ဘဝကိုရင်းပြီး ကစားပွဲသို့ ဝင်လာခြင်း
Vol. 32 Ch. 311
သူတော်စင် ချုံးဟွာ၏ မေးခွန်းထုတ်မှုကို ထိုတာအိုကျင့်ကြံသူက ပြန်မဖြေခဲ့ပေ။ သူ၏ မျက်နှာပေါ်မှ အပြုံးမှာ အေးစက်မှုအဖြစ်သို့ ပြောင်းလဲသွားပြီး ခံစားချက် ကင်းမဲ့စွာဖြင့် ပြောလိုက်သည်။
“လွန်ခဲ့တဲ့ သုံးနှစ် ကျုံးကျိုးလျို့ဝှက်နယ်မြေထဲမှာ ယောင်ချီမြင့်မြတ်နယ်မြေရော ကျန့်ဝူမြင့်မြတ်နယ်မြေပါ ပါရမီရှင် မိန်းကလေးတစ်ယောက်ကို သဘောကျခဲ့ကြတယ်။ မင်းက သူရဲ့ ဒန်တျန်ကို မြှင့်တင်ပေးနိုင်တဲ့ ကမ္ဘာဦးကောင်းကင်ဖာထေးဆေးလုံးကို ငါးစာအဖြစ် သုံးပြီး နောက်ဆုံးမှာ ယောင်ချီကို ရွေးချယ်အောင် စည်းရုံးနိုင်ခဲ့တယ်...”
“ဒီတာအိုပညာရှင် သိချင်တာက အဲဒီမိန်းကလေး ဘာဖြစ်သွားပြီလဲ ဆိုတာပဲ။ ဘာလို့ လွန်ခဲ့တဲ့ သုံးနှစ်အတွင်း သူနဲ့ ပတ်သက်ပြီး ဘာသတင်းမှ မကြားရတော့တာလဲ။”
သူတော်စင် ချုံးဟွာက မျက်ခုံးများကို အနည်းငယ် ပင့်လိုက်ပြီး မျက်ဝန်းများထဲတွင် အတိတ်မှ အမှတ်တရများ ဖျပ်ခနဲ ပေါ်လာသည်။
လွန်ခဲ့တဲ့ သုံးနှစ်၊ ကျုံးကျိုးလျို့ဝှက်နယ်မြေ...
သူ မှတ်မိသွားလေပြီ။
၎င်းမှာ တစ်သန်းတွင် တစ်ယောက်သာရှိခဲသည့် အစစ်အမှန်မီးဓာတ် စိတ်ဝိညာဉ်အမြစ်ပိုင်ရှင် ပါရမီရှင်လေးပင်။
ထိုစဉ်က ကျန့်ဝူမြင့်မြတ်နယ်မြေမှ တာအိုပညာရှင် မုန့်ချူးလည်း သူ့ကို တိုက်ရိုက်တပည့်အဖြစ် လက်ခံချင်ခဲ့သည်။ သို့သော် ချုံးဟွာက ကြားဖြတ်ကာ ဒန်တျန်ကို အဆင့်မြှင့်ပေးမည့် ကမ္ဘာဦးကောင်းကင်ဖာထေးဆေးလုံး ဖြင့် ဖြားယောင်း၍ သူ့ကို လုယူခဲ့ခြင်းဖြစ်သည်။
ထိုပါရမီရှင်လေး၏ လက်ရှိ တည်နေရာလား။
သူ ရှိမနေတော့။
သခင်မ ယွိယောင်၏ လျို့ဝှက်ပညာရပ်ဖြင့် လူသားဆေးလုံးအဖြစ် ဖော်စပ်ခံလိုက်ရသည်မှာ ကြာပြီဖြစ်သည်။
ယခု သူ့ရှေ့မှ လူက ထိုမေးခွန်းကို မေးနေသည်ဆိုမှတော့...
