညွှတ် ဂါရဝပြုလိုက်ကြသည်။
ဓာတ်ကြီးငါးပါး စုံလင်သွားပြီ ဖြစ်ရာ အစစ်အမှန်သိုင်း ကမ္ဘာသည် လျင်မြန်စွာ ပြန်လည် ချဲ့ထွင်လာတော့သည်။
“ဝုန်း...”
ကောင်းကင်နှင့် မြေကြီးကြားတွင် အခြားသော စွမ်းအင် (၄) မျိုးသည် သစ်သားစွမ်းအင်၏ လွှမ်းမိုးမှုကို ခံလိုက်ရပြီး ဓာတ်ကြီးငါးပါး စွမ်းအင်စီးကြောင်းများသည် အဆက်မပြတ် စီးဆင်းလည်ပတ်နေကြသည်။
အစစ်အမှန်သိုင်း ကမ္ဘာမှ သက်ရှိများသည် ဖော်ပြ၍မရနိုင်သော ပြီးပြည့်စုံခြင်းကို ခံစားလိုက်ကြရ၏။ ယနေ့ မွေးဖွားလာသော သက်ရှိသစ် အများစုသည် ဓာတ်ကြီးငါးပါး ဝိညာဉ် ခန္ဓာကိုယ် များကို ပိုင်ဆိုင်ထားကြသည်။
သေမျိုး ဖြစ်စေ၊ ကျင့်ကြံသူ ဖြစ်စေ သက်တမ်းများ တိုးပွားလာကြပြီး ဆယ်ဂဏန်းမှ ထောင်ဂဏန်းအထိ ရှည်ကြာလာကြသည်။
အထူးခြားဆုံး အချက်မှာ ဓာတ်ကြီးငါးပါး ပြီးပြည့်စုံသွားခြင်းက အစစ်အမှန်သိုင်း ကမ္ဘာ အတွင်းရှိ အခြားသော စည်းမျဉ်းများကိုပါ ပိုမို ကြွယ်ဝလာစေခြင်းပင်။
ဓာတ်ကြီးငါးပါး မျှတသွားခြင်းသည် အစစ်အမှန်သိုင်း ကမ္ဘာ အတွင်း၌ စုပ်စက်ကြီး တစ်လုံး ဖွင့်လိုက်သကဲ့သို့ ဖြစ်သွားပြီး နယ်မြေများ ပင်လယ် ထဲမှ စည်းမျဉ်းများကို စုပ်ယူနိုင်စွမ်း သုံးဆ တိုးတက်လာကြောင်း နင်ချီ ရှင်းလင်းစွာ ခံစားလိုက်ရ၏။
ထို့ပြင် အစစ်အမှန်သိုင်း ကမ္ဘာ တွင် မရှိသေးသော စည်းမျဉ်း စွမ်းအား အချို့ကိုလည်း အလိုအလျောက် စုပ်ယူနိုင်လာပြီး စည်းမျဉ်း မူလအစ မဟုတ်သော်ငြားလည်း အချိန်ကြာလာသည်နှင့်အမျှ ကမ္ဘာကြီးကို တဖြည်းဖြည်း ပြီးပြည့်စုံလာစေမည် ဖြစ်၏။
ကျင့်ကြံသူများ အပိုင်းတွင်...
ယခင်က အစစ်အမှန်သိုင်း ကမ္ဘာ ၌ မူလဝိညာဉ် နယ်ပယ် အဆင့်ရှိသူ ရာဂဏန်းသာ ရှိခဲ့ပြီး အောက်အဆင့်များတွင် မရေမတွက်နိုင်အောင် ရှိခဲ့သည်။
ယခုအခါ ဓာတ်ကြီးငါးပါး စည်းမျဉ်း စုစည်းသွားခြင်းကြောင့် လူနှစ်ဦးသည် ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ် သို့ လျှပ်တပြက် အဆင့်ချိုးဖြတ်သွားကြပြီး၊ (၅၀၀) ခန့်သည် မူလဝိညာဉ် နယ်ပယ် သို့ ရောက်ရှိသွားကြလေ၏။
နောက်ဆုံးတွင် အစစ်အမှန်သိုင်း ကမ္ဘာ သည် ကိုယ်ပိုင် ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ် ကျင့်ကြံသူများကို ပိုင်ဆိုင်လာခဲ့ပြီ ဖြစ်၏။
ထို့နောက် နယ်မြေ အရှင်သခင် နင်ချီသည် အခြားသော စည်းမျဉ်း မူလအစ များကို ဆက်လက် စုစည်း ပေါင်းစပ်လိုက်လေတော့သည်။
အခန်း (၆၂၃) - ဆယ်စုနှစ်များ (အပိုင်း ၄)
~ယခင်က ရှိပြီးသား အရင်းအမြစ်များအပြင် ယခုတစ်ကြိမ် ရရှိလိုက်သော အရင်းအမြစ်များကိုပါ ပေါင်းစပ်လိုက်ရာ နင်ချီသည် သစ်သားစွမ်းအင် စည်းမျဉ်း မူလအစ အပြင် နောက်ထပ် စည်းမျဉ်း (၄) မျိုးကိုပါ အောင်မြင်စွာ စုစည်းနိုင်ခဲ့လေ၏။
ထိုအထဲတွင် ရေခဲစွမ်းအင် စည်းမျဉ်း နှင့် အမှောင်စွမ်းအင် စည်းမျဉ်း တို့သည် အထူးထင်ရှားပြီး အစစ်အမှန်သိုင်း ကမ္ဘာ တစ်ခုလုံးအတွက် ကြီးမားသော အကျိုးကျေးဇူးများကို ဆောင်ကြဉ်းပေးခဲ့သည်။
