အခန်း (၂၈၄)
Vol. 26 Ch. 284
“အရှင်မင်းကြီး... ဘာကို ဆိုလိုတာပါလဲ။ ကျွန်မအမေအတွက် တကယ်ပဲ မျှော်လင့်ချက် ရှိသေးတယ်လို့ ပြောနေတာလား” လျိုဝမ်ချင်းက အံ့အားသင့်စွာဖြင့် မော့ကြည့်လိုက်သည်။
“ဒါပေါ့...” လင်းပိုင်ဖန်က မိန်းမစိုးလျှူကို လှမ်းကြည့်လိုက်ရာ သူက အလိုလိုနားလည်သွားပြီး ထိုနေရာမှ ခေတ္တထွက်သွားလေသည်။
ခဏအကြာတွင် မိန်းမစိုးလျှူသည် ကျောက်စိမ်းသေတ္တာတစ်လုံးကို ကိုင်ဆောင်ကာ ပြန်ရောက်လာခဲ့သည်။ လင်းပိုင်ဖန်က ထိုသေတ္တာကို ဖွင့်ပြီး သူမရှေ့သို့ တိုးပေးလိုက်ကာ - “ဒါက ဘာလဲဆိုတာ ကြည့်လိုက်ပါ”
“ဒါက...”
လျိုဝမ်ချင်း၏ မျက်လုံးများမှာ အံ့ဩလွန်း၍ ပြူးကျယ်သွားပြီး အသံများပင် တုန်ရင်နေတော့သည် - “ဒါက 'ကိုးမျက်လုံး ကျောက်ဖြူကြာပန်းအိမ်' ပဲ…!”
“မှန်တယ်၊ ဒါဟာ တကယ့်ကို ကိုးမျက်လုံး ကျောက်ဖြူကြာပန်းအိမ်ပဲ”
လင်းပိုင်ဖန်က ပြုံးလျက် - “ကြာစေ့တွေကိုတော့ ခူးဆွတ်ပြီးသွားပြီ ဖြစ်ပေမဲ့ ကြာစေ့တွေကို ပျိုးထောင်ပေးတဲ့ ဒီကြာပန်းအိမ်ဟာလည်း ထူးခြားတဲ့ ကုသစွမ်းအားတွေ ရှိနေတုန်းပဲ။ ကြာစေ့တွေလောက် အစွမ်းမထက်ပေမဲ့ တစ်ဝက်လောက်တော့ အာနိသင် ကျန်ပါသေးတယ်။ မင်းအမေကို မူလအတိုင်း အကောင်းပကတိ ပြန်မဖြစ်စေနိုင်ရင်တောင် အများကြီး သက်သာလာစေမှာပါ။ တခြား ဆေးဖက်ဝင် ပစ္စည်းတွေနဲ့သာ ပေါင်းစပ်ပြီး နတ်ဆေးအဖြစ် ဖော်စပ်လိုက်မယ်ဆိုရင် သူမ လုံးဝ ပြန်ကောင်းသွားဖို့တောင် အခွင့်အရေးရှိတယ်... မဟုတ်ဘူးလား”
“အရှင်မင်းကြီး မိန့်ကြားတာ မှန်ကန်လှပါတယ်”
လျိုဝမ်ချင်းမှာ အလွန်အမင်း စိတ်လှုပ်ရှားသွားပြီး - “ဒါကိုသုံးပြီး ဆေးဖော်စပ်လိုက်ရင် ကျွန်မအမေရဲ့ အသက်ကို ၁၀ နှစ်မက ဆွဲဆန့်နိုင်ပါလိမ့်မယ်။ နောက်ဆုံးတော့ အမေ့မှာ မျှော်လင့်ချက် ရှိလာပြီ၊ အရှင်မင်းကြီး... ဒီကြာပန်းအိမ်အတွက် ကျွန်မဆီမှာ ရှိသမျှ ဆေးတွေ အားလုံးကို လဲလှယ်ပါ့မယ်”
