← Chapters

အခန်း (၂၈၅)

Vol. 26 Ch. 285

အခန်း (၂၈၅)

Vol. 26 Ch. 285

“အုတ်ခဲတစ်ခဲက အလုပ်ဖြစ်တယ်ဆိုရင်... အိမ်တစ်လုံး ဆိုရင်ရော ဘယ်လိုနေမလဲ”

လင်းပိုင်ဖန်၏ လုပ်ဆောင်မှုအောက်တွင် မြို့တော် အပြင်ဘက်ရှိ စွန့်ပစ်ထားသော ဘုရားကျောင်းပျက်ကြီး တစ်ခုသည် ရုတ်တရက် ပျောက်ကွယ်သွားပြီး ကောင်းကင်ယံ အမြင့်ပေ ထောင်ပေါင်းများစွာထက်တွင် ပြန်ပေါ်လာသည်။ မည်သည့်အထောက်အပံ့မှ မရှိတဲ့ ထိုအဆောက်အအုံကြီးမှာ အရှိန်အဟုန်ဖြင့် ပြုတ်ကျလာတော့သည်။

ကျယ်လောင်လွန်းသော မြည်ဟီးသံကြီးနှင့်အတူ မြေပြင်ကို ရိုက်ခတ်သွားရာ မိုင် ၃၀ ပတ်လည်အတွင်းရှိ မြေပြင်တစ်ခုလုံး တုန်ခါသွားခဲ့သည်။

“အိမ်တစ်လုံးကလည်း အဆင်ပြေသားပဲ၊ ဒါဆို တောင်တစ်လုံးလုံး ဆိုရင်ရော...”

လင်းပိုင်ဖန်၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။ ဟန်ဒွမ်တောင်တန်းကြီးထဲမှ အချင်း ဝါးတစ်ထောင် (ပေ တစ်သောင်းခန့်) ကျယ်ဝန်းသော တောင်ကုန်းတစ်ခုသည် ရုတ်တရက် ပျောက်ကွယ်သွားပြီး ကောင်းကင်ယံ အမြင့်ပေ သောင်းချီသော နေရာတွင် ပေါ်လာပြန်သည်။

ထိုမျှကြီးမားသော တောင်ကြီးမှာ အလွန်မြင့်မားသော နေရာတွင် ရှိနေသော်လည်း အလွန်ပင် ထင်ရှားလှသည်။ အလုပ်လုပ်နေကြသော ပြည်သူအများအပြားမှာ ထိုမြင်ကွင်းကို သတိထားမိသွားကြပြီး ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။

“ဟေ့... အားလုံး အပေါ်ကို ကြည့်လိုက်ကြစမ်း၊ အဲဒါ ဘာကြီးလဲ။ ကောင်းကင်မှာ ဘာလို့ အမည်းရောင် အဝိုင်းကြီး ရှိနေတာလဲ”

“တကယ်ကြီးဟ၊ အဲဒါ ဘာကြီးလဲဟ”

“ကောင်းကင်ခွေးက လကို ဝါးမြိုနေတာ (လကြတ်တာ) လားမသိဘူး”

“လျှောက်မပြောနဲ့၊ လတောင် မထွက်သေးဘူး၊ ကောင်းကင်ခွေးက ဘယ်လိုလုပ် လကို စားမှာလဲ”

“ဒါဆို နေကြတ်တာလား”

“နေက တခြားတစ်ဖက်မှာလေ”

“ဒါဆို အဲဒါ ဘာကြီးလဲ။ ငါ့ရဲ့ သက်တမ်း အနှစ် ၃၀ ကျော်မှာ ဒီလိုမျိုး တစ်ခါမှ မမြင်ဖူးဘူး”

ထိုစဉ်မှာပင် ထိုအမည်းရောင် အဝိုင်းကြီးမှာ ပျောက်ကွယ်သွားပြန်သည်။ လူတိုင်းမှာ တစ်ဖန် အံ့အားသင့်သွားခဲ့ကြရပြန်သည်။

