ဓားနယ်မြေ၏ ဖိတ်ခေါ်မှု
Vol. 19 Ch. 183
အကယ်၍ သူတို့သာ ကျန်းချန်၏နေရာတွင်ဆိုလျှင် နယ်ပယ်နှင့် နတ်ဘုရားဝိညာဉ်ပိုင်းတွင် အသာစီးရနေသည်ဖြစ်ရာ ထိုအားသာချက်နှစ်ခုကိုသာ အပြည့်အဝအသုံးချပေလိမ့်မည်။ သိုင်းကွက်ချင်းယှဉ်ပြိုင်ခြင်းကို ရှောင်ရှားကြမည်ဖြစ်သည်။ ၎င်းသည် အားသာချက်ကိုဆုပ်ကိုင်ပြီး အားနည်းချက်ကိုဖုံးကွယ်ခြင်းဟု ခေါ်သည်မဟုတ်ပါလား။
သို့သော်လည်း ရလဒ်မှာ တစ်ကြိမ်ထပ်မံ၍ သူတို့ထင်ထားသည်ထက် ကျော်လွန်သွားခဲ့သည်။
လေးယောက်သား ပထမဆုံးအကြိမ်ထိပ်တိုက်တွေ့ဆုံမှုမှာပင် ဝိညာဉ်အရှင်သုံးဦးသည် ဟာရီကိန်းမုန်တိုင်းနှင့် ဆူနာမီလှိုင်းလုံးကြီးကို ပြေးတိုက်မိသကဲ့သို့ဖြစ်သွား၏။ ကျန်းချန်ကို မလှုပ်ခါနိုင်ခဲ့သည့်အပြင် သူ၏ဓားချက်တစ်ချက်အောက်မှာပင် လွင့်စင်သွားကြတော့သည်။
ပထမဆုံးတိုက်ကွက်မှာပင် သုံးဦးစလုံးသွေးအန်သွားကြပြီး ပြင်းထန်သောဒဏ်ရာများရရှိသွား၏။ သူတော်စင်အဆင့်ကျွမ်းကျင်သူများအဖို့ သွေးအန်သည်အထိဖြစ်သွားခြင်းမှာ သူတို့၏အခြေခံကိုထိခိုက်စေလောက်သည့် ပြင်းထန်သောကိစ္စပင်။
"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
"သိုင်းကွက်ချင်းယှဉ်တာတောင် အရှင်မြတ်အဆင့်ကိုမနိုင်ဘူးလား"
"ရွှမ်လင်နယ်မြေကပဲ အားနည်းလွန်းနေတာလား"
"မဟုတ်ဘူး... သူတို့သုံးယောက်ပေါင်းပြီးထုတ်ဖော်လိုက်တဲ့ စည်းမျဉ်းတွေနဲ့စွမ်းအားက ငါ့ကိုတောင်ခြိမ်းခြောက်နိုင်စွမ်းရှိတယ်"
"အဲဒီကျန်းချန်က ထူးဆန်းလွန်းတာ။ သူ့ရဲ့ခန္ဓာက သူတော်စင်ခန္ဓာထက်တောင် ပိုပြီးသန်ာမာနေသလိုပဲ"
၎င်းမှာ သဘာဝကျပေသည်။ ပြီးခဲ့သောတစ်ကြိမ်ကနားမလည်နိုင်သော လျှပ်စီးကပ်ဘေးကြောင့် အစ်ကိုကြီးချန်သည် အင်မော်တယ်ခန္ဓာကို အချိန်မတိုင်မီရရှိထားခဲ့၏။ သူသည် အရှင်မြတ်အဆင့် ၈ သာရှိသေးသော်လည်း အင်မော်တယ်ခန္ဓာကို သူတော်စင်ခန္ဓာဖြင့်လာရောက်ယှဉ်ပြိုင်ခြင်းမှာ ကိုယ့်သေတွင်းကိုယ်တူးခြင်းပင်။
