← Chapters

အခန်း (၁၇၄)

Vol. 18 Ch. 174

အခန်း (၁၇၄)

Vol. 18 Ch. 174

အခန်း ၁၇၄

ရွှီရန်သည် တစ်စုံတစ်ရာကို ကျော်လွန်မသွားစေရန် သူ၏ ခန့်မှန်းချက်များကို အသေအချာ ပြန်လည်ပေါင်းစပ်ပြီးနောက် အလေးအနက် စဉ်းစားနေမိသည်။

အဆုံးတွင် ဤကိစ္စသည် ကျူးယွီဟိန်၏ အနာဂတ် မိန်းကလေးတစ်ယောက်၏ တစ်သက်တာလုံးဆိုင်ရာ ကိစ္စရပ်ဖြစ်သောကြောင့် ပေါ့ပေါ့ဆဆ ဆုံးဖြတ်၍ မရနိုင်ပေ။

"တကယ်တော့... စောစောက ကျွန်တော့်ခေါင်းထဲ လက်ခနဲ ပေါ်လာတဲ့ စိတ်ကူးနဲ့ ခန့်မှန်းချက်က မှန်ကန်တယ်။ ဒါမှမဟုတ် တကယ်ဖြစ်နိုင်တယ်လို့ ကျွန်တော် အာမမခံနိုင်ဘူးနော်"

ရွှီရန်က အမှားအယွင်းမရှိစေရန် အရင်ဆုံး ကြိုတင်သတိပေးလိုက်သည်။ သူသည်လည်း လုံးဝဥဿုံ သေချာနေခြင်းမျိုး မဟုတ်ဘဲ ယူဆချက်တစ်ခုအဖြစ်သာ တင်ပြခြင်းဖြစ်သည်။

ကျောင်းအုပ်ကြီး၏ အကြည့်များတွင် မျှော်လင့်ချက်များ ပြည့်နှက်နေသည်။

"ရပါတယ် ပြောသာပြောပါ။ အခုက ငါတို့တွေ အကြံဉာဏ်တွေ ဖလှယ်နေကြတာပဲ။ မင်း ရဲရဲဝံ့ဝံ့သာ ခန့်မှန်းကြည့်စမ်းပါ။ တကယ်လို့ မှားသွားရင်တောင် ဘာမှမဖြစ်ဘူး။ ဒါပေမဲ့ မင်းက အမြဲတမ်း အံ့ဖွယ်တွေ ကို ဖန်တီးတတ်တဲ့သူဆိုတော့ ဒီတစ်ခါရော အောင်မြင်သွားမလားဆိုတာ ဘယ်သူသိမှာလဲ"

အိပ်မက်ဆိုး ကလဲ့စားချေမိခင်ကို သတ်ဖြတ်ခြင်း၊ ကိုယ်ပိုင်ကျင့်စဉ်ကို ဖော်ထုတ်ခြင်း၊ ကိုယ်ပျောက်စွမ်းရည်နှင့် ဓားသိုင်းကို ဖန်တီးခြင်းစသည့် တောက်ပလှသော အောင်မြင်မှုများကြောင့် ကျောင်းအုပ်ကြီး၏ ရွှီရန်အပေါ်ထားသော မျှော်လင့်ချက်မှာ သာမန်ထက် ကျော်လွန်နေပြီဖြစ်သည်။

တစ်ခုခုဖြစ်တိုင်း "ဉာဏ်အလင်းပွင့် အရိုးအဆစ်ပိုင်ရှင် ရွှီရန်ကိုပဲ မေးကြည့်ရအောင်" ဟု ပထမဆုံး စဉ်းစားမိသည်အထိပင်။ ကျောင်းအုပ်ကြီးတင်မက ဆရာများ၊ ကျားမလေးနှင့် ကျူးယွီဟိန်တို့ပါ ရွှီရန်ကို မျှော်လင့်တကြီး စိုက်ကြည့်နေကြသည်။

လူတိုင်း၏ အားကိုးတကြီး ကြည့်နေခြင်းကို ခံနေရသော ရွှီရန်က နွေးထွေးသော အမူအရာဖြင့်

စကားစလိုက်သည်။

"ကျောင်းအုပ်ကြီး... ကျွန်တော် အရင်တုန်းက ကျောင်းအုပ်ကြီးဆီမှာ လက်နက်တစ်ခု လဲလှယ်ဖို့ တောင်းဆိုခဲ့တာ မှတ်မိသေးလား"

