← Chapters

အခန်း (၂၉၀)

Vol. 26 Ch. 290

အခန်း (၂၉၀)

Vol. 26 Ch. 290

"မဟာရှနိုင်ငံတော်ရဲ့ နန်းတော်အသစ်ကြီးက တည်ဆောက်ပြီးစီးသွားပြီ၊ ခန့်ညားထည်ဝါမှုကတော့ အင်ပါယာနိုင်ငံကြီးတွေရဲ့ နန်းတော်ကိုတောင် ကျော်လွန်နေတယ်ဟ"

"ပြည်သူသန်းပေါင်းများစွာကလည်း အခမ်းအနားကို လာရောက်ကြည့်ရှုခဲ့ကြတယ်၊ မဟာရှဧကရာဇ်ကတော့ တကယ်ကို ပြည်သူတွေရဲ့ အသည်းစွဲ ဖြစ်နေပြီ"

"မဟာရှနိုင်ငံက မိစ္ဆာဂိုဏ်းနဲ့တောင် စီးပွားရေးအရ အဆက်အသွယ်ရှိနေတယ်၊ နန်းတက်ပွဲနေ့မှာ မိစ္ဆာဂိုဏ်းချုပ်ကိုယ်တိုင် တက်ရောက်တာကို ကြည့်ရင် သူတို့ဆက်ဆံရေးက မနည်းဘူးဆိုတာ သိသာတယ်"

"နန်းတက်ပွဲနေ့မှာ ကောင်းကင်က မင်္ဂလာနိမိတ်တွေ ကျဆင်းလာတာကို ကြည့်ရင် မဟာရှဧကရာဇ်က တကယ့်ကို 'ကံကြမ္မာရဲ့သားတော်' ပဲ"

သတင်းစကားများက တောမီးကဲ့သို့ ပျံ့နှံ့နေပြီး အချက်အလက်များက အမှန်တကယ် ဖြစ်ပျက်ခဲ့သလိုပင် အသေးစိတ်လှပေသည်။ အင်အားကြီးနိုင်ငံများ၏ မျက်လုံးထဲတွင် မဟာရှနိုင်ငံနှင့် ဧကရာဇ် လင်းပိုင်ဖန်၏ အရှိန်အဝါမှာ သိသိသာသာ မြင့်တက်လာခဲ့လေသည်။

ထိုအချိန်တွင် မဟာရှနန်းတွင်း၌မူ အလုပ်များဖြင့် ရှုပ်ယှက်ခတ်နေတော့သည်။ နန်းတော်အသစ်သို့ ပြောင်းရွှေ့ပြီးနောက် အမှုထမ်းများ ပိုမိုလိုအပ်လာသဖြင့် လူသစ်များ ခေါ်ယူနေရသည်။

နန်းတွင်းကိုယ်ရံတော်များအတွက်မှာမူ ပြဿနာမရှိပေ၊ တပ်မတော်ထဲမှ သန်မာပြီး သစ္စာရှိသူများကို တိုက်ရိုက်ရွေးချယ်နိုင်သည်။

နန်းတွင်းအစေခံ ရွေးချယ်ပွဲကမူ ပြိုင်ဆိုင်မှု အလွန်ကိုမှ ပြင်းထန်လှသည်။ နန်းတော်ကပေးသော လစာမှာ စစ်သည်များ၏ လစာနှင့် မတိမ်းမယိမ်း ရှိသည့်အပြင် ရံဖန်ရံခါတွင်လည်း ဆုလာဘ်များ ရတတ်သေးသည်။ နန်းတွင်း၌ ငါးနှစ်၊ ခြောက်နှစ်ခန့် အမှုထမ်းပြီးလျှင် အိမ်တစ်လုံး ဝယ်နိုင်လောက်သည့် ငွေကြေးကို စုမိနိုင်ပေသည်။ အကယ်၍ ကံကောင်းထောက်မစွာဖြင့် အရှင်မင်းကြီး၏ မျက်စိကျခြင်းကို ခံရလျှင်မူ 'ဖီးနစ်' ဘဝသို့ပင် ရောက်ရှိသွားနိုင်သည်။

သို့သော်လည်း မိန်းမစိုး အလုပ်အတွက် လူခေါ်ယူရာတွင်မူ အလွန်ခက်ခဲနေသည်။ မည်သို့ပင်ဆိုစေကာမူ ဤအလုပ်မှာ အမျိုးအနွယ် ပြတ်တောက်ရမည့် အလုပ်ဖြစ်သဖြင့် အသက်ရှင်ရပ်တည်ရန် အလွန်ခက်ခဲနေသူများမှလွဲ၍ မည်သူကမှ မလုပ်လိုကြပေ။ ယခုအခါ ပြည်သူများ၏ ဘဝမှာ ပိုမိုကောင်းမွန်လာပြီး ကြိုးစားအားထုတ်လျှင် ထမင်းငတ်စရာ အကြောင်းမရှိသဖြင့် လာရောက်လျှောက်ထားသူ အလွန်နည်းပါးနေသည်။

