← Chapters

အခန်း (၂၈၁)

Vol. 26 Ch. 281

အခန်း (၂၈၁)

Vol. 26 Ch. 281

ဆုလာဘ်ကို ကြည့်ပြီး လင်းပိုင်ဖန်၏ မျက်နှာတွင် အပြုံးတစ်ခု ထပ်မံ ပေါ်ပေါက်လာခဲ့သည်။

‘သက်ရှည်ကျင့်စဉ်’ ဆိုသည်မှာ ထာဝရ အသက်ရှင်ခြင်းအတွက် တာအိုကျင့်စဉ် တစ်ခုပင် ဖြစ်သည်။ သူသည် အရင်ကလည်း သက်တမ်းကို ရှည်စေနိုင်သည့် ထိပ်တန်းကျင့်စဉ် အများအပြားကို ကျင့်ကြံခဲ့ဖူးသည်။ ဥပမာအားဖြင့် ‘မြင့်မြတ်သောနှလုံးသားကျင့်စဉ်’ က သက်တမ်းကို ရှည်စေနိုင်သလို ‘ရွှမ်းဝူအစစ်အမှန်ကျင့်စဉ်’ ကလည်း သက်တမ်းကို တိုးစေသည့် အာနိသင် ရှိသည်။ သို့သော် သက်ရှည်ကျန်းမာရေးနှင့် ပတ်သက်လာလျှင်တော့ ဤ ‘သက်ရှည်ကျင့်စဉ်’ ကသာ အစစ်အမှန် အကျဆုံး လမ်းစဉ်ပင် ဖြစ်သည်။ သက်တမ်းရှည်စေမည့် ကျင့်စဉ်တစ်ခု ထပ်တိုးလာခြင်းက အသက်ကို ပိုရှည်စေပြီး လွတ်လပ်ပေါ့ပါးစွာ နေထိုင်နိုင်စေမည် ဖြစ်သည်။

သို့သော် လင်းပိုင်ဖန် အမျှော်လင့်ဆုံး အသံကတော့ ထွက်မလာခဲ့ချေ။ အတော်ကြာ စောင့်ဆိုင်းပြီးနောက် သူက မနေနိုင်ဘဲ မေးလိုက်သည် - “အင်ပါယာ မြေပုံရေ... ကြည့်စမ်းပါဦး၊ ငါ့ဆီမှာ အခု ကောင်းကင်အဆင့် သိုင်းပညာရှင် တစ်ယောက် ရှိနေပြီ။ အခြေအနေတွေကလည်း အကုန်ပြည့်စုံနေပြီပဲ၊ မင်း အဆင့်မြှင့်လို့ မရသေးဘူးလား”

“ဒင်! အဆင့်မြှင့်ဖို့အတွက် အခြေအနေတစ်ခု လိုအပ်နေသေးတဲ့အတွက် အဆင့်မြှင့်လို့ မရသေးပါ”

လင်းပိုင်ဖန်မှာ ဇဝေဇဝါ ဖြစ်သွားပြီး “ဘာလိုနေသေးလို့လဲ” ဟု မေးလိုက်သည်။

အင်ပါယာ မြေပုံက ပြန်ဖြေလိုက်သည် - “အဆင့်မြှင့်ဖို့အတွက် ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင် ၂၀ လိုအပ်ပါတယ်၊ လက်ရှိမှာတော့ တစ်ယောက် လိုနေပါသေးတယ်”