ကျောင်းအုပ်ကြီးမှာ ဇဝေဇဝါ ဖြစ်သွားသည်။ ဤသည်မှာ ခန့်မှန်းချက် မဟုတ်ဘဲ အတိတ်က ကိစ္စတစ်ခု ဖြစ်နေသောကြောင့်ပင်။ သို့သော် ထိုအချက်က တစ်စုံတစ်ရာဆီသို့ ဦးတည်နေကြောင်း သူ သိလိုက်သည်။

ကျောင်းအုပ်ကြီးက အလေးအနက် ပြန်လည်စဉ်းစားကြည့်ပြီး "မှတ်မိတာပေါ့။ မင်းကိုယ်တိုင် ဖန်တီးထားတဲ့ စူပါပေါက်ကွဲအားပြင်း ဓားချက်က အရမ်းကို ပြင်းထန်လွန်းတာကြောင့် အဆင့်မြင့်လက်နက်တစ်ခုတောင် အချက်သုံးရာလောက် လွှဲယမ်းပြီးတာနဲ့ အက်ကြောင်းတွေထင်ပြီး ပျက်စီးလုနီးပါး ဖြစ်သွားခဲ့တယ်လေ။ အဲဒါကြောင့်ပဲ မင်း ငါ့ဆီမှာ ဓားသစ်တစ်လက် လာလဲခဲ့တာမဟုတ်လား"

ရွှီရန်က ခေါင်းညိတ်လိုက်သည်။

"ဟုတ်ကဲ့။ အဲဒါက ကျွန်တော့်ရဲ့ ယူဆချက်အတွက် ပထမဆုံး အရင်းအမြစ်ပါပဲ။"

"ဒါ့အပြင် စောစောက ကျားမလေး သူ့ဘာသာ တိုးတိုးလေး ရေရွတ်သွားတဲ့ စကားက ကျွန်တော့်ရဲ့ ဒုတိယမြောက် အရင်းအမြစ် ဖြစ်လာခဲ့တယ်"

ကျားမလေးက သူမ၏ ရွှေရောင်မျက်ဝန်းလေးများကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း "ညီမလေး ဘာပြောမိလို့လဲဟင်... မမှတ်မိတော့ဘူး..."

ကျားမလေး၏ အပြစ်ကင်းစင်သော အမူအရာကိုကြည့်ပြီး ရွှီရန်မှာ ရယ်မောမိသွားသည်။

"မင်းက စူပါပေါက်ကွဲအားပြင်း ဓားချက်ကို သင်လို့မရဘူး။ အတင်းသင်ရင် မင်းရဲ့ခန္ဓာကိုယ်ကြီး အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားလိမ့်မယ်လို့ ပြောခဲ့တယ်လေ။ မင်း ဒါကို ကိုကို့ကို အကြိမ်ကြိမ် ပြောဖူးတယ်"

ကျားမလေးက သူမ၏ ခေါင်းလေးကို ညိတ်ပြသည်။

"အော်... အဲဒါ ပြောတာလား။ ဟုတ်တယ် ညီမလေး ဆက်ပြီး သင်ယူနေရင် ခန္ဓာကိုယ်ကြီး ကွဲအက်သွားတော့မယ်လို့ တကယ်ပဲ ကြိုတင်နိမိတ် ခံစားနေရတာ။ ညီမလေး မလိမ်ပါဘူး။ အဲဒါက ညီမလေးကို အရမ်းကြောက်သွားစေလို့ ရင်တွေတောင် တုန်နေတာ"

ကျားမလေးက စိတ်လှုပ်ရှားစွာဖြင့် ပတ်ဝန်းကျင်က လေတွေကို အားပါးတရ ရှူသွင်းလိုက်ပြီး ကြောက်လန့်နေဟန်ကို ပုံကြီးချဲ့ ပြလိုက်သည်။

ကျားမလေးထံမှ အတည်ပြုချက် ရရှိပြီးနောက်တွင်မူ ရွှီရန်က ယုံကြည်မှုအပြည့်ဖြင့် စတင်ခွဲခြမ်းစိတ်ဖြာတော့သည်။

