အခန်း (၆၂၅-၆၂၇)
Vol. 42 Ch. 625-627
အခန်း (၆၂၅) -ပေါင်းစည်းခြင်း နယ်ပယ် (အပိုင်း ၂)
~“ဖောက်...”
ဟဲထျန်း ရုတ်တရက် သူ့ဘေးသို့ လှည့်ကြည့်လိုက်သည်။ သူ၏ မျက်နှာတွင် အံ့သြတုန်လှုပ်မှုများ ပေါ်လာသည်။
စွန်းရှင်း သည် မူလဝိညာဉ် နယ်ပယ် မှနေ၍ ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ် သို့ နေရာမှာတင် အဆင့်ချိုးဖြတ်သွားခဲ့ပြီး မဟာစွမ်းအားရှင် တစ်ဦး အဖြစ်သို့ ရောက်ရှိသွားခဲ့တော့၏။
ဟဲထျန်း ခမျာ လျှပ်တပြက်ပင် အလွန်အမင်း အထီးကျန်ဆန်သွားသလို ခံစားလိုက်ရ၏။ ထိပ်တန်း အစစ်အမှန် အမွေခံ (၁၀) ယောက်ထဲတွင် သူတစ်ယောက်တည်းသာ မူလဝိညာဉ် နယ်ပယ် အဆင့်၌ ကျန်ရစ်ခဲ့တော့သည် မဟုတ်ပါလော။
ဧည့်ခံပွဲတစ်ခု တက်ရောက်သကဲ့သို့ပင် ဖြစ်၏။ ယခင်က သူတို့အားလုံး စားပွဲဝိုင်း တစ်ခုတည်းတွင် အတူစားခဲ့ကြသော်လည်း ယခုအခါ အခြားသူများအားလုံးသည် ပင်မစားပွဲဝိုင်းသို့ ရွှေ့ပြောင်းသွားကြပြီ ဖြစ်ပြီး သူတစ်ယောက်တည်းသာ ကလေးစားပွဲဝိုင်းတွင် ကျန်ရစ်ခဲ့ရလေသည်။
အပေါ်ယံ ကြည့်လျှင် အကျိုးရှိသယောင် ထင်ရသော်လည်း လက်တွေ့တွင်မူ သူ့အဆင့်အတန်းသည် နိမ့်ကျသွားခဲ့တော့၏။
ကံကောင်းသည်မှာ ဟဲထျန်းသည် ဂိုဏ်းချုပ် သင်ကြားပေးလိုက်သော ဝာာအို နည်းလမ်းများကို စိတ်ထဲတွင် စွဲမြဲမှတ်သားထားလိုက်ပြီး မိမိကိုယ်မိမိ အားပေးလိုက်သည်။ သူလည်း အကြာကြီး နောက်ကောက်ကျ ကျန်နေခဲ့မှာ မဟုတ်ပါဘူး ဟူ၍။
ယခင် မူလဝိညာဉ် နယ်ပယ် ကျင့်ကြံသူများ ကဲ့သို့ပင် ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ် ရှိသူ အချို့သည်လည်း နေရာမှာတင် အဆင့်တက်သွားကြလေသည်။
အဆင့်မတက်သေးသူများပင်လျှင် စိတ်ထဲတွင် ကြည်လင်ရှင်းသန့်သွားကြပြီး ဟင်းလင်းပြင် လမ်းစဉ် ပြီးပြည့်စုံခြင်း အဆင့် သို့ ရောက်ရှိရန် လမ်းခရီးသည် ဖြောင့်ဖြူးနေပြီဟု ခံစားလိုက်ကြရ၏။
လူတိုင်းသည် အလျင်အမြန်.. မတ်တတ်ရပ်လိုက်ကြပြီး နင်ချီကို လေးလေးနက်နက် ဦးညွှတ် ဂါရဝပြုလိုက်ကြသည်။
“လမ်းစဉ်ကို လက်ဆင့်ကမ်း သင်ကြားပေးတဲ့ ဂိုဏ်းချုပ်ရဲ့ ကျေးဇူးတရားကို မှတ်တမ်းတင် ဂုဏ်ပြုပါတယ်ခင်ဗျာ...”
ဤကဲ့သို့ ကိုယ်ကျိုးမငဲ့ဘဲ သင်ကြားပေးနိုင်မှုမျိုးကို သူတို့၏ ဆရာသခင်များပင် မစွမ်းဆောင်နိုင်ခဲ့ကြပေ။
ဆရာသခင်များက ပညာဝှက်ထားကြ၍ မဟုတ်ဘဲ သူတို့ကိုယ်တိုင်တွင် ကန့်သတ်ချက်များ ရှိနေကြပြီး နင်ချီကဲ့သို့ လမ်းစဉ်ကို တိုက်ရိုက် ကူးပြောင်းပေးနိုင်သော နည်းလမ်းမျိုး မရှိကြသောကြောင့် ဖြစ်၏။
နင်ချီသည် လူတိုင်းကို မူလဝိညာဉ် နယ်ပယ် မှ ဟင်းလင်းပြင် လမ်းစဉ် ပြီးပြည့်စုံခြင်း အဆင့် အထိ အပြစ်အနာအဆာ ကင်းမဲ့သော ကျင့်ကြံခြင်း လမ်းကြောင်းကို ကိုယ်တိုင် ခံစားသိရှိစေခဲ့ရာ လူတိုင်း မည်သို့ ကျေးဇူးမတင်ဘဲ နေပါမည်နည်း။
နင်ချီသည် လူအုပ်ကြီး၏ ကြီးကျယ်ခမ်းနားသော ဂါရဝပြုမှုကို တည်ငြိမ်စွာ လက်ခံလိုက်လေ၏။
“မဟာ အကြီးအကဲ ဇီယန်... အခု ထိပ်တန်း အစစ်အမှန် အမွေခံ (၁၀) ယောက်ထဲက (၉) ယောက်က အဆင့်တက်သွားကြပြီ ဆိုတော့... သူတို့ကို အကြီးအကဲတွေအဖြစ် ခန့်အပ်ဖို့ လုပ်ငန်းစဉ်တွေကို ကျွန်တော့်ကိုယ်စား ဆောင်ရွက်ပေးပါ...”
တာအိုဆရာ ဇီယန် က ခေါင်းအနည်းငယ် ငြိမ့်ပြလိုက်သည်။ သူကိုယ်တိုင်လည်း နင်ချီ၏ တာအို ပို့ချချက်များမှ အကျိုးကျေးဇူးများစွာ ရရှိခဲ့သဖြင့် ယနေ့မှစ၍ နင်ချီကို ဆရာ တစ်ဆူအဖြစ် သတ်မှတ်လိုက်ပြီ ဖြစ်ပါ၏။
“ဟုတ်ကဲ့ပါ...”
“ဒုဂိုဏ်းချုပ်...”
ချန်ဝမ်ဟယ်လည်း မဆိုင်းမတွ.. ထူးလိုက်သည်။
“ရှိပါတယ်...”
“ထိပ်တန်း အစစ်အမှန် အမွေခံ (၁၀) ယောက် စာရင်း ပြန်လည် ရွေးချယ်မယ့် တာဝန်ကို ခင်ဗျားကို လွှဲအပ်လိုက်မယ်...”
“ဟုတ်ကဲ့ပါ...”
ထို့နောက် နင်ချီသည် လက်ကို ဝှေ့ယမ်းလိုက်သည်။
“အထူးအထွေ မရှိတော့ရင်... ခင်ဗျားတို့အားလုံး သွားလို့ ပါပြီ...”
