အင်မော်တယ်နှင့် နတ်ဆိုးခန္ဓာကိုယ်
Vol. 19 Ch. 186
မိုချန်က လေသံတိုးတိုးဖြင့် ရှင်းပြလိုက်သည်။
"လိပ်နက်ဘုရင်က သူတော်စင်အဆင့်နှောင်းပိုင်းကိုရောက်နေပြီး လိပ်နက်မျိုးနွယ်တွေက သူတို့ရဲ့ခုခံအားကောင်းမွန်မှုကြောင့် နာမည်ကြီးတယ်။ ကောင်းကင်ကပ်ဘေးမှာတောင် သူတို့က တခြားသူတော်စင်အဆင့် အထွတ်အထိပ်တွေထက် ပိုပြီးအသက်ရှင်နိုင်တယ်"
"ဒါပေမဲ့ လန်ယီကတော့ အခုထိအရှင်မြတ်အဆင့်မှာပဲရှိနေသေးတာ။ ဒီသွေးငွေ့တွေက သူမအတွက်တော့ အရမ်းကိုဖျက်ဆီးအားပြင်းလွန်းပြီး ရိုက်ခတ်မှုကလည်းကြီးမားလွန်းတယ်"
အမှန်အတိုင်းပြောရလျှင် ဤအခွင့်အရေးမှာ အောက်လောကကျင့်ကြံသူများအတွက် လွယ်လွယ်နှင့်လက်လှမ်းမီနိုင်သောအရာမဟုတ်။ အကယ်၍ အခြားသူတော်စင်အဆင့် အထွတ်အထိပ်တစ်ဦးသာဆိုလျှင်လည်း သေဆုံးသွားနိုင်ခြေရှိသည်။
မျက်စိသုံးလုံးကျားနှင့် လိပ်နက်ဘုရင်တို့ အောင်မြင်ခဲ့ခြင်းမှာ ကျန်းချန်က သူတို့ကို အကြိမ်ကြိမ်ရှင်သန်အောင် ပြုလုပ်ပေးနိုင်သောကြောင့်သာ။ သေကြောင်းကြံစည်မှုတစ်ခုကို အခွင့်အရေးတစ်ခုအဖြစ် အတင်းအကျပ်ပြောင်းလဲပစ်လိုက်ခြင်းပင်။
ထို့အပြင် အခြားနယ်မြေများမှ သူတော်စင်အဆင့်ကျွမ်းကျင်သူများသည် ဤသွေးငွေ့များအကြောင်း သို့မဟုတ် နတ်ဆိုးခန္ဓာကိုယ်အကြောင်းကိုမသိကြချေ။ မည်သူကမှ အကာအကွယ်ပစ္စည်းများ၏ အပြင်ဘက်သို့ထွက်ကာ မိမိ၏နယ်ပယ်ကိုရုပ်သိမ်းပြီး ကိုယ်တုံးလုံးဖြင့် ထိုပြင်းထန်သောနာကျင်မှုကိုခံယူရန် ကြံစည်မည်မဟုတ်ပေ။
အရိုးနယ်မြေမှအရိုးဘုရင်ကြီးမှာတော့ ဤဒဏ်ကိုခံနိုင်ရည်ရှိပေလိမ့်မည်။ သို့သော် ပြဿနာမှာ အရိုးမျိုးနွယ်များတွင်သွေးသားမရှိသဖြင့် ဤသွေးငွေ့များက သူတို့အပေါ် အကျိုးသက်ရောက်မှုမရှိခြင်းပင်။
နောက်ဆုံးအကြိမ် ရှင်သန်လာပြီးနောက်တွင် လန်ယီမှာလည်း နတ်ဆိုးခန္ဓာကိုယ်ကို အောင်မြင်စွာရရှိသွားတော့သည်။
"ဒါကလည်း နက်ရွှေရောင် နတ်ဆိုးခန္ဓာကိုယ်ပါလား"
"လန်ယီက တကယ့်ကိုထူးခြားတဲ့ပါရမီရှင်ပဲ"
မိုချန်သည် အနာဂတ်ဂိုဏ်းချုပ်ကတော်ကိုမြှောက်ပင့်ရင်း သူ၏ပျက်စီးနေသောအသိဉာဏ်ကမ္ဘာကို ပြန်လည်စုစည်းနေရသည်။ နက်ရွှေရောင် နတ်ဆိုးခန္ဓာကိုယ်က ရရန်လွယ်ကူနေလော။ သူ၏ ယခင်နှစ်ပေါင်းများစွာကျင့်ကြံခဲ့မှုများမှာ အလကားဖြစ်သွားသလို ခံစားနေရ၏။
နတ်ဆိုးခန္ဓာကိုယ်များရရှိသွားပြီးနောက် လူတစ်ဦးနှင့် နတ်ဆိုးနှစ်ပါးတို့မှာ ခွန်အားများ သိသိသာသာတိုးတက်လာပြီး စိတ်ဓာတ်များတက်ကြွနေကြသည်။ ၎င်းကို မြင်သောအခါ အစ်ကိုကြီးချန်မှာလည်း စိတ်လှုပ်ရှားလာတော့သည်။
