အခန်း (၂၈၂)
Vol. 26 Ch. 282
မီးခိုးရောင်ဝတ်စုံဝတ် အမျိုးသမီးသည် ထူးထူးခြားခြား အစွမ်းထက်နေခြင်းမျိုး မဟုတ်သလို သူမ၏ လှုပ်ရှားမှုများကလည်း ပြင်းထန်မှု မရှိပေ။ သို့သော် သူမ၏ လက်ကလေးကို ဝေ့ယမ်းလိုက်တိုင်း လူ တစ်သုတ်ပြီး တစ်သုတ် မေ့လဲသွားကြသည်။
ရလဒ်အနေဖြင့် နန်းတော်အစောင့်များ တစ်ယောက်ပြီး တစ်ယောက် မြေပြင်ပေါ်သို့ လဲကျသွားကြသည်။ ထိုစဉ်မှာပင် အရက်သောက်ပြီး ပြန်လာသည့် လက်ဗလာဆရာကြီး နှင့် အရက်ဓားအင်မော်တယ်တို့ နှစ်ယောက် အတူတူ ရောက်ရှိလာကြသည်။ အခြေအနေကို မြင်လိုက်ရသောအခါ သူတို့နှစ်ယောက်လုံး အံ့အားသင့်သွားကြသည်။
“ဒီမှာ ဘာတွေ ဖြစ်နေတာလဲ”
“နန်းတော်တံခါးဝမှာ ဘာလို့ တိုက်ပွဲဖြစ်နေရတာလဲ”
နန်းတော်အစောင့်တစ်ယောက်က သတင်းပို့လိုက်သည် - “လက်ဗလာဆရာကြီးနဲ့ အရက်ဓားအင်မော်တယ်တို့ခင်ဗျာ... ဒီထူးဆန်းတဲ့ အမျိုးသမီးက သူမရဲ့ မိခင်နဲ့အတူလာပြီး လေးစားအပ်တဲ့ ဓားအဖိုးအိုကို တွေ့ခွင့်တောင်းနေတာပါ။ ဓားအဖိုးအိုဆိုတာ ကျွန်တော်တို့ နိုင်ငံရဲ့ ကောင်းကင်အဆင့် သိုင်းပညာရှင်ကြီးဖြစ်လို့ သူမ တွေ့ချင်တိုင်း တွေ့လို့ရတဲ့သူ မဟုတ်ပါဘူး”
“ဒါကို သူမက ပြဿနာရှာလာတာပါ။ သူမဆီမှာ သူမကိုယ်တိုင်ဖော်စပ်ထားတဲ့ အထူးအိပ်ဆေးလို့ခေါ်တဲ့ မီးခိုးငွေ့တွေ ရှိပါတယ်။ ကျွန်တော်တို့ ညီအစ်ကိုတွေ အဲဒါနဲ့ ထိတွေ့မိပြီး အကုန်လုံး အားအင်ကုန်ခမ်းကာ မေ့မြောသွားကြရပါတယ်။ အခု အခြေအနေက ပိုဆိုးလာပြီမို့ ဆရာကြီးနှစ်ယောက် ကူညီပေးကြပါဦး”
“အော်... အဲဒီလိုလား” ဆရာကြီးနှစ်ယောက်က ခေါင်းညိတ်ပြီး လှမ်းကြည့်လိုက်ကြသည်။
တိုက်ပွဲက ပြင်းထန်နေသော်လည်း မီးခိုးရောင်ဝတ်စုံဝတ် အမျိုးသမီးသည် လက်ရှောင်နေပြီး ဘယ်သူ့ကိုမှ ဒဏ်ရာရအောင် သတ်ဖြတ်ခြင်းမျိုး မလုပ်သည်ကို သူတို့ သတိထားမိလိုက်ကြသည်။ သူမသည် လူများကို မေ့လဲအောင်သာ လုပ်နေခြင်းဖြစ်သောကြောင့် မြင်ရသည့် မြင်ကွင်းမှာ အတော်လေး သနားစရာကောင်းနေသည်။
သူတို့ နှစ်ယောက်လုံး သက်ပြင်းချနိုင်သွားကြသည်။
“နန်းတော်တံခါးဝမှာ လာပြီး ဆူညံဆူညံလုပ်တာက ဘယ်လိုအပြုအမူမျိုးလဲ။ ကဲ... ငါကိုယ်တိုင်ပဲ သူ့ကို ဖမ်းလိုက်မယ်” ဟု လက်ဗလာဆရာကြီးက ရယ်မောရင်း ပြောလိုက်သည်။
