ဘာလို့ တစ်ယောက်တည်း ဖြစ်နေရတာလဲ
Vol. 32 Ch. 313
“အဂ္ဂိရတ်ဂိုဏ်းကို ကယ်တင်ပေးခဲ့တဲ့အတွက် စီနီယာ့ကို စိတ်ရင်းနဲ့ ကျေးဇူးတင်ရှိကြောင်း ဂါရဝပြုပါတယ်..”
ကျိုးရွှမ်ကျိက ချန်ဟွိုက်အန်ကို သုံးကြိမ်တိုင်တိုင် ဦးခိုက်လိုက်သည်။
သူ ပြန်အထတွင် ပျက်စီးယိုယွင်းနေသော အဂ္ဂိရတ်ဂိုဏ်း၏ အကြွင်းအကျန်များကို ကြည့်ပြီး ရင်ထဲ၌ နာကျင်ခံစားလိုက်ရ၏။
သို့သော် အနည်းဆုံးတော့ တပည့်အများစုမှာ အသက်ရှင်ကျန်ရစ်ခဲ့ကြသည်။
အဂ္ဂိရတ်ဂိုဏ်း၏ အုတ်မြစ်မှာ ကြီးမားသော ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ခဲ့ရသော်လည်း တပည့်များ ရှိနေသရွေ့ ပြန်လည်တည်ဆောက်ရန်မှာ အချိန်တစ်ခုသာ လိုအပ်သည်။ ကျင့်ကြံသူများအတွက် အလျှံပယ်ရှိသည့်အရာမှာ အချိန်ပင် ဖြစ်သည်။
“ကျိုးရွှမ်ကျိ... ယောင်ချီ မြင့်မြတ်နယ်မြေက ဘယ်လို ဆက်ဆံလဲဆိုတာ မင်းကိုယ်တွေ့ပဲ။ သူတို့အပေါ်မှာ မျှော်လင့်ချက်တွေ ထားနေတုန်းပဲလား။”
ကျိုးရွှမ်ကျိ တစ်ယောက်တည်း မဟုတ်ပေ။ အခြားသော ဂိုဏ်းကြီးများမှ ကိုယ်စားလှယ်များ အားလုံးလည်း အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ကြပြီးလေပြီ။
ချန်ဟွိုက်အန်နှင့် သူတော်စင် ဟုန်လျန်တို့၏ တိုက်ပွဲတစ်ခုလုံးကို ကြေးမုံတစ်ချပ်ပေါ်တွင် ပုံရိပ်ယောင်အဖြစ် ထုတ်လွှင့်ပြသခဲ့ခြင်း ဖြစ်သည်။
သူတို့က ဓားကျောင်းတော်ဘိုးဘေး၏ အစွမ်းထက်မှုကို အံ့ဩမိကြသလို၊ ဟုန်လျန်၏ ရက်စက် ကြမ်းကြုတ်သော သဘာဝကိုလည်း ထိတ်လန့်သွားကြသည်။
ထိုလက်ဝါးရိုက်ချက်မှာ ချန်ဟွိုက်အန်ကို သတ်ရန်သာ မဟုတ်ဘဲ အဂ္ဂိရတ်ဂိုဏ်းတပည့် အားလုံးကိုပါ အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ အကယ်၍ ဓားကျောင်းတော် ဘိုးဘေး၏ ဓားကွက်ကသာ ကြားဖြတ်မတားဆီးခဲ့လျှင် အကျိုးဆက်မှာ တွေးဝံ့စရာပင် မရှိပေ။ ထိုလက်ဝါးကြီးမှာ ကောင်းကင်တစ်ဝက်နီးပါးကိုပင် ဖုံးလွှမ်းသွားခဲ့သည် မဟုတ်ပါလား။
သူတို့ကိုယ်တိုင် ထိုအဆင့်ရှိ ကျင့်ကြံမှုမျိုး ရှိနေခဲ့လျှင်ပင်၊ ထိုတိုက်ကွက်ကို အပြည့်အဝ ပိတ်ဆို့နိုင်မည်ဟု မသေချာကြပေ။
