ဗျူဟာရှင်ကိုယ်တိုင် လှည့်ကွက်ထဲ တိုးဝင်ခြင်း
Vol. 32 Ch. 319
သူတော်စင် ယွိယောင်၏ နတ်ဘုရားအာရုံ စတင်ဖြန့်ကျက်လိုက်သည်နှင့် ကျန်းမုန့်ချူးက ချက်ချင်းဆိုသလို သတိထားမိလိုက်သည်။
ဓားကျောင်းတော်ဘိုးဘေးနှင့် မတွေ့ဆုံခင်တုန်းက သူ ရုပ်ဖျက်အတတ်အပေါ် အလွန်အမင်း ယုံကြည်ချက်ရှိခဲ့၏။
သို့သော် အယခုတော့ သူ့စိတ်ထဲတွင် ထူးဆန်းသော စိုးရိမ်စိတ်တစ်ခု ဝင်လာသည်။
တကယ်လို့ ငါ ရုပ်ဖျက်ထားတာ ပေါ်သွားရင်ကော။ အကယ်လို့ သူတော်စင် ယွိယောင်သာ ငါ့ရဲ့ သရုပ်မှန်ကို သိသွားရင်တော့ လက်ဖျောက်လေးတစ်ချက် တီးရုံနဲ့တင် ငါ့ကို အမှုန့်ဖြစ်အောင် ချေမွပစ်နိုင်မှာ သေချာတယ်။
၎င်းမှာ ယခင်က ဓားကျောင်းတော်ဘိုးဘေး သူ့ကို ဖောက်ထွင်းမြင်သွားခဲ့သောကြောင့် သူ၏ ယုံကြည်မှုများ ယိုင်နဲ့သွားခဲ့၍ပင်။
နှလုံးသားထဲ မုန်တိုင်းထန်နေသော်လည်း အပြင်ပန်းတွင်တော့ ကျန်းမုန့်ချူးက အရင်အတိုင်း တည်တည်ငြိမ်ငြိမ်ပင် တောင်ပေါ်ကို ဆက်ပြီး လမ်းလျှောက်နေခဲ့၏။ သူ့နောက်တွင် သူတော်စင် ယွိယောင် ရှိနေကြောင်း သိသည့်တိုင် သူ၏အမူအရာက အနည်းငယ်မျှ ပျက်ယွင်းမသွားခဲ့ပေ။
ထိုအချိန်တွင် သူက သဘာဝအလှတရားကို အေးအေးလူလူ ခံစားနေသော အခြေတည်ဝိညာဉ် အဆင့် စာသင်သားတစ်ယောက်နှင့် တကယ်ကို တူနေတော့သည်။
“ပုရွက်ဆိတ်ဆိုတာ ပုရွက်ဆိတ်ပါပဲ။ သူ့နောက်မှာ ငါရပ်နေတာတောင် သူ မသိရှာဘူး...” သူတော်စင် ယွိယောင်က မာန်တက်လျက် မေးစေ့ကို မော့လိုက်၏။
သူက လက်ကို အသာအယာ ဝေ့ယမ်းလိုက်သည်နှင့် ထိုစာသင်သားသည် လှမ်းလက်စ ခြေလှမ်းမှာတင် တောင့်ခဲသွားတော့သည်။
ရှေ့နားတွင်တော့ ကောင်းကင်ဘုံက တေးသံများနှင့် ထူထပ်လှသော နတ်ဘုရားမြူခိုးများက အိပ်မက်တစ်ခုလိုပင်... မရေမရာနှင့် လှပလွန်းနေ၏။
ကျန်းမုန့်ချူးက စိတ်ထဲမှနေ၍ သူတော်စင် ယွိယောင်၏ ထိုကဲ့သို့ အပေါစား လှည့်ကွက်များကို လှောင်ပြောင်နေသော်လည်း မျက်နှာတွင်တော့ အံ့ဩမှင်သက်နေသော ပုံစံမျိုး ဖမ်းလိုက်သည်။ သူက နတ်မိမယ်တစ်ပါးကို မြင်လိုက်ရသလိုမျိုး မျက်လုံးအပြူးသားနှင့် နောက်ကို လှည့်ကြည့် လိုက်ပြီး နှုတ်ခမ်းများ တုန်ရီကာ စကားပြောရန် ကြိုးစားသော်လည်း အသံက ထွက်မလာခဲ့။
