အခန်း (၁၇၅)
Vol. 18 Ch. 175
အခန်း။ ၁၇၅
ဒိုင်းကာပါရမီရှင်တစ်ယောက် ဖြစ်နေပါစေဦး... ဒိုင်းကာသာ ပွင့်ထွက်သွားရင် ခန္ဓာကိုယ်က အလွန်အမင်း ထိခိုက်လွယ်သွားတာပါပဲ။ ဒါကြောင့် ဒိုင်းကာကို ဘယ်အချိန်မှာ ပြန်ဖြည့်မလဲဆိုတာက တိုက်ပွဲရဲ့ အဓိကဒဿနတစ်ခု ဖြစ်နေတာပါ။
ဆရာများမှာ စိတ်ပျက်လက်ပျက် ဖြစ်သွားကြသည်။
"ခန္ဓာကိုယ် ကြံ့ခိုင်မှုကို မြှင့်တင်ဖို့ဆိုတာ ကြယ်ကို လှမ်းဖမ်းသလိုပါပဲ။ လူသားတွေအနေနဲ့ အဲဒီလိုမျိုး ကျင့်စဉ်မျိုးကို မတွေ့ရှိသေးပါဘူး။ ကျွန်တော်တို့ လုပ်နိုင်တာက ခန္ဓာကိုယ်ကို လေ့ကျင့်ပေးရုံပါပဲ။ ဒါက ကျင့်ကြံသူကို သာမန်ကိုယ်လက်ကြံ့ခိုင်မှု ရှိစေပေမဲ့ ဒုတိယအဆင့် စွမ်းရည်တွေကို ဖွင့်ပေးနိုင်လောက်တဲ့အထိတော့ မသန်မာစေဘူး..."
ကျောင်းအုပ်ကြီးကလည်း နားထင်ကိုပွတ်ရင်း အခက်တွေ့နေသည်။
"အရမ်းခက်တာပဲ။ အဖြေသာရှိရင် ငါတို့တွေ လုပ်ခဲ့တာ ကြာပါပြီ။ ဒြပ်ဆွဲအားလေ့ကျင့်ခန်းဆိုတာကလည်း ခံနိုင်ရည်နဲ့ အရိုးအဆစ်ရဲ့ စွမ်းဆောင်ရည်ကိုပဲ မြှင့်တင်ပေးနိုင်တာလေ"
"ဒါနဲ့ ယွီဟိန်လေးကို စစ်မှန်သောသွေးတွေ သုံးကြည့်ရင်ရော... ခန္ဓာကိုယ် ကြံ့ခိုင်မှု တိုးမလာနိုင်ဘူးလား။ ဟို ကျားမလေး လျိုလီလိုမျိုးပေါ့..."
ရွှီရန်က ခေါင်းခါလိုက်သည်။
"မရပါဘူး၊ လုံးဝ မဖြစ်နိုင်ဘူး။ သူမရဲ့ အခြေအနေနဲ့ ကျားမလေးရဲ့ အခြေအနေက လုံးဝ ဆန့်ကျင်ဘက်ပဲ။ အဲ့ဖြစ်စဉ် ဖြစ်ပေါ်လာတဲ့အခါ ကျားမလေးရဲ့ အရိုးအဆစ်က အလွန်အမင်း သန်မာနေပြီး ရှင်သန်ဖို့အတွက် စွမ်းအားအားလုံးကို စုပ်ယူပစ်တာ။ ဒါကြောင့် စစ်မှန်သောသွေးက ဖျက်ဆီးမှု မလုပ်နိုင်ခင်မှာတင် အကုန်ခမ်းသွားတာလေ"
"ယွီဟိန်လေးကတော့ အဲဒီလို မလုပ်နိုင်ဘူး။ သူမသာ စစ်မှန်သောသွေးကို သုံးလိုက်ရင် အဲဒါက ဖျက်ဆီးမှုတွေပဲ ဖြစ်လာပြီး သူမရဲ့ အရိုးအဆစ်က စုပ်ယူနိုင်မှာ မဟုတ်ဘူး။ သူမရဲ့ အရိုးအဆစ်က အတွင်းအားကိုပဲ လိုအပ်တာ"
ကျောင်းအုပ်ကြီးမှာ ပို၍ စိုးရိမ်သွားသည်။
"ဒါဆို ငါတို့တွေ ဘာလုပ်ကြမလဲ။ သူမရဲ့ အရိုးအဆစ်က အလားအလာ အကြီးကြီး ရှိနေတာ ထင်ရှားပေမဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှု အားနည်းနေတာကြောင့် သူမက တဖြည်းဖြည်း နောက်ကျ ကျန်ရစ်နေပြီ..."
