မင်းစကားပြောတာ အရမ်းနားထောင်ကောင်းတာပဲ
Vol. 19 Ch. 181
အရိုးချေဖျက်အလံနှင့် နှလုံးသားထိုးဖောက်ကန်တော့တို့သည် အလင်းတန်းနှစ်ခုအဖြစ်ပြောင်းလဲသွားပြီး ဟင်းလင်းပြင်နယ်မြေထဲသို့ တိုးဝင်ပျောက်ကွယ်သွားသည်။
ထို့နောက်တွင် လူတိုင်း၏ဦးခေါင်းထက်၌ အဖြူရောင်နှင့် ခရမ်းရောင် ဝဲဂယက်ကြီးနှစ်ခု လျင်မြန်စွာပုံပေါ်လာတော့သည်။
"အခုဝင်လို့ရပြီလား"
အောက်ဘက်ရှိ လူသားနယ်မြေမှကျွမ်းကျင်သူအချို့မှာ မစောင့်ဆိုင်းနိုင်တော့ဘဲ ကောင်းကင်ယံသို့ ပျံတက်သွား၏။ သူတို့သည် ဝဲဂယက်နှစ်ခု၏ဗဟိုချက်သို့ ဦးတည်သွားသော်လည်း တူဖြင့်ထုခံလိုက်ရသလို အောက်သို့ပြန်လွင့်ကျလာကြသည်။
ချင်းစော့က အလျင်အမြန်ပြောလိုက်၏။
"မရသေးဘူး... မှော်ရတနာတွေကို အသက်မသွင်းရသေးတဲ့မျိုးနွယ်စုတွေ ကျန်သေးတယ်ထင်တယ်"
သူမစကားအဆုံးတွင်ပင် ဝေးကွာသောကောင်းကင်ယံထက်၌ တဖျတ်ဖျတ်လက်နေသော ပုံရိပ်ယောင်များစွာပေါ်လာသည်။ ၎င်းသည် မိုင်ပေါင်းများစွာအထိရှည်လျားပြီး တံလျှပ်တစ်ခုကဲ့သို့ရှိနေသည်။
"အကုန်အဆင်သင့်ဖြစ်ပြီ"
ချင်းစော့နှင့် လန်ယီတို့ ဝမ်းသာအားရအော်ဟစ်လိုက်ကြ၏။ ဝဲဂယက်နှစ်ခုလည်ပတ်မှုရပ်တန့်သွားပြီး ကြီးမားသောအပေါက်ဝကြီးနှစ်ခုအဖြစ် ပြောင်းလဲသွားသည်ကို မြင်လိုက်ရသည်။
အရိုးချေဖျက်အလံပိုင်ရှင်ဖြစ်သောကျန်းချန်သည် ဟင်းလင်းပြင်အင်မော်တယ်နယ်မြေအတွင်းရှိမြင်ကွင်းကို ကြိုတင်မြင်တွေ့နေရပြီဖြစ်သည်။ ထိုအပေါက်ဝမှာ အဝင်ဝပင်။
ဤအခိုက်အတန့်တွင် အောက်လောကရှိနယ်မြေပေါင်းတစ်သောင်းစလုံး၌ အလားတူပုံရိပ်ယောင်များ ပေါ်ပေါက်လာ၏။ ဟင်းလင်းပြင်အင်မော်တယ်နယ်မြေသည် ကျယ်ပြန့်လွန်းလှသဖြင့် နယ်မြေအသီးသီးမှကျင့်ကြံသူများသည် စုံစမ်းစစ်ဆေးရန် ကောင်းကင်သို့ပျံတက်လာကြပြန်သည်။ သူတို့သည် ပုံရိပ်ယောင်များထဲသို့ တိုးမဝင်နိုင်ကြသော်လည်း ဝေးကွာသောအခြားနယ်မြေများမှ အဝင်ဝအလင်းတန်းများကို မြင်တွေ့နေရသည်။