သူတော်စင် ယွိယောင်၏ နောက်ကွယ်တွင်တော့ ပန်းခြံတစ်ခုလို လှပသော ကမ္ဘာငယ်လေးတစ်ခု ပေါ်လာ၏။ သူက ခြေဗလာနှင့် ကောင်းကင်မှ ကျကျနန ဆင်းသက်လာပြီး ပန်းများ၊ ငှက်များ၊ လိပ်ပြာများနှင့် လုပ်ထားသော သက်တန့်တံတားပေါ်မှ လျှောက်လာခဲ့သည်။ လေထုထဲတွင် မွှေးရနံ့များ ပျံ့လွင့်နေပြီး စိတ်ဝိညာဉ်ချီစွမ်းအင်များကလည်း အရည်ပျော်ထွက်လာမတတ် အဆပေါင်းများစွာ သိပ်သည်းနေတော့သည်။
စာသင်သား၏ မျက်နှာပေါ်မှ အံ့ဩတုန်လှုပ်မှုကို မြင်လိုက်သောအခါ သူတော်စင် ယွိယောင်က မိမီ၏ ထိုကဲ့သို့ ပွဲထွက်ပုံက သူ့ကို မှင်သက်သွားစေကြောင်း သိလိုက်၏။
မည်မျှ မာနကြီးသော ကျင့်ကြံသူဖြစ်ပါစေ၊ ထိုကဲ့သို့ မြင်ကွင်းမျိုးကို မြင်လိုက်ရပြီးလျှင် သူ ခိုင်းသမျှကို လိမ်လိမ်မာမာနှင့် လုပ်ကြရပေမည်။
ယခုတော့ သူက ကျန်းမုန့်ချူး၏ အရှေ့တည့်တည့်တွင် ရပ်နေလေပြီ။
သူတို့နှစ်ယောက် စကားမပြောဘဲ တိတ်ဆိတ်စွာ စိုက်ကြည့်နေကြ၏။
စက္ကန့်များ ကုန်လွန်သွားသည်။ မိနစ်များ ကုန်လွန်သွားသည်။ သူတော်စင် ယွိယောင်က မျက်မှောင်ကြုတ်ပြီး စိတ်မရှည်ဖြစ်စပြုလာသော အချိန်ကျမှ စာသင်သားပုံစံနှင့် ကျင့်ကြံသူက နောက်ဆုံး စကားစလိုက်၏။
“နတ်မိမယ်... နတ်မိမယ်လေး... ခင်ဗျားက ဘယ်သူလဲဆိုတာ ကျွန်တော် သိခွင့်ရှိမလား။”
ထိုစကားများ ထွက်လာသည်နှင့် ကျန်းမုန့်ချူးက သူ့ပါးစပ်ထဲ ယင်ကောင်တစ်သောင်းလောက် တစ်ဆို့နေသလိုမျိုး ခံစားလိုက်ရသည်။
သူက သူတော်စင် ယွိယောင် အရင် စကားပြောလာရန် စောင့်နေခဲ့ခြင်း ဖြစ်သည်။
သို့သော် သူ မေ့သွားသည်မှာ ထိုမိစ္ဆာမက ဟန်ဆောင်ပန်ဆောင် လုပ်ရသည်ကို အလွန်ပင် ဝါသနာပါခြင်းပင်။
“ငါက ယောင်ချီ မြင့်မြတ်နယ်မြေရဲ့ သခင်မပဲ။ ငါ အမှတ်မထင် ဒီနားက ဖြတ်လာရင်းနဲ့ ပါရမီထူးတဲ့သူတစ်ယောက် ဒီနေရာမှာ ပေါ်လာလိမ့်မယ်လို့ ကြိုမြင်ခဲ့လို့ လာကြည့်တာ...” သူတော်စင် ယွိယောင်က ကျန်းမုန့်ချူးကို စိုက်ကြည့်ရင်း ပြောလိုက်သည်။
သူ့မျက်လုံးထဲတွင်တော့ ကျန်းမုန့်ချူးက အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူ တစ်ယောက်ပင်။
သူ့ကို ထိုနေရာမှာပင် ဖမ်းခေါ်သွား၍ ရပေသည်။
သို့သော် ထိုသူ၏ ရုပ်ချောသော စာသင်သားပုံစံကြောင့်လား... သို့မဟုတ် မဟာတက်လှမ်းခြင်း အဆင့် ကျင့်ကြံသူတစ်ယောက်၏ ဂုဏ်သိက္ခာကို မထိခိုက်စေချင်၍လား မသိပေ။ သူက ဟန်ဆောင်မှုကို ဆက်လုပ်ရန် ဆုံးဖြတ်လိုက်သည်။ ၎င်းက သူ့အတွက် ပျော်စရာတစ်ခုတောင် ဖြစ်နေသလိုပင်။
တွေးကြည့်ရုံနှင့်တင်....
