← Chapters

အခန်း (၁၇၆)

Vol. 18 Ch. 176

အခန်း (၁၇၆)

Vol. 18 Ch. 176

အခန်း ၁၇၆

ကျူးယွီဟိန်၏ အကြည့်များမှာ နူးညံ့နေသော်လည်း သူမ၏ လေသံမှာမူ အလွန်ပင် ပြတ်သားကာ ခိုင်မာလှသည်။

ရွှီရန် "မင်းက အဲဒါကိုတောင် သတိထားမိတာလား။ ကိုကို့ရဲ့ စိတ်ကိုရော ဖတ်နိုင်လို့လား"

ကျူးယွီဟိန်သည် တည်ငြိမ်စွာဖြင့် ခေါင်းခါလိုက်ရာ သူမ၏ ဆံပင်ဖြူဖြူလေးများမှာ လေထဲတွင် အနည်းငယ် လွင့်ပျံသွားသည်။

"မဟုတ်ပါဘူး ကိုကို့ရဲ့ မျက်နှာအမူအရာ အပြောင်းအလဲလေးတွေကို ကြည့်ပြီး သိလိုက်တာပါ"

ဤစကားကို ကြားသောအခါ ကျောင်းအုပ်ကြီးမှာ ကျူးယွီဟိန်ထက်ပင် ပို၍ စိုးရိမ်တကြီး ဖြစ်သွားသည်။

"ရှောင်ရန်... မင်းမှာ ဘယ်လိုနည်းလမ်းမျိုး ရှိနေလို့လဲ..."

ရွှီရန် "အဲဒါက အလွန်အမင်း အန္တရာယ်များပါတယ်။ ကျရှုံးနိုင်ခြေကလည်း အရမ်းမြင့်သလို ကျရှုံးသွားခဲ့ရင် ဘယ်လိုမှ ပြန်ပြင်လို့ မရနိုင်တော့ဘူး"

ကျောင်းအုပ်ကြီးမှာ မှင်တက်သွားပြီး ချွေးစေးများပင် ထွက်လာတော့သည်။

"ဟင် မင်းမှာ အဲဒီလောက် ကြောက်စရာကောင်းတဲ့ နည်းလမ်းမျိုး ရှိနေတာလား။ မင်းကိုယ်တိုင်လည်း ဒီလိုနည်းနဲ့ တိတ်တဆိတ် ကျင့်ကြံနေခဲ့တာတော့ မဟုတ်ပါဘူးနော်"

သူ ပြန်သတိရသွားသည်။ ရွှီရန်သည် အချိန်အတော်ကြာအောင် နေ့တိုင်း သားရဲအရိုးသလင်းခဲတွေကို တိတ်တဆိတ် မြိုချနေခဲ့ပြီး ချွေးတလုံးလုံး ဖြစ်နေတတ်သည်ကို မကြာခဏ မြင်ခဲ့ဖူးသည်။ ရွှီရန်သည် တကယ်ပင် တစ်စုံတစ်ရာသော ကြောက်မက်ဖွယ် ကျင့်စဉ်ကို အသုံးပြုနေခြင်း ဖြစ်နိုင်သည်။

ကျောင်းအုပ်ကြီး၏ အကြည့်ကို မြင်သောအခါ ရွှီရန်မှာ သူ၏ ဂုဏ်သိက္ခာ ထိခိုက်တော့မည်ကို ရိပ်မိလိုက်သည်။

သူသည် အမြန်ပင် ရှင်းပြလိုက်ရသည်။

"လျှောက်တွေးမနေပါနဲ့ ကျောင်းအုပ်ကြီးရာ ကျွန်တော့်မှာ အဲဒီလို ရူးသွပ်တဲ့ ကျင့်စဉ်မျိုး မရှိပါဘူး..."

