အခန်း (၁၇၂)
Vol. 18 Ch. 172
အခန်း။ ၁၇၂
ကျားမလေးက "ဟုတ်တယ် ညီမလေး အဲဒါကို တစ်ချက်တည်းနဲ့ ရိုက်ခွဲပစ်နိုင်တာ" ဟု ပြောလိုက်သည်။
ရွှီရန်က မျက်ခုံးပင့်လိုက်ပြီး "ဒါကတော့ တကယ့်ကို အထင်ကြီးစရာပဲ" ဟု ချီးကျူးလိုက်၏။
ကျားမလေးက ဂုဏ်ယူစွာဖြင့် ရင်ဘတ်လေးကို မတ်လိုက်ကာ "ဒါပေါ့" ဟု ဆိုပြီးမှ ရုတ်တရက် စိတ်တိုသလို မျက်မှောင်ကြုတ်လျက် "ဒါပေမဲ့ ကိုကိုက လက်နဲ့ ဖမ်းမိသွားတာကိုး တကယ် စိတ်တိုဖို့ကောင်းတယ်"
ရွှီရန် "အဲဒီစေတီငယ်က ကာကွယ်ရုံတင်မကဘူး။ ဒိုင်းတွေကိုလည်း ခွဲနိုင်တယ် ပြီးတော့ ပြိုင်ဘက်ကိုလည်း ချုပ်ကိုင်ထားနိုင်သေးတယ်။ တော်တော်လေး အစွမ်းထက်တဲ့ စေတီငယ်လေးပဲ"
"ဟီးဟီး... အစွမ်းထက်တယ် မဟုတ်လား"
ရွှီရန် "အတော်လေး အစွမ်းထက်ပါတယ်။ ဒါဆို မင်းရဲ့ တတိယအကြိမ် နိုးထလာတဲ့ စွမ်းရည်က ဟင်းလင်းပြင် ကူးပြောင်းခြင်းပေါ့။ နှစ်ခါလောက် ကူးပြောင်းပြီးရင်တော့ မင်းရဲ့ သွေးလေအင်အားတွေ ကုန်သလောက် ဖြစ်သွားမှာ မဟုတ်လား"
ကျားမလေးက မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း "အဲဒါက ဟင်းလင်းပြင် ကူးပြောင်းခြင်း တစ်ခုတည်း မဟုတ်ဘူးကိုကို။ ရွှေရောင်အလင်းလှိုင်းတွေ ဖုံးလွှမ်းနေတဲ့ နယ်ပယ်တစ်ခုလုံးကို ညီမလေး ထိန်းချုပ်လို့ရတာ။ ဒါပေမဲ့ ကံမကောင်းတာက ညီမလေးက အခုထိ အဲဒီလောက် မသန်မာသေးဘူး ဖြစ်နေတာ"
ရွှီရန်က စိတ်ဝင်စားသွားပြီး "အို... ဒါဆိုရင် ကိုကို့ရဲ့ တည်နေရာကိုလည်း မင်း ပြောင်းလဲပစ်လို့ ရတယ်လို့ ဆိုလိုတာလား"
ကျားမလေး "ဟုတ်တယ် ဒါပေမဲ့ ကိုကိုက ရုန်းကန်နေလို့တော့ မရဘူးနော်"
သူမ ပြောပြောဆိုဆိုနှင့်ပင် ရွှေရောင်အလင်းတန်းလေးများက လှိုင်းများအလား ပျံ့နှံ့သွားပြီး ရွှီရန်၏ ခန္ဓာကိုယ်အတွင်းသို့ ပေါင်းစည်းသွားသည်။
နောက်တစ်စက္ကန့်တွင်မူ ရွှီရန်သည် ဟင်းလင်းပြင် တည်နေရာ ပြောင်းလဲသွားပြီး ကျားမလေး၏ ဘေးနားတွင် ရောက်ရှိသွားတော့သည်။
"ဒါဆို ရန်သူကိုရော အဲဒီလိုမျိုး တည်နေရာ ပြောင်းပစ်လို့ ရလား"
ကျားမလေးက ခေါင်းညိတ်ပြလျက် "ရတယ် ဒါပေမဲ့ ရန်သူက ရုန်းကန်နေမှာလေ။ အဲဒါကြောင့် အခုချိန်မှာတော့ ရန်သူကို လုံးဝဥဿုံ တည်နေရာပြောင်းပစ်ဖို့ မဖြစ်နိုင်သေးဘူး" ဟု ပြောလိုက်သည်။
