← Chapters

ဟုန်လျန်ကို သုတ်သင်သောဓား

Vol. 32 Ch. 312

ဟုန်လျန်ကို သုတ်သင်သောဓား

Vol. 32 Ch. 312

ချန်ဟွိုက်အန် စတင်၍ ပျာယာခတ်လာသည်။

သူ၏အရှိန်ဖြင့်ဆိုလျှင် သူတော်စင် ချုံးဟွာ၏ ဝိညာဉ်အကြွင်းအကျန်ကို အမီလိုက်ရန်မှာ ပြဿနာမရှိဟု ထင်ခဲ့၏။

သို့သော် ယခုအခါ သူ အဂ္ဂိရတ်ဂိုဏ်း၏ နယ်မြေထဲသို့ပင် ရောက်ရှိနေပြီဖြစ်သော်လည်း ချုံးဟွာ၏ အရိပ်အယောင်မျှပင် မတွေ့ရပေ။

၎င်းမှာ ဟင်းလင်းပြင်ပေါင်းစည်းခြင်း အဋ္ဌမအဆင့် ကျင့်ကြံသူတစ်ဦး၏ နတ်ဘုရားဝိညာဉ် ဖြစ်သည် မဟုတ်ပါလား။ ထွက်ပေါ်နေသော အရှိန်အဝါ ပြင်းထန်မှုမှာ ကောင်းကင်ယံရှိ ကြီးမားသော မီးပြတိုက်ကြီးတစ်ခုလိုပင်။ မိုင်ပေါင်းများစွာ အကွာကတည်းက အာရုံခံနိုင်ရမည် ဖြစ်သည်။

“သူတော်စင် ချုံးဟွာမှာ နောက်ဆုံးပိတ် အသက်လုထွက်ပြေးရတဲ့ လျို့ဝှက်နည်းလမ်းတစ်ခုခု ရှိနေလို့လား။” ချန်ဟွိုက်အန်က မေးစေ့ကို ပွတ်ရင်း ရေရွတ်လိုက်သည်။ “ဒါပေမဲ့ ရှိရင်လည်း ဘာလို့ စောစောက မသုံးတာလဲ။ ဒီအဆင့်မှာ ရုပ်ခန္ဓာ ဆုံးရှုံးသွားတာက အရမ်းကြီး နစ်နာတာကို...”

သူ့အနေဖြင့် သူတော်စင် ဟုန်လျန်နှင့် သွားရောက် ပူးပေါင်းပြီးလောက်ပြီဟုသာ ချန်ဟွိုက်အန် မျှော်လင့်နိုင်တော့သည်။

ထိုသို့ဆိုလျှင်တော့ သိပ်မဆိုးလှပေ။ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပေါ့။

သို့သော် အဂ္ဂိရတ်ဂိုဏ်းအနီးသို့ ရောက်ရှိလာသည့်တိုင်အောင် သူတော်စင် ချုံးဟွာ၏ အရိပ်အယောင်ကို လုံးဝ အာရုံမရသေးပေ။

နတ်ဘုရားဝိညာဉ်တစ်ခုက ၎င်း၏ အရှိန်အဝါကို ဖုံးကွယ်ထား၍ မရနိုင်။ သူ၏ ခန္ဓာကိုယ်ထဲမှ ပထမဆုံး ထွက်ခွာလာစဉ်ကပင် ကံကြမ္မာ အကုသိုလ် အနံ့အသက်ဆိုးမှာ လေထုထဲတွင် ထူထပ်နေခဲ့သည်။

ယခုအခါ အဂ္ဂိရတ်ဂိုဏ်းတစ်ခုလုံးမှာ မီးလျှံများ ဝိုင်းရံခြင်း ခံထားရသည်။ ပတ်ဝန်းကျင်ရှိ လုပ်ငန်းဆောင်တာ အားလုံးမှာလည်း ပြာအတိ ဖြစ်နေလေပြီ။ မီးလျှံများမှာ ဂိုဏ်းအတွင်းသို့ပင် စိမ့်ဝင်နေပြီဖြစ်ရာ ဂိုဏ်းချုပ်ခန်းမ ရှေ့ရှိ နေရာလေးတစ်ခုသာ မထိမခိုက်ဘဲ ကျန်ရှိတော့သည်။ အဝေးမှကြည့်လျှင် အဂ္ဂိရတ်ဂိုဏ်းတပည့်များ ထိုနေရာတွင် ဒူးထောက်နေသည်ကို ဝေဝေဝါးဝါး မြင်နေရသည်။