ထို့ပြင် အခြားသော ဝင်စားသူများသည်လည်း ဤကာလအတွင်း နင်ချီအတွက် ဝိညာဉ်ရတနာ အမြောက်အမြားကို စုဆောင်းပေးခဲ့ကြသည်။ နင်ချီသည် ထိုရတနာများကို အစစ်အမှန်သိုင်း ကမ္ဘာ အတွင်းသို့ ပို့ဆောင်လိုက်ပြီး နောက်ထပ် စည်းမျဉ်း မူလအစ တစ်ခုကို ထပ်မံ ဖန်တီးလိုက်လေ၏။
ယခင်က သူသည် စည်းမျဉ်း မူလအစ (၈) ခုကို ထိန်းချုပ်ထားခဲ့ပြီး ယခု နောက်ထပ် (၆) ခု ထပ်မံ ရရှိလိုက်သဖြင့် စုစုပေါင်း (၁၄) ခု အထိ ပိုင်ဆိုင်သွားပြီ ဖြစ်၏။
ထို့နောက် နင်ချီသည် တံခါးပိတ် ကျင့်ကြံခြင်း ကို စတင်လိုက်လေ၏။
*
တောင်ပေါ်တွင် အချိန်ကာလသည် မသိမသာ ကုန်ဆုံးသွားတတ်သည်။ နွေဦးတွင် ပွင့်လန်းသည်၊ နွေရာသီတွင် ကြီးထွားသည်၊ ဆောင်းဦးတွင် ရိတ်သိမ်းသည်၊ ဆောင်းရာသီတွင် သိုလှောင်သည်... ရာသီဥတုများသည် တစ်ခုပြီးတစ်ခု ပြောင်းလဲသွားကြတော့၏။
မျက်စိတစ်မှိတ် အတွင်းမှာပင် နောက်ထပ် (၁၀) နှစ် ကုန်ဆုံးသွားခဲ့တော့၏။
နင်ချီသည် တံခါးပိတ် ကျင့်ကြံရာမှ နောက်ဆုံးတွင် နိုးထလာခဲ့သည်။
သူ၏ အတွင်းကမ္ဘာ ၌...
နင်ချီ နိုးထလာသည်နှင့် တစ်ပြိုင်နက် ရေတွက်၍ မရနိုင်သော နတ်ဘုရား အလင်းရောင်များ ပွင့်လန်းလာသကဲ့သို့ ဖြစ်သွား၏။ သူ မျက်လုံးဖွင့်လိုက်သောအခါ နတ်ဘုရား အလင်းတန်း နှစ်ခုသည် အစစ်အမှန်သိုင်း ကမ္ဘာ ၏ အပြင်ဘက်သို့ ထိုးဖောက်ထွက်သွားပြီး နယ်မြေများ ပင်လယ် ထဲသို့ တိုက်ရိုက် ရောက်ရှိသွားလေ၏။
အကန့်အသတ်မဲ့ ကျယ်ပြောသော နယ်မြေများ ပင်လယ်ကြီးသည် ကျောက်ခဲတစ်လုံး ပစ်ချလိုက်သကဲ့သို့ လျှပ်တပြက် တုန်လှုပ်သွား၏။ သည်ကိစ္စမှာ ယခင်က နင်ချီ မလုပ်ဆောင်နိုင်ခဲ့သော အရာပင်။
သူ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် သူ၏ ကိုယ်ခန္ဓာသည် ကမ္ဘာ့ အကာအကွယ် နံရံ အနီးတွင် ပေါ်ပေါက်လာသည်။
နင်ချီသည် လက်ချောင်းများကို ဓားသဏ္ဌာန် ပြုလုပ်လိုက်ပြီး ဟင်းလင်းပြင်ကို ခုတ်ပိုင်းလိုက်ရာ နယ်မြေများ ပင်လယ် အတွင်းရှိ ဖုန်မှုန့်ခွက် အရွယ်အစားခန့် ရှိသော မူလအစ စွမ်းအင် တိမ်တိုက်တစ်ခုသည် လျှပ်တပြက် ပြတ်တောက်သွားပြီး အစစ်အမှန်သိုင်း ကမ္ဘာ အတွင်းသို့ ပါဝင် ပေါင်းစည်းသွားလေ၏။
(၁၀) နှစ်ကြာအောင် နက်ရှိုင်းစွာ တွေးတောဆင်ခြင်ပြီးနောက် နင်ချီသည် ဓားဘိုးဘေးကြီး သင်ကြားပေးခဲ့သော ပညာရပ်များကို နှံ့စပ်ကျွမ်းကျင်သွားပြီ ဖြစ်၏။
ဓားတစ်လက်ဖြင့် နည်းစနစ် တစ်သောင်းကို ဖျက်ဆီးခြင်း ဖြစ်စေ... ဓားလမ်းစဉ်ဖြင့် လမ်းစဉ် တစ်သောင်းကို အမိန့်ပေးခြင်း ဖြစ်စေ... နင်ချီသည် ဓားဘိုးဘေးကြီးထက် သာလွန်သွားခဲ့တော့၏။
ဓားဘိုးဘေးကြီး၏ တစ်သောင်းကီလိုမီတာ ရှည်လျားသော ဓားတာအို စည်းမျဉ်း နတ်ဘုရား စွမ်းအားမျှင် တစ်ခုတည်းကိုသာ သူ ပြန်လည် မဖန်တီးနိုင်သေးခြင်း ဖြစ်၏။ သို့သော် သူ ကျွမ်းကျင်ထားသော စည်းမျဉ်း တစ်ခုစီသည် မီတာ ထောင်ပေါင်းများစွာ အထိ ရှည်လျားနေပြီ ဖြစ်၏။
