← Chapters

အေးစက်သောလေပြေ

Vol. 32 Ch. 318

အေးစက်သောလေပြေ

Vol. 32 Ch. 318

လီချင်းရန်၏ ခန္ဓာကိုယ်မှ ရွှေရောင်အနှစ်သာရအဆင့် အလယ်အလတ်သို့ ရောက်ရှိသွားသည့် ဖိအားလှိုင်းများ ထွက်ပေါ်လာတော့သည်။

ကျန်းမုန့်ချူး ပါးစပ်အဟောင်းသား ဖြစ်သွားပြီး မေးစေ့ မြေခမတတ် အံ့အားသင့်သွားရ၏။

“အဆင့်... အဆင့်တက်သွားပြီလား။ ခုနကပဲ သူ ရွှေရောင်အနှစ်သာရအဆင့် အစောပိုင်းမှာ ရှိနေသေးတာလေ။ ဘယ်လိုလုပ်... ဘယ်လိုလုပ်ပြီး ရုတ်တရက် အဆင့်တက်သွားရတာလဲ...”

ချန်ဟွိုက်အန်လည်း အလားတူပင် အံ့ဩနေမိသည်။

ညနေကျမှ အဆင့်တက်မယ်လို့ ပြောထားတာ မဟုတ်ဘူးလား။

တစ်မိနစ်တောင် မပြည့်သေးဘူးလေ။ အဆင့်တက်သွားတာလား။

သူ့စိတ်ထဲတွင် ထိတ်လန့်သွားသော်လည်း အပြင်ပန်း၌မူ တည်ငြိမ်နေဆဲပင်။ ချန်ဟွိုက်အန်က လက်ကို အသာအယာ ဝေ့ယမ်းလိုက်ပြီး ရယ်မောကာ ပြောသည်။ “ဒီသခင်ရဲ့ တပည့်က ရွှေရောင်အနှစ်သာရအဆင့် အစောပိုင်းကို ရောက်နေတာ ကြာပါပြီ။ သူက အခြေခံအုတ်မြစ်ကို ကောင်းကောင်း တည်ဆောက်ထားပြီးသားလေ။ အခု ငါ့ဆီကနေ ဉာဏ်အလင်းပွင့်သွားတဲ့ အခိုက်အတန့်မှာ ဒီလို ခုန်ကျော်သွားတာ သဘာဝကျပါတယ်.. ဟားဟား.. ဟားဟားဟား..”

အမှန်တရားကို သိနေသော စုချီနျန်က စိတ်ထဲမှ တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။

ဟုတ်ပါတယ်လေ... “အခြေံအုတ်မြစ် တည်ဆောက်ထားတယ်” ဆိုတာက ၇ရက်ပဲ ကျင့်ကြံ ပြီးတော့ ရွှေရောင်အနှစ်သာရအဆင့် အလယ်အလတ်ကို ရောက်သွားတာကို ပြောတာပေါ့။

ငါတို့ရဲ့ ဘိုးဘေး တစ်ယောက်ပဲ ဒီလောက် ပေါက်ကရစကားမျိုးကို ရုပ်တည်နဲ့ ပြောနိုင်တာ။

လီချင်းရန်မှာ အဆင့်တက်ပြီးနောက် စိတ်စွမ်းအားကို ပြန်လည်ထိန်းညှိသည့် တရားမှတ်ခြင်း အခြေအနေတွင် ရှိနေဆဲ ဖြစ်သည်။

သူ၏ အခြေအနေကို စစ်ဆေးပြီး အဆင်ပြေကြောင်း အတည်ပြုပြီးနောက် ချန်ဟွိုက်အန်က ရွှေရောင်အနှစ်သာရအဆင့် အလယ်အလတ်သို့ ရောက်ရှိမှုအတွက် ဆုလာဘ်ဖြစ်သော အန္တိမအဆင့် ကံစမ်းမဲကို ချက်ချင်း ဖွင့်လိုက်သည်။