လူအုပ်ကြီးသည် နောက်တစ်ကြိမ် ဦးညွှတ်လိုက်ကြပြီး တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြလေ၏။
ထို့ကြောင့် အခင်းဖြစ်ပွားရာ နေရာတွင် နင်ချီနှင့် ဓားဘိုးဘေးကြီး နှစ်ယောက်တည်းသာ ကျန်ရစ်ခဲ့တော့သည်။
လူတိုင်း ထွက်ခွာသွားပြီးနောက် ဓားဘိုးဘေးကြီး၏ မျက်နှာတွင် နောင်တရနေသော အမူအရာ ရုတ်တရက် ပေါ်ပေါက်လာပြီး ပြောလိုက်လေ၏။
“နင်ချီ... ငါ နောင်တရတယ်ကွာ...”
ဓားဘိုးဘေးကြီး၏ အဖြစ်ကို မြင်လိုက်ရသဖြင့် နင်ချီ အံ့သြသွားပြီး မေးလိုက်သည်။
“ဓားဘိုးဘေးကြီး... ဘာကို နောင်တရတာလဲဗျ...”
ဓားဘိုးဘေးကြီးသည် ထိုင်မြဲအတိုင်း ထိုင်နေပြီး ကြမ်းပြင်ကို လက်ဖြင့် ခေါက်ကာ ပြောလိုက်သည်။
“ငါ ဘာလို့ နှစ်ပေါင်း တစ်သောင်း နောက်ကျပြီးမှ မမွေးလာရတာလဲကွာ... တကယ်လို့ ငါ့ရဲ့ ဆရာသခင် နျူရဲ့ တာအိုပို့ချနိုင်စွမ်းက မင်းရဲ့ ဆယ်ပုံတစ်ပုံလောက်သာ ရှိခဲ့ရင်... ငါ့အနေနဲ့ ပေါင်းစည်းခြင်း နယ်ပယ် ကို ဟိုးအရင်ကတည်းက ရောက်နေလောက်ပြီ...”
နင်ချီ ရယ်ရခက် ငိုရခက် ဖြစ်သွားရ၏။
အခြားသူများ အဆင့်တက်သွားကြသည်ကို မြင်လိုက်ရသောအခါ ဓားဘိုးဘေးကြီး အနေဖြင့် အကန့်အသတ်မဲ့ ဓားဂိုဏ်း၏ မျိုးဆက်သစ်များအတွက် သဘာဝကျကျပင် ဝမ်းမြောက်မိသည်။
သို့သော် သူ၏ ကိုယ်ပိုင် တာအို ဒဏ်ရာများကြောင့် နင်ချီ၏ တာအို ပို့ချချက်များမှ အသိဉာဏ်အချို့ ရရှိခဲ့သော်လည်း တိုးတက်မှု လုံးဝ မရှိခဲ့ပေ။
အများဆုံး အနေဖြင့် သူ၏ မူလ အခြေခံအုတ်မြစ်ကို ပိုမို ချဲ့ထွင်နိုင်ခဲ့ပြီး ဟင်းလင်းပြင် လမ်းစဉ် ပြီးပြည့်စုံခြင်း အဆင့် ကျင့်ကြံခြင်းကို ပိုမို ခိုင်မာအောင် လုပ်ဆောင်နိုင်ခဲ့ရုံသာ ရှိသည်။
လွန်ခဲ့သော (၁၀) နှစ်တာ ကာလအတွင်း နင်ချီသည် ဓားဘိုးဘေးကြီး ခန္ဓာကိုယ်မှ ခွဲထုတ်ထားသော မိစ္ဆာစွမ်းအင် ကိုလည်း လေ့လာခဲ့သည်။
မိစ္ဆာစွမ်းအင်ကို အမြစ်ပြတ် မချေမှုန်းနိုင်သေးသော်လည်း ကောင်းကင်နှင့် မြေကြီး၏ စည်းမျဉ်း စွမ်းအား ကို အသုံးပြုပြီး ဖိနှိပ်ထားနိုင်မည့် နည်းလမ်းကို ရှာဖွေတွေ့ရှိထားပြီး ဖြစ်၏။
ရုတ်တရက်၊ နင်ချီက ပြောလိုက်သည်။
“ဓားဘိုးဘေးကြီး... ခင်ဗျား ခန္ဓာကိုယ်ထဲက မိစ္ဆာစွမ်းအင် တိုက်စားမှုကို ဖိနှိပ်ပေးနိုင်မယ့် နည်းလမ်းတစ်ခု ကျွန်တော့်မှာ ရှိတယ်... ခင်ဗျား စမ်းကြည့်ချင်မလား...”
ထိုစကားကို ကြားလိုက်ရသောအခါ ဓားဘိုးဘေးကြီး၏ မျက်လုံးများ တောက်ပသွားပြီး အလျင်အမြန် မေးလိုက်လေ၏။
“တကယ်လား...”
“သေချာတာပေါ့...”
လျှပ်တပြက်ပင် နင်ချီသည် ဓားဘိုးဘေးကြီး တံဆိပ်ခတ် ပိတ်လှောင်ထားခဲ့သော မိစ္ဆာစွမ်းအင် ပါဝင်သည့် ကျောက်စိမ်းလိပ်ကို ထုတ်ယူပြီး ကြမ်းပြင်ပေါ်တွင် ချထားလိုက်သည်။
မူလက အပြစ်အနာအဆာကင်းသော မြစိမ်းရောင် ကျောက်စိမ်းလိပ်သည် အတွင်းဘက်မှ မိစ္ဆာစွမ်းအင်ကြောင့် မည်းနက်နေပြီး အလွန်အမင်း ဆိုးရွားသော ခံစားမှုကို ပေးစွမ်းနေလေ၏။
နင်ချီသည် ကျောက်စိမ်းလိပ်ပေါ်သို့ ညာဘက်လက်ကို တင်လိုက်ပြီး ဖြည်းညှင်းစွာ မလိုက်ရာ အတွင်းဘက်မှ မိစ္ဆာစွမ်းအင်များကို ဆွဲထုတ်လိုက်သည်။
ဓားဘိုးဘေးကြီးသည် စိုးရိမ်တကြီး ကြည့်ရှုနေမိသည်။
နင်ချီသာ မိစ္ဆာစွမ်းအင်၏ ကျူးကျော်မှုကို ခံလိုက်ရပါက သူသည် အကန့်အသတ်မဲ့ ဓားဂိုဏ်း တစ်ခုလုံး၏ အပြစ်သားကြီး ဖြစ်သွားပေလိမ့်မည်။
သို့သော် နောက်တစ်စက္ကန့်တွင် ဓားဘိုးဘေးကြီး မြင်လိုက်ရသည်မှာ မိစ္ဆာစွမ်းအင်သည် ယဉ်ပါးသော ကြောင်ကလေး တစ်ကောင်ကဲ့သို့ နင်ချီ၏ ညာဘက်လက်ထဲတွင် စိတ်တိုင်းကျ နယ်ဖတ်ခံနေရပြီး နင်ချီ့ကို လုံးဝ အန္တရာယ် မပေးနိုင်ခြင်းပင်။
ဓားဘိုးဘေးကြီး၏ အာရုံစိုက်မှုသည် နင်ချီ၏ ညာဘက်လက်ပေါ်သို့ ရောက်ရှိသွား၏။
နင်ချီ၏ လက်ချောင်းငါးချောင်းသည် နတ်ဘုရား တိုင်လုံးကြီးများကဲ့သို့ ဖြစ်နေပြီး တစ်ချောင်းစီမှ မတူညီသော စည်းမျဉ်း စွမ်းအားများကို ထုတ်လွှတ်နေသည်ကို တွေ့လိုက်ရ၏။
ရွှေ၊ သစ်၊ ရေ၊ မီး၊ မြေ ဟူသော ဓာတ်ကြီးငါးပါး ပင် ဖြစ်၏။
ဓာတ်ကြီးငါးပါး စည်းမျဉ်းများသည် သဘာဝအလျောက် တစ်ခုကိုတစ်ခု ထောက်ပံ့ခြင်း၊ ထိန်းချုပ်ခြင်းများ ပြုလုပ်နေပြီး စက်ဝန်းတစ်ခုသဖွယ် လည်ပတ်နေသည်။ နင်ချီ၏ လက်ဖဝါးထဲတွင် ထူးခြားသော ကမ္ဘာငယ်လေး တစ်ခု ဖြစ်ပေါ်နေသည့်နှယ်။
“ဒါ ဘာကြီးလဲ...” ဓားဘိုးဘေးကြီးက မေးလိုက်သည်။
နင်ချီ ပြုံးလိုက်သည်။
“ဒါက ကျွန်တော် ဖန်တီးထားတဲ့ ထိပ်တန်း ဝာာအို နည်းလမ်း တစ်ခုပါ... ဓာတ်ကြီးငါးပါး နတ်ဘုရား စွမ်းအားမျှင် လို့ ခေါ်ပါတယ်...”