(၁၀) နှစ်အတွင်း အစစ်အမှန်သိုင်း ကမ္ဘာ သည် နောက်တစ်ကြိမ် ပြောင်းလဲသွားခဲ့ပြန်သည်။
နယ်မြေ အရှင်သခင် နင်ချီ၏ ဖြည့်စွက်ပေးမှုကြောင့် အစစ်အမှန်သိုင်း ကမ္ဘာ သည် လွန်ခဲ့သော (၁၀) နှစ်ကထက် အရွယ်အစား နှစ်ဆ ကြီးထွားလာခဲ့သည်။
အတွင်းရှိ သက်ရှိသတ္တဝါ အရေအတွက်သည်လည်း ဆယ်စုနှစ် တစ်ခုအတွင်း နှစ်ဆ တိုးပွားလာခဲ့သည်။
ကျင့်ကြံသူများ အပိုင်းတွင်လည်း ထိုနည်းလည်းကောင်းပင်။
ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ် ကျင့်ကြံသူ (၅) ဦး၊ မူလဝိညာဉ် နယ်ပယ် ကျင့်ကြံသူ (၁၀၀၀) နှင့် အခြား အဆင့်နိမ့် ကျင့်ကြံသူ မရေမတွက်နိုင်အောင် ပေါ်ထွက်လာခဲ့ပြီ ဖြစ်၏။
အကန့်အသတ်မဲ့ ဓားဂိုဏ်း အတွင်း၌...
ပင်မခန္ဓာကိုယ် နိုးထလာသည်နှင့် တစ်ပြိုင်နက် နင်ချီ၏ ဝင်စားခန္ဓာသည်လည်း တပြိုင်တည်း နိုးထလာခဲ့လေ၏။
ဟင်းလင်းပြင် အတွင်း၌ ကွဲပြားခြားနားသော စည်းမျဉ်း နတ်ဘုရား စွမ်းအားမျှင် (၁၄) ခုသည် သဘာဝအလျောက် ပေါ်ပေါက်လာပြီး နင်ချီကို နတ်ဘုရား တစ်ပါးကဲ့သို့... မိစ္ဆာ တစ်ကောင်ကဲ့သို့... ထင်မှတ်ရစေသည်။
ဂိုဏ်းချုပ်၏ တံခါးပိတ် ကျင့်ကြံရာ အခန်းသည် နင်ချီ၏ ကိုယ်ခန္ဓာမှ ထွက်ပေါ်နေသော စွမ်းအင်များကို မတောင့်ခံနိုင်တော့ဘဲ ရုတ်တရက် ပြိုကျပျက်စီးသွားလေ၏။
ဓားဘိုးဘေးကြီးသည် ပထမဆုံး သတိပြုမိသူ ဖြစ်ပြီး အခြား အကြီးအကဲများနှင့် အနီးနားရှိ အစစ်အမှန် အမွေခံများလည်း လိုက်ပါလာကြသည်။
အားလုံး အပြေးအလွှား ပျံလွှား ရောက်ရှိလာကြပြီး နင်ချီကို ပထမဆုံးအကြိမ် မြင်လိုက်ရသောအခါ အံ့သြလွန်းသဖြင့် မိုးပေါ်မှ ပြုတ်ကျမတတ် ဖြစ်သွားကြလေ၏။
နှစ်ပေါင်း သောင်းချီကြာအောင် ထိန်းသိမ်းထားခဲ့သော ဂိုဏ်းချုပ်၏ တံခါးပိတ် အခန်းသည် နင်ချီကြောင့် ပျက်စီးသွားသော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ ဒေါသ မထွက်ကြပေ။
(၁၀) နှစ်တာ မတွေ့ရပြီးနောက် သူတို့၏ ဂိုဏ်းချုပ်သည် ပိုမို ခမ်းနားထည်ဝါလာပြီး လူတိုင်း၏ ရင်ထဲတွင် ကိုးကွယ်ဆည်းကပ်လိုစိတ်များ ဖြစ်ပေါ်လာစေသည်။
အရောင်အသွေး စုံလင်သော စည်းမျဉ်း နတ်ဘုရား စွမ်းအားမျှင် (၁၄) ခုသည် တောက်ပနေပြီး နတ်နဂါးများသဖွယ် ဟင်းလင်းပြင်ထဲတွင် ရစ်ခွေနေကြသည်။ အလယ်ဗဟိုရှိ နင်ချီမှာမူ နဂါးတစ်သောင်းကို အမိန့်ပေးနိုင်သော နတ်ဘုရား ဘုရင် တစ်ပါးအလား ထင်မှတ်ရ၏။
ရုတ်တရက်... စည်းမျဉ်း နတ်နဂါးများ အားလုံးသည် လျင်မြန်စွာ ကျုံ့ဝင်သွားကြသည်။ ဆင်ကြီးတစ်ကောင်ကို မုန်ညင်းစေ့ထဲ ထည့်လိုက်သကဲ့သို့ နင်ချီ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားကြပြီး သူ၏ အရေပြား မျက်နှာပြင်ပေါ်တွင် ကပ်ငြိသွားကြသည်။
အကြီးအကဲ တစ်ယောက်က လွှတ်ခနဲ အော်လိုက်မိသည်။
“ဒါက...”