"ပထမအချက်ကတော့ ကျွန်တော့်ရဲ့ စူပါပေါက်ကွဲအားပြင်း ဓားချက်က အလွန်အစွမ်းထက်တဲ့ ဓားသိုင်းတစ်ခုဆိုတာ အားလုံးသိကြပါတယ်။ အဲဒါက ထူးကဲလွန်းတာကြောင့် အဆင့်မြင့်လက်နက်တစ်ခုတောင် အချက်သုံးရာပဲ ခံနိုင်ရည်ရှိပြီး ပျက်စီးသွားရတယ်။ အဲဒီလိုပဲ အဆင့်မြင့်ဆုံးလက်နက်ဆိုရင်တော့ အချက်သုံးထောင်လောက် ခံနိုင်ရည်ရှိမယ်။ ဒါကို ကြည့်ခြင်းအားဖြင့် စွမ်းအားတွေ တိုးလာတာနဲ့အမျှ နတ်ဘုရားစွမ်းရည်တစ်ခုကို လက်ခံနိုင်စွမ်းရှိတဲ့ လက်နက်ရဲ့ ကြံ့ခိုင်မှုကလည်း လိုက်ပြီး တိုးလာရမယ်ဆိုတာ သိသာပါတယ်"

"ဒါကို အခြေခံပြီး ကျွန်တော်တို့ တွက်ဆကြည့်လို့ရတာက... တကယ်လို့ အချိန်အခြေခံအရိုးအဆစ်ကသာ အတိုင်းအဆမရှိ အစွမ်းထက်နေမယ်ဆိုရင် အဲဒီစွမ်းအားကို သယ်ဆောင်ထားနိုင်ဖို့ အဆင့်မြင့်တဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုမျိုး မလိုအပ်ဘူးလား"

"တကယ်လို့ ခန္ဓာကိုယ်က အဲဒီစွမ်းအားကို မထိန်းထားနိုင်ဘူးဆိုရင် ဘယ်လို ဖြစ်ရပ်မျိုး ဖြစ်လာနိုင်မလဲ"

ရွှီရန်က လူအုပ်ကြီးကို စိုက်ကြည့်လိုက်သည်။

ကျောင်းအုပ်ကြီးက တွေးတောရင်း "ကောင်းကင်ဘုံ၏ ပြစ်ဒဏ်ခတ်ခြင်းဖြစ်ရပ်မျိုး ပေါ်ပေါက်လာလိမ့်မယ်..."

ကျားမလေး၏ ကြောက်လန့်တကြား အမူအရာမှာ ပိုမိုကြီးကျယ်လာပြီး လက်ဟန်ခြေဟန်များဖြင့် အားပါးတရ ရှင်းပြနေတော့သည်။

"ဟုတ်တယ် အဲဒါက တကယ့်ကို ကြောက်စရာကောင်းတဲ့ ကောင်းကင်ဘုံ၏ ပြစ်ဒဏ်ခတ်ခြင်းဖြစ်ရပ်ပဲ။ ညီမလေး အဲဒါကို သုံးကြိမ်တောင် ကြုံဖူးတယ် တစ်ခါဖြစ်တိုင်း ငရဲကို ဆွဲချခံရသလိုမျိုး ခံစားရတာ"

အတိတ်က နာကျင်မှုတွေကို ပြန်ပြောပြနေတာ ဖြစ်ပေမဲ့ အခုအချိန်မှာတော့ ကျားမလေးက ပေါ့ပေါ့ပါးပါးနှင့် တက်ကြွစွာ ပြောဆိုနေသောကြောင့် သူမက ထိုဒဏ်များကို ကြံ့ကြံ့ခံ၍ ကျော်ဖြတ်နိုင်ခဲ့မှန်း သိသာသည်။

ရွှီရန်က တောက်ပစွာ ပြုံးလိုက်ပြီး "ကျားမလေးက ကံကောင်းလို့ပါ... သူမက အဲဒီပြစ်ဒဏ်ကို ကျော်ဖြတ်နိုင်ခဲ့ပေမဲ့ တကယ့် စူပါပါရမီရှင် အတော်များများကတော့ကျရောက်လာတဲ့အခါ အတိုင်းအဆမရှိတဲ့ ညှဉ်းပန်းနှိပ်စက်မှုကို ခံစားရပြီး ချက်ချင်း သေဆုံးသွားတတ်ကြတယ်။ ကံကောင်းလို့ အသက်ရှင်ကျန်ရစ်သူတွေတောင် လေဖြတ်တာ ဒါမှမဟုတ် မသန်မစွမ်း ဖြစ်သွားတတ်ကြတယ်..."