ထိုသူ၏ သရုပ်မှန်မှာ နေ့ခင်းကြောင်တောင်ကဲ့သို့ ရှင်းလင်းသွားလေပြီ။
“ကျန်းမုန့်ချူး... ရှင်လား။”
“ဒီအဘိုးကြီးရဲ့ မေးခွန်းကိုပဲ ဖြေစမ်းပါ။”
မုန့်ချူး၏ ညာလက်က ဓားရိုးပေါ်သို့ နိမ့်ဆင်းသွားသည်။ သူ၏ ဆံထုံးမှာ ပြေလျော့သွားပြီး အနက်ရောင် ဆံပင်ရှည်များမှာ နောက်ကျောဘက်တွင် ရူးသွပ်နေသော နဂါးတစ်ကောင်ကဲ့သို့ တဖျတ်ဖျတ် လွင့်မျောလာသည်။ ပေါက်ကွဲထွက်လာသော သန့်စင်သောယန်ဓားအသိကြောင့် သူ၏ ဝတ်ရုံများမှာ ဖောင်းကြွလာတော့သည်။
အေးစက်လှသော သတ်ဖြတ်လိုသည့် အရှိန်အဝါတစ်ခုက သူတော်စင် ချုံးဟွာအပေါ်သို့ ခိုင်မာစွာ ကျရောက်လာသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင်...
ချုံးဟွာက မိမိသည် မူလနေရာမှာ ရှိမနေတော့ကြောင်း သတိပြုမိလိုက်သည်။
နေဝင်ချိန် အလင်းရောင်များမှာ ကောင်းကင်ယံတစ်ခုလုံးတွင် သွေးရောင်ကဲ့သို့ နီရဲနေသည်။ သူ၏ အောက်တွင်မူ ခြောက်သွေ့နေသော လွင်ပြင်ပြင်ကြီးတစ်ခု ရှိနေ၏။
ထိုလွင်ပြင်ကြီးမှာ နီရဲနေသော အလင်းရောင်အောက်တွင် သိပ်သည်းလှသော ငွေရောင် နန်းကြိုးများဖြင့် တောက်ပနေသည်။ သေချာကြည့်လိုက်လျှင် ၎င်းတို့မှာ ဓားပျံများ ဖြစ်ပြီး သွေးရောင်မြစ်ထဲမှ တောက်ပနေသော ငါးကြေးခွံများစွာကဲ့သို့ တုန်ခါရင်း တညီတညွတ်တည်း အော်ဟစ်နေကြသည်။
“ဒီအဘိုးကြီးရဲ့ စိတ်ရှည်မှုက အကန့်အသတ်ရှိတယ်။”
ကျန်းမုန့်ချူးက ကောင်းကင်ယံတွင် မြင့်မားစွာ ရပ်နေပြီး သူ၏ အသံမှာ တိုးဝင်ကာ အေးစက်နေသည်။
“သူတော်စင် ချုံးဟွာ... မင်း အမှန်အတိုင်း မပြောဘူးဆိုရင်တော့ ဒီအဘိုးကြီးအနေနဲ့ မင်းရဲ့ ဝိညာဉ်ကို ဓားပေါင်းတစ်သောင်းနဲ့ အထိုးခံရတဲ့ ဝေဒနာကို မြည်းစမ်းခိုင်းဖို့ပဲ ရှိတော့မယ်..”
“နောက်တစ်ချက်အနေနဲ့ အခု မင်း ငါ့ရဲ့ပိုင်နက်ထဲကို ခြေချလိုက်ပြီဆိုမှတော့ ပြန်ထွက်ဖို့ လုံးဝ မစဉ်းစားနဲ့တော့..”
“အဟက်။ ကျွန်မကတော့ တစ်လုံးမှ ပြောမှာမဟုတ်ဘူး။ ကျွန်မရဲ့ ဝိညာဉ်အကြွင်းအကျန်ကို အပိုင်းပိုင်း အစစဖြစ်အောင် ဖျက်ဆီးပစ်ရင်တောင်မှပေါ့..”
