← Chapters

ဒါတော့ မလုပ်ပါနဲ့

Vol. 32 Ch. 315

ဒါတော့ မလုပ်ပါနဲ့

Vol. 32 Ch. 315

“သခင်မ... အဲဒီ မဟာရေဓာတ်စိတ်ဝိညာဉ်အမြစ် ကျင့်ကြံသူရဲ့ အငွေ့အသက်က ရုတ်တရက်ကြီး ပျောက်သွားပြီ..”

ဇာမဏီဆောင်ထဲ ထိုင်ပြီး အင်မော်တယ်အဆင့် တက်လှမ်းရန် အစီအစဉ်များကို ပျော်ပျော်ကြီး ရေးဆွဲနေသော သူတော်စင် ယွိယောင်က ထိုစကားကို ကြားလိုက်ရသောအခါ မျက်နှာ ချက်ချင်း ဖြူဖျော့သွားတော့သည်။

“ဘယ်လိုလုပ် ပျောက်သွားရတာလဲ။ မြန်မြန်လုပ်... ကောင်းကင်ကြေးမုံကို သုံးပြီးတော့ နောက်တစ်ခေါက် ထပ်တွက်စမ်း..”

“သခင်မ... ကျွန်မတို့ အကြိမ်ကြိမ် ကြိုးစားပြီးပါပြီ။ ဒါပေမဲ့ သူက တကယ်ကို... တကယ်ကြီး ပျောက်သွားတာပါ...”

၎င်းကို ကြားလိုက်ရပြီးနောက် သူတော်စင် ယွိယောင်တစ်ယောက် မည်သို့ ငြိမ်ငြိမ် ထိုင်နေနိုင်တော့မည်နည်း။

သူက ကုလားကာကို ဆွဲဖွင့်ပြီး အပြင်ကို ဒေါသတကြီး ထွက်လာခဲ့ကာ အပြင်တွင် စုဝေးနေသော တပည့်များနှင့် အကြီးအကဲများကို လက်ညှိုးထိုးပြီး ကြိမ်းမောင်းတော့သည်။ “အသုံးမကျတဲ့ ကောင်မတွေ.. ဒီလောက် သေးငယ်တဲ့ အလုပ်လေးကိုတောင် သေချာမလုပ်နိုင်ကြဘူး။ ငါက နင်တို့ကို ဘာအတွက် မွေးထားတာလဲ။ အခုတော့ ငါကိုယ်တိုင် ကောင်းကင်ကြေးမုံကို လာကိုင်နေရပြီ မဟုတ်လား..”

အားလုံး ခေါင်းငုံ့ထားကြပြီး စကားတစ်ခွန်းမှ မဟရဲကြပေ။

သူတော်စင် ယွိယောင် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ကောင်းကင်ကြေးမုံဆီ လျှောက်သွားကာ ကြေးမုံမျက်နှာပြင်ပေါ် လက်တင်လိုက်သည်။ သူ၏ အားကောင်းလှသော မဟာတက်လှမ်းခြင်း စွမ်းအားများက ရေလှိုင်းများလို စီးထွက်သွားတော့သည်။ ကြောက်မက်ဖွယ် ဖိအားများ အောက်တွင် ကြေးမုံကြီး တုန်ခါလာပြီး မျက်နှာပြင်က ရေလှိုင်းများလို လှုပ်ခတ်ကာ တကျွိကျွိ အော်မြည်လာ၏။

ယောင်ချီမှ တပည့်များနှင့် အကြီးအကဲများ အားလုံးက အားကျရိုသေသော မျက်လုံးများနှင့် ကြည့်နေကြလေသည်။

ဒါက... မဟာတက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦးရဲ့ စွမ်းအားပဲ..