“ဟင်... ဘာလို့ မမြင်ရတော့တာလဲ”

“ခဏလေးပဲ ပေါ်လာပြီး ပျောက်သွားတာလား၊ ငါပဲ မျက်စိမှားတာလား”

“ငါတို့အားလုံး စုပေါင်းပြီး မျက်စိမှားဖို့တော့ မဖြစ်နိုင်ဘူးမလား”

အမှန်မှာတော့ လင်းပိုင်ဖန်က ထိုတောင်ကြီးကို ပြန်သိမ်းလိုက်ခြင်း ဖြစ်သည်။ သူသည် တောင်ကြီးကို မြေပြင်ပေါ်သို့ ပြုတ်ကျခွင့် မပေးရဲပေ။ အကယ်၍သာ ပြုတ်ကျခဲ့လျှင် ပျက်စီးဆုံးရှုံးမှုမှာ ကြီးမားလွန်းလှပေမည် ဖြစ်သည်။

ဒိုင်နိုဆောတွေကို မျိုးတုံးစေခဲ့သော ဥက္ကာခဲမှာ အချင်း ၁၀ ကီလိုမီတာခန့်သာ ရှိသည်ဟု ဆိုကြသည်။ ယခု တောင်ကြီးမှာ ထိုဥက္ကာခဲလောက် မကြီးမားသော်လည်း ပြုတ်ကျလာခဲ့လျှင် ကမ္ဘာပျက်သကဲ့သို့ ပျက်စီးသွားနိုင်ပြီး လူသန်းပေါင်းများစွာ သေဆုံးသွားနိုင်သည်မှာ မြေကြီးလက်ခတ်မလွဲပင်။ ထို့ကြောင့် သူ ဤသို့ မစွန့်စားရဲခြင်း ဖြစ်သည်။

သို့သော် ဤစွမ်းရည်သစ်မှာ လင်းပိုင်ဖန်အတွက် အလွန် အံ့အားသင့်ဖွယ်ရာ ဆုလာဘ်တစ်ခု ဖြစ်လာခဲ့သည်။

“ဒီစွမ်းရည်က တော်တော်လေး အစွမ်းထက်တာပဲ။ ငါသာ တစ်ယောက်ယောက်ပေါ်ကို တောင်တစ်လုံး ပြုတ်ကျအောင် လုပ်လိုက်ရင် ဘယ်သူက ခုခံနိုင်မှာလဲ”

သူသည် ယခုအခါ မဟာကောင်းကင်အဆင့်သို့ ရောက်နေပြီ ဖြစ်သော်လည်း သူ၏ ခွန်အားအားလုံးကို သုံးလျှင်တောင် တောင်ကြီးတစ်လုံးကို ဖျက်ဆီးပစ်နိုင်စွမ်း မရှိပေ။ သို့သော် ယခု စွမ်းရည်သစ်အရ သူသည် တောင်တစ်လုံး၏ ခြိမ်းခြောက်မှုကို ပိုင်ဆိုင်ထားပြီ ဖြစ်သည်။

ကောင်းကင်ယံမှ ပြုတ်ကျလာသော တောင်ကြီးတစ်လုံး၏ အရှိန်အဟုန်မှာ အဏုမြူဗုံးထက်ပင် ပို၍ ကြောက်စရာကောင်းလှသည်။ မဟာကောင်းကင်အဆင့် တစ်ဦးကို ထိမှန်ခဲ့လျှင်ပင် အသက်ရှင်နိုင်ပါ့ဦးမလား။ မြင့်မြတ်ကောင်းကင်အဆင့် ဆိုလျှင်ရော? သူတို့သည် မည်မျှပင် အစွမ်းထက်နေပါစေ နောက်ဆုံးတော့ လူသားတွေသာ ဖြစ်ကြသည်။ တောင်တစ်လုံးနှင့် ဖိမိလျှင်တော့ မသေလျှင်တောင် ဒုက္ခိတ ဖြစ်သွားမှာ သေချာလှသည်။

