အခန်း (၂၈၇)
Vol. 26 Ch. 287
မဟာရှနိုင်ငံတော်၏ အခမ်းအနားကြီး ကျင်းပမည့်ရက် နီးကပ်လာသည်နှင့်အမျှ အရပ်ရပ်မှ ဧည့်သည်တော်များသည် မြို့တော်သို့ အုပ်စုလိုက် ချီတက်လာကြတော့သည်။
အစောဆုံး ရောက်ရှိလာသူမှာ မဟာလီမင်းဆက်နိုင်ငံတော်မှ ကိုးယောက်မြောက် မင်းသား 'လီထျန်းချုံး' ဖြစ်သည်။ သူသည် မဟာလီမင်းဆက်၏ ကိုယ်စားလှယ်အဖြစ် လာရောက်ခြင်းဖြစ်သည်။
သူသည် အစကတည်းက ဘာမှ ပြောင်းလဲမသွားသော လင်းပိုင်ဖန်ကို ကြည့်ရင်း ရှုပ်ထွေးသော ခံစားချက်များ ဖြစ်ပေါ်နေမိသည်။ သူ လင်းပိုင်ဖန်ကို သိခဲ့သည်မှာ တစ်နှစ်ခွဲခန့်သာ ရှိသေးပြီး ထိုစဉ်က လင်းပိုင်ဖန်မှာ နိုင်ငံကြီးတစ်နိုင်ငံ၏ ဧကရာဇ်မျှသာဖြစ်သဖြင့် သူက သိပ်ပြီး အရေးတယူ မလုပ်ခဲ့ပေ။
သို့သော် ယခုအခါတွင်မူ လင်းပိုင်ဖန်သည် ကိုယ်ပိုင် မင်းဆက်နိုင်ငံတော်ကို တည်ထောင်တော့မည် ဖြစ်သည်။ ထို့အပြင် ၎င်းမှာ အင်ပါယာတစ်ခုနှင့် ယှဉ်နိုင်သော နယ်မြေ၊ လူဦးရေနှင့် မဟာကောင်းကင်အဆင့် တစ်ဦး၏ အကာအကွယ်ကိုပါ ရရှိထားသည့် ခန့်ညားထည်ဝါသော မင်းဆက်နိုင်ငံတော်ကြီး ဖြစ်နေပြီ မဟုတ်ပါလော။
အဆင့်အတန်း၊ ရာထူးနှင့် အာဏာတို့တွင် လင်းပိုင်ဖန်သည် သူ့ကို အပြတ်အသတ် ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။ သူကမူ ယခုထက်တိုင် တိုးတက်မှုမရှိဘဲ မင်းသားတစ်ဦးအဆင့်မှာပင် ရှိနေသေးရာ လင်းပိုင်ဖန်၏ ရှေ့မှောက်တွင် သူသည် အနည်းငယ်ပင် ရှက်ရွံ့မိသွားသည်။
"လင်းပိုင်ဖန်... မင်းဆက်နိုင်ငံသစ် တည်ထောင်နိုင်ပြီး တစ်လောကလုံးကို တုန်ဟိန်းစေခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်"
လင်းပိုင်ဖန်က ဂုဏ်ယူဝင့်ကြွားစွာ ရယ်မောလိုက်ပြီး - "ကျေးဇူးပါ... ကျေးဇူးပါ။ မင်း လာနိုင်တာကိုပဲ ငါ တကယ် ဝမ်းသာပါတယ်။ တကယ်တော့ ငါ့မှာ သူငယ်ချင်းလို့ သတ်မှတ်လို့ရတဲ့သူ သိပ်မရှိဘူးလေ၊ မင်းကတော့ အဲဒီထဲက တစ်ယောက်ပေါ့"