သူတို့အားလုံး ပေါင်းလျှင်ပင် ကောင်းကင်ကြေးမုံကို ထိုကဲ့သို့ မလှုပ်ခတ်နိုင်ပေ။ သို့သော်လည်း သခင်မတစ်ယောက်တည်းနှင့်တင် ကြေးမုံကြီးက ယခင်ထက် ပိုတောက်ပလာပြီး ပတ်ဝန်းကျင် တစ်ခုလုံးကို ငွေရောင်အလင်းများ လွှမ်းခြုံသွားစေ၏။

ခဏကြာသော် သူတော်စင် ယွိယောင်က စွမ်းအားလွှတ်ထုတ်ခြင်းကို ရပ်လိုက်သည်။

သူ၏ မျက်ခုံးများက တွန့်ချိုးနေပြီး မျက်နှာကလည်း စိမ်းလိုက်နီလိုက် ဖြစ်နေ၏။ ဘေးသို့ ချထားသော သူ၏လက်များကလည်း အနည်းငယ် တုန်ရီနေသည်။

“သခင်မ... ဘာတွေ့လဲ။ အဲဒီမဟာရေဓာတ်စိတ်ဝိညာဉ်အမြစ် ကျင့်ကြံသူရဲ့ တည်နေရာကို သိပြီလား။”

အကြီးအကဲတစ်ယောက်က ဖားချင်သော လေသံနှင့် ဝင်ပြောသည်။ “ထင်ထားတဲ့အတိုင်းပဲ။ သခင်မပဲ ဒါကို ကိုင်တွယ်နိုင်တာ။ ကျွန်မတို့က သခင်မရဲ့ စွမ်းအားကို ဘယ်လို ယှဉ်နိုင်ပါ့မလဲ။”

“အကြီးအကဲ ဟွာချင်း ပြောတာ မှန်တယ်။ ဒီလောကမှာ သခင်မရဲ့ နတ်ဘုရားမျက်စိကနေ ဘယ်သူကများ လွတ်နိုင်မှာလဲ။”

“ပါးစပ်ပိတ်ထား..” သူတော်စင် ယွိယောင် ရုတ်တရက် ဟိန်းဟောက်လိုက်ရာ အကြီးအကဲများ အားလုံး ချက်ချင်း ငြိမ်ကျသွား၏။

တကယ်တမ်း ခုနက ကောင်းကင်ကြေးမုံကို သုံးပြီးသည့်တိုင် သူ ဘာမှမမြင်ခဲ့ရပေ။

မဟာတက်လှမ်းခြင်းအဆင့် ရောက်နေသည့်တိုင် ထိုမဟာရေဓာတ်စိတ်ဝိညာဉ်အမြစ် ကျင့်ကြံသူ ဘယ်သို့ ပျောက်သွားသလဲဆိုသည်ကို သူ ရှာမတွေ့ပေ...

ထိုသို့ မရေမရာ အဖြစ်မျိုး သူ တစ်ခါမှ မကြုံဖူးပေ။ သို့သော် ယခုနှစ်ထဲတွင်တော့ ၎င်းက ပထမဆုံးအကြိမ် မဟုတ်တော့ပေ။ ဓားကျောင်းတော်နှင့် ဓားကျောင်းတော်ဘိုးဘေး၏ တည်နေရာကို တွက်ချက်စဉ်ကလည်း ထိုကဲ့သို့ ဖြစ်ခဲ့ဖူး၏။ ကောင်းကင်ယံက ဖုံးကွယ်ခြင်း ခံထားရသလိုပင်။ အရာအားလုံးက မြူနှင်းများကြားထဲ ရောက်နေသလိုပင်။ ထိုမြူများကိုသာ ဖယ်လိုက်နိုင်လျှင် အရာအားလုံး မြင်ရတော့မလိုလိုနှင့်.. အမြဲတမ်းပင် လက်တစ်ကမ်းအကွာ လိုနေခဲ့သည်။

တတိယအကြိမ်မြောက် အတိဒုက္ခ မဟာတက်လှမ်းခြင်းအဆင့် ရောက်နေတဲ့သူမှသာ ၎င်းကို ဖောက်ထွင်းမြင်နိုင်လောက်မည်