ချုံးဟွာက မေးစေ့ကို ပင့်လိုက်ပြီး ကျန်းမုန့်ချူးကို အထင်သေးသော အကြည့်များဖြင့် စိုက်ကြည့် လိုက်သည်။
သူက ဟင်းလင်းပြင်ပေါင်းစည်းခြင်း အဋ္ဌမအဆင့်တွင်ရှိသော ကျင့်ကြံသူတစ်ဦး မဟုတ်ပါလား။
ယောင်ချီ မြင့်မြတ်နယ်မြေ၏ အကြီးအကဲချုပ်တစ်ဦးလည်း ဖြစ်သည်။ သခင်မ ယွိယောင်၏ အောက်တွင်သာ ရှိသော်လည်း သူက အဆင့်အတန်း မြင့်မားသူဖြစ်ရာ ယွိယောင်ကိုယ်တိုင်ပင် သူ့ကို လေးစားမှု ပြသရသည်။
ထို့အပြင် ထိုအဆင့်ထိ ရောက်လာသော ကျင့်ကြံသူတစ်ယောက်တွင် မည်သူကများ ကျောရိုးမရှိ၊ သတ္တိမရှိဘဲ ဇွဲမရှိဘဲ ရှိနေမည်နည်း။
ခြိမ်းခြောက်ရုံ သက်သက်လား။
ကျန်းမုန့်ချူး ဘာလုပ်လုပ် သူ ဂရုမစိုက်ပေ။
သူသာ စကားတစ်လုံး ပြောမိလိုက်မယ်လျှင်...
အသက်ရှင်ဖို့ မထိုက်တန်တော့ပေ။
ဆယ်မိနစ်ခန့် ကြာပြီးနောက်။
ကျန်းမုန့်ချူးက အော်ဟစ်နေသော ချုံးဟွာ၏ ဝိညာဉ်အကြွင်းအကျန်ကို လက်တစ်ဖက်တည်းဖြင့် ချေမှုန်းပစ်လိုက်သည်။
ထိုကဲ့သို့ ရက်စက်သော စစ်ဆေးမေးမြန်းမှုမျိုးမှာ ကျန့်ဝူမြင့်မြတ်နယ်မြေမှ လူများအတွက် ပုံမှန်မဟုတ်ပေ။ အလွန်ပင် ယုတ်မာကာ ဆိုးယုတ်လွန်းသည်။ သို့သော် မြင့်မြတ်နယ်မြေ၏ သူတော်စင်များ အားလုံးမှာ ယောင်ချီနှင့် ဖန်ကျင်း မြင့်မြတ်နယ်မြေတို့၏ သစ္စာဖောက်ကာ သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီးပြီ ဖြစ်သည်။ သူ့တွင် မည်သည့် ကိုယ်ကျင့်တရား အတားအဆီးမှ ရှိမနေတော့ပေ။
“တောက်.. ယွိယောင်... ပြီးတော့ အဲဒီ ဖန်ကျင်းက ဘုန်းတော်ကြီးအို...”