သူတို့ရှေ့တွင် ရပ်နေသူမှာ အနီရောင်ဝတ်စုံဝတ်ထားသော ပုံရိပ်တစ်ခုဖြစ်ပြီး သူ၏ နောက်တွင် ယောင်ချီ မြင့်မြတ်နယ်မြေမှ အမျိုးသမီးကျင့်ကြံသူများ၏ ပုံရိပ်များကို တွေ့နေရသည်။

သေချာသည်မှာ ဂိုဏ်းချုပ် ကျိုးရွှမ်ကျိ၏ အရိပ်အယောင်ကို နေ့တစ်ဝက်ခန့် စောင့်ကြည့် ပြီးနောက် သူတော်စင် ဟုန်လျန်မှာ စိတ်မရှည်တော့ခြင်းပင်။

“ကျိုးရွှမ်ကျိ... နင် အခုချက်ချင်း ထွက်မလာဘူးဆိုရင်တော့ ငါ နင့်ရဲ့ အဂ္ဂိရတ်ဂိုဏ်းရော၊ နင့်တပည့်တွေ အားလုံးကိုပါ ပြာဖြစ်အောင် ရှို့ပစ်မယ်..” ဟုန်လျန်၏ ညာလက်ထဲတွင် မီးတောက်တစ်ခုကို ဆုပ်ကိုင်ထားသည်။ သူ၏ အိုမင်းနေသော မျက်နှာမှာ အက်ကြောင်းများဖြင့် ပြည့်နှက်နေပြီး အက်ကွဲကြောင်း တစ်ခုချင်းစီမှာ ချော်ရည်စီးကြောင်းများကဲ့သို့ မှိန်ပျပျ တောက်ပနေသည်။

သူက အလှအပကို စတေး၍ မီးဓာတ်ကျင့်စဉ်ကို အစွန်းရောက်သည်အထိ ကျင့်ကြံခဲ့ခြင်းပင်။

သူ စွန့်လွှတ်ခဲ့ရသော အလှအပအတွက် အင်အားကို အစားထိုး ရရှိခဲ့သည်။ ၎င်းမှာ တာအိုနှင့် ပိုမိုနီးကပ်စွာ ပေါင်းစည်းခြင်းပင်။

“ဒါ ယောင်ချီ မြင့်မြတ်နယ်မြေက ကိစ္စတွေကို ကိုင်တွယ်တဲ့ ပုံစံလား။ အကြမ်းဖက်မှုနဲ့ ခြိမ်းခြောက်မှုတွေနဲ့ပေါ့။”

ကောင်းကင်ယံမှ အသံတစ်သံ မြည်ဟည်းလာ၏။

ဟုန်လျန်သည် ထိုအသံလာရာဘက်သို့ တစ်ချက်ပင် မကြည့်ပေ။ လက်ကို ဝှေ့ယမ်းလိုက်ရုံဖြင့် အစစ်အမှန်သမာဓိမီးတောက် တစ်ခုကို ပစ်လွှတ်လိုက်သည်။

အစပိုင်းတွင် ၎င်းမှာ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသော မီးတောက်လေးတစ်ခုသာ ဖြစ်သော်လည်း အဂ္ဂိရတ်ဂိုဏ်း၏ နယ်နိမိတ်မှ ထွက်ခွာသွားသည်နှင့် တပြိုင်နက် ဟိန်းဟောက် နေသော မီးနဂါးကြီးတစ်ကောင်အဖြစ် အသွင်ပြောင်းသွားတော့သည်။

မီးနဂါးကြီးက ချန်ဟွိုက်အန်၏ ရှေ့တစ်မီတာ အကွာသို့ ရောက်ရှိလာချိန်တွင် သူက မျက်မှောင်ကြုတ်ကာ စိုက်ကြည့်လိုက်သည်။ ထိုအခါ နဂါး၏ ဟက်ဟက်ပက်ပက် ပွင့်နေသော ပါးစပ်မှာ မရေမတွက်နိုင်သော မီးပွားများအဖြစ် ချက်ချင်း ကွဲအက်သွားသည်။ ၎င်း၏ ခန္ဓာကိုယ်မှာလည်း မမြင်နိုင်သော ဓားချီများကြောင့် အပိုင်းပိုင်း ပြတ်တောက်သွားတော့သည်။