သို့သော် သူကတော့ အရှုံးကို အပြင်သို့ မပြနိုင်ပေ။

သူက စိတ်ကို ပြန်ထိန်းပြီး တည်တည်ငြိမ်ငြိမ်နှင့်ပင် ပြောလိုက်သည်။ “နင်တို့က ယောင်ချီ မြင့်မြတ်နယ်မြေရဲ့ လေးစားရတဲ့ အကြီးအကဲတွေပဲ။ ဒီလိုမျိုး တစ်ယောက်နဲ့တစ်ယောက် ငြင်းခုံနေတာတွေ၊ ဖားနေတာတွေက သင့်တော်ရဲ့လား။ ငါ အဲဒီ မဟာရေဓာတ်စိတ်ဝိညာဉ်အမြစ် ကျင့်ကြံသူရဲ့ တည်နေရာကို ရှာတွေ့ပြီးပြီ။ ပစ်မှတ်က အမြဲတမ်း လှုပ်ရှားနေတာမို့ ဖမ်းရတာ မလွယ်ဘူး။ အခုကစပြီး ငါကိုယ်တိုင် ကောင်းကင်ကြေးမုံကို စောင့်ကြည့်မယ်။ နင်တို့တွေ လုပ်စရာရှိတာ သွားလုပ်ကြတော့။ လူစုခွဲလိုက်..”

ယောင်ချီမှ အကြီးအကဲများနှင့် တပည့်များက ရုတ်တရက် သဘောပေါက်သွားကြသလို ဖြစ်သွားကြသည်။

ဪ... ဒါကြောင့်ကိုး။

သခင်မက အဲဒီလူရဲ့ တည်နေရာကို ရှာမတွေ့ဘူးလို့ ထင်မိမလို့ ရှိသေးတယ်။

တကယ်တော့ ပစ်မှတ်က တစ်ချိန်လုံး ရွေ့လျားနေလို့ကိုး။

အတော်လေး ပါးနပ်တာပဲ..

ယခု သူတော်စင် ယွိယောင် ကိုယ်တိုင် ကောင်းကင်ကြေးမုံကို ကိုင်တွယ်နေပြီဖြစ်ရာ သူတို့လည်း ဝမ်းသာအားရနှင့်ပင် ထွက်သွားကြ၏။ တစ်ယောက်ပြီးတစ်ယောက် လူစုခွဲသွားကြတော့သည်။

တိတ်ဆိတ်နေသော ကောင်းကင်ကြေးမုံကြီးကို ကြည့်နေပြီး သူတော်စင် ယွိယောင် တစ်ယောက်တည်း ငေးငိုင်ကျန်ရစ်ခဲ့၏။

...

တစ်ချိန်တည်းမှာပင် ကမ္ဘာငယ်ထဲမှာတော့...

“ငါတို့က တွေ့တွေ့ချင်းပဲ အပေးအယူ တည့်သွားကြတာပဲ။ စကားပုံ ရှိတယ်လေ။ ကိစ္စတစ်ခုက ဒီနေ့ပဲ ကောင်းနေတာကို နောက်တစ်နေ့အထိ ဘာလို့ စောင့်နေမှာလဲ။ ဒီမှာရှိတဲ့ ကျင့်ကြံသူ မိတ်ဆွေတွေရှေ့မှာပဲ ငါတို့ အခုပဲ ညီအစ်ကို တော်စပ်လိုက်ကြရင် ဘယ်လိုလဲ။” လျိုရှား တောင်ထိပ်ပေါ်တွင် ချန်ဟွိုက်အန်က ကျန်းမုန့်ချူး ပုခုံးကို ပုတ်ပြီး ဖြဲရယ်ကာ ပြောလိုက်သည်။

ကျန်းမုန့်ချူးက ယခုတွင် ကျန့်ဝူမြင့်မြတ်နယ်မြေ၏ တကယ့် အုပ်ချုပ်သူပင်။

အကယ်၍ သူတို့ကို မဟာမိတ်အဖြစ် သိမ်းသွင်းနိုင်ပြီး နောင်တစ်ချိန် ကျန့်ဝူမြင့်မြတ်နယ်မြေ တစ်ခုလုံးကိုပင် ကမ္ဘာငယ်ထဲ ခေါ်လာနိုင်လျှင်...