"ငါလည်း သူငယ်ချင်းတွေနဲ့ အစီအစဉ်တွေ အများကြီး စဉ်းစားခဲ့ဖူးပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာ ဘယ်ဟာမှ အားကိုးလို့ မရခဲ့ဘူး"
ကျောင်းအုပ်ကြီး၏ စိုးရိမ်နေသော မျက်နှာထားကို မြင်သောအခါ ကျူးယွီဟိန်မှာ နှုတ်ခမ်းလေးကို တင်းတင်းကိုက်ထားမိသည်။ သူမသည် အခြေအနေ၏ ပြင်းထန်မှုကို နားလည်သွားပြီး အလွန်ပင် စိတ်အားငယ်သွားရှာသည်...
ရွှီရန်က လက်နှစ်ဖက်ကို ဖြန့်ပြကာ ကူကယ်ရာမဲ့ဟန်ဖြင့် "ဖြည်းဖြည်းချင်းပဲ လေ့ကျင့်သွားရမှာပေါ့။ ဖြစ်နိုင်တာကတော့ ယွဲ့နယ်ပယ်ကို ရောက်သွားတဲ့အခါမှ သူမရဲ့ ဒုတိယအဆင့် စွမ်းရည်တွေ နိုးကြားလာနိုင်တာမျိုးပေါ့"
ကျောင်းအုပ်ကြီးက သက်ပြင်းချလျက် "ဒါဆို နိုင်ငံတော်အဆင့် ရွေးချယ်ပွဲကျရင် ဘယ်လိုလုပ်မလဲ..."
ကျားမလေးက ရုတ်တရက် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး "အချိန်ကျရင် ညီမလေး သူမကိုပဲ ရွေးမှာပေါ့"
ကျောင်းအုပ်ကြီးက ခါးသီးစွာ ပြုံးလိုက်ပြီး "မင်းကလည်း... အရင်ဆုံး ထိပ်သီး ၁၀ ယောက်စာရင်းထဲ ဝင်အောင် လုပ်ဦးလေ အဲဒီ ထိပ်သီး ၁၀ ယောက်ပဲ အသင်းခေါင်းဆောင် ဖြစ်ခွင့်ရှိတာ"
ကျားမလေး၏ တိုက်ခိုက်လိုစိတ်မှာ အဟုန်ထိုး မြင့်တက်လာပြီး သူမ၏ ရွှေရောင်မျက်ဝန်းများမှာ တောက်ပစွာ ဝင်းလက်နေသည်။
"ညီမလေးရဲ့ တိုက်ခိုက်ရေးစွမ်းရည်နဲ့ဆိုရင် ထိပ်သီး ၁၀ ယောက်ထဲကို သေချာပေါက် ဝင်မှာပါ"
ရွှီရန်က ကျားမလေး၏ ခေါင်းကို အသာအယာ ပုတ်လိုက်ရင်း "ဒါကတော့ ပြောရခက်
တယ်နော်။ မင်းက ကိုကို့ထက် နှစ်လတောင် ငယ်တာပဲကို"
ကျားမလေးက အရှုံးမပေးလိုသဖြင့် ရွှီရန်၏လက်ကို တွန်းဖယ်လိုက်ကာ "ညီမလေး တကယ်ဝင်မှာပါ။ မဟုတ်ဘူး... ပထမဆုကိုတောင် ယူမှာ"
ရွှီရန် "မင်း ကိုကို့ကို နိုင်မှာမို့လို့လား"
တိုက်ခိုက်လိုစိတ် ပြည့်နှက်နေသော ကျားမလေး၏ ရွှေရောင်မျက်ဝန်းများမှာ ချက်ချင်းပင် အရောင်မှိန်သွားတော့သည်။ သူမ၏ စိတ်ကူးထဲတွင် ရုပ်သေးစစ်တပ်ကြီးကို အနောက်မှာ ထားပြီး မတ်တပ်ရပ်နေသော ရွှီရန်၏ ပုံရိပ်ကြီးနှင့် ရွှေရောင်စေတီကို လက်ဗလာဖြင့် ဖမ်းယူခဲ့သော ကြောက်မက်ဖွယ် မြင်ကွင်းက ပေါ်လာသောကြောင့်ပင်။
ကိုကိုရွှီရန်က သူ့ရဲ့ လျှို့ဝှက်ဆန်းကြယ်လှတဲ့ ဓားသိုင်းကိုတောင် မသုံးရသေးဘူးလေ...