ကျန်းချန်သည် ထိုသုံးဦးကို အသက်ရှူချိန်ပေးမည်မဟုတ်။ သံပူတုန်း နာနာနှက်ရမည်။
ခဏချင်းမှာပင် ဝိညာဉ်အရှင်သုံးဦးမှာ တရစပ်တိုက်ခိုက်ခံရပြီး နောက်သို့ခြေလှမ်းပျက်ကာ ဆုတ်ခွာနေရတော့သည်။ သူတော်စင်နယ်မြေချင်းလည်းမပြိုင်နိုင်၊ နတ်ဘုရားဝိညာဉ်ချင်းလည်း မယှဉ်နိုင်သလို ကိုယ်ခန္ဓာကြံ့ခိုင်မှုချင်းမှာလည်း ကွာခြားလွန်း၏။ ချန်းလီဓားမှာ မီးနဂါးပေါင်းတစ်သောင်းကဲ့သို့ ဟိန်းဟောက်နေပြီး ဟင်းလင်းပြင်အင်မော်တယ်နယ်မြေ၏ ဟင်းလင်းပြင်ကိုပင် အက်ကွဲကြောင်းများဖြစ်ပေါ်စေသည်။
ဝိညာဉ်အရှင်သုံးဦးမှာ ထိတ်လန့်တုန်လှုပ်သွားကြပြီး အားနည်းလာကြသည်။ ကျန်းချန်ကို လာရောက်ရန်စမိသည်ကို သူတို့အကြီးအကျယ် နောင်တရနေကြလေပြီ။ ဤလူမှာ သာမန်မဟုတ်ဘဲ သံမဏိပြားကြီးမှန်း သိလိုက်ရသည့်အချိန်တွင် အချိန်နှောင်းသွားလေပြီ။
သို့သော်လည်း ဤအခြေအနေရောက်မှတော့ သူတို့ထွက်ပြေးချင်လျှင်ပင်မရတော့ပေ။
အထက်ဘက်ရှိ နတ်ဘုရားဝိညာဉ်ချင်းယှဉ်ပြိုင်မှုမှာလည်း အနိုင်အရှုံးပေါ်နေပြီဖြစ်သည်။ မိုးပြာနဂါး၏အရှိန်အဝါအောက်တွင် သူတို့၏သားရဲဝိညာဉ်သုံးခုမှာ အဆိပ်သူရဲကောင်းဝိညာဉ်၏ တိုက်ခိုက်မှုကြောင့် အသက်ငင်နေကြပြီ။ ကျန်းချန်သည် သူတို့သတိမထားမိခင်မှာပင် အကျဉ်းထောင်ဝိညာဉ်ကိုအသုံးပြု၍ သူတို့၏ခန္ဓာများကို သူ၏နယ်ပယ်ထဲတွင် ပိတ်လှောင်ထားလိုက်၏။
သူသည် ထွက်ပြေးရန်အခွင့်အရေး လုံးဝမပေးပေ။
အရှင်မြတ်အဆင့် ၈ နယ်ပယ်ကို ပြန်လည်ဖွင့်လှစ်လိုက်ရာ စည်းမျဉ်းစွမ်းအားများ တဝုန်းဝုန်းစီးဆင်းလာပြီး အင်မော်တယ်အဆင့်သိုင်းတာအိုဖိအားများက ထိုသုံးဦး၏နောက်ဆုံးကာကွယ်ရေးကို ဖျက်ဆီးပစ်လိုက်သည်။
သူတို့သည် သေခြင်းတရား၏အငွေ့အသက်ကိုရရှိသွားကြပြီး အလွန်အမင်း ထိတ်လန့်သွားကြတော့သည်။
"အသက်ချမ်းသာပေးပါ..."
