အခန်း (၂၈၈)
Vol. 26 Ch. 288
တစ်နေ့သောအခါ... ကောင်းကင်အောက်ရှိ သတ္တဝါ အားလုံးအတွက် မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော နေ့ထူးနေ့မြတ်ကြီး ရောက်ရှိလာခဲ့သည်။
ထိုနေ့တွင် မဟာရှနိုင်ငံတော်သည် "မဟာရှမင်းဆက်နိုင်ငံ" အဖြစ်သို့ တရားဝင် ကူးပြောင်းကြောင်းနှင့် ကမ္ဘာ့ အင်အားကြီး နိုင်ငံစာရင်းထဲသို့ စတင်ဝင်ရောက်ကြောင်း တစ်လောကလုံးကို ကြေညာကာ နန်းတက်ပွဲ အခမ်းအနားကြီးကို ကျင်းပရန် ဆုံးဖြတ်ခဲ့သည်။ လင်းပိုင်ဖန်သည် ထိုနေ့ကို တစ်နိုင်ငံလုံး အားလပ်ရက်အဖြစ် သတ်မှတ်ပေးခဲ့ရာ တစ်နိုင်ငံလုံး အတူတကွ ပျော်ရွှင်ဆင်နွှဲခဲ့ကြသည်။
မြို့တော်ရှိ ပြည်သူများသာမက ဝေးလံသောအရပ်မှ လူပေါင်းများစွာသည်လည်း ဤသမိုင်းဝင်အခိုက်အတန့်ကို ကိုယ်တိုင်မြင်တွေ့နိုင်ရန် အလုအယက် ရောက်ရှိလာကြသည်။ နန်းတော်အသစ်၏ ရင်ပြင်ကျယ်ကြီးထဲတွင် လူပေါင်းသန်းချီ၍ ပုခုံးချင်းထိမတတ် တိုးဝှေ့ကာ စည်ကားနေတော့သည်။ ကံကောင်းထောက်မစွာဖြင့် ထိုရင်ပြင်မှာ အသစ် တည်ဆောက်ထားခြင်းဖြစ်ပြီး အလွန်ကျယ်ဝန်းသဖြင့် လူအုပ်ကြီးကို လက်ခံထားနိုင်ခြင်း ဖြစ်သည်။
"ဒီနေ့က ငါတို့ မဟာရှနိုင်ငံတော် မင်းဆက်သစ် တည်ထောင်တဲ့နေ့ပဲ!"
"မျှော်နေရတာ ကြာခဲ့ပြီ၊ အခုတော့ တကယ်ဖြစ်လာပြီပဲ။ ငါဆိုရင် အဝေးကြီးကနေ အရောက်လာခဲ့တာ"
"မင်းဆက်နိုင်ငံ ဖြစ်သွားပြီဆိုတော့ ငါတို့လည်း ကောင်းစားတော့မှာပေါ့"
ပြည်သူများမှာတော့ အတိုင်းမသိ ဝမ်းသာနေကြသည်။ နိုင်ငံတစ်ခုမှ မင်းဆက်နိုင်ငံအဆင့်သို့ တိုးမြှင့်နိုင်ခြင်းမှာ နိုင်ငံ ပိုမိုအင်အားတောင့်တင်းကာ တည်ငြိမ်လာခြင်းကို အဓိပ္ပာယ်ရသဖြင့် သူတို့အတွက် လုံခြုံမှုရှိသည်ဟု ခံစားနေရသည်။ ထို့ကြောင့်လည်း မဟာရှနိုင်ငံတော်ကြီး ပိုမိုတိုးတက်ပြီး သူတို့၏ ဧကရာဇ်မင်းမြတ်မှာလည်း သက်တော်ရာကျော်ရှည်ကာ သူတို့၏ ပျော်ရွှင်သော ဘဝများကို ဆက်လက်စောင့်ရှောက်ပေးရန် ဆုတောင်းနေကြတော့သည်။