"ဘာကြောင့် သူတို့ လေဖြတ်တာ။ မသန်မစွမ်းဖြစ်တာ ဒါမှမဟုတ် ပြာဖြစ်အောင် လောင်ကျွမ်းသွားရတာလဲ အဖြေကတော့ သူတို့ရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုမလုံလောက်လို့ပဲ။ လုံလောက်တဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှု မရှိဘဲနဲ့ ထူးကဲတဲ့ စွမ်းအားတွေကို သဘာဝအတိုင်း မသယ်ဆောင်နိုင်ကြဘူးလေ..."

ကျောင်းအုပ်ကြီးက သံသယဖြစ်စွာဖြင့် "ဒါပေမဲ့ ယွီဟိန်လေးက ပြစ်ဒဏ်ခတ်ခံရသူ မဟုတ်ဘူးလေ... သူမရဲ့ အရိုးအဆစ်က မွေးရာပါအတိုင်း ပုံပေါ်လာတာပဲ... ပြီးတော့ သူမ ဘယ်တုန်းကမှလည်း ဒဏ်ကို မခံစားခဲ့ရဖူးဘူး"

ရွှီရန်က ခေတ္တရပ်လိုက်ပြီး "အဲဒါက ကျွန်တော့်ရဲ့ ခန့်မှန်းချက်ပါပဲ။ အချို့သော ဖြစ်ရပ်တွေက အလွန်အမင်း နူးညံ့လွန်းနေလို့လား။ ဘယ်လောက်တောင် နူးညံ့သလဲဆိုရင် ဖြစ်တောင်မလာတော့တဲ့ အထိပေါ့"

ကျောင်းအုပ်ကြီးက တစ်စုံတစ်ခုကို ရုတ်တရက် နားလည်သွားပုံပင်။

"မင်း ဆိုလိုတာက... ယွီဟိန်လေးရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုက မလုံလောက်သေးလို့ သူမရဲ့ အချိန်အခြေခံအရိုးအဆစ်က ဒုတိယအဆင့် စွမ်းရည်တွေကို မဖော်ထုတ်နိုင်သေးတာလား။ သူမရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှု တိုးတက်လာတဲ့ အခါမှသာ ဒုတိယအဆင့် စွမ်းရည်တွေ ပေါ်လာလိမ့်မယ်လို့ မင်းပြောချင်တာလား"

ရွှီရန်က ခေါင်းညိတ်လိုက်ပြီး "အချိန်အရိုးအဆစ်နဲ့ ကျားမလေးရဲ့ အရိုးအဆစ်က တူညီတဲ့ အဆင့်အတန်းမှာ ရှိနေတယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါကြောင့် သူမမှာလည်း အဆင့်သုံးဆင့် စွမ်းရည်တွေ ရှိသင့်တာပေါ့။ ဒါပေမဲ့ အခုက ပထမအဆင့်ပဲ ရှိနေသေးတယ်ဆိုတော့ တစ်စုံတစ်ခုသော အကြောင်းပြချက်ကြောင့် ဒုတိယအဆင့်က ရောက်မလာသေးတာပဲ ဖြစ်ရမယ်။ ဘာကြောင့်လဲ"

"ကျွန်တော်တို့ ကျားမလေးကို နမူနာယူကြည့်လို့ ရပါတယ်။ သူမ ကြုံရတိုင်း စစ်မှန်သောသွေးတွေကို စုပ်ယူခဲ့ရတယ်။ တတိယအကြိမ်မှာဆိုရင် အဆင့် ၈ စစ်မှန်သောသွေး အစက် ၁၀၀ ကျော်အထိ သုံးခဲ့ရလို့ သူမရဲ့ တတိယမြောက် စွမ်းရည်ကို ဖွင့်နိုင်ခဲ့တာ။ ယွီဟိန်လေးကရော သူမရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုက သိသိသာသာ တိုးတက်မှု မရှိသေးဘူး။ ဒါက ဒုတိယအဆင့် စွမ်းရည်ကို ဖွင့်ဖို့ လိုအပ်တဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှု အဆင့်ကို မရောက်သေးဘူးဆိုတာ ပြနေတာပဲ"

All Chapters