ထို့ကြောင့် နန်းတော်ထဲတွင် အမျိုးသမီးများသာ လွှမ်းမိုးနေပြီး တစ်ဦးနှင့်တစ်ဦး အလှအပများဖြင့် ပြိုင်ဆိုင်နေကြရာ လင်းပိုင်ဖန်ကိုပင် ဝိုင်းစားမတတ် ဖြစ်နေတော့သည်။ လင်းပိုင်ဖန်မှာ သက်ပြင်းချလိုက်ရင်း - "ဧကရာဇ်လုပ်ရတာ တကယ့်ကို မလွယ်ပါလား" ဟု ညည်းတွားလိုက်မိသည်။

သို့သော်လည်း မှူးမတ်များက သူ့ကို လွှတ်မပေးကြပေ။ တစ်နေ့သော နံနက်ခင်း ညီလာခံတွင် -

"တင်ပြစရာရှိလျှင် တင်ပြကြ၊ မရှိလျှင် သိမ်းစေ" ဟု အမိန့်ပေးလိုက်သည်။

ဝန်ကြီးချုပ် ရှောင်ကော်လျန်က ရှေ့ထွက်ကာ - "အရှင်မင်းကြီး... ကျွန်တော်မျိုး တင်ပြစရာ အရေးကြီးကိစ္စ ရှိပါတယ်"

"ဘာကိစ္စလဲ" လင်းပိုင်ဖန်က မေးလိုက်သည်။

"အရှင်မင်းကြီး... အခုဆိုရင် မဟာရှနိုင်ငံဟာ မင်းဆက်နိုင်ငံအဖြစ် တိုးတက်လာခဲ့ပြီဖြစ်လို့ နိုင်ငံတော်က အင်အားတောင့်တင်းပြီး ပြည်သူတွေကလည်း ချမ်းသာကြွယ်ဝနေပါပြီ။ ဒါပေမဲ့ နိုင်ငံတော်ရဲ့ အနာဂတ်ဟာ အရှင်မင်းကြီး တစ်ပါးတည်းအပေါ်မှာပဲ မူတည်နေပါတယ်။ ဧကရာဇ်တစ်ပါးမှာ အမွေခံသားတော် မရှိလို့ မဖြစ်ပါဘူး၊ မဟုတ်ရင် တိုင်းပြည် မငြိမ်မသက် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အရှင်မင်းကြီးအနေနဲ့ မဟာရှရဲ့ သွေးသားဆက်ခံသူ ရရှိဖို့အတွက် မိဖုရားများ ထပ်မံရွေးချယ်ဖို့ ကျွန်တော်မျိုး တောင်းဆိုပါတယ်"

မှူးမတ်အားလုံးကလည်း တစ်ညီတစ်ညွတ်တည်း "မိဖုရားများ ရွေးချယ်ပေးပါ အရှင်မင်းကြီး" ဟု ဝိုင်းဝန်းလျှောက်တင်ကြတော့သည်။

လင်းပိုင်ဖန်မှာ မှင်သက်သွားရသည်။ တစ်နေ့တွင် မှူးမတ်များက သူ့ကို အတင်းအကျပ် အိမ်ထောင်ချပေးလိမ့်မည်ဟု မထင်ထားခဲ့ပေ။ လင်းပိုင်ဖန်က လက်ကာပြရင်း - "အမတ်မင်းတို့... ငါကိုယ်တော်မှာ မိဖုရား ဝမ်ရှန်ကျန်း ရှိနေပြီပဲ၊ နောက်ပြီး ရင်းနှီးတဲ့ အမျိုးသမီး မိတ်ဆွေတွေလည်း ရှိနေတာပဲ၊ မိဖုရားထပ်ရွေးဖို့ မလိုပါဘူး"

ဝန်ကြီးချုပ် ရှောင်ကော်လျန်က ပို၍ပင် စိုးရိမ်တကြီးဖြင့် - "အရှင်မင်းကြီးမှာ မိဖုရားဝမ် ရှိနေပေမဲ့ အခုထိ ရင်သွေးမရှိသေးတာက ပြဿနာပဲ မဟုတ်လား။ ဒါကြောင့် အခက်အခဲမရှိအောင် မိဖုရားတွေ ထပ်တိုးပြီး ရွေးချယ်သင့်ပါတယ်"