၎င်းသည် မည်သည့်အရာမှန်းမသိသော်လည်း လူတိုင်းက ဗီဇအရ ထိုနေရာများဆီသို့ ဦးတည်ထွက်ခွာလာကြသည်။ ခေတ္တမျှအတွင်းမှာပင် နယ်မြေကြီးများအားလုံး လှုပ်လှုပ်ခတ်ခတ် ဖြစ်ကုန်၏။ ဟင်းလင်းပြင်အင်မော်တယ်နယ်မြေဖွင့်လှစ်ခြင်းဟူသော ကြီးကျယ်ခမ်းနားသည့် အဖြစ်အပျက်ကြီးသည် အောက်လောကနယ်မြေတစ်သောင်းလုံးကို တုန်လှုပ်သွားစေခဲ့လေပြီ။
ကျန်းချန်သည်လည်း မတွန့်ဆုတ်တော့ဘဲ လိပ်နက်ဘုရင်ကိုစီးလျက် အဝါလေး၊ လန်ယီ၊ မိုချန်နှင့် မျက်စိသုံးလုံးကျားတို့ကို ခေါ်ဆောင်ကာ ခရမ်းရောင်အဝင်ဝဆီသို့ပျံတက်သွားသည်။
အခြားတစ်ဖက်တွင်မူ နှလုံးသားဌာနမှ အဖွဲ့ဝင် ၅၀၀ သည် အဖြူရောင်အဝင်ဝဆီသို့ ပျံသန်းသွားကြ၏။ ကျန်နယ်မြေများမှကျွမ်းကျင်သူများသည်လည်း နောက်ကျမကျန်ရဲဘဲ တစ်ယောက်ပြီးတစ်ယောက် လိုက်ပါလာကြသည်။
ဟင်းလင်းပြင်အင်မော်တယ်နယ်မြေအတွင်းသို့ ဝင်ရောက်ရခြင်းမှာ အလွန်ချောမွေ့၏။ သူဝင်လိုက်သည်နှင့်တစ်ပြိုင်နက် အရိုးချေဖျက်အလံပြန်ပေါ်လာပြီး ခရမ်းရောင်အလင်းတန်းအဖြစ်ပြောင်းကာ သူ့လက်ထဲသို့ပြန်ရောက်လာသည်။ ၎င်းသည် ကျန်းချန်နှင့် သူ့ပတ်ဝန်းကျင်ရှိလူတိုင်းကို အကာအကွယ်ပေးထား၏။
သူ နောက်လှည့်ကြည့်လိုက်သောအခါ ထိုအဝင်ဝမှာတည်ရှိနေဆဲပင်။
"ဒီအဝင်ဝက ဘယ်လောက်အထိကြာကြာခံမှာလဲ"
လန်ယီက ခေါင်းယမ်းပြသည်။
"ကျွန်မလည်းမသိဘူး... မျိုးနွယ်စုရဲ့မှတ်တမ်းတွေထဲမှာလည်းမပါဘူး"
ထိုအခါမှသာ ကျန်းချန်သည် ပတ်ဝန်းကျင်ကိုကြည့်ရှုရန် အချိန်ရတော့သည်။ ဤနေရာမှာ သာမန်လူသားများ နေထိုင်နိုင်သောနေရာမဟုတ်ပေ။
လေထဲတွင် သဲနှင့် ကျောက်ခဲများ လွင့်ပျံနေပြီး နတ်ဘုရားဝိညာဉ်ကိုအသုံးမပြုပါက ဘာကိုမျှမမြင်တွေ့နိုင်အောင်ဖြစ်နေသည်။ လေပြင်းများမှာလည်း တဝုန်းဝုန်းတိုက်ခတ်နေ၏။
မြေပြင်မှ လျှပ်စီးတန်းများ ရံဖန်ရံခါထွက်ပေါ်လာသလို အလွန်အမင်းအန္တရာယ်ရှိသော လောင်ကျွမ်းနေသည့်အေးခဲမြူများသည်လည်း လေပြင်းများကြားတွင် တဖျတ်ဖျတ်လက်နေ၏။ လန်ယီပြောခဲ့သည်မှာ မှန်ကန်ပေသည်။ ဤနေရာမှစည်းမျဉ်းများသည် ရှုပ်ထွေးပွေလီနေပြီး ပြင်ပကမ္ဘာနှင့် လုံးဝကွဲပြားခြားနားသည်။