ဤတိုက်ကွက်၏ အာနိသင်မှာ အလွန်ပင် ကောင်းမွန်လှသည်။ သို့သော် ဤသည်မှာ ဓား၏ အသွား နှစ်ဖက်ကဲ့သို့ပင် ဖြစ်သည်။ မိမိနယ်မြေအတွင်းမှာသာ သုံးနိုင်ပြီး ရန်သူကို ချေမှုန်းနိုင်သလို မိမိနိုင်ငံကိုလည်း ပျက်စီးစေနိုင်သဖြင့် ပေါ့ပေါ့တန်တန်တော့ သုံး၍ မရနိုင်ချေ။

စိတ်လှုပ်ရှားမှုများ အပြီးတွင် လင်းပိုင်ဖန်သည် အင်ပါယာမြေပုံမှ ပေးအပ်ထားသော လုပ်ဆောင်ချက်အသစ်ဖြစ်သည့် ‘ရာသီဥတု လက်ဝါး’ကို အာရုံစိုက်လိုက်သည်။

“နိုင်ငံအတွင်းက ရာသီဥတုကို ပြောင်းလဲနိုင်တယ်ပေါ့...”

ထိုအတွေးနှင့်အတူ လင်းပိုင်ဖန် ချက်ချင်း စမ်းသပ်ကြည့်လိုက်သည်။ ‘ရာသီဥတု လက်ဝါး’ ကို အသုံးပြုကာ အင်ပါယာမြေပုံထဲရှိ ကောင်းကင်ယံမှ တိမ်တိုက်များကို စုစည်းကာ မိုးတိမ်တောင်ကြီးတစ်ခု ဖြစ်ပေါ်စေခဲ့သည်။ ထိုအချိန်တွင် ပြင်ပကမ္ဘာ၌လည်း ရာသီဥတုမှာ မြန်မြန်ဆန်ဆန် ပြောင်းလဲသွားပြီး မိုးတိမ်များ ဖုံးလွှမ်းကာ ကမ္ဘာမြေကြီးမှာ မှောင်အတိ ကျသွားတော့သည်။

အလုပ်လုပ်နေကြသော ပြည်သူများမှာ ဝေခွဲမရ ဖြစ်သွားကြသည်။

“ဒီမိုးတိမ်တွေက ဘယ်အချိန်က လွင့်လာတာလဲ။ ငါ ဘာလို့ သတိမထားမိတာလဲ”

“မိုးရွာတော့မှာလား”

“ဘာရာသီဥတုလဲ မသိဘူး၊ ခုနလေးတင် သာယာနေတာ၊ အခုတော့ မှောင်ကျလာပြီ!”

“စကားမပြောနဲ့တော့၊ မိုးရွာတော့မယ်၊ အရိပ်ထဲ သွားကြစို့”

ထိုအချိန်တွင် လင်းပိုင်ဖန်က လက်ကို အသာလေး လှုပ်ခါလိုက်ရာ သည်းထန်စွာ မိုးများ ရွာချလိုက်တော့သည်။

“ဟင်... မိုးက ဘာလို့ ဒီလောက် မြန်မြန်ရွာရတာလဲ”

“ခုနလေးတင် မိုးတိမ်တွေ တက်လာတာ၊ အခု ချက်ချင်း ရွာချလိုက်တာပဲ။ တော်တော်လေးကို မြန်လွန်းတယ်”

“ဒီနေ့ ရာသီဥတုက တကယ်ကြီး ထူးဆန်းနေတာပဲ”

အားလုံးပဲ မိုးခိုရန် နေရာရှာကြတော့သည်။ လင်းပိုင်ဖန်က မိုးရွာနေသည်ကို ကြည့်ကာ တစ်ယောက်တည်း ရေရွတ်လိုက်သည် - “မိုးတော့ ရွာပြီ၊ ဒါပေမဲ့ မိုးခြိမ်းသံနဲ့ လျှပ်စီးမပါတော့ တစ်ခုခု လိုနေသလိုပဲ”

သူက လက်ဖျောက်တစ်ချက် တီးလိုက်ရာ မိုးခြိမ်းသံနှင့် လျှပ်စီးများ ချက်ချင်း ပေါ်လာတော့သည်။

“ဂျုန်း...!”