အဲဒီအခါမှပဲ လင်းပိုင်ဖန် သဘောပေါက်သွားတော့သည်။ အမှန်ပင် တစ်ယောက် လိုနေခြင်း ဖြစ်သည်။ မူလက သူတို့တွင် ချီဖွဲ့တည်ခြင်းအဆင့် ၂၀ ရှိခဲ့သဖြင့် လိုအပ်ချက်နှင့် ကိုက်ညီခဲ့သော်လည်း ဓားအဖိုးအိုက ကောင်းကင်အဆင့် ဖြစ်သွားသည့်အခါ ချီဖွဲ့တည်ခြင်းအဆင့် အရေအတွက်က တစ်ယောက် လျော့သွားခြင်း ဖြစ်သည်။ ထို့ကြောင့် အဆိုပါနေရာတွင် အစားထိုးရန် တစ်ယောက် လိုအပ်နေခြင်းပင်။ အကယ်၍ ထိုလူ မရှိလျှင် အဆင့်မြှင့်၍ မရချေ။

လင်းပိုင်ဖန် တစ်ယောက် စိတ်ပျက်သွားခဲ့ရသည်။ ဒီမြေပုံက တကယ့်ကို တရားသေဆန်လွန်းလှသည် - “ထားလိုက်ပါတော့၊ အချိန်တန်ရင်တော့ အခမ်းအနားက လုပ်ရမှာပဲ ဘာပဲဖြစ်ဖြစ် အဲဒီအဆင့်ကို ရောက်ခါနီးနေပြီပဲ၊ ကောင်းကင်အဆင့် သိုင်းပညာရှင်ကို ရှာရတာ ခက်ပေမဲ့ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင် တစ်ယောက် ရှာရတာတော့ လွယ်ပါတယ်”

လင်းပိုင်ဖန်တစ်ယောက် စိတ်တိုနေချိန်မှာပင် ပြင်ပလောက၌ ဓားအဖိုးအို ကောင်းကင်အဆင့် တက်သွားသည့် ကိစ္စကြောင့် ဆူညံပွက်လောရိုက်နေသည်။

“အခုလေးတင် အဆင့်တက်သွားပြီး မြင့်မြတ်လှတဲ့ ကောင်းကင်အဆင့် သိုင်းပညာရှင် ဖြစ်သွားတာက ဓားအဖိုးအို မဟုတ်လား”

“သတင်းက အမှားဖြစ်နိုင်မလား၊ နန်းတော်ကတောင် တရားဝင် ထုတ်ပြန်ထားတာလေ”

“ကြည့်စမ်း နန်းတော်ကတောင် ဂုဏ်ပြုဖို့အတွက် စားသောက်ပွဲကြီးတွေ စလုပ်နေပြီ”

“ငါတို့ မဟာရှမှာ နောက်ဆုံးတော့ ကောင်းကင်အဆင့် တစ်ယောက် ရှိပြီဟေ့။ အခုဆို ငါတို့က အင်အားကြီး မင်းဆက်နိုင်ငံ ဖြစ်သွားပြီ။ ဘယ်သူက ငါတို့ကို အနိုင်ကျင့်ရဲသေးလဲ ကြည့်ကြသေးတာပေါ့ ဟားဟား”

“အရှင်မင်းကြီးကလည်း အရမ်းဝမ်းသာနေပြီး မင်းဆက် အဖြစ် အဆင့်မြှင့်မယ့် အခမ်းအနားကျင်းပဖို့ နေ့ရက်ရွေးနေပြီလို့ ကြားတယ်”

“ဟုတ်တယ်..အချိန်တန်ပြီ၊ ကောင်းကင်အဆင့် သိုင်းပညာရှင်ကြီး ကျန်းမာပါစေ။ အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ။ မဟာရှနိုင်ငံတော်ကြီး ထာဝရ တည်တံ့ပါစေ”

ပြည်သူများသည် ဝမ်းသာအားရ ကြွေးကြော်နေကြပြီး သီချင်းဆို ကခုန်နေကြသည်။ ဒီသတင်းသည် မယုံနိုင်စရာ ကောင်းလောက်အောင် မြန်ဆန်သည့်နှုန်းဖြင့် တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့သွားပြီး အင်အားစု အားလုံးကို တုန်လှုပ်သွားစေခဲ့သည်။

“ဓားအဖိုးအိုက အဆင့်တက်သွားပြီး ကောင်းကင်အဆင့် ဖြစ်သွားတာလား”