ထိုအချိန်တွင် မင်္ဂလာအချိန်က မရောက်သေးသဖြင့် လင်းပိုင်ဖန်သည် နန်းတော်အတွင်း၌ အရပ်ရပ်မှ ဧည့်သည်တော်များကို လက်ခံတွေ့ဆုံနေသည်။
ကြင်နာသော မျက်နှာထားရှိသည့် ဘုန်းကြီးအိုတစ်ပါးမှာ လက်အုပ်ချီလျက် လင်းပိုင်ဖန်ထံ ချဉ်းကပ်လာကာ - " အောမီထောဖော…၊ ဒီနေ့ဟာ မဟာရှမင်းဆက် တည်ထောင်တဲ့နေ့ပဲ။ ဆင်းရဲသား။ ဒီက နိမ့်ကျတဲ့ ကိုယ်တော်ကပဲ ဗုဒ္ဓဂိုဏ်းကို ကိုယ်စားပြုပြီး အရှင်မင်းကြီးကို ကောင်းချီးပေးပါတယ်။ မဟာရှနိုင်ငံတော်ကြီး ထာဝရထွန်းကားပါစေ"
လင်းပိုင်ဖန်က နွေးထွေးစွာ ပြုံးလိုက်ပြီး - "ကျေးဇူးတင်ပါတယ် ဆရာတော် ကျဲချန်။ ဗုဒ္ဓဂိုဏ်းရဲ့ စေတနာကိုလည်း ကျေးဇူးတင်ပါတယ်"
ထိုဘုန်းကြီးမှာ တစ်ချိန်က မဟာရှနိုင်ငံတော်က မဟာဖုန်းနိုင်ငံအပေါ် တိုက်ခိုက်စဥ်က ဝင်ရောက်တားဆီးခဲ့သော ကျဲချန်ပင် ဖြစ်သည်။ ယခုအခါ သူ၏ ဒဏ်ရာများမှာ အတော်အတန် သက်သာသွားပြီဖြစ်၍ ဗုဒ္ဓဂိုဏ်းကို ကိုယ်စားပြုကာ လာရောက်ခြင်းဖြစ်သည်။
ဗုဒ္ဓဂိုဏ်းနှင့် မဟာရှနိုင်ငံတို့မှာ ယခင်က အဆင်မပြေမှုများ ရှိခဲ့သော်လည်း ယခုကဲ့သို့ လူလွှတ်ခြင်းမှာ မိတ်ဝတ်မပျက်ကြောင်း ပြသခြင်းပင် ဖြစ်သည်။
သိုင်းလောကထဲတွင် အမြဲတမ်း တိုက်ခိုက်နေရုံဖြင့် မရဘဲ လူမှုဆက်ဆံရေးကိုလည်း ငဲ့ရသည် မဟုတ်ပါလော။ အသက်နှင့်လဲရမည့် ရန်ငြိုးမဟုတ်ပါက အဆုံးထိ တိုက်ခိုက်နေစရာ မလိုဘဲ အလျော့အတင်း လုပ်ရပေမည်။ နှစ်ပေါင်းများစွာ အစဉ်အလာကြီးမားခဲ့သော ဗုဒ္ဓဂိုဏ်းက ထိုအချက်ကို ကောင်းကောင်းနားလည်သည်။
"ဒီညမှာ ဧည့်သည်တော်တွေအတွက် စားသောက်ပွဲကြီး ကျင်းပမှာမို့ ဆရာတော်လည်း ကြွရောက်ပေးဖို့ မျှော်လင့်ပါတယ်။ ကျွန်ုပ်က သတ်သတ်လွတ် ဟင်းလျာတွေနဲ့ အရက်မပါတဲ့ ဖျော်ရည်တွေကို သီးသန့်စီစဉ်ခိုင်းထားပါတယ်"