သူ လက်ဖျောက်တီးသံ ကျယ်လေလေ၊ မိုးခြိမ်းသံက ပို၍ ကြမ်းတမ်းလေလေပင် ဖြစ်သည်။ သူ၏ လက်ညှိုးညွှန်ရာ နေရာတိုင်းသို့ လျှပ်စီးများက တိကျစွာ ပစ်ချနေသည်။ သူ လက်ဝါးနှစ်ဖက်ကို ပွတ်လိုက်လျှင် ကောင်းကင်မှ လျှပ်စီးတန်းများစွာ ဆက်တိုက် ကျလာတော့သည်။

လင်းပိုင်ဖန်ကတော့ ပျော်ရွှင်စွာ ဆော့ကစားနေသော်လည်း အောက်ခြေမှ ပြည်သူများမှာတော့ ထိတ်လန့်တုန်လှုပ်နေကြပြီ ဖြစ်သည်။

“လျှပ်စီးတွေက ရူးသွားပြီလား၊ နေရာအနှံ့ ပစ်နေတာပဲ။ ဘယ်သူကမှ ဒီလို ရာသီဥတုမျိုး တစ်ခါမှ မြင်ဖူးမှာ မဟုတ်ဘူး”

“ငါ ဒီလောက်ထိ အသက်ကြီးလာခဲ့ပြီ၊ ဒါပေမယ့် ဒီလောက်ထိ ရှုပ်ထွေးတဲ့ လျှပ်စီးမျိုး မတွေ့ဖူးဘူး။ ကြောက်စရာကြီး”

“မိုးနတ်မင်းနဲ့ လျှပ်စီးနတ်သမီးတို့ ရန်ဖြစ်နေကြတာလား မသိဘူး”

စပ်စုတတ်သူ တစ်ဦးက ဆိုလိုက်သည် - “မိုးနတ်မင်းကတော့ မဖြစ်နိုင်ဘူး၊ လျှပ်စီးနတ်သမီးပဲ ဖြစ်လိမ့်မယ်။ မိန်းမတွေက အသက်ကြီးလာရင် စိတ်တိုတတ်ကြတာပဲလေ...”

ထိုစဉ်မှာပင် ကောင်းကင်ထက်၌ မိုးခြိမ်းသံကြီး ဟိန်းထွက်သွားသည်။

“ဂျုန်း...!”

ထိုသူမှာ အလွန်လန့်သွားပြီး ချက်ချင်းပင် ဒူးထောက်ကာ - “လျှပ်စီးနတ်သမီးခင်ဗျာ... ကျွန်တော်မျိုး ပါးစပ်သရမ်းမိတာပါ၊ မှားသွားပါတယ်၊ ကျွန်တော့်မျိုးကိုတော့ မပစ်ပါနဲ့” ဟု တောင်းပန်တော့သည်။

မိုးကြိုးများနှင့် ဆော့ကစားရသည်မှာ ငြီးငွေ့လာသောအခါ လင်းပိုင်ဖန်က လက်ကို ဝှေ့ယမ်းလိုက်ရာ လေပြင်းများ ချက်ချင်း တိုက်ခတ်လာသည်။ သူ ပြင်းပြင်းထန်ထန် ဝှေ့ယမ်းလေလေ၊ လေက ပိုပြင်းလေလေဖြစ်ရာ ပြည်သူများမှာ ချမ်းစိမ့်မှုကိုပင် ခံစားနေကြရသည်။ ထို့နောက် သူက လက်ဝါးနှစ်ဖက်ကို ပွတ်ကာ လေဆင်နှာမောင်းတစ်ခု ဖန်တီးလိုက်ရာ ပြည်သူများမှာ ကောင်းကင်ဘုံ၏ အမျက်တော်ဟု ထင်မှတ်ပြီး ဒူးထောက်ကာ ခွင့်လွှတ်ရန် ဆုတောင်းကြတော့သည်။