“ဘိုးဘေး... ကျွန်တော် အရင်က သိပ်ပြီးတော့ တုံးအခဲ့ပါတယ်။”
ကျိုးရွှမ်ကျိမှာ စိတ်ဓာတ်ကျနေသော ပုံစံပေါက်နေ၏။ သူက ခေါင်းကို ငုံ့ထားကာ နှုတ်ခမ်းကို တင်းတင်းကိုက်ထားပြီး မျက်ဝန်းများမှာလည်း နီရဲနေသည်။ “တောက်.. ယောင်ချီ မြင့်မြတ်နယ်မြေ... သူတို့ဆီကို ဝိညာဉ်ဆေးပင်တွေနဲ့ ဆေးလုံးတွေ ကျွန်တော် အမြဲပို့ပေးခဲ့တာ။ တကယ်တမ်းကျ သူတို့က ကျွန်တော့်ကိုရော၊ အဂ္ဂိရတ်ဂိုဏ်းတပည့်တွေကိုရော လူလိုတောင် သဘောမထားခဲ့ကြဘူးပဲ။”
“မင်းက သူတို့ကို ဆေးပင်တွေနဲ့ ဆေးလုံးတွေ ပေးနေခဲ့တာလား။”
ချန်ဟွိုက်အန်၏ မျက်ခုံးများ တွန့်သွား၏။ သူ၏ အကြည့်များထဲတွင် သတ်ဖြတ်လိုသော အရှိန်အဝါတစ်ခု ဖျပ်ခနဲ ပေါ်လာသည်။
ကျိုးရွှမ်ကျိက လေထုထဲ၌ ရုတ်တရက် အေးစိမ့်သွားမှုကို ခံစားလိုက်ရသည်။ သူ မော့ကြည့်လိုက်သောအခါ ချန်ဟွိုက်အန်၏ အေးစက်သော အကြည့်နှင့် ဆုံသွားသဖြင့် ခေါင်းကို အမြန်ပြန်ငုံ့လိုက်ပြီး အတင်းအကျပ် ပြုံးလိုက်ရသည်။
“စီ... စီနီယာ... ကျွန်တော် ကတိပေးပါတယ်။ မြင့်မြတ်နယ်မြေဆီကို နောက်နောင် ဘယ်တော့မှ လက်ဆောင်တွေ မပို့တော့ပါဘူး..”
“ပြီးတော့ရော။ အခု မင်းရဲ့ အစီအစဉ်က ဘာလဲ။” ချန်ဟွိုက်အန်၏ လေသံမှာ အေးစက်မြဲ အေးစက်နေဆဲပင်။
“စီနီယာ့ကို တောင်းဆိုပါရစေ... ကျွန်တော်တို့ကို စီနီယာ့ရဲ့ ကမ္ဘာငယ်ထဲ ဝင်ခွင့်ပေးပြီး စီနီယာ့ရဲ့ ကာကွယ်မှုကို ပေးသနားပါ..” ကျိုးရွှမ်ကျိက ထပ်မံ၍ ဦးခိုက်လိုက်ပြန်သည်။
“အင်း။ မဆိုးပါဘူး။ မင်းက ပြောရဆိုရ လွယ်သားပဲ၊” ချန်ဟွိုက်အန်က ကျေနပ်သွားဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
လင်းရှီးတောင်ကြားက ဈေးသက်သာတဲ့ ဆေးပင်တွေ ထောက်ပံ့ပေးမယ်။ အဂ္ဂိရတ်ဂိုဏ်းက ဈေးသက်သာတဲ့ ဆေးလုံးတွေ ထောက်ပံ့ပေးမယ်။
နောက်ထပ် သားရဲတစ်သောင်းဂိုဏ်းနဲ့ လက်နက်ဂိုဏ်းကိုပါ သိမ်းသွင်းနိုင်ရင်တော့ ချင်းယွန်ဘုံရဲ့ သယံဇာတ အားလုံးက ငါ့လက်ထဲ ရောက်ပြီပဲ။
ကမ္ဘာ့အရှင်သခင် တစ်ယောက်အနေနဲ့ ကော်မရှင် အနည်းငယ် ဖြတ်ယူတာက ဘာမှားလို့လဲ။
ဘာမှ မမှားဘူး။
သူတို့တွေ မြင့်မြတ်နယ်မြေတွေကို လက်ဆောင်ပဏ္ဍာတွေ ပေးခဲ့ကြတုန်းက ခွေးလိုပဲ ဆက်ဆံခံခဲ့ရတာ။