ပြောရင်းဖြင့် နင်ချီသည် လက်ဖဝါးကို ရှေ့သို့ ဖြည်းညှင်းစွာ ဖိချလိုက်သည်။
မိစ္ဆာစွမ်းအင်သည် ဘောလုံးတစ်လုံးကဲ့သို့ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားပြီး အကြိမ်ကြိမ် ပြန်ကန်တက်နေသော်လည်း လုံးဝ ကွဲပြားသွားခြင်း၊ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေခြင်း မရှိပေ။
မိစ္ဆာစွမ်းအင်၏ အပြင်ဘက်တွင် ရောင်စုံငါးမျိုး နတ်ဘုရား အလင်းတန်း တစ်ခု လွှမ်းခြုံထားပြီး ၎င်းကို တင်းကျပ်စွာ ဖိနှိပ်ထားလေ၏။
ဓားဘိုးဘေးကြီးကို ပိုမို အံ့အားသင့်စေသည်မှာ နင်ချီက အဆက်အသွယ် ဖြတ်လိုက်သည့်တိုင်အောင် ဤ ဓာတ်ကြီးငါးပါး နတ်ဘုရား စွမ်းအားမျှင်သည် ပျောက်ကွယ်သွားခြင်း မရှိဘဲ ဆက်လက် တည်ရှိနေခြင်းပင်။
သာမန်အားဖြင့် ကျင့်ကြံသူ တစ်ဦး မည်သည့် စွမ်းရည်ကို ထုတ်သုံးသည်ဖြစ်စေ အဆက်အသွယ် ဖြတ်လိုက်သည်နှင့် ထိုစွမ်းရည်သည် သဘာဝအလျောက် ပျောက်ကွယ်သွားစမြဲ ဖြစ်၏။
သို့သော် ဤ ဓာတ်ကြီးငါးပါး နတ်ဘုရား စွမ်းအားမျှင်သည် ကောင်းကင်နှင့် မြေကြီးကြားရှိ စည်းမျဉ်း စွမ်းအားများကို ဆက်လက် စုပ်ယူနေပြီး မိမိကိုယ်မိမိ ပြန်လည် ဖြည့်တင်းကာ အတွင်းရှိ မိစ္ဆာစွမ်းအင်ကို ဆက်လက် ဖိနှိပ်ထားလေ၏။
“အံ့ဖွယ်ပါပဲ... အံ့ဖွယ်ပါပဲ... အံ့ဖွယ်ပါပဲ...”
ဓားဘိုးဘေးကြီးသည် "အံ့ဖွယ်ပါပဲ" ဟု သုံးကြိမ်ဆက်တိုက် ရေရွတ်လိုက်မိသည်။
သူသည် နင်ချီကို ကြည့်လိုက်ပြီး ဆက်ပြောသည်။
“ဒီ ဝာာအို နည်းလမ်းက အခင်းအကျင်း နဲ့ ပေါင်းစပ်ထားတာ မဟုတ်လား...”
သူ့မေးခွန်းအား နင်ချီက ခေါင်းအနည်းငယ် ငြိမ့်ပြလိုက်သည်။
“ဓားဘိုးဘေးကြီး မြင်တာ မှန်ပါတယ်...”
ထိုအခါ၊ ဓားဘိုးဘေးကြီးက ဖြည့်စွက် ပြောကြားလာသည်။
“ယေဘုယျအားဖြင့် အခင်းအကျင်း တစ်ခု လည်ပတ်ဖို့နဲ့ ဝိညာဉ်စွမ်းအင်ကို ကိုယ်တိုင် ပြန်လည် ဖြည့်တင်းနိုင်ဖို့အတွက် လူသားတွေရဲ့ ပြုပြင်ထိန်းသိမ်းမှုနဲ့ အူတိုင်အဖြစ် ဝိညာဉ်ကျောက်တုံး တွေ၊ ဝိညာဉ်ရတနာ တွေ လိုအပ်တယ်...”
“ဒါပေမဲ့ မင်းရဲ့ ဓာတ်ကြီးငါးပါး နတ်ဘုရား စွမ်းအားမျှင်က စည်းမျဉ်းတွေကို အခြေခံထားပြီး အဲဒီအရာတွေကို လုံးဝ မလိုအပ်ပါလား... ဘယ်လို လုပ်လိုက်ပါလိမ့်ကွာ...”
“စည်းမျဉ်းတွေ ဆိုတာ ကောင်းကင်နဲ့ မြေကြီးထဲမှာ သဘာဝအလျောက် တည်ရှိနေတာလေ...”
ဓားဘိုးဘေးကြီး; “.....”
ဓားဘိုးဘေးကြီး မှင်သက်သွား၏။
သူ၏ ဓားမျက်လုံးများ အရောင်အဝါ တောက်သွားပြီး "အံ့ဖွယ်ပါပဲ" ဟု သုံးကြိမ် ထပ်မံ ချီးကျူးလိုက်ပြန်သည်။
“မင်းရဲ့ စကားတစ်ခွန်းနဲ့တင်... သဟဇာတဖြစ်ခြင်း ဆိုတာ လက်တစ်ကမ်းမှာ ရှိနေသလိုပဲ...”
သူတို့၏ ဆွေးနွေးမှု ပြီးဆုံးသွားသောအခါ နင်ချီက မေးလိုက်သည်။
“ဓားဘိုးဘေးကြီး... စမ်းကြည့်ချင်လားဗျ..”
ထိုသို့ မေးမြန်းလိုက်သောအခါ၊ ဓားဘိုးဘေးကြီး၏ မျက်နှာတွင် ဖုံးကွယ်၍ မရနိုင်သော စိတ်လှုပ်ရှားမှုများ ပေါ်လာလေ၏။
“သေချာတာပေါ့ကွာ...”
နှစ်ပေါင်း ထောင်ချီ ကြာအောင် သူသည် မိစ္ဆာစွမ်းအင်ကို သူ၏ ကိုယ်ပိုင် ဓားတာအို ဖြင့်သာ ဖိနှိပ်ထားခဲ့ရခြင်း ဖြစ်၏။
အခန်း (၆၂၆) - ပေါင်းစည်းခြင်း နယ်ပယ် (အပိုင်း ၃)
~အကယ်၍ သူသာ ဓားတစ်လက်ဖြင့် နည်းစနစ် တစ်သောင်းကို ဖျက်ဆီးခြင်း ကို နားမလည်ခဲ့ပါက ယခုအချိန်ထိ ထိုအရာကို ဖိနှိပ်ထားနိုင်မည် မဟုတ်ချေ။
ယခုအခါ နင်ချီတွင် ပိုမိုကောင်းမွန်သော နည်းလမ်းရှိနေပြီ ဖြစ်ရာ သူသည် သဘာဝကျကျပင် စမ်းသပ်ကြည့်လိုစိတ် ဖြစ်ပေါ်လာသည်။
“ဒါပေမဲ့ လူငယ်လေး... ငါ ကြိုပြောထားမယ်နော်... တကယ်လို့ မင်း မအောင်မြင်ခဲ့ရင်လည်း ကိစ္စမရှိပါဘူး... ဒါပေမဲ့ အဲဒီလိုဆိုရင်တော့ ဒီနေ့ကစပြီး အကန့်အသတ်မဲ့ ဓားဂိုဏ်း ရဲ့ ဝန်ထုပ်ဝန်ပိုးတွေနဲ့ အနာဂတ် ဝိညာဉ် ကမ္ဘာ စစ်ပွဲကြီး အကြောင်းကို မင်းပခုံးပေါ်ပဲ လုံးလုံးလျားလျား တင်ပေးလိုက်ရတော့မှာပဲ...”