“စိတ်ဝင်စားစရာပဲ။ ရှင့်ရဲ့ ကျင့်ကြံမှုက မဆိုးဘူး။ ဒါပေမဲ့ ယောင်ချီ မြင့်မြတ်နယ်မြေရဲ့ ကိစ္စတွေထဲ ဝင်မပါဖို့ ကျွန်မ အကြံပေးချင်တယ်။ အဲဒီအတွက် ပေးရမယ့် တန်ဖိုးက ရှင် တတ်နိုင်တာထက် ပိုလိမ့်မယ်။” သူ စကားပြောရင်း နောက်ဆုံးတွင် သူ့ဘက်သို့ လှည့်ကြည့် လိုက်သည်။ သို့သော် သူ၏ မျက်နှာပေါ်မှ မောက်မာမှုနှင့် အထင်သေးမှုတို့မှာ ခဏချင်းမှာပင် အေးခဲသွားတော့သည်။ သူ၏ အသံမှာ ထိတ်လန့်မှုကြောင့် တုန်ယင်သွား၏။

“ရှင်က... ဓားကျောင်းတော်ဘိုးဘေးလား။..”

သူ့ကို မှားစရာမရှိပေ။

ချန်းယွန်းလောကတွင် ဆံပင်အဖြူနှင့် ကျင့်ကြံသူများစွာ ရှိသည်။

သို့သော် အများစုမှာ အသက်အရွယ်ကြောင့် ပို၍ ရိုသေခန့်ညားစေရန် သို့မဟုတ် ဩဇာရှိပုံ ပေါက်စေရန် ဆံပင်ကို ဖြူအောင် ထားကြခြင်း ဖြစ်သည်။

သို့သော် ထိုသူ၏ ဆံပင်မှာမူ လရောင်များ စီးကျနေသည့်အလားပင်။ အလွန်တရာမှပင် ရှားပါးလှသည်။

၎င်းမှာ အိုမင်းခြင်း၏ သင်္ကေတ မဟုတ်ပေ... တန်ဆာဆင်မှုတစ်ခုသာ ဖြစ်သည်။

ချန်ဟွိုက်အန် ပတ်ဝန်းကျင်ကို ကြည့်လိုက်သော်လည်း သူတော်စင် ချုံးဟွာကို မတွေ့ရပေ။ ဟုန်လျန်၏ တုံ့ပြန်မှုမှာလည်း ထူးဆန်းနေသည်။

ဒါဆို... သူ တကယ်ပဲ ဟုန်လျန်နဲ့ လာမပူးပေါင်းသေးတာလား။

မိုက်မဲလိုက်တာ။ ရုပ်ခန္ဓာမရှိတော့ဘဲနဲ့ ကုန်ဆုံးသွားတဲ့ အချိန်တိုင်းက သူရဲ့ အစစ်အမှန် အနှစ်သာရတွေကို လောင်ကျွမ်းနေတာ။ သူ မြင့်မြတ်နယ်မြေကို ပြန်မရောက်ခင်မှာတင် လောင်ကျွမ်းပျက်စီးသွားနိုင်တယ်။

ဒါမှမဟုတ် သူမှာ တစ်ခြား မသိသေးတဲ့ ထွက်ပြေးနည်း ရှိနေတာလည်း ဖြစ်နိုင်တယ်။

ချန်ဟွိုက်အန် ဆုံးဖြတ်လိုက်သည်။

ဒါကို မြန်မြန်အဆုံးသတ်ရမယ်။ သူတော်စင် ယွိယောင် ရောက်မလာခင် အချိန်မီ လုပ်ရမယ်။

“ငါ့နာမည်ကို သိရင်... ငါက ဒီကို နောက်ပြောင်ဖို့ လာတာမဟုတ်ဘူးဆိုတာလည်း မင်း သိသင့်တယ်။” သူ၏ အကြည့်မှာ စူးရှသွားသ၏။ ခြေတစ်ဖက်ဖြင့် မြေပြင်ကို အသာအယာ နင်းလိုက်ရာ အရပ်ရှည်ရှည် ခန္ဓာကိုယ်မှာ လေထဲသို့ ပျံတက်သွားပြီး၊ ဝေဝေဝါးဝါး အရိပ်တစ်ခု ကဲ့သို့ ဟုန်လျန်ထံသို့ တဟုန်ထိုး ပြေးဝင်သွားတော့သည်။