သို့သော် ကျောင်းအုပ်ကြီးကမူ သံသယအပြည့်ဖြင့်သာ စိုက်ကြည့်နေဆဲပင်။

နောက်ဆုံးတွင် ရွှီရန်မှာ မတတ်သာတော့ဘဲ လူတိုင်း၏ ရှေ့မှောက်တွင် သူ၏ လက်ဖဝါးကို ဖြန့်လိုက်သည်။ ထိုအခါ သူ၏ လက်ဖဝါးပေါ်မှ အနက်ရောင် မီးလျှံတစ်ခုမှာ အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာပြီး အသာအယာ ဝေ့ယမ်းနေတော့သည်။

၎င်းမှာ ရိုးရိုးမီးလျှံမဟုတ်ဘဲ အနက်ရောင်ဖြစ်နေသည့်အပြင် ပတ်ဝန်းကျင်ရှိ လေထုကိုပင် ပူပြင်းစေကာ ထူးခြားသော ဖိအားတစ်ခုကို ထုတ်လွှတ်နေသည်။

ထိုမီးလျှံသည် အနက်ရောင်ဖြစ်သော်လည်း ထူးဆန်းစွာ တောက်ပနေသည်။ အရောင်အသွေးစုံလင်သော အနက်ရောင်ဟုပင် ဆိုရမည်ဖြစ်ပြီး စစ်မှန်ကာ အပြစ်အနာအဆာကင်းသည်။ ၎င်းသည် ရုပ်ဒြပ်အဖြစ် ပြောင်းလဲထားသော သတ်ဖြတ်လိုစိတ်ကဲ့သို့ပင်။ ငြိမ်သက်အေးချမ်းမှုနှင့် ဟန်ချက်ညီမှုတို့ ပြည့်နှက်နေသော်လည်း ၎င်း၏အလင်းတန်းမှာ ရေခဲကဲ့သို့ အေးစက်လှသည်။ ထိုမီးလျှံ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် ပတ်ဝန်းကျင်ရှိ အလင်းရောင်အားလုံးကို စုပ်ယူသွားသကဲ့သို့ပင်။

လူတိုင်း၏ ကျောရိုးထဲအထိ စိမ့်တက်သွားကာ ကြောက်စိတ်များ မွှေနှောက်သွားရသည်။

ကျောင်းအုပ်ကြီး၊ လီချင်းဟုန်းနှင့် ဆရာလင်တို့သည် သူတို့အနားရှိ ကလေးများကို အမြန်ဆွဲယူကာ အနောက်သို့ ခြေလှမ်းပေါင်းများစွာ ဆုတ်ခွာသွားကြသည်။ ရုတ်တရက် ပေါက်ကွဲတော့မည့် အနုမြူဗုံးတစ်လုံးကို တစ်စုံတစ်ယောက်က ထုတ်ပြလိုက်သကဲ့သို့ပင် သူတို့၏မျက်နှာများမှာ ဖြူလျော့ကာ အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေကြသည်။

ကျောင်းအုပ်ကြီးမှာ စကားများပင် ထစ်ကုန်ကာ မျက်နှာတစ်ခုလုံး သွေးမရှိတော့သလို ဖြူဖျော့နေတော့သည်။ အကယ်၍ ထိုအနက်ရောင်မီးလျှံသာ သူ့ကို လောင်ကျွမ်းစေပါက သူ၏ လက်ရှိကျင့်ကြံမှုအဆင့်နှင့်ပင် ချက်ချင်း ပြာဖြစ်သွားနိုင်သည်ဟု သူ ကြိုတင်ခံစားလိုက်ရသည်။ သူက ရွှီရန်ကို ကြည့်ကာ "မင်း... မင်း... ဒီလောက် အန္တရာယ်များတဲ့ အရာကို ဘယ်ကရတာလဲ။ မင်း... မင်းကိုရော အစွမ်းတွေ ပြန်ပြီး တုံ့ပြန်တာမျိုး မရှိဘူးလား။ အသက်အန္တရာယ်ရော မစိုးရိမ်ရဘူးလား" ဟု စိုးရိမ်တကြီး မေးလိုက်သည်။

ယဲ့ဖျင်ကလည်း ပို၍ပင် ထိတ်လန့်နေသည်။

"ဒီလို အန္တရာယ်များတဲ့အရာမျိုးကို မင်းရဲ့ ခန္ဓာကိုယ်ထဲ ထည့်မထားပါနဲ့ ကြောက်စရာကြီးဗျာ"

ရွှီရန် "အဲဒါကြောင့်လည်း အန္တရာယ်များတယ်လို့ ကျွန်တော် ပြောခဲ့တာပေါ့"