လင်းပိုင်ဖန်ကတော့ စိတ်ထဲတွင် တိတ်တဆိတ် ရယ်မောနေမိသည်။ ရင်သွေးမရှိသေးခြင်းမှာ သူကိုယ်တိုင် ထိန်းချုပ်ထားခြင်းကြောင့်ပင် ဖြစ်သည်။ သူက ငယ်ရွယ်သေးပြီး ဘဝကို ပျော်ပျော်ပါးပါး ဖြတ်သန်းချင်သေးသဖြင့် မလောသေးခြင်း ဖြစ်သည်။

သို့သော် သူကမလောသော်လည်း အခြားသူများက လောနေကြသည်။ အကြောင်းမှာ သူတို့၏ အကျိုးစီးပွားအားလုံးက လင်းပိုင်ဖန်နှင့် မဟာရှနိုင်ငံအပေါ်တွင် မူတည်နေသောကြောင့်ပင် ဖြစ်သည်။ လင်းပိုင်ဖန် တစ်ခုခုဖြစ်သွားလျှင် မဟာရှနိုင်ငံကြီးသည်လည်း ချက်ချင်း ပြိုကွဲသွားနိုင်သည်။ ထို့ကြောင့် ပြည်သူနှင့် စစ်တပ်၏ စိတ်ဓာတ်ကို တည်ငြိမ်စေရန် လင်းပိုင်ဖန်တွင် ရင်သွေးရှိရန် လိုအပ်သည်။ ရင်သွေးများလေလေ သူတို့ ပို၍ စိတ်အေးရလေဖြစ်သည်။

မဟာဗိုလ်ချုပ်ကြီး ချိုင်ယူလန်ကလည်း - "အရှင်မင်းကြီး... ကိုယ်တော်တိုင်အတွက် မစဉ်းစားရင်တောင် တိုင်းပြည်ရဲ့ အနာဂတ်အတွက်တော့ ထည့်သွင်းစဉ်းစားပေးပါ" ဟု နားချလေသည်။

ဝန်ကြီး ဟီရှန်းကလည်း - "မှန်လှပါ၊ မိဖုရားရွေးချယ်တာက ပြည်သူတစ်ရပ်လုံးရဲ့ ဆန္ဒလည်း ဖြစ်ပါတယ်" ဟု ထပ်လောင်းလျှောက်တင်လိုက်သည်။

"အရှင်မင်းကြီး... အမတ်ကြီးတွေရဲ့ စေတနာကို မပစ်ပယ်ပါနဲ့၊ အမွေခံမရှိရင် ဘိုးဘေးတွေကို ဘယ်လို မျက်နှာပြမလဲ"

မှူးမတ်များက တစ်ယောက်တစ်ပေါက်နှင့် ဝိုင်းပြောကြသဖြင့် လင်းပိုင်ဖန်မှာ ချွေးပြန်လာလေသည်။ မိဖုရားမရွေးချယ်ခြင်းကပင် သူ၏ အမှားတစ်ခုကဲ့သို့ ဖြစ်နေတော့သည်။ ပညာရှိပြီး စွမ်းရည်ထက်မြက်သည့် ဧကရာဇ်တစ်ပါး ဖြစ်သော်လည်း အိမ်ထောင်ရေးကိစ္စကိုမူ မိမိဘာသာ မဆုံးဖြတ်နိုင်ပါလား။

"အမတ်မင်းတို့... တကယ်ပဲ ဒီလိုလုပ်မှ ဖြစ်မှာလား။ ဒီကိစ္စကို နောက်မှ ပြန်ဆွေးနွေးရင် မကောင်းဘူးလား" ဟု လင်းပိုင်ဖန်က ချွေးများကို သုတ်ရင်း မေးလိုက်သည်။

မှူးမတ်များကမူ "တိုင်းပြည်ကို ဦးစားပေးပြီး မိဖုရား အမြန်ဆုံး ရွေးချယ်ပေးပါ" ဟုသာ တောင်းဆိုနေကြသည်။ လင်းပိုင်ဖန်မှာ သူတို့၏ စိတ်ရင်းစေတနာနှင့် မိမိပခုံးပေါ်ရှိ တာဝန်ကို ခံစားမိသွားသည်။ ရှေးလူကြီးများ ပြောသကဲ့သို့ 'ပြည်သူ့ဆန္ဒသည် အမိန့်' မဟုတ်ပါလား။