ကျန်းမုန့်ချူးက ဒေါသကြောင့် တုန်ရီနေသည်။
ချုံးဟွာက လုံးဝ မဖြုံသည့် တောင့်ခံသူမျိုး မဟုတ်ခဲ့ပေ။
သေခြင်းတရားနှင့် ပြင်းထန်သော နာကျင်မှုတို့ ပေါင်းစပ်နှိပ်စက်မှုအောက် သူ အရာအားလုံးကို အန်ထုတ်ခဲ့သည်။
ယွိယောင်နှင့် ထိုဘုန်းတော်ကြီး၏ ခန္ဓာကိုယ်များကို သိမ်းပိုက်ကာ အဆင့်တက်လှမ်းမည့် အစီအစဉ်များ၊ ထိုပန်းတိုင်ရောက်ရန် နှစ်ပေါင်းများစွာကတည်းက ရက်ကန်းစင်ကဲ့သို့ ယှက်နွယ်ထားသော အစီအမံများ၊ သူတို့ သတ်ဖြတ်ခဲ့သော မရေမတွက်နိုင်သော ပါရမီရှင်များ၊ နောက်ဆုံး ကျန်းယိပိုင်အပါအဝင် သူတို့နှင့် သဘောထားကွဲလွဲသူများကို ဖယ်ရှားရန် အကွက်ချ စီစဉ်ခဲ့သော သစ္စာဖောက်မှုများ။
ဒါဆို ကျန့်ဝူမြင့်မြတ်နယ်မြေအပေါ် ကျရောက်ခဲ့တဲ့ ဘေးဒုက္ခဟာ အစအဆုံး ယောင်ချီနဲ့ ဖန်ကျင်းတို့ရဲ့ လက်ချက်ပဲပေါ့။
ပြီးတော့ လွန်ခဲ့တဲ့ သုံးနှစ်က ပါရမီရှင်မလေးလား။
သူက သူတော်စင် ယွိယောင်ရဲ့ ဒြပ်ကြီးငါးပါး အန္တိမခန္ဓာအတွက် အခြေခံအဖြစ် လူသားဆေးလုံး အဖြစ် ဖော်စပ်ခံလိုက်ရတာ ကြာပြီ။
ဒါပေမဲ့ အခု ဘာလုပ်နိုင်မှာလဲ။
ဒါတွေအားလုံးကို သိလိုက်ရုံနဲ့ ဘာလုပ်နိုင်မှာလဲ။
ကျန်းမုန့်ချူးက လက်သီးများကို တင်းတင်းဆုပ်လိုက်သည်။
ယွိယောင်နှင့် ထိုဘုန်းတော်ကြီးအို နှစ်ယောက်လုံးသည် မဟာတက်လှမ်းခြင်းအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။ ၎င်းမှာ အပြင်ပန်းတွင် ပြသထားသောအဆင့်သာ ရှိသေးသည်။
အမှန်တရားကို ဖွင့်ချခြင်းက သူတို့၏ ဂုဏ်သိက္ခာကို ပျက်စီးစေနိုင်သော်လည်း ကမ္ဘာပေါ်ရှိ မည်သည့်ဂိုဏ်း သို့မဟုတ် ကျင့်ကြံသူမျှ မြင့်မြတ်နယ်မြေ နှစ်ခုကို ဆန့်ကျင်နိုင်သည့် အင်အား မရှိကြပေ။
“တကယ်လို့ ဆရာကျန်းသာ အသက်ရှင်သေးရင်...”
ကျန်းမုန့်ချူး သက်ပြင်းရှည်ကြီး တစ်ချက်ကို ချလိုက်သည်။
သူက လေထဲတွင် တိတ်ဆိတ်စွာ ရပ်နေပြီး ဆံပင်နှင့် မုတ်ဆိတ်များမှာ လေထဲတွင် ဝေ့ယမ်းနေသည်။ မှုန်ရီနေသော မျက်ဝန်းများမှာ ရုတ်တရက် စူးရှသော အလင်းတန်းများဖြင့် တောက်ပလာပြီး သူ၏ အကြည့်မှာ ပို၍ပင် ပြတ်သားလာ၏။
“ယောင်ချီ မြင့်မြတ်နယ်မြေက မဟာရေဓာတ်ရေဓာတ် စိတ်ဝိညာဉ်အမြစ်ကို ရှာနေတာ...”
