အလုပ်ရှုပ်နေသော အစ်ကိုကြီးချန်
Vol. 19 Ch. 187
"မရဘူး"
မိုချန်က ခေါင်းညိတ်ပြပြီးနောက် ဖြည့်စွက်ပြောလိုက်သည်။
"ဒါပေမဲ့ ဂိုဏ်းချုပ်... ဂိုဏ်းချုပ်က ပါရမီကိုမြှင့်တင်ပေးနိုင်မယ်ဆိုရင်တော့ ဒီသံမဏိစည်းမျဉ်းကို ချိုးဖျက်နိုင်ကောင်း ချိုးဖျက်နိုင်ပါလိမ့်မယ်"
သူသည် အစ်ကိုကြီးချန်၏ စွမ်းဆောင်ရည်အကန့်အသတ်ကို သာမန်အသိဉာဏ်ဖြင့် ခန့်မှန်းရန်မဝံ့ရဲတော့ချေ။
"သူတို့အားလုံး နတ်ဆိုးခန္ဓာကိုယ်ရသွားပြီဆိုရင် တာအိုနန်းတော်အဆင့်ကိုကျော်ဖြတ်ပြီး သူတော်စင်အဆင့်တက်လှမ်းဖို့က အဆပေါင်းများစွာပိုလွယ်သွားလိမ့်မယ်"
အင်မော်တယ်နှင့်တူညီသော ခန္ဓာကိုယ်ကိုအသုံးပြု၍ အစောပိုင်းအဆင့်များကိုကျင့်ကြံခြင်းမှာ အားစိုက်စရာမလိုဘဲ အောင်မြင်မည်မှာ ဧကန်မုချပင်။ ကျန်းချန်က ခဏမျှစဉ်းစားပြီးနောက် ပထမဆုံးစမ်းသပ်ခံမည့်သူကို ရွေးချယ်လိုက်သည်။
"လိပ်နက်ဘုရင်... အခု မင်းရဲ့ပါရမီကို ငါမြှင့်တင်ပေးမယ်၊ မင်းရဲ့နတ်ဆိုးခန္ဓာကိုယ် ပြောင်းလဲသွားမလား ကြည့်ရအောင်"
လိပ်နက်ဘုရင်သည် လက်ရှိတွင် ပါရမီအဆင့် ၅ သာရှိပြီး ငွေရောင်နတ်ဆိုးခန္ဓာကိုယ်ကိုသာ ရရှိထားခြင်းဖြစ်သည်။ နတ်ဆိုးခန္ဓာကိုယ်ရရှိခြင်းမှာ အလွန်ဝမ်းသာစရာဖြစ်သော်လည်း လန်ယီနှင့် မျက်စိသုံးလုံးကျားတို့၏ နက်ရွှေရောင် နတ်ဆိုးခန္ဓာကိုယ်များနှင့် နှိုင်းယှဉ်လျှင်မူ အနည်းငယ် အားငယ်မိနေသည်။ ပျော်ရွှင်မှုဆိုသည်မှာ နှိုင်းယှဉ်ချက်အပေါ်တွင် မူတည်သည်မဟုတ်ပါလား။
"ဟုတ်ကဲ့... ဟုတ်ကဲ့ပါ... သခင့်ကို အထူးပဲကျေးဇူးတင်ပါတယ်..."
သူသည် ကျန်းချန်က အခြားတပည့်များ၏ပါရမီကို မြှင့်တင်ပေးနေသည်ကိုကြည့်ပြီး မနာလိုဖြစ်နေခဲ့သည်မှာကြာလေပြီ။ သို့သော် မျက်စိသုံးလုံးကျားပင် အလှည့်မရသေးသဖြင့် သူက ဘာမှမပြောရဲခဲ့ပေ။ ယခု မိမိအလှည့်ရောက်ပြီဟု ကြားလိုက်ရသောအခါ သူစိတ်လှုပ်ရှားလွန်းသဖြင့် လမ်းပင်မှားလုနီးပါး ဖြစ်သွားတော့သည်။
"အစ်ကိုကြီး... အလှည့်ကျစနစ်တော့ ရှိရမယ်လေ..."
"ခင်ဗျားရဲ့ ဒီညီလေးက သစ္စာရှိရှိအလုပ်အကျွေးပြုခဲ့တာ၊ အောင်မြင်မှုတွေလည်း အများကြီးရခဲ့တာလေ... ကျွန်တော့်ရဲ့အကျိုးပြုမှုတွေကို ငြင်းလို့မရဘူးနော်..."