ယခင်သေတ္တာများနှင့်မတူဘဲ ထိုရွှေရောင်အနှစ်သာရ အဆင့်အတွက် အထူးသေတ္တာမှာ ခရမ်းရွှေရောင် ရှိနေပြီး လှပသော အမျိုးသမီးကျင့်ကြံသူတစ်ဦး တင်ပလ္လင်ခွေထိုင်ကာ စိတ်ဝိညာဉ်အမြစ်တစ်ခုကို ပွေ့ပိုက်ထားသည့် ရုပ်ကြွများ ထွင်းထုထားသည်။ သူ၏ ဝမ်းဗိုက် အောက်ပိုင်းတွင် ရွှေရောင်အဝိုင်းတစ်ခု တောက်ပနေခြင်းက ရွှေရောင်အနှစ်သာရ အဆင့်ကို ကိုယ်စားပြုနေခြင်းပင်။

[ ယွမ် သိန်း၅၀၀ သုံးစွဲပြီး တိမ်တိုက်ဖောက်မြား (ဓားကျောင်းတော်ဘိုးဘေး ဗားရှင်း) ဆုလာဘ်ကို သတ်မှတ်ရယူလိုပါသလား ]

“ဒီပစ္စည်းနာမည်ကို မြင်တိုင်း မြင်တိုင်း တကယ်ကို ပေါက်ကရနိုင်လွန်းတယ်လို့ ခံစားရတယ်..”

ချန်ဟွိုက်အန် စိတ်ထဲမှ ကြိမ်းမောင်းလိုက်မိသည်။

သူက [လုပ်မယ်] နှင့် [မလုပ်ဘူး] ရွေးချယ်စရာနှစ်ခုအနက် “လုပ်မယ်” ကို ရွေးလိုက်သည်။

အထူးသေတ္တာ ပွင့်သွားပြီး သူ့တစ်ယောက်တည်းသာ မြင်နိုင်သော ခရမ်းရွှေရောင် အလင်းတန်းများ ထွက်ပေါ်လာတော့သည်။

ချန်ဟွိုက်အန်၏ ပစ္စည်းစားရင်းထဲတွင် မြားတစ်စင်းပုံစံ ပစ္စည်းတစ်ခု ပေါ်လာသည်။

မြားတစ်စင်းလုံး ရွှေရောင်တောက်နေပြီး ဝိညာဉ်အရှိန်အဝါများဖြင့် ပြည့်နှက်နေ၏။

မြားထိပ်ဖျားတွင် ရွှေရောင်စာကြောင်းတစ်ကြောင်းကို ခပ်ရေးရေး ဖတ်နိုင်သည်။

“တိမ်တိုက်ဖောက်မြား တစ်စင်းရှိလျှင် စစ်သည်သောင်းချီ ရောက်လာမယ်.. ဓားကျောင်းတော် ဘိုးဘေး၊ နတ်ဘုရားအမိန့်တော်ဖြင့် ပေါ်ထွက်လာလော့..”

ဂိမ်းစနစ်က ထိုထိုစ္စည်းကို ထိပ်တန်းအဆင့် ဝိညာဉ်လက်နက်အဖြစ် သတ်မှတ်ပေးထားသည်။

ဝိညာဉ်ရတနာအဆင့်၏အောက် တစ်ဆင့်သာ လိုတော့သည်။

ပထမကြည့်လိုက်လျှင် သိပ်ပြီး မထူးခြားလှသော်လည်း ၎င်းက တစ်ကြိမ်သာ သုံးနိုင်သော ပစ္စည်းဖြစ်သည်။

တစ်ကြိမ်သုံး ထိပ်တန်းလက်နက်လား။

၎င်းက ထိုပစ္စည်း၏ တန်ဖိုးကို ချက်ချင်း မြင့်တက်သွားစေသည်။

ချန်ဟွိုက်အန်က တိမ်တိုက်ဖောက်မြား (ဓားကျောင်းတော်ဘိုးဘေးဗားရှင်း)ကို လက်ထဲသို့ ထုတ်ယူလိုက်သည်။

ဝူး...