"ကျွန်တော်တို့ နောက်တစ်ခါမလုပ်ရဲတော့ပါဘူး"
သူတို့သည် သူတော်စင်အဆင့်သို့ရောက်အောင် ခက်ခက်ခဲခဲကျင့်ကြံခဲ့ရပြီး အင်မော်တယ်လောကသို့တက်လှမ်းရန် မျှော်လင့်ချက်ရှိနေသေးသူများဖြစ်ကြရာ ယခုကဲ့သို့ အလွယ်တကူမသေချင်ကြပေ။
တောက်... ဒီလောက်အထိတိုက်ပြီးမှတော့ ငါကရပ်ပေးရမှာလား။ တချို့အရာတွေက စလုပ်ပြီးရင် ရပ်လို့မရဘူးဆိုတာ မင်းတို့မသိဘူးလား...
ဝုန်း
ပြင်းထန်သောပေါက်ကွဲမှုကြီးနှင့်အတူ ဟင်းလင်းပြင်မှာ တုန်ခါသွားတော့သည်။ ဝိညာဉ်အရှင်သုံးဦးမှာ တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားပြီး နတ်ဘုရားဝိညာဉ်များပါပျက်စီးသွားကာ အသက်အစအနမျှပင်မကျန်တော့ချေ။
ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်သွား၏။
ဂိုဏ်းချုပ်ကျန်း၏အစွမ်းမှာ လူတိုင်းကို အကြီးအကျယ်တုန်လှုပ်သွားစေသည်။ သူသည် အရှင်မြတ်အဆင့် ၈ နှင့်တင် သူတော်စင်အဆင့်သုံးဦးကို တစ်ယောက်တည်းသတ်နိုင်၏။ ထိုထဲတွင် သူတော်စင်အဆင့်နှောင်းပိုင်းတစ်ဦးပင် ပါဝင်သေးသည်။ ဤအခိုက်အတန့်တွင် ပိဖုန်းသည် ဤလူ့လက်ထဲတွင် မည်သို့သေဆုံးခဲ့ရသည်ကို သူတို့နားလည်သွားကြလေပြီ။
သူတို့သည် အဆင့်ကျော်တိုက်ခိုက်နိုင်သည့်ပါရမီရှင်များကို မမြင်ဖူးသည်မဟုတ်။ ထိုသို့သောပါရမီရှင်များတွင် ထူးခြားသောအခွင့်အရေးများ၊ ဖုံးကွယ်ထားသော လျှို့ဝှက်ချက်များရှိတတ်၏။
သို့သော်လည်း အဆင့်ကျော်တိုက်ခိုက်ခြင်းမှာ ကန့်သတ်ချက်ရှိစမြဲ။ အထူးသဖြင့် သူတော်စင်အဆင့်ရောက်သွားလျှင် သူတော်စင်နယ်မြေ၊ သူတော်စင်ဝိညာဉ်နှင့် သူတော်စင်ခန္ဓာဟူသော သဘာဝဖိနှိပ်မှုသုံးမျိုးအောက်တွင် မည်သည့်လျှို့ဝှက်ချက်မျှအသုံးမဝင်တော့ဟု သူတို့ယူဆထားကြသည်။
ကျန်းချန်၏ ကောင်းကင်ကိုဆန့်ကျင်သော ဤတိုက်ပွဲရလဒ်မှာ သူတို့၏အမြင်များကို လုံးဝပြောင်းလဲပစ်လိုက်သည်။ အရှင်မြတ်အဆင့် ၈ ဖြစ်သော်လည်း သူတော်စင်အဆင့်အထွတ်အထိပ်နှင့်ယှဉ်နိုင်သော တိုက်ခိုက်ရေးစွမ်းရည်ရှိနေခြင်းမှာ မယုံနိုင်စရာပင်။
ချင်လင်နယ်မြေက တကယ်ပဲ ဒီလောက်တောင်ကြောက်ဖို့ကောင်းတာလား...
ငါတို့က ကိုယ့်နယ်မြေထဲမှာပဲ ကိုယ့်ကိုယ်ကိုယ်ဘုရင်ထင်ပြီး အမြင်ကျဉ်းနေခဲ့ကြတာပဲ...