ကျားမလေးက ခေါင်းလေး ငိုက်စိုက်ကျသွားသည်။
"ဘာလို့ ဒီလိုကြီး ဖြစ်နေရတာလဲ..."
ကျားမလေး၏ တက်ကြွလှသော စိတ်ဓာတ်မှာ သူမ၏ ကျင့်ကြံမှုစိတ်ဓာတ်အကြီးအကျယ် တုန်လှုပ်သွားမှုကြောင့် လမ်းတစ်ဝက်မှာတင် ပြိုလဲသွားရရှာသည်။
ကျူးယွီဟိန် "..."
သူမသည် ရွှီရန်နှင့် ကျားမလေးတို့၏ ဆူညံပွက်လောရိုက်နေမှုကို ကြည့်ရင်း အားနာသလို ခံစားနေရသည်။ သို့သော် သူမက နွေးထွေးသော အပြုံးလေးကို အတင်းဖန်တီးကာ "ညီမလေး တကယ်အဆင်ပြေပါတယ်။ ညီမလေး အစွမ်းကုန် ကြိုးစားမှာပါ။ ဘယ်သူကမှ ညီမလေးကို အထူးတလည် ရွေးချယ်ပေးဖို့ ဒါမှမဟုတ် စောင့်ရှောက်ပေးဖို့ မလိုပါဘူး"
သူမသည် နူးညံ့သိမ်မွေ့ပြီး အားနွဲ့ပုံပေါ်သော်လည်း သူမ၏ စိတ်ဓာတ်မှာမူ ဂုဏ်သိက္ခာအပြည့်ရှိနေသည်။
ကျောင်းအုပ်ကြီးမှာ ရုတ်တရက် မျက်နှာဝင်းပသွားပြီး "ရွှီရန်... မင်း နှစ်ရက် သုံးရက်လောက် အချိန်ယူပြီး ခန္ဓာကိုယ် ကြံ့ခိုင်မှုကို မြှင့်တင်ပေးမယ့် ကျင့်စဉ်တစ်ခုလောက် ဖန်တီးပေးရင်ရော ဘယ်လိုလဲ"
ရွှီရန် "..."
ဒီကျောင်းအုပ်ကြီးကတော့ လိုချင်တာတွေကိုပဲ အလွယ်တကူ တွေးနေတော့တာပဲလား။
"ကျွန်တော့်မှာ အဲဒီလို အစွမ်းမျိုး မရှိပါဘူး"
ရွှီရန်ကဲ့သို့ ပါရမီရှင်တစ်ဦးအတွက်ပင် ခန္ဓာကိုယ်ကျင့်စဉ်တစ်ခုကို အစမှ ဖန်တီးရန်မှာ အလွန်စိန်ခေါ်မှုကြီးမားလှသည်။
လူသား၏ အရိုး၊ အသားနှင့် ကိုယ်တွင်းအင်္ဂါများသည် သွေးလေအင်အားကို ထိန်းထားနိုင်ရန် သဘာဝအလျောက် ကန့်သတ်ချက် ရှိသည်။ ခန္ဓာကိုယ်ကို သံမဏိလို မာကျောစေရန်မှာ သွေးလေအင်အားကို အဆပေါင်းများစွာ သိပ်သည်းအောင် ဖိသိပ်ရမည်ဖြစ်ပြီး ထိုသို့ပြုလုပ်ရန်မှာ ခန္ဓာကိုယ်ကို ပြာဖြစ်သွားစေနိုင်သည့် အန္တရာယ်ရှိသည်။
ယခုအချိန်အထိ လူသားသမိုင်းတွင် ခန္ဓာကိုယ်ကို သီးသန့်မြှင့်တင်ပေးနိုင်သည့် အောင်မြင်သော ကျင့်စဉ်မျိုး မရှိသေးပေ။
ကျောင်းအုပ်ကြီးက ဇွတ်တရုတ်ပင် ဆက်လက်တိုက်တွန်းနေပြန်သည်။
"မင်း လုပ်နိုင်ပါတယ်။ အခုပဲ ကြိုးစားကြည့်လိုက်စမ်းပါ... မင်းက အံ့ဖွယ်တွေကို ဖန်တီးတဲ့ အရိုးအဆစ် ပိုင်ရှင်ပဲလေ"
ရွှီရန် "ကျွန်တော့်မှာ တကယ်ပဲ အဲဒီအစွမ်း မရှိတာပါဗျာ"
