← Chapters

နက်ရွှေရောင် နတ်ဆိုးခန္ဓာကိုယ်

Vol. 19 Ch. 185

နက်ရွှေရောင် နတ်ဆိုးခန္ဓာကိုယ်

Vol. 19 Ch. 185

"ဒါက တကယ့်ကိုရက်စက်လွန်းတာပဲ"

"နတ်ဆိုးခန္ဓာကိုယ်တစ်ခုရဖို့ ဒီလောက်အထိလုပ်ရတာလား"

မိုချန်ကတော့ တစ်ဖက်သားဒုက္ခရောက်သည်ကိုကြည့်ကာ ကျေနပ်နေပုံရသည်။

"ဂိုဏ်းချုပ်... သေသေချာချာကြည့်ထားလိုက်ပါ။ သာမန်နတ်ဆိုးခန္ဓာကိုယ်ဆိုတာ အင်မော်တယ်လောကသို့တက်လှမ်းမယ့် ကပ်ဘေးကိုကျော်ဖြတ်ပြီးမှ ရနိုင်တာမျိုးပါ။ အခုလို အချိန်မတိုင်ခင်ရဖို့အတွက် ဒီလောက်နာကျင်မှုလေးခံစားရတာက တန်လွန်းပါတယ်"

ကျန်းချန်၏ နှုတ်ခမ်းများတွန့်သွားသည်။ ထိုလူအိုကြီးသည် မျက်စိသုံးလုံးကျားကို တမင်သက်သက် နှိပ်စက်နေခြင်းဖြစ်မည်ဟု သံသယဝင်မိသည်။ ၁၅ မိနစ်ခန့်ကြာပြီးနောက် မျက်စိသုံးလုံးကျား၏ အော်ဟစ်သံများ ရပ်တန့်သွားတော့သည်။

အော်ဟစ်သံများသာမဟုတ်ဘဲ သူ၏အရှိန်အဝါပါ ပျောက်ကွယ်သွား၏။

"သူသေသွားတာတော့မဟုတ်ပါဘူးနော်"

"ဒါက ရုတ်တရက်ဆန်လွန်းတယ်"

မိုချန်က လက်နှစ်ဖက်ကိုဘေးသို့ဆန့်ထုတ်လိုက်ရင်း

"သူ့ကိုအထင်ကြီးမိသွားတယ်... ဒီထက်ပိုပြီးခံနိုင်ရည်ရှိမယ်ထင်ထားတာ"

သူတို့နှစ်ဦး၏စကားကိုနားထောင်နေသော လိပ်နက်ဘုရင်မှာ ရင်ထဲစိမ့်သွားတော့သည်။

ဟေ့... ခင်ဗျားတို့ရူးကုန်ပြီလား...

နတ်ဆိုးဘုရင်တစ်ပါး သေသွားတာလေ...

ငါတို့အဖွဲ့ဝင်၊ ဂိုဏ်းစောင့်နတ်သားရဲကြီး သေသွားတာ...

အနည်းဆုံးတော့ ဝမ်းနည်းတဲ့အမူအရာဖြစ်ဖြစ်၊ တုန်လှုပ်တဲ့ပုံစံဖြစ်ဖြစ်ပြကြပါဦးလား...

ဘာမှမဖြစ်သလို ရပ်ကြည့်နေကြတာလား...

ထို့နောက် ကျန်းချန်သည် အရိုးချေဖျက်အလံ၏အကာအကွယ်အပြင်ဘက်သို့ ပျံထွက်သွားသည်ကို သူမြင်လိုက်ရသည်။ ကျန်းချန်သည် မျက်စိသုံးလုံးကျားကို စနစ်ဖြင့်စစ်ဆေးလိုက်ရာ နတ်ဆိုးဘုရင်ကို ပြန်လည်ရှင်သန်စေရန် အမှတ် ၁၂,၀၀၀ ကုန်ကျပေမည်။

၎င်းမှာ တပည့်များထက် အဆပေါင်းတစ်ရာမက များပြားနေခြင်းဖြစ်သည်။ သူသေဆုံးသည်မှာ မိနစ်ပိုင်းသာရှိသေးပြီး ရုပ်အလောင်းမပျက်စီးသေးသောကြောင့်သာ ဤဈေးနှုန်းဖြစ်နေခြင်းပင်။