“ဒါက သိပ်မမြန်လွန်းဘူးလား”

“မဟာရှကတော့ တကယ့်ကို ကံကောင်းလွန်းတာပဲ၊ နောင်ကျရင် သူတို့ကို သွားပြီး မစရဲတော့ဘူး”

“ငါတို့မှာ အခုထိ ကောင်းကင်အဆင့် တစ်ယောက်မှ မရှိသေးဘူး။ မဟာရှက ဘယ်လိုလုပ်ပြီး ဒီလိုမျိုး ရသွားတာလဲ”

အင်အားစု အသီးသီးသည် မနာလို ဖြစ်နေကြသလို တစ်ဖက်မှာလည်း အလွန်စိုးရိမ်ကာ ထိတ်လန့်နေကြသည်။ ဘာကြောင့်လဲဆိုတော့ မဟာရှသည် ကောင်းကင်အဆင့် သိုင်းပညာရှင် တစ်ယောက် ရရုံတင် မဟုတ်သောကြောင့်ပင် ဖြစ်သည်။ ဓားအဖိုးအိုသည် ယခုမှ အဆင့်တက်ခြင်း ဖြစ်သဖြင့် သူ၏ ခွန်အားက ကောင်းကင်အဆင့် သိုင်းပညာရှင်များကြားတွင် အောက်ခြေအဆင့်၌သာ ရှိနေဦးမည် ဖြစ်သော်လည်း နတ်ဓားကိုသာ ကိုင်ထားမည် ဆိုလျှင်တော့ အကြောင်းမှာ တခြားစီ ဖြစ်သွားလေပြီ။ နတ်ဓားနှင့် ဆိုလျှင် သူသည် ဒီခေတ်၏ ထိပ်သီး ကောင်းကင်အဆင့် သိုင်းပညာရှင် ၃၀ ထဲတွင် ကျိန်းသေပေါက် ပါဝင်လာမည် ဖြစ်သည်။ ထိုအချက်က သူ့ကို ကောင်းကင်အဆင့်များကြားထဲမှ အင်အားကြီး ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာစေခဲ့သည်။ ကောင်းကင်အဆင့် သိုင်းပညာရှင် ရှိထားသည့် အင်အားစုများတောင်မှ သူတို့ကို အလွယ်တကူ သွားမစရဲတော့ချေ။

ထို့ကြောင့် အင်အားစု အသီးသီးသည် လှုပ်ရှားလာကြတော့သည်။

“မဟာရှက မင်းဆက်နိုင်ငံ တည်ထောင်ဖို့ အခမ်းအနားကြီး လုပ်တော့မယ်။ လက်ဆောင်တွေ ချက်ချင်းပြင်ဆင်ပြီး မဟာရှနိုင်ငံ မင်းဆက်နိုင်ငံ ဖြစ်လာတာကို ဂုဏ်ပြုဖို့နဲ့ ဓားအဖိုးအို ကောင်းကင်အဆင့် ဖြစ်လာတာကို ဂုဏ်ပြုဖို့ လွှတ်လိုက်ကြ”

“ငါတို့မှာ လမ်းစဉ်တူ နောက်ထပ် မိတ်ဆွေတစ်ယောက် တိုးလာပြီ လက်ဆောင်တွေပြင်ပြီး ပို့လိုက်ကြ”

“ဓားအဖိုးအိုကို လျစ်လျူရှုလို့ မရဘူး၊ မဟာရှ မင်းဆက်ကိုလည်း စိတ်မဆိုးစေနဲ့၊ ဟို နှစ်တစ်ရာသက်တမ်းရှိတဲ့ ဂျင်ဆင်းကို ပို့လိုက်စမ်း”

“ရွှေတွေ ပို့ရတာက သိပ်ပြီး အဆင့်မရှိဘူး၊ ဟို ကျောက်စိမ်းလို လှတဲ့ ရတနာကို ပို့လိုက်”

