← Chapters

ယွိယောင်မှာလည်း တာအိုလက်တွဲဖော် ရှိတာလား

Vol. 32 Ch. 316

ယွိယောင်မှာလည်း တာအိုလက်တွဲဖော် ရှိတာလား

Vol. 32 Ch. 316

“ဂိုဏ်းချုပ်စု... ဒီအဘိုးကြီးအနေနဲ့ မင်းရဲ့ တိုက်ရိုက်တပည့်အပေါ်ထားတဲ့ သံယောဇဉ်ကို နားလည်ပါတယ်။ ဒါပေမဲ့ သူတော်စင် ယွိယောင်ကို တားဆီးဖို့ဆိုရင်တော့ စတေးမှုတွေ လုပ်ကို လုပ်ရမှာပဲ။”

ကျန်းမုန့်ချူး၏ မျက်နှာထားမှာ အလွန် တည်ကြည်လေးနက်နေ၏။

ထိုစကားကို ပြောရခြင်းအတွက် သူ့ကိုယ်သူ ကြောင်သူတော်ဟု မခံစားရပေ။ အကြောင်းမှာ သူကိုယ်တိုင်လည်း မိမိကိုယ်ကို စတေးရန် ပြင်ဆင်ထားပြီးသား ဖြစ်သောကြောင့်ပင်။

ဘာလဲ။ ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့် နောက်ဆုံးအဆင့်မှာရှိတဲ့ သူရဲ့စတေးမှုက ဓားကျောင်းတော်က တပည့်မလေးတစ်ယောက်ရဲ့ အသက်ထက် ပိုတန်ဖိုးနည်းနေလို့လား။

“အဲ... ညီအစ်ကိုမုန့်ချူး... အဲဒီတပည့်မလေးက ဒီသခင် တော်တော်လေး သဘောကျတဲ့ ကလေးမလေး ဖြစ်နေလို့ပါ။” ချန်ဟွိုက်အန် အိုးတိုးအန်းတန်း ရယ်မောရင်း ကောင်းကင်သို့ ခေါင်းမော့ကြည့်လိုက်သည်။

သူပြောလိုက်သည့် စကား၏ တစ်ဝက်မှာ စိတ်ရင်းပင် ဖြစ်သည်။ ယွဲ့ချန်ချီ၏ စရိုက်ရော၊ လက်ဖွာပုံရော အားလုံးက ချစ်စရာကောင်းသည့် ကလေးမလေး ဖြစ်သည်။

ကျန်တစ်ဝက်ကတော့ လီချင်းရန်အတွက် ဖြစ်သည်။ အကယ်၍ ယွဲ့ချန်ချီသာ သေဆုံးသွားပါက ထိုကလေးမလေးသည် အချိန်အတော်ကြာ ဝမ်းနည်းကြေကွဲနေမည်မှာ သေချာသည်။

အဓိကတာဝန်၏ အသိပေးချက်များအရ ယွဲ့ချန်ချီ သေဆုံးခြင်းက ချင်းရန်၏ စိတ်ထဲတွင် ဖျောက်ဖျက်မရသော ဒဏ်ရာတစ်ခု ဖြစ်သွားစေလိမ့်မည်။

ဆရာတစ်ယောက်အနေနှင့် ထိုကဲ့သို့ အဖြစ်မျိုးကို သူ မည်သို့ ခွင့်ပြုနိုင်ပါ့မည်နည်း။

စုချီနျန်တွင် အင်အားရော ဝါရော မရှိသဖြင့် ကျန်းမုန့်ချူးက စိတ်ကြိုက် ဆုံးမနိုင်သော်လည်း...