သူမသည် ဆေးပုလင်းများအားလုံးကို လင်းပိုင်ဖန်၏ ရှေ့တွင် ပုံအောပေးလိုက်ပြီး မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေမိသည်။ လင်းပိုင်ဖန်က ခေါင်းခါလိုက်ပြီး - “ငါကိုယ်တော်က မင်းရဲ့ ဆေးတွေကို မလိုချင်ဘူး၊ ငါကိုယ်တော်လိုချင်တာက မင်းကိုပဲ”
“ရှင်...!” လျိုဝမ်ချင်း မှင်သက်သွားသည်။
ဧကရာဇ်က နတ်ဆေးတွေကို မလိုချင်ဘဲ သူမကို လိုချင်တာတဲ့လား။
ဒီဧကရာဇ်ဟာ တိုင်းပြည်ထက် မိန်းမလှကို ပိုမက်မောတဲ့သူဆိုတဲ့ ကောလာဟလတွေက တကယ်ပဲ မှန်နေတော့တာလား။ သူမကိုယ်သူမ အလှဘုရင်မတစ်ယောက်မှန်း သိသလို၊ အပြင်ထွက်တိုင်း အမျိုးသားတွေရဲ့ မလိုလားအပ်တဲ့ စိတ်ဝင်စားမှုတွေကို ခံရတာကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရသည်မှာလည်း အကြိမ်ကြိမ်ပင်။ သိုင်းပညာနဲ့ အဆိပ်ပညာသာ မကျွမ်းကျင်လျှင် သူမသည် တစ်စုံတစ်ဦး၏ အတင်းအဓမ္မ သိမ်းပိုက်ခြင်းကို ခံရပြီးလောက်ပြီ ဖြစ်သည်။
မည်သည့်အမျိုးသမီးမဆို အချစ်ရေးနဲ့ ပတ်သက်ပြီး စိတ်ကူးယဉ် အိမ်မက်တွေ ရှိတတ်ကြသည် မဟုတ်ပါလော။ ပြည့်စုံတဲ့ ချစ်ခြင်းတရားကို မတောင့်တသူ ဘယ်သူရှိမှာလဲ။ အသက် ၂၀ အရွယ် အမျိုးသမီး တစ်ယောက်အနေနဲ့ သူမလည်း အနာဂတ်ခင်ပွန်းသည်က ဘယ်လိုလူမျိုးဖြစ်မလဲဆိုတာ တစ်ခါတစ်ရံ စိတ်ကူးယဉ်ဖူးခဲ့သည်။ မိခင်ဖြစ်သူနှင့်အတူ မိသားစုဘဝလေးကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းချင်ခဲ့သည်။ သူမ၏ အိမ်ထောင်ရေးကိုတော့ အတင်းအဓမ္မ မဖြစ်စေချင်ခဲ့ပေ။
သို့သော် ဝှီးချဲပေါ်တွင် အသက်ငင်နေသော မိခင်ကို မြင်လိုက်ရသောအခါ သူမ၏ ဆန္ဒများကို စတေးရန် ဆုံးဖြတ်လိုက်ရသည်။ အရာအားလုံးကို ဆုံးရှုံးခံနိုင်သော်လည်း မိခင်ကိုတော့ အဆုံးရှုံးမခံနိုင်ပေ။ အမေသာ မရှိတော့လျှင် စစ်မှန်သော အချစ်ကို ရှာတွေ့လည်း ဘာအဓိပ္ပာယ် ရှိတော့မည်နည်း။
အတွေးပေါင်းများစွာတို့သည် သူမ၏ ခေါင်းထဲတွင် လျှပ်စီးကဲ့သို့ ဖြတ်ပြေးသွားသော်လည်း လက်တွေ့တွင်မူ တစ်ခဏလောက်သာ။ လျိုဝမ်ချင်းသည် လင်းပိုင်ဖန်၏ အကြည့်ကို တည့်တည့်ဆိုင်ကာ ပြတ်သားသောလေသံဖြင့် - “ကောင်းပါပြီ... အရှင်မင်းကြီးက ဒီကြာပန်းအိမ်ကို ပေးမယ်ဆိုရင် ကျွန်မဆီက လိုချင်တာမှန်သမျှကို ပေးပါ့မယ်” ဟု ဆိုလိုက်သည်။