ထိုခဏတွင် ရှေးပညာရှိများ၏ အတွေးအခေါ်များက လင်းပိုင်ဖန်၏ ဦးနှောက်ထဲသို့ ဝင်ရောက်လာလေသည်။ သူသည် ဧကရာဇ်တစ်ပါး ဖြစ်နေပြီ၊ မိမိသဘောအတိုင်း ခေါင်းမာနေ၍ မရတော့ပေ။ တိုင်းပြည်အကျိုးကို ရှေ့တန်းတင်ရပေမည်။ ထို့ကြောင့် လင်းပိုင်ဖန်က လေးနက်စွာ ခေါင်းညိတ်လိုက်ပြီး - "ကောင်းပြီ... သင့်တော်တဲ့ နေ့ရက်မှာ မိဖုရားရွေးချယ်ပွဲ ကျင်းပပြီး အမွေခံ သားတော်အတွက် ကြိုးပမ်းပေးမယ်"

မှူးမတ်များလည်း ဝမ်းသာအားရဖြင့် "အရှင်မင်းကြီး တကယ့်ကို ပညာရှိပါပေတယ်" ဟု ချီးကျူးကြတော့သည်။

နံနက်ခင်း ညီလာခံအပြီးတွင် မိဖုရား ဝမ်ရှန်ကျန်းမှာ လှပစွာ ချဉ်းကပ်လာပြီး - "အရှင်မင်းကြီး... မိဖုရားရွေးချယ်ဖို့ ပြင်ဆင်နေတယ်လို့ ကြားပါတယ်"

လင်းပိုင်ဖန်က သက်ပြင်းတစ်ချက်ချရင်း - "ဟုတ်တယ်... အမွေခံမရှိလို့ဆိုပြီး အမတ်တွေက ဝိုင်းဖိအားပေးနေကြတာနဲ့ မလွှဲမရှောင်သာ လက်ခံလိုက်ရတာပဲ"

ဝမ်ရှန်ကျန်းက အားနာစွာဖြင့် - "ကျွန်မရဲ့ ဝမ်းဗိုက်က မပြည့်စုံလို့ပါ..."

လင်းပိုင်ဖန်က သူမ၏ လက်ကလေးကို ဆုပ်ကိုင်ကာ - "မင်းအပြစ်လည်း မဟုတ်ပါဘူး၊ ကလေးဆိုတာ လိုချင်တိုင်း ရတာမှ မဟုတ်တာ။ ဒီညတော့ ကိုယ်တို့ ပိုပြီး ကြိုးစားကြည့်ကြတာပေါ့"

"ဟုတ်ကဲ့ပါ" ဝမ်ရှန်ကျန်းက ရှက်သွေးဖြာကာ ခေါင်းညိတ်လိုက်သည်။

ထိုစဉ်မှာပင် ချိုင်ယွီရှင်း ရောက်လာပြီး မကျေမနပ် လေသံဖြင့် - "အရှင်မင်းကြီးက မိဖုရားတွေ ထပ်ရွေးတော့မယ်ဆို….?"

"ဟုတ်တယ်.. အမတ်တွေက အတင်းခိုင်းနေတာနဲ့" လင်းပိုင်ဖန်က ခါးသက်သက် ပြုံးပြလိုက်သည်။

"ဒါက ကောင်းတဲ့ကိစ္စပဲကို၊ ဘာလို့ ကြောက်စရာကြီးလို ပြောနေရတာလဲ" ချိုင်ယွီရှင်းက မျက်စောင်းထိုးလိုက်သည်။

"ယွီရှင်း... ဒါက ငါ့အတွက် ကောင်းတဲ့ကိစ္စလို့ တကယ်ပဲ ထင်လို့လား"

ချိုင်ယွီရှင်းက လင်းပိုင်ဖန်၏ ရင်ဘတ်ကို လက်ညှိုးထိုးကာ - "ယောက်ျားတွေပဲလေ... မိဖုရားတွေ အများကြီးနဲ့ ခြံရံနေရတာကို အိပ်မက်မမက်တဲ့သူ ရှိလို့လား။ အရှင်မင်းကြီးလည်း အဲဒီလို မတွေးဖူးဘူးလို့ ငြင်းရဲလား"