ရွှီရန်က အလေးအနက် စဉ်းစားလိုက်ပြီး "ရွှေရောင်အလင်းတန်းတွေ ခင်းကျင်းထားတဲ့ ဟင်းလင်းပြင်တစ်ခုလုံးက မင်းရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတာပဲ... ဒါဆိုရင် ရန်သူရဲ့ ခန္ဓာကိုယ် အပေါ်ပိုင်းနဲ့ အောက်ပိုင်းကို တစ်ခြားစီ ခွဲပြီး တည်နေရာရွှေ့ပစ်လို့ မရဘူးလား။ အဲဒါဆိုရင် ဟင်းလင်းပြင်အဆင့်ကနေ သူတို့ကို ပိုင်းဖြတ်လိုက်သလို ဖြစ်သွားမှာပဲ"
သူ့စကားလည်း ဆုံးရော ကျားမလေး၏ ရွှေရောင်မျက်ဝန်းလေးများမှာ တစ်စုံတစ်ရာကို နားလည်သွားသကဲ့သို့ ဝိုင်းစက်သွားတော့သည်။
ဟင်းလင်းပြင်ကူးပြောင်းခြင်းကို ဒီလိုနည်းနဲ့ သုံးလို့ရတာလား။
တကယ်ကို ကိုကိုရွှီရန်ပဲ။
သူတို့နှစ်ဦး၏ အနောက်တွင်ရှိနေသော ကျောင်းအုပ်ကြီး၊ ယဲ့ဖျင်၊ လီချင်းဟုန်းနှင့် အခြားသော ဆရာများမှာ ရွှီရန်၏ စကားကို ကြားလိုက်ရသည့်အခါ မျက်လုံးအိမ်များပင် သိသိသာသာ တုန်လှုပ်သွားရသည်။
တစ်ခုခုတော့ မှားနေသလို ခံစားရသော်လည်း... သေချာပြန်တွေးကြည့်လျှင် ထိုအယူအဆ၏ ယုတ္တိဗေဒမှာ မမျှော်လင့်ဘဲ မှန်ကန်နေသည်။ ၎င်းမှာ ထူးဆန်းသော်လည်း လုံးဝ ဖြစ်နိုင်ချေရှိသော စိတ်ကူးတစ်ခုပင်။
ကျောင်းအုပ်ကြီးက သက်ပြင်းအရှည်ကြီး ချလိုက်ကာ "ဒါကြောင့်လည်း ကောင်းကင်ဘုံကို ဆန့်ကျင်တဲ့ ဉာဏ်အလင်းပွင့် အခြေခံအရိုးအဆစ်လို့ ခေါ်ကြတာကိုး" ဟု ရေရွတ်လိုက်မိသည်။
သူတို့သုံးဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ရွှီရန်၏ အလွန်ဆန်းသစ်လှသော စိတ်ကူးကို မည်သို့ အကဲဖြတ်ရမည်မှန်းပင် စကားလုံး ရှာမတွေ့တော့ပေ။
သူ့ဘာသာ ကိုယ်ပျောက်စွမ်းရည်ကို ဖန်တီးနိုင်ခဲ့ခြင်း၊ သွေးလေအင်အား ကျင့်စဉ်ကို ဖော်ထုတ်နိုင်ခဲ့ခြင်းနှင့် စူပါပေါက်ကွဲအားပြင်း ဓားချက်တို့ကို ဖန်တီးနိုင်ခဲ့ခြင်းမှာ အံ့သဩစရာမဟုတ်တော့ပေ။ သူ၏ ဦးနှောက်မှာ ခေတ်သစ်တစ်ခုကို ဖန်တီးရန် မွေးဖွားလာခြင်းပင် ဖြစ်ပေလိမ့်မည်။
ကျားမလေးက စိတ်အားထက်သန်စွာဖြင့် "ဒါပေမဲ့ ညီမလေး ဘယ်လိုလုပ်ရမလဲဟင်။ အခုက ရန်သူကိုတောင် တည်နေရာ မပြောင်းနိုင်သေးဘူးလေ..."