ထိုအခါ သူ၏ ဂိုဏ်းဆင့်ခေါ်မိန့်ဖြင့် ကျန့်ဝူမြင့်မြတ်နယ်မြေမှ ကျင့်ကြံသူများပင် ဆင့်ခေါ်၍ ရနိုင်ပြီ မဟုတ်ပါလား။..

လင်းရှီးတောင်ကြားကို သိမ်းသွင်းပြီးနောက် ဆင့်ခေါ်မိန့်က ထိုမှတပည့်များကို ခေါ်ယူနိုင်သော စွမ်းအား ရလာကြောင်းကို သူ ရှာဖွေတွေ့ရှိခဲ့သည်။ အဂ္ဂိရတ်ဂိုဏ်းကို သိမ်းသွင်းပြီးသော အခါမှာလည်း ထိုကဲ့သို့ ဖြစ်ခဲ့သည်။ အကယ်၍ ကျန့်ဝူမြင့်မြတ်နယ်မြေကိုပါ သိမ်းသွင်းနိုင်လျှင်. ထိုမှ ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့် အကြီးအကဲများက ကျန်းမုန့်ချူး တစ်ယောက်တည်း မကသည်မှာ သေချာ၏။ ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူများလည်း ရှိနေဦးမည် ဖြစ်သည်။

ထိုအဆင့်များက ခေတ်သစ်ကမ္ဘာတွင် လမ်းလျှောက်နေသော နျူကလီးယားဗုံးများလိုပင်။

ညီအစ်ကို တော်မှ ဖြစ်မယ်..

အခု ဒီနေရာမှာပဲ..

ကျန်းမုန့်ချူးက ဟင်းလင်းပြင်ပေါင်းစည်းခြင်း အဋ္ဌမအဆင့်ရှိ ထိုသို့ ကြောက်စရာကောင်းသော မိစ္ဆာအိုကြီး ချန်ဟွိုက်အန်မှာ ထိုမျှအထိ ဖော်ဖော်ရွေရွေရှိပြီး လူမှုရေး သိတတ်လိမ့်မည်လို့ မထင်ထားခဲ့ပေ။

သူကိုယ်တိုင်လည်း တစ်ချိန်က တာအိုလမ်းစဉ်ပေါ်တွင် လေလွင့်ဓားသမား တစ်ယောက် ဖြစ်ခဲ့ဖူး၏။

ထိုဓားသခင်နှင့် ညီအစ်ကို တော်စပ်ချင်သော်လည်း သူ့၏ အန္တရာယ်များလှသော အစီအစဉ်ကို တွေးမိပြီး နောက်ဆုံးတွင်တော့ ခေါင်းခါလိုက်သည်။

“ဓားသခင်ချန်... မင်းရဲ့ စေတနာကို ငါ တကယ်ပဲ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ဒီအဘိုးကြီးက သေမင်းဆီကို လျှောက်လှမ်းနေတဲ့ လူတစ်ယောက်ပဲ။ တစ်ပိုင်းသေနေတဲ့ ခန္ဓာကြီးနဲ့ ဘာမှ ကတိသစ္စာပြုနေဖို့ မလိုပါဘူး။”

ချန်ဟွိုက်အန် မျက်မှောင်ကြုတ်လိုက်တယ်။ “ဒီသခင် မြင်ရတာတော့ မင်းရဲ့ မျက်နှာကလည်း သွေးရောင်လွှမ်းလို့၊ အခြေခံကလည်း ခိုင်မာလို့၊ အသက်စွမ်းအားတွေကလည်း ပြည့်ဝနေတာပဲ။ ဘယ်လိုလုပ် သေမင်းဆီ လျှောက်လှမ်းနေတယ် လို့ ပြောရတာလဲ။”