သူတို့နှစ်ဦးကြားက ရန်ငြိုးရန်စများနှင့် သံယောဇဉ်များကို ပြန်လည်အမှတ်ရမိကာ ကိုးယောက်မြောက် မင်းသားမှာလည်း မနေနိုင်ဘဲ လိုက်ရယ်မိတော့သည်။ လွန်ခဲ့သော နှစ်နှစ်ခန့်က သူတို့နှစ်ဦးမှာ 'ချိုင်ယွီရှင်း' ကို အပြိုင်အဆိုင် ချစ်ကြသည့် ပြိုင်ဘက်များ ဖြစ်ခဲ့ကြပြီး အလင်းနှင့်အမှောင် နည်းလမ်းမျိုးစုံဖြင့် တိုက်ခိုက်ခဲ့ကြဖူးသည်။ ထိုစဉ်က သူသည် အမြဲတမ်း ရှုံးနိမ့်ခဲ့သဖြင့် လင်းပိုင်ဖန်ကို အံကြိတ်ကာ မုန်းတီးခဲ့သော်လည်း ယခုအခါ ထိုအမှတ်တရများကို ပြန်တွေးမိရင်း ပြုံးပျော်နေမိသည်။
ဒါတွေက လူငယ်ဘဝရဲ့ မိုက်မဲမှုတွေပဲ မဟုတ်ပါလား။ လူငယ်ဆိုတာ ဒီလိုပါပဲ... ရယ်မောခြင်းတွေရှိသလို မျက်ရည်တွေလည်း ရှိခဲ့တာပေါ့။ ဒါပေမဲ့ အချို့လူတွေက ရယ်မောဖို့အတွက် တာဝန်ရှိနေချိန်မှာ အချို့ကတော့ မျက်ရည်တွေကိုပဲ ခါးစည်းခံခဲ့ရတာ ဖြစ်သည်။
လင်းပိုင်ဖန်က တစ်ခုခုကို သတိရသွားဟန်ဖြင့် - "ဒါနဲ့... ဟန်ချူးချူးရော ဘယ်လိုနေသေးလဲ"
ကိုးယောက်မြောက် မင်းသားက - "ငါတို့ရဲ့ စေ့စပ်ကြောင်းလမ်းမှု ပျက်ပြားသွားပြီးတဲ့နောက် သူ့အဖေက အရမ်းဒေါသထွက်ပြီး သူ့ကို အမှားတွေ ပြန်ဆင်ခြင်ဖို့ဆိုပြီး အကျဉ်းချထားတယ်။ အခုထိ အဲဒီအတိုင်းပဲ၊ အသေးစိတ်ကိုတော့ ငါလည်း မသိဘူး"
"အော်... ဒါဆိုရင်တော့ ငါ စိတ်အေးရပြီ" လင်းပိုင်ဖန်က ခေါင်းညိတ်လိုက်သည်။
"တကယ်တော့ အဲဒီပတ်သက်မှု ပြတ်စဲသွားတာက ကံကောင်းတာပါပဲ၊ မဟုတ်ရင် ငါလည်း ဘယ်လိုရှေ့ဆက်ရမလဲ မသိတော့ဘူး" ဟု မင်းသားက သူမ၏ ရက်စက်မှုများကို တွေးမိကာ သက်ပြင်းချလိုက်သည်။
လင်းပိုင်ဖန်က သူ့ပုခုံးကို ပုတ်ကာ နှစ်သိမ့်လိုက်သည် - "ဒါက အကောင်းဆုံး ဖြစ်သွားတာပဲ။ နောင်ကျရင် ငါ့ကို အပြစ်မတင်ရင်ပဲ တော်ပါပြီ"
ကိုးယောက်မြောက် မင်းသားက နားမလည်နိုင်ဘဲ - "မင်းကို ဘာလို့ အပြစ်တင်ရမှာလဲ။ ငါက မင်းကို ကျေးဇူးတောင် တင်ရဦးမှာ။ မင်းသာ သူ့ကို နားချပေးဖို့ မကူညီခဲ့ရင် သူက စေ့စပ်ပွဲဖျက်ဖို့ ဒီလောက်ထိ ပြတ်သားမှာ မဟုတ်ဘူး။ လင်းပိုင်ဖန်... မင်းကို ဘယ်လို ကျေးဇူးတင်ရမလဲတောင် မသိတော့ဘူး"
လင်းပိုင်ဖန်မှာ စိတ်လှုပ်ရှားသွားဟန်ဖြင့် - "ကျေးဇူးတင်ဖို့ မလိုပါဘူး၊ ဒါက ငါ လုပ်သင့်လုပ်ထိုက်တာပါ"
"ဒါနဲ့... ဆရာတူ အစ်မရော ဘယ်မှာလဲ" ဟု မင်းသားက မေးလိုက်သည်။
လင်းပိုင်ဖန်က ချက်ချင်း သတိကြီးစွာဖြင့် - "မင်း သူ့အပေါ် မစွန့်လွှတ်နိုင်သေးတာတော့ မဟုတ်ပါဘူးနော်"