ရွှီရန်က ပြုံးလျက် အားပေးလိုက်သည်။
"အေးအေးဆေးဆေးပေါ့။ တစ်နှစ်၊ နှစ်နှစ်၊ သုံးနှစ်... တစ်နေ့ကျရင် အဲဒါက မင်းရဲ့ အစွမ်းထက်ဆုံး ဝှက်ဖဲ ဖြစ်လာမှာပါ"
"စဉ်းစားကြည့်လေ တိုက်ပွဲစတာနဲ့ မင်းက အရင်ဆုံး ဟင်းလင်းပြင်ကို ပြောင်းလဲလိုက်မယ်၊ ကိုယ်ပျောက်စွမ်းရည်ကို သုံးမယ်။ ရန်သူ ခုခံဖို့ အခက်ဆုံးနေရာမှာ ပုန်းနေမယ်။ စေတီငယ်လေးနဲ့ ရန်သူကို ချုပ်နှောင်မယ်။ ပြီးတာနဲ့ ဟင်းလင်းပြင် ပိုင်းဖြတ်ချက်ကို သုံးလိုက်မယ်... ရန်သူက ချက်ချင်းပဲ နှစ်ပိုင်းပြတ်သွားမှာ မဟုတ်ဘူးလား"
ကျားမလေးမှာ ချက်ချင်းပင် အလင်းပွင့်သွားပြီး သူမ၏ တောက်ပသော ရွှေရောင်မျက်ဝန်းလေးများတွင် အထင်ကြီးလေးစားမှုများ ပြည့်နှက်သွားတော့သည်။
"တကယ်ကို ကိုကိုရွှီရန်ပဲ သိပ်တော်တာပဲ။ ညီမလေး ကိုကို့ကို မနိုင်တာ မဆန်းတော့ပါဘူး"
သူမက ဝမ်းသာအားရ အော်ဟစ်လိုက်ပြီး ရွှီရန်ကို ရုတ်တရက် ဖက်လိုက်ကာ ကြောင်ပေါက်လေးတစ်ကောင်လို ရွှီရန်၏ ပုခုံးပေါ်တွင် ခေါင်းလေးဖြင့် ပွတ်သီးပွတ်သပ် လုပ်နေတော့သည်။
ရွှီရန်က ကျားမလေး၏ ခေါင်းကို အသာအယာ တွန်းဖယ်လိုက်ပြီး "မင်းမှာ နောက်ထပ် ဝှက်ဖဲတစ်ခု ကျန်သေးတယ် မဟုတ်လား" ဟု မေးလိုက်သည်။
ကျားမလေးက အလေးအနက်ထား၍ "ရှိတယ် ဒါပေမဲ့ အဲဒါကို ဘယ်လိုသုံးရမလဲဆိုတာ ညီမလေးမသိဘူး..."
ရွှီရန် "အို... အဲဒါက ဘယ်လိုမျိုးလဲ"
ကျားမလေးက စဉ်းစားဟန်ဖြင့် "မသိဘူး အန္တရာယ်အရှိဆုံးအချိန်ကျမှ အလိုလို ပွင့်လာမယ့် အစွမ်းမျိုးဆိုတာပဲ သိတယ်"
ရွှီရန်က အံ့အားသင့်သွားပြီး မျက်ခုံးပင့်လိုက်သည်။
"နားလည်ပြီ အဲဒါက ပင်ကိုတုံ့ပြန်မှုဆိုင်ရာ နတ်ဘုရားပေးစွမ်းရည်ဖြစ်ရမယ်... အကောင်းဆုံးပဲ"
"မင်းရဲ့ အခုရှိနေတဲ့ တိုက်ခိုက်ရေးစွမ်းရည်နဲ့တင် အတော်လေး အထင်ကြီးဖို့ ကောင်းနေပါပြီ။ သန်မာတဲ့ ရန်သူတွေနဲ့ တွေ့ရင်တောင် ဟင်းလင်းပြင်ကူးပြောင်းခြင်းနဲ့ စေတီငယ်လေးကို သုံးပြီး အနိုင်ယူနိုင်သေးတာပဲ"
"ဟင်းလင်းပြင် ပိုင်းဖြတ်ချက်ကို ကျွမ်းကျင်အောင်သာ ကြိုးစားပါ။ အဲဒါက မင်းရဲ့ သေစေနိုင်တဲ့ တိုက်ကွက်တွေထဲက တစ်ခု ဖြစ်လာလိမ့်မယ်"
ကျားမလေးက ခေါင်းကို တရစပ် ငြိတ်ပြရင်း "ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ... ကျေးဇူးအများကြီးတင်ပါတယ် ကိုကိုရွှီရန်…"