အစောင့်များမှာ ဝမ်းသာသွားကြပြီး - “ကျေးဇူးတင်ပါတယ် လက်ဗလာဆရာကြီး”
“ကိစ္စသေးသေးလေးပါ”
ပြောပြောဆိုဆိုဖြင့်ပင် လက်ဗလာဆရာကြီးသည် ခြေလှမ်းအနည်းငယ်အတွင်းမှာပင် လူအုပ်ကို ကျော်ဖြတ်ပြီး အမျိုးသမီးရှေ့တွင် ရပ်လိုက်သည်။ သူက သူမကို ငုံ့ကြည့်ပြီး - “မိန်းကလေး... မင်းက လူဆိုးတစ်ယောက် မဟုတ်ဘူးဆိုတာ ငါမြင်တယ်။ အခုပဲ အညံ့ခံလိုက်ပါ၊ မဟုတ်ရင်တော့ ငါ ယဉ်ကျေးနေမှာ မဟုတ်ဘူးနော်”
အမျိုးသမီးက နားမထောင်ဘဲ အဖြူရောင် မီးခိုးငွေ့တစ်သုတ်ကို ထပ်မံ မှုတ်ထုတ်လိုက်သည်။
လက်ဗလာဆရာကြီးက ဟားတိုက်ရယ်မောလိုက်ပြီး - “မိန်းကလေး... ငါက လောကအနှံ့ လှည့်လည်သွားလာခဲ့တာ နှစ်ပေါင်းများစွာ ရှိနေပြီ၊ နန်းတော်ထဲကိုတောင် အကြိမ်ကြိမ် ဝင်ဖူးထွက်ဖူးတဲ့သူပဲ။ ဘယ်လို အဆိပ်မျိုး၊ ဘယ်လို ထောင်ချောက်မျိုးကို မမြင်ဖူးဘဲ နေမလဲ။ မင်းရဲ့ဆေးက ငါ့ကို ဘာမှလုပ်လို့မရပါဘူး...”
စကားပင် မဆုံးသေးမီ လက်ဗလာဆရာကြီးသည် အားအင်များ အကုန်ကုန်ခမ်းသွားပြီး မြေပြင်ပေါ်သို့ ဘုန်းခနဲ လဲကျသွားခဲ့လိုက်သည်။ သူ့မျက်နှာတွင် အံ့သြတုန်လှုပ်မှုများ အပြည့်ဖြင့် - “ဒါ... ဒါ ဘာအဆိပ်လဲ။ ငါ အသက်ရှူအောင့်ထားပြီး ချွေးပေါက်တွေကိုပါ ပိတ်ထားတာတောင် ဘာလို့ ဒီလိုဖြစ်သွားရတာလဲ”
“ဒါက အဆိပ်မဟုတ်ပါဘူး၊ ကျွန်မကိုယ်တိုင် ဖော်စပ်ထားတဲ့ အထူးအိပ်ဆေးပါပဲ။ ပြစ်မှားမိတာကို တောင်းပန်ပါတယ်” ဟု အမျိုးသမီးက ပြောလိုက်သည်။
အခြေအနေကို ကြည့်နေသည့် အရက်ဓားအင်မော်တယ်ကတော့ အားရပါးရ ရယ်မောလိုက်ပြီး - “လက်ဗလာဆရာ... အိုး… လက်ဗလာဆရာကြီး၊ ဒီနေ့တော့ မင်းလည်း အရှက်ကွဲပြီပေါ့လေ”
လက်ဗလာဆရာကြီးက ရှက်လည်းရှက်၊ စိတ်လည်း တိုသွားပြီး - “စကားတွေ အပိုမပြောနဲ့၊ မင်း တကယ်စွမ်းတယ်ဆိုရင် စမ်းကြည့်လေ”
“ကောင်းပြီ... ငါလုပ်မယ်” အရက်ဓားအင်မော်တယ်သည် သူ၏ ကြယ်တာရာချီများကို အကာအကွယ်အဖြစ် ဝန်းရံစေပြီး ရှေ့သို့ ပြေးထွက်လာခဲ့သည်။