ဓားဘိုးဘေးကြီးက ပေါ့ပါးလွတ်လပ်စွာ ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရသောအခါ နင်ချီက ခိုကိုးရာမဲ့သည့် လေသံဖြင့် ပြန်ပြောလိုက်သည်။
“ဒါဆိုလည်း မလုပ်ဘဲ နေလိုက်ကြမလား...”
ဓားဘိုးဘေးကြီး လျှပ်တပြက် ခုန်ထလိုက်ပြီး တိုက်ခိုက်တော့မည့်ဟန် ပြင်လိုက်ကာ နင်ချီကို မေးငေါ့ပြလိုက်သည်။
“ဟေ့ကောင်... မင်းက ဒီဘိုးဘေးကြီးကို အရူးလုပ်ပြီး ထွက်ပြေးချင်နေတာလား...”
နင်ချီ နဖူးကို ပွတ်လိုက်မိသည်။ ဤ ရှေးဟောင်း မီးအိမ်ကြီးသည် သူ့ရှေ့ရောက်မှသာ ဤကဲ့သို့သော ကလေးဆန်သည့် အမူအရာများကို ထုတ်ပြတတ်သည်မှာ သေချာလှသည်။ သူ တကယ်ပင် လက်မြှောက် အရှုံးပေးလိုက်ရပြီ။
“ကောင်းပါပြီဗျာ... စကြတာပေါ့... ဒါပေမဲ့ ထူးခြားမှု တစ်စုံတစ်ရာ ဖြစ်လာရင် ဓားဘိုးဘေးကြီး ကျွန်တော့်ကို လျှပ်တပြက် ပြောပြရမယ်နော်...”
ဓားဘိုးဘေးကြီးသည် နင်ချီ၏ ရှေ့တည့်တည့်တွင် ဝင်ထိုင်လိုက်သည်။
“ကောင်းပြီ... တွေဝေမနေနဲ့တော့... ငါ့ကံကြမ္မာကို ငါပဲ ဖန်တီးမယ်... ကောင်းကင်ဘုံက ဖန်တီးတာ မဟုတ်ဘူး... ငါ သေရမယ် ဆိုရင်တောင် ဘယ်သူ့လက်ချက်နဲ့ သေမလဲ ဆိုတာ ငါ့သဘောပဲ... ဒါကြောင့် မင်း စိတ်အေးအေးသာ ထားပြီး လုပ်စရာရှိတာ လုပ်ပါ...”
နင်ချီတွင် ရွေးချယ်စရာ မရှိတော့ဘဲ လိုက်လျောလိုက်ရတော့သည်။
သူသည် ဦးစွာ လူတစ်ရပ်စာ အရွယ်အစားရှိသော မူလဝိညာဉ် စွမ်းအားမျှင် တစ်ခုကို ဖန်တီးလိုက်သည်။ ဓားဘိုးဘေးကြီးကို တစ်ချက် ကြည့်လိုက်ပြီး စိတ်မသန့်သေးသဖြင့် မူလဝိညာဉ် စွမ်းအားမျှင်ကို ဆယ်ပေပတ်လည်လောက် အထိ ဆက်လက် ချဲ့ထွင်လိုက်သည်။
ထိုအပေါ်တွင် ဓာတ်ကြီးငါးပါး စည်းမျဉ်းများ အဆုံးမရှိ စီးဆင်းနေပြီး ပတ်ဝန်းကျင်မှ ဓာတ်ကြီးငါးပါး စွမ်းအင်များကိုပါ ဆွဲဆောင် စုစည်းနေလေ၏။
ထို့နောက် နင်ချီသည် မူလဝိညာဉ် စွမ်းအားမျှင်၏ အရွယ်အစားကို တရစပ် ဖိသိပ်လိုက်ရာ နောက်ဆုံးတွင် ပဲစေ့ခန့်သာ ရှိတော့သော အရွယ်အစားဖြင့် သူ၏ လက်ချောင်းထိပ်ပေါ်တွင် တည်ရှိနေတော့သည်။
ဆက်လက် ဖိသိပ်၍ မရတော့သော အလွန် သေးငယ်သည့် မူလဝိညာဉ် စွမ်းအားမျှင်လေးကို ကြည့်ရင်း နင်ချီ ပြောလိုက်သည်။
“ဓားဘိုးဘေးကြီး... လာပြီနော်...”
“လာစမ်းပါ...”
နင်ချီသည် လျှပ်တပြက်ပင် ထိုအရာကို ဓားဘိုးဘေးကြီး၏ နဖူးပြင်ပေါ်သို့ ဖိကပ်လိုက်လေ၏။
“ဓာတ်ကြီးငါးပါး တံဆိပ်တော်...”
နဖူးပြင်နှင့် ထိတွေ့လိုက်သည်နှင့် တစ်ပြိုင်နက် သစ်ပင် အမြစ်တွယ်သကဲ့သို့ စွဲမြဲသွားပြီး ဓားဘိုးဘေးကြီး၏ နဖူးပေါ်တွင် ဓာတ်ကြီးငါးပါး နတ်ဘုရား အလင်းရောင်လေး တစ်ခု ပွင့်လန်းလာသည်။
ဓားဘိုးဘေးကြီး၏ တောင်ကြီးပမာ ခန္ဓာကိုယ်ကြီးသည် မသိမသာ တုန်ခါသွား၏။
သူ၏ မူလဝိညာဉ် အတွင်း၌ ဓားတာအိုဖြင့် ဖိနှိပ်ထားသော မိစ္ဆာစွမ်းအင်များကို တစ်စုံတစ်ခုက ရုတ်တရက် လွှဲပြောင်း ရယူသွားသကဲ့သို့ ခံစားလိုက်ရ၏။
ဓားဘိုးဘေးကြီးသည် သူ၏ ကိုယ်ပိုင် ဓားတာအို စည်းမျဉ်းများကို သတိကြီးစွာဖြင့် ပြန်လည် ရုပ်သိမ်းလိုက်ရာ ဓာတ်ကြီးငါးပါး စွမ်းအားမျှင်သည် စတင် လည်ပတ်လာပြီး မိစ္ဆာစွမ်းအင် အားလုံးကို အပြည့်အဝ ဖိနှိပ် ချုပ်ထိန်းလိုက်တော့သည်။
ထိုအခြေအနေကို မြင်လိုက်ရသောအခါ ဓားဘိုးဘေးကြီးသည် ဝမ်းသာအားရဖြင့် အော်ဟစ်လိုက်မိသည်။ နှစ်ပေါင်း တစ်သောင်း ကြာပြီးနောက်... နောက်ဆုံးတော့ သူသည် ယာယီအားဖြင့် လွတ်မြောက်သွားခဲ့ပြီ မဟုတ်ပါလော။
စိတ်ဝိညာဉ် လွတ်လပ်ပေါ့ပါးသွားသော အခိုက်အတန့်တွင် ဓားဘိုးဘေးကြီးသည် ကောင်းကင်ယံသို့ ပျံတက်သွားလိုက်ရာ သူ၏ အရှိန်အဝါသည် လျင်မြန်စွာ မြင့်တက်လာတော့သည်။
ဟင်းလင်းပြင် အတွင်း၌ မီတာ တစ်သောင်းခန့် ရှည်လျားသော ဓားတာအို နတ်ဘုရား စွမ်းအားမျှင်များ ပေါ်ပေါက်လာသည်။
ထို့နောက် ရေကူးနေသော ငါးများကဲ့သို့ ဓားဘိုးဘေးကြီးထံ ရုတ်တရက် တိုးဝင်သွားကြပြီး သူ၏ ခန္ဓာကိုယ်ပေါ်တွင် တွယ်ကပ်လိုက်ကြသည်။
ဓားဘိုးဘေးကြီးသည်လည်း ပေါင်းစည်းခြင်း နယ်ပယ် ခြေလှမ်းဝက် အဆင့် ( ) သို့ တက်လှမ်းသွားခဲ့ပြီ ဖြစ်၏။
နင်ချီသည် ဓားဘိုးဘေးကြီး၏ ကြီးမားခမ်းနားသော ပုံရိပ်ကို မော့ကြည့်ရင်း ရှေးကဗျာ တစ်ပိုဒ်ကို သတိရလိုက်မိသည်။
လှောင်အိမ်ထဲတွင် ကြာမြင့်စွာ နေခဲ့ရပြီးနောက်... ယခု သဘာဝတရားထံသို့ ပြန်လည် ရောက်ရှိသွားခဲ့ပြီ...