"တကယ် မတွေးဖူးဘူး" လင်းပိုင်ဖန်မှာ လေးနက်စွာ ပြောလိုက်သည်။

"တကယ်လား?" ချိုင်ယွီရှင်းက မယုံသလို ကြည့်လိုက်သည်။

လင်းပိုင်ဖန်က သက်ပြင်းချရင်း - "မင်းတို့ မသိပါဘူး၊ ငါက တကယ်တော့ အထီးကျန်နေတဲ့သူ တစ်ယောက်ပါ။ ငယ်ငယ်ကတည်းက အချစ်တွေ လိုအပ်ခဲ့ပြီး နွေးထွေးတဲ့ မိသားစုလေးကိုပဲ မက်မောခဲ့တာ။ အိမ်ကြီးကြီး မလိုပါဘူး၊ နေလို့ရရင် တော်ပါပြီ။ မိန်းမတွေ အများကြီးလည်း မလိုပါဘူး၊ အိမ်ထဲမှာ ပြည့်နေရင် ရပါပြီ။ ဒါပေမဲ့ တိုင်းပြည်အုပ်ချုပ်တဲ့သူ ဖြစ်နေတော့ ကိုယ့်ကံကြမ္မာကို ကိုယ်မပိုင်ဘူးပေါ့လေ... ဟူး...."

"အရှင်မင်းကြီး..." ဝမ်ရှန်ကျန်းက သနားကရုဏာဖြင့် ခေါ်လိုက်သည်။

"မိဖုရား... ငါ့ရဲ့ ခံစားချက်ကို နားလည်တယ်မလား"

"နားလည်ပါတယ် အရှင်မင်းကြီး"

"ကျေးဇူးအများကြီး တင်ပါတယ်" ဟုဆိုကာ လင်းပိုင်ဖန်က ဝမ်ရှန်ကျန်းကို ပွေ့ဖက်လိုက်သည်။

ချိုင်ယွီရှင်းတစ်ယောက်သာ မျက်မှောင်ကြုတ်ရင်း - "ခဏလေး... အရှင်မင်းကြီးရဲ့ အိမ်ဆိုတာ ဒီနန်းတော်ကြီး မဟုတ်လား"

"ဟုတ်တယ်လေ" လင်းပိုင်ဖန်က ခေါင်းညိတ်လိုက်သည်။

ချိုင်ယွီရှင်း၏ အကြည့်မှာ စူးရှလာပြီး - "ဒါဆို အရှင်မင်းကြီး ပြောချင်တာက ဒီနန်းတော်ကြီးထဲမှာ မိန်းမတွေ ပြည့်နေမှ ကျေနပ်မယ်ပေါ့လေ"

လင်းပိုင်ဖန်မှာ ချွေးပြန်လာပြီး - "အကုန်လုံးတော့ မဟုတ်ပါဘူး၊ တစ်ဝက်လောက်ဆို ရပါပြီ..."

"သိသားပဲ၊ ရှင်ကလေ ဘယ်တော့မှ မပြောင်းလဲဘူး"

"အား... နာတယ်... နာတယ်..." လင်းပိုင်ဖန် အော်ဟစ်လိုက်ရသည်။

"ယွီရှင်း... ငါ့ကို အတင်းအိမ်ထောင်ချတာ မင်းမှာလည်း တာဝန်ရှိတယ်၊ အခုတော့ ငါ့ကို လာဆိတ်နေတာလား"

ချိုင်ယွီရှင်းမှာ ကြောင်သွားပြီး - "ကျွန်မက ဘာလုပ်လို့လဲ"

"မင်းသာ ငါ့ကို လက်ထပ်ခဲ့ရင် မိဖုရားရွေးပွဲ ကျင်းပစရာ လိုပါ့မလား"

ချိုင်ယွီရှင်း၏ မျက်ဝန်းများ ဝေ့ဝဲသွားပြီး ရှက်ကိုးရှက်ကန်းဖြင့် - "ကျွန်မ... ကျွန်မက ဗိုလ်ချုပ် လုပ်ချင်သေးတာကို။ စစ်ဗိုလ်ချုပ်လုပ်လို့ ဝပြီဆိုမှ နန်းတော်ထဲဝင်ပြီး ရှင်နဲ့ လက်ထပ်မယ်လေ၊ ဟုတ်ပြီလား"

လင်းပိုင်ဖန်က တိုးတိုးလေး ကပ်ပြောလိုက်သည် -

"အရင်ဆုံး ကားပေါ်တက်ပြီးမှ လက်မှတ်ဖြတ်လည်း ရတာပဲကို..."

ချိုင်ယွီရှင်းမှာ မျက်နှာတစ်ခုလုံး နီမြန်းသွားကာ - "ရှင်ကတော့ တကယ့်ကို လူဆိုးပဲ၊ ရှင့်ကို စကားမပြောတော့ဘူး" ဟုဆိုကာ လင်းပိုင်ဖန်ကို တွန်းထုတ်ပြီး ရှက်ကိုးရှက်ကန်းဖြင့် ထွက်ပြေးသွားလေတော့သည်။

All Chapters