"အရှင်မင်းကြီးရဲ့ စေတနာကို ကျေးဇူးတင်စွာနဲ့ လက်ခံရမှာပေါ့" ဟု ဆရာတော်က ပြုံး၍ ဆိုလိုက်သည်။
ထိုစဉ်မှာပင် ရိုးရှင်းသောအဝတ်အစားဖြင့် တာအိုဆရာတစ်ဦး ရောက်လာပြန်သည်။ သူက ယပ်တောင်ကို ကိုင်လျက် တည်ငြိမ်စွာဖြင့် - "အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ။ ကျွန်ုပ်က တာအိုဂိုဏ်းက 'ရွှမ်မင်' ပါ။ တာအိုဂိုဏ်းကိုယ်စား မဟာရှနိုင်ငံတော်ကြီး အေးချမ်းသာယာပြီး ထာဝရ တိုးတက်ပါစေကြောင်း ဆုတောင်းပေးပါတယ်"
ပုံစံမှာ သာမန်ကာလျှံကာဟု ထင်ရသော်လည်း ဤရွှမ်မင်မှာလည်း ကောင်းကင်အဆင့် သိုင်းပညာရှင်တစ်ဦး ဖြစ်သည်။ တာအိုဂိုဏ်းက ကောင်းကင်အဆင့် တစ်ဦးကို လွှတ်လိုက်ခြင်းမှာ လင်းပိုင်ဖန်ကို အလေးထားကြောင်း ပြသခြင်းပင် ဖြစ်သည်။ သူ၏နောက်တွင် တာအိုသမီးတော် 'စုန့်ယွီဖေး' လည်း ပါလာပြီး လင်းပိုင်ဖန်ကို အသာအယာ ခေါင်းညိတ်နှုတ်ဆက်သည်။
လင်းပိုင်ဖန်က ကျယ်လောင်စွာ ရယ်မောလိုက်ရင်း - "ဆရာကြီးကိုယ်တိုင် ကြွလာတာရော၊ တာအိုဂိုဏ်းရဲ့ စေတနာအတွက်ရော တကယ်ပဲ ကျေးဇူးတင်ပါတယ်"
ထိုအချိန်မှာပင် ခရမ်းရောင်ဝတ်စုံနှင့် အနက်ရောင်ဝတ်စုံဝတ် အမျိုးသမီးနှစ်ဦး ပျံသန်းဝင်ရောက်လာသည်။ ဆရာတော်ကျဲချန်နှင့် တာအိုဆရာရွှမ်မင်တို့မှာ ထိတ်လန့်သွားကြပြီး - "ဒီမိစ္ဆာမက ဘာလို့ ဒီကို ရောက်နေတာလဲ"
ပတ်ဝန်းကျင်ရှိ ဧည့်သည်များလည်း အံ့အားသင့်ကာ ဝိုင်းအုံကြည့်လာကြသည်။
"ဟိုဟာ မိစ္ဆာဂိုဏ်းက မိစ္ဆာမကြီး မဟုတ်လား။ သူက ဘာလို့ ဒီကို လာတာလဲ"
"ကြည့်စမ်း... မိစ္ဆာမ အကြီးရော အငယ်ရော နှစ်ယောက်လုံး ရောက်လာတာပဲ"
"ဒီလို မင်္ဂလာနေ့မှာ... သူတို့ ပြဿနာလာရှာတာများလား"
အချို့လူများမှာ လက်နက်များကိုပင် တိတ်တဆိတ် ထုတ်ယူထားကြသဖြင့် လေထုထဲတွင် တင်းမာမှုများ ဖုံးလွှမ်းသွားလေသည်။
လင်းပိုင်ဖန်က ပြုံးလျက် - "အားလုံးပဲ စိတ်မပူကြပါနဲ့။ သူတို့နှစ်ယောက်က ကျွန်ုပ်ရဲ့ သူငယ်ချင်းတွေပါ၊ မင်းဆက်သစ်တည်ထောင်ပွဲကို လာတက်ကြတာပါ"