မိမိကို အထင်ကြီး လေးစားနေသော ပါရမီရှင်တစ်ယောက်ကို လက်ထဲထည့်၊ ပြီးမှ သူ့ကို အမြစ်ကနေ ချေဖျက်ပစ်ပြီး၊ သူ့မျက်နှာပေါ်က မျှော်လင့်ချက်မဲ့မှုနဲ့ မယုံကြည်နိုင်မှုတွေကို ကြည့်ရသည်မှာ...
သူ၏ ရှည်လျားသော သက်တမ်တွင် ထိုအရာများက ပျော်ရွှင်မှုတစ်မျိုး ပေးစွမ်းနိုင်ခဲ့သည်။
“ခင်..ခင်ဗျားက ယောင်ချီသခင်မ... သူတော်စင် ယွိယောင်လား..” ကျန်းမုန့်ချူးက ကြောက်ရွံ့အားကျသော ပုံစံမျိုးကို တကယ့် အစစ်အတိုင်းဖြစ်အောင် သရုပ်ဆောင်လိုက်ပြီး ထိုနေရာမှာပင် ဒူးထောက်ချလိုက်တော့သည်။
ဟုတ်တယ်၊ ဒါ ငါ လိုချင်တဲ့ အမူအရာပဲ။
သူတော်စင် ယွိယောင်၏ နှုတ်ခမ်းများ အနည်းငယ် တွန့်ကွေးသွား၏။ မည်သည့် သံသယမှ မရှိတော့ပေ။
အကယ်၍ ကျင့်ကြံသူ၏ မျက်နှာတွင် ဝမ်းသာအားရမှု တစ်ခုတည်းပဲ ရှိနေလျှင် သူက သံသယဝင်မိပေမည်။ သို့သော် ထိုအထဲမှာ ကြောက်ရွံ့မှု အနည်းငယ် ရောနှောနေခြင်းက ပိုပြီး အစစ်အမှန် ဖြစ်စေသည်။
ကိုယ့်ထက် အဆပေါင်းများစွာ သာလွန်သော ကျင့်ကြံသူတစ်ယောက်နှင့် ရင်ဆိုင်ရသောအခါ ...