ဓားဘိုးဘေးကြီး၏ မျက်လုံးများထဲတွင် အားကျမှု အရိပ်အယောင်များ လင်းလက်သွားပြီး လူအုပ်ကြီးကို ရှင်းပြလိုက်လေ၏။
“ဒါက စည်းမျဉ်း တွယ်ကပ်ခြင်း ရဲ့ အစပျိုးမှုပဲ... သူက ပေါင်းစည်းခြင်း နယ်ပယ် ကို ခြေလှမ်းဝက် လှမ်းဝင်သွားပြီ...”
ထိုစကားကို ကြားလိုက်ရသောအခါ လူတိုင်း တုန်လှုပ်သွားကြသည်။
(၁၀) နှစ်တာ ကာလလေး အတွင်းမှာပင် သူတို့၏ ဂိုဏ်းချုပ်သည် ဟင်းလင်းပြင် လမ်းစဉ် ပြီးပြည့်စုံခြင်း အဆင့်ကို ကျော်ဖြတ်ပြီး ပေါင်းစည်းခြင်း နယ်ပယ် သို့ စတင် တက်လှမ်းနေပြီလော။
လက်ရှိတွင် စည်းမျဉ်းများသည် ဂိုဏ်းချုပ်၏ ခန္ဓာကိုယ်ပေါ်တွင် ကပ်ငြိရုံသာ ရှိသေးသော်လည်း ဤအရာက ဘာကို ဆိုလိုသလဲ ဆိုသည်ကို လူတိုင်း နားလည်ကြသည်။
ဖြစ်နိုင်သည်မှာ နင်ချီသည် ပေါင်းစည်းခြင်း နယ်ပယ် အစောပိုင်း အဆင့် စွမ်းအားရှင်များကို သတ်ဖြတ်နိုင်စွမ်း ရှိနေပြီဖြစ်ပြီး အလယ်အလတ် အဆင့် စွမ်းအားရှင်များကိုပင် စိန်ခေါ်နိုင်စွမ်း ရှိနေနိုင်၏။
အဘယ်ကြောင့်ဆိုသော် တံခါးပိတ် မကျင့်ကြံမီကပင် နင်ချီသည် ပြိုင်ဘက်ကင်း မဟာစွမ်းအားရှင်များကို သတ်ဖြတ်နိုင်စွမ်း ရှိခဲ့ပြီး နွားမိစ္ဆာ အဆင့်မြင့်ဂိုဏ်းမှ ပေါင်းစည်းခြင်း နယ်ပယ် ပြီးပြည့်စုံခြင်း အဆင့် စွမ်းအားရှင် နျူတင်းထျန် နှင့်ပင် အပြန်အလှန် တိုက်ခိုက်နိုင်ခဲ့သောကြောင့်ပင်။
နင်ချီသည် မျက်လုံးများကို မော့လိုက်ပြီး လူအုပ်ကြီးကို ကြည့်လိုက်လေ၏။
“မင်းတို့အားလုံး ရောက်နေကြတာနဲ့ အတော်ပဲ... လွန်ခဲ့တဲ့ (၁၀) နှစ်အတွင်း ငါ ရရှိခဲ့တဲ့ ဉာဏ်အလင်းတွေကို မင်းတို့ဆီ လက်ဆင့်ကမ်းပေးလိုက်မယ်...”