အစွမ်းထက်လှသော နတ်ဘုရားစွမ်းရည်အသစ်တစ်ခု ရရှိသွားသဖြင့် ဝမ်းသာပီတိဖြစ်နေသော ကျားမလေးကို ကြည့်ရင်း ကျောင်းအုပ်ကြီးသည် သူတို့အနားသို့ ခုန်ဆင်းလာကာ "ရွှီရန်... ငါ ပြောသင့်မပြောသင့် မသေချာတဲ့ ကိစ္စတစ်ခု ရှိလို့ပါ..." ဟု ပြောလိုက်သည်။
ရွှီရန်က ကျောင်းအုပ်ကြီးကို တစ်ချက်စောင်းကြည့်ကာ "ပြောပါ" ဟု ခွင့်ပြုလိုက်၏။
ကျောင်းအုပ်ကြီးက ချောင်းနှစ်ချက်ဟန့်လိုက်ပြီး "အဟမ်း... ယွီဟိန်လေးအတွက် တိုက်ခိုက်ရေး နည်းစနစ်တစ်ခုလောက် ဖော်ထုတ်ပေးလို့ ရမလား။ သူမမှာ အချိန်အခြေခံအရိုးအဆစ်ရှိနေပေမဲ့ တိုက်ခိုက်ရေးစွမ်းအားကတော့ အတော်လေးကို အားနည်းနေလို့ပါ"
ရွှီရန်သည် ခေါင်းမော့ကြည့်လိုက်ရာ သူ၏အကြည့်မှာ ပရိသတ်ထိုင်ခုံတန်းတွင် ထိုင်နေသော ဆံပင်ဖြူဖြူနှင့် မိန်းကလေးငယ်လေးထံသို့ ကျရောက်သွားတော့သည်။
"ဆရာမ လီချင်းဟုန်း၊ ကျူးယွီဟိန်ကို ဒီအောက် ခေါ်ခဲ့ပေးပါဦး"
လီချင်းဟုန်းက အမူအရာအေးစက်စက်ဖြင့် ကျူးယွီဟိန်ကို ချီမကာ သားရဲတိုက်ခိုက်ရေးကွင်း၏ အလယ်ဗဟိုသို့ ပစ်ချ လိုက်ပြီး "ရောက်ပါပြီ" ဟု ပြောလိုက်သည်။
"ဒီကလေးမလေးက အခုတလော တော်တော်လေး စိတ်ပူနေတာ။ သူမရဲ့ အချိန်အခြေခံအရိုးအဆစ်ကနေ စွမ်းရည်အသစ်တွေ ထပ်မံမဖော်ထုတ်နိုင်သေးဘူး ဖြစ်နေတယ်။ လက်ရှိ သူမမှာရှိတဲ့ တစ်ခုတည်းသောစွမ်းရည်ဖြစ်တဲ့ အရာခပ်သိမ်း ရပ်တန့်ခြင်းကလည်း စွမ်းအင်စားသုံးမှု အရမ်းများပြီး ထိရောက်မှု သိပ်မရှိတဲ့ ချုပ်ကိုင်မှုစွမ်းရည်မျိုး ဖြစ်နေလို့ပဲ... ပြိုင်ပွဲအတွက် သူ တော်တော်လေး စိုးရိမ်နေရှာတယ်"
ကျူးယွီဟိန်သည် ရွှီရန်ကို ကြောက်ရွံ့စွာဖြင့် တစ်ချက်ကြည့်ပြီး ချက်ချင်းပင် မျက်လုံးလွှဲသွားသည်။
ကျူးယွီဟိန်၏ မျက်ဝန်းများမှာ အပြာရောင်ဖြစ်ပြီး အချိန်ကျောက်မျက် တစ်လုံးကဲ့သို့ ကြည်လင်နေသည်ကို ရွှီရန် သတိထားမိလိုက်သည်။ ကျားမလေး၏ ရွှေရောင်မျက်ဝန်းများနှင့် ယှဉ်လျှင် သူမ၏အလှမှာ တစ်မျိုးတစ်ဖုံ ဆွဲဆောင်မှုရှိနေသည်။
"အရာခပ်သိမ်း ရပ်တန့်ခြင်း စွမ်းရည်က ဘယ်အဆင့်မှာ ရှိနေပြီလဲ။ ကိုကို့အပေါ်မှာ စမ်းသုံးကြည့်ပါလား ကိုယ်တိုင် ခံစားကြည့်ချင်လို့ပါ"
ရွှီရန်က အကြံပြုလိုက်သည်။
လူတိုင်းမှာ ဘေးသို့ အမြန်ဖယ်ပေးလိုက်ကြရာ ကွင်းအလယ်တွင် ရွှီရန်နှင့် ကျူးယွီဟိန်တို့ ငါးမီတာခန့်အကွာ၌ မျက်နှာချင်းဆိုင် ကျန်ရစ်ခဲ့သည်။
"ညီမလေး စတော့မယ်နော်..."