မျက်စိသုံးလုံးကျားကတော့ မကျေမနပ်ဖြစ်ကာ ငိုတော့မလိုမျက်နှာပေးဖြင့် ပြောတော့သည်။
"ဒီလိပ်နက်ဘုရင်က အခုမှရောက်တာလေ၊ ဘာမှလည်းမလုပ်ရသေးဘူး... ဘာလို့ သူ့ကိုအရင်ပေးတာလဲ"
"ကျွန်တော့်အပေါ်အမြင်မကြည်တာရှိရင် တိုက်ရိုက်သာပြောလိုက်ပါ..."
အစ်ကိုကြီးချန်ကတော့ စိတ်ထဲမှတွေးလိုက်မိသည်...
မင်းကိုမြှင့်တင်ပေးဖို့ အမှတ် ၉.၅ ဘီလီယံကုန်မှာ၊ လိပ်နက်ဘုရင်ကိုကျတော့ သောင်းဂဏန်းပဲကုန်မှာလေ... ဘယ်လိုလုပ်ယှဉ်လို့ရမှာလဲ...
ပြီးတော့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ရဲ့ရှေ့မှာတင် အတင်းပြောနေတာ မင်းနည်းနည်းတော့ အရှက်ရှိသင့်တယ်မဟုတ်လား...
"တော်စမ်းပါ... မင်းမှာနက်ရွှေရောင် နတ်ဆိုးခန္ဓာကိုယ်ရှိနေပြီပဲ၊ ဘာတွေ ထပ်လိုချင်နေသေးတာလဲ"
ထိုသို့ပြောပြီးနောက် သူသည် လိပ်နက်ဘုရင်၏ခေါင်းကို ညင်သာစွာပွတ်သပ်လိုက်၏။ နောက်တစ်စက္ကူတွင် လိပ်နက်ဘုရင်၏ ပါရမီမှာ အဆင့် ၄ သို့ မြင့်တက်သွားတော့သည်။
ချက်ချင်းပင် သူ၏လိပ်ခွံပေါ်ရှိ ဖြူရော်ရော်ငွေရောင်အလင်းတန်းမှာ စတင်ပြောင်းလဲလာသည်။ အရောင်ခုနစ်မျိုးရှိသောအလင်းတန်းများက လိပ်ခွံတစ်လျှောက်စီးဆင်းသွားသည်မှာ အံ့ဖွယ်ကောင်း၏။ လိပ်နက်ဘုရင်က သူ၏အရှိန်အဝါကိုပြန်ရုပ်သိမ်းလိုက်သောအခါမှ ထိုအလင်းများ ပျောက်ကွယ်သွားသည်။
ခဏချင်းမှာပင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ အရည်ကန်တစ်ခုကဲ့သို့ ဖြစ်သွားသည်။ ထိုအရည်များသည်လှုပ်ရှားနေပြီး ပုံစံအမျိုးမျိုးပြောင်းလဲပြီးနောက် လိပ်နက်အသွင်သို့ ပြန်လည်ရောက်ရှိလာ၏။
"ဒါက စီးဆင်းနေတဲ့ငွေရောင်နတ်ဆိုးခန္ဓာကိုယ်ပဲ..."
"တကယ်ပဲ နတ်ဆိုးခန္ဓာကိုယ်ကိုအဆင့်မြှင့်တင်ပေးနိုင်တာလား..."
ကြိုတင်သိထားသော်လည်း မိုချန်မှာ မအောင့်နိုင်ဘဲခုန်ထလိုက်မိသည်။ ၎င်းမှာ လုံးဝမဖြစ်နိုင်သောအရာပင်။
သတ်မှတ်ပြီးသားနတ်ဆိုးခန္ဓာကိုယ်တစ်ခုကို အတင်းအကျပ်ပြောင်းလဲပစ်နိုင်သည်ကို မြင်ရခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။ အကယ်၍ ဤသတင်းသာ အင်မော်တယ်လောကသို့ ပျံ့နှံ့သွားပါက ကြီးမားသောရိုက်ခတ်မှုကြီး ဖြစ်ပေါ်လာပေလိမ့်မည်။ အင်မော်တယ်ဘုရင်များနှင့် နတ်ဆိုးဧကရာဇ်များပင် ငြိမ်နေနိုင်ကြမည်မဟုတ်ပေ။
"ကျေးဇူးတင်ပါတယ် သခင်... တကယ်ကို ကျေးဇူးတင်ပါတယ်..."