လူအုပ်ကြီးမှာ စိတ်မချနိုင်သေးသော်လည်း တင်းမာမှုမှာ အနည်းငယ် လျော့သွားခဲ့သည်။ မိစ္ဆာဂိုဏ်းချုပ် ဇီလျိုလီမှာ ပတ်ဝန်းကျင်မှ အကြည့်များကို ဂရုမစိုက်ဘဲ နတ်မိမယ်တစ်ပါးကဲ့သို့ လင်းပိုင်ဖန်ထံ လှပစွာ လျှောက်လာပြီး - "အရှင်မင်းကြီး... ဘုန်းတော်ကြီးမားပါစေ။ မဟာရှမင်းဆက် တည်ထောင်တဲ့အတွက် မိစ္ဆာဂိုဏ်းကိုယ်စား ဂုဏ်ယူပါတယ်။ မဟာရှနိုင်ငံတော်ကြီး နဂါးတစ်ကောင်လိုမျိုး အင်အားကြီးမားပြီး ထာဝရ ထွန်းကားပါစေ"
"စကားက သိပ်ကောင်းတာပဲ။ ကျေးဇူးပါ ဂိုဏ်းချုပ်ဇီ" လင်းပိုင်ဖန်က ခေါင်းညိတ်လိုက်သည်။
"မိစ္ဆာမ... နင် ဘာလို့ ဒီကို လာတာလဲ" ဆရာကြီးကျဲချန်က သတိကြီးစွာဖြင့် မေးလိုက်သည်။ သူကိုယ်တိုင်မှာ ကောင်းကင်အဆင့်တစ်ဦး ဖြစ်သော်လည်း ဇီလျိုလီ၏ အစွမ်းမှာ သူ့ထက် များစွာ သာလွန်နေသဖြင့် မပေါ့ဆရဲပေ။
ဇီလျိုလီ၏ မျက်လုံးများမှာ တောက်ပစွာဖြင့် ပြုံးလိုက်ကာ - "ရှင်တို့ လာနိုင်ရင် ကျွန်မကရော ဘာလို့ မလာနိုင်ရမှာလဲ။ ကျွန်မတို့ မိစ္ဆာဂိုဏ်းနဲ့ မဟာရှနိုင်ငံက ခွဲခြားလို့မရတဲ့ ပတ်သက်မှု ရှိတယ်လေ"
'ခွဲခြားလို့မရတဲ့ ပတ်သက်မှု?'
ထိုစကားကြောင့် ထိုနှစ်ဦးသားမှာ ချက်ချင်းပင် အတွေးထဲ နစ်ဝင်သွားကြသည်။ မဟာရှနိုင်ငံတော် နယ်မြေချဲ့ထွင်စဉ်က ဗုဒ္ဓ ဘုရားကျောင်းများနှင့် တာအိုကျောင်းများကို အကုန်ပိတ်ကာ ဘုန်းကြီးများနှင့် တာအိုဆရာများကို နှင်ထုတ်ခဲ့ဖူးသည်။ ထိုစဉ်က ဘာကြောင့် ထိုသို့လုပ်ခဲ့သနည်းဟု သူတို့ နားမလည်ခဲ့ကြပေ။ ဂိုဏ်းကြီးနှစ်ခုလုံးကို ရန်သူဖြစ်အောင် လုပ်ခြင်းမှာ မိုက်မဲရာကျသည် မဟုတ်ပါလော။ အခုတော့ သူတို့ သဘောပေါက်သွားပြီ၊ ဒါဟာ မိစ္ဆာဂိုဏ်းရဲ့ မြှောက်ပင့်ပေးမှုကြောင့်ပဲ ဖြစ်ရပေမည်။ မဟာရှနိုင်ငံတော်မှာ မိစ္ဆာဂိုဏ်းရဲ့ လက်အောက်ကို ရောက်နေတာ ကြာခဲ့ပြီကိုး…..။