နယ်မြေအသီးသီးမှရောက်လာကြသည့် သူတော်စင်အဆင့်ကျွမ်းကျင်သူများမှာမူ သူတို့၏အစွမ်းထက်သော သူတော်စင်ခန္ဓာများဖြင့် ထိုဒဏ်ကိုခံနိုင်ရည်ရှိကြသော်လည်း အရှင်မြတ်အဆင့်များမှာ အလွန်သနားစရာကောင်း၏။ သူတို့၏နယ်ပယ်များမှာ သူတော်စင်များကဲ့သို့ ခိုင်ခံ့မှုမရှိသဖြင့် လေပြင်းဒဏ်ကြောင့် တစစီပျက်စီးသွားရသည်။ ခဏချင်းမှာပင် သူတို့ဝတ်ဆင်ထားသော အဖိုးတန်ချပ်ဝတ်တန်ဆာများ၌ အက်ကြောင်းများပေါ်လာလေတော့သည်။
တာအိုနန်းတော်အဆင့်ကျင့်ကြံသူများမှာ ပိုဆိုးသည်။ အချို့မှာ ဝင်ခွင့်ပင်မရလိုက်ဘဲ အသားများလွင့်စင်ကာ အရိုးစုများဖြစ်သွား၏။ သူတို့၏ နတ်ဘုရားဝိညာဉ်များမှာလည်း လောင်ကျွမ်းနေသည့် အေးခဲမြူများနှင့် ထိတွေ့သည်နှင့် ချက်ချင်းလွင့်ပျယ်သွားကြရာ အစအနပင်မကျန်ခဲ့ပေ။
ဤမြင်ကွင်းကိုမြင်လိုက်ရသောအခါ လန်ယီပင်ထိတ်လန့်သွားမိသည်။ အကယ်၍ သူမသည် မှော်ရတနာ၏အကာအကွယ်ကိုမယူဘဲ တာအိုနန်းတော်အဆင့်နှင့်သာ ဝင်လာခဲ့မည်ဆိုလျှင် သေချာပေါက်သေဆုံးသွားပေလိမ့်မည်။ သို့သော် ယခုမူ အရိုးချေဖျက်အလံ၏ အကာအကွယ်ကြောင့် သူမ၏လေးမျက်နှာကမ္ဘာဦးဆေးမီးဖိုကိုပင် အသုံးမပြုရန်မလိုတော့ချေ။
"ကိုယ့်မှော်ရတနာတွေနဲ့ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ကြ"
ကွေ့ဇန်း ဓားသူတော်စင်၏ အိုမင်းသော်လည်း တည်ငြိမ်သောအသံမှာ လေပြင်းများကြားမှ ထွက်ပေါ်လာသည်။
ထို့နောက် ဓားနယ်မြေမှ ဓားကျင့်ကြံသူ ၃၀၀ သည် သူတို့၏အကာအကွယ်မှော်ရတနာများကို အသီးသီးထုတ်ဖော်လိုက်ကြသည်။ ထိုအဆင့်နိမ့်မှော်ရတနာများကြောင့် လေပြင်းဒဏ်မှာ အပြင်ဘက်တွင်သာ ရပ်တန့်သွား၏။ အခြားနယ်မြေမှလူများကလည်း ထိုအတိုင်းပင် သူတို့၏မှော်ရတနာများကို ထုတ်သုံးလာကြသည်။
ထျန်ရှုနယ်မြေမှသူတော်စင်များမှာမူ ရွှေရောင်ဝင်းလက်နေသောစက္ကူတစ်ရွက်ကို ထုတ်သုံးကြသည်။ ထိုစက္ကူချပ်မှာ လေထဲတွင်ပျံ့လွင့်သွားပြီး ပေပေါင်းသောင်းချီသောအကျယ်အဝန်းအထိ ချက်ချင်းကြီးမားသွား၏။ ထျန်ရှုနယ်မြေမှလူတိုင်း ထိုရွှေရောင်စက္ကူပေါ်သို့တက်လိုက်ကြရာ လေပြင်းဒဏ်နှင့် ကမောက်ကမစည်းမျဉ်းများ၏ဒဏ်ကို မခံရတော့ချေ။
ဟား... ကော်ဇောပျံကြီးလား...