ထို့နောက် သူ၏လက်ဖဝါးကို ပြန်စိလိုက်ရာ ကပ်ဘေးမီးလျှံသည် သတ်ဖြတ်ခြင်းနှလုံးသားဆီသို့ ပြန်လည်ဝင်ရောက်သွားတော့သည်။ ထိုမီးလျှံသည် အလွန်အစွမ်းထက်သော လက်နက်တစ်ခုကဲ့သို့ ကြောက်စရာကောင်းသော်လည်း ရွှီရန်မှာမူ သတ်ဖြတ်ခြင်းနှလုံးသားရှိနေသဖြင့် ၎င်းကို စိတ်အလိုရှိသလို အလွယ်တကူ ထိန်းချုပ်နိုင်ခြင်းဖြစ်သည်။

ကျားမလေးမှာမူ သူမ၏ တောက်ပသော ရွှေရောင်မျက်ဝန်းလေးများကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ရွှီရန်၏ လက်သီးကို စပ်စုချင်စိတ်ဖြင့် ကြည့်နေသည်။

ရွှီရန် လက်ဖဝါးကို ပြန်စိလိုက်ပြီး အနက်ရောင်မီးလျှံ ပျောက်ကွယ်သွားသည်ကို မြင်သောအခါ သူမက အံ့အားသင့်စွာဖြင့် "စောစောက မီးလျှံက ဘာလဲဟင်။ ညီမလေးကို ပြာဖြစ်သွားအောင် လုပ်နိုင်တယ်လို့ ခံစားလိုက်ရတယ်"

ရွှီရန်က အနည်းငယ် ပြုံးပြလိုက်ပြီး "မင်းရဲ့ အာရုံခံစားမှုက မှန်ပါတယ်။ အဲဒါက တကယ်ပဲ မင်းကို ပြာဖြစ်သွားအောင် လုပ်နိုင်တယ်..."

ကျားမလေးက နှုတ်ခမ်းလေးစူကာ "ဟွန့် ညီမလေးရဲ့ ရွှေရောင်စေတီလေးသာ တကယ် ရုပ်လုံးပေါ်လာရင် အဲဒီမီးကို ဖိနှိပ်ပစ်မှာ"

ရွှီရန် "တကယ်လား"

ကျားမလေးက အလေးအနက် ခေါင်းညိတ်ပြသည်။

"ဟုတ်တယ် ဟုတ်တယ် ညီမလေး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့် ရှိတယ်"

ရွှီရန်မှာ အံ့အားသင့်သွားရသည်။

"တကယ်ကြီးလား"

ကျားမလေး၏ စေတီသည် ထိုမီးလျှံကို ဖိနှိပ်နိုင်သည်ဆိုပါက ထိုအစွမ်းနှစ်ခုကို ပေါင်းစပ်ပြီး ယွီဟိန်လေးအတွက် ဘေးကင်းသော သန့်စင်မှု တစ်ခုကို ဖန်တီးပေးနိုင်မလားဆိုသည်မှာ စိတ်ဝင်စားစရာပင်။

ကျားမလေး၏ မျက်ဝန်းများမှာ ပြတ်သားမှုများဖြင့် တောက်ပနေသည်။

"ညီမလေးသာ လိမ်ပြောရင် ခွေးပေါက်လေး ဖြစ်ပါစေ"

"ကောင်းပါပြီလေ..."

ဒီလို ရှင်းပြလို့မရတဲ့ ပြိုင်ဆိုင်လိုစိတ်မျိုးကတော့...

ရွှီရန်က အသာအယာ ရယ်မောလိုက်ပြီး "သိပါပြီ သိပါပြီ"

ကျားမလေးမှာ စပ်စုချင်စိတ်များဖြင့် ပြည့်နှက်နေသည်။

"ကိုကိုက အဲဒါ ဘာလဲဆိုတာ အခုထိ မပြောသေးဘူးနော် ပြီးတော့ အဲဒါက ယွီဟိန်ကို ဘယ်လိုကူညီပေးနိုင်မှာလဲ"

ရွှီရန်က လူတိုင်းကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး "ကိုကို ဘာကြောင့် မင်းရဲ့ ရွှေရောင်စေတီလေးကို လက်နဲ့ ဖမ်းနိုင်ခဲ့လဲဆိုတာ မင်းတို့ သိကြလား"