မဟာရှနှင့် အဆင်မပြေ ဖြစ်နေသည့် ဗုဒ္ဓဂိုဏ်းနှင့် တာအိုဂိုဏ်းတောင်မှ ဂုဏ်ပြုလက်ဆောင်များကို အခမ်းအနားတွင် ပို့ရန် ပြင်ဆင်လာကြသည်။ သူတို့သည် လင်းပိုင်ဖန်ကို မျက်နှာသာ ပေးချင်မှ ပေးကြမည် ဖြစ်သော်လည်း ကောင်းကင်အဆင့် သိုင်းပညာရှင်ကိုတော့ လျစ်လျူမရှုရဲကြချေ။

လင်းပိုင်ဖန် ပြောခဲ့သလိုပင် - “အနှစ်တစ်ရာလောက် တိတ်တဆိတ် ဓားသိုင်းပညာ ကျင့်ခဲ့တာကို ဘယ်သူမှ မသိပေမဲ့ တစ်ကြိမ်လေး အောင်မြင်လိုက်ရုံနဲ့ တစ်ကမ္ဘာလုံးက မင်းကို သိသွားလိမ့်မယ်” ဆိုသည်မှာ ကောင်းကင်အဆင့် တစ်ယောက်၏ လွှမ်းမိုးမှုပင် ဖြစ်သည်။

မဟာရှ တစ်နိုင်ငံလုံး အောင်ပွဲခံနေချိန်မှာပင် မီးခိုးရောင် ဝတ်စုံဝတ် အမျိုးသမီး တစ်ယောက်သည် ဘီးတပ်ကုလားထိုင် တစ်လုံးကို တွန်းရင်း မဟာရှမြို့တော်သို့ ရောက်ရှိလာလေသည်။ သူမသည် မိတ်ကပ် လုံးဝ မလိမ်းထားပေမဲ့ ဆံပင်များက နက်မှောင် ပြောင်လက်နေပြီး အသားအရေက အလွန် ဖြူစင်ကာ ရုပ်ရည်ကလည်း နုနယ်လွန်းလှသည်။ သို့သော် သူမ၏ မျက်နှာမှာတော့ ဖုံးကွယ်လို့ မရသည့် ဝမ်းနည်းရိပ်များစွာ ရှိနေခဲ့သည်။ ဝတ်စုံက သာမန်ပဲ ဖြစ်သော်လည်း သူမ၏ သွယ်လျသည့် ကိုယ်လုံးလေးကိုတော့ ဖုံးကွယ်ထားလို့ မရချေ။ သူမဆီမှ ဆေးနံ့သင်းသင်းလေး ထွက်နေသဖြင့် အနားက ဖြတ်သွားသူတိုင်းရဲ့ စိတ်ကို ကြည်လင်စေသည်။ သူမ ဖြတ်သွားသည့်အခါ အမျိုးသားရော အမျိုးသမီးပါ မကြည့်ဘဲ မနေနိုင်ကြချေ။

ဘီးတပ်ကုလားထိုင် ပေါ်မှာတော့ ပိန်လှီနေသည့် အဘွားအို တစ်ယောက် လဲလျောင်းနေသည်။ သူမ၏ အခြေအနေကတော့ အမျိုးသမီးငယ်လေးနှင့် လုံးဝ ဆန့်ကျင်ဘက်ပင်။ သူမသည် အလွန် ရုပ်ဆိုးနေပြီး မျက်နှာတစ်ခုလုံး အဖုအပိမ့်များဖြင့် ပြည့်နေကာ အနံ့ဆိုးများလည်း ထွက်နေသဖြင့် မြင်သည့်လူတိုင်းက နှာခေါင်းပိတ်ပြီး ဝေးဝေးမှ ရှောင်သွားကြသည်။ သို့သော် အဘွားအို၏ မျက်လုံးများကတော့ ဘာခံစားချက်မှ မရှိတော့သလိုပင် ဤသို့သော အကြည့်များကို သူမ ကျင့်သားရနေပုံ ပေါ်နေသည်။