ကျန်းမုန့်ချူး လက်ယှက်ကာ နှုတ်ဆက်ပြီး ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။ “ငါ့ဆီမှာ မဟာရေဓာတ်စိတ်ဝိညာဉ်အမြစ် ဘယ်လိုလုပ် ရုတ်တရက် ရောက်လာတာလဲဆိုတာ မင်း မတွေးမိဘူးလား။” ဖြတ်ထုတ်ထားသော ဓားစိတ်ဝိညာဉ်အမြစ်နှင့် သတ္တုစိတ်ဝိညာဉ်အမြစ်များ ထုတ်ပြီး သူက ချန်ဟွိုက်အန်ကို ပြလိုက်လေသည်။ “ဒါက မဟာရေဓာတ်စိတ်ဝိညာဉ်အမြစ် ရဖို့အတွက် ကျန်တဲ့ စိတ်ဝိညာဉ်အမြစ်နှစ်ခုကို ဖျက်ဆီးခဲ့လို့ပဲ။ ဒါကို မဟာယင်ဓားအသိနဲ့ ငါ သန့်စင်ခဲ့တာ။”

အားလုံးက အံ့ဩတုန်လှုပ်သွားကြ၏။

ချန်ဟွိုက်အန်ဟာ သွေးစိုနေသော စိတ်ဝိညာဉ်အမြစ်များကို မြင်လိုက်ရသောအခါ မျက်ခုံးများ တွန့်သွားသည်။

သူ့ရဲ့ စိတ်ဝိညာဉ်အမြစ်တွေကို ကိုယ်တိုင် ဖြတ်ထုတ်လိုက်တာလား။ ဒီလောက်တောင် ရက်စက်တာလား။

ပြီးတော့ သူက အဆင့်တစ်ခုလုံးတောင် လျော့ကျသွားသေးတယ်။

ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့်မှာ အဆင့်တစ်ခု လျော့ကျသွားတယ်ဆိုတာ ဒီတစ်သက်မှာ ဘယ်တော့မှ ပြန်မတက်နိုင်တော့တာမျိုးလည်း ဖြစ်နိုင်တာပဲ။

“ဘာက မင်းကို ဒီလိုလုပ်ဖို့ တွန်းအားပေးခဲ့တာလဲ။” ချန်ဟွိုက်အန်က မကောင်းသော အငွေ့အသက်ကို ခံစားနေရလေပြီ။

ကျန်းမုန့်ချူးက ကျင်းကော့ ချင်ဧကရာဇ်ကို လုပ်ကြံသလိုမျိုး တစ်ယောက်ယောက်ကို လုပ်ကြံဖို့အတွက် သူ့ကိုယ်သူ စတေးဖို့ ပြင်နေတာလား။

“ငါကိုယ်တိုင် ထောင်ချောက်ထဲကို တိုးဝင်သွားဖို့ စဉ်းစားထားတယ်။ သူတော်စင် ယွိယောင်ကို ငါနဲ့အတူ သေတွင်းထဲ ဆွဲခေါ်သွားနိုင်ရင် ဒါဟာ ချင်းယွန်ဘုံက အညစ်အကြေး တစ်ခုကို ဖယ်ရှားလိုက်တာပဲ။ ကျန့်ဝူမြင့်မြတ်နယ်မြေရဲ့ နာကျည်းစရာ သွေးကြွေးကိုလည်း ဆပ်ပြီးသား ဖြစ်သွားမယ်။ ဖန်ကျင်းဂိုဏ်းအတွက်ကတော့... နောက်မှပဲ စောင့်ကြည့်ရမှာပေါ့။”

ကျန်းမုန့်ချူးက သက်ပြင်းချရင်း သူ၏အစီအစဉ်ကို ဖွင့်ပြောပြလိုက်သည်။

“ငါ လျို့ဝှက်ပညာရပ်တစ်ခုကို ကျင့်ကြံထားတယ်။ ကိုယ်တိုင် ထုတ်မပြသရွေ့တော့ ဘယ်သူမှ ငါ့ရဲ့ ကျင့်ကြံမှုကို ဖောက်ထွင်းမြင်နိုင်မှာ မဟုတ်ဘူး...”