လင်းပိုင်ဖန်မှာ ကြောင်တောင်တောင် ဖြစ်သွားခဲ့သည်။ သူက သူမကို သူ့ဆီမှာ အလုပ်လုပ်ခိုင်းဖို့ပဲ ပြောတာလေ၊ သူမက ဘာဖြစ်လို့ သေခြင်းရှင်ခြင်းကို အဆုံးအဖြတ် ပေးရတော့မယ့် ပုံစံမျိုး ဖြစ်နေတာလဲ။
သူဟာ မိမိလူတွေအပေါ် အမြဲ ရက်ရောတတ်သူဖြစ်ရာ သူ့ဆီမှာ အလုပ်လုပ်ရတာ ဘယ်လိုမှ မရှုံးနိုင်ပေ။ ဆရာကြီး အိုးယဲ့ဇီကိုပဲ ကြည့်လေ၊ အခုဆိုရင် ချမ်းသာကြွယ်ဝနေပြီ မဟုတ်ပါလော။
“လျိုမိန်းကလေး... မင်းက တော်တော် ပွင့်လင်းတာပဲ။ ငါကိုယ်တော်ကလည်း အချိန်ဆွဲရတာ မကြိုက်ဘူး။ ကဲ... ဒီလိုလုပ်ကြစို့၊ မင်း ဘယ်မှာ နေချင်လဲ၊ နေထိုင်မှု ပတ်ဝန်းကျင်အတွက် ဘာတွေ လိုအပ်လဲ၊ ဘယ်လို ခံစားခွင့်မျိုးတွေ လိုချင်လဲ တိုက်ရိုက်ပြောပါ။ ငါကိုယ်တော် အားလုံး စီစဉ်ပေးမယ်”
လျိုဝမ်ချင်းမှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားပြီး - “ဘယ်မှာ နေချင်လဲ ဟုတ်လား။ ကျွန်မက နန်းတော်ထဲကို တိုက်ရိုက် ပြောင်းလာရမှာ မဟုတ်ဘူးလား”
လင်းပိုင်ဖန်က သူမကို ထူးဆန်းသလို ကြည့်လိုက်ပြီး - “နန်းတော်ထဲမှာ နေမလို့လား။ မင်း နေချင်ရင်တော့ မဖြစ်နိုင်တာ မဟုတ်ပါဘူး၊ ဒါပေမဲ့ မင်းအမေကို ပြုစုဖို့အတွက်ကျတော့ နည်းနည်း အဆင်မပြေ ဖြစ်လိမ့်မယ်။ မင်းရဲ့ ဆန္ဒအတိုင်း စိတ်တိုင်းကျမယ့် နေရာတစ်ခု ငါကိုယ်တော် စီစဉ်ပေးမယ်၊ အဲဒါက ပိုမကောင်းဘူးလား”
လျိုဝမ်ချင်းမှာ ပိုပြီး ဝေခွဲမရ ဖြစ်သွားပြီး - “အရှင်မင်းကြီး... ကျွန်မကို ဘာလုပ်ခိုင်းဖို့လဲဟင်”
“ဒါပေါ့... ငါ့ရဲ့ 'မဟာရှ' နိုင်ငံတော်အတွက် ဆေးတွေ ဖော်စပ်ပေးဖို့ပေါ့”
လင်းပိုင်ဖန်က ဆေးပုလင်းတွေကို ညွှန်ပြရင်း ပြုံးလိုက်သည် - “ဒီနတ်ဆေးတွေကို ကြည့်ခြင်းအားဖြင့် မင်းမှာ ဒီဘက်မှာ ပါရမီရှိတာ ထင်ရှားတယ်။ ငါကိုယ်တော်က မင်းလို အရည်အချင်းရှိသူကို အရမ်း လိုအပ်နေတာ။ ငါကိုယ်တော်ဟာ အရည်အချင်းရှိသူတွေကို အမြဲတမ်း တန်ဖိုးထား ရှာဖွေတတ်တယ်။ ဒါကြောင့် ငါကိုယ်တော်ဆီမှာ အမှုထမ်းဖို့ သဘောတူမယ်ဆိုရင် မင်းကို စိတ်ပျက်စေမှာ မဟုတ်ဘူး။ ခေါင်းညိတ်လိုက်တာနဲ့ ဒီကြာပန်းအိမ်က မင်းအပိုင်ပဲ”