လိပ်နက်ဘုရင်မှာ တတွတ်တွတ်ကျေးဇူးတင်နေတော့သည်။ သူ၏နတ်ဆိုးခန္ဓာကိုယ် အဆင့်တက်သွားရုံသာမက ပါရမီမှာလည်း အဆင့် ၄ သို့ ရောက်သွားသဖြင့် ကျင့်ကြံမှုနှုန်း သိသိသာသာမြန်ဆန်လာသည်ကို ခံစားနေရသည်။
သူ့အတွက်မူ ၎င်းမှာ ကောင်းကင်ကိုဆန့်ကျင်သော ကံကြမ္မာအလှည့်အပြောင်းပင်။ ယခုအခါတွင် သူသည် ကျန်းချန်၏စီးတော်ယာဉ်ဖြစ်လာရသည်ကို ပျော်မဆုံးဖြစ်နေတော့သည်။ နောင်တွင် အဆင့်မြှင့်တင်မှုများ ထပ်ရှိနိုင်သေးသည်ဟုတွေးမိသဖြင့် သူ့စိတ်ထဲတွင် အတွေးတစ်ခုတည်းသာရှိတော့သည်။
ဒီရွှေပေါင်ကြီးကို ငါဘယ်တော့မှလက်မလွှတ်တော့ဘူး...
ပါရမီမြှင့်တင်ခြင်းက နောင်တွင် နတ်ဆိုးခန္ဓာကိုယ်အဆင့်ကိုပါ မြှင့်တင်ပေးနိုင်သည်ဖြစ်ရာ တွန့်ဆုတ်နေစရာမလိုတော့ပေ။ ကျန်းချန်သည် ရွှမ်ကျီရုပ်ပုံထဲမှ တပည့် ၃၀၀ ကို ခေါ်ထုတ်လိုက်သည်။ ထိုအထဲတွင် ကျိလင်းဟန်၊ လင်းနင်၊ လော့ယွမ်နှင့် အခြားသူများ ပါဝင်သည်။
"ဒါက ဟင်းလင်းပြင်အင်မော်တယ်နယ်မြေလား"
"အရမ်းကို ခြောက်သွေ့နေတာပဲ..."
"အန္တရာယ်ရှိပုံရတယ်"
"ဂိုဏ်းချုပ်က ငါတို့ကိုခေါ်တာဆိုတော့ တစ်ခုခုထူးခြားလို့နေမှာပဲ"
ကျန်းချန်က သွေးငွေ့များနှင့် နတ်ဆိုးခန္ဓာကိုယ်အကြောင်းကို ရှင်းပြလိုက်သည်။ အင်မော်တယ်နှင့် တူညီသောခန္ဓာကိုယ်ကို အချိန်မတိုင်မီရနိုင်သည်ဟု ကြားလိုက်ရသောအခါ အားလုံးမှာ စိတ်လှုပ်ရှားစွာဖြင့် ခုန်ပေါက်နေကြသည်။
"စကြစို့ဂိုဏ်းချုပ်..."
"ကျွန်တော်တို့အဆင်သင့်ပါပဲ..."
"မစောင့်နိုင်တော့ဘူး"
သို့သော် ကျန်းချန်၏လေသံမှာ ချက်ချင်းပြောင်းလဲသွားသည်။
"ငါကြိုပြီးသတိပေးထားမယ်... သွေးငွေ့တွေရဲ့တိုက်စားမှုက အရမ်းကိုနာကျင်ရလိမ့်မယ်၊ မင်းတို့ သေချာပေါက် တစ်ကြိမ်ထက်မကသေရလိမ့်မယ်။ ပြီးတော့မင်းတို့က နတ်ဆိုးကျင့်ကြံသူတွေ မဖြစ်ချင်ဘူးဆိုရင်လည်း အခုကတည်းကလက်လျှော့လို့ရတယ်။ ရွေးချယ်ခွင့်က မင်းတို့လက်ထဲမှာပဲ"
သူတို့အားလုံး နတ်ဆိုးခန္ဓာကိုယ်ရစေချင်သော်လည်း ကျန်းချန်က အတင်းအကျပ်မလုပ်လိုပေ။ သူသည် တပည့်များ၏ကိုယ်ပိုင်ခံစားချက်ကို တန်ဖိုးထားသည်။
အဖွဲ့သားများမှာ တစ်ဦးကိုတစ်ဦးကြည့်လိုက်ကြပြီးနောက် တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်လိုက်ကြသည်။
"တွန့်ဆုတ်နေစရာမလိုပါဘူး..."
"ဒီလိုအခွင့်အရေးမျိုးကို ငါတို့ဘယ်လိုလက်လွှတ်နိုင်မှာလဲ"
"ကျွန်တော် နတ်ဆိုးခန္ဓာကိုယ်ရချင်တယ်..."