ဒါပေမဲ့ ငါ့ကို ပေးရင်တော့ မင်းတို့ရဲ့ ဂုဏ်သိက္ခာက ငါ့ဂုဏ်သိက္ခာပဲ၊ မင်းတို့ရဲ့ ဆုံးရှုံးမှုက ငါ့ဆုံးရှုံးမှုပဲ။
ပြီးတော့ သူတို့ရဲ့ ဂိုဏ်းတံခါးက ပျက်စီးသွားပြီဆိုတော့ ငါ့ရဲ့ ကမ္ဘာငယ်ထဲ ပြောင်းလာတာက အကောင်းဆုံး ရွေးချယ်မှုပဲ။
“ဘိုးဘေး... ကျေးဇူးပြုပြီး အခုပဲ သိမ်းသွင်းခြင်း လုပ်ငန်းစဉ်ကို စတင်ပေးပါ။ သူတော်စင် ချုံးဟွာက ပျောက်ကွယ်နေတာ သူ မြင့်မြတ်နယ်မြေဆီ ပြန်သွားပြီး အင်အားအကူအညီ သွားခေါ်တာ ဖြစ်နိုင်ပါတယ်။”
ကျိုးရွှမ်ကျိ၏ လေသံမှာ စိုးရိမ်ပူပန်မှုများဖြင့် တုန်ယင်လာသည်။
“အကယ်လို့ သူတော်စင် ယွိယောင်သာ ရောက်လာရင် သိမ်းသွင်းရတာ ခက်သွားနိုင်တယ်...”
“သူတော်စင် ချုံးဟွာ သေသွားပြီ။”
ချန်ဟွိုက်အန်၏ စကားတစ်ခွန်းက ကျိုးရွှမ်ကျိ၏ စိုးရိမ်ပူပန်မှုများကို ချက်ချင်း ပျောက်ကွယ် သွားစေသည်။
“သေ... သေသွားပြီ ဟုတ်လား။” ကျိုးရွှမ်ကျိမှာ ကြောင်အမ်းသွားသည်။ “ဘယ်တုန်းကလဲ...”
သူက ဓားကျောင်းတော်ဘိုးဘေးနှင့် ဟုန်လျန်တို့၏ တိုက်ပွဲတစ်ခုလုံးကို မြင်တွေ့ခဲ့ရသည်။
ချုံးဟွာ၏ ဝိညာဉ် လွတ်မြောက်သွားသည်ကို မြင်လိုက်သော်လည်း၊ အသတ်ခံရသည်ကိုတော့ မတွေ့ခဲ့ပေ။
“ခုနကတင်ပဲ။” ချန်ဟွိုက်အန်လည်း ဇဝေဇဝါ ဖြစ်နေ၏။
ချုံးဟွာကို ဘယ်သူ သတ်လိုက်တာလဲ။
အခုချိန်မှာ ဓားကျောင်းတော်က ယောင်ချီနဲ့ ဖန်ကျင်းမြင့်မြတ်နယ်မြေတွေကို တရားဝင် စစ်ကြေညာထားတဲ့ တစ်ခုတည်းသော ဂိုဏ်းပဲ။
လင်းရှီးတောင်ကြားနဲ့ အဂ္ဂိရတ်ဂိုဏ်းကို ထည့်တွက်ရင်တောင် အဆုံးမှာတော့ ချင်းယွန်ဘုံရဲ့ အခြားဂိုဏ်းတွေလည်း မြင့်မြတ်နယ်မြေတွေကို ဆန့်ကျင်လာကြမှာပဲ။ ဒါပေမဲ့ အခုချိန်အထိ သူတို့ထဲမှာ နတ်ဘုရားဝိညာဉ်ကို ဖျက်ဆီးနိုင်တဲ့သူ တစ်ယောက်မှ မရှိသေးဘူး။ အဲဒီလိုလုပ်ဖို့ အနည်းဆုံး ဟင်းလင်းပြင်ပေါင်းစည်းခြင်း ဆဋ္ဌမအဆင့်တော့ လိုလိမ့်မယ်။
ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့် ကျွမ်းကျင်သူရှိတဲ့ အဖွဲ့အစည်းတွေပဲ ဒါကို လုပ်နိုင်မှာ။
ငါ့လိုမျိုး ပုန်းအောင်းနေတဲ့ လျို့ဝှက်အကြီးအကဲတွေကို ဖယ်ထုတ်လိုက်မယ်ဆိုရင်...