သည်ကိစ္စမှာ ယခုအချိန် ဓားဘိုးဘေးကြီး၏ ရင်ထဲမှ ခံစားချက် အစစ်အမှန် ဖြစ်ကောင်း ဖြစ်ပေလိမ့်မည်။
ဓားဘိုးဘေးကြီး၏ ပြောင်းလဲမှုသည် ဆက်လက် ဖြစ်ပေါ်နေပြီး ပေါင်းစည်းခြင်း နယ်ပယ် အစစ်အမှန် သို့ တိုက်ရိုက် တက်လှမ်းရန် ကြိုးစားနေပုံ ရ၏။
သို့သော် နောက်တစ်စက္ကန့်တွင် သူ၏ အရှိန်အဝါ ရုတ်တရက် ရပ်တန့်သွား၏။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံး လေလျှော့လိုက်သော ပူဖောင်းကဲ့သို့ ဖြစ်သွားပြီး မူလ အခြေအနေသို့ ပြန်လည် ရောက်ရှိသွား၏။
သူ့နဖူးပေါ်ရှိ သေးငယ်သော ဓာတ်ကြီးငါးပါး စွမ်းအားမျှင်သည် အဆုံးမဲ့သော အလင်းရောင်များကို ထုတ်လွှတ်လိုက်ပြီး ရုတ်တရက် ကြီးမားလာကာ ဓားဘိုးဘေးကြီး၏ ခန္ဓာကိုယ် တစ်ခုလုံးကို ဖုံးလွှမ်းသွား၏။ သူ၏ အဆင့်တက်ခြင်းနှင့်အတူ အတွင်းဘက်ရှိ မိစ္ဆာစွမ်းအင်များလည်း လိုက်ပါ ကြီးထွားလာသောကြောင့် ဖြစ်၏။
ဓားဘိုးဘေးကြီးသည် နင်ချီ၏ ရှေ့သို့ ပြန်လည် ပြုတ်ကျလာသည်။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံး မည်းနက်နေပြီး မျက်နှာထားမှာ အလွန်အမင်း တည်ကြည်လေးနက်နေသည်။
နင်ချီလည်း လန့်ဖျပ်သွား၏။
ကံကောင်းထောက်မစွာဖြင့် ဓာတ်ကြီးငါးပါး စွမ်းအားမျှင်သည် အသာစီး ရနေဆဲ ဖြစ်၏။ ဓားဘိုးဘေးကြီး၏ ခန္ဓာကိုယ်ပေါ်ရှိ ဓားတာအို စည်းမျဉ်း စွမ်းအားမျှင်များ၏ အကူအညီနှင့် ပေါင်းစပ်လိုက်သောအခါ အတွင်းဘက်ရှိ မိစ္ဆာစွမ်းအင်များကို နောက်တစ်ကြိမ် ပြန်လည် ဖိနှိပ်လိုက်နိုင်ပြီး ဓာတ်ကြီးငါးပါး စွမ်းအားမျှင်သည်လည်း နဖူးပေါ်သို့ ပြန်လည် ကျုံ့ဝင်သွားလေ၏။
ဓားဘိုးဘေးကြီး၏ ခန္ဓာကိုယ်ပေါ်မှ မည်းနက်သော အရောင်များ ပျောက်ကွယ်သွားပြီး ရေထဲမှ ဆယ်ယူလိုက်သကဲ့သို့ တစ်ကိုယ်လုံး ချွေးများဖြင့် ရွှဲနစ်နေသည်။
သူက နင်ချီကို ပြောလိုက်သည်။
“ဒီ မိစ္ဆာစွမ်းအင်က တကယ်ပဲ ယုတ်မာတာပဲကွ... ငါ့ရဲ့ ကျင့်ကြံခြင်း အဆင့် တိုးလာတာနဲ့အမျှ သူကပါ လိုက်ပြီး အကြီးအကျယ် မြင့်တက်လာတယ်... ကံကောင်းလို့ မင်းရဲ့ ဓာတ်ကြီးငါးပါး စွမ်းအားမျှင်က ခိုင်ခံ့ပြီး မပျက်စီးသွားတာ...”
နင်ချီ၏ မျက်လုံးများ တောက်ပလာသည်။
သူသည် ဓားဘိုးဘေးကြီးကို အချိန်အတော်ကြာ စိုက်ကြည့်ပြီးနောက် နောက်ဆုံးတွင် ပြောလိုက်သည်။
“ဓားဘိုးဘေးကြီး... အခု ကျွန်တော်ကလည်း ပေါင်းစည်းခြင်း နယ်ပယ် ခြေလှမ်းဝက် အဆင့်မှာ ရှိနေတာ ဆိုတော့... သဘာဝကျကျပဲ ဓာတ်ကြီးငါးပါး စွမ်းအားမျှင်ကလည်း ကျွန်တော့်အဆင့်အတိုင်း လိုက်ပါ ပြောင်းလဲပြီး ပေါင်းစည်းခြင်း နယ်ပယ် ခြေလှမ်းဝက် အဆင့်ရှိတဲ့ မိစ္ဆာစွမ်းအင်ကို ဖိနှိပ်ပေးနိုင်တာပါ...”
“ဒါကြောင့် ခင်ဗျားရဲ့ ကျင့်ကြံခြင်း အဆင့်က ကျွန်တော်နဲ့ တူညီနေမှ ရမယ်... ပေါင်းစည်းခြင်း နယ်ပယ် အစစ်အမှန် ကို အရင် တက်လှမ်းဖို့ မကြိုးစားပါနဲ့ဦး...”
ထိုစကားကို ကြားလိုက်ရသောအခါ ဓားဘိုးဘေးကြီး စိတ်ပျက်သွား၏။
စောစောက သူ ကြိုးစားကြည့်လိုက်သောအခါ လွတ်လပ်ပြီဟု အမှန်တကယ် ထင်မှတ်ခဲ့သော်လည်း မမျှော်လင့်ဘဲ...