ပြန်လည်ရှင်သန်လာပြီးနောက် မျက်စိသုံးလုံးကျားမှာ ဗုန်းခနဲပြန်ထလာပြီး သူ၏ခန္ဓာကိုယ်မှာလည်း နဂိုအတိုင်းပြည့်စုံသွား၏။ အစ်ကိုကြီးချန်သည် လိပ်ခွံပေါ်သို့အမြန်ပြန်တက်လာပြီး လက်မထောင်ပြလိုက်သည်။

"ဆက်လုပ်ဦး"

"မလုပ်တော့ဘူး... နာလွန်းလို့"

မျက်စိသုံးလုံးကျားမှာ လက်လျှော့ချင်နေလေပြီ။ ကျန်းချန်ရှိနေသရွေ့ သူအမှန်တကယ်မသေနိုင်သော်လည်း ထိုနာကျင်မှုမှာ သေရသည်ထက်ဆိုး၏။ သူသည် ကျင့်ကြံခြင်းကိုမြတ်နိုးသော ဝီရိယရှိသည့်နတ်ဆိုးဘုရင်မျိုးမဟုတ်ခဲ့ချေ။

ထိုစဉ် မိုချန်က ခပ်ပေါ့ပေါ့ပင် မှတ်ချက်ပေးလိုက်သည်။

"မင်းရဲ့နတ်ဆိုးခန္ဓာကိုယ်က တစ်ဝက်ပဲပြီးသေးတာ... အခုရပ်လိုက်ရင် အင်မော်တယ်လည်းမဟုတ်၊ နတ်ဆိုးလည်းမဟုတ်တဲ့ဘဝမျိုး ရောက်သွားလိမ့်မယ်"

မျက်စိသုံးလုံးကျားမှာ ဒေါသထွက်လွန်းသဖြင့် အဆုတ်ပင်ပေါက်ထွက်တော့မည်ဖြစ်သည်။

"အဘိုးကြီး... ဒါက ဒီလောက်ခက်ခဲမယ်ဆိုတာ ဘာလို့ကြိုမပြောတာလဲ"

"မင်းကောင်းဖို့အတွက်ပါ။ စဉ်းစားကြည့်... လွန်ခဲ့တဲ့နှစ်ပေါင်းသန်းနဲ့ချီတဲ့အချိန်ကစပြီး သူတော်စင်တွေဟာ အင်မော်တယ်ကပ်ဘေးကို မရင်ဆိုင်ရတော့ဘူး။ အဲဒီကပ်ဘေးရဲ့သွေးသောက်မှုမရှိဘဲနဲ့ မင်းကအင်မော်တယ်လောကထဲကို ခိုးဝင်သွားရင်တောင် မင်းရဲ့သူတော်စင်ခန္ဓာက အင်မော်တယ်ခန္ဓာကိုယ်အဖြစ် ပြောင်းလဲမှာမဟုတ်ဘူး။ ဒီသွေးငွေ့တွေနဲ့ လေ့ကျင့်တာဟာ တကယ့်ကိုကောင်းကင်ဘုံကပေးတဲ့အခွင့်အရေးပဲ"

မျက်စိသုံးလုံးကျားသည် အချိန်အတော်ကြာ ဒုက္ခခံစဉ်းစားပြီးနောက် သူ၏နယ်ပယ်ကိုပြန်ရုပ်သိမ်းကာ သွေးငွေ့များ၏တိုက်စားမှုကို ထပ်မံခံယူလိုက်ပြန်သည်။ နောက်ထပ်နာရီဝက်ကြာပြီးနောက် သူထပ်မံသေဆုံးသွားပြန်ရာ ကျန်းချန်ကသူ့ကို ထပ်မံရှင်သန်စေခဲ့သည်။

"တစ်ဝက်ပြီးပြီဆို... ဘာလို့ အခုထိမပြီးသေးတာလဲ"