ကျားမလေးက ခေါင်းခါပြသည်။

"မသိဘူး အဲဒါက နားလည်ရ တော်တော်ခက်တာပဲ။ ဖုန်းရန်ရဲ့ လိပ်ဒိုင်းကာတောင် ရွှေရောင်စေတီကို မတားနိုင်ခဲ့ဘဲနဲ့ ကိုကိုရွှီရန်ကကျတော့ လက်နဲ့ အမိဖမ်းနိုင်ခဲ့တယ် တကယ်ကို ကြောက်စရာကောင်းလိုက်တာ အဲဒါ စောစောက မီးကြောင့်လား"

ကျားမလေး၏ စိတ်ထဲတွင် ရွှီရန်မှာ သူမ၏ တစ်ဦးတည်းသော ကိုကို ဖြစ်ပြီး ကျန်တဲ့သူတွေကတော့ မောင်လေးနှင့် ညီမလေးတွေသာ ဖြစ်သည်။

ရွှီရန်က တောက်ပစွာ ပြုံးပြလိုက်သည်။

"ဟုတ်တယ် အဲဒါကြောင့်ပဲ ကပ်ဘေးမီးလျှံကြောင့်ပေါ့။ ငါ့ရဲ့ စက္ကူရုပ်သေးစစ်တပ်က သတ်ဖြတ်မှုတွေ အရှိန်အဟုန်ပြင်းပြင်း လုပ်ဆောင်တဲ့အခါ ဒီမီးလျှံက စုစည်းလာတာ။ အဲဒါကို ခန္ဓာကိုယ်ကို လောင်ကျွမ်းသန့်စင်ဖို့ သုံးတယ်။ အသားစိုင်တွေကို နိဗ္ဗာန်ကူးပြောင်းခြင်း ဖြစ်စဉ်ကို ဖြတ်သန်းစေပြီး သံချပ်ကာတွေနဲ့ ယှဉ်နိုင်တဲ့အထိ ခန္ဓာကိုယ်ကြံ့ခိုင်မှုကို ရရှိစေတာ"

ကျားမလေး၏ မျက်လုံးများ ချက်ချင်းပင် အရောင်လက်သွားသည်။

"ဟင်... အဲဒါက ခန္ဓာကိုယ်ကို သန်မာလာအောင် လုပ်ပေးနိုင်တာလား"

ကျောင်းအုပ်ကြီး၊ လီချင်းဟုန်းနှင့် ဆရာလင်တို့မှာလည်း "ဘာ"

ရွှီရန်၏ မျက်နှာမှာ အလေးအနက် ဖြစ်သွားသည်။

"သိပ်ပြီး အံ့သဩမနေကြပါနဲ့ဦး။ ဒါက လူတိုင်းအတွက် အသုံးတည့်မယ့် အရာတော့ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ သူက ခန္ဓာကိုယ်ကို ပေးမယ့် ထိခိုက်မှုက အလွန်အမင်း ကြောက်စရာကောင်းတဲ့ အဆင့်မှာ ရှိနေလို့ပဲ။ တကယ်လို့ မင်းမှာ ထူးကဲတဲ့ ပါရမီမျိုး မရှိဘူးဆိုရင် သူ့ရဲ့ လောင်ကျွမ်းမှုကို မင်း ဘယ်လိုမှ တောင့်ခံနိုင်မှာ မဟုတ်ဘူး"

"တကယ်လို့ တောင့်မခံနိုင်ခဲ့ရင်တော့... မင်းက ပြာဖြစ်သွားလိမ့်မယ် မင်းရဲ့ ဝိညာဉ်ပါ ပျက်စီးသွားလိမ့်မယ်"

ရွှီရန်၏ လေသံမှာ အလွန်ပင် အလေးအနက်ဖြစ်နေသဖြင့် တက်ကြွလှသော ကျားမလေး၏ ရွှေရောင်မျက်ဝန်းလေးများတွင်ပင် ကြောက်ရွံ့မှုရိပ်များ ယှက်သန်းသွားပြီး လည်ပင်းလေးပါ ပုဝင်သွားတော့သည်။

"တကယ်လို့ သေသွားရင် ကိတ်မုန့်လည်း စားလို့မရတော့ဘူး မဟုတ်လား"

"ဒါပေါ့... လုံးဝ စားလို့မရတော့ဘူး"