"ဒါဆို... မဟာရှနိုင်ငံက နင်တို့ မိစ္ဆာဂိုဏ်းရဲ့ လွှမ်းမိုးမှုအောက် ရောက်နေတာပေါ့"
"နင်တို့ မိစ္ဆာဂိုဏ်းက တကယ့်ကို လက်မြန်တာပဲ"
ဇီလျိုလီက ဘာမှပြန်မပြောဘဲ အဓိပ္ပာယ်ပါပါ ပြုံးပြလိုက်သည်။
လင်းပိုင်ဖန်ကတော့ သူမကို စိုက်ကြည့်လိုက်မိသည်။ ဒီမိစ္ဆာမမှာ ဂုဏ်သရေရှိပုံ ပေါ်သော်လည်း ကောက်ကျစ်သည့် နည်းလမ်းမျိုးစုံ ရှိနေသည်။ စကားတစ်ခွန်းတည်းနှင့် မဟာရှနိုင်ငံနှင့် မိစ္ဆာဂိုဏ်းကို ပေါင်းစည်းလိုက်လေပြီ ဖြစ်သည်။
"အထင်မမှားကြပါနဲ့... ဒါက စီးပွားရေးအရ ပတ်သက်မှု သက်သက်ပါ"
လင်းပိုင်ဖန်က ရယ်မောရင်း - "ဒါပေမဲ့ မဟာရှနိုင်ငံ ဒီလောက်မြန်မြန် တိုးတက်လာတာ မိစ္ဆာဂိုဏ်းရဲ့ အကူအညီ ပါတယ်ဆိုတာတော့ မှန်ပါတယ်"
ထိုအခါမှ ဆရာကြီးနှစ်ဦးမှာ သက်ပြင်းချနိုင်တော့သည်။ စီးပွားရေးအရပဲ ဆိုလျှင်တော့ တော်သေးလှသည်။ မဟုတ်လျှင် မိစ္ဆာဂိုဏ်းဘက်တွင် ကောင်းကင်အဆင့် တစ်ယောက် ထပ်တိုးသွားပါက သူတို့အတွက် ခက်ခဲသွားပေလိမ့်မည်။
ထိုအချိန်တွင် မိစ္ဆာဂိုဏ်းမှ 'ယောင်ယောင်' နှင့် တာအိုဂိုဏ်းမှ 'စုန့်ယွီဖေး' တို့မှာ မျက်လုံးချင်း ဆုံမိလိုက်ကြသည်။
ယောင်ယောင်က မျက်မှောင်ကြုတ်လျက် - "နင်က ဘာလို့ ဒီကို ရောက်နေတာလဲ"
"ကျွန်မက အရှင်မင်းကြီးရဲ့ သူငယ်ချင်းမို့ လာတာပေါ့။ မင်းဆက်နိုင်ငံ တည်ထောင်ပွဲဆိုတာက အခမ်းအနားကြီး တစ်ခုပဲလေ၊ ငါ လာသင့်တာပေါ့။ နင်ကော... မိစ္ဆာမ၊ နင်ရော ဘာကိစ္စလဲ" စုန့်ယွီဖေးက ခပ်အေးအေး ပြန်ပြောလိုက်သည်။
"ငါလည်း အရှင်မင်းကြီးရဲ့ သူငယ်ချင်းအရင်းကြီးပဲ" ယောင်ယောင်က ရင်ဘတ်ကို ကော့လျက် - "ငါလည်း ပွဲတက်ဖို့ လာတာ"
"ဟုတ်လို့လား... ငါတော့ မထင်ဘူး" စုန့်ယွီဖေးက သံသယဖြင့် ကြည့်လိုက်သည်။
"ဟဲ့…၊ အဲဒီအကြည့်က ဘာလဲ" ယောင်ယောင် ဒေါသထွက်သွားသည်။
"နင်က ဘယ်လိုလူလဲဆိုတာ နင်ကိုယ်တိုင် သိမှာပါ"
"ငါက..."