"ငါလည်းစမ်းကြည့်ဦးမယ်"
မိုချန်က အလျင်အမြန်တားလိုက်သည်။
"ဂိုဏ်းချုပ်... ခဏနေပါဦး"
"ဂိုဏ်းချုပ်မှာ အင်မော်တယ်ခန္ဓာကိုယ်ရှိပြီးသားလေ။ အင်မော်တယ်နဲ့ နတ်ဆိုးဆိုတာ တစ်ခုနဲ့တစ်ခု ဆန့်ကျင်ဘက်တွေပဲ။ ဘယ်သူမှ အင်မော်တယ်ခန္ဓာကိုယ်နဲ့ နတ်ဆိုးခန္ဓာကိုယ် နှစ်ခုစလုံးကို တစ်ပြိုင်နက် မပိုင်ဆိုင်နိုင်ဘူး"
ကျန်းချန်မှာ ချက်ချင်းပင်စိတ်ပျက်သွားသည်။
"ဒါဆို ငါ့ရဲ့အင်မော်တယ်ခန္ဓာကိုယ်က ဘာအဆင့်လဲဆိုတာကြည့်ပေးဦး"
"သူတို့ရဲ့ နက်ရွှေရောင် နတ်ဆိုးခန္ဓာကိုယ်လိုပဲ အဆင့်မြင့်လား"
"ဟင်း... ဒီလူအိုကြီးလည်း မပြောတတ်ပါဘူး"
မိုချန်က အနည်းငယ်ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်သည်။
"ကျွန်တော်က အင်မော်တယ်ခန္ဓာကိုယ်တွေအကြောင်း သိပ်မသိဘူး၊ အနိမ့်စားအဆင့်အချို့ကိုပဲ မြင်ဖူးတာ။ ဂိုဏ်းချုပ်ရဲ့ခန္ဓာကိုယ်မျိုးကိုတော့ တစ်ခါမှမမြင်ဖူးဘူး။ ဒါပေမဲ့ ဧကန်မုချ အဆင့်နိမ့်မှာတော့မဟုတ်ဘူး"
အစ်ကိုကြီးချန်မှာ အနည်းငယ်စိတ်သက်သာရာရသွား၏။ သို့သော် ဤအတိုင်းတော့မဖြစ်သေးချေ။ ဂိုဏ်းချုပ်တစ်ယောက်အနေဖြင့် သူ၏လက်အောက်ငယ်သားများထက် ညံ့ဖျင်း၍မဖြစ်။
"ငါ စမ်းကြည့်သင့်သေးတယ်... ဘာပဲဖြစ်ဖြစ် ဘာမှကုန်ကျတာမှမဟုတ်တာ"
"ဂိုဏ်းချုပ်... ပြန်စဉ်းစားပါဦး... အကယ်၍ ဂိုဏ်းချုပ်သာသေသွားရင် ဘယ်သူကမှ ပြန်ရှင်အောင်လုပ်ပေးနိုင်မှာမဟုတ်ဘူး"
လန်ယီကလည်း စိုးရိမ်တကြီးတားဆီးလိုက်သည်။
"ကျန်းချန်... စိတ်မမြန်ပါနဲ့။ ရှင်သေသွားတာကို မမြင်ချင်ဘူး"
မင်းသမီးလေးက သူ့ကို ဤမျှအထိဂရုစိုက်နေသည်ကိုမြင်ရသဖြင့် အစ်ကိုကြီးချန်ကျေနပ်သွားသည်။ သို့သော် သူသေဆုံးသွားလျှင်လည်း စနစ်က သူ့ကိုရှင်သန်အောင်လုပ်ပေးပေလိမ့်မည်။
"စိတ်မပူပါနဲ့... ငါ ဘာလုပ်နေလဲဆိုတာ ငါသိပါတယ်"
ထိုသို့ပြောပြီးနောက် သူသည် အကာအကွယ်အပြင်ဘက်သို့ခုန်ထွက်လိုက်ပြီး သူ၏နယ်ပယ်ကိုရုပ်သိမ်းကာ သွေးငွေ့များ၏ရိုက်ခတ်မှုကို တိုက်ရိုက်ရင်ဆိုင်လိုက်သည်။
ဝုန်း
ထိုအခိုက်အတန့်တွင် သူ၏နတ်ဘုရားဝိညာဉ်မှာ ကမောက်ကမဖြစ်သွားပြီး သွေးပင်လယ်နှင့် အလောင်းတောင်ကြီးများ၏ပုံရိပ်များက သူ၏သိစိတ်ကို အစိတ်စိတ်အမွှာမွှာဆွဲဖြဲလိုက်သည်။ သတိမလစ်ခင် နောက်ဆုံးအချိန်လေးတွင် သူ၏စိတ်ထဲ၌ သံသယတစ်ခုပေါ်လာ၏။
မျက်စိသုံးလုံးကျားနဲ့ လန်ယီတို့တုန်းက သတိမလစ်ခဲ့ကြဘူး...
