လမ်းကျဉ်းတွင် ရန်သူနှင့်တွေ့ဆုံ
Vol. 19 Ch. 189
နတ်မိစ္ဆာနယ်မြေကဝင်ရောက်လာပြီးနောက် အောက်လောကမှ အခြားနယ်မြေများစွာသည်လည်း အဝင်ဝများကိုရှာဖွေတွေ့ရှိကာ ဝင်ရောက်ကြ၏။ အင်မော်တယ်အကျွင်းအကျန်မျိုးနွယ်စု၏ အဖွဲ့ခွဲကိုးခုသည်လည်း တစ်ခုပြီးတစ်ခုပေါ်ပေါက်လာရာ ဤအဖြစ်အပျက်မှာ တစ်လောကလုံးကို လှုပ်ခတ်သွားစေသည့် ပွဲတော်ကြီးတစ်ခုသဖွယ် ဖြစ်လာတော့သည်။
ဟင်းလင်းပြင်အင်မော်တယ်နယ်မြေအတွင်းတွင် သူတော်စင်အဆင့် ကျွမ်းကျင်သူများသည် မိမိတို့၏နယ်ပယ်ကိုချဲ့ကာ လွတ်လပ်စွာသွားလာနိုင်သော်လည်း ထိုအဆင့်အောက်ရှိသူများမှာမူ အကာအကွယ်ပစ္စည်းများအတွက် အသက်လုတိုက်ပွဲဝင်နေကြရသည်။ နေရာအနှံ့တွင် သတ်ဖြတ်မှုများ၊ လုယက်မှုများနှင့် မတော်တဆမှုများပြည့်နှက်နေ၏။
သို့သော် ဖေးရှန်ဂိုဏ်း၏ပုံစံမှာမူ ထူးခြားလွန်းလှသည်။
မိုးကြိုးမုန်တိုင်းများနှင့် ကြမ်းတမ်းသောပတ်ဝန်းကျင်အလယ်တွင် အရိုးချေဖျက်အလံက ဘေးကင်းရာနယ်မြေတစ်ခုကိုဖန်တီးပေးထားပြီး လိပ်နက်ဘုရင်မှာ အေးအေးလူလူခရီးနှင်နေသည်။ လိပ်ကျောပေါ်တွင်မူ ကျန်းချန်၊ မျက်စိသုံးလုံးကျားနှင့် အဝါလေးတို့မှာ သစ်သီးများစားရင်း အစ်ကိုကြီးချန်ဖန်တီးပေးထားသည့် ဖဲကစားနည်းကို အာရုံစိုက်ကစားနေ၏။
နတ်ဆိုးခန္ဓာကိုယ်ရရှိပြီးကာစက ကြိုးစားကျင့်ကြံမည်ဟုကြံစည်ခဲ့သော မျက်စိသုံးလုံးကျားမှာ ယခုတော့ကျင့်ကြံခြင်းကိုမေ့လျော့ပြီး ဖဲဝိုင်းထဲတွင်နစ်မွန်းနေတော့သည်။
"ဘာလို့ မင်းမျက်လုံးတွေက ကောက်ကျစ်စဉ်းလဲနေတာလဲ"
မျက်စိသုံးလုံးကျားက သံသယဖြင့်မေးသည်။ သူ၏ဖဲချပ်များကို နယ်ပယ်ဖြင့် ကောင်းစွာကာကွယ်ထားသော်လည်း အဝါလေးက ကျန်းချန်ကိုအချက်ပြနေသည်ဟု သူခံစားနေရသည်။
"မင်းအတွေးလွန်နေတာပါ... မင်းရဲ့ဉာဏ်ရည်နဲ့ဆို ဘယ်သူက မင်းရှေ့မှာလှည့်ကွက်သုံးနိုင်မှာလဲ"
ကျန်းချန်က တည်ငြိမ်သောမျက်နှာပေးဖြင့်မြှောက်ပင့်လိုက်ရာ ကျားကြီးမှာ သဘောကျကာ ဆက်ကစားနေတော့သည်။
သုံးနာရီခန့်ကစားပြီးနောက် သူတို့အနားယူကြသည်။ မိုချန်က ဖျော်ဖြေရေးအတွက် ရုပ်သေးအကအဖွဲ့ကို ထုတ်ပေးထား၏။
ကျန်းချန်သည် ထိုအချိန်အတွင်း ကျိလင်းဟန်နှင့် လင်းနင်တို့၏ပါရမီကို မြှင့်တင်ပေးခဲ့ရာ ယခုအခါ အမျိုးသမီးနှစ်ဦးစလုံးမှာ ခရမ်းရောင်ရွှေရောင် နတ်ဆိုးခန္ဓာကိုယ်များကို ပိုင်ဆိုင်သွားကြလေပြီ။