ချန်ဟွိုက်အန်တွင်မူ အင်အားရော၊ အဆင့်အတန်းပါ ရှိနေသည်။

သူက ထိုသို့ပြောလိုက်သည်နှင့် ကျန်းမုန့်ချူး ပြောစရာစကား မဲ့သွားပြီး ချန်ဟွိုက်အန်ကိုသာ ကြည့်နေတော့သည်။

သူ၏မျက်လုံးများထဲတွင် မကျေနပ်မှုများ ပြည့်နှက်နေ၏။

“ဟူး... ညီအစ်ကိုမုန့်ချူး။ အစီအစဉ်ဆိုတာ လူတွေပဲ ဆွဲကြတာ မဟုတ်လား။ ဒီသခင်ကို အဲဒီလိုကြီး ကြည့်မနေပါနဲ့...”

ချန်ဟွိုက်အန် အနေရခက်စွာ ရယ်မောရင်း အကြည့်ကို လွှဲလိုက်ပြန်သည်။ ကောင်းကင်ယံကို မော့ကြည့်ကာ အပေါ်မှ ပျံသန်းနေသော ငှက်များ၏ အမွှေးကို စိတ်ထဲမှ ထိုင်ရေနေမိတော့သည်။

ကျန်းမုန့်ချူးကလည်း အလျှော့မပေးဘဲ ပြတ်ပြတ်သားသားပင် ပြောလိုက်သည်။ “ဒါဆိုရင် ငါတို့မှာ လမ်းတစ်လမ်းပဲ ကျန်တော့တယ်။ သူတော်စင် ယွိယောင်ကို လုံးဝသေချာပေါက် သတ်နိုင်မှဖြစ်မယ်။ ဒါပေမဲ့ ဒီအဘိုးကြီးမှာ အဲဒီလောက်အထိ ယုံကြည်ချက်မရှိဘူး။ သူ ကျင့်ကြံနေတဲ့ အရေးကြီးတဲ့အချိန်မှာ ငါ့ကိုယ်ငါ ဖောက်ခွဲပစ်ရင်တောင် အလွန်ဆုံး သူရဲ့ အခြေခံအုတ်မြစ်ကိုပဲ ထိခိုက်စေမှာ။ ဓားသခင်ချန်၊ မင်းမှာရော အကြံရှိလား။”

ချန်ဟွိုက်အန်က စုချီနျန်ဘက်ကို လှည့်ကြည့်လိုက်သည်။ “ဂိုဏ်းချုပ်စု... မင်းမှာရော အကြံ ရှိလား။”

စုချီနျန်က ကြောင်တောင်တောင်ဖြင့် မိမိကိုယ်ကို လက်ညှိုးထိုးပြလိုက်၏။ “ဗျာ။ ကျွန်တော့်ကို ပြောတာလား..”

“ဟုတ်တယ်။ မင်းရဲ့ တိုက်ရိုက်တပည့်ပဲလေ။ သူ့ကို ကယ်ချင်တာဆိုရင် မင်းရဲ့ ဦးနှောက်ကို သုံးရမှာ မင်းအလုပ်ပဲ။”

စုချီနျန်၏ မျက်နှာမှာ ဖြူဖျော့သွားသည်။ သူ ဦးနှောက်ကို အစွမ်းကုန် ခြစ်ထုတ်၍ စဉ်းစားသော်လည်း ဘာမှ ထွက်မလာပေ။

တကယ်တမ်း သူက မိမိကိုယ်ကို မဟာရေဓာတ်စိတ်ဝိညာဉ်အမြစ် ပေးရန် စဉ်းစားခဲ့ဖူးသော်လည်း မအောင်မြင်ခဲ့ပေ။

လူတိုင်းသည် ကျန်းမုန့်ချူးကဲ့သို့ ထူးဆန်းသော အခြေအနေကောင်းများ ပိုင်ဆိုင်ထားကြသည် မဟုတ်ပေ။ ရေစိတ်ဝိညာဉ်အမြစ် သန့်စင်နေရန်နှင့် မဟာယင်ဓားအသိကို အဓိကထား ကျင့်ကြံနေရန် လိုအပ်သည်။

အားလုံး လမ်းပျောက်နေသည့်အချိန်တွင်...