ထိုစီနီယာက မည်မျှ လှပပါစေ၊ ဂျူနီယာများကတော့ ဗီဇအရ ကြောက်စိတ်ဝင်ကြပေမည်။
၎င်းမှာ သစ်ပင်ကြီးတစ်ပင်ရှေ့က ပုရွက်ဆိတ်တစ်ကောင်၏ ဗီဇကြောက်စိတ်ပင်။
ဝိညာဉ်ထဲအထိ စွဲမြဲနေသော ကြောက်ရွံ့မှုမျိုးပင်။
“ဒီလောက်အထိ ရိုသေပြနေစရာ မလိုပါဘူး။” သူတော်စင် ယွိယောင်၏ မျက်နှာပေး အနည်းငယ် နူးညံ့သွားပြီး အပြုံးယောင်ယောင်လေး ပေါ်လာသည်။ “ယောင်ချီ မြင့်မြတ်နယ်မြေက မင်းလို ပါရမီရှင်တွေကို တကယ် တန်ဖိုးထားပါတယ်။ ငါတို့ဆီမှာ လာပြီး ကျင့်ကြံဖို့ စိတ်ဝင်စားလား။ ပွင့်ပွင့်လင်းလင်း ပြောရရင် ငါက မင်းရဲ့ ပါရမီကို သဘောကျလို့ တပည့်ရင်းတစ်ယောက်အဖြစ် လက်ခံဖို့ စဉ်းစားနေတာ။”
ကျင့်ကြံသူ အများစုအတွက် ၎င်းမှာ ငြင်းပယ်ရန် မဖြစ်နိုင်သော ကမ်းလှမ်းချက်ပင်။
မဟာတက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်၏ တိုက်ရိုက်တပည့် ဖြစ်ရခြင်း ဆိုသည်မှာ ထိုအဆင့်အတန်း တစ်ခုတည်းနှင့်တင် ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့် အကြီးအကဲများနှင့် တန်းတူ ဖြစ်သွားလေပြီ။
ကျန်းမုန့်ချူးက စိတ်လှုပ်ရှားနေသော ပုံစံကို အပီအပြင် သရုပ်ဆောင်ပြလိုက်ပြီး ရုတ်တရက် တန့်သွားကာ မေးလိုက်သည်။ “စီနီယာ... ဒါပေမဲ့ ယောင်ချီ မြင့်မြတ်နယ်မြေက အမျိုးသမီး တပည့်တွေကိုပဲ လက်ခံတယ်လို့ ကျွန်တော် ကြားဖူးလို့ပါ။ ဖန်ကျင်း မြင့်မြတ်နယ်မြေကမှ အမျိုးသားတွေကို လက်ခံတာလို့လည်း ကြားဖူးပါတယ်။ ဒါကြောင့်... စီနီယာက ကျွန်တော့်ကို ဖန်ကျင်းဆီကိုများ လမ်းညွှန်ပေးနိုင်မလား။”
သူက ၎င်းကို တမင် ပြောလိုက်ခြင်းပင်။
သူတော်စင် ယွိယောင်ကို အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားစေရန် ဖြစ်သည်။
ထိုကဲ့သို့ အေးဆေးပြီး ပါးနပ်သော အပြုအမူက သံယောဇဉ် မဖြစ်စေသည့်အပြင် သူ၏သတိကိုပါ လျော့ကျသွားစေ၏။
သူတော်စင် ယွိယောင်၏ မျက်နှာက ချက်ချင်းဆိုသလို အေးစက်သွားတော့သည်။
ငါ မကြာသေးခင်ကမှ ဆရာတော်ဖန်ယဲ့နဲ့ စကားများထားရတာ။ အခု ဒီကောင်လေးက သူ့အကြောင်း လာပြောနေတာလား။
သူ လက်စွပ်ကို ဒေါသတကြီး ခါယမ်းလိုက်သည်။ “ယောင်ချီမှာ အမျိုးသမီးတပည့်ပဲ လက်ခံတယ် ဆိုတဲ့ စည်းကမ်းကို ဖျက်လိုက်တာ ကြာလှပြီ။ မင်းက ဒီနေရာကို ဘာမှတ်နေတာလဲ။ ညစ်ပတ်တဲ့ အရှေ့ဆောင် မိန်းမစိုးဂေဟာ မှတ်နေလား။ မင်းက ဒီထဲကို အလွယ်တကူ ဝင်လာနိုင်မယ် ထင်နေတာလား။ ဒါမှမဟုတ် ငါက မင်းကို ဖန်ကျင်းဆီ လမ်းညွှန်ပေးမယ် ထင်နေလား။ မင်း ကြည့်ရတာ သေချင်နေပုံပဲ..”