“ပဉ္စမအဆင့်က လူမမယ်လေးကများ ဒီလောက်တောင် မောက်မာရဲတယ်ပေါ့..” ဟုန်လျန်က ဟိန်းဟောက်လိုက်သည်။

သူ၏ နောက်ကွယ်တွင် နီရဲသော ကမ္ဘာငယ်၏ ပုံရိပ်ယောင် ပေါက်ကွဲထွက်ပေါ်လာသည်။

၎င်းမှာ မီးတောင်များနှင့် ချော်ရည်များဖြင့် ပြည့်နှက်နေ၏။ သက်ရှိမဲ့ကာ လောင်ကျွမ်းနေသော ငရဲခန်းတစ်ခုကဲ့သို့ပင်။

ပူပြင်းလှသော အပူရှိန်နှင့် စူးရှသော အလင်းတန်းများမှာ မြေပြင်မှ နေမင်းကြီး ထွက်ပေါ် လာသည့်အလား အပြင်ဘက်သို့ ပြန့်ကားလာသည်။

တစ်ချိန်တည်းမှာပင် သူက လက်ဝါးနှစ်ဖက်ကို ရှေ့သို့ တွန်းထုတ်လိုက်သည်။ သူ၏ ကမ္ဘာငယ်မှ စွမ်းအင်များမှာ လေထဲတွင် စုစည်းသွားပြီး ကောင်းကင်တစ်ဝက်ခန့်ကို ဖုံးလွှမ်းသွားမတတ် ကြီးမားလှသော မီးလက်ဝါးကြီးနှစ်ခု ဖြစ်ပေါ်လာသည်။

၎င်းတို့နှင့် ယှဉ်လိုက်လျှင် ချန်ဟွိုက်အန်မှာ မီးပုံထဲသို့ တိုးဝင်နေသော ပိုးဖလံလေး တစ်ကောင်ကဲ့သို့ ခဏချင်းမှာပင် ဝါးမြိုခံရတော့မည့်အလားပင်။

သူက ပြေးဝင်လာသော လက်ဝါးကြီးများကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။ ထိခဏတွင် သူ၏ အရှိန်အဝါ မြင့်တက်လာသည်။ သူ၏ ကျင့်ကြံမှုမှာ ပထမအဆင့်မှ ဟင်းလင်းပြင် ပေါင်းစည်းခြင်း အဋ္ဌမအဆင့်အထိ မျက်တောင်တစ်ခတ်အတွင်း မြင့်တက်သွား၏။

သူ၏အတွင်းပိုင်းတွင် စိတ်ဝိညာဉ်ချီစွမ်းအင်များ ဆက်တိုက် ပေါက်ကွဲသွားမှုနှင့်အတူ လက်မှာ ဓားရိုးပေါ်သို့ တိတ်တဆိတ် ကျရောက်သွားသည်။

သူ၏ လက်ချောင်းများ ဓားရိုးကို ဆုပ်ကိုင်လိုက်သည့် အခိုက်အတန့်မှာပင်...

မိုးကုပ်စက်ဝိုင်းမှ ကောင်းကင်တေးသံများ ပဲ့တင်ထပ်လာ၏။

“ဓားကျောင်းတော်က မားမားမတ်မတ်နဲ့ မယိမ်းမယိုင် တည်ရှိနေတယ်...”

ကြေးခွံနက်ဓားကို ဆွဲထုတ်လိုက်ပြီ ဖြစ်သည်။ သူ၏ရှေ့တွင် ငွေဖြူရောင် ဓားအလင်းတန်း ကန့်လန့်ကာကြီးတစ်ခု မြင့်မားစွာ ပေါ်ထွက်လာသည်။

သူက ထိုကန့်လန့်ကာ၏ နောက်ကွယ်တွင် ရပ်နေသည်။ ကန့်လန့်ကာပေါ်တွင် ရောင်စုံ မှန်ပြောင်းတစ်ခုကဲ့သို့ ပုံရိပ်ပေါင်း ထောင်သောင်းချီ၍ ပွင့်လန်းလာသည်။

“လူတစ်ယောက် တံခါးဝမှာ စောင့်နေရင် ဘယ်သူမှ မဖြတ်သွားစေရဘူး..”