မီးခိုးရောင်ဝတ်စုံဝတ် အမျိုးသမီးဟာ စည်ကားလှတဲ့ ပတ်ဝန်းကျင်ကို ကြည့်ပြီး ခေါင်းငုံ့ကာ ဝမ်းသာအားရ ပြောလိုက်သည် - “အမေ... ဒီနေရာလေးက ကောင်းပုံရတယ်။ အမေ နေကောင်းသွားရင် သမီးတို့ ဒီမှာပဲ နေကြမယ်လေ”

“ကောင်းတာပေါ့......”

အဘွားအိုက အားနည်းစွာ ခေါင်းညိတ်ပြီး ပွင့်ဖူးကာစ ပန်းလေးတစ်ပွင့်လို လှပတဲ့ သမီးဖြစ်သူကို မော့ကြည့်ရင်း သက်ပြင်းချလိုက်သည်။ “ငါ့သမီးလေးရယ်... အပင်ပန်း မခံပါနဲ့တော့။ အမေ့ရဲ့ အခြေအနေက နတ်ဘုရားတွေတောင် ကယ်ဖို့ ခက်လိမ့်မယ်၊ အသက်ရှင်နေတာကလည်း တစ်နေ့ပြီးတစ်နေ့ သေဖို့ကို စောင့်နေရုံပါပဲ။ အမေ နှမြောတာကတော့ သမီး မင်္ဂလာဆောင်ဝတ်စုံ ဝတ်တာကို အမေ မမြင်ရတော့မှာပဲ...”

“အမေကလည်း ဘာတွေ လျှောက်ပြောနေတာလဲ။ အမေ ကျိန်းသေပေါက် အသက်ရှည်ဦးမှာပါ” ဟု အမျိုးသမီးလေးက ဝမ်းသာအားရ ပြောလိုက်သည်။

“အရင်တုန်းက ဓားအဖိုးအိုဆိုရင်လည်း ဒဏ်ရာတွေ အပြင်းအထန်ရပြီး သေလုနီးပါး ဖြစ်ခဲ့တာပဲ၊ အသက်ရှင်ဖို့ မျှော်လင့်ချက်တောင် မရှိသလောက်ပဲ။ ဒါပေမဲ့ အံ့သြစရာကောင်းတာက သူဟာ တစ်လတောင် မပြည့်ခင်မှာ လုံးဝ ပြန်ကောင်းသွားပြီး အခုဆိုရင် ကောင်းကင်အဆင့် တောင် ရောက်နေပြီ။ သူဟာ သေလူကို ပြန်ရှင်စေနိုင်တဲ့ အံ့ဖွယ်ဆေးတစ်မျိုးကို သောက်ခဲ့တာ ဖြစ်ရမယ်။ အဲဒီဆေးက သူ့ကို ကယ်နိုင်တယ်ဆိုရင် အမေ့ကိုလည်း ကျိန်းသေ ကယ်နိုင်မှာပါ။ ဒါကြောင့် အမေ... သမီးတို့ အဲဒီ အံ့ဖွယ်ဆေးကိုသာ ရရင် အမေ့ရောဂါက ပျောက်လိမ့်မယ်”

အဘွားအိုက ထပ်ပြီး သက်ပြင်းချလိုက်ပြန်ကာ - “သမီးလေး.. အိမ်မက်မက်နေတာပဲ။ ဒီလို နတ်ဆေးမျိုး တကယ်ရှိခဲ့ရင်တောင် သူတို့က ငါတို့လိုလူကို ဘာလို့ ပေးမှာလဲ”

မီးခိုးရောင်ဝတ်စုံဝတ် အမျိုးသမီးလေးကတော့ ခိုင်မာတဲ့ အမူအရာနဲ့ - “အမေ... ယုံကြည်မှုသာရှိရင် လမ်းက ရှိပါတယ်။ သမီးတို့ ဘာပဲဖြစ်ဖြစ် ကြိုးစားကြည့်ရမယ်”