နယ်မြေကြီးများအားလုံးတိတ်ဆိတ်နေစဉ် မိုချန်နှင့် မျက်စိသုံးလုံးကျားတို့မှာ စိတ်လှုပ်ရှားစွာဖြင့်ပြေးလာကြသည်။
"ဂုဏ်ယူပါတယ် ဂိုဏ်းချုပ်... ဂိုဏ်းချုပ်က ကျင့်ကြံရေးလောကရဲ့ သမိုင်းမှတ်တမ်းတွေမှာရေးထိုးရမယ့် ဂန္ထဝင်တိုက်ပွဲတစ်ခုကို တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်တိုင်တိုင် ဖန်တီးပြလိုက်ပြန်ပါပြီ"
ဤမြှောက်ပင့်စကားမှာ အလွန်ပင် အနုပညာဆန်လှသည်။ အထူးသဖြင့် တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်ဆိုသောစကားလုံးများမှာ အစ်ကိုကြီးချန်၏စိတ်ကို အလွန်ကျေနပ်စေခဲ့သည်။ သူသည် အင်မော်တယ်မိုကို အသိအမှတ်ပြုသောအားဖြင့် ခေါင်းညိတ်ပြလိုက်၏။
သဘာဝကျစွာပင်သူသည် ဟန်ထုတ်ရန်မမေ့သေးပေ။
"အကြီးအကဲမို... ခင်ဗျားကလည်း ချီးမွမ်းလွန်းနေပါပြီ။ ဒီဂိုဏ်းချုပ်အတွက်တော့ ဒါကအပျော်တမ်းတိုက်ပွဲလေးတစ်ခုပါပဲ၊ ပြောပလောက်တာမဟုတ်ပါဘူး"
မိုချန်က စိတ်လှုပ်ရှားစွာပြောပြန်သည်။
"ဂိုဏ်းချုပ်ရဲ့အမြော်အမြင်ကိုတော့ ဒီလူအိုကြီးလုံးဝမမှီနိုင်ပါဘူး"
နှိုင်းယှဉ်ကြည့်လျှင် မျက်စိသုံးလုံးကျား၏မြှောက်ပင့်မှုမှာမူ အလွန်ပင်ရိုးရှင်းလွန်း၏။
"အစ်ကိုကြီး... ခင်ဗျားက တကယ့်ကိုအလန်းစားပဲ... ခင်ဗျားနောက်ကိုလိုက်လာမိတာ တကယ့်ကို အမှန်ကန်ဆုံးဆုံးဖြတ်ချက်ပဲ"
ဤကျိန်စာသင့်ကျားမှာ ဟင်းလင်းပြင်အင်မော်တယ်နယ်မြေထဲရောက်လာသည့်အခါ နေရာတိုင်းတွင် သန်မာသူများကိုသာတွေ့နေရသဖြင့် လုံခြုံမှုမရှိသလိုခံစားနေရ၏။ သူသည် အခြားသူများ၏အာရုံစိုက်ခြင်းကိုမခံရစေရန် သူ၏ခန္ဓာကိုပင် အသေးလေးအဖြစ်ပြောင်းလဲထားခဲ့သည်။ ယခု ကျန်းချန်၏ အစွမ်းထက်သောတိုက်ခိုက်ရေးစွမ်းရည်ကို မြင်ရသောအခါမှသာ လုံခြုံမှုအပြည့်ရရှိသွားတော့သည်။
"အစ်ကိုကြီး... ခင်ဗျားရဲ့ခြေသလုံးမွှေးတွေက ဘယ်လောက်တောင်ခန့်ညားလိုက်သလဲ"
"တောက်... မင်းရဲ့လက်ကြီးကိုဖယ်စမ်း... ငါ အောင်ပွဲရပစ္စည်းတွေသိမ်းရဦးမယ်"
"အစ်ကိုကြီး... ကျွန်တော်သိမ်းပေးပါ့မယ်၊ ကျွန်တော်သိမ်းပေးပါ့မယ်... အစ်ကိုကြီးရဲ့လက်တွေကို ဘာလို့အညစ်အကြေးပေခံမှာလဲ..."