တန်ပိုင်က လူအုပ်ထဲမှ ရုတ်တရက် အရှေ့သို့ ထွက်လာပြီး ချန်ဟွိုက်အန်နှင့် ကျန်းမုန့်ချူးတို့ကို အလေးအနက် ဦးညွှတ်လိုက်သည်။

“အစ်မချန်းချီကို ကယ်တင်ဖို့ကိစ္စနဲ့ ပတ်သက်ပြီး... ဒီဂျူနီယာမှာ သိပ်ပြီး မချောမွေ့လှတဲ့ အကြံတစ်ခုတော့ ရှိပါတယ်။”

ကျန်းမုန့်ချူးသည် ရှေ့တွင် ရပ်နေသော ဝတ်စုံဖြူဝတ်ထားပြီး မျက်နှာလေးဖြူကာ အနည်းငယ် ကြောက်ရွံ့ပုံပေါက်နေသော မိန်းကလေးကို ကြည့်လိုက်သည်။ သူ့ကို မြင်ဖူးသလို ရှိသည်။ ခဏမျှ စဉ်းစားပြီးနောက် သူ ရုတ်တရက် မှတ်မိသွားကာ တအံ့တသြ ပြောလိုက်သည်။ “ဒီအဘိုးကြီး မင်းကို သိတယ်။ မင်းက... မင်းက အဂ္ဂိရတ်သူတော်စင်ရဲ့ သမီး မဟုတ်လား။ နာမည်က တန်ပိုင် ထင်တယ်။”

တန်ပိုင်က ခါးသီးစွာ ပြုံးလိုက်ပြီး လက်ယှက်လိုက်သည်။ “အမေက သူ့ကိုယ်သူ အဂ္ဂိရတ်သူတော်စင်လို့ ဘယ်တော့မှ မခေါ်ခဲ့ပါဘူး။ အဲဒီဘွဲ့က တခြားလူတွေက မြှောက်ပင့် ပေးခဲ့ကြတာပါ။ နာမည်ကျော်ကြားမှု အတုအယောင်တွေက ဒုက္ခပဲ ပေးတတ်တယ်လို့ အမေ အမြဲ ပြောလေ့ရှိတယ်...”

သူ ခဏရပ်လိုက်သည်။ “အခု ပြန်စဉ်းစားကြည့်ရင် အဲဒီ နာမည်ကျော်ကြားမှုသာ မရှိရင် အမေ ယောင်ချီ မြင့်မြတ်နယ်မြေရဲ့ ဖမ်းဆီးတာကို ခံရမှာ မဟုတ်ဘူး ထင်ပါတယ်။”

“ဒါဆို မင်းအမေလည်း ယောင်ချီရဲ့ ဖမ်းဆီးတာ ခံလိုက်ရတာပေါ့။” ကျန်းမုန့်ချူးက အံကို ကြိတ်လိုက်သည်။ သူက ဟိန်းဟောက်လိုက်၏။ “တောက်.. ယောင်ချီ မြင့်မြတ်နယ်မြေ... သူတို့ရဲ့ ဒီလို ထူးဆန်းတဲ့ အမူအရာတွေကို ငါတို့ ဘာလို့ စောစောက သတိမထားမိခဲ့တာလဲ။ အဲဒီ ယွိယောင်ဆိုတဲ့ မိန်းမယုတ်က အင်မော်တယ်ဖြစ်ဖို့ဆိုရင် ဘာမဆို လုပ်မယ့်သူပဲ..”