ငါ့မှာရော အင်မော်တယ်ဝိညာဉ်ရှိတာပဲလေ၊ သူတို့ထက် ပိုပြီးခံနိုင်ရည်ရှိသင့်တာ မဟုတ်ဘူးလား...
ဘာလို့ ဒီလောက်လေးတောင် တောင့်မခံနိုင်ရတာလဲ...
ထိုအချိန်တွင် သူ၏ခန္ဓာကိုယ်တစ်ခုလုံး ပွထလာသလိုခံစားရပြီးနောက် အင်းဆက်ပိုးကောင်တစ်သောင်း ကိုက်ခဲနေသလို၊ အပ်ပေါင်းများစွာဖြင့်ထိုးဆွခံနေရသလို၊ အရိုးအားလုံးအမှုန့်ခြေခံနေရသလို ခံစားလိုက်ရ၏။ နာကျင်မှုကြောင့် သူ၏ခန္ဓာကိုယ်မှာ တွန့်လိမ်သွားတော့သည်။
ဘေးမှကြည့်နေသူများမှာ ကြောက်လန့်နေကြသည်။ ကျန်းချန်သည် သွေးငွေ့များနှင့် ထိတွေ့လိုက်သည်နှင့် မျက်တောင်တစ်ခတ်အတွင်း သူ၏ခန္ဓာကိုယ်မှာ အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားပြီး ယခင်သုံးဦးထက် အဆပေါင်းသောင်းချီ၍ ရက်စက်လှသောအခြေအနေသို့ ရောက်သွားသည်။
"ဒါကမဖြစ်နိုင်ဘူး"
မိုချန်မှာအော်ဟစ်ရင်း အပြင်သို့ပြေးထွက်သွားသည်။
ဂိုဏ်းချုပ်တွင် အင်မော်တယ်ခန္ဓာကိုယ်ရှိပြီးသားဖြစ်သဖြင့် နတ်ဆိုးခန္ဓာကိုယ်ကိုမရရှိနိုင်လျှင်ပင် ဤသွေးငွေ့များကြောင့် ဤမျှအထိ ထိခိုက်မှုမရှိသင့်ပေ။ အကယ်၍သွေးငွေ့များက ဤမျှအထိအစွမ်းထက်နေလျှင် အင်မော်တယ်-နတ်ဆိုး စစ်ပွဲတုန်းက အင်မော်တယ်မျိုးနွယ်တွေက စစ်မြေပြင်ထဲကို ဘယ်လိုဝင်ရဲကြမှာလဲ။
သို့သော်လည်း နောက်ကျသွားလေပြီ။ လန်ယီ၊ မျက်စိသုံးလုံးကျားနှင့် လိပ်နက်ဘုရင်တို့ ကျန်းချန်၏ ဘေးသို့ ရောက်သွားချိန်တွင် သူ၏ခန္ဓာကိုယ်မှာ ပျောက်ကွယ်သွားပြီး မြူမှုန်မျှပင်မကျန်တော့ချေ။
"မဟုတ်ဘူး..."
လန်ယီမှာ ဝမ်းနည်းပက်လက်အော်ဟစ်ကာ မေ့လဲလုနီးပါးဖြစ်သွားသည်။ မျက်စိသုံးလုံးကျားမှာလည်း ဝိညာဉ်လွင့်သွားသလို မှင်တက်နေ၏။ မိုချန်ကတော့
"ဒါက မဖြစ်သင့်ဘူး... ဒီလိုမျိုး မဖြစ်သင့်ဘူး..."