ကျန်တာက... မြင့်မြတ်နယ်မြေတွေပဲ ရှိတော့တယ်။
“ယောင်ချီမြင့်မြတ်နယ်မြေ... ဖန်ကျင်းမြင့်မြတ်နယ်မြေ... ကျန့်ဝူမြင့်မြတ်နယ်မြေကများ လုပ်တာလား။” ချန်ဟွိုက်အန်က မျက်မှောင်ကြုတ်လိုက်သည်။
အတည်ပြုဖို့ကတော့ လွယ်ပါတယ်။ တွက်ချက်မှုတစ်ခု လုပ်လိုက်ရုံပဲ။
[ ကောင်းကင်နက္ခတ်တွက်ချက်ခြင်း စတင်နေပါပြီ... ]
လေဦးတည်ရာများ ပြောင်းလဲသွား၏။
[ ကောင်းကင်နက္ခတ် တွက်ချက်ခြင်း ပြီးဆုံးပါပြီ။ သူတော်စင် ချုံးဟွာကို သတ်ဖြတ်သူမှာ ကျန့်ဝူမြင့်မြတ်နယ်မြေ အန္တိမအကြီးအကဲ ကျန်းမုန့်ချူပါ။ ဟင်းလင်းပြင်ပေါင်းစည်းခြင်း အဋ္ဌမအဆင့်) ]
“တကယ် သူ ဖြစ်နေတာပဲ။”
ချန်ဟွိုက်အန်၏ မျက်ဝန်းများ ကျဉ်းမြောင်းသွား၏။
တစ်ခုခုတော့ လွဲနေပြီ။
ကျုံးကျိုးလျို့ဝှက်နယ်မြေမှာ ပတ်သက်ခဲ့တဲ့ ဂိုဏ်းတွေအားလုံးထဲ ကျန့်ဝူမြင့်မြတ်နယ်မြေက ကံအဆိုးဆုံးပဲ။ ဂိုဏ်းချုပ်က သေသွားပြီ။ သူ့ရဲ့ တိုက်ရိုက်တပည့်နဲ့ အမွေဆက်ခံသူကလည်း သေသွားပြီ။ အခုလည်း အဲဒီပြဿနာတစ်ခုလုံးအတွက် အပြစ်တင်ခံနေရသေးတယ်။ လောက တစ်ခုလုံးက လူတွေက သူတို့နောက်ကွယ်မှာ တီးတိုးအတင်းပြောနေကြတာ။
ဆန့်ကျင်ဘက်အနေနဲ့ ငါသာ ကြားထဲက ဝင်မပါခဲ့ရင်...