သူ ခဏလောက် တတွတ်တွတ် ရေရွတ်နေပြီးမှ တန်ပိုင်တွင် အကြံရှိသည်ဟု ပြောသည်ကို သတိရသွားကာ အမြန်မေးလိုက်သည် -

“မင်းရဲ့ အစီအစဉ်က ဘာလဲ။ ပြေပါဦး။”

“ဒီဂျူနီယာ ကြားလိုက်ရတာကတော့ သူတော်စင် ယွိယောင်ဟာ ဆရာကြီးကျန်းနဲ့ တိုက်ပွဲမှာ အုတ်မြစ် ထိခိုက်သွားပြီး ဒုတိယအကြိမ်မြောက် အတိဒုက္ခ မဟာတက်လှမ်းခြင်းအဆင့်ကနေ ပထမအကြိမ်ထိ ကျသွားတယ်လို့ ဆိုပါတယ်။ ဒါက သေချာလား။”

“သေချာတယ်။” ကျန်းမုန့်ချူး ခေါင်းညိတ်လိုက်သည်။ “ဒါ သူတော်စင် ချုံးဟွာရဲ့ ဝိညာဉ်ကို သန့်စင်ရာကနေ သိခဲ့ရတာ။ သူက ယွိယောင်ရဲ့ ရင်းနှီးတဲ့ လက်ရုံးပဲ။ ဒီဒဏ်ရာက သူ့ကို ဖုံးကွယ်ထားလို့ မရဘူး။ ဒါကြောင့် ဒါက သေချာပေါက် အမှန်တရားပဲ။”

တန်ပိုင်၏ မျက်ဝန်းများ တောက်ပသွား၏။ “ဆရာကြီး ကြားဖူးပါသလား... မဟာရေဓာတ် စိတ်ဝိညာဉ်အမြစ်က ဆေးဖော်စပ်ဖို့အတွက်ရော၊ ကျင့်ကြံရေးအိုးအတွက်ပါ အကောင်းဆုံး ခန္ဓာကိုယ်ဖြစ်တယ်ဆိုတာကိုလေ။”

ကျန်းမုန့်ချူး ခဏမျှ ဆိုင်းသွား၏။ “ကြားဖူးတယ်... ဒါပေမဲ့ အိုးကိစ္စက ဘာဆိုင်လို့လဲ။”

တန်ပိုင်က ဆက်ပြောသည်။ “သူတော်စင် ယွိယောင်ရဲ့ အုတ်မြစ် ထိခိုက်သွားပြီဆိုတော့ သူက ကျင့်ကြံမှု ထပ်မကျသွားအောင် အခြေအနေကို ထိန်းသိမ်းဖို့ အသည်းအသန် လိုအပ်နေလိမ့်မယ်။ သူက ကျွန်မရဲ့ အမေကို ကမ္ဘာဦး ကောင်းကင်ပြင်ဆင်ဆေး အတင်းအကျပ် ဖော်ခိုင်းမှာ သေချာသလို အမေ ဖော်မပေးနိုင်ရင်တောင် အဲဒီဆေးရဖို့ လောကကို ပြောင်းပြန်လှန်ပြီးရှာမှာ။”

“အဲဒီဆေးက အစွမ်းထက်တယ်ဆိုပေမဲ့ ဆုံးရှုံးသွားတဲ့ ကျင့်ကြံမှုကို ချက်ချင်း ပြန်ရစေတာမျိုး မဟုတ်ဘူး။”

“ဒါပေမဲ့ အဲဒါကို မဟာရေဓာတ်စိတ်ဝိညာဉ်အမြစ်နဲ့ တွဲဖက် အသုံးပြုလိုက်မယ်ဆိုရင် ဆေးရဲ့ အာနိသင်ကို အဆပေါင်းများစွာ မြှင့်တင်ပေးနိုင်တယ်..”

ကျန်းမုန့်ချူး တိတ်သွား၏။ သူ၏ လက်ချောင်းများက အနည်းငယ် လှုပ်ရှားသွားသည်။ “တွဲဖက်အသုံးပြုတယ် ဆိုတာက အတိအကျ ဘာကို ဆိုလိုတာလဲ။”

“နှစ်မွှာကျင့်စဉ်ပါ...” တန်ပိုင်က ဖြေလိုက်သည်။ “တကယ်တော့ စီနီယာတို့အနေနဲ့ သူတော်စင် ယွိယောင်ကို တစ်ချက်တည်းနဲ့ အပြတ်သတ်ဖို့ပဲ အာရုံစိုက်နေစရာ မလိုပါဘူး။ သူ ကျင့်ကြံခြင်း မဟာတက်လှမ်းခြင်းအဆင့်အောက်ကို ကျသွားမယ်ဆိုရင် စီနီယာတို့အားလုံး စုပေါင်းပြီး သူ့ကို မနှိမ်နင်းနိုင်ဘူးလား။”