ရွှေရောင်အလင်းတန်းများ ကောင်းကင်သို့ ထိုးတက်သွားပြီး ကမ္ဘာငယ် တစ်ခုလုံး၏ ကောင်းကင်ယံကို ရွှေရောင် လွှမ်းသွားစေသည်။

လျိုရှားတောင်ထွတ် အထက်တွင် လွင့်မျောနေသော တိမ်တိုက်များမှာ စိတ်ဝိညာဉ်ချီစွမ်းအင် ဖိအားကြောင့် ဝဲဂယက်တစ်ခုအဖြစ် လည်ပတ်နေတော့သည်။

ပတ်ဝန်းကျင်ရှိ ဂိုဏ်းပေါင်းစုံမှ ကျင့်ကြံသူများမှာ အံ့အားသင့်သွားကြပြီး ချန်ဟွိုက်အန်၏ လက်ထဲရှိ ပစ္စည်းကို စူးစမ်းလိုသော အကြည့်များဖြင့် ကြည့်နေကြသည်။

“စီနီယာ... အဲ... အဲဒါ ဘာကြီးလဲ...”

“ဟိုး... အဲဒီအလင်းရောင်ကတော့ တကယ့်ကို အံ့မခန်းပဲ..”

“ငါလည်း အတွေ့အကြုံ မနည်းပါဘူး၊ ဒါပေမဲ့ ဒီပစ္စည်းက ဘာလုပ်တာလဲဆိုတာ တကယ်ကို ခန့်မှန်းလို့ မရဘူး... ထူးဆန်းလိုက်တာ..”

ကျန်းမုန့်ချူးလည်း ထိုနည်းတူ စိတ်ဝင်တစား ရှိနေ၏။

သူ့အဆင့်နှင့်ဆိုလျှင် ထိပ်တန်းအဆင့် ဝိညာဉ်လက်နက်ဆိုသည်မှာ ရှားပါးလှသည် မဟုတ်ပေ။

သို့သော် မည်သည်အတွက် သုံးမှန်းမသိရသော ထိပ်တန်းလက်နက် ဆိုသည်မှာ အလွန်ပင် စိတ်ဝင်စားစရာ ကောင်းလှ၏။

“ဒါကို တိမ်တိုက်ဖောက်မြားလို့ ခေါ်တယ်..” ချန်ဟွိုက်အန်က ထိုလက်နက်ကို မြှောက်ပြကာ အနည်းငယ် ကြွားဝါသော လေသံဖြင့် ပြောလိုက်သည်။ “ညီအစ်ကိုမုန့်ချူး၊ မင်း ဒီပစ္စည်းကို ဆောင်ထားပြီး အမိန့်စကားကို အသံထွက်ရွတ်လိုက်မယ်ဆိုရင် မင်း ဘယ်နေရာမှာပဲရှိရှိ၊ နောက်တစ်စက္ကန့်မှာ ငါ မင်းအနားကို ရောက်လာပြီး ကူညီပေးမယ်..”

ကျန်းမုန့်ချူးက တိမ်တိုက်ဖောက်မြားကို ယူလိုက်ပြီး အထက်အောက် စစ်ဆေးကြည့်ကာ ၎င်းပေါ်တွင် ရေးထုထားသော အမိန့်စကားကို စိတ်ထဲမှ ရွတ်ဆိုကြည့်လိုက်သည်။

“တိမ်တိုက်ဖောက်မြား တစ်စင်းရှိလျှင် စစ်သည်သောင်းချီ ရောက်လာမယ်.. ဓားကျောင်းတော် ဘိုးဘေး၊ နတ်ဘုရားအမိန့်တော်ဖြင့် ပေါ်ထွက်လာလော့..”