ရှင်သန်လာသည်နှင့် မျက်စိသုံးလုံးကျားက မိုချန်ကိုဆဲလေ၏။

မိုချန်က အေးစက်စွာရယ်မောလိုက်သည်။

"မင်းက ဒီလောက်အသုံးမကျမှန်း ငါဘယ်လိုသိမှာလဲ... ငါမင်းကို အထင်ကြီးမိသွားတာပဲ"

မျက်စိသုံးလုံးကျားက မိုချန်၏တစ်မျိုးနွယ်လုံးကိုစော်ကားသော လက်ဟန်ခြေဟန်တစ်ခု လုပ်ပြလိုက်ပြီးနောက် ထပ်မံအားထုတ်ပြန်သည်။ လိပ်နက်ဘုရင်၏မျက်လုံးများမှာ ထွက်ကျလုနီးပါး ဖြစ်နေသည်။

ခုနကဘာဖြစ်သွားတာလဲ...

ရှင်းပြပေးကြပါဦး...

ဒါက ပြန်လည်ရှင်သန်ခြင်းမဟုတ်လား...

သေချာပေါက် ပြန်ရှင်လာတာပဲ...

ဒါက ဘယ်လိုဖြစ်နိုင်တာလဲ၊ ပြီးတော့ သူတို့အားလုံးက ဘာလို့မအံ့ဩကြတာလဲ...

ဒါက နေ့စဉ်လုပ်နေကျ အလုပ်တစ်ခုလိုပဲလား...

တကယ့်ကို ဒီလိုနည်းလမ်းမျိုး ရှိနေတာလား...

ယခုတစ်ကြိမ်တွင်မူ ခဏကြာပြီးနောက် မျက်စိသုံးလုံးကျား၏ခန္ဓာကိုယ်မှ သွေးမထွက်တော့ပေ။ သူ၏ဖြူဖွေးသောအမွှေးများမှာ ယခုအခါ အနက်ရောင်သန်းသွားပြီး ရွှေရောင်အလင်းတန်းများပါရှိနေသည်။

သူ၏မျက်စိသုံးလုံးထဲတွင် ဝိညာဉ်ကိုဖမ်းစားနိုင်သော နတ်ဘုရားအလင်းများ ကိန်းအောင်းနေ၏။ သူ၏အရှိန်အဝါမှာ ယခင်ကထက် ပို၍တည်ငြိမ်သွားသော်လည်း အဆပေါင်းများစွာ ပို၍အန္တရာယ်ရှိသောခံစားချက်ကိုပေးနေသည်။

သူတော်စင်နယ်မြေကိုမထုတ်ဖော်ဘဲနှင့် ဟင်းလင်းပြင်ရှိ ရှုပ်ထွေးသောစည်းမျဉ်းများသည် သူ့ကိုတိုက်မိသည့်အခါ သံချင်းရိုက်သံများထွက်ပေါ်လာပြီး သူ့ကိုအနည်းငယ်မျှပင် မလှုပ်ခါနိုင်တော့ချေ။

"ဟားဟားဟား... ငါနောက်ဆုံးတော့ အောင်မြင်ပြီ"

သူ့အသံမှာ ကျောက်ခဲများကိုပင်ကွဲအက်စေပြီး ပတ်ဝန်းကျင်ရှိစည်းမျဉ်းများကို ဂယက်ထသွားစေသည်။

"ဟာ... ဒီလောက်တောင် စွမ်းအားတက်သွားတာလား"

အစ်ကိုကြီးချန်ပင် မှင်တက်သွားသည်။ နတ်ဆိုးခန္ဓာကိုယ်က မျှော်လင့်ထားသည်ထက် ပို၍ထူးခြားနေသည်။

မိုချန်၏မျက်လုံးထဲတွင် မနာလိုစိတ်များဖြတ်ပြေးသွား၏။

"ဒီကျားရဲ့ပါရမီက ကြောက်စရာကောင်းလောက်အောင်မြင့်တာပဲ... ကံကောင်းလိုက်တာ၊ တိုက်ရိုက်ကို နက်ရွှေရောင် နတ်ဆိုးခန္ဓာကိုယ်အဆင့်ကို ခုန်တက်သွားတာပဲ"

လန်ယီက စူးစမ်းစွာမေးလိုက်သည်။

"နက်ရွှေရောင်နတ်ဆိုးခန္ဓာကိုယ်ဆိုတာကဘာလဲ"