“မဟာတက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတွေက သူတို့ ကျင့်ကြံနေချိန်မှာတောင် အမြဲတမ်း သတိရှိနေကြတာ။ သူ့ရဲ့ အနားကို ချဉ်းကပ်နိုင်ရင်တောင်မှ ချောင်းမြောင်းတိုက်ခိုက်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ။”

“ဒါပေမဲ့ နှစ်မွှာကျင့်စဉ်ကတော့ မတူဘူးလေ။ အဲဒီအဆင့်မှာရှိတဲ့ ကျင့်ကြံသူတွေတောင် ကာမဂုဏ်ရဲ့ သာယာမှုကြားမှာ သတိလွတ်တတ်ကြတယ်။ အထူးသဖြင့် နှစ်ပေါင်းထောင်ချီပြီး ယောက်ျားနဲ့ မနီးစပ်ခဲ့တဲ့ သူတော်စင် ယွိယောင်လို လူမျိုးဆိုရင် ပိုဆိုးမှာပေါ့။ တစ်ကြိမ်လောက် နှစ်မွှာကျင့်စဉ် ကျင့်ခွင့်ရမယ်ဆိုရင် သူ့ရဲ့သတိက လျော့သွားမှာ သေချာတယ်..”

ကျန်းမုန့်ချူးက တန်ပိုင်၏ မျက်ဝန်းထဲမှ ပြတ်သားသော အရိပ်အယောင်ကို ကြည့်ကာ ကြောင်အမ်းနေမိသည်။

သူက နှစ်ပေါင်းတစ်ထောင်အတွင်း ရှက်သွေးဖြာခြင်း မရှိခဲ့သော်လည်း ယခုအခါ ရုတ်တရက် သူ၏မျက်နှာကြီး နီရဲလာတော့သည်။

နောက်ဆုံးအကြိမ် သူ ရှက်ခဲ့ဖူးသည်မှာ လူငယ်ဘဝက ပြည့်တန်ဆာရုံသို့ သွားခဲ့စဉ်က ဖြစ်သည်။

ဒီမိန်းကလေး... ငါ့ကို ယွိယောင်ရဲ့ ကျင့်ကြံရေးအိုး လုပ်ခိုင်းနေတာလား...

ဒါက တကယ်ကော အဆင်ပြေပါ့မလား။

သို့သော် သူ ဝန်ခံရမည်မှာ ၎င်းက အမှန်တကယ် အလုပ်ဖြစ်နိုင်ပေသည်။

“ဒါ တကယ် ပါးနပ်တဲ့ လှည့်ကွက်ပဲ..” ချန်ဟွိုက်အန်က မေးစေ့ကို ပွတ်ရင်း စဉ်းစားကာ ပြောလိုက်သည်။ “နှစ်မွှာကျင့်စဉ် ကျင့်နေတဲ့အချိန်မှာ တိုက်ခိုက်မယ်ဆိုရင် မင်း သေစရာတောင် မလိုတော့ဘူး။ သူရဲ့ အခြေခံအုတ်မြစ်ကို ပြင်းပြင်းထန်ထန် ထိခိုက်အောင် လုပ်နိုင်သလို၊ ချီစွမ်းအင် ဖောက်ပြန်အောင်တောင် လုပ်လို့ရတယ်။”

“အဲဒီအချိန် ဒီသခင်က တပည့်တွေကို ဦးဆောင်ပြီး ယောင်ချီကို အပြင်ကနေ တိုက်မယ်။”

“မင်းက အထဲက၊ ငါတို့က အပြင်က၊ ညှပ်ပြီး တိုက်ကြတာပေါ့၊ သူ့ကို ဘက်ပေါင်းစုံကနေ ဝိုင်းထားလိုက်မယ်...”