ယောင်ချီနဲ့ ဖန်ကျင်းမြင့်မြတ်နယ်မြေတွေက ဘာတစ်ခုမှ ဆုံးရှုံးရမှာ မဟုတ်ဘူး။
တိုက်ဆိုင်မှုတွေ အရမ်းများနေရင် အဖြေက တစ်ခုပဲ ရှိတော့တယ်။ အဲဒါက အမှန်တရားပဲ။
မြင့်မြတ်နယ်မြေတွေရဲ့ မွေးရာပါ ယုတ်မာတတ်တဲ့ သဘာဝကို ထည့်တွက်ရင် ကျန့်ဝူဂိုဏ်းချုပ်နဲ့ အမွေဆက်ခံသူကို သူတို့ပဲ သတ်လိုက်တာလို့ သံသယဝင်တာက လုံးဝ ကျိုးကြောင်း ဆီလျော်တယ်။
တစ်ခုတည်းသော ပြဿနာက ကျန့်ဝူမြင့်မြတ်နယ်မြေမှာ ခိုင်မာတဲ့ သက်သေမရှိတာပဲ။
ဒါဆို အခု တကယ့်မေးခွန်းက သူတို့တွေ ငါ့ရဲ့ မဟာမိတ် ဖြစ်လာနိုင်မလား ဆိုတာပဲ။
ချန်ဟွိုက်အန်သည် အဂ္ဂိရတ်ဂိုဏ်းကို သူ၏ ကမ္ဘာငယ်ထဲသို့ သိမ်းသွင်းနေစဉ်မှာပင် ထိုကိစ္စကို စဉ်းစားနေမိသည်။
သို့သော် သူတို့ကို ဓားကျောင်းတော် သို့မဟုတ် လင်းရှီးတောင်ကြား၏ ဘေးနားတွင်တော့ မထားခဲ့ပေ။ အဝေးရှိ သီးခြား တောင်ထိပ်တစ်ခုကို သူ ရွေးချယ်ပေးခဲ့သည်။
လင်းရှီးတောင်ကြားမှာ အမျိုးသမီးကျင့်ကြံသူများက သိပ်မများလှပေ။
အကယ်၍ အဂ္ဂိရတ်ဂိုဏ်းကသာ အနားတွင် လာအခြေချလျှင် ဝံပုလွေများပြီး အသားက နည်းသလို ဖြစ်သွားပေလိမ့်မည်။
အချစ်ရေး ပြဿနာများကြောင့် ဂိုဏ်းများအကြား ပဋိပက္ခများ ဖြစ်လာလျှင်တော့ လုံးဝ အဆင်မပြေပေ။
“ဒီနေ့ မဟာရေဓာတ် စိတ်ဝိညာဉ်အမြစ်ရှိတဲ့ ပါရမီရှင်တစ်ယောက်ယောက် ပေါ်လာလားဆိုတာ မတွက်ချက်ရသေးဘူးပဲ။ ကြည့်လိုက်ဦးမှ။”
ချန်ဟွိုက်အန်က စနစ်ကို ထပ်မံ အသက်သွင်းလိုက်သည်။
[ ယနေ့အတွက် ဒုတိယအကြိမ်မြောက် အသုံးပြုခြင်းပါ။ ယွမ်၁၀၀ ကုန်ကျပါတယ် ]
[ တွက်ချက်မှု ပြီးဆုံးပါပြီ။ မဟာရေဓာတ်စိတ်ဝိညာဉ်အမြစ်ရှိသော ပါရမီရှင် ကျင့်ကြံသူတစ်ဦး ပေါ်ထွက်လာပါတယ် ]
[ ထိုသူ မည်သူဖြစ်ကြောင်းကို ဆက်လက်ကြည့်ရှုလိုပါသလား ]
ချန်ဟွိုက်အန်၏ မျက်လုံးများ စူးရှသွား၏။ “ဆက်ကြည့်မယ်...”