မိုချန်က ဆရာကြီးတစ်ဦးကဲ့သို့ ထပ်မံရှင်းပြပြန်သည်။

"နတ်ဆိုးခန္ဓာကိုယ်မှာ အဆင့်အတန်းတွေရှိတယ်။ အဆင့်မြင့်လေလေ၊ တူညီတဲ့အဆင့်မှာ ပိုပြီးအစွမ်းထက်လေပဲ”

"သစ်သားခန္ဓာကိုယ်တွေက နတ်ဆိုးကျင့်ကြံသူတွေကြားမှာ အနိမ့်ဆုံးပဲ၊ များသောအားဖြင့် ပါရမီမရှိတဲ့နတ်ဆိုးတွေပဲရကြတာ"

"သစ်သားအထက်မှာတော့ ကျောက်၊ ကျောက်စိမ်း၊ ငွေဆိုပြီး အဆင့်တွေရှိသေးတယ်..."

သူကတော့ ငွေအဆင့်၏ထိပ်ဆုံးဖြစ်သော စီးဆင်းနေသော ငွေရောင်နတ်ဆိုးခန္ဓာကိုယ်ပိုင်ရှင် ဖြစ်ခဲ့ဖူးကြောင်းကိုတော့ ထည့်မပြောခဲ့ပေ။ သူသည် အင်မော်တယ်လောကသို့ရောက်မှသာ ထိုအကြောင်းကိုပြောပြပြီး အားလုံးကိုအံ့ဩစေရန် ကြံရွယ်ထား၏။ သို့သော် ယခု ထိုကျိန်စာသင့်ကျားက ငွေအဆင့်ကိုကျော်ဖြတ်ကာ ရွှေအဆင့်ရောက်သွားသဖြင့် သူစိတ်ပျက်နေသည်။

သူက ဆက်ပြောလိုက်သည်။

"ငွေအဆင့်အထက်မှာ ရွှေအဆင့်ရှိတယ်၊ အဲဒါကိုမှ ရွှေဖြူ၊ အနက်ရောင်ရွှေ၊ ခရမ်းရောင်ရွှေဆိုပြီး ခွဲခြားထားသေးတယ်"

နက်ရွှေရောင် နတ်ဆိုးခန္ဓာကိုယ်ဆိုသည်မှာ အင်မော်တယ်လောကရှိ နတ်ဆိုးကျင့်ကြံသူများကြားမှာပင် ဒဏ္ဍာရီဆန်ပြီး အလွန်ရှား၏။ ၎င်းကိုပိုင်ဆိုင်သူများသည် နတ်ဆိုးကျင့်ကြံသူများကြားတွင် ထိပ်သီးပုဂ္ဂိုလ်များဖြစ်လာကြစမြဲ။

အင်မော်တယ်ခန္ဓာကိုယ် သို့မဟုတ် နတ်ဆိုးခန္ဓာကိုယ်၏ အရည်အသွေးမှာ အင်မော်တယ်ဖြစ်လာသည့် အခိုက်အတန့်မှာပင် သတ်မှတ်ပြီးသားဖြစ်သည်။ နောင်တွင် တိုးတက်အောင်လုပ်ရန် မဖြစ်နိုင်သလောက်ပင်။ ယခုကဲ့သို့ ပြီးပြည့်စုံသောလေ့ကျင့်ရေးနေရာမျိုးမှာပင် တူညီသောအဆင့်အတွင်း၌သာ ပြန်လည်သန့်စင်နိုင်သည်။ သစ်သားမှ ကျောက်သို့၊ ငွေမှ ရွှေသို့ ခုန်တက်ရန်မဖြစ်နိုင်။

မျက်စိသုံးလုံးကျားမှာတော့ အပျော်လွန်ပြီး အမြီးပင်ကောင်းကင်သို့ထောင်နေပြီဖြစ်သည်။

"ဝါးဟားဟား... ငါက ကောင်းကင်ဘုံက ရွေးချယ်ထားတဲ့သူပဲ... အားစိုက်ထုတ်လိုက်ရုံနဲ့ နတ်ဆိုးကျင့်ကြံသူတွေကြားမှာ ထိပ်တန်းပါရမီရှင်ဖြစ်သွားပြီ"