ထိုစကားများအဆုံးတွင် ချန်ဟွိုက်အန်မှာ လှုပ်ရှားခြင်း မရှိပေ။

သို့သော် ထိုပုံရိပ်ယောင်များ အားလုံးမှာ ဓားများကို တပြိုင်နက်တည်း ရှေ့သို့ ထိုးသွင်း လိုက်ကြသည်။

ကြာစိမ်းဓားသိုင်းကျမ်း၊ ပဉ္စမမြောက် ဓားသိုင်းကွက်ဖြစ်သော တံခါးဝရှိဓားပင်။

၎င်းမှာ ကြာစိမ်းဓားသိုင်းကျမ်းရှိ တစ်ခုတည်းသော ခုခံရေးဓားသိုင်းကွက်ပင်။

ဟုန်လျန်၏ တိုက်ကွက်မှာ ရက်စက်လှသည်။ ၎င်းက သူ့ကို မသတ်နိုင်လျှင်ပင် အဂ္ဂိရတ်ဂိုဏ်းရှိ လူတိုင်းကို ဖျက်ဆီးပစ်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ ထို့ကြောင့်သာ သူက ထိုဓားကွက်ကို အသုံးပြု၍ ပိတ်ဆို့လိုက်ခြင်း ဖြစ်သည်။

မီးလက်ဝါးကြီးများက ကန့်လန့်ကာကို ရိုက်ခတ်သွားပြီး စူးရှသောအသံနှင့်အတူ ရပ်တန့်သွားကာ လက်မဝက်မျှပင် ရှေ့သို့ မတိုးနိုင်တော့ပေ။ ငွေရောင်အလင်းတန်းပေါ်တွင် လှိုင်းတွန့်များ ပြန့်နှံ့သွား၏။ ပုံရိပ်ယောင်များရှိ ဓားတစ်စင်းချင်းစီမှာ တုန်ခါနေပြီး ကြယ်မြစ်ထဲသို့ မိုးစက်များ ကျရောက်သွားသည့်အလား ငွေရောင်လှိုင်းများကို ပြန့်ကျဲစေသည်။

ထို့နောက် ဓားအသိ၏ တန်ပြန်အားတစ်ခုမှာ ပြင်းထန်စွာ ပြန်လည် စီးဆင်းသွားတော့သည်။

ပုံရိပ်ယောင် အားလုံးမှ ဓားအသိများမှာ ပေါင်းစပ်သွား၏။ မီးလက်ဝါးကြီးများမှာ အက်ကြောင်း ထောင်နှင့်ချီ ဖြစ်ပေါ်လာပြီး ခဏချင်းမှာပင် အပိုင်းပိုင်း ပြတ်တောက်သွားတော့သည်။

“မဖြစ်နိုင်တာ..” ဟုန်လျန်၏ မျက်နှာမှာ ထိတ်လန့်မှုကြောင့် လိမ်တွန့်သွားသည်။

သူ သိလိုက်ရချိန် နောက်ကျသွားပြီဖြစ်သည်။ ထိုဓားကျောင်းတော်ဘိုးဘေးမှာ ပဉ္စမအဆင့် မှာတင် ကန့်သတ်မထားကြောင်းပင်။

အတိုင်းအဆမရှိသော ဖိအားတစ်ခုက သူ့အပေါ်သို့ ကျရောက်လာသည်။ သူ၏ ခန္ဓာကိုယ်မှာ အေးခဲသွား၏။ သူ၏ လက်များမှာ ဘေးဘက်တွင် တုန်ရီနေသည်။ သူ၏ ဒွါရ ခုနစ်ပေါက်မှ သွေးများ စိမ့်ထွက်လာ၏။

“ဟင်းလင်းပြင်ပေါင်းစည်းခြင်း... အဋ္ဌမအဆင့်လား။ မဖြစ်နိုင်တာပဲ... ရှင်က ခုနကတင် ပဉ္စမအဆင့်မှာ ရှိနေတာ မဟုတ်လား...”