သူ တိုးတိုးလေး ရေရွတ်လိုက်သည်။
၎င်းမှာ သူ သတိမထားမိဘဲ လွတ်သွားလုနီးပါး ဖြစ်ခဲ့သော အသေးစိတ်အချက်တစ်ခုပင်။
နှစ်ပေါင်းများစွာအတွင်း ယောင်ချီက ရှားပါးသော ဓာတ်ကြီးလေးပါး စိတ်ဝိညာဉ်အမြစ်များကို ရှာဖွေတွေ့ရှိခဲ့ပြီး တစ်ခုချင်းစီကို လူသားဆေးလုံးအဖြစ် ဖော်စပ်ခဲ့ပြီးဖြစ်သည်။ မဟာရေဓာတ် စိတ်ဝိညာဉ်အမြစ် တစ်ခုတည်းသာ ကျန်တော့ခြင်း ဖြစ်သည်။
ကျန်းမုန့်ချူးက မဟာယင်ဓားအသိကို အဓိက ကျင့်ကြံထားပြီး သန့်စင်သောယန်ကို အရန်အဖြစ် ကျင့်ကြံထားသည်။
သူ့ခန္ဓာကိုယ်တွင် သီးသန့် စိတ်ဝိညာဉ်အမြစ် သုံးခု ရှိသည်။
၁။ ရေအမြစ်
၂။ သတ္တုအမြစ်
၃။ ဓားအမြစ်
အကယ်၍ သူက သတ္တုနှင့် ဓားအမြစ်များကို ထုတ်ယူလိုက်ပြီး ကျန်ရှိသော ရေဓာတ်အမြစ်ကို မဟာယင်ဓားအသိဖြင့် သန့်စင်လိုက်မည်ဆိုလျှင် မဟာရေဓာတ် စိတ်ဝိညာဉ်အမြစ် အဖြစ်သို့ ပြောင်းလဲသွားနိုင်ခြေ ၉၀% ရှိသည်။
စိတ်ဝိညာဉ်အမြစ်ဆိုသည်မှာ ပုံသေမဟုတ်ပေ။
ချန်းယွန်းလောကတွင် တစ်ခါက လျှပ်စီးကျင့်ကြံသူတစ်ဦး ရှိခဲ့ဖူးသည်။ မူလက လျှပ်စီးသီးသန့် စိတ်ဝိညာဉ်အမြစ်ဖြင့် မွေးဖွားလာခဲ့သော်လည်း သူ၏ ဒုတိယအကြိမ် မဟာတက်လှမ်းခြင်း အတိဒုက္ခအတွင်း၌ ကောင်းကင်လျှပ်စီးကြောင့် သန့်စင်သွားပြီး ကိုးဆင့်နတ်ဘုရားလျှပ်စီး စိတ်ဝိညာဉ်အမြစ်အဖြစ် ပြောင်းလဲသွားခဲ့သည်။ သူက လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်အတွင်း အဆင့်တက်လှမ်းနိုင်ခြေ အရှိဆုံးလူအဖြစ် သတ်မှတ်ခံခဲ့ရသည်။
အဆုံးတွင်တော့ နတ်ဘုရားအမြုတေရှိလျှင် ဘေးဒုက္ခလျှပ်စီးကို ခုခံနိုင်စွမ်းမှာ အဆမတန် မြင့်တက်သွားသည်မဟုတ်ပါလား။
ချန်းယွန်းလောကရှိ မဟာအဆင့်နှင့် ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူအားလုံး၏ မျှော်လင့်ချက်မှာ ထိုလျှပ်စီးကျင့်ကြံသူအပေါ်တွင် တည်ရှိခဲ့သည်။
သို့သော် လွန်ခဲ့သော ၁၀နှစ်က...