သူ ခဏရပ်သွားပြီး ချန်ဟွိုက်အန်ကို မသိမသာ လှမ်းကြည့်လိုက်သည်။

“ဒါပေမဲ့ မင်းက ငါ့ရဲ့ သရုပ်မှန်ကို ဘယ်လိုမြင်သွားလဲဆိုတာ အခုထိ မသိသေးဘူး။ အရင်ကတော့ စိတ်ချရတယ်လို့ ထင်ခဲ့ပေမဲ့ အခုတော့ ငါ့ရဲ့အစီအစဉ်က နည်းနည်းလေး ယိုင်နဲ့သွားသလိုပဲ။ ဘာပဲဖြစ်ဖြစ် ငါ့မှာ အစီအစဉ် နှစ်ခု ရှိတယ်။ ပထမက သူတော်စင် ယွိယောင် အားနည်းနေတဲ့ အချိန်မှာ သူ့အနားကို ချဉ်းကပ်ပြီးတော့ ငါ့ဝိညာဉ်ကို ဖောက်ခွဲပစ်မယ်။ ဒုတိယက သူ သိမ်းပိုက်ဖို့ ပြင်နေတဲ့ ခန္ဓာကိုယ်ကို သတ်ပစ်မယ်။”

“ဘိုးဘေး... ဒါတော့ မလုပ်ပါနဲ့..” သူ၏စကား မဆုံးခင်မှာပဲ ချန်ဟွိုက်အန်၏ အနောက်ရှိ စုချီနျန်က ရုတ်တရက် ဝင်ပြောလိုက်၏။

ကျန်းမုန့်ချူး ရယ်မောလိုက်ပြီး လက်နှစ်ဖက်ကို နောက်ပစ်ကာ နေဝင်ချိန်ကို ငေးကြည့်ရင်း ပြောလိုက်သည်။ “ကျန့်ဝူမြင့်မြတ်နယ်မြေက ငါ့အပေါ် ထားတဲ့ ကျေးဇူးတွေက အတိုင်းအဆ မရှိပါဘူး။ ငါ့ရဲ့ အသက်က ဘာမှတန်ဖိုးမရှိပါဘူး။ ဘာမှမပါဘဲ လာခဲ့တာလေ။ ဘာမှမပါဘဲ ပြန်သွားရုံပဲ။ ငါ့ရဲ့ သေခြင်းတရားက အဲဒီမိစ္ဆာမ ယွိယောင်ကို အပါခေါ်သွားနိုင်ပြီး ချင်းယွန်ဘုံကို ငြိမ်းချမ်းစေနိုင်မယ်ဆိုရင် ဘာလို့ မလုပ်ရမှာလဲ။”

“ကျွန်တော် ပြောတာ အဲဒါကို မဟုတ်ပါဘူး။” စုချီနျန် တွန့်ဆုတ်တွန့်ဆုတ်နှင့် ပြောလိုက်သည်။ “ကျွန်တော် ဆိုလိုတာက... သူတော်စင် ယွိယောင် ရွေးထားတဲ့ ခန္ဓာကိုယ်က ကျွန်တော့်ရဲ့ တိုက်ရိုက်တပည့် ယွဲ့ချန်ချီ ဖြစ်နေလို့ပါ။ အကယ်လို့ ခင်ဗျားက ယွဲ့ချန်ချီကို သတ်ပစ်မယ် ဆိုရင်တော့ တကယ်ကို အဆင်မပြေပါဘူး...”

ကျန်းမုန့်ချူး၏အပြုံးက အေးခဲသွား၏။

သြော်...

ဒါဆို သူက ငါ့ကိုယ်ငါ ဖောက်ခွဲပစ်မယ့်ကိစ္စကို စိုးရိမ်နေတာ မဟုတ်ဘူးပေါ့။

သူ့ရဲ့ တပည့်လေး သေမှာကိုပဲ မလိုလားတာပေါ့ ဟုတ်လား။

ကောင်းပြီလေ၊ ဓားကျောင်းတော်ဂိုဏ်းချုပ်။

ဒီကျန်းမုန့်ချူးက ဒါကို မှတ်ထားလိုက်ပါ့မယ်။

...

All Chapters