[ မဟာရေဓာတ်စိတ်ဝိညာဉ်အမြစ် ပိုင်ရှင် - ကျန့်ဝူမြင့်မြတ်နယ်မြေ၏ အန္တိမအကြီးအကဲ၊ ကျန်းမုန့်ချူး။ လက်ရှိကျင့်ကြံမှု - ဟင်းလင်းပြင်ပေါင်းစည်းခြင်း သတ္တမအဆင့် ]
“...ဘာလားဟ။”
ချန်ဟွိုက်အန်က သူ အမြင်မှားနေသလားဟု မျက်လုံးကို ပွတ်ကြည့်မိသည်။
နေပါဦး... ကျန်းမုန့်ချူးက အဲဒီကျန်းမုန့်ချူးပဲလား။
ဒါဆို မေးစရာ ရှိလာပြီ။ တကယ်လို့ သူက မဟာရေဓာတ်စိတ်ဝိညာဉ်အမြစ် ရှိပြီးသားဆိုရင် ဘာလို့ အရင်က ပေါ်မလာတာလဲ။ အခုမှ သူက နိုးထလာတာလား။
ပြီးတော့ သူ၏ကျင့်ကြံခြင်းအက အဋ္ဌမအဆင့်ကနေ သတ္တမအဆင့်ကို ကျသွားတယ်။
[ မဟာရေဓာတ်စိတ်ဝိညာဉ်အမြစ်ပိုင်ရှင် ကျန်းမုန့်ချူး၏ တည်နေရာကို မြေပုံပေါ်တွင် မှတ်သား ပေးထားပါတယ် ]
ချန်ဟွိုက်အန် မြေပုံကို ကြည့်ပြီး အံ့အားသင့်သွားသည်။
အဲဒါက ဓားကျောင်းတော်အပျက်အစီး အနီးအနားမှာပဲလား။
“ကဲ... ခန့်မှန်းနေလို့လည်း မထူးပါဘူး။ ကိုယ်တိုင်ပဲ သွားတွေ့လိုက်တော့မယ်။”
သူက ကောင်းကင်နက္ခတ် တွက်ချက်ခြင်း စနစ်ကို ပိတ်လိုက်ပြီး ဟင်းလင်းပြင်ကို ဖြတ်သန်းကာ မှတ်သားထားသော တည်နေရာသို့ ဦးတည်သွားတော့သည်။
...
တစ်ချိန်တည်းမှာပင်၊ ယောင်ချီ မြင့်မြတ်နယ်မြေ၌...
“သခင်မ... သတင်းကောင်းပါ၊ သတင်းထူးကြီးပါ..”
ကျောက်စိမ်းနန်းတော်၊ ကျောက်စိမ်းဖြူ ကြာပလ္လင်ပေါ်၌ တရားထိုင်နေသော သူတော်စင် ယွိယောင်သည် တပည့်မလေး၏ အသံကြောင့် တုန်လှုပ်သွားပြီး မျက်လုံး ဖွင့်ကြည့်လိုက်သည်။
“ဘာကိစ္စလဲ။ တန်ယွင် က ကမ္ဘာဦးကောင်းကင်ဖာထေးဆေးလုံးကို အောင်အောင်မြင်မြင် ဖော်စပ်ပြီးပြီလား။ ဒီလောက် မြန်မြန်လား...”
“မဟုတ်ပါဘူး သခင်မ...” တပည့်မလေးက ဦးညွှတ်လိုက်သည်။ “ကောင်းကင်ကြေးမုံက အခုလေးတင် တုံ့ပြန်မှု ရှိလာလို့ပါ။ မဟာရေဓာတ်နဲ့ ဆက်စပ်နေတဲ့ နိမိတ်ပုံက လင်းလက် လာပါတယ်။ မဟာရေဓာတ်စိတ်ဝိညာဉ်အမြစ်ရှိတဲ့ ပါရမီရှင် ပေါ်ထွက်လာပါပြီ..”
“တကယ်ပဲလား...”
ယွိယောင် မတ်တတ်ရပ်လိုက်ရာ သူ၏ မျက်ဝန်းများမှာ အလင်းတန်းများ ပေါက်ကွဲ၍ ထွက်လာသည်။ “ကောင်းတယ်.. ဟားဟားဟား.. သိပ်ကောင်းတယ်.. ဘယ်မှာလဲ။ ငါ့ကို ပြောစမ်း..”
“နိမိတ်ပုံအရဆိုရင်တော့... ကျန့်မန်တောင် အနီးအနားမှာပါ။”
“ကျန့်မန်တောင်။ ဓားကျောင်းတော်ရဲ့ ဂိုဏ်းတံခါးဟောင်း ရှိတဲ့နေရာလား..”
ယွိယောင်၏ မျက်ခုံးများ တွန့်သွားပြီး သူ၏ ရင်ထဲတွင် မကောင်းသော နိမိတ်တစ်ခုကို ခံစားလိုက်ရသည်။
သူ ချက်ချင်း အမိန့်ပေးလိုက်သည်။ “ဖုန်းရွှမ်ကို သွားခေါ်လိုက်။ ဒီသခင်မကိုယ်တိုင် နန်းတော်က ထွက်ပြီး... အဲဒီ ပါရမီရှင်ကို သွားခေါ်မယ်..”
...