ရွှီရန် "နောက်တစ်ခါ တိုက်ခိုက်တော့မယ်ဆိုရင် စကားမပြောနဲ့။ ကျားမလေးလိုပဲ တိုက်ခိုက်ရေးသမား ကျင့်ဝတ်တွေကို ဂရုမစိုက်ဘဲ ချက်ချင်းပဲ ချောင်းတိုက်ရမယ်"
ကျူးယွီဟိန် "အော်... ဟုတ်ကဲ့ပါ..."
ကျူးယွီဟိန်သည် သူမ၏ ဖြူလွလွ လက်ကလေးကို မြှောက်လိုက်ပြီး မျက်ဝန်းများထဲမှ အပြာရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။ မမြင်နိုင်သော အချိန်စွမ်းအားစုများက ရွှီရန်၏ ပတ်ဝန်းကျင်တွင် စုစည်းလာပြီး သူ့ကို အချိန်ပင်လယ်ကြီးအတွင်းသို့ ဆွဲခေါ်ကာ အေးခဲသွားစေရန် ကြိုးစားနေပုံရသည်။
ဒါက အချိန်ရပ်တန့်ခြင်းလား။
အချိန်စွမ်းအားက ပြင်းထန်လွန်းခြင်းမရှိဘဲ နူးညံ့ပျော့ပြောင်းနေသဖြင့် ရုန်းထွက်ရန် အခွင့်အရေးရှိနေသေးသည်။
ရွှီရန်က အားစိုက်၍ ရုန်းထွက်လိုက်သည်။
ချက်ချင်းပင် ကျူးယွီဟိန်၏ မျက်နှာလေးမှာ ဖြူလျော့သွားပြီး သူမ၏ သွေးလေအင်အားများမှာ လျင်မြန်စွာ ကုန်ခမ်းသွားတော့သည်။ နောက်တစ်စက္ကန့်တွင်မူ အချိန်စွမ်းအားများမှာ အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားတော့သည်။
မိန်းကလေးငယ်လေးမှာ ရင်ဘတ်ကိုဖိကာ အမောတကော အသက်ရှူနေရပြီး နဖူးတွင်လည်း ချွေးစက်များဖြင့် ပြည့်နှက်သွားသည်။
"အင်း... ချုပ်ကိုင်မှုက တော်တော်လေး ကမောက်ကမဖြစ်နေတာပဲ။ ကျားမလေးရဲ့ စေတီငယ်ကိုတောင် မမီဘူး..."
ရွှီရန်က သူ့ဘာသာ တိုးတိုးလေး ရေရွတ်လိုက်မိသည်။
သူသည် အရာခပ်သိမ်း ရပ်တန့်ခြင်းစွမ်းရည်၏ အားနည်းချက်ကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။ ရန်သူက ပိုမိုသန်မာလေလေ ကျူးယွီဟိန်၏ စွမ်းအင်ကုန်ဆုံးမှုက ပိုများလေလေ ဖြစ်သည်။ ရန်သူနှင့် သူမကြား စွမ်းအားကွာခြားချက်က ကြီးမားလွန်းပါက စွမ်းအင်စားသုံးမှုမှာ အဆမတန် မြင့်တက်သွားလိမ့်မည်။ ထိုသို့ဆိုလျှင် သူမ၏ ချုပ်ကိုင်မှုစွမ်းရည်မှာ အလင်းကွင်းကြိုးထက်ပင် အဆပေါင်းများစွာ နိမ့်ကျနေပေလိမ့်မည်။