သူ၏ အဆင့်တက်လှမ်းခြင်း အတိဒုက္ခအတွင်း၌ သွေးရောင်လျှပ်စီး ၉၉စင်း ကောင်းကင်မှ ကျဆင်းလာခဲ့သည်။
နတ်ဘုရားအမြုတေ ရှိနေသော်လည်း ထိုသူက ရုပ်ခန္ဓာရော ဝိညာဉ်ပါ ပြာဖြစ်အောင် ချေမှုန်းခံလိုက်ရသည်။
ထိုအတိဒုက္ခက လောကတစ်ခုလုံးကို တုန်လှုပ်စေခဲ့သည်။ မဟာအဆင့်နှင့် ဟင်းလင်းပြင် ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူ အများအပြားမှာ တာအိုနှလုံးသားများ အက်ကွဲသွားခဲ့သည်။ ကံကြမ္မာကို ဆန့်ကျင်ကာ အဆင့်တက်လှမ်းလိုသည့် သူတို့၏ ရည်မှန်းချက်မှာ ကြောက်ရွံ့မှု အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ယခင်က ဟင်းလင်းပြင်ချောက်နက်တွင် နှစ်ဦး၊ သုံးဦးသာ ရှိခဲ့သော်လည်း ယခုအခါ မဟာအဆင့် ကျင့်ကြံသူ ကိုးဦးအထိ ရှိနေပြီ ဖြစ်သည်။
သို့သော် အကယ်၍ ကျန်းမုန့်ချူးက အခြားစိတ်ဝိညာဉ်အမြစ်နှစ်ခုကို ထုတ်ယူလိုက်မည်ဆိုလျှင် သူ၏ ပါရမီမှာ အခြေခံအားဖြင့် ထက်ဝက်ခန့် ပျက်စီးသွားလိမ့်မည်။
သူ၏ အဆင့်မှာ နိမ့်ကျမသွားသော်လည်း သူ၏ ကျင့်ကြံခြင်းမှာ မဟာအဆင့်သို့ မရောက်နိုင်ဘဲ ထာဝရ ရပ်တန့်သွားပေလိမ့်မည်။ ထို့ပြင် အမှန်အတိုင်းပြောရလျှင် သူက သက်တမ်း ကုန်ဆုံးခါနီးသို့လည်း ရောက်ရှိနေပြီ ဖြစ်သည်။
ယခုချိန်တွင် သူ၏ စိတ်ဝိညာဉ်အမြစ်သုံးခုမှာ ဟန်ချက်ညီနေသည်။ အကယ်၍ သူက ရေဓာတ် စိတ်ဝိညာဉ်အမြစ်ကို မဟာရေဓာတ် စိတ်ဝိညာဉ်အမြစ်အဖြစ် ပြောင်းလဲပြီးမှ ကျန်ရှိသော စိတ်ဝိညာဉ်အမြစ်နှစ်ခုကို ပြန်ထည့်မည်ဆိုလျှင် ထိုဟန်ချက်မှာ ပြိုကွဲသွားလိမ့်မည်။ သတ္တုနှင့် ဓားစိတ်ဝိညာဉ်အမြစ်များပါ လိုက်ပြီး အသွင်မပြောင်းခဲ့လျှင်ပေါ့။ ထိုအရာကတော့ အိမ်မက် သက်သက်သာ ဖြစ်သည်။
သို့သော်လည်း ယခုအချိန်က ရွေးချယ်မှု ပြုလုပ်ရမည့် အချိန်ပင်။
ကျန်းမုန့်ချူး မိုးကုတ်စက်ဝိုင်းရှိ တိမ်တိုက်များကို မော့ကြည့်လိုက်သည်။
သူ၏ စိတ်ထဲတွင် ကျန့်ဝူမြင့်မြတ်နယ်မြေမှ အမှတ်တရများ ပြန်လည်ဝင်ရောက်လာသည်။
ကျန်းယိပိုင်၏ တပည့်အဖြစ် လက်ခံခံရချိန်မှစ၍... သူကိုယ်တိုင် တပည့်များစွာရှိသည့် အားကိုးထိုက်သော အကြီးအကဲတစ်ဦး ဖြစ်လာချိန်အထိ။ သူ့တွင် မရေမတွက်နိုင်သော တပည့်များ ရှိခဲ့သည်။ သို့သော် အခုမှ သူသိလိုက်ရသည်မှာ “မတော်တဆမှု” ကြောင့် သေဆုံး သွားသည်ဆိုသော ကျန့်ဝူတပည့် အများအပြားမှာ... တကယ်တမ်း ယောင်ချီနှင့် ဖန်ကျင်းတို့၏ သားကောင်များ ဖြစ်ခဲ့ကြခြင်းပင်။
တပည့်တစ်ယောက်အနေနဲ့ရော၊ ဆရာတစ်ယောက်အနေနဲ့ပါ...