အမှန်အတိုင်းပြောရလျှင် ဂါထာက နည်းနည်း ကလေးကလားနိုင်သော်လည်း မထင်မှတ်ဘဲ စွဲဆောင်မှု ရှိနေသည်။

“ဒါက တကယ်ပဲ အလုပ်ဖြစ်တာလား။” ကျန်းမုန့်ချူးက ချန်ဟွိုက်အန်ကို မော့ကြည့်ပြီး မေးလိုက်သည်။ “အကယ်လို့ သူတော်စင် ယွိယောင်က ငါ့ကို ဖမ်းသွားရင် သူက ဖုံးကွယ်ခြင်းနဲ့ ကာကွယ်ခြင်း အခင်းအကျင်းတွေနဲ့ ဝိုင်းထားမှာ သေချာတယ်။ အဲဒါတွေက မဟာတက်လှမ်းခြင်း အဆင့် အခင်းအကျင်းတွေနော်။ ငါ အဲဒီအထဲမှာ ရှိနေရင်တောင် မင်းက ချက်ချင်း ပေါ်လာနိုင်ဦးမှာလား။”

“ပေါ်လာနိုင်တာပေါ့...” ချန်ဟွိုက်အန်က ယုံကြည်မှုအပြည့်နှင့် ဖြေလိုက်သည်။

တကယ်တော့ သူလည်း မသေချာပေ။

သို့သော် ထိုအဘိုးကြီးကို ယုံကြည်မှု အနည်းငယ်ပေးရန် လိုအပ်နေသည်။

“ကောင်းပါပြီ.. ဒါဆိုရင် ကျေးဇူးတင်ပါတယ်..”

ကျန်းမုန့်ချူးက တိမ်တိုက်ဖောက်မြားကို သူ၏ သိုလှောင်အိတ်ထဲသို့ ဂရုတစိုက် ထည့်လိုက်ပြီး ချန်ဟွိုက်အန်ကို ကျေးဇူးတင်သော အကြည့်ဖြင့် ကြည့်လိုက်သည်။

သူတော်စင် ယွိယောင်၏ ဖမ်းဆီးခြင်းကို ခံရပြီးနောက် သူ အောင်ပွဲနှင့် ပြန်လာနိုင်မလား သို့မဟုတ် အချည်းနှီး သေဆုံးသွားမလားဆိုသည်မှာ ထိုဓားကျောင်းတော်ဘိုးဘေး၏ မြားက နာမည်နှင့်လိုက်အောင် အစွမ်းထက်မထက်ပေါ်တွင်သာ မူတည်တော့သည်။

“ကဲ... ဒါဆိုရင် အချိန်မဆွဲတော့ဘူး။ အဲဒီမိစ္ဆာမကို ရင်ဆိုင်ရမယ့် အချိန်ရောက်ပြီ..”

ဓားကျောင်းတော်တောင်ထိပ်မှ နေဝင်သွားသည်နှင့် ကျန်းမုန့်ချူးက လျိုရှားတောင်ထွတ်၏ စိမ့်စမ်းနံဘေးတွင် ဝိညာဉ်မီးအိမ် တစ်လုံး ချန်ထားခဲ့သည်။

ချန်ဟွိုက်အန်က ပြင်ပလောကနှင့် ဆက်သွယ်ထားသော ဟင်းလင်းပြင် အက်ကွဲကြောင်း တစ်ခုကို အသာအယာ ခွဲထုတ်လိုက်သည်။

ဟင်းလင်းပြင် အက်ကွဲကြောင်းဆီသို့ လျှောက်လှမ်းသွားပြီး အဝေးတွင် သေးငယ်သွားသော ကျန်းမုန့်ချူး၏ ကျောပြင်ကို အားလုံးက တိတ်ဆိတ်စွာ ကြည့်နေကြသည်။

“ယီမြစ်နံဘေးမှာ လေပြေက အေးစက်လှတယ်။ စစ်သည်တော် သွားလေပြီ၊ ပြန်မလာတော့...” ဆိုသကဲ့သို့ ပြတ်သားသော အငွေ့အသက်များ လွှမ်းခြုံနေ၏။