၃၀၀ စလုံး နောက်မဆုတ်ကြသဖြင့် ကျန်းချန်ကျေနပ်သွား၏။ ထို့နောက် သူတို့ကို အရိုးချေဖျက်အလံ၏ အကာအကွယ်အပြင်ဘက်သို့ ခေါ်ထုတ်သွားတော့သည်။
ထို့နောက်တွင် ဖြစ်ပျက်ခဲ့သည်မှာ တကယ့်ကိုရက်စက်လှသော သေပွဲကြီးပင်။ စတုတ္ထမျိုးဆက်တပည့်အားလုံးမှာ တစ်ယောက်မကျန် ချက်ချင်းသေဆုံးသွားကြသည်။
တတိယနှင့် ဒုတိယမျိုးဆက်တပည့်များထဲမှ ထက်ဝက်မှာလည်း နှစ်စက္ကန့်ခန့်သာခံနိုင်၏။ ကျန်ဒုတိယမျိုးဆက်တပည့်များထဲတွင် ကျိလင်းဟန်နှင့် လင်းနင်တို့မှာ ခိုင်မာသောအခြေခံကြောင့် မိနစ်အတော်ကြာအောင် တောင့်ခံနိုင်ခဲ့ကြသည်။
အကယ်၍ အစ်ကိုကြီးချန်သာမရှိလျှင် ဤလုပ်ဆောင်ချက်မှာ အစုလိုက်အပြုံလိုက်သေကြောင်းကြံစည်မှုကြီး ဖြစ်ပေလိမ့်မည်။ သို့သော် ယခုမူ သူသည် နာကျင်မှုများကို တွေးတောနေရန်အချိန်မရှိဘဲ သူတို့ကိုပြန်လည်ရှင်သန်စေရန် အသည်းအသန် အလုပ်ရှုပ်နေတော့သည်။
လူ ၃၀၀ စလုံး တန်းစီ၍သေဆုံးသွားကြပြီး တန်းစီပြီးအသက်ပြန်ရှင်လာကြကာ နောက်တစ်ခါ ထပ်သေကြပြန်သည်။ စတုတ္ထမျိုးဆက်တပည့်များမှာ မြန်မြန်သေဆုံးသော်လည်း သူတို့၏ကျင့်ကြံမှုနိမ့်သဖြင့် ရှင်သန်ရန်လိုအပ်သောအမှတ် အလွန်နည်းသည်... များသောအားဖြင့် ခုဂဏန်းသာ။
ဂိုဏ်းချုပ်ကျန်းသည် ပြန်လည်ရှင်သန်မှုတစ်ခုစီအတွက် ဂါထာရွတ်ပြနေသည့် ဟန်ဆောင်မှုကိုလည်း စွန့်လွှတ်လိုက်လေပြီ။ ၎င်းက အချိန်ကုန်လွန်းလှသည်။ အဆုံးတွင်မူ အချို့သောစတုတ္ထမျိုးဆက်တပည့်များမှာ အကြိမ် ၁၀၀ ထက်မက ပြန်လည်ရှင်သန်ခဲ့ရသည်။
မိုချန်၊ လန်ယီ၊ မျက်စိသုံးလုံးကျားနှင့် လိပ်နက်ဘုရင်တို့မှာ မေးစေ့ကိုကိုင်ကာ မှင်တက်လျက် ရပ်ကြည့်နေကြသည်။
ဂိုဏ်းချုပ်အတွက် ပြန်လည်ရှင်သန်ခြင်းက တကယ်ပဲ ဒီလောက်လွယ်ကူနေတာလား...
ဘာအခမ်းအနားမှ မလိုဘူး... လက်တစ်ချက်ယမ်းလိုက်ရုံနဲ့ လူအုပ်ကြီးကပြန်ရှင်လာကြတာပဲ...
သူက တကယ်ပဲ လူသားတစ်ယောက်ဟုတ်ရဲ့လား...