သို့သော် ယခုအချိန်တွင် နင်ချီ၏ ကျင့်ကြံခြင်း အဆင့်နှင့် တူညီစွာ နေနိုင်ခြင်းသည်လည်း မဆိုးလှပေ။
အနည်းဆုံးတော့ သူသည် ဤ ပါရမီရှင် လူငယ်လေးထက် အားမနည်းတော့ချေ။
ထို့နောက် ဓားဘိုးဘေးကြီးသည် လွန်ခဲ့သော (၁၀) နှစ်အတွင်း မြောက်ပိုင်းနှင့် တောင်ပိုင်း နယ်မြေများမှ သတင်းအချက်အလက်များကို နင်ချီအား ပြောပြလိုက်သည်။
ဆယ်နှစ်တာ ကာလအတွင်း ပေ့ရွှမ်နယ်မြေ သည် တစ်နေ့တခြား ပိုမို ရှုပ်ထွေးလာခဲ့သည်။
ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်း ပျက်စီးသွားပြီးနောက် ကျန်ရှိနေသော အဆင့်မြင့်ဂိုဏ်း (၈) ဂိုဏ်းသည် ယခင်က ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်း ရယူထားခဲ့သော ခေါင်းဆောင်နေရာကို မျက်စိကျလာကြသည်။
အဆက်မပြတ် ဖြစ်ပွားနေသော ပဋိပက္ခများကြားတွင် အကန့်အသတ်မဲ့ ဓားဂိုဏ်း၏ လက်ရှိ အင်အားကို သူတို့ သိရှိကြသော်လည်း သူတို့၏ ရည်မှန်းချက်များကို မထိန်းချုပ်နိုင်ကြဘဲ ဂိုဏ်းတိုင်းက ခေါင်းဆောင်သစ် ဖြစ်လာရန် ဆန္ဒရှိနေလေသည်။
တောင်ပိုင်း အစစ်အမှန်နယ်မြေ ဘက်မှ အမတ အသွင်ပြောင်း အဆင့်မြင့်ဂိုဏ်း သည်ပင်လျှင် ပေ့ရွှမ်နယ်မြေ အတွင်းသို့ လူများ စေလွှတ်ပြီး ဝင်ရောက် စွက်ဖက်ရန်နှင့် သြဇာအာဏာ တည်ဆောက်ရန် ကြိုးစားလာကြ၏။
သူတို့အားလုံးသည် မကြာမီ ဖြစ်ပေါ်လာမည့် ဝိညာဉ် ကမ္ဘာ စစ်ပွဲကြီး ၏ အရိပ်အယောင်ကို အာရုံခံမိကြပြီး စစ်ပွဲအတွက် ပြင်ဆင်ရန် မိမိတို့၏ အင်အားကို တိုးချဲ့လိုကြသည်။ အရင်းအမြစ်များကို ပိုမို သိမ်းပိုက်လိုကြ၏။
သို့သော် အကန့်အသတ်မဲ့ ဓားဂိုဏ်းတွင် ဓားဘိုးဘေးကြီး ရှိနေခြင်းနှင့် တောင်ပိုင်း အစစ်အမှန်နယ်မြေ မှ နွားမိစ္ဆာ အဆင့်မြင့်ဂိုဏ်း ၏ အကူအညီ ရရှိထားခြင်းတို့ကြောင့် မည်သူမျှ လာရောက် မထိပါးရဲကြပေ။
ထို့ကြောင့် အကန့်အသတ်မဲ့ ဓားဂိုဏ်းသည် ပြင်ပကမ္ဘာကို လုံးဝ လျစ်လျူရှုပြီး မိမိ၏ အစွမ်းအစကို တိတ်တဆိတ် စုဆောင်းကာ အင်အားမွေးသည့် မူဝါဒကို ကျင့်သုံးခဲ့သည်။
လွန်ခဲ့သော (၁၀) နှစ်တာ အဖြစ်အပျက်များကို ကြားသိရသောအခါ နင်ချီက… ညင်သာစွာ ခေါင်းငြိမ့်လိုက်သည်။
သို့သော် ဓားဘိုးဘေးကြီး၏ နောက်ထပ် ပြောစကားများသည် နင်ချီ၏ ရင်ထဲတွင် အရေးတကြီး လိုအပ်မှု တစ်ခုကို ဖြစ်ပေါ်စေခဲ့၏။
တောင်နှင့် ပင်လယ် ကမ္ဘာ ၏ အလိုဆန္ဒသည် ပိုမို၍ ဂနာမငြိမ် ဖြစ်လာပြီး တောင်နှင့် ပင်လယ် ကမ္ဘာ အတွင်းရှိ ဂိုဏ်းအသီးသီးကို စိုးရိမ်ပူပန်စေခဲ့သည်။
ဤကာလအတွင်း ဂိုဏ်းတိုင်းသည် ကမ္ဘာငယ်လေး များကို တိုက်ခိုက် သိမ်းပိုက်ခြင်းများ ပြုလုပ်နေကြသည်။
တောင်နှင့် ပင်လယ် ကမ္ဘာ လက်အောက်ခံ ကမ္ဘာငယ်လေးများသည် ယခင်ကထက် ဆယ်ဆမျှ ပိုမို မြန်ဆန်သော နှုန်းဖြင့် တစ်ခုပြီးတစ်ခု ဖျက်ဆီးခံနေကြရ၏။
ဤအရှိန်အဟုန်အတိုင်း ဆက်သွားပါက နှစ်ပေါင်း တစ်ထောင် အတွင်း ကမ္ဘာငယ်လေး အားလုံး မျိုးတုန်းသွားနိုင်ခြေ ရှိသည်။
လူတိုင်းသည် အရေးပေါ် အခြေအနေကို အာရုံခံမိနေကြ၏။
နင်ချီသည်လည်း သဘာဝကျကျပင် စိုးရိမ်ပူပန်လာမိသည်။
သူသည် အစစ်အမှန်သိုင်း ကမ္ဘာ ၏ တည်နေရာကို ထိန်းချုပ်ထားသော်လည်း ကမ္ဘာငယ်လေး အများစု ပျက်စီးသွားပါက အစစ်အမှန်သိုင်း ကမ္ဘာသည် ထင်ရှားပေါ်လွင်လာပြီး တောင်နှင့် ပင်လယ် ကမ္ဘာ၏ အလိုဆန္ဒက အစစ်အမှန်သိုင်း ကမ္ဘာ တည်ရှိနေမှုကို သတိထားမိသွားနိုင်သောကြောင့်ပင်။
အခန်း (၆၂၇) - ပေါင်းစည်းခြင်း နယ်ပယ် (အပိုင်း ၄)
~အစစ်အမှန်သိုင်း ကမ္ဘာ ၏ အတွင်းဘက်၌...