သူသည် မိုချန်၏ဘေးတွင်လှဲလျောင်းလိုက်ပြီး လက်သည်းဖြင့် မိုချန်၏ပခုံးကိုပုတ်ကာ နောက်ပြောင်လိုက်သည်။

"အဘိုးကြီးမို... ခင်ဗျားမှာကော ဘယ်လိုခန္ဓာမျိုးရှိခဲ့တာလဲ။ ပြောပြပါဦး... ငါ့ကို အားကျခွင့်ပေးပါဦး"

သူသည် မိုချန်၏ အထိမခံသောနေရာကို ထိလိုက်ရုံသာမက မိုချန်၏ရှေ့မှာပင် ငါဟုသုံးနှုန်းလိုက်သဖြင့် အင်မော်တယ်မိုမှာ သူ့ကိုညှစ်သတ်ချင်စိတ် ပေါက်သွားတော့သည်။ လိပ်နက်ဘုရင်ကတော့ သူတို့နှစ်ဦးရန်ဖြစ်သည်ကို ဂရုမစိုက်ပေ။ မျက်စိသုံးလုံးကျား၏ နက်ရွှေရောင် နတ်ဆိုးခန္ဓာကိုယ်ကိုမြင်ရသဖြင့် လိုချင်တပ်မက်နေ၏။

ပြန်လည်ရှင်သန်ခြင်းနည်းလမ်းရှိနေသဖြင့် သေရမှာကိုကြောက်စရာမလိုတော့။ အကယ်၍ ဤကဲ့သို့သောအခွင့်အရေးကို လက်လွှတ်လိုက်မည်ဆိုပါက သူသည် အင်မော်တယ်ဖြစ်ရန် မထိုက်တန်တော့ချေ။

"သခင်... ကျွန်တော်လည်း စမ်းကြည့်ချင်ပါတယ်"

"ကျန်းချန်... ငါလည်း..."

လိပ်နက်ဘုရင်နှင့် လန်ယီတို့ တစ်ပြိုင်နက်ပြောလိုက်ကြသည်။ နတ်ဆိုးခန္ဓာကိုယ်ရှိနေပါက အင်မော်တယ်တစ်ဝက်ဖြစ်နေပြီဖြစ်ရာ မည်သူမျှ ထိုဆွဲဆောင်မှုကိုမငြင်းဆန်နိုင်ကြပေ။

"ရတာပေါ့... သွားကြလေ"

သူတို့မှာ မိသားစုဝင်များဖြစ်ရာ ကျန်းချန်က သူတို့သန်မာလာသည်ကိုမြင်ရသဖြင့် အလွန်ဝမ်းသာနေသည်။ သူသည် ရွှမ်ကျီရုပ်ပုံထဲမှ တပည့်တစ်ထောင်ကျော်ကိုပါထုတ်ပြီး အားလုံးကို နတ်ဆိုးခန္ဓာကိုယ်ရှင်များဖြစ်အောင်လုပ်ပေးရန်ပင် ကြံစည်နေလေပြီ။

ထို့နောက် လိပ်နက်ဘုရင်သည် တစ်ကြိမ်သေဆုံးပြီးနောက် နတ်ဆိုးခန္ဓာကိုယ်ကို ရရှိသွားသည်။ သူကတော့ ငွေရောင်နတ်ဆိုးခန္ဓာကိုယ်သာရရှိခဲ့ပြီး နက်ရွှေရောင်ထက် အဆင့်များစွာနိမ့်ကျ၏။

လန်ယီမှာမူ လေးကြိမ်တိုင်တိုင်သေဆုံးပြီးမှ ရရှိခဲ့သည်။ ကျန်းချန်မှာ သွေးအိုင်ထဲတွင်လဲနေသော လန်ယီကိုကြည့်ကာ စိတ်မကောင်းဖြစ်ရ၏။ သူမ၏သံမဏိကဲ့သို့စိတ်ဓာတ်ကြောင့်သာ တစ်ချက်မျှမအော်ဟစ်ဘဲ အောင့်အီးနိုင်ခဲ့ခြင်းဖြစ်သည်။

All Chapters