လင်းပိုင်ဖန်က အသံမြှင့်လိုက်ကာ - "တော်ကြတော့…၊ အားလုံးက တစ်ဖက်တည်းသားတွေပဲ၊ မရန်ဖြစ်ကြပါနဲ့"
"ဘယ်သူက တစ်ဖက်တည်းသားတွေလဲ!" အမျိုးသမီးနှစ်ဦးလုံး တစ်ပြိုင်တည်း အော်လိုက်ကြသည်။
လင်းပိုင်ဖန်က အပြုံးဖြင့် - "မင်းတို့နှစ်ယောက်လုံးက မဟာရှနိုင်ငံရဲ့ ထောက်တိုင်တွေပဲလေ၊ အဲဒါကြောင့် တစ်ဖက်တည်းသားတွေပေါ့"
"ဘာ…!!" နှစ်ယောက်လုံး အံ့သြသွားခဲ့ကြသည်။
ယောင်ယောင်က လင်းပိုင်ဖန်ကို ထောင့်တစ်နေရာသို့ ဆွဲခေါ်သွားပြီး - "လင်းပိုင်ဖန်... ရှင် ဘာလို့ လူမရွေးရတာလဲ။ ဒီလို မိန်းမမျိုးကို ဘာလို့ မဟာရှနိုင်ငံထဲ ခေါ်သွင်းရတာလဲ"
လင်းပိုင်ဖန်က မကျေမနပ်ဖြင့် - "ဘယ်သူက လူမရွေးလို့လဲ။ ကြည့်ပါဦး... သူမက ရုပ်ရည်လည်းလှ၊ ကိုယ်လုံးကိုယ်ပေါက်လည်း ကောင်း၊ သိုင်းပညာမှာလည်း တော်သလို နောက်ခံကလည်း တောင့်သေးတယ်။ ပြီးတော့ သဘောကောင်းပြီး ကြင်နာတတ်သေးတယ်၊ ဘယ်သူက မချစ်ဘဲ နေမှာလဲ"
ယောင်ယောင်မှာ ဒေါသထွက်သွားကာ - "ကျွန်မပြောတာ အဲဒါ မဟုတ်ဘူး၊ အဲဒီမိန်းမက ရိုးရိုးလေး မဟုတ်ဘူးလို့ ပြောတာ၊ သူက တာအိုဂိုဏ်းကလေ။ သူ ရှင့်နိုင်ငံကို ဝါးမြိုသွားမှာ မကြောက်ဘူးလား"
လင်းပိုင်ဖန်က ဂုဏ်ယူဝင့်ကြွားစွာ ပြုံးလိုက်ပြီး - "မကြောက်ပါဘူး"
"ဘာလို့လဲ"
"မဟာရှနိုင်ငံကို ရဖို့ဆိုရင် အရင်ဆုံး ငါ့ကို အောင်နိုင်ဖို့ လိုတယ်လေ" လင်းပိုင်ဖန်က တဟားဟား ရယ်မောရင်း - "အဲဒါကြောင့်... သူက ငါ့ကို အိပ်ရာပေါ်မှာ မအောင်နိုင်သရွေ့ ငါ့ဆီက ဘာအမြတ်မှ ရမှာ မဟုတ်ဘူး"
ယောင်ယောင် : "..."
"ယောင်ယောင်... တကယ်တော့ မင်းလည်း ကြိုးစားကြည့်လို့ ရတယ်နော်"
ယောင်ယောင်မှာ ကြောင်အသွားပြီး - "ဘာ... ဘာကို ကြိုးစားရမှာလဲ"
လင်းပိုင်ဖန်က သူမ၏ ပုခုံးလေးကို ကိုင်ကာ လေးနက်သော လေသံဖြင့် - "ငါက နှလုံးသား နုနယ်တတ်တဲ့ လူစားမျိုးပဲ။ မင်းသာ ငါ့ကို အိပ်ရာပေါ်မှာ အောင်နိုင်ခဲ့ရင် မင်း ဘာလိုချင်ချင် ငါ အကုန်ပေးမယ်"
ယောင်ယောင် : "..."
ထိုအချိန်တွင် ယောင်ယောင်မှာ ဒေါသထွက်လွန်း၍ လင်းပိုင်ဖန်ကို ဆွဲလိမ်ပစ်ချင်သော်လည်း လူကြားထဲမို့ အောင့်သက်သက်ဖြင့်သာ စိုက်ကြည့်ရင်း - " ရှင်နဲ့ နောက်မှ စာရင်းရှင်းရမယ်" ဟု တိုးတိုးလေး ခြိမ်းခြောက်လိုက်သည်