တာအိုတေးသံများ လေထဲတွင် ပျံ့လွင့်သွားပြီး ကြာပန်းများ နေရာအနှံ့ ပွင့်လန်းလာခဲ့သည်။
လူတိုင်းသည် မိမိတို့၏ ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်များ သန့်စင်သွားသကဲ့သို့ ခံစားလိုက်ရပြီး အတွင်းရော အပြင်ပါ ကြည်လင်ပြတ်သားသွားကြသည်။ သူတို့သည် အလျင်အမြန်ပင် နေရာယူ ထိုင်လိုက်ကြပြီး တာအိုတေးသံကို နာယူကြလေ၏။
ဓားဘိုးဘေးကြီး ကိုယ်တိုင်ပင်လျှင် အနီးနား၌ ဝင်ထိုင်လိုက်ပြီး နင်ချီကို စူးစမ်းလိုစိတ် ပြင်းပြစွာဖြင့် ကြည့်ရှုလိုက်လေတော့သည်။
အခန်း (၆၂၄) - ပေါင်းစည်းခြင်း နယ်ပယ်
~နင်ချီ တံခါးပိတ် ကျင့်ကြံရာမှ ထွက်ခွာလာခြင်းသည် လူတိုင်းကို အကြီးအကျယ် တုန်လှုပ်သွားစေခဲ့သည်။
နောက်ဆုံးတွင် အကန့်အသတ်မဲ့ ဓားဂိုဏ်းသည် သမိုင်းတစ်လျှောက် ပထမဆုံးသော ပေါင်းစည်းခြင်း နယ်ပယ် စွမ်းအားရှင် တစ်ပါးကို ပိုင်ဆိုင်ရတော့မည် ဖြစ်ပြီး၊ ထိုသူသည် တောင်ပိုင်းနှင့် မြောက်ပိုင်း နယ်မြေများတွင် အသက်အငယ်ဆုံး ပေါင်းစည်းခြင်း နယ်ပယ် စွမ်းအားရှင်လည်း ဖြစ်ပါ၏။
လူတိုင်းသည် အောင်ပွဲခံရန် အချိန်မရှိကြချေ။ လျှပ်တပြက်ပင် တင်ပျဉ်ခွေ ထိုင်လိုက်ကြပြီး နင်ချီ၏ တာအို ပို့ချချက်များကို နာယူရန် ပြင်ဆင်လိုက်ကြသည်။
လွန်ခဲ့သော (၁၀) နှစ်တာ ကာလအတွင်း အကန့်အသတ်မဲ့ ဓားဂိုဏ်းမှ အခြားသူများသည်လည်း လျင်မြန်စွာ တိုးတက်လာခဲ့ကြသည်။
ချင်မင်ဟောက်၊ ဝမ်ယဲ့၊ ကျန်းချင်းရွှယ် နှင့် အခြားသော ထိပ်တန်း အစစ်အမှန် အမွေခံများသည် အောက်ဘက်တွင် နေရာယူထားကြသည်။
နင်ချီက နောက်ပိုင်းမှ ထိပ်တန်း (၁၀) ဦး စာရင်းသွင်းပေးခဲ့သော ဓာတ်ကြီးငါးပါး တောင်ထွတ်မှ စွန်းရှင်း နှင့် ဟဲထျန်း တို့မှလွဲ၍... နက်ရှိုင်းသော သစ္စာတရား လျှို့ဝှက်နယ်မြေ သို့ နင်ချီနှင့်အတူ လိုက်ပါခဲ့ဖူးသော အစစ်အမှန် အမွေခံ (၈) ယောက်သည် နင်ချီ၏ လမ်းညွှန်မှုကြောင့် အကျိုးကျေးဇူး များစွာ ရရှိခဲ့ကြသည်။
ဤ (၁၀) နှစ်အတွင်း သူတို့သည် မူလဝိညာဉ် နယ်ပယ် ကို တစ်ဆင့်ပြီး တစ်ဆင့် ဖြတ်ကျော်ကာ ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ် သို့ တရားဝင် ခြေချနိုင်ခဲ့ကြတော့၏။
ရုတ်တရက် ဆိုသလိုပင် အကန့်အသတ်မဲ့ ဓားဂိုဏ်းသည် မဟာစွမ်းအားရှင် (၈) ယောက်ကို ပိုင်ဆိုင်လိုက်ရသဖြင့် ဂိုဏ်းသားအားလုံး စိတ်ဓာတ် တက်ကြွနေကြသည်။
မဟာစွမ်းအားရှင် အရေအတွက်ကို နှိုင်းယှဉ်ကြည့်မည် ဆိုပါက ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်း ပျက်စီးသွားပြီးနောက် အကန့်အသတ်မဲ့ ဓားဂိုဏ်းသည် ပေ့ရွှမ်နယ်မြေ၏ ဦးဆောင်သူ ဖြစ်လာခဲ့တော့၏။
သို့သော် ထိပ်တန်း အစစ်အမှန် အမွေခံ စာရင်းဝင် လူသစ်များ ဖြစ်ကြသော ဟဲထျန်း နှင့် စွန်းရှင်း တို့မှာမူ အလွန် စိတ်ပျက်အားငယ်နေကြရှာသည်။