သုံးနာရီကြာပြီးနောက်တွင် တပည့်အားလုံးမှာ အောင်မြင်စွာဖြင့် နတ်ဆိုးခန္ဓာကိုယ်များ ရရှိသွားကြသည်။ သို့သော် သူတို့ရရှိသောအဆင့်များမှာ မတူညီကြပေ။
စတုတ္ထမျိုးဆက်တပည့်အများစုမှာ ကျောက်ခန္ဓာကိုယ်သာရရှိကြပြီး အချို့မှာသစ်သားခန္ဓာကိုယ်မျှသာ ရကြ၏။ တတိယမျိုးဆက်တပည့်အများစုမှာ စီးဆင်းနေသောငွေရောင် နတ်ဆိုးခန္ဓာကိုယ်များကိုရရှိကြပြီး အနည်းငယ်မှာ ပလက်တီနမ်နတ်ဆိုးခန္ဓာကိုယ်အဆင့်သို့ ရောက်ရှိကြသည်။
ဒုတိယမျိုးဆက်တပည့်များထဲတွင် ကျိလင်းဟန်နှင့် လော့ယွမ်တို့မှာ ပလက်တီနမ် နတ်ဆိုးခန္ဓာကိုယ်များကိုရရှိ၏။ လင်းနင်မှာမူ နက်ရွှေရောင် နတ်ဆိုးခန္ဓာကိုယ်အဆင့်သို့ ရောက်ရှိသွားသည်။
၎င်းမှာ ကျန်းချန်၏ အစောပိုင်းယူဆချက်များကို ပြောင်းလဲစေခဲ့သည်။ နတ်ဆိုးခန္ဓာကိုယ်အဆင့်မှာ ပါရမီအဆင့်နှင့် တိုက်ရိုက်ဆက်နွှယ်နေသော်လည်း လုံးဝတူညီခြင်းမရှိသည်မှာထင်ရှား၏။
လူတစ်ဦးချင်းစီ၏ပါရမီမှာ ကွဲပြားသည်... အချို့မှာ ထူးခြားသောအရိုးတည်ဆောက်ပုံရှိ၏၊ အချို့မှာ သွေးမျိုးဆက်သာလွန်ကြသည်၊ အချို့မှာ နတ်ဘုရားဝိညာဉ်ထူးကဲကြသည်။ ထို့အပြင် စိတ်ဓာတ်ခိုင်မာမှုနှင့် အခြားအချက်များကလည်း နောက်ဆုံးနတ်ဆိုးခန္ဓာကိုယ်ပုံစံအပေါ် လွှမ်းမိုးမှုရှိနေသည်။
ထို့ကြောင့် ပါရမီအဆင့် ၃ ရှိသော လင်းနင်သည် လန်ယီနှင့် မျက်စိသုံးလုံးကျားတို့ကဲ့သို့ နက်ရွှေရောင်အဆင့်ကို ရရှိခဲ့ခြင်းဖြစ်သည်။ တတိယမျိုးဆက်တပည့်များထဲတွင်လည်း ပါရမီအဆင့် ၄ ရှိသူအချို့မှာ ပလက်တီနမ် နတ်ဆိုးခန္ဓာကိုယ်သို့ ရောက်ရှိခဲ့ကြ၏။
နတ်ဆိုးခန္ဓာကိုယ်များရရှိသွားသဖြင့် အချို့သော ချီစုစည်းခြင်းသာရှိသေးသည့် တပည့်များသည်ပင် ဟင်းလင်းပြင်အင်မော်တယ်နယ်မြေအတွင်း လွတ်လပ်စွာလမ်းလျှောက်နိုင်ကြလေပြီ။ အကယ်၍ ဤသတင်းသာ ပြင်ပသို့ပျံ့နှံ့သွားပါက အခြားနယ်မြေများမှာ တုန်လှုပ်ချောက်ချားသွားပေလိမ့်မည်။ သူတို့သည် ယခင်က အကာအကွယ်ပစ္စည်းများအောက်တွင် ဂရုတစိုက် ပုန်းအောင်းနေခဲ့ရခြင်းကြောင့်ပင်။
သူတို့၏ခွန်အားမှာ သိသိသာသာတိုးတက်လာပြီး ကျင့်ကြံရန်လည်း ပို၍လွယ်ကူသွားသဖြင့် တပည့်များမှာ ပျော်ရွှင်စွာအော်ဟစ်နေကြတော့သည်။ မိုချန်မှာ အထူးကျေနပ်နေသည်။
သူ့တပည့်လင်းနင်မှာ နက်ရွှေရောင် နတ်ဆိုးခန္ဓာကိုယ်ကို ရရှိခဲ့သည်မဟုတ်ပါလား။ ယခုအခါတွင် သူသည် မျက်စိသုံးလုံးကျား၏ရှေ့တွင် ဂုဏ်ယူဝံ့ကြွားနိုင်ပြီဖြစ်သည်။
"ရှောင်ဟန်... မင်းဒီမှာနေခဲ့ဦး၊ ကျန်တဲ့သူတွေအားလုံး ရွှမ်ကျီကျင့်ကြံရေးနယ်မြေကို ပြန်ကြတော့"
အစ်ကိုကြီးချန်သည် ဤဒုက္ခခံခဲ့သော ဒုတိယမျိုးဆက်အစ်မကြီးကို ထိုက်တန်သောအသိအမှတ်ပြုမှုပေးရန် ဆုံးဖြတ်လိုက်သည်။