မျက်စိသုံးလုံးကျားသည် ဝိညာဉ်အရှင်သုံးဦး၏အလောင်းများဆီသို့ပြေးသွားပြီး သူ၏အလုပ်အကျွေးပြုမှုကိုပြသရန်အတွက် အတွင်းခံဘောင်းဘီအထိပါချွတ်ယူကာ သိမ်းဆည်းတော့သည်။
နောက်တွင်ရပ်နေသောလန်ယီမှာ မကြည့်ရက်တော့ဘဲ မျက်နှာကိုလက်ဖြင့်အုပ်လိုက်မိသည်။ သူတို့သည် အခြားနယ်မြေများကို တုန်လှုပ်စေလောက်သည့် တိုက်ပွဲတစ်ခုကို တိုက်ခိုက်ခဲ့ကြသော်လည်း ဤထူးဆန်းသောလူများနှင့် အမျိုးတော်နေရသည်ကို သူမရှက်မိနေသည်။
အရှက်ကွဲလိုက်တာ...
ဖေးရှန်ဂိုဏ်း၏ ဤထူးခြားသောဟန်ပန်မှာ အခြားနယ်မြေမှကျွမ်းကျင်သူများကို အံ့အားသင့်သွားစေသည်။ သို့သော်လည်း မည်သူမျှ မရယ်မောဝံ့။
ကျန်းချန်၏အစွမ်းမှာ တစ်ချက်အပါအဝင်ဖြစ်သည်။ အခြားတစ်ဖက်တွင် ဟင်းလင်းပြင်အင်မော်တယ်နယ်မြေပွင့်လာသည်မှာ မိနစ်အနည်းငယ်သာရှိသေးသော်လည်း နယ်မြေတစ်ခုမှာ လုံးဝအမြစ်ပြတ်သုတ်သင်ခံလိုက်ရလေပြီ။ ဤအခိုက်အတန့်တွင် ဤခရီးစဉ်၏နောက်ကွယ်မှအမှန်တရားကို သူတို့သဘောပေါက်သွားကြသည်။
၎င်းသည် အခွင့်အရေးတစ်ခုဖြစ်သလို သေစေနိုင်သောကပ်ဘေးတစ်ခုလည်းဖြစ်သည်...
ယခင်က စည်းမျဉ်းစွမ်းအားများ၏ဖိနှိပ်မှုကြောင့် အားအနည်းဆုံးနယ်မြေပင်လျှင် အခြားနယ်မြေများ၏တိုက်ခိုက်မှုကို စိုးရိမ်စရာမလိုခဲ့။ သို့သော် ယခု ဟင်းလင်းပြင်အင်မော်တယ်နယ်မြေအတွင်း၌ စည်းမျဉ်းများက လူတိုင်းအပေါ်တန်းတူညီမျှသည်။
ဓားနယ်မြေနှင့် ထျန်ရှုနယ်မြေကဲ့သို့ အစွမ်းထက်သောနယ်မြေကြီးများသည် ယခုအခါ လွတ်လပ်စွာ လှုပ်ရှားနိုင်ကြလေပြီ။ ကျန်းချန်က နောက်ဆုံးသောဝိညာဉ်အရှင်ကိုသတ်ဖြတ်ပြီးသည်နှင့် အိပ်မက်နယ်မြေနှင့် အရိုးနယ်မြေမှလူများ တိတ်တဆိတ်ထွက်ခွာသွားကြ၏။ ဤနယ်မြေနှစ်ခုတွင် သူတော်စင်အဆင့်မှာ နှစ်ဦး၊ သုံးဦးသာ ရှိကြသဖြင့် အခြားနယ်မြေများနှင့် အတူတူမနေရဲတော့ချေ။