"ဘယ်ကသာ... မဖြစ်နိုင်တာ"
ကိုးယောက်မြောက် မင်းသားက လက်လျှော့လိုက်သည့် အပြုံးဖြင့် - "ငါနဲ့ ဆရာတူ အစ်မကြားမှာ ဘာအလားအလာမှ မရှိဘူးဆိုတာ ငါ ကောင်းကောင်း သိပါတယ်။ ဒါကြောင့် ငါ စောစောကတည်းက လက်လျှော့လိုက်ပါပြီ။ ဒါပေမဲ့ ငါ ရောက်တုန်းရောက်ခိုက် သွားနှုတ်ဆက်သင့်တယ် မဟုတ်လား"
"အဲဒါတော့ ဟုတ်သားပဲ၊ ငါ လိုက်ပို့ပေးမယ်"
နှစ်ရက်အကြာတွင် မိစ္ဆာဂိုဏ်း၏ ခေါင်းဆောင် 'ဇီလျိုလီ' ရောက်ရှိလာခဲ့သည်။ လင်းပိုင်ဖန်သည် သူမကို အလေးအနက်ထားကာ ကြိုဆိုလိုက်သည်။ သူက အနည်းငယ် အံ့အားသင့်စွာဖြင့် - "ငါကိုယ်တော်ရဲ့ မဟာရှနိုင်ငံက မင်းဆက်နိုင်ငံတစ်ခု တည်ထောင်တာလေးကို ဂိုဏ်းချုပ်ကိုယ်တိုင် လာရောက်ဖို့ လိုလို့လား"
မိစ္ဆာဂိုဏ်းဆိုသည်မှာ ဤခေတ်၏ အင်အားကြီး အဖွဲ့အစည်း ခုနစ်ခု (အင်ပါယာ ၄ ခုနှင့် ဂိုဏ်းကြီး ၃ ဂိုဏ်း) ထဲတွင် တစ်ခုအပါအဝင် ဖြစ်သည်။ ကောင်းကင်အဆင့် တစ်ဦးလည်းဖြစ်၊ မိစ္ဆာဂိုဏ်း၏ ခေါင်းဆောင်လည်း ဖြစ်သဖြင့် ဇီလျိုလီ၏ အဆင့်အတန်းမှာ အင်ပါယာတစ်ခု၏ ဧကရာဇ်တစ်ဦးထက်ပင် မြင့်မားလေသည်။
သူ၏ မဟာရှနိုင်ငံတော်မှာ မင်းဆက်နိုင်ငံ တစ်ခုအဖြစ် တည်ထောင်ခါစ နိုင်ငံလေးမျှသာ ဖြစ်သဖြင့် တပည့်ရင်းတစ်ဦး သို့မဟုတ် အကြီးအကဲတစ်ဦးကို လွှတ်လိုက်လျှင်ပင် လုံလောက်လှပြီ ဖြစ်သည်။ ဂိုဏ်းချုပ်ကိုယ်တိုင် ယခုကဲ့သို့ လာရောက်ရန် မလိုအပ်ပေ။
ဇီလျိုလီလည်း အသာအယာ ပြုံးလိုက်မိသည်။ ဒါက သေးငယ်သည့်ကိစ္စ မဟုတ်ပေ။ မဟာရှနိုင်ငံတော်၏ နောက်ကွယ်တွင် 'မဟာကောင်းကင်အဆင့် သိုင်းပညာရှင်' တစ်ဦး ရှိနေသဖြင့် မိစ္ဆာဂိုဏ်းနှင့် တန်းတူအဆင့်တွင် ရှိနေခြင်းဖြစ်သည်။
ထို့ကြောင့် ထိုစီနီယာနှင့် ရင်းနှီးကျွမ်းဝင်မှုရှိရန် သူမကိုယ်တိုင် လာရောက်ခဲ့ခြင်း ဖြစ်သည်။ နောင်တွင် ပြဿနာတစ်စုံတစ်ရာ ရှိလာပါက ဆွေးနွေးရသည်မှာ ပို၍ လွယ်ကူလိမ့်မည် မဟုတ်ပါလော။
"ဒီရက်ပိုင်း ကျွန်မ အားနေတာနဲ့ လာခဲ့တာပါ။ အရှင်မင်းကြီးက ကျွန်မကို မကြိုဆိုဘူးလား"
လင်းပိုင်ဖန်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး - "ဘယ်လိုလုပ် မကြိုဆိုရမှာလဲ။ ဂိုဏ်းချုပ် ရောက်လာတာက ငါတို့ မဟာရှနိုင်ငံတော်အတွက် ဂုဏ်ယူစရာပါ"
"ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး" ဇီလျိုလီကလည်း ခွက်ကို မြှောက်ကာ လိုက်ပါ သောက်လိုက်သည်။
စကားစမြည်ပြောရင်း ဇီလျိုလီက - "ဒါနဲ့ ယောင်ယောင်ရော။ သူမ ဒီကို လာကတည်းက ကျွန်မလည်း သူမကို မတွေ့ရတော့ဘူး"
"သူက ဟန်ဒွမ် တောင်တန်းဘက်ကို သွားပြီး ကျင့်ကြံနေတာလေ။ ရက်အနည်းငယ်ကြာမှ တစ်ခါ ပြန်လာတတ်တယ်"
ဇီလျိုလီက ထိုစကားကို ကြားသောအခါ အနည်းငယ် စိတ်ဆိုးသွားပြီး - "ဒီကလေးမကတော့ တကယ်ပဲ အရေးကြီးတာကို မသိဘူး။ အရေးကြီးတဲ့ ကိစ္စတွေကို ပစ်ထားပြီး ကျင့်ကြံဖို့ပဲ သွားနေရလား"
လင်းပိုင်ဖန်က ကြောင်တောင်တောင်ဖြင့် - "ကျင့်ကြံတာက အရေးအကြီးဆုံး မဟုတ်ဘူးလား"
'အရင်ကတော့ ဟုတ်တာပေါ့၊ အခုတော့ မဟုတ်တော့ဘူး' ဟု ဇီလျိုလီက စိတ်ထဲမှ တွေးလိုက်မိသည်။ သူမ၏ တပည့်မလေးမှာ ပါရမီထူးချွန်သော်လည်း မည်မျှပင် ကြိုးစားစေကာမူ ကောင်းကင်အဆင့်ထက် ပိုရန်မှာ ခက်ခဲလှသည်။ ပြင်ပမှ ကူညီမှုမပါဘဲ ရှေ့ဆက်တိုးရန်မှာ ကောင်းကင်သို့ တက်လှမ်းရသကဲ့သို့ ခက်ခဲပေလိမ့်မည်။
သို့သော် ဤနေရာတွင် ' မဟာကောင်းကင်အဆင့် သိုင်းပညာရှင်' တစ်ဦး ရှိနေသည် မဟုတ်ပါလား။ လင်းပိုင်ဖန်ကိုသာ စည်းရုံးနိုင်ခဲ့လျှင် ထိုပုဂ္ဂိုလ်ကြီးမှာ မိစ္ဆာဂိုဏ်း၏ ဘက်တော်သား ဖြစ်လာပေလိမည်။ တောင်ပေါ်မှာ သွားကျင့်ကြံနေမည့်အစား လင်းပိုင်ဖန်၏ အနားတွင် ရှိနေခြင်းက ပို၍ အကျိုးရှိပေလိမ့်မည်။ ၎င်းမှာ 'ဖရဲသီးကို ထားခဲ့ပြီး နှမ်းစေ့ကို ကောက်နေသလို' ပင် ဖြစ်နေသည်။
ဇီလျိုလီမှာ တွေးမိလေ ပို၍ စိတ်ဆိုးလေ ဖြစ်လာကာ - "အရှင်မင်းကြီး... ခဏ စောင့်ပါဦး။ ကျွန်မ သူ့ကို အခုချက်ချင်း ပြန်ခေါ်လာပြီး အရှင်မင်းကြီးကို တောင်းပန်ခိုင်းလိုက်ပါ့မယ်"
သူမ၏ ပုံရိပ်မှာ လေပွေတစ်ခုကဲ့သို့ လင်းပိုင်ဖန်၏ ရှေ့မှ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။ လင်းပိုင်ဖန်မှာ ဘာမှနားမလည်ဘဲ မျက်တောင်တခတ်ခတ်ဖြင့် ကျန်ရစ်ခဲ့လေသည်။
မဟာရှနိုင်ငံတော်သို့ ဧည့်သည်တော်များ ဆက်တိုက် ရောက်ရှိလာကြပြီး နောက်ဆုံးတွင် အခမ်းအနား ကျင်းပမည့်နေ့သို့ ရောက်ရှိလာခဲ့လေတော့သည်။