ဟု ရေရွတ်နေမိသည်။
အဝါလေးကတော့ အလွန်တည်ငြိမ်နေပြီး သူမ၏ဝိုင်းစက်နေသော မျက်လုံးလေးများဖြင့် တစ်စုံတစ်ခုကိုရှာဖွေနေသကဲ့သို့ ပတ်ဝန်းကျင်ကိုဝေ့ကြည့်နေသည်။
"ဒင်... လက်ခံသူ သေဆုံးသွားသည်။ ရန်သူ၏ခွန်အားကိုစစ်ဆေးနေပြီး ပြန်လည်ရှင်သန်ခြင်းအစီအစဉ်ကို ရေးဆွဲနေသည်"
"ဒင်... လက်ခံသူသည် ဖရိုဖရဲနတ်ဆိုးခန္ဓာကိုယ်ကိုရရှိသည်"
"ဒင်... လက်ခံသူ အသက်ပြန်ရှင်ပါပြီ"
စနစ်က ဤသေဆုံးမှုအတွက် မည်သည့်ရှင်းပြချက်မျှမပေးခဲ့ပေ။ ယခင်နဂါးသွေးနှင့် လျှပ်စီးကပ်ဘေးတို့ကဲ့သို့ တိုက်ရိုက်ပြန်ရှင်လာခြင်းမျိုးမဟုတ်ဘဲ မူလက အင်မော်တယ်ခန္ဓာကိုယ်နှင့် အတူရှိရန်မဖြစ်နိုင်သော နတ်ဆိုးခန္ဓာကိုယ်တစ်ခုကို အတင်းအကျပ်ပေးအပ်လိုက်ခြင်းပင်။
ဤအန္တရာယ်ကိုကျော်ဖြတ်ရန်မှာ ဤဖရိုဖရဲနတ်ဆိုးခန္ဓာကိုယ်ကိုပေးအပ်ခြင်းမှတစ်ပါး အခြားနည်းလမ်းရှိပုံမရ။
လူတိုင်း၏အကြည့်အောက်မှာပင် ပျောက်ကွယ်သွားသောခန္ဓာကိုယ်မှာ ပြန်လည်စုစည်းလာပြီး ကျန်းချန်၏ပုံရိပ်အတိုင်း ပြန်လည်ရှင်သန်လာသည်။ သူအသက်ပြန်ရှင်လာရုံသာမက နတ်ဆိုးခန္ဓာကိုယ်ကိုလည်း အောင်မြင်စွာပိုင်ဆိုင်သွားလေပြီ။
"ကျန်းချန်..."
လန်ယီက ပထမဆုံးပြေးဖက်လိုက်သည်။
"ရှင်မသေသေးဘူးပဲ... တကယ်ကိုဝမ်းသာလိုက်တာ..."
"ဟားဟား... ငါက အားလုံးကိုနောက်လိုက်တာပါ"
မိမိလူများ၏ရှေ့တွင်သေပြခဲ့မိသဖြင့် အစ်ကိုကြီးချန်မှာ အရှက်ပြေရန်အတွက် ဟန်ထုတ်ပြီးသာ ပြောလိုက်ရသည်။
မျက်ရည်များကြားမှပြုံးလိုက်သောလန်ယီက ကျန်းချန်၏ရင်ဘတ်ကိုထိုးလိုက်ပြီး
"ရှင်ကတော့ တကယ်လွန်တယ်"
ဟု ဆူလိုက်သည်။ မျက်စိသုံးလုံးကျားကတော့ ဆွံ့အလျက်
"အစ်ကိုကြီး... ခင်ဗျားကတော့ လူကိုသေအောင်ခြောက်နေတာပဲ"
ဟု ပြောရှာသည်။
မိုချန်လည်း ခါးသီးသောအပြုံးဖြင့် ခေါင်းခါလိုက်၏။ သို့သော်လည်း ခဏအကြာတွင် သူ့မျက်လုံးများ ပြူးကျယ်သွားသည်။
"ဂိုဏ်းချုပ်... ဂိုဏ်းချုပ်က နတ်ဆိုးခန္ဓာကိုယ်ကိုရသွားတာလား"
သူသည် နတ်ဆိုးကျင့်ကြံသူတစ်ဦး၏အရှိန်အဝါကို ကောင်းစွာခံစားနိုင်သူဖြစ်ရာ ကျန်းချန်၏ကိုယ်ပေါ်တွင် နတ်ဆိုးခန္ဓာကိုယ်၏ ဝိသေသလက္ခဏာများကို မြင်နေရပြီဖြစ်သည်။ သို့သော် ဒါကဘယ်လိုဖြစ်နိုင်မှာလဲ။