စွန်းရှင်း ၏ အခြေအနေက အနည်းငယ် သာလွန်သေးသည်။ သူသည် အစစ်အမှန်သိုင်း ကမ္ဘာ မှ ဝင်စားသူ ဖြစ်ပြီး ဉာဏ်အလင်း နယ်ပယ် သစ်ပင်၏ အထောက်အပံ့ကို ရရှိထားသူ ဖြစ်၏။ သူ၏ ကျင့်ကြံခြင်းသည် ဟဲထျန်း ထက် သာလွန်နေပြီး ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ် သို့ ရောက်လုနီးပါး ဖြစ်နေပြီ ဖြစ်၏။
ဟဲထျန်း မှာမူ စိတ်အပျက်ဆုံး ဖြစ်နေရှာသည်။
လွန်ခဲ့သော (၁၀) နှစ်က နင်ချီသည် သူ့ကို ထိပ်တန်း (၁၀) ယောက် စာရင်းထဲသို့ ပြန်လည် ထည့်သွင်းပေးခဲ့သဖြင့် သူ အလွန် ကျေးဇူးတင်ခဲ့မိသည်။
သို့သော် ယခုအခါ သူ့ရှေ့မှ ထိပ်တန်း (၁၀) ယောက်ဝင် စီနီယာများသည် ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ် သို့ တက်လှမ်းသွားကြပြီ ဖြစ်သော်လည်း သူကမူ နှေးကွေး ကျန်ရစ်နေဆဲ ဖြစ်၏။ မျက်နှာတစ်ခုလုံး ရှက်သွေးဖြာနေပြီး ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရ ဖြစ်နေမိသည်။
လောကကြီးတွင် မွေးဖွားလာသော ယောက်ျားကောင်း တစ်ယောက်သည် သူတစ်ပါး၏ အောက်တွင် အချိန်ကြာမြင့်စွာ မနေသင့်ပေ။
ယခု ဂိုဏ်းချုပ်သည် တံခါးပိတ် ကျင့်ကြံရာမှ ထွက်လာပြီ ဖြစ်ရာ ချင်မင်ဟောက်နှင့် အခြား (၈) ယောက်သည် အစစ်အမှန် အမွေခံ အဆင့်မှ ထွက်ခွာပြီး ဂိုဏ်း၏ အကြီးအကဲများ အဖြစ် တရားဝင် ခန့်အပ်ခံရရန် စောင့်ဆိုင်းနေကြသည်။
ထို့ကြောင့် ဟဲထျန်း နှင့် စွန်းရှင်း တို့ကို ထိပ်တန်း အစစ်အမှန် အမွေခံ (၁၀) ယောက် စာရင်းတွင် ပြန်လည် ဖြည့်စွက်ရန် လိုအပ်ပေလိမ့်မည်။
တာအိုဆရာ ဇီယန် နှင့် ကျန်းမိသားစု၏ မဟာစွမ်းအားရှင် ကျန်းရူဟိုင် တို့သည်လည်း လွန်ခဲ့သော (၁၀) နှစ်အတွင်း သိသိသာသာ တိုးတက်လာခဲ့ကြပြီး မဟာစွမ်းအားရှင်များကြားတွင် ထူးခြား ထင်ရှားနေကြသည်။
အစစ်အမှန် အမွေခံ (၈) ယောက်၊ တာအိုဆရာ ဇီယန် နှင့် ကျန်းရူဟိုင် တို့၏ တိုးတက်မှုများသည် ဂိုဏ်းချုပ်နင်ချီ နောက်သို့ လိုက်ပါခဲ့ခြင်းကြောင့် ဖြစ်သည်ကို လူတိုင်း သိရှိနားလည်ကြသည်။
ဂိုဏ်းချုပ်ဟောင်း ကျန်းပိုင်ချွမ်း သည်လည်း အောက်ဘက်တွင် ရောက်ရှိနေပြီး စိတ်ထဲတွင် လုံးဝ သက်သာရာ ရသွားတော့သည်။ ကျန်းမိသားစုဝင်များ မှာမူ စကားမပြောနိုင်လောက်အောင် ဖြစ်နေကြသည်။
ကျန်းပိုင်ချွမ်း၏ လက်ထက်တွင် ကျန်းမိသားစုအတွက် အကျိုးရှိခဲ့ကောင်း ရှိနိုင်သော်လည်း နင်ချီ ဂိုဏ်းချုပ် ဖြစ်လာပြီး (၁၀) နှစ်တာ ကာလလေး အတွင်းတွင် အကန့်အသတ်မဲ့ ဓားဂိုဏ်း၏ ပြောင်းလဲမှုသည် လွန်ခဲ့သော ရာစုနှစ်များစွာက မကြုံဖူးလောက်အောင် ကြီးမားလွန်းလှပါ၏။
လူတိုင်း နင်ချီကို ရင်ထဲက လှိုက်လှိုက်လှဲလှဲ လေးစားကြည်ညိုနေကြသည်။
ရှေ့ဆုံးတွင် နင်ချီသည် တာအိုပို့ချခြင်းကို စတင်လိုက်သည်။ လူတိုင်းသည် အလွန် အာရုံစိုက် နားထောင်နေကြပြီး စာသင်ခန်းထဲမှ ကလေးငယ်များထက်ပင် ပိုမို လေးနက်နေကြသည်။
နင်ချီသည် ရှိနေသူများကို တစ်ချက် ဝေ့ကြည့်လိုက်၏။