“သမီးသဘောပဲ။ သမီးကလည်း သမီးအဖေလိုပဲ ခေါင်းမာလိုက်တာ၊ လမ်းဆုံးမရောက်မချင်း လက်မလျှော့ဘူး”

ဒီလိုနဲ့ သူတို့နှစ်ဦးဟာ နန်းတော်တံခါးဝကို ရောက်ရှိလာခဲ့တယ်။

“အမေ... ဓားအဖိုးအိုက နန်းတော်ထဲမှာ နေတယ်လို့ ကြားတယ်။ ကျွန်မ သွားပြီး တွေ့ခွင့် တောင်းကြည့်ဦးမယ်”

နန်းတော်ထဲမှာတော့ အစောင့်အချို့ တာဝန်ကျနေပါတယ်။ သူတို့နှစ်ဦး လာတာကို မြင်တဲ့အခါ အစောင့်တွေက လှမ်းတားလိုက်ကြတယ် - “ဒါက နန်းတော်ရဲ့ ကန့်သတ်နယ်မြေပဲ။ သာမန်လူတွေ အနား ကပ်လို့မရဘူး”

မီးခိုးရောင်ဝတ်စုံဝတ် အမျိုးသမီးလေးက ရိုသေစွာ ဦးညွှတ်ပြီး ပြောလိုက်သည် - “လေးစားအပ်ပါတဲ့ လူကြီးမင်းရှင့်၊ ကျွန်မနဲ့ ကျွန်မအမေဟာ ဂါရဝပြုဖို့ လာခဲ့တာပါ။ ကျွန်မတို့မှာ ဓားအဖိုးအိုနဲ့ ဆွေးနွေးစရာ အရေးကြီးကိစ္စ ရှိလို့ တွေ့ခွင့်ပြုဖို့ တောင်းဆိုချင်ပါတယ်”

အစောင့်က နှာခေါင်းရှုံ့လိုက်ကာ - “ခင်ဗျားက ဘယ်သူမို့လို့လဲ။ ဓားအဖိုးအိုဆိုတာ မဟာရှရဲ့ ကောင်းကင်အဆင့် သိုင်းပညာရှင်ကြီး၊ အဆင့်အတန်း မြင့်မားတဲ့ ပုဂ္ဂိုလ်ပဲ။ ခင်ဗျားတို့ တွေ့ချင်တိုင်း တွေ့လို့ရတဲ့သူ မဟုတ်ဘူး” ထိုသူက စိတ်မရှည်စွာ လက်ကာပြပြီး “အခုချက်ချင်း ပြန်ကြတော့။ မပြန်ရင်တော့ ငါတို့ ယဉ်ကျေးနေမှာ မဟုတ်ဘူး”

အမျိုးသမီးလေးက ထပ်ပြီး တောင်းပန်လိုက်သည် - “လူကြီးမင်းရှင့်၊ ကျေးဇူးပြုပြီး သတင်းလေးတော့ ပါးပေးပါရှင်။ ကျွန်မတို့မှာ တကယ်ပဲ အသက်အန္တရာယ်နဲ့ ဆိုင်တဲ့ အရေးကြီးကိစ္စ ရှိလို့ပါ”

“ဘာကိစ္စပဲဖြစ်ဖြစ် ဂရုမစိုက်ဘူး။ ဧကရာဇ်ရဲ့ အမိန့်မရှိဘဲ ဘယ်သူမှ ဓားအဖိုးအိုကို သွားပြီး နှောင့်ယှက်လို့ မရဘူး”

အစောင့်တွေရဲ့ တင်းမာတဲ့ သဘောထားကို မြင်တဲ့အခါ အမျိုးသမီးလေးဟာ အရမ်း စိတ်ပျက်သွားပြီး - “လူကြီးမင်း... တောင်းပန်ပါတယ်၊ ကျွန်မမှာ တခြားရွေးချယ်စရာ မရှိလို့ ပြစ်မှားမိပါတော့မယ်”