ချန်ဟွိုက်အန်က ယခုအခါ သူ၏ ရှေ့တည့်တည့်တွင် ရပ်နေပြီဖြစ်သည်။

သူက ညင်သာသော လှုပ်ရှားမှုဖြင့် ဓားကို ထိုးသွင်းလိုက်သည်။

ထိုတိုက်ကွက်မှာ နှေးကွေးလှသည်။ နှေးကွေးလွန်းသဖြင့် ဓားသွားပေါ်တွင် စီးဆင်းနေသော ကောင်းကင်ယံ၊ သူ့နောက်ကွယ်ရှိ ကမ္ဘာငယ်၊ သူ၏မီးထက် များစွာ ကြီးမားလှသော ကမ္ဘာကြီး၊ ထိုကမ္ဘာထဲရှိ ဓားကျောင်းတော်နှင့် လင်းရှီးတောင်ကြား၊ စိမ်းလန်းသော သစ်တောများနှင့် ဝေးလံသော သမုဒ္ဒရာများကိုပင် မြင်နေရ၏။

တိတ်ဆိတ်ကာ ချောမွေ့စွာပင် ဓားသွားက ဟုန်လျန်၏ရင်ဘတ်ကို ဖောက်ထွက်သွားသည်။

သူက ဓားကို ပြန်ထုတ်လိုက်ပြီး နောက်သို့ လွင့်မျောကာ အဂ္ဂိရတ်ဂိုဏ်း အပျက်အစီးများပေါ်ရှိ မီးလောင်ထားသော ထိုင်ပင်တစ်ပင်ပေါ်သို့ ဆင်းသက်လိုက်သည်။ ဓားကို ရင်ခွင်ပိုက်ထားပြီး၊ ဝတ်ရုံမှာလည်း အစွန်းအထင်းမရှိ စင်ကြယ်နေဆဲပင်။

ထိုအခါမှသာ...

ဖိနှိပ်ထားသော ဓားအသိက သူ၏ ကိုယ်တွင်းတွင် ပေါက်ကွဲသွားတော့သည်။

ဘုန်း...

သူ၏ ခန္ဓာကိုယ်မှာ သွေးမြူများအဖြစ် ပေါက်ကွဲထွက်သွားသည်။ ကျန်ရစ်ခဲ့သည်မှာ သွေးကွက် တစ်ခုနှင့် အောက်ခြေမမြင်ရသော ဓားရာကြီးတစ်ခုသာ ဖြစ်သည်။

မိမိထက် အဆင့်ကြီးတစ်ခုလုံး နိမ့်ကျသူကို သတ်ဖြတ်ခြင်းမှာ စိန်ခေါ်မှု မဟုတ်ပေ။

နတ်ဘုရားဝိညာဉ်ပင်လျှင် ချေမှုန်းခံလိုက်ရ၏။

ချန်ဟွိုက်အန် အတည်ပြုလိုက်သည်။ ဖြောင့်မှန်သောလမ်းစဉ် ကျင့်ကြံသူ အပိုင်းအစ ၁၀၀ ရရှိ၏။

သူက သူတော်စင် ချုံးဟွာကို ရှာဖွေရန် ကောင်းကင်နက္ခတ် တွက်ချက်ခြင်းကို အသုံးပြုတော့မည့် အချိန်မှာပင်...

သူ၏ မျက်စိရှေ့တွင် စနစ်၏ အသိပေးချက်တစ်ခု ပေါ်လာသည်။

[ သင် သူတော်စင် ချုံးဟွာကို သတ်ဖြတ်ပြီးပါပြီ။ ဆုလာဘ်များ- ဖြောင့်မှန်သောလမ်းစဉ် ကျင့်ကြံသူ အပိုင်းအစ ၈၀၊ သူတော်စင် ချုံးဟွာ၏ သိုလှောင်လက်စွပ် တစ်ကွင်း။ (သတ်ဖြတ်မှုမှာ သင်တစ်ဦးတည်း၏ လက်ချက်မဟုတ်သောကြောင့် မူလရရှိမည့် အပိုင်းအစ ဆုလာဘ်၏ ထက်ဝက်ကိုသာ ရရှိမည်ဖြစ်သည်) ]

ချန်ဟွိုက်အန် - “ဟမ်...”

...

All Chapters