လျိုဝမ်ချင်းမှာ ရှက်ကိုးရှက်ကန်းဖြင့် မျက်နှာနီမြန်းသွားခဲ့သည်။ သူမ အထင်လွဲခဲ့မိပြီ။ ဧကရာဇ်အတွက် အမှုထမ်းရုံဆိုတာက သူမအတွက် ဘာမှမရှုံးတဲ့အပြင် မိခင်ကို ကယ်တင်ဖို့ အခွင့်အရေးပါ ရဦးမည်ဖြစ်သည်။
“ကောင်းပါပြီ... ကျွန်မ သဘောတူပါတယ်” လျိုဝမ်ချင်းက မနှောင့်နှေးဘဲ ဖြေလိုက်သည်။
“ဒါ့အပြင် နောက်ထပ် ကတိတစ်ခု ရှိသေးတယ်”
“ဘာကတိလဲ”
လင်းပိုင်ဖန်က လက်ညှိုးတစ်ချောင်းကို ဆန့်ထုတ်လိုက်ပြီး လူတိုင်းကို အံ့ဩသွားစေကာ ဝှီးချဲပေါ်မှ အဘွားအိုကို ညွှန်ပြလိုက်သည် - “မင်းအမေလည်း နန်းတွင်းမှာ အမှုထမ်းပြီး ငါကိုယ်တော်ဆီမှာ တာဝန်ထမ်းဆောင်ဖို့ မျှော်လင့်တယ်”
လျိုဝမ်ချင်းမှာ လန့်သွားပြီး - “ဒါပေမဲ့ ကျွန်မအမေက ဒီလို အခြေအနေနဲ့...”
“ငါကိုယ်တော်သိတယ်၊ သူမ ဖျားနာနေလို့ ဘာမှမလုပ်နိုင်တာကို ငါကိုယ်တော် သိတယ်။ ဒါပေမဲ့ နောင်တစ်ချိန်မှာ သူမ ပြန်ကောင်းလာဖို့ အခွင့်အရေး ရှိနေတုန်းပဲ။ အဲဒီနေ့ကလည်း သိပ်မဝေးတော့ဘူးလို့ ငါကိုယ်တော် ယုံကြည်တယ်” လင်းပိုင်ဖန်က ပြုံးလျက် ပြောလိုက်သည်။
ထိုအဘွားအိုသည် ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင်တစ်ဦး ဖြစ်သည်။ သူမသည် မလှုပ်ရှားနိုင်ဘဲ ဒုက္ခိတဖြစ်နေလျှင်တောင် ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင်တစ်ယောက် ဖြစ်နေဆဲပင်။ သူမသာ နာမည်ခံအဖြစ် ပါဝင်လာခဲ့လျှင် အင်ပါယာ မြေပုံထဲတွင် သိုင်းပညာရှင် အရေအတွက် ပြည့်မီသွားပြီး နိုင်ငံအဆင့်ကို မြှင့်တင်နိုင်မည် မဟုတ်ပါလော။
ထိုအချိန်တွင် ဝှီးချဲပေါ်မှ အဘွားအိုသည် ချောင်းတဟွတ်ဟွတ် ဆိုးလိုက်ပြီး ခက်ခဲစွာ ပြောလိုက်သည် - “အရှင်မင်းကြီး... ကျွန်တော်မျိုးမကို အထင်ကြီးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်မက ဝေဒနာတွေ သည်းထန်နေတာမို့ အရှင်မင်းကြီးကို အမှုထမ်းဖို့ မတတ်နိုင်မှာ စိုးရိမ်မိပါတယ်”