သူမဟာ ခေါင်းမော့လိုက်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်ကာ - “ချင်းချန်တောင်က လျိုဝမ်ချင်းဟာ သူမရဲ့ မိခင်နဲ့အတူ ဓားအဖိုးအိုကို တွေ့ခွင့်တောင်းဖို့ ရောက်လာပါတယ်။ ဓားအဖိုးအိုအနေနဲ့ သနားညှာတာပြီး ကျွန်မတို့ကို တွေ့ခွင့်ပေးဖို့ မျှော်လင့်ပါတယ်။ ကျွန်မတို့ တစ်သက်လုံး ကျေးဇူးတင်နေမှာပါ”

သူမရဲ့ အသံဟာ သိပ်မကျယ်ပေမဲ့ နန်းတော်ထဲအထိ ပျံ့နှံ့သွားခဲ့သည်။ နန်းတော်အစောင့်တွေရဲ့ မျက်နှာတွေ ပျက်ကုန်ကြပြီး-

“တိတ်စမ်း။ နန်းတော်ရှေ့မှာ ဒီလို ဆူညံဆူညံ မလုပ်နဲ့”

“ငါတို့ကို သေစေချင်နေတာလား”

“သူတို့ကို ဖမ်းလိုက်ကြ”

သူတို့တွေမှာ ဓားတွေကို ဆွဲထုတ်ပြီး ရှေ့ကို ပြေးတက်လာခဲ့ကြသည်။ မီးခိုးရောင်ဝတ်စုံဝတ် အမျိုးသမီးကတော့ ကြောက်ရွံ့ခြင်းမရှိဘဲ သူမရဲ့ လက်ကို အသာလေး ဝေ့ယမ်းလိုက်သည်။ သူမရဲ့ လက်စွပ်ထဲကနေ အဖြူရောင် မီးခိုးငွေ့တွေ ထွက်လာပြီး အဲဒါကို ရှူမိလိုက်တဲ့ သူတိုင်းဟာ အားအင်တွေ ကုန်ခမ်းပြီး ပျော့ခွေသွားခဲ့ကြသည်။

သူမရှေ့က လူတွေကတော့ ရှေ့တိုးဖို့ ကြောက်နေကြပြီး - “ မင်း အဆိပ်သုံးလိုက်တာလား”

အမျိုးသမီးက - “ဒါက ကျွန်မကိုယ်တိုင် ဖော်စပ်ထားတဲ့ အထူးအိပ်ဆေးပါပဲ။ အရောင်မရှိ၊ အနံ့မရှိသလို အဆိပ်လည်း မရှိပါဘူး။ နာရီဝက်နေရင် ပြန်ကောင်းသွားမှာပါ။ ကျွန်မ ရှင်တို့နဲ့ ရန်ဖြစ်ဖို့ ရည်ရွယ်ချက် မရှိပါဘူး၊ ဒါကြောင့် ကျွန်မကို ခက်ခဲအောင် မလုပ်ကြပါနဲ့”

“နန်းတော်ရှေ့မှာ လာပြီး ပြဿနာရှာနေတာကို ငါတို့ကို ခက်ခဲအောင် မလုပ်နဲ့လို့ ပြောနေသေးတယ်လား။ သတ်လိုက်ကြစမ်း”

နန်းတော်ထဲကနေ အစောင့်တွေ တစ်သုတ်ပြီးတစ်သုတ် ပြေးထွက်လာခဲ့ကြသည်။

“တောင်းပန်ပါတယ်၊ ကျွန်မမှာ အခု တခြားရွေးချယ်စရာ မရှိတော့လို့ပါ” လို့ အမျိုးသမီးလေးက ဆိုပြီး တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေခဲ့သည်။

All Chapters