သူသည်လည်း ကြိုးစားကြည့်ရန် စဉ်းစားခဲ့ဖူးသည်။ သို့သော် သူ၏ အဆင့်မြင့် ဉာဏ်
အလင်းပွင့်မှုသည် ဝိညာဉ်ကျင့်စဉ်များ သို့မဟုတ် ခန္ဓာကိုယ်ကျင့်စဉ်များကို အစမှအဆုံး ဖန်တီးပေးနိုင်စွမ်း မရှိသေးပေ။ ရှိပြီးသား အခြေခံဗဟုသုတများပေါ်တွင် မူတည်၍ သွေးလေအင်အားကျင့်စဉ်များကိုသာ ပိုမိုကောင်းမွန်အောင် ပြုပြင်ပေးနိုင်ခြင်းဖြစ်သည်။ အဆင့်မြင့် ဉာဏ်အလင်းပွင့်မှုသည် ဒုတိယအဆင့်မျှသာ ရှိသေးပြီး အရာရာကို လုပ်ဆောင်နိုင်သည့် နတ်ဘုရား အဆင့်တော့ မဟုတ်သေးပေ။
ကျောင်းအုပ်ကြီးက စိတ်ပျက်လက်ပျက်ဖြင့် ရေရွတ်လိုက်သည်။
"ဒါဆိုရင်... တကယ်ပဲ အဖြေမရှိတော့ဘူးပေါ့လေ"
အားနည်းလှသော အရာခပ်သိမ်း ရပ်တန့်ခြင်းစွမ်းရည်တစ်ခုတည်းနှင့်ဆိုလျှင် နိုင်ငံတော်အဆင့် ရွေးချယ်ပွဲတွင် အဆင့်ကောင်းရရန် ခက်ခဲလိမ့်မည်ဖြစ်ပြီး နတ်ဘုရားသတ်တပ်ဖွဲ့ သို့ ဝင်ခွင့်ရရန်မှာ ပို၍ပင် မဖြစ်နိုင်တော့ပေ။
ကျူးယွီဟိန်က ပြတ်သားစွာ ပြုံးလိုက်ပြီး "ကျောင်းအုပ်ကြီး... ညီမလေး အစွမ်းကုန် ကြိုးစားမှာပါ။ ညီမလေးအတွက် စိတ်မပူပါနဲ့"
ရွှီရန်သည် ကျူးယွီဟိန်ကို စိုက်ကြည့်နေမိသည်။
ရုတ်တရက်... အန္တရာယ်များလှသော အတွေးတစ်ခု သူ့ခေါင်းထဲသို့ ရောက်လာသည်။
အမှန်တကယ်တော့ ကျူးယွီဟိန်၏ အခက်အခဲကို ဖြေရှင်းရန် နည်းလမ်းတစ်ခု သူ့တွင် ရှိကောင်းရှိနိုင်သည်။ သို့သော် ထိုနည်းလမ်းမှာ အတိုင်းအဆမရှိ အန္တရာယ်များလှသည်။
ရွှီရန်တွင် ခန္ဓာကိုယ်ကို သန့်စင်ပေးနိုင်သော နိဗ္ဗာန်ကူးပြောင်းခြင်းကို ဖြစ်ပေါ်စေကာ မည်သည့်အရာကမျှ မဖျက်ဆီးနိုင်သော ကြံ့ခိုင်သည့်ခန္ဓာကိုယ်အဖြစ် ပြောင်းလဲပေးနိုင်သည့် အရင်းအမြစ်တစ်ခု ရှိနေသည်။ ကျားမလေး၏ ရွှေရောင်စေတီကဲ့သို့ မာကျောလှသော အရာကိုပင် လက်ဗလာနှင့် ဖမ်းနိုင်သည်အထိ သန်မာစေမည့် အစွမ်းမျိုး ဖြစ်သည်။
၎င်းသည် အလွန်အစွမ်းထက်ပြီး ပြင်းထန်လှသည်။
ထို့ပြင် ၎င်းကို အသုံးပြုရန် သွေးလေအင်အားလုံးဝ ကုန်ခမ်းရန် မလိုပေ။
ရွှီရန်သည် သူ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှု သက်သက်ဖြင့်ပင် ကျားမလေးကို အလွယ်တကူ အောင်နိုင်စွမ်း ရှိသည်။ စောစောက သူသည် ကျားမလေးနှင့် ကစားနေခြင်းသာ ဖြစ်သည်။