“ရပါတယ်၊ နာမည် ပါဝင်ပေးရုံနဲ့တင် လုံလောက်ပါပြီ။ ဘာမှ လုပ်စရာ မလိုပါဘူး” ဟု လင်းပိုင်ဖန်က ဆိုလိုက်သည်။ အဘွားအိုသည် လင်းပိုင်ဖန်၏ ရည်ရွယ်ချက်ကို နားမလည်သော်လည်း သူမကို ထိခိုက်စေမည်မဟုတ်မှန်း သိသဖြင့် သဘောတူ ခေါင်းညိတ်လိုက်သည်။
လင်းပိုင်ဖန်မှာ စိတ်ထဲတွင် အလွန် ဝမ်းမြောက်သွားသည်။ နောက်ဆုံးတော့ အဆင့်မြှင့်တင်ရန် သတ်မှတ်ချက်တွေ ပြည့်စုံသွားခဲ့လေပြီ ဖြစ်သည်။ သူသည် ပင်ပန်းဟန်ဆောင်ကာ သန်းဝေလိုက်ပြီး - “ကဲ... အားလုံး အဆင်ပြေသွားပြီဆိုတော့ ဒီကြာပန်းအိမ်က မင်းတို့ အပိုင်ပဲ။ ငါကိုယ်တော် နည်းနည်း ပင်ပန်းနေလို့ သွားနားတော့မယ်။ မိန်းမစိုးလျှူ... ဒီသားအမိနှစ်ယောက်ကို ငါကိုယ်တော်ကိုယ်စား သေချာ ဂရုစိုက်ပေးလိုက်ပါ”
“မှန်လှပါ အရှင်မင်းကြီး” မိန်းမစိုးလျှူက ဖြေကြားလိုက်သည်။
ထို့နောက် လင်းပိုင်ဖန်သည် သူ၏ အိပ်ဆောင်သို့ မဆိုင်းမတွ ပြန်လာခဲ့သည်။ ထိုအချိန်တွင် 'အင်ပါယာ မြေပုံ' ၏ အသံသည် သူ၏ ခေါင်းထဲတွင် ပဲ့တင်ထပ်လာလေသည်။
“ဒင်! ကစားသမား၏ နိုင်ငံဖြစ်သော 'မဟာရှနိုင်ငံ' သည် နိုင်ငံတော် အင်အား ၃၀၀၀၊ နယ်မြေဧရိယာ စတုရန်းကီလိုမီတာ ၂ သန်းကျော်၊ ပြည်တွင်းအရင်းအမြစ် ငွေတေး သန်း ၄၀၀ ကျော်၊ လူဦးရေ သန်း ၂၀ ကျော်၊ စစ်အင်အား ၂ သန်းကျော်၊ ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင် ၂၀ နှင့် ကောင်းကင်အဆင့် ၁ ဦး စသည့် အဆင့်မြှင့်တင်ရန် သတ်မှတ်ချက်များအားလုံးမှာ ပြည့်စုံသွားပြီ ဖြစ်သည်။ ယခုအချိန်မှစ၍ 'မင်းဆက်' နိုင်ငံ အဆင့်သို့ တိုးမြှင့်လိုက်ပြီ ဖြစ်သည်”
“တစ်ချိန်တည်းမှာပင် အင်ပါယာ မြေပုံသည်လည်း အဆင့်မြင့်ပုံစံ သို့ အဆင့်မြှင့်တင်ပြီး ဖြစ်ပါသည်”
လင်းပိုင်ဖန်သည် ချက်ချင်းပင် အင်ပါယာ မြေပုံကို ဖွင့်ကြည့်လိုက်သည်။
အင်ပါယာ မြေပုံစနစ် ( အဆင့်မြင့် အဆင့် )
နယ်မြေဧရိယာ: ၈.၂ သန်း စတုရန်းကီလိုမီတာ ( စိုက်ပျိုးနိုင်သောမြေ ၅ သန်း စတုရန်းကီလိုမီတာ )
ပြည်တွင်းအရင်းအမြစ်: ငွေတေး ၁.၄၅ ဘီလီယံ (ရွှေတွင်း ၅ ခု၊ ငွေတွင်း ၈ ခု၊ ကြေးတွင်း ၁၂ ခု၊ သံတွင်း ၁၈ ခု...)
