← Chapters

လူစကားပြောပါ

Vol. 32 Ch. 317

လူစကားပြောပါ

Vol. 32 Ch. 317

“ဘယ်လိုဆေးမျိုးက ဒီလောက်တောင် ကြောက်စရာကောင်းတဲ့ အာနိသင်ရှိနေရတာလဲ။” ကျန်းမုန့်ချူး အံ့အားသင့်သွားရသည်။

တန်ပိုင်၏လက်ထဲရှိ ကြွေပုလင်းလေးထဲမှ ပန်းရောင်ဆေးလုံးကို အားလုံး စိုက်ကြည့်နေသည်။ သူတို့၏ စူးစမ်းလိုစိတ်ထဲတွင် ကြောက်ရွံ့မှုအနည်းငယ်လည်း ရောယှက်နေ၏။

တန်ပိုင်၏ ပြောကြားချက်အရ ထိုဆေးသည် ဆွဲဆောင်မှုရှိစေသော အာနိသင်ရှိသည်။ သို့သော် ဆေးသောက်သူအပေါ် သက်ရောက်ခြင်း မဟုတ်ပေ။

မဟာတက်လှမ်းခြင်းအဆင့် ကျင့်ကြံသူကိုပင် ပြုစားနိုင်ရန်ဆိုလျှင် ၎င်းက မည်သို့ အဆင့်ရှိသော ဆေးမျိုးဖြစ်မည်နည်း။ ၎င်းက လုံးဝ ယုတ္တိ မရှိပေ..

“ဒီဆေးကို ဟဲဟွမ်းဆေးလုံးလို့ ခေါ်ပါတယ်။” တန်ပိုင်က ရှင်းပြသည်။ “တကယ်တော့ အဖေက အစက မိန်းကလေးတွေကို စိတ်မဝင်စားခဲ့ဘူး။ အမေက ဒီဆေးကို သုံးလိုက်ပြီးမှပဲ အဖေက လိမ်လိမ်မာမာနဲ့ အရှုံးပေးခဲ့တာ။ အဲဒီလိုနဲ့ပဲ ကျွန်မ ဒီလောကထဲ ရောက်လာတာပေါ့။ ဒါပေမဲ့ ဒီဆေးမှာ လိုအပ်ချက်တချို့တော့ ရှိတယ်။ လူနှစ်ယောက်က အနည်းဆုံးတော့ တစ်ယောက်နဲ့ တစ်ယောက် မုန်းမနေဖို့ လိုတယ်။ ပိုကောင်းတာကတော့ သဘောကျတဲ့စိတ် နည်းနည်း ရှိနေရင်ပေါ့။ အဲဒီလိုဆိုမှပဲ ခံစားချက်တွေက အရှိန်အဟုန်နဲ့ မြင့်တက်လာမှာပါ။ အခု စီနီယာကျန်းမှာ မဟာရေဓာတ်စိတ်ဝိညာဉ်အမြစ် ရှိနေပြီ။ နည်းနည်း ပြင်ဆင်လိုက်မယ်ဆိုရင် စီနီယာက လမ်းလျှောက်နေတဲ့ ကောင်းကင်ဘုံရတနာတစ်ခုလို ဖြစ်သွားမှာပဲ။ သူတော်စင် ယွိယောင် မျက်စိကျသွားမှာ သေချာတယ်။”

“ဒါပေမဲ့ အဲဒီသဘောကျတဲ့စိတ် ဆိုတာ အချစ်ရေးနဲ့ မဆိုင်ဘူး မဟုတ်လား။” ကျန်းမုန့်ချူးက နှစ်ပေါင်းထောင်ချီ ရှင်သန်လာခဲ့သော်လည်း ထိုကဲ့သို့ ဆေးအကြောင်း ကြားလိုက်ရသည့်အခါ ကြောင်အမ်းနေဆဲပင်။

“အဲဒါက အရေးမကြီးပါဘူး။” တန်ပိုင် အလေးအနက် ခေါင်းခါပြသည်။ “စီနီယာ ဒီဆေးကိုယူပြီး ကျွန်မအမေနဲ့ အရင်သွားတွေ့သင့်ပါတယ်။ ဒါမှ ဘာမှ အမှားအယွင်းမရှိအောင် သေသေချာချာ ပြင်ဆင်နိုင်မှာပါ။ အမေက ဒီဆေးကို မြင်လိုက်တာနဲ့ ကျွန်မလုပ်ထားတာဆိုတာ ချက်ချင်း သိလိမ့်မယ်။ ပြီးတော့ စီနီယာရဲ့ မဟာရေဓာတ်စိတ်ဝိညာဉ်အမြစ်ကို ကြည့်ပြီး စီနီယာ ဘာမှ ပြောစရာမလိုဘဲ ကျွန်မရဲ့ အစီအစဉ်ကို သူ သဘောပေါက်သွားပါလိမ့်မယ်။ အချိန်ကျရင် သူက စီနီယာ့ကို သေချာပေါက် ကူညီမှာပါ..”

ထိုအခြေအနေသို့ ရောက်သောအခါ ကျန်းမုန့်ချူးတွင် အစီအစဉ်ကို လက်ခံရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့။

သူတော်စင် ယွိယောင် ရွေးချယ်ထားသည့် ခန္ဓာမှာ ဓားကျောင်းတော်၏ တိုက်ရိုက်တပည့် ဖြစ်နေပြီး ဓားကျောင်းတော်ဘိုးဘေး၏ မျက်နှာသာပေးမှုကို ရထားသူ ဖြစ်နေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

သူ့ကို သတ်ရန်မှာ လုံးဝ မဖြစ်နိုင်သော ကိစ္စပင်။ သူသည် မူလက မိမိကိုယ်ကို စတေးရန် ပြင်ဆင်ထားသော်လည်း တန်ပိုင်၏ မဟာဗျူဟာမှာ ပို၍အားသာချက်ရှိနေသည်။ ၎င်းက သူ၏ အလှအပကိုသာ စတေးရန် လိုအပ်ပြီး အသက်ကို စတေးရန် မလိုပေ။ အစီအစဉ်က တောရိုင်း ဆန်လှသော်လည်း အနည်းဆုံးတော့ အသက်ရှင်နိုင်မည့် အခွင့်အရေး ရှိနေသေးသည်။

ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့်အထိ ရောက်အောင် ခက်ခက်ခဲခဲ ကြိုးစားခဲ့ရပြီးမှ မည်သူက သေချင်ပါမည်နည်း။

သူက ကျန့်ဝူမြင့်မြတ်နယ်မြေကို ဆက်လက်ကာကွယ်ပေးပြီး နောင်နှစ်ပေါင်း ထောင်ချီ စည်ပင်ထွန်းကားလာသည်ကို ကြည့်ချင်သေးသည်...

“ဒါပေမဲ့ မင်းပြောသလိုဆိုရင်...” ကျန်းမုန့်ချူးက မျက်မှောင်ကြုတ်လိုက်သည်။ “မင်းအမေက ဒီဆေးကို မြင်ရုံနဲ့ မင်းရဲ့ အစီအစဉ်ကို ရိပ်မိလိမ့်မယ်လို့ ဘယ်လို ယုံကြည်ချက်ရှိနေရတာလဲ။”

“သေချာတာပေါ့။” တန်ပိုင်က မေးစေ့ကို မြှောက်လိုက်ပြီး မျက်ဝန်းများထဲတွင် နွေးထွေးမှုနှင့် တမ်းတမှုများဖြင့် ပြည့်နှက်သွားသည်။ သူက တိုးတိုးလေး ရေရွတ်လိုက်သည်။ “အဲဒါ ကျွန်မရဲ့ အမေလေ... သေးငယ်တဲ့ အသေးစိတ်အချက်လေးပဲ ဖြစ်ဖြစ် ကျွန်မနဲ့ ပတ်သက်နေသရွေ့ သူ သတိထားမိမှာပါ...”

ထိုသားအမိသံယောစဉ်မှာ အကြီးအကဲမုန့်ချူးကို လုံးဝ စကားအဆွံ့ဖြစ်သွားစေ၏။

အစီအစဉ်မှာ အခြေခံအားဖြင့် အတည်ဖြစ်သွားပြီ ဖြစ်သော်လည်း မည်သည်မှ အမှားအယွင်း မရှိစေရန်အတွက် အသေးစိတ်အချက်အချို့ကို ထပ်မံညှိနှိုင်းကာ ပြင်ဆင်မှုများ ပြုလုပ်ရသည်။

“တိမ်တိုက်ကြားက မြားတစ်စင်း၊ သောင်းခြောက်ထောင် စစ်သည်အင် ဆိုသလိုမျိုး အကူအညီ ခေါ်နိုင်တဲ့ မှော်လက်နက်မျိုးများ ရှိမလား။” ချန်ဟွိုက်အန် စဉ်းစားခန်း ဝင်နေသည်။ အကယ်၍ ကျန်းမုန့်ချူးက နှစ်မွှာကျင့်စဉ် ကျင့်နေစဉ်အတွင်း သူတော်စင် ယွိယောင်ကို အငိုက်ဖမ်း တိုက်ခိုက်လိုက်လျှင်ပင် ထို့နောက်တွင် သူ အသက်ရှင်လွတ်မြောက်လိမ့်မည်ဟု အာမမခံနိုင်ပေ။

သူတော်စင် ယွိယောင်မှာ မဟာတက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သဖြင့် သူ့တွင် လျို့ဝှက်လက်နက်များနှင့် မှော်ပစ္စည်းများစွာ ရှိပေလိမ့်မည်။ သူ၏ ကျင့်ကြံမှု ကျသွားလျှင်ပင် မှော်လက်နက်များက ကျန်းမုန့်ချူးကို ချေမှုန်းရန် လုံလောက်သည်။

ထို့ကြောင့် ချန်ဟွိုက်အန်က စဉ်းစားမိသည်။ ကျန်းမုန့်ချူး၏ နံဘေးသို့ ဓားကျောင်းတော် ဘိုးဘေး ဖြစ်သော မိမိကို ချက်ချင်း ခေါ်ဆောင်ပေးနိုင်မည့် ဂိုဏ်းဆင့်ခေါ်မိန့်ကဲ့သို့ ရတနာမျိုး ရှိနိုင်မလားဟူ၍ပင်။

[ ကျေးဇူးပြုပြီး လူစကားပြောပေးပါ ]

သူ၏ မျက်စိရှေ့တွင် မက်ဆေ့ခ်ျတစ်ခု ပေါ်လာ၏။

“အိုး...” ချန်ဟွိုက်အန်က ကောက်ကျစ်စွာ ပြုံးလိုက်သည်။

ဒီဂိမ်းစနစ်က အဆင့်မြင့်လွန်းနေပြီ။

ငါ လူစကား ပြောမနေတာကိုတောင် သတိထားမိနေတယ်။

ဒီစနစ်က တစ်ချိန်လုံး ငါ့ရဲ့ ပေါက်ကရတွေကို ငြိမ်ခံနေခဲ့တာလား။

ဒီကောင်လေးက လည်လိုက်တာ...

“အေးပါ။ အဲဒါကြောင့် ငါမေးနေတာလေ။ ဒီသခင်ကို ကျန်းမုန့်ချူးရဲ့ အနားဆီ ချက်ချင်း တယ်လီပို့ပေးနိုင်တဲ့ ဓားကျောင်းတော်ဘိုးဘေး ဆင့်ခေါ်မိန့်မျိုး ရှိလားလို့။”

[ ရှိပါတယ်။ ပုံရိပ်ယောင်ကောင်မလေး လီချင်းရန်၏ ကျင့်ကြံမှုက ရွှေရောင်အနှစ်သာရအဆင့် အလယ်အလတ်သို့ ရောက်ရှိပါက ကစားသူဟာ အန္တိမအဆင့် ကံစမ်းမဲတစ်ခုကို ရရှိပါလိမ့်မယ်။ အဲဒီအချိန် ယွမ် သိန်း၅၀၀ သုံးစွဲပြီး ကံစမ်းမဲ ဆုလာဘ်ကို (ဓားကျောင်းတော်ဘိုးဘေး ဗားရှင်း) အဖြစ် သတ်မှတ်ရယူနိုင်ပါတယ်။ အဲဒီပစ္စည်းက ဓားကျောင်းတော်ဘိုးဘေး ချန်ဟွိုက်အန်ကို ချင်းယွန်ဘုံရဲ့ ဘယ်နေရာကိုမဆို အတင်းအကျပ် ဆင့်ခေါ်နိုင်စွမ်း ရှိပါတယ် ]

ချန်ဟွိုက်အန် - “...”

တကယ်ကြီးလား။ ဒီစနစ်က ခုနက ငါ့ကို တမင် နောက်နေတာပဲ..

ငါပြောတာကို နားမလည်ဘူးလို့ ပြောခဲ့တာ မဟုတ်ဘူးလား။

ဒါပေမဲ့ ဘာပဲဖြစ်ဖြစ်ပါ။ အဖြေရှိရင် ပြီးတာပါပဲ။

သူ လှည့်ထွက်လာပြီး လီချင်းရန်ဆီသို့ လျှောက်သွားလိုက်သည်။ လီချင်းရန်၏ ဇဝေဇဝါ ဖြစ်နေသော အကြည့်အောက်တွင် နီးကပ်စွာ တိုးကပ်လိုက်သည်။ သူ၏ မျက်တောင်ရှည် လေးများမှာ ရှက်သွေးဖြန်းမှုကြောင့် တုန်ယင်နေ၏။ ချန်ဟွိုက်အန်က လီချင်းရန်၏ မျက်ဝန်းများကို စိုက်ကြည့်လိုက်ပြီး ထွန်စက်အစီးတစ်ရာ ဂီယာချိန်းလိုက်သကဲ့သို့ နက်ရှိုင်းပြီး ယောကျာ်းပီသသော လေသံဖြင့် တိုးတိုးလေး ပြောလိုက်သည်။

“ချင်းရန်... မင်းရဲ့ ကျင့်ကြံမှုက ဒီရက်ပိုင်း ပျော့နေတာကို မြင်နေရတယ်။ ရွှေရောင်အနှစ်သာရ အဆင့် အလယ်အလတ်ကို ဘယ်တော့လောက် တက်လှမ်းဖို့ စဉ်းစားထားလဲ။ အချိန်တန်ပြီလို့ မင်း မထင်ဘူးလား။”

“ဒါပေမဲ့... ဆရာ၊ ကျွန်မ အစောပိုင်းအဆင့်ကို ရောက်တာ ၇ရက်ပဲ ရှိသေးတာလေ...” လီချင်းရန် အကြည့်လွှဲလိုက်သည်။ သူ၏ နုနယ်သော မျက်နှာလေးမှာ ဖန်ပြတင်းပေါက်တွင် ပုံရိပ်ထင်နေပြီး အပြင်ဘက်ရှိ လေပြေကြောင့် လှိုင်းထနေသော ရေကန်ကလေးကဲ့သို့ပင် ချစ်စရာကောင်းလှကာ နေဝင်ချိန်၏ နူးညံ့သောအလင်းရောင်နှင့် အပြည့်အဝ လိုက်ဖက်နေတော့သည်။

“မင်းက ငါ့ရဲ့ တစ်ဦးတည်းသော တပည့်ပဲ။” ချန်ဟွိုက်အန်၏ အကြည့်မှာ ပြင်းထန်လာသည်။ သူက လေကို ဖြည်းဖြည်းချင်း မှုတ်ထုတ်လိုက်သည်။ “ဒါကြောင့် မင်းအပေါ် ထားတဲ့ ငါ့ရဲ့ မျှော်လင့်ချက်တွေက တခြားလူတွေနဲ့ မတူတာပေါ့။ နားလည်တယ်မလား။”

“နား... နားလည်ပါပြီ..” လီချင်းရန်က တုန်ယင်လျက် ခေါင်းညိတ်လိုက်ပြီး နံရံကို မှီမိသည်အထိ နောက်သို့ ဆုတ်သွားသည်။ သူ၏ ဆောင်းဦးမျက်ဝန်းလေးများတွင် မျက်ရည်စများဖြင့် ဝိုင်းလျက် တိုးတိုးလေး ပြောလိုက်သည်။ “ဆရာ စိတ်မပူပါနဲ့။ ကျွန်မ အခုပဲ သွားကျင့်ပါ့မယ်။ ဒီည မကုန်ခင် အလယ်အလတ်အဆင့်ကို ရောက်အောင် တက်လှမ်းမယ်လို့ ကတိပေးပါတယ်..”

ပြောပြောဆိုဆိုနှင့်ပင် သူ နံရံကိုမှီကာ တင်ပလ္လင်ခွေထိုင်လိုက်ပြီး ချက်ချင်းပင် တရားမှတ်ခြင်းသို့ ဝင်ရောက်သွားတော့သည်။

ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများအားလုံး ကြည့်နေကြသော်လည်း သူ အနည်းငယ်မျှ စိတ်အာရုံ မပျံ့လွင့်သွားပေ။ သူ၏ ခေါင်းပေါ်မှနေ၍ သန့်စင်သော ချီစွမ်းအင်များပင် စတင်ထွက်ပေါ် လာတော့သည်။

“သူ ချက်ချင်း တရားမှတ်နိုင်တာလား။ စိတ်က ရေငြိမ်သလို တည်ငြိမ်နေတာပဲ..” ကျန်းမုန့်ချူး မှင်သက်သွားရသည်။ သူက လီချင်းရန်ကို ထူးဆန်းသော သတ္တဝါတစ်ကောင်ကို ကြည့်သကဲ့သို့ စိုက်ကြည့်နေမိ၏။

အနီးအနားရှိ ဂိုဏ်းချုပ်များနှင့် အကြီးအကဲများအားလုံးမှာလည်း ထိုနည်း၎င်းပင်။

ကျင့်ကြံသူတစ်ဦးအတွက် ကျင့်ကြံမှု အခြေအနေသို့ လျင်မြန်စွာ ဝင်ရောက်နိုင်ခြင်းမှာ အခြေခံ အကျဆုံးဖြစ်ကြောင်း လူတိုင်း သိကြသည်။

သို့သော် မည်မျှပင် မြန်သည်ဆိုစေကာမူ အချိန်တစ်ခုတော့ ပေးရစမြဲပင်။ ထိုအခြေအနေသို့ ရောက်ရန် အာရုံစူးစိုက်ဆေးများ၊ စိတ်တည်ငြိမ်စေသော အမွှေးတိုင်များ သို့မဟုတ် စိတ်ဝိညာဉ် ချီစွမ်းအင် စုစည်း အခင်းအကျင်းများကို သုံးလေ့ရှိကြသော်လည်း လီချင်းရန်က ဘာမှ မသုံးပေ။ သူက တိုက်ရိုက်ကြီး ဝင်သွားခြင်းပင်။

၎င်းက သူ၏ စိတ်ဝိညာဉ်ချီစွမ်းအင် စုပ်ယူမှုနှင့် အသုံးချမှုမှာ အခြားအဆင့်သို့ ရောက်နေပြီဟု ဆိုလိုနေ၏။

ထို့ပြင် သူ၏ခေါင်းပေါ်မှ ပိုမို၍ သိပ်သည်းလာသော အဖြူရောင် ဝိညာဉ်အရှိန်အဝါက အဆင့်တက်ခါနီး ဉာဏ်အလင်းပွင့်ခြင်း နိမိတ် မဟုတ်ပေလား..

“ဓားသခင်ချန်... မင်းမှာ တကယ့် တပည့်ကောင်းတစ်ယောက် ရှိတာပဲ။ အဲဒီ ပါရမီကတော့... ဒီအဘိုးကြီးတောင် မနာလို ဖြစ်မိတယ်။” ကျန်းမုန့်ချူးက အားကျသော မျက်နှာထားဖြင့် မေးစေ့ကို ပွတ်နေသည်။ “ဒါပေမဲ့ ဒီညမှာပဲ အလယ်အလတ်အဆင့်ကို တက်လှမ်းမယ်ဆိုတာ... နည်းနည်း များမသွားဘူးလား။ ကျင့်ကြံခြင်းဆိုတာ အလျင်မလိုသင့်ဘူးလေ။ သူ့အရိုးသက်တမ်း အရဆိုရင် အသက်၂၀ အစောပိုင်းပဲ ရှိဦးမှာ ဟုတ်တယ်မလား။ ရွှေရောင်အနှစ်သာရအဆင့်မှာ ရှိနေတာကိုက ပါရမီရှင် ဖြစ်နေပြီ..”

ချန်ဟွိုက်အန် စိတ်ထဲမှ မျက်လုံးလှန်လိုက်သည်။

ခင်ဗျားထင်နေတာက ကျုပ် ပျော်နေလို့ သူ့ကို ကျင့်ခိုင်းနေတယ် ထင်နေတာလား။

အဲဒါ ခင်ဗျားရဲ့ အသက်ကို ကယ်ဖို့ဟ..

မြန်သည်ဖြစ်စေ၊ နှေးသည်ဖြစ်စေ သူ၏တပည့်ကို အခြားသူများထက် သူ ပိုသိသည်။ သူ့တွင် ရှိနေသမျှ အစွမ်းမြှင့်ချက်များအရ သူ၏ ပါရမီမှာ ထူးခြားဆန်းပြားနေပြီးသားပင်။

သူတော်စင် ယွိယောင်က ယခုအခါ ကျန်းမုန့်ချူးကို အသည်းအသန် လိုက်ရှာနေလိမ့်မည်ဟု သူ အလွယ်တကူ ခန့်မှန်းနိုင်သည်။

သေချာသည်မှာ သူသာ ကမ္ဘာငယ်လေးထဲ နေနေသရွေ့ ရှာတွေ့မည် မဟုတ်ပေ။

သို့သော် ၎င်းက သူ အသည်းအသန် မဖြစ်သေးသော အခြေအနေပေါ်တွင် မူတည်သလို၊ သူကိုယ်တိုင်ကလည်း ဆက်နေချင်စိတ် ရှိနေရဦးမည် ဖြစ်သည်။

ယခု ဟဲဟွမ်းဆေးလုံးကို ကိုင်ထားသော ကျန်းမုန့်ချူးက လုံးဝ စိတ်မရှည်တော့သည်မှာ သိသာ နေပေသည်။

“အစီအစဉ်က အတည်ဖြစ်ပြီဆိုတော့ ဒီအဘိုးကြီး ကမ္ဘာငယ်ထဲမှာ ဆက်မနေတော့ဘူး။”

ကျန်းမုန့်ချူးက ချန်ဟွိုက်အန်နှင့် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများကို လက်ယှက် နှုတ်ဆက်ပြီး သူ၏ အကြည့်များမှာ ပြတ်သားလျက် ရှိသည်။

“ဒီမှာ ဆက်နေရင် ဓားသခင်ချန်အတွက် ဒုက္ခဖြစ်စေနိုင်တယ်။ ပြီးတော့လည်း သူတော်စင် ယွိယောင်က ငါ့ကို ရှာမတွေ့ရင် သံသယဝင်လာလိမ့်မယ်။ အဲဒါကြောင့်...”

ချန်ဟွိုက်အန်က သူ၏စကားကို ကြားဖြတ်ပြောလိုက်သည်။

“မလောပါနဲ့ဦး ညီအစ်ကိုကျန်း။ ငါ့ရဲ့တပည့် ရွှေရောင်အနှစ်သာရအဆင့် အလယ်အလတ်ကို မရောက်မချင်း စောင့်ပါဦးလား။”

“ဘာဖြစ်လို့လဲ။” ကျန်းမုန့်ချူးက မျက်မှောင်ကြုတ်လိုက်သည်။ “ငါ အချိန်ဖြုန်းလို့ မဖြစ်ဘူး...”

သူ၏စကား အဆုံးတွင်...

ဝူးခနဲ အသံနှင့်အတူ လီချင်းရန်၏ ခေါင်းပေါ်မှ ရွှေရောင် အလင်းတန်းတစ်ခု ဝုန်းခနဲ ထွက်ပေါ်လာတော့သည်။

ကျန်းမုန့်ချူး၏ မျက်လုံးများ ပြူးကျသွားပြီး ကျန်ရှိနေသည့် စကားလုံးများမှာ လည်ချောင်း အထဲမှာပင် တစ်ဆို့သွားတော့သည်။

…

All Chapters