တော်တော်ကြာအောင် ဆော့ကစားပြီးနောက် မိုးက စဲလာခဲ့သည်။

“တိမ်တွေ ကုန်သွားပြီဆိုတော့ မရွာတော့ဘူးပေါ့... ကိစ္စမရှိဘူး၊ ဆက်ဆော့မယ်”

လင်းပိုင်ဖန်က မြေပြင်ပေါ်ရှိ ရေများကို ကောင်းကင်သို့ ပြန်တင်ကာ မိုးတိမ်များအဖြစ် ပြန်လည်ဖန်တီးပြီး ဆက်လက် ကစားနေပြန်သည်။ ခဏကြာ စမ်းသပ်ကြည့်ပြီးနောက် ‘ရာသီဥတု လက်ဝါး’ သည် အလွန် အစွမ်းထက်ကြောင်း သူ သိလိုက်ရသည်။

၎င်းသည် လေ၊ မိုး၊ မိုးခြိမ်းသံနှင့် လျှပ်စီးကို ထိန်းချုပ်နိုင်ရုံသာမက အပူချိန်နှင့် ရာသီဥတုကိုပါ ချိန်ညှိနိုင်သည်။ အေးချင်သည့်နေရာကို အေးအောင်လုပ်နိုင်ပြီး ပူချင်သည့်နေရာကို ပူအောင်လုပ်နိုင်ရာ အပူချိန်ကွာခြားချက်မှာ ၂၀ ဒီဂရီစဲလ်စီးယပ် (20°C) ကျော်အထိ ရှိသည်။

ဤစွမ်းအားသည် သူ၏ ကိုယ်ပိုင်ခွန်အားကို မြှင့်တင်ပေးရုံသာမက နိုင်ငံတော်၏ အင်အားကိုလည်း တိုးတက်စေမည်ဖြစ်ပြီး နိုင်ငံတော် တည်ငြိမ်ရေးနှင့် ပြည်သူများ အေးချမ်းရေးအတွက်လည်း များစွာ အထောက်အကူပြုမည် ဖြစ်သည်။ ကုန်ထုတ်လုပ်မှု နည်းပါးသော ရှေးခေတ်ကာလတွင် စိုက်ပျိုးရေးသည် ရာသီဥတုပေါ်၌သာ လုံးလုံးလျားလျား မှီခိုနေရသည် မဟုတ်ပါလော။

ရာသီဥတု ကောင်းမွန်လျှင် ရိတ်သိမ်းမှု ကောင်းမည်။ ရာသီဥတု ဆိုးရွားလျှင် သီးနှံများ ပျက်စီးပြီး ငတ်မွတ်ခေါင်းပါးမှုများ ဖြစ်ပေါ်ကာ တော်လှန်ရေးများနှင့် နိုင်ငံတွင်း မတည်ငြိမ်မှုများ ဖြစ်လာနိုင်သည်။ သို့သော် ယခု ‘ရာသီဥတု လက်ဝါး’ ကြောင့် ဤပြဿနာအတွက် စိုးရိမ်စရာ မလိုတော့ပေ။

သူ အလိုရှိသော ရာသီဥတုကို သူကိုယ်တိုင် ဆုံးဖြတ်နိုင်သည်။ စားနပ်ရိက္ခာ ဖူလုံရုံသာမက သီးနှံထွက်နှုန်းကိုလည်း များစွ တိုးတက်စေမည်ဖြစ်သည်။

“နောင်အနာဂတ်မှာ ငါ့ရဲ့ 'မဟာရှ' နိုင်ငံတော်ဟာ ရာသီဥတု သာယာပြီး တိုင်းပြည်လည်း အေးချမ်း၊ ပြည်သူတွေလည်း ဘေးကင်းကြတော့မှာပဲ၊ ဟားဟား…..”

All Chapters