လူဦးရေ: ၅၂ သန်း ( လူချမ်းသာ ၁%၊ လူလတ်တန်းစား ၃၅%၊ ဆင်းရဲသား ၆၄%)
စစ်အင်အား: ၂.၈ သန်း ( ကောင်းကင်အဆင့် ၁ ဦး၊ ချီဖွဲ့တည်ခြင်းအဆင့် ၂၀ ဦး၊ ခန္ဓာကိုယ် လေ့ကျင့်ခြင်းအဆင့် ၆၅၀၀ ဦး...)
နိုင်ငံတော်၏ စုစုပေါင်းစွမ်းအား : ၈၀၀၀ ( မင်းဆက်နိုင်အဆင့် )
(မှတ်ချက် ၁: ကစားသမား၏ နိုင်ငံသည် 'မင်းဆက်' နိုင်ငံအဆင့်သို့ ရောက်ရှိသွားသဖြင့် အင်ပါယာ မြေပုံသည် အဆင့်မြင့်အဆင့်သို့ ပြောင်းလဲသွားပြီး မြေအောက်၊ မြေပြင်နှင့် ဝေဟင်ရှိ သက်မဲ့ အရင်းအမြစ်အားလုံးကို စိတ်ကြိုက် ရွှေ့ပြောင်းအသုံးချနိုင်ပြီ ဖြစ်သည် )
( မှတ်ချက် ၂: 'ရာသီဥတု လက်ဝါး' ဟုခေါ်သော လုပ်ဆောင်ချက် အသစ်တစ်ခု ပါဝင်လာသည်။ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အသင့်တော်ဆုံး ဖြစ်စေရန် နိုင်ငံအတွင်းရှိ ရာသီဥတု အခြေအနေများကို စိတ်ကြိုက် ပြောင်းလဲနိုင်သည် )
“ကောင်းလိုက်တာ၊ နောက်ဆုံးတော့ အဆင့်တက်သွားပြီကွ”
လင်းပိုင်ဖန်သည် ပထမဆုံး မှတ်ချက်ကို ကြည့်လိုက်သည် - ‘မြေအောက်၊ မြေပြင်နဲ့ ဝေဟင်က အရင်းအမြစ်တွေ အားလုံးကို ရွှေ့ပြောင်းနိုင်တယ် ဟုတ်လား’
ဒါက အင်ပါယာ မြေပုံရဲ့ အခြေခံ လုပ်ဆောင်ချက်ဖြစ်ပြီး လင်းပိုင်ဖန်အတွက် အလွန်ပင် ရင်းနှီးပြီးသား ဖြစ်သည်။ သူသည် ချက်ချင်းပင် စမ်းသပ်ကြည့်လိုက်သည်။ သူက လက်ကို ဆန့်လိုက်ရာ လင်းပိုင်ဖန်၏ လက်ထဲတွင် အုတ်ခဲတစ်ခဲ ရောက်ရှိလာသည်။
ထိုအုတ်ခဲကို အသာလေး ဝှေ့ယမ်းလိုက်ရာ အုတ်ခဲသည် ပျောက်ကွယ်သွားပြီး ကောင်းကင်ယံ အမြင့်ပေ ထောင်ပေါင်းများစွာ အထက်တွင် ပြန်ပေါ်လာကာ မြေပြင်ပေါ်သို့ အရှိန်အဟုန်ဖြင့် ပြုတ်ကျသွားပြီ တွင်းကြီးတစ်တွင်း ဖြစ်သွားလေသည်။
ဒါဟာ မြေပုံရဲ့ ဖော်ပြချက်နဲ့ အတိအကျ ကိုက်ညီနေသည်။ ထို့ကြောင့် လင်းပိုင်ဖန်၏ ဦးနှောက်ထဲတွင် ဆန်းသစ်သော အတွေးအခေါ်များစွာ စတင် ပေါ်ပေါက်လာတော့သည်။