နယ်မြေ အရှင်သခင် နင်ချီသည် နယ်ပယ် အကာအကွယ် နံရံ ရှိရာသို့ နောက်တစ်ကြိမ် ရောက်ရှိလာခဲ့ပြန်သည်။
သူသည် ကြီးမားလှသော ဓာတ်ကြီးငါးပါး နတ်ဘုရား စွမ်းအားမျှင်ကြီးကို နယ်မြေများ ပင်လယ် အတွင်းသို့ လွှတ်ပေးလိုက်လေ၏။
မီးခိုးရောင် သန်းနေသော နယ်မြေများ ပင်လယ်ကြီး အတွင်း၌ ရောင်စုံ ငါးမျိုး နတ်ဘုရား အလင်းတန်းများ မှိန်ဖျော့ဖျော့ လက်နေသည်။
ငါးဖမ်းလှေငယ် တစ်စင်းသည် ပင်လယ်ပြင်သို့ ရွက်လွှင့်ထွက်ခွာသကဲ့သို့ပင်... ဓာတ်ကြီးငါးပါး နတ်ဘုရား စွမ်းအားမျှင်သည် နယ်မြေများ ပင်လယ် အတွင်း၌ ခက်ခဲပင်ပန်းစွာ လှုပ်ရှားလျက် စည်းမျဉ်း စွမ်းအား အပိုင်းအစများကို ရှာဖွေ စုဆောင်းနေပြီး၊ ရရှိလာသော စွမ်းအားများကို အစစ်အမှန်သိုင်း ကမ္ဘာ အတွင်းသို့ လျှပ်တပြက် ပို့ဆောင်ပေးနေသည်။
တံဆိပ်ခတ်နှိပ်ခြင်း အပြင် ဤနည်းလမ်းကို နင်ချီ အဓိက အသုံးပြုရခြင်း၏ ရည်ရွယ်ချက်မှာ နယ်မြေများ ပင်လယ် အတွင်းမှ စည်းမျဉ်း မူလအစ များကို ဆွဲယူ စုဆောင်းရန် ဖြစ်၏။
ဤ ဝာာအို နည်းလမ်းကို ဖန်တီးရန် သူသည် အားထုတ်ကြိုးပမ်းခဲ့ရပြီး ယခု ပထမဆုံးအကြိမ် လက်တွေ့ အသုံးပြုလိုက်ရာ ကနဦး အောင်မြင်မှု ရရှိစပြုလာပြီ ဖြစ်၏။
နင်ချီသည် ဓာတ်ကြီးငါးပါး နတ်ဘုရား စွမ်းအားမျှင်မှ ပေးပို့လိုက်သော စည်းမျဉ်း စွမ်းအားများကို လေ့လာကြည့်ရှုလိုက်သည်။
သူ၏ စိတ်ထဲတွင် တွက်ချက်ကြည့်လိုက်ရာ ဓာတ်ကြီးငါးပါး နတ်ဘုရား စွမ်းအားမျှင်သည် အစစ်အမှန်သိုင်း ကမ္ဘာ အတွက် စည်းမျဉ်း မူလအစ တစ်ခုကို သဘာဝအလျောက် စုစည်းပေးနိုင်ရန် တစ်နှစ်ခန့် အချိန်ယူရမည်ဟု ခန့်မှန်းရလေ၏။
ထို့ကြောင့် ယခုမှစ၍ စည်းမျဉ်း မူလအစ ရရှိရန်အတွက် ဝိညာဉ်ရတနာများ ၊ စည်းမျဉ်း ကျောက်စိမ်း နှင့် အခြား ပစ္စည်းများကို ဝါးမြိုစရာ မလိုတော့ပေ။ သူ၏ လက်များကို လွတ်လပ်ခွင့် ပေးလိုက်နိုင်ပြီ ဖြစ်ပြီး ဤနည်းလမ်းသည် အလိုအလျောက် သွေးထုတ်လုပ်ပေးသော စက်ကြီး တစ်လုံးကဲ့သို့ အသုံးဝင်လာပေတော့မည်။
ထို့ပြင် ဤနှုန်းထားအတိုင်း ဆက်သွားပါက ဆယ်စုနှစ် အနည်းငယ် ကြာလျှင် စည်းမျဉ်း (၁၄) မျိုးကို ကျွမ်းကျင်ပိုင်နိုင်ထားသော နင်ချီသည် အစစ်အမှန်သိုင်း ကမ္ဘာ အတွက် စည်းမျဉ်း စွမ်းအား တစ်ရာ အထိ စုစည်းနိုင်ပေလိမ့်မည်။
စည်းမျဉ်း မူလအစ တစ်ရာကို စုစည်းနိုင်ပါက နယ်မြေ အရှင်သခင် ကိုယ်တိုင်သည် စည်းမျဉ်း အသေးစား အောင်မြင်မှု အဆင့် သို့ ရောက်ရှိနိုင်ပေမည်။
အသေးစား အောင်မြင်မှု အဆင့်သို့ ရောက်ရှိသွားပါက နင်ချီသည် တသားတည်း ဖြစ်ခြင်း နယ်ပယ် တွင် ပြိုင်ဘက်ကင်း ဖြစ်လာပေလိမ့်မည်။
လက်ရှိ အခြေအနေတွင်ပင် စည်းမျဉ်း စွမ်းအား အများအပြားကို စုစည်းထားပြီး ဖြစ်ရာ နင်ချီ၏ ခန္ဓာကိုယ်သည် တသားတည်း ဖြစ်ခြင်း နယ်ပယ် ၏ အစွမ်းအစကို စမ်းသပ် ယှဉ်ပြိုင်နိုင်စွမ်း ရှိနေပြီဟု ဆိုနိုင်သည်။
...
အချိန်ကာလသည် တရွေ့ရွေ့ ကုန်ဆုံးသွားပြီး နှစ်ပေါင်း (၃၀) ကြာမြင့်သွားခဲ့တော့၏။
အကန့်အသတ်မဲ့ ဓားဂိုဏ်း အတွင်း၌...
နင်ချီသည် သူ၏ ကောင်းကင်ဘုံကို အာခံနိုင်သော ဉာဏ်အလင်းဖြင့် ဝာာအို နည်းလမ်းများစွာကို ဖန်တီးခဲ့ပြီး ဓားဂိုဏ်းသို့ ကောင်းမွန်သော အရာများစွာ ထပ်မံ လက်ဆင့်ကမ်း ပေးခဲ့သည်။
ဥပမာအားဖြင့် တစ်ဦးချင်း တိုက်ခိုက်သော နည်းစနစ်များနှင့် အဖွဲ့လိုက် ပေါင်းစပ် တိုက်ခိုက်သော နည်းစနစ်များ ပါဝင်သည်။ ဓားဂိုဏ်းမှ တပည့်များသည် တစ်ကိုယ်တော် တိုက်ခိုက်သည် ဖြစ်စေ၊ အုပ်စုလိုက် တိုက်ခိုက်သည် ဖြစ်စေ စွမ်းအားကြီးသော ရန်သူများနှင့် ရင်ဆိုင်ရပါက ပြန်လည် တိုက်ခိုက်နိုင်စွမ်း ရှိလာကြသည်။
တစ်ချိန်တည်းမှာပင် နင်ချီသည် တိုက်ခိုက်ခြင်းကို မကျွမ်းကျင်သော တပည့်များအတွက် အခြား လမ်းကြောင်းများကို ဖောက်လုပ်ပေးခဲ့သည်။
ဆေးဖော်ခြင်း ၊ လက်နက် သွန်းလုပ်ခြင်း နှင့် အခင်းအကျင်း စီရင်ခြင်း ပညာရပ်များသည် အကန့်အသတ်မဲ့ ဓားဂိုဏ်း အတွင်း၌ အမြစ်တွယ်၍ အညွန့်တလူလူ ထွက်ပေါ်လာခဲ့သည်။
ဂိုဏ်းအတွင်း၌ တပည့်တစ်ဦးသည် ဤလမ်းစဉ်များတွင် ထူးချွန်ပါက အခြားသော အစစ်အမှန် အမွေခံများကဲ့သို့ တူညီသော အခွင့်အရေးနှင့် ဆက်ဆံမှုကို ခံစားနိုင်လေ၏။
ရလဒ်အနေဖြင့် နှစ်ပေါင်း (၃၀) အတွင်း အကန့်အသတ်မဲ့ ဓားဂိုဏ်းသည် ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်လာပြီး စည်ပင်ဝပြောသော မြင်ကွင်းကို တွေ့မြင်လာရ၏။
အစစ်အမှန် အမွေခံ ဖြစ်စေ၊ အကြီးအကဲ ဖြစ်စေ၊ နင်ချီသည် သူတို့အတွက် ပြီးပြည့်စုံသော ဂေဟစနစ် တစ်ခုကို တည်ထောင်ပေးခဲ့သည်။ သူတို့ကို ပူးပေါင်းဆောင်ရွက်စေပြီး အတူတကွ တိုးတက်စေခဲ့ရာ အကန့်အသတ်မဲ့ ဓားဂိုဏ်း၏ အခြေခံအုတ်မြစ်ကို များစွာ မြှင့်တင်ပေးနိုင်ခဲ့သည်။
နင်ချီ တည်ထောင်ခဲ့သော အရာအားလုံးကြောင့် ဂိုဏ်းအတွင်းရှိ အတွင်းပိုင်း အနှစ်သာရ နယ်ပယ် အစစ်အမှန် အမွေခံများ အရေအတွက်သည် ရုတ်တရက် အဆမတန် တိုးပွားလာပြီး အလွယ်တကူပင် အဆများစွာ မြင့်တက်လာခဲ့သည်။
သဘာဝကျကျပင် ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ် မဟာစွမ်းအားရှင် အသစ် (၁၀) ယောက်ကျော် ထပ်မံ ပေါ်ထွက်လာခဲ့သည်။
အကန့်အသတ်မဲ့ ဓားဂိုဏ်း၏ အခြေခံအုတ်မြစ် တစ်ခုလုံးသည် ယခင် ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်း ကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သလို၊ တောင်ပိုင်း အစစ်အမှန်နယ်မြေ မှ ထိပ်တန်း အဆင့်မြင့်ဂိုဏ်းကြီး (၃) ခုကိုပင် ကျော်တက်သွားခဲ့ပြီ ဖြစ်၏။
နင်ချီ ကိုယ်တိုင်အတွက်မူ...