ဒါပေမဲ့ သူမနှင့် ဆယ်ပေအကွာသို့ ရောက်သည်နှင့် သူ့ခန္ဓာကိုယ်မှာ ပျော့ခွေသွားပြီး မြေပြင်ပေါ်သို့ ဒုန်းခနဲ လဲကျသွားကာ ချီစွမ်းအင်များလည်း ပျက်ပြယ်သွားခဲ့သည်။ အရက်ဓားအင်မော်တယ်၏ မျက်နှာမှာလည်း အံ့သြမှုများ အပြည့်ဖြင့် - “ငါ့ရဲ့ ချီစွမ်းအင်တွေက တစ်ကိုယ်လုံးကို ကာကွယ်ထားတာတောင် ဘယ်လိုလုပ် အဆိပ်မိသွားတာလဲ”
ယခုတော့ လက်ဗလာဆရာကြီးက ပြန်လှောင်ရမည့် အလှည့်သို့ ရောက်လာခဲ့လေပြီ - “ အရက်ဓား.. အိုး… အရက်ဓားအင်မော်တယ်၊ ငါ့ကို လှောင်နေပြီး အခုတော့ မင်းလည်း လဲပြီမဟုတ်လား။ တစ်သက်လုံး တည်ဆောက်လာတဲ့ နာမည်ကျော်ကြားမှုတွေတော့ အကုန်သွားပြီ ဟားဟား...”
အရက်ဓားအင်မော်တယ်က စိတ်တိုတိုနှင့် စိုက်ကြည့်ပြီး - “ဘာတွေ ရယ်နေတာလဲ။ ငါတို့ အားတွေ မရှိတော့ဘူးလေ၊ တစ်ခုခု မြန်မြန် စဉ်းစားဦး”
ထိုစဉ်မှာပင် အင်အားကြီး ပုဂ္ဂိုလ်နှစ်ယောက်လုံး လဲကျသွားသည်ကို မြင်လိုက်ရသည့် အစောင့်များမှာတော့ ထိတ်လန့်တုန်လှုပ်ကုန်ကြသည်။
“ငါတို့ ဘာလုပ်ကြမလဲ။ လက်ဗလာဆရာကြီးနဲ့ အရက်ဓားအင်မော်တယ်တို့တောင် လဲကျသွားပြီ”
“ဒီမိစ္ဆာမက တစ်ခုခု ပြုစားလိုက်တာလား”
“မြန်မြန်... မိန်းမစိုး လျှူ ကို သွားသတင်းပို့၊ အရှင်မင်းကြီးကို လျှောက်တင်လိုက်ကြ”
သို့သော် အဲဒီအချိန်မှာပင် အမျိုးသမီးက လက်ကို ဝေ့ယမ်းလိုက်သည့်အခါ လက်ဗလာဆရာကြီးတို့ နှစ်ယောက်သည် အံ့သြစရာကောင်းလောက်အောင် အားအင်များ ပြန်ပြည့်လာခဲ့ကြသည်။ လဲကျနေသည့် အစောင့်များလည်း အကုန်လုံး ပြန်နိုးလာကြသည်။
လူတိုင်းက သူမကို ဘာလုပ်တာလဲဆိုသည့် အကြည့်ဖြင့် ကြည့်နေကြသည်။ လူများကို မေ့လဲအောင်လုပ်ပြီး ပြန်နိုးအောင်လုပ်ခြင်းက ဘာသဘောနည်း။
အမျိုးသမီးက လက်ဗလာဆရာကြီးတို့ကို ရိုသေစွာ ဦးညွှတ်ပြီး - “လေးစားအပ်ပါတဲ့ စီနီယာကြီးတို့ရှင့်၊ ကျွန်မ စီနီယာတို့ကို ပြစ်မှားဖို့ ရည်ရွယ်ချက် မရှိပါဘူး။ လေးစားအပ်တဲ့ ဓားအဖိုးအိုကို တွေ့ချင်ရုံသက်သက်မို့လို့ ဒီနည်းလမ်းကို သုံးလိုက်ရတာပါ။ ကျွန်မရဲ့ အပြုအမူကို ခွင့်လွှတ်ပေးကြပါ။ အကယ်လို့ ကျွန်မကို ဓားအဖိုးအိုနဲ့ တွေ့ခွင့်ရအောင် ကူညီပေးမယ်ဆိုရင် တစ်သက်လုံး ကျေးဇူးတင်နေမှာဖြစ်ပြီး ထိုက်တန်တဲ့ ဆုလာဘ်လည်း ပေးပါ့မယ်”