ဤသို့ မည်သူမျှ မယှဉ်နိုင်သော ခန္ဓာကိုယ်စွမ်းအား၏ အရင်းအမြစ်မှာ သတ်ဖြတ်ခြင်းနှလုံးသားမှ သန့်စင်ကာ ထုတ်လုပ်ထားသည့် အဆင့်မြင့်အရင်းအမြစ် ကပ်ဘေးမီးလျှံပင်။
ဒါကို ကျူးယွီဟိန်ကို ပေးလိုက်သင့်လား။
ရွှီရန် ဝေခွဲမရဖြစ်နေသည်။ ကပ်ဘေးမီးလျှံ၏ အန္တရာယ်မှာ အလွန်ပင် ကြီးမားလှသည်။ ခြေလှမ်းတစ်ချက် မှားလိုက်သည်နှင့် အသက်ပျောက်သွားနိုင်သည်။
ရွှီရန်ကိုယ်တိုင် တောင့်ခံနိုင်ခဲ့ခြင်းမှာ မွေးရာပါ ဗတ္တိဇံသုံးမျိုးကြောင့် ရရှိထားသည့် အသက်
ကန့်သတ်ချက် တိုးလာခြင်း၊ ကိုယ်လက်အင်္ဂါ ပြန်လည်ပေါက်ဖွားနိုင်ခြင်း၊ သတ်ဖြတ်ခြင်းနှလုံးသားတို့ ပေါင်းစပ်ထား၍သာ ဖြစ်သည်။
မရှုံးနိမ့်နိုင်သော ခန္ဓာကိုယ်ရရှိရန် လိုအပ်ချက်များက အလွန်ပင် ခက်ခဲကြမ်းတမ်းလှသည်။ ထိုအရာများဖြင့် ကျူးယွီဟိန်ကို အန္တရာယ်ပြုမိမှာကို ရွှီရန် စိုးရိမ်နေသည်။ ကျူးယွီဟိန်၏ ခန္ဓာကိုယ်မှာ မွေးရာပါ အားနည်းလှသဖြင့် ကပ်ဘေးမီးလျှံသာ သူမကို လောင်ကျွမ်းစေပါက သူမသည် ပြာအဖြစ်သို့ပင် ပြောင်းလဲသွားနိုင်သည်။
အကယ်၍သာ သူမ တောင့်ခံနိုင်ခဲ့မည်ဆိုလျှင်တော့ ကျူးယွီဟိန်၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာ သိသိသာသာ တိုးတက်လာမည်ဖြစ်ပြီး အချိန်အခြေခံအရိုးအဆစ်၏ ဒုတိယအဆင့် စွမ်းရည်များလည်း ပေါ်ထွက်လာပေလိမ့်မည်။
သို့သော်... အန္တရာယ်က ကြီးမားလွန်းသည်။ အကောင်းဆုံး ခန့်မှန်းချက်အရပင် အောင်မြင်နိုင်ခြေမှာ ၅ ရာခိုင်နှုန်း အောက်သာ ရှိပေလိမ့်မည်။
ထို့ထက် ပို၍ ကြောက်စရာကောင်းသည်မှာ ကပ်ဘေးမီးလျှံသည် ကစားစရာမဟုတ်ပေ။ ၎င်းကို တစ်ကြိမ် အသုံးပြုလိုက်သည်နှင့် လမ်းနှစ်သွယ်သာ ရှိတော့သည်။ တောင့်ခံနိုင်၍ ရှင်သန်ခြင်း သို့မဟုတ် သေဆုံးခြင်း ဖြစ်ပြီး ကြားလမ်းဟူ၍ လုံးဝမရှိပေ။
ရွှီရန်က ခေါင်းကို အသာအယာ ခါယမ်းလိုက်သည်။ သို့သော် ကျူးယွီဟိန်၏ လှပသော အပြာရောင်မျက်ဝန်းလေးများကမူ ရွှီရန်ကို အတည်တကျ စိုက်ကြည့်နေသည်။
"ကိုကို... ကိုကို့မှာ နည်းလမ်းတစ်ခုခု ရှိနေပုံပဲ... ညီမလေးကို ပြောပြလို့ ရမလား။ အဲဒါက အရမ်း အန္တရာယ်များရင်တောင်မှ ညီမလေး ကြိုးစားကြည့်ချင်ပါတယ်..."