တစ်နေ့သောအခါတွင် အကန့်အသတ်မဲ့ ဓားဂိုဏ်း တစ်ခုလုံး တုန်လှုပ်သွားလေ၏။
ဂိုဏ်းအတွင်းရှိ လူတိုင်းသည် အရပ်မျက်နှာ တစ်ခုတည်းကိုသာ ငေးကြည့်နေကြသည်။ ထိုနေရာမှာ သူတို့၏ လေးစားရပါသော ဂိုဏ်းချုပ် တံခါးပိတ် ကျင့်ကြံနေသော နေရာပင် ဖြစ်၏။
လွန်ခဲ့သော နှစ်အနည်းငယ်က ဂိုဏ်းချုပ်၏ အဆင့်တက်မှုကြောင့် ထိုနေရာသည် ပျက်စီးသွားခဲ့ဖူးသော်လည်း နောက်ပိုင်းတွင် ပြန်လည် တည်ဆောက်ထားခဲ့သည်။ ယနေ့တွင် ထိုနေရာမှ ထွက်ပေါ်လာသော တုန်ခါမှုများသည် အလွန် ကြီးမားပြင်းထန်လှရာ ဂိုဏ်းချုပ်သည် နောက်ထပ် ကြီးမားသော အောင်မြင်မှု တစ်ခုကို ရရှိတော့မည်မှာ သေချာလှသည်။
လူတိုင်း၏ မျက်လုံးများ တောက်ပလာကြပြီး ကောင်းကင်ယံသို့ ပျံတက်ကာ ထိုနေရာသို့ အလျင်အမြန် သွားရောက်ကြလေ၏။
အနီးကပ် ရှိနေသူများသည် ထိုမြင်ကွင်းကို မျက်ဝါးထင်ထင် တွေ့မြင်လိုက်ကြရ၏။
ဤအခိုက်အတန့်တွင် မြေပြင်ပေါ်၌ ဂိုဏ်းအတွင်းရှိ ဝိညာဉ်စွမ်းအင်များသည် အရင်းအမြစ် တစ်ခုကို ရှာတွေ့သွားသကဲ့သို့ ထိုနေရာသို့ စုဝေး စီးဆင်းနေကြပြီး ရောင်စုံ ခုနစ်မျိုး မြူခိုးများသဖွယ် မျက်နှာပြင်ပေါ်တွင် ပြန့်နှံ့နေသည်။
ကောင်းကင်ယံတွင်မူ ရေတွက်၍ မရနိုင်သော စည်းမျဉ်း နတ်ဘုရား စွမ်းအားမျှင်များ ပေါ်ထွက်နေသည်။ သေချာစွာ လေ့လာကြည့်ပါက စွမ်းအားမျှင် တစ်ခုစီသည် ပေပေါင်း သုံးထောင်ခန့် ရှည်လျားသည်ကို တွေ့ရှိရမည် ဖြစ်၏။
ထို့ပြင် ကွဲပြားခြားနားသော စည်းမျဉ်း အရေအတွက်ကို စေ့စေ့စပ်စပ် ရေတွက်ကြည့်ပါက (၄၅) မျိုးခန့် ရှိနေသည်ကို တွေ့ရသဖြင့် လူတိုင်း အကြီးအကျယ် တုန်လှုပ်သွားကြသည်။
"ခန့်" ဟု ပြောရခြင်းမှာ အချို့သော စည်းမျဉ်းများသည် မှိန်ဖျော့ဖျော့သာ ပေါ်ထွက်နေသောကြောင့် ဖြစ်၏။
လူတိုင်းသည် ကောင်းကင်ပြည့် အခင်းအကျင်းကြီးကဲ့သို့ ထူထပ်လှပသော ရောင်စုံ စည်းမျဉ်း နတ်ဘုရား စွမ်းအားမျှင်များကို မော့ကြည့်နေကြသည်။ ထိုအရာများအကြားတွင် ပျံသန်းနေကြသော သူတို့၏ ပုံရိပ်များသည် စာကလေးငယ်များသဖွယ် သေးငယ်နေတော့သည်။
ဂိုဏ်းချုပ် နင်ချီသည် တံခါးပိတ် ကျင့်ကြံရာမှ ထွက်မလာသေးသော်လည်း လက်ရှိ မြင်ကွင်းကပင် လူတိုင်း၏ နှလုံးခုန်သံကို ရပ်တန့်သွားစေနိုင်လောက်အောင် ခမ်းနားနေတော့၏။
ဤ မြင်ကွင်းကို ကြည့်ခြင်းအားဖြင့် ဂိုဏ်းချုပ်သည် ပေါင်းစည်းခြင်း နယ်ပယ် သို့ အဆင့်ချိုးဖြတ်တော့မည် ဖြစ်သည်မှာ သေချာလှပါ၏။
ရုတ်တရက်... တံခါးပိတ် ခန်းမဆောင်၏ တံခါး ပွင့်သွားပြီး နင်ချီ၏ ပုံရိပ်သည် ကောင်းကင်ယံသို့ တည့်မတ်စွာ ထိုးတက်သွားလေ၏။
ကောင်းကင်ယံတွင် ရေတွက်မရနိုင်သော စည်းမျဉ်း နတ်ဘုရား စွမ်းအားမျှင်များသည် သူ့ထံသို့ လျင်မြန်စွာ ပြန်လည် ပျံသန်းလာကြသည်။ ထိုစွမ်းအားမျှင်များသည် နင်ချီ၏ အသားနှင့် အရိုးများ၏ အစိတ်အပိုင်း တစ်ခု ဖြစ်သွားသကဲ့သို့ သူ့ခန္ဓာကိုယ်ထဲသို့ ပြန်လည် ဝင်ရောက် ပေါင်းစပ်သွားကြသည်ကို လူတိုင်း မြင်တွေ့လိုက်ကြရ၏။
သူ၏ ခန္ဓာကိုယ်သည် လောကတွင် အပြည့်စုံဆုံးသော ခန္ဓာကိုယ်၊ အနုစိတ်ဆုံးသော အရာဝတ္ထု တစ်ခု ဖြစ်ပြီး ကောင်းကင်နှင့် မြေကြီး၏ ပြုစုပျိုးထောင်မှုမှ မွေးဖွားလာသကဲ့သို့ပင်။
ထိုအခိုက်အတန့်တွင် နင်ချီ၏ တစ်ကိုယ်လုံးသည် မယုံကြည်နိုင်လောက်အောင် ကြည်လင်တောက်ပနေပြီး အကန့်အသတ်မဲ့ ဓားဂိုဏ်း တစ်ခုလုံးတွင် သူတစ်ယောက်တည်းသာ တည်ရှိနေသည့်အလား ထင်မှတ်ရ၏။
သူသည် စကြဝဠာ၏ ဗဟိုချက် ဖြစ်လာပြီး သူ၏ အသက်ရှူသံသည် စကြဝဠာ၏ အသက်ရှူသံ ဖြစ်လာသည်။
ပေါင်းစည်းခြင်း နယ်ပယ် သို့ အောင်မြင်စွာ ရောက်ရှိသွားခဲ့တော့၏။