သူ၏ မဟာတက်လှမ်းခြင်းအဆင့် အရှိန်အဝါ အနည်းငယ်ကတင် မြေကြီးကို တုန်ခါသွားစေရန် လုံလောက်ပေသည်။
သူက ရှေ့မှ ကျင့်ကြံသူကို အမှန်တကယ် မသတ်ချင်၍ တော်သေးသည်။
ကျန်းမုန့်ချူးကလည်း အမြန်ပင် ခွင့်လွှတ်ရန် တောင်းပန်ပြီး ယောင်ချီထဲ ဝင်ရန် သဘောတူ လိုက်ရတော့သည်။
သူတော်စင် ယွိယောင်က မျက်နှာထား တင်းတင်းနှင့်သာ ကိစ္စကို လက်စသတ်လိုက်၏။ ထိုအချိန်မှာပင် ယောင်ချီက တပည့်တချို့မှာ ဖုန်းရွှမ်လှေကို စီးပြီး ရောက်လာကြသည်။ သူတို့နှစ်ယောက်က သက်တန့်တံတားပေါ်မှ လှေပေါ်ကို တက်လှမ်းလိုက်ကြ၏။ သူတော်စင် ယွိယောင်က အရှေ့က၊ ကျန်းမုန့်ချူးက အနောက်ကပင်။
“ဟူး။ အဲဒီအဘွားကြီး ငါ ရုပ်ဖျက်ထားတာကို မရိပ်မိဘူးပဲ၊” ကျန်းမုန့်ချူးဟာ ကုလားကာ နောက်မှ သွယ်လျသော ကျောပြင်ကို ကြည့်ပြီးမှ နည်းနည်း စိတ်သက်သာရာ ရသွား၏။
မူလက သူသည် ထိုအစီအစဉ်ကို ငြင်းဆန်ချင်ခဲ့သည်။ သွေးကြွေးဆပ်ရန် အတွက်သာ အောင့်သက်သက် လုပ်နေခဲ့ခြင်းပင်။
သို့သော် သူတော်စင် ယွိယောင်နှင့် လူချင်းတွေ့လိုက်ရသော အချိန်တွင်တော့ ၎င်းက သိပ်မဆိုးလှကြောင်း သူ ခံစားလိုက်ရတယ်။ အကယ်၍ သူသာ အထဲအထိ နက်နက်ရှိုင်းရှိုင်း ဝင်နိုင်ပြီး ယွိယောင်၏ ကျင့်ကြံမှုကို တဖြည်းဖြည်းချင်း ဖျက်ဆီးပစ်နိုင်မည်ဆိုလျှင်...
သူ၏ ရှည်လျားသော သက်တမ်း၌ ထိုအရာကလည်း တကယ်ကို... ကျေနပ်စရာကောင်းသော အတွေ့အကြုံ ဖြစ်လာနိုင်၏။
သူ့ပတ်ပတ်လည်တွင်တော့ ယောင်ချီ တပည့်များ၏ စူးစမ်းသော အကြည့်များ ဝိုင်းနေသည်။
ထိုအကြည့်များထဲတွင် လောဘ၊ ဝမ်းသာမှုနှင့် စူးစမ်းလိုစိတ်များကို သူ ရှင်းရှင်းလင်းလင်း ခံစားမိနေ၏။
အကယ်၍ သူက သာမန်ကျင့်ကြံသူတစ်ယောက်သာ ဆိုလျှင် သူ့ကို ကြိုဆိုနေကြသည်ဟု ထင်မိပေလိမ့်မည်။ စိတ်ကူးယဉ် အိမ်မက်များပင် မက်နေမိလိမ့်မည်။
လှပတဲ့ အမျိုးသမီးကျင့်ကြံသူတွေ ဝိုင်းနေတာကိုး။
ပါရမီရှင် လူငယ်လေးတစ်ယောက်အတွက်တော့ ၎င်းမှာ မိန်းမနိုင်ငံထဲကို ရောက်သွားသလိုမျိုး ခံစားရပေလိမ့်မည်။
သို့သော် တကယ့် လက်တွေ့တွင်မူ...
ထိုအကြည့်များက သူ့ကို အသုံးချခံတစ်ခု၊ ကျင့်ကြံရေးအိုးတစ်ခုအဖြစ် တိုင်းတာနေကြခြင်းပင်။
တစ်ချိန်တည်းမှာပင် သူက ယောင်ချီ၏ တကယ့် ကြောက်စရာကောင်းသော အချက်ကိုပါ သိလိုက်ရသည်။
တကယ့်အမှန်တရားကို သိနေသော ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့် အကြီးအကဲဖြစ်သည့် သူသည်ပင