အင်မော်တယ်ခန္ဓာကိုယ်ရှိနေလျက်နှင့် နတ်ဆိုးခန္ဓာကိုယ်ကို ထပ်ရနိုင်သေးတာလား။ ဒါဆို သူက အင်မော်တယ်ကျင့်ကြံသူလား၊ နတ်ဆိုးကျင့်ကြံသူလား။
ဤကောင်းကင်သားတော်သည် အမှန်တကယ်ထူးခြားဆန်းပြားလွန်းလှပြီး သာမန်အသိဉာဏ်များနှင့် တိုင်းတာ၍မရနိုင်ပေ။
အစ်ကိုကြီးချန်က ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်တယ်... ငါ့ရဲ့နတ်ဆိုးခန္ဓာကိုယ်က ဘာအဆင့်လဲဆိုတာ ကြည့်ပေးပါဦး"
မိုချန်က သေသေချာချာ အာရုံခံကြည့်လိုက်သည်။ အချိန်အတော်ကြာပြီးနောက် သူဇဝေဇဝါဖြစ်နေဆဲ။ မျက်စိသုံးလုံးကျားက စိတ်မရှည်စွာတိုက်တွန်းသည်။
"ဘာအဆင့်လဲ မြန်မြန်ပြောပါ... လူကိုရင်ခုန်အောင်လုပ်မနေနဲ့"
သူသည် သူ၏အမြီးကို ဝှေ့ယမ်းရင်း
"ငါ့ရဲ့ နက်ရွှေရောင် နတ်ဆိုးခန္ဓာကိုယ်လောက်ကော စွမ်းလား"
ဟု ကြွားဝါလိုက်သေးသည်။
မိုချန်က အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ ခက်ခက်ခဲခဲပြောလိုက်ရသည်။
"ဒီလူအိုကြီးက ဒီလိုနတ်ဆိုးခန္ဓာကိုယ်မျိုး တစ်ခါမှမမြင်ဖူးဘူး။ ဒါပေမဲ့သူ့ရဲ့အရှိန်အဝါက ပိုပြီးအန္တရာယ်များတယ်။ နက်ရွှေရောင်ထက် အဆင့်မြင့်မယ်ထင်တယ်"
"ဒါဆိုခင်ဗျား ဖရိုဖရဲနတ်ဆိုးခန္ဓာကိုယ်အကြောင်း ကြားဖူးလား"
"တစ်ခါမှ မကြားဖူးဘူး"
အစ်ကိုကြီးချန် စိတ်ပျက်သွား၏။ ဤအင်မော်တယ်၏အသိပညာမှာ အတော်လေးအားနည်းနေပုံရသည်။ သူသည် အရင်ကစာမလုပ်ခဲ့ပုံပင်။
"ငါတို့အားလုံး နတ်ဆိုးခန္ဓာကိုယ်တွေရပြီဆိုတော့ ဂိုဏ်းကတခြားတပည့်တွေကိုလည်း ဒီသွေးငွေ့တွေရဲ့အာဟာရကို ခံယူခိုင်းကြရအောင်"
မိမိလက်အောက်က တပည့်အားလုံးသာ နတ်ဆိုးခန္ဓာကိုယ်တွေ ပိုင်ဆိုင်သွားမယ်ဆိုရင် ဘယ်လောက်တောင် ကြည့်ကောင်းလိုက်မလဲဟု သူတွေးလိုက်မိသည်။ သူစိုးရိမ်သည်မှာ နတ်ဆိုးခန္ဓာကိုယ်၏အရည်အသွေးမှာ တစ်ဦးချင်းစီ၏ပါရမီအပေါ်တွင် မူတည်နေခြင်းပင်။ သူ့တပည့်အများစုမှာ ပါရမီမြှင့်တင်ရန် အချိန်မရသေးချေ။
"အကြီးအကဲမို... နတ်ဆိုးခန္ဓာကိုယ်ကိုရပြီးရင် အဲဒါကအတည်ဖြစ်သွားတာလား၊ နောင်မှာ ပြောင်းလဲလို့ မရတော့ဘူးလား"
အကယ်၍ ထိုအတိုင်းသာဆိုလျှင် အဆင့်နိမ့်နတ်ဆိုးခန္ဓာကိုယ်ကို စောစောစီးစီးရယူခြင်းမှာ ကောင်းသောကိစ္စမဟုတ်ပေ။