“သူတော်စင် ယွိယောင် ဘယ်လောက်ပဲ ရက်စက်ပါစေ ဒါကို တောင့်ခံနိုင်ပါ့ဦးမလား...”

ကျန်းမုန့်ချူး ချန်ဟွိုက်အန်ကို အံ့ဩမှင်သက်စွာ ကြည့်နေမိသည်။

သူ့စိတ်ထဲ ညစ်ညမ်းနေသည်လား၊ သို့မဟုတ် ထိုဓားကျောင်းတော်ဘိုးဘေးကပဲ ထိုကဲ့သို့စကား ပြောတတ်တာလား ဆိုတာကို သူ ဝေခွဲမရတော့ပေ။

“ဒါ... ဒါပေမဲ့ သူတော်စင် ယွိယောင်က ယောက်ျားတွေနဲ့ မပတ်သက်ဘူးလေ။ ဒီအဘိုးနဲ့ နှစ်မွှာကျင့်စဉ် ကျင့်ဖို့ သူ သဘောတူအောင် ဘယ်လိုလုပ်မလဲ။”

ကျန်းမုန့်ချူးက စကားအထစ်ထစ် ဖြစ်နေ၏။ ယွိယောင်နှင့် နှစ်မွှာကျင့်စဉ် ကျင့်ရမည့်အစား သူ့ရှေ့တွင် ကိုယ်တိုင်ဖောက်ခွဲပစ်ရခြင်းက ပို၍ လိုက်ဖက်သည်ဟု သူ ခံစားရသည်။

သို့သော် ဆိုးကျိုးက သူ့ကို တကယ် ဒဏ်ရာရအောင် လုပ်နိုင်မနိုင် မသေချာခြင်းပင်။

“ဒီဂျူနီယာဆီမှာ ဆေးတစ်လုံး ရှိပါတယ်။” တန်ပိုင်က ပြောလိုက်သည်။ “အဲဒါကို သောက်ပြီးရင် ခဏတာအတွင်းမှာ မခုခံနိုင်လောက်တဲ့ ဆွဲဆောင်မှုတွေ ထွက်လာလိမ့်မယ်။ အဲဒီဆွဲဆောင်မှုက စီနီယာကို သူတော်စင် ယွိယောင်ရဲ့ အရင် တာအိုလက်တွဲဖော်လို မြင်အောင် လုပ်ပေးလိမ့်မယ်။”

သူက ပန်းရောင်ဆေးလုံးများ ထည့်ထားသော ကြွေပုလင်းလေးကို ထုတ်ယူလိုက်ပြီး မြေခွေးလေး တစ်ကောင်ကဲ့သို့ ကောက်ကျစ်စွာ ပြုံးပြလိုက်သည်။

“သူတော်စင် ယွိယောင်မှာ အရင်က တာအိုလက်တွဲဖော် ရှိခဲ့ဖူးတာလား။” ကျန်းမုန့်ချူးမှာ အံ့အားသင့်သွား၏။ သူတို့က တစ်ခေတ်တည်း ဖြစ်သော်လည်း ထိုသတင်းကို တစ်ခါမှ မကြားဖူးခဲ့ပေ။

“မရှိခဲ့ဘူး။ ဒါပေမဲ့ အဲဒါက အရေးမကြီးပါဘူး။”

တန်ပိုင်က ပုလင်းလေးကို လက်နှစ်ဖက်ဖြင့် မြှောက်ကိုင်လိုက်ပြီး ပြတ်သားသော အသံဖြင့် ပြောလိုက်သည်။

“စီနီယာက သူ့ရှေ့မှာ ဒီဆေးကို သောက်လိုက်တာနဲ့ အဲဒီအချိန်ကစပြီး စီနီယာက သူရဲ့ တာအိုလက်တွဲဖော် ဖြစ်သွားပါလိမ့်မယ်...”

...

All Chapters