ကျန်းချန် အနည်းငယ်အားကျသွားမိသည်။
သို့သော် အထူးခြားဆုံးမှာ ယိုဟန်နယ်မြေနှင့် အရိုးနယ်မြေတို့ဖြစ်သည်။ ယိုဟန်နယ်မြေမှ သရဲဘုရင်များနှင့် သရဲစစ်သူကြီးများမှာ မီးခိုးငွေ့ပုံစံများဖြစ်၏။
ဤလေပြင်းဒဏ်အောက်တွင် သူတို့မှာအထိခိုက်ဆုံးဖြစ်သင့်သော်လည်း သူတို့မှာ အနည်းငယ်မျှပင်ထိခိုက်မှုမရှိဘဲ ပုံမှန်အတိုင်းရှိနေကြသည်။
အရိုးနယ်မြေမှလူများမှာမူ ပိုအံ့ဩစရာကောင်းသည်။ လေပြင်းဒဏ်က သူတို့၏ခန္ဓာများကို လာရောက်ရိုက်ခတ်သည့်အခါ သံချင်းထိခတ်သံများ ထွက်ပေါ်လာသော်လည်း အနည်းငယ်မျှပင် တုန်လှုပ်ခြင်းမရှိ။
သို့သော်လည်း အချို့နယ်မြေများမှာမူ အလွန်သနားစရာကောင်း၏။ ဥပမာအားဖြင့် သားရဲဝိညာဉ်စွမ်းအားကိုကျင့်ကြံသော ရွှမ်လင်နယ်မြေမှာ မှော်ရတနာဟူသော အယူအဆလုံးဝမရှိချေ။ ဝိညာဉ်အရှင်သုံးဦးမှာ ဘာမှမဖြစ်သော်လည်း သူတို့လက်အောက်မှလူတစ်ရာခန့်မှာမူ အသက်မရှင်နိုင်ခဲ့။
ထိုအခြင်းအရာကြောင့် သူတို့သုံးဦးမှာ နာကျင်ဒေါသထွက်သွားကြပြီး အရိုးချေဖျက်အလံ၏ အကာအကွယ်အတွင်းသို့ အတင်းတိုးဝင်လာကာ ကျန်းချန်ကိုဟိန်းဟောက်တော့သည်။
"မင်း ဘာတွေလုပ်လိုက်တာလဲကြည့်စမ်း"
"ငါ့လူတွေရဲ့အသက်အတွက် မင်းရဲ့သွေးနဲ့ပြန်ပေးဆပ်ရမယ်"
ဟမ်... ဒါက ငါနဲ့ဘာဆိုင်လို့လဲ...
ကျန်းချန်သည် လူတွေက သူ့ကိုလာပြီးရန်စလာမည်ကို မျှော်လင့်ထားသော်လည်း ဤအကြောင်းပြချက်ကိုမူ နားမလည်နိုင်အောင်ဖြစ်ရသည်။
"မင်းစကားပြောတာ အရမ်းနားထောင်ကောင်းတာပဲ။ ငါပဲ အဲဒီအမှိုက်တွေကို သတ်လိုက်သလိုလိုနဲ့ ငါ့မှတ်တမ်းထဲမှာ နောက်ထပ်အဓိပ္ပာယ်မရှိတဲ့တစ်ခု ထပ်တိုးလိုက်တာပေါ့"
လိပ်နက်ဘုရင်၏ ကျောပေါ်တွင်ထိုင်နေသောလန်ယီမှာ အားမလိုအားမရ မျက်လုံးလှန်ပြလိုက်မိသည်။
ရှင်က ရှင်းပြနေတာလား၊ ဒါမှမဟုတ် သူတို့ကို တမင်သွေးထိုးပေးနေတာလား...
မျှော်လင့်ထားသည့်အတိုင်းပင် ဝိညာဉ်အရှင်သုံးဦးမှာ ဒေါသတကြီးဖြစ်သွားပြီး သူတို့၏ဦးခေါင်းထက်တွင် သားရဲပုံရိပ်ယောင်သုံးခု တစ်ပြိုင်နက်ပေါ်လာ၏။ ထိုဧရာမသားရဲပုံရိပ်များပေါ်လာသည်နှင့် အရိုးချေဖျက်အလံအတွင်းမှ အငွေ့အသက်များမှာကြမ်းတမ်းလာပြီး လူတိုင်းမှာ သားရဲပေါင်းတစ်သောင်းရှိသော တောအုပ်ကြီးထဲရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
"ဒီထဲမှာအန္တရာယ်ရှိတယ်ဆိုတာ ဘာလို့ကြိုသတိမပေးတာလဲ၊ မှော်ရတနာအကာအကွယ် လိုတယ်ဆိုတာကိုရောပဲ"
"ငါက မင်းတို့ကိုလာပါလို့ ဖိတ်ခေါ်ခဲ့လို့လား"
"ပိဖုန်းက မင်းနဲ့နယ်မြေအတူတူပဲ၊ သူ့ရဲ့ ပြစ်မှုတွေအတွက် မင်းမှာတာဝန်ရှိတယ်"