အရှက်ကွဲခဲ့ရသော်လည်း လက်ဗလာဆရာကြီးနှင့် အရက်ဓားအင်မော်တယ်တို့သည် သူတို့၏ စီနီယာ အဆင့်အတန်းကို ငဲ့ကွက်ပြီး ဤအမျိုးသမီးငယ်အပေါ် ရန်ငြိုးမထားကြပေ။
လက်ဗလာဆရာကြီးက မေးလိုက်သည် - “ငါတို့ကိစ္စကိုတော့ ထားလိုက်ပါတော့၊ ဒါနဲ့ မင်းက ဓားအဖိုးအိုနဲ့ ဘာကိစ္စရှိလို့လဲ”
အမျိုးသမီးက မလှမ်းမကမ်းက ဘီးတပ်ကုလားထိုင်ကို လှည့်ကြည့်ပြီး - “လူတစ်ယောက်ကို ကယ်ဖို့ပါ” ဟု ဖြေလိုက်သည်။
အရက်ဓားအင်မော်တယ်က ခဏစဉ်းစားပြီး - “ဒီကိစ္စကို ငါတို့ ဆုံးဖြတ်လို့မရဘူး။ မင်းမှာ အကြောင်းပြချက် ရှိပေမဲ့ နန်းတော်တံခါးဝမှာ ပြဿနာရှာတာကတော့ လက်ခံလို့မရဘူး။ ဒါကြောင့် အရင်ဆုံး ငါတို့နဲ့ အတူလိုက်ပြီး အရှင်မင်းကြီးကို တောင်းပန်ရမယ်။ အရှင်မင်းကြီးရဲ့ ခွင့်လွှတ်မှုကို ရမှသာ ဓားအဖိုးအိုနဲ့ တွေ့ခွင့်ရဖို့ အခွင့်အရေး ရှိလိမ့်မယ်”
“ဒါဆိုရင် စီနီယာနှစ်ယောက်ကိုပဲ အားကိုးရတော့မှာပဲ” ဟု အမျိုးသမီးက ဦးညွှတ်လိုက်သည်။
လက်ဖက်ရည်တစ်ခွက်စာ အချိန်လောက်တွင် သူတို့သည် အရှင်မင်းကြီးကို ဖူးမြော်ရန် နန်းတော်ထဲသို့ ဝင်လာကြသည်။
အမျိုးသမီးက ကျယ်လောင်စွာ နှုတ်ဆက်လိုက်သည် - “ဧကရာဇ်မင်းမြတ် သက်တော်ရာကျော် ရှည်ပါစေ၊ သက်တော်သောင်းကျော် ရှည်ပါစေ”
“အခမ်းအနားတွေ မလိုပါဘူး” ဟု လင်းပိုင်ဖန်က အေးအေးဆေးဆေး ပြန်ပြောလိုက်သည်။
နန်းတော်ရှေ့မှ ဆူညံဆူညံ ဖြစ်ရပ်များကို သူ သိထားပြီးသား ဖြစ်သည်။ သို့သော် သူကိုယ်တိုင် သွားကြည့်ရန် စိတ်မပါသောကြောင့် လက်အောက်ငယ်သားများကိုသာ ကိုင်တွယ်ခိုင်းထားခြင်း ဖြစ်သည်။ သို့သော် ဤအမျိုးသမီးက သူ့ကို ဤမျှအထိ အံ့အားသင့်စရာများ ပေးလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
သူမသည် အိပ်ဆေးကို အပိုင်အနိုင် သုံးစွဲပြီ အစောင့်များကိုတင် မကဘဲ ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင်များဖြစ်သော လက်ဗလာဆရာကြီးတို့ကိုပါ မေ့လဲအောင် လုပ်နိုင်ခဲ့သည်။ ဆရာကြီးနှစ်ယောက်မှာ သတိမထားမိဘဲ အလစ်အငိုက် မိသွားခြင်း မှန်သော်လည်း ဤသည်မှာ တကယ့်ကို အစွမ်းထက်သည့် အရည်အချင်းပင် ဖြစ်သည်။ ဤအချက်က လင်းပိုင်ဖန်၏ စိတ်ဝင်စားမှုကို ဆွဲဆောင်သွားခဲ့လိုက်သည်။