အရိုးချေဖျက်အလံကို လုယူရန်ကြံစည်နေကြသော အခြားနယ်မြေများမှာလည်း သူတို့၏အတွေးများကို တိတ်တဆိတ်ပြန်လည်ရုပ်သိမ်းလိုက်ကြသည်။ ကျန်းချန်၏တိုက်ခိုက်ရေးစွမ်းရည်ကို လက်တွေ့မြင်လိုက်ရသည့်အပြင် သူ့ဘေးတွင် လိပ်နက်ဘုရင်၊ မျက်စိသုံးလုံးကျားနှင့် မိုချန်ဟူသော သူတော်စင်သုံးဦး ရှိနေသေးသည်မဟုတ်ပါလား။ ချင်လင်နယ်မြေ၏ဤလူစာရင်းမှာ အလွယ်တကူကိုင်တွယ်၍ရမည့် အခြေအနေမဟုတ်။
"အရှင်မြတ်အဆင့်က သူတော်စင်အဆင့်သုံးဦးကို သတ်ပစ်တာမျိုး ငါ့ဘဝမှာတစ်ခါမှမမြင်ဖူးဘူး"
"ဂိုဏ်းချုပ်ကျန်းက တကယ့်ကိုထူးခြားပါတယ်။ သူရဲ့ ဝိညာဉ်၊ ခန္ဓာနဲ့ နယ်ပယ်တွေမှာ ထူးခြားတဲ့ကံကြမ္မာတွေ ရှိနေတာပဲ"
ကွေ့ဇန်း ဓားသူတော်စင်က ပထမဆုံး စကားစတင်လိုက်သည်။ သူ၏ဖြူဖွေးသော မုတ်ဆိတ်မွှေးများကိုသပ်ရင်း ပြုံးလျက်ချဉ်းကပ်လာသည်။
"ဓားသူတော်စင်ကြီးကတော့ တကယ့်ကိုလူကဲခတ်တော်တာပဲ၊ ဟားဟား"
အစ်ကိုကြီးချန်ရဲ့နာမည်ကျော်ကြားမှုက ချင်လင်နယ်မြေကိုကျော်လွန်ပြီး ပြင်ပကမ္ဘာအထိ ပျံ့နှံ့တော့မှာလား...
ကျန်းချန် တွေးရင်းဖြင့်ပင် ရင်ခုန်စိတ်လှုပ်ရှားနေမိသည်။
"ဒီလူအိုကြီးမှာ မလျှော်ကန်တဲ့တောင်းဆိုချက်တစ်ခုရှိပါတယ်... ကျွန်တော်တို့ အတူတူခရီးသွားပြီး တစ်ဦးကိုတစ်ဦးစောင့်ရှောက်ဖို့အတွက် မဟာမိတ်ဖွဲ့ကြရင်ဘယ်လိုလဲ"
သူထိုသို့ပြောလိုက်သည်နှင့် အခြားနယ်မြေမှကျွမ်းကျင်သူများမှာ အားကျသွား၏။ ၎င်းသည် ဓားနယ်မြေဖြစ်သည်။ အောက်လောကနယ်မြေတစ်သောင်းထဲတွင် တိုက်ခိုက်ရေးစွမ်းရည်အကောင်းဆုံး ထိပ်တန်းသုံးခုထဲ၌ပါဝင်သော အင်အားကြီးနယ်မြေဖြစ်သည်။
ဟင်းလင်းပြင်အင်မော်တယ်နယ်မြေသည် အန္တရာယ်များနှင့်ပြည့်နှက်နေ၏။ ပတ်ဝန်းကျင်အန္တရာယ်သာမက အခြားနယ်မြေများ၏တိုက်ခိုက်မှုမှာလည်း ခြိမ်းခြောက်မှုကြီးဖြစ်သည်။ အကယ်၍ ဓားနယ်မြေနှင့်အတူတူသွားနိုင်မည်ဆိုပါက ပို၍ဘေးကင်းပေလိမ့်မည်။
ခက်သည်မှာ သင်က သူတို့နှင့်အတူရှိချင်လျှင်ပင် သူတို့ကသင့်ကို အလေးထားချင်မှထားပေလိမ့်မည်။