ဤစွပ်စွဲချက်မှာ အမှန်တကယ်ကို ထူးခြားဆန်းပြားလှသည်။ အလယ်ရှိ နဂါးခေါင်းနှင့်ဝိညာဉ်အရှင်၏ဦးခေါင်းထက်မှ ဧရာမနဂါးပုံရိပ်ယောင်ကြီးမှာ ကျန်းချန်၏မျက်နှာနားအထိ ရောက်လာခဲ့လေပြီ။
"အရိုးချေဖျက်အလံကိုပေးမလား၊ သေမလား"
ဤမှော်ရတနာသည် ဟင်းလင်းပြင်အင်မော်တယ်နယ်မြေကိုဖွင့်လှစ်ရန် အသုံးပြုခဲ့ခြင်းဖြစ်ရာ သေချာပေါက်ထူးခြားနေပေလိမ့်မည်။ သူတို့သည် ၎င်းကိုလိုချင်နေခဲ့သည်မှာကြာလေပြီ။ အမှန်တကယ်တွင်သူတို့သာမက အခြားနယ်မြေမှလူများမှာလည်း စတင်ပြီး မငြိမ်မသက်ဖြစ်လာကြသည်။
ဟင်းလင်းပြင်အင်မော်တယ်နယ်မြေ၏ပတ်ဝန်းကျင်မှာ ကြမ်းတမ်းလွန်းလှသော်လည်း အချက်တစ်ချက်မှာ သူတော်စင်အဆင့်ကျွမ်းကျင်သူများသည် နယ်မြေဖြတ်ကျော်စည်းမျဉ်းများ၏ ဖိနှိပ်မှုကိုမခံရတော့ခြင်းပင်။ ဤနေရာတွင် မည်သည့်နယ်မြေမှကျွမ်းကျင်သူမဆို သူတို့၏အစွမ်းကို အပြည့်အဝထုတ်သုံးနိုင်သည်။
ရွှမ်လင်နယ်မြေ၏ ရုတ်တရက်တိုက်ခိုက်မှုသည် အခြားနယ်မြေများ၏အာရုံစိုက်မှုကို ရရှိသွားသည်။ ဤနေရာသို့ရောက်ပြီးနောက်တွင် ငြိမ်းချမ်းရေးမှာ ထာဝရတည်မြဲလိမ့်မည်မဟုတ်မှန်း လူတိုင်းသိထားသော်လည်း ဤပဋိပက္ခမှာမူ အလွန်မြန်ဆန်၏။
အချို့နယ်မြေများမှာမူ ဘေးမှနေ၍ ကောင်းကင်ဘုံကပေးသည့်ကံဆိုးမှုအပေါ် ဝမ်းသာအားရ ကြည့်နေကြသည်။ အချို့မှာမူ အေးစက်စွာကြည့်နေကြပြီး အချို့ကမူ အလေးအနက်စောင့်ကြည့်နေကြ၏။
မည်သို့ပင်ဖြစ်စေ နယ်မြေကြီးများမှာ တစ်ခါမျှစစ်မဖြစ်ဖူးကြသေးပေ။ ဤအခွင့်အရေးကိုအသုံးချ၍ အခြားသူများ၏နည်းလမ်းများကို လေ့လာခြင်းမှာလည်း မဆိုးလှသောအကြံပင်။
ဓားနယ်မြေမှ လင်းရှင်း ဓားသူတော်စင်တစ်ဦးတည်းသာ သူ၏မျက်လုံးများကို အနည်းငယ်မှေးလိုက်ပြီး သူ၏ကျောပေါ်ရှိဓားရှည်မှာ အနည်းငယ်ထွက်လာသည်။
"စောင့်ကြည့်ကြစို့"
ကွေ့ဇန်း ဓားသူတော်စင်က သူ့ကိုတားလိုက်သည်။
"ဂိုဏ်းချုပ်ကျန်းက သူတို့ကိုကြောက်နေလိမ့်မယ်လို့မထင်ဘူး"
ကျန်းချန်သည်လည်း ဤဝိညာဉ်အရှင်သုံးဦးကို အလေးအနက်မထားပေ။
"ဖေဖေ... သူတို့ကို အေးခဲပေးရမလား"
သူ၏ ချစ်လှစွာသောသမီးလေးမှာ ကျန်းချန်၏ဘေးကင်းရေးအတွက် စိုးရိမ်နေဆဲပင်။ သို့သော် ကျန်းချန်ကလက်ယမ်းပြကာ မလိုကြောင်းပြောလိုက်သည်။
၎င်းသည် ဤနေရာသို့ရောက်ပြီးနောက် ပထမဆုံးသော ဟန်ထုတ်ခွင့်ဖြစ်ရာ အမှတ်တရအနေဖြင့် အလွန်အရေးကြီး၏။ ၎င်းပြင် အဝါလေးက တစ်ခါအစွမ်းသုံးတိုင်း ကျောက်တုံးများစွာပြန်ဖြည့်ပေးရမည်ဖြစ်ရာ အလဟဿမဖြုန်းတီးလိုခြင်းလည်းဖြစ်သည်။