ကျားမလေးက ကြောက်လန့်တကြား မျက်နှာပေးလေးဖြင့် "ဒါဆို ကိုကိုရွှီရန်က ဘယ်လိုလုပ်ပြီး တောင့်ခံနိုင်ခဲ့တာလဲ"

ရွှီရန် "ကိုကိုက အလွန်အမင်း ပါရမီထူးလို့ပေါ့"

ကျားမလေးသည် ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး လက်ကို အတင်းဝှေ့ယမ်းကာ "မဖြစ်ဘူး ညီမလေး ယွီဟိန်က ဒီလောက် ကြောက်စရာကောင်းတဲ့ ကပ်ဘေးမီးလျှံကို သုံးလို့ မဖြစ်ဘူး။ မရဘူး မရဘူး... အဲဒါက အရမ်း အန္တရာယ်များလွန်းတယ်"

ပြောပြောဆိုဆိုဖြင့် သူမသည် အရှိန်အဟုန်ဖြင့် ပြေးသွားကာ ကျူးယွီဟိန်၏ ရှေ့တွင် ကာရပ်လိုက်တော့သည်။

ရွှီရန်က လက်နှစ်ဖက်ကို ဖြန့်ပြရင်း "အဲဒါကြောင့်လည်း ကိုကိုက ထုတ်မပြောဖို့ ကြံစည်ခဲ့တာပေါ့။ ကပ်ဘေးမီးလျှံရဲ့ ကြောက်စရာကောင်းပုံကို ကိုကိုကိုယ်တိုင် ခံစားခဲ့ဖူးတယ်။ ယွီဟိန်လေးရဲ့ အားနည်းလှတဲ့ ခန္ဓာကိုယ်က ဒါကို ဘယ်လိုမှ တောင့်ခံနိုင်မှာ မဟုတ်ဘူး"

ကျားမလေးက ခေါင်းကို တရစပ် ညိတ်ပြသည်။

"ငါတို့တွေ စွန့်စားလို့ မဖြစ်ဘူး ညီမလေးရဲ့ ရွှေရောင်စေတီလေးနဲ့တောင် ဒါကို မနှိမ်နင်းနိုင်သေးတာ၊ အဲဒါကို ခန္ဓာကိုယ်ကို လောင်ကျွမ်းဖို့ သုံးလိုက်ရင် ညီမလေး ယွီဟိန် ပြာဖြစ်သွားမှာပေါ့"

ကျူးယွီဟိန်သည် နှုတ်ခမ်းကို တင်းတင်းစေ့ထားမိသည်။

လျိုလီလေးသည် သူမ၏ စေတနာဖြင့် တားဆီးနေခြင်းဖြစ်ပြီး လျိုလီလေး၏ စိုးရိမ်မှုမှာလည်း ကျိုးကြောင်းဆီလျော်မှန်း သူမ သိသည်။ သို့သော်လည်း...

သူမ တကယ်ပဲ ကြိုးစားကြည့်ချင်သည်။

သူမကိုယ်သူမ တောင့်ခံနိုင်လိမ့်မည်ဟု ယုံကြည်မှု ရှိနေသည်။

ထို့ကြောင့် သူမသည် ကျားမလေး၏ လက်မောင်းကို အောက်သို့ အတင်းဖိချရန် ကြိုးစားလိုက်သည်။ သို့သော် ကျားမလေးက အလွန်သန်မာလွန်းလှသည်။ သူမ အကြိမ်ကြိမ် ဖိချသော်လည်း... ကျားမလေးက တုန်ပင်မလှုပ်ပေ။

ကျူးယွီဟိန် "မင်း လက်ကြီးကို ဖယ်ပေးဦး..."

ကျားမလေးက အနောက်သို့ လှည့်ကြည့်လိုက်ပြီး အစ်မကြီးတစ်ယောက်ကဲ့သို့ "လိမ္မာစမ်းပါ။ ကိုကိုပြောတာ နားထောင် မစွန့်စားနဲ့။ အစ်မ ထိပ်သီး ၁၀ ယောက်စာရင်းထဲ ဝင်အောင်လုပ်ပြီးရင် ညီမလေးကို အသင်းထဲကို ရွေးမှာပေါ့ အစ်မကို ယုံစမ်းပါ"

All Chapters