ငါ့လူတွေအတွက် လက်စားမချေပေးနိုင်ရင် သူက အမှိုက်နဲ့ ဘာထူးမှာလဲ။
ငါက ဘယ်လို တာအိုမျိုးကို ကျင့်ကြံနေတာလဲ။
ကျန်းမုန့်ချူး၏ မျက်ဝန်းများမှာ ပို၍ တည်ငြိမ်ကာ စူးစိုက်မှု ရှိလာသည်။
ရုတ်တရက် သူက ဦးခေါင်းထိပ်ကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
တွေဝေနေစရာ မလိုတော့။
သူက ကျင့်ကြံမှုကို ဖုံးကွယ်ရာတွင် ဆရာတစ်ဆူ ဖြစ်သည်။ ချုံးဟွာနှင့် မျက်နှာချင်းဆိုင် ရပ်နေလျှင်တောင် သူ့ကို မမှတ်မိနိုင်ပေ။ ထိုခေတ်ကြီးထဲတွင် စိတ်ဝိညာဉ်အမြစ်တစ်ခုကို မဟာရေဓဦတ် စိတ်ဝိညာဉ်အမြစ်အဖြစ် ပြောင်းလဲနိုင်သည့် ကျွမ်းကျင်မှုနှင့် အခြေခံ နှစ်ခုလုံး ရှိသူမှာ သူတစ်ယောက်တည်းသာ ရှိနိုင်တော့သည်။
“ဗျူဟာရှင်ဆိုတာ ကိုယ့်ကိုယ်ကိုယ် ကစားပွဲထဲ ပစ်ထည့်လိုက်မှပဲ... ကောင်းကင်ကြီးကို အနိုင်ကစားနိုင်မှာ..”
သူ၏ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာသည်။ သူ၏ မျက်နှာမှာ နာကျင်မှုကြောင့် လိမ်တွန့် နေသော်လည်းသတ္တုနှင့် ဓားစိတ်ဝိညာဉ်အမြစ်များကို အတင်းအဓမ္မ ဆွဲထုတ်လိုက်သည်။
သူက အသက်ကို ပြင်းပြင်းရှူရင်း သူ၏ လက်ထဲမှ တောက်ပနေသော စိတ်ဝိညာဉ်အမြစ် စွမ်းအင်တုံး နှစ်တုံးကို စိုက်ကြည့်လိုက်သည်။ သို့သော် သူ၏ နှုတ်ခမ်းထောင့်များမှာ အပြုံးတစ်ခု အဖြစ် ကွေးညွတ်သွားတော့သည်။
“ဆရာ...”
“တပည့် ကျန်းမုန့်ချူး... ဆရာ့အတွက် လက်စားချေပေးပါ့မယ်။ မြင့်မြတ်နယ်မြေအတွက်လည်း လက်စားချေပေးပါ့မယ်..”
သူက အသက်ရှူခြင်းကို ပြန်လည် ထိန်းညှိလိုက်ပြီး တင်ပလ္လင်ခွေထိုင်လိုက်သည်။
သူ၏ ခန္ဓာကိုယ် တစ်ခုလုံးတွင် မဟာယင်ဓားအသိများ ပေါက်ကွဲထွက်လာပြီး ၎င်းတို့ကို ကျန်နေသော ရေဓာတ်စိတ်ဝိညာဉ်အမြစ်ကို သန့်စင်ရန် အစွမ်းကုန် လောင်းထည့် လိုက်တော့သည်။
...