ထို့နောက် ကျန်းချန်သည် သူတော်စင်ဆေးလုံးပေါင်းသောင်းချီကိုအသုံးပြုကာ ကျင့်ကြံခဲ့သည်။ သူ၏အခြေခံမှာ အလွန်ခိုင်မာလွန်းသဖြင့် အခြားသူများထက် ဆေးလုံးအဆပေါင်းရာနှင့်ချီ ပိုမိုအသုံးပြုခဲ့ရသော်လည်း နောက်ဆုံးတွင် အရှင်မြတ်အဆင့်သို့ အောင်မြင်စွာတက်လှမ်းနိုင်ခဲ့သည်။ သူ၏နတ်ဘုရားဝိညာဉ်ကိုလည်း အရှင်မြတ်အဆင့်နှောင်းပိုင်းအထိ မြှင့်တင်နိုင်ခဲ့သည်။
ခရီးစဉ်မှာ အေးအေးဆေးဆေးပင်ဆက်သွားနေပြီး တစ်နေ့တွင် လိပ်ကျောပေါ်၌ဖဲကစားနေကြသောသူတို့အဖွဲ့ ရုတ်တရက်ရပ်တန့်သွားသည်။
ရှေ့တွင် ပြင်းထန်သောတိုက်ပွဲတစ်ခုဖြစ်ပွားနေ၏။
ကောင်းကင်ယံထက်တွင် နတ်ဆိုးဘုရင်လေးပါးသည် အရှင်မြတ်အဆင့်ကျွမ်းကျင်သူနှစ်ဦးနှင့် အခြားနောက်လိုက်များကို ဝိုင်းရံတိုက်ခိုက်နေကြသည်။ ခဏချင်းမှာပင် အရှင်မြတ်အဆင့်နှစ်ဦးစလုံး သတ်ဖြတ်ခံလိုက်ရပြီး သူတို့၏ပစ္စည်းများအားလုံး လုယက်ခံလိုက်ရ၏။
ထိုနတ်ဆိုးဘုရင်လေးပါးမှာ မြွေ၊ သိုး၊ ဝက်နှင့် ယုန်တို့ဖြစ်သည်။ သူတို့၏တိုက်ခိုက်ရေးစွမ်းရည်မှာ တူညီသောအဆင့်ရှိ အခြားသူများထက် များစွာသာလွန်နေသည်။
ကျန်းချန်၏အကြည့်မှာ ယုန်နတ်ဆိုးမလေးဆီတွင် ရပ်တန့်နေ၏။ သူမသည် လူသားနှင့်ဆင်တူသော်လည်း ခေါင်းပေါ်တွင် ရှည်လျားသော အမွှေးပွနားရွက်နှစ်ဖက်ရှိနေပြီး အလွန်လှပကာ ကျန်းချန်၏အကြိုက်နှင့်ကိုက်ညီလေသည်။
မျက်စိသုံးလုံးကျားက မျက်လုံးကိုပွတ်ရင်း ဟောက်လိုက်သည်။
"တောက်... ဟိုကောင်မလေးက နှင်းယုန်ဘုရင်မ မဟုတ်လား"
ကျန်းချန်ကလှည့်ကြည့်ကာ မေးလိုက်သည်။
"မင်း သူမကိုသိလို့လား"
မျက်စိသုံးလုံးကျားက လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ပြီး ကောက်ကျစ်စွာပြုံးလိုက်သည်။
"သိတာပေါ့... အဲဒီလေးယောက်စလုံးက ငါတို့နတ်မိစ္ဆာနယ်မြေကကောင်တွေပဲ။ အသိဟောင်းတွေနဲ့ ဒီမှာလာဆုံမယ်လို့မထင်ထားဘူး"
စကားပြောနေစဉ်မှာပင် နတ်ဆိုးဘုရင်လေးပါးမှာ တိုက်ပွဲကိုအဆုံးသတ်ကာ သေဆုံးသွားသူများ၏ သိုလှောင်လက်စွပ်များကို သိမ်းဆည်းနေကြသည်။ ထိုကျွမ်းကျင်သောအမူအရာများကိုမြင်ရသည်မှာ အစ်ကိုကြီးချန်အတွက်တော့ အလွန်ပင်ရင်းနှီးနေလေ၏။