လူတိုင်း၏ အဆင့်များသည် မူလဝိညာဉ် နယ်ပယ် အစောပိုင်း အဆင့်မှ ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်အထိ ကွဲပြားနေကြသည်။
ထို့ကြောင့် သူသည် မူလဝိညာဉ် နယ်ပယ် မှ ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ် အထိ အခြေခံ သဘောတရားများကို ဦးစွာ ရှင်းပြလိုက်ပြီး တာအို၏ မူလအစကို တိုက်ရိုက် ညွှန်ပြလိုက်သည်။
အစပိုင်းတွင် ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ် မဟာစွမ်းအားရှင်များသည် စိတ်ဝင်စားမှု သိပ်မရှိကြပေ။ သူတို့သည် ထိုအဆင့်သို့ ရောက်ရှိပြီးသား ဖြစ်သဖြင့် နားထောင်စရာ သိပ်မရှိဟု ထင်မှတ်နေကြသည်။
သို့သော် မကြာမီမှာပင် ထို မဟာစွမ်းအားရှင်များ ကိုယ်တိုင် ခါးမတ်သွားကြပြီး အလွန်အမင်း အာရုံစိုက်လာကြ၏။
အဘယ်ကြောင့်ဆိုသော် နင်ချီသည် အကန့်အသတ်မဲ့ ဓားဂိုဏ်း၏ ကျင့်စဉ်များကိုသာ ပြောပြနေခြင်း မဟုတ်ဘဲ ဂိုဏ်းပေါင်း ရာချီ၏ အားသာချက်များကို ပေါင်းစပ်ပြီး ဟောကြားနေသောကြောင့် ဖြစ်၏။ ဤအချက်သည် လက်ရှိ သူတို့အတွက်ပင် အကျိုးရှိစေသည်။
မူလဝိညာဉ် ၏ အသုံးချပုံသည် အရာရာနှင့် သက်ဆိုင်နေပြီး မူလဝိညာဉ် နယ်ပယ် ကို ကျော်လွန်သွားလျှင်ပင် ဆက်လက် ကျင့်ကြံအားထုတ်ရန် လိုအပ်နေသေး၏။
တာအို တရားသံစဉ်များသည် မရပ်မနား ပဲ့တင်ထပ်နေသည်။ မကြာမီ နင်ချီသည် မူလဝိညာဉ် နယ်ပယ် ၏ စစ်မှန်သော အနှစ်သာရကို ဖွင့်ဟပြလိုက်ရာ လူတိုင်း၏ စိတ်ထဲတွင် ဉာဏ်အလင်း ပွင့်သွားသကဲ့သို့ ရှင်းလင်းပြတ်သားမှုကို ခံစားလိုက်ကြရ၏။
“ဝုန်း...”
ရုတ်တရက်... မူလဝိညာဉ် နယ်ပယ် ကျင့်ကြံသူ အများအပြားသည် နေရာမှာတင် အဆင့်တက်သွားကြလေ၏။
ကြည့်ရသည်မှာ သူတို့သည် ယခင်က နားမလည်နိုင်သော အချက်များတွင် ပိတ်မိနေခဲ့ကြပြီး ယခု နင်ချီ၏ တာအို ပို့ချချက်ကြောင့် လျှပ်တပြက် အောင်မြင်မှု ရရှိသွားကြပုံ ရ၏။
ထိုအခိုက်အတန့်တွင် လူတိုင်းသည် အဆင့်တက်သွားသော အစစ်အမှန် အမွေခံများကို မျှော်လင့်ချက် ပြည့်ဝသော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။
ခေတ္တမျှ ရပ်နားပြီးနောက် နင်ချီသည် သူ ပြုပြင်မွမ်းမံထားသော ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ် နည်းစနစ်များကို ဆက်လက် ဟောကြားလိုက်သည်။
ဤအချိန်တွင် သူ့ခန္ဓာကိုယ်ပေါ်ရှိ မျိုးစုံသော စည်းမျဉ်း နတ်ဘုရား စွမ်းအားမျှင်များသည် အပြင်ဘက်သို့ ဆန့်ထွက်လာကြပြီး လေထဲတွင် ပုံရိပ်များအဖြစ် စုစည်းသွားကြသည်။
နင်ချီသည် မူလဝိညာဉ် သန္ဓေသား နည်းစနစ် ကို တိုက်ရိုက် အသုံးပြုပြီး စည်းမျဉ်း နတ်ဘုရား စွမ်းအားမျှင် တစ်ခုချင်းစီနှင့် ပေါင်းစပ်လိုက်လေ၏။
သူ ကျွမ်းကျင်ထားသော စည်းမျဉ်းများသည် အကန့်အသတ်မဲ့ ဓားဂိုဏ်း အတွင်းရှိ ကျင့်ကြံခြင်း နည်းလမ်းများ အားလုံးကို လွှမ်းခြုံထားပါ၏။
ယခုအခါ နင်ချီသည် မူလဝိညာဉ်၏ စွမ်းအားကို ကိုယ်တိုင် သရုပ်ပြသနေပြီး ဟင်းလင်းပြင် ထက်မှနေ၍ စည်းမျဉ်း ပေါင်းစပ်ခြင်း နည်းလမ်းဖြင့် သင်ကြားပြသပေးနေခြင်း ဖြစ်၏။
စည်းမျဉ်း နတ်ဘုရား စွမ်းအားမျှင် တစ်ခုစီသည် နင်ချီ၏ မူလဝိညာဉ် ဝင်ရောက် ပေါင်းစပ်ပြီးနောက် လူရိပ်များစွာ အဖြစ် ပြောင်းလဲသွားကြသည်။
လူရိပ်တစ်ခုစီသည် ဟင်းလင်းပြင်ထဲတွင် တင်ပျဉ်ခွေ ထိုင်လိုက်ကြပြီး မူလဝိညာဉ် နယ်ပယ် မှ ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ် သို့ မည်သို့ အဆင့်ချိုးဖြတ်ရမည်ကို ကိုယ်တိုင် သရုပ်ပြသကြသည်။
ထို့နောက် စည်းမျဉ်း လူရိပ်များသည် ကောင်းကင်နှင့် မြေကြီးမှ စည်းမျဉ်းများကို မိမိကိုယ်ထဲသို့ မည်သို့ လျင်မြန်ထိရောက်စွာ စုစည်းရမည်ကို လေ့ကျင့်ပြသကြသည်။
အောက်ဘက်ရှိ အကန့်အသတ်မဲ့ ဓားဂိုဏ်းသားများမှာ မှင်သက်နေကြသည်။
ဤကဲ့သို့ ဆန်းကြယ်သော၊ ရှင်းလင်းပြတ်သားသော၊ စိတ်နှလုံးကို ထိခိုက်စေသော သင်ကြားနည်းမျိုး ရှိလိမ့်မည်ဟု သူတို့ လုံးဝ စိတ်ကူးမယဉ်ဖူးခဲ့ကြချေ။
လူတိုင်းသည် မိမိတို့နှင့် ကိုက်ညီသော စည်းမျဉ်း လူရိပ်ကို အာရုံစိုက် ကြည့်ရှုလိုက်ကြပြီး သူတို့၏ မူလဝိညာဉ်ဖြင့် ဆက်သွယ်လိုက်ကြသည်။
ထိုအခိုက်အတန့်တွင် လူတိုင်း အာမေဋိတ်သံများ ထွက်ပေါ်လာသည်။ သူတို့သည် ထိုအရာထဲသို့ အပြည့်အဝ ဝင်ရောက် ပေါင်းစပ်သွားကြပြီး သူတို့ကိုယ်တိုင် ထို စည်းမျဉ်း လူရိပ် အဖြစ် ပြောင်းလဲသွားသကဲ့သို့ ခံစားလိုက်ကြရ၏။
စည်းမျဉ်း လူရိပ်က စည်းမျဉ်းများကို မည်သို့ စုစည်းသည်၊ ဟင်းလင်းပြင်ထဲတွင် သက်ဆိုင်ရာ တိုက်ခိုက်ရေးနှင့် ကာကွယ်ရေး နည်းစနစ်များကို မည်သို့ လေ့ကျင့်သည် ဆိုသည်ကို သူတို့ ကိုယ်တွေ့ ခံစားနိုင်ကြသည်။
သာမန် ကျင့်ကြံစဉ်က သူတို့ မှားယွင်းခဲ့သော အချက်များကိုပင် ထိုးထွင်းသိမြင်လာကြပြီး စည်းမျဉ်း လူရိပ်၏ ဦးဆောင်မှုဖြင့် လုံးဝ မှန်ကန်ပြီး လျင်မြန်သော လမ်းကြောင်းပေါ်သို့ ရောက်ရှိသွားကြသည်။
လူတိုင်းသည် ထိုအာရုံထဲတွင် နှစ်မြှုပ်နေကြပြီး ဤသင်ခန်းစာကို စိတ်ထဲတွင် အသေအချာ မှတ်သားထားရန် သံန္နိဋ္ဌာန် ချလိုက်ကြသည်။ ဤအရာသည် သူတို့၏ တစ်သက်တာလုံးအတွက် အကျိုးရှိစေမည်ဟု ယုံကြည်ကြသည်။
အချိန်မည်မျှ ကြာသွားသည်ကို မည်သူမျှ မသိကြပေ။ လူတိုင်း၏ စိတ်ဝိညာဉ်များ ကိုယ်ခန္ဓာထဲသို့ ပြန်လည် ရောက်ရှိလာမှသာ နင်ချီ၏ သင်ကြားမှု ပြီးဆုံးသွားကြောင်း သိလိုက်ကြရ၏။
တာအို နာယူသူများသည် တဖြည်းဖြည်း သတိပြန်ဝင်လာကြသည်။
မူလဝိညာဉ် နယ်ပယ် ကျင့်ကြံသူများသည် စူးရှတောက်ပသော မျက်လုံးများဖြင့် ရှေ့ကို မျှော်ကြည့်လိုက်ကြသည်။ သူတို့၏ အနာဂတ် လမ်းခရီးသည် ရှင်းလင်းပြတ်သားနေပြီ ဖြစ်ပြီး ကျင့်ကြံခြင်း လမ်းခရီးတွင် မည်သည့် အတားအဆီးကမျှ သူတို့ကို ပိတ်ဆို့ထားနိုင်တော့မည် မဟုတ်ကြောင်း သေချာနေကြပါ၏။