ချန်ဟွိုက်အန်က ပုံရိပ်ယောင်ကောင်မလေးဂိမ်း၏ အဓိကတာဝန် ၄.၀ ဖြစ်သော “မြင့်မြတ်နယ်မြေ၏ ပူးပေါင်းကြံစည်မှုကို ဖော်ထုတ်ခြင်း၊ ယောင်ချီ မြင့်မြတ်နယ်မြေကို စိန်ခေါ်ခြင်း” ကို တိတ်တဆိတ် ဖွင့်လိုက်သည်။

ကျန်းမုန့်ချူး အက်ကွဲကြောင်းထဲသို့ ခြေလှမ်းလိုက်သည့် ခဏမှာပင်...

၁၀% အောက်မှာသာ ရပ်တန့်နေခဲ့သော လုပ်ငန်းစဉ် ပြီးမြောက်မှုနှုန်းဟာ ရုတ်တရက် ထိုးတက် သွားခဲ့ပြီး ၄၀%မှ ၇၀%ကြားတွင် ရပ်တန့်သွားတော့သည်။

ချန်ဟွိုက်အန် စိတ်သက်သာရာရသွားလျက် သက်ပြင်းချလိုက်သည်။

ငါ မှန်ကန်တဲ့လမ်းကို ရွေးချယ်ခဲ့တာပဲ။

အောင်မြင်ဖို့ ၁၀၀% မသေချာသေးရင်တောင်မှပေါ့။

ငါတို့ရဲ့ ရန်သူက ချင်းယွန်ဘုံရဲ့ အင်အားအကြီးဆုံး မြင့်မြတ်နယ်မြေ နှစ်ခု ဖြစ်နေတာကို မမေ့နဲ့ဦး။

သူတော်စင် ယွိယောင်နဲ့ ဆရာတော်ဖန်ယဲ့ နှစ်ယောက်လုံးက မဟာတက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတွေ။

ပြီးတော့ အခုထိ အစီအစဉ်က သူတော်စင်ယွိယောင် တစ်ယောက်တည်းကိုပဲ အာရုံစိုက်ထားတာ။ ဆရာတော်ဖန်ယဲ့ဘက်ကို မထိရသေးဘူး။

အဲဒီလူကတော့ အေးဆေးပဲ။ တကယ်လို့ ယောင်ချီနဲ့ ဖန်ကျင်းတို့ရဲ့ ပူးပေါင်းမှုကိုသာ မသိခဲ့ရင် အဲဒီဂိုဏ်းက ဘုန်းကြီးတွေက တကယ့်လူကောင်းတွေလို့ ထင်မိမှာ အမှန်ပဲ။

“အခု ငါ လုပ်ပေးနိုင်တာကတော့ အဘိုးကြီးရဲ့ခရီးစဉ် ချောမွေ့ပါစေလို့ပဲ ဆုတောင်းပေးရမှာပဲ။”

ဟင်းလင်းပြင်အက်ကွဲကြောင်း ဖြည်းဖြည်းချင်း ပိတ်သွားသည်ကို ကြည့်ရင်း ချန်ဟွိုက်အန် တိုးတိုးလေး ရေရွတ်လိုက်သည်။

ယခု သူ လုပ်ရမည်က ကျန်းမုန့်ချူး သူတော်စင် ယွိယောင်ကို အချိန်ဆွဲထားနေစဉ်တွင် အသည်းအသန် ကျင့်ကြံဖို့ပဲ။

ထိုအခါမှ အချိန်တန်သောအခါ သူကိုယ်တိုင် ဝင်ရောက်ပြီး ပြင်းထန်သော ထိုးနှက်ချက်ကို ပေးနိုင်ပေလိမ့်မည်။

…

သူတော်စင် ယွိယောင်က ကောင်းကင်ကြေးမုံ ရှေ့တွင် တစ်နေကုန် ထိုင်နေခဲ့သည်။

ယောင်ချီမှ အကြီးအကဲများနှင့် တပည့်များစွာ လာရောက် သတင်းပို့ကြသော်လည်း သူက အားလုံးကို ပြန်လွှတ်လိုက်သည်။

သူက ယောင်ချီ၏ သခင်မ ဖြစ်ပါလျက် မဟာရေဓာတ်စိတ်ဝိညာဉ်အမြစ် ပိုင်ရှင်ကိုပင် ရှာမတွေ့ကြောင်း ဘယ်သူ့ကိုမှ မသိစေချင်ပေ။

“ဘယ်လိုလုပ်ပြီး လူတစ်ယောက်က အစအနမကျန် ပျောက်သွားရတာလဲ။”

“ဒါမှမဟုတ် အဲဒီကျင့်ကြံသူကို ဓားကျောင်းတော်ဘိုးဘေးက ကမ္ဘာငယ်ထဲ ဆွဲခေါ်သွားတာလား။ ဒါပေမဲ့ သူက ဘာမို့လို့ ငါ့ထက် ပိုမြန်နေရတာလဲ...”

သူတော်စင် ယွိယောင်က မြူနှင်းများ ဖုံးလွှမ်းနေသော ကောင်းကင်ကြေးမုံကို ကြည့်ကာ တစ်ယောက်တည်း ရေရွတ်နေမိသည်။

ရုတ်တရက်...

ယခင်က ဘာတုံ့ပြန်မှုမှ မရှိခဲ့သော ကြေးမုံမျက်နှာပြင်မှာ ရေစက်တစ်စက် ကျလိုက်သလိုမျိုး လှိုင်းထသွား၏။

ကြည်လင်နေသော မှန်မျက်နှာပြင်မှ မြူနှင်းများ စတင်လွင့်စင်သွားပြီး တောင်တန်းများနှင့် မြစ်ချောင်းများ ပေါ်လာတော့သည်။

တောင်တန်းများနှင့် သစ်တောများကြားတွင် စာသင်သားဝတ်စုံ ဝတ်ဆင်ထားသော ကျင့်ကြံသူ တစ်ဦး အေးအေးလူလူ လမ်းလျှောက်နေသည်ကို သူ ခပ်ရေးရေး မြင်လိုက်ရသည်။

“မဟာရေဓာတ်စိတ်ဝိညာဉ်အမြစ် ကျင့်ကြံသူပဲ..”

သူတော်စင် ယွိယောင်၏ စိတ်ထဲတွင် ဝမ်းသာအားရ ဖြစ်သွားပြီး ရင်ခုန်သံများပင် မြန်လာတော့သည်။

သူ လက်ကို ဆန့်ထုတ်ကာ ကောင်းကင်ကြေးမုံပေါ်သို့ အသာအယာ ပွတ်သပ်လိုက်ပြီး ထိုစာသင်သားကို ပိုမိုကြည်လင်စွာ မြင်ရအောင် ဆွဲယူလိုက်သည်။

“ကြည့်ကောင်းတဲ့ လူတစ်ယောက်ပဲ။”

သူ ယောက်ျားများကို စိတ်မဝင်စားသော်လည်း အလှအပကိုတော့ တန်ဖိုးထားတတ်သေးသည်။

ထို့ပြင် ထိုစာသင်သားက သူ ရှိနေသောနေရာနှင့် သိပ်မဝေးပေ။

သူက ဖုန်းရွှမ်ကို စီးသွားရန် စိတ်မရှည်တော့ပေ။

သူ လက်ကို အသာအယာ မြှောက်လိုက်ပြီး ဟင်းလင်းပြင်ကို ဆွဲဖြဲကာ ခြေလှမ်းလှမ်းလိုက်သည်။

ဟင်းလင်းပြင် တစ်ဖက်ခြမ်းတွင်တော့ မျက်စိရှေ့မှာတင် ထိုတောင်တောတောင်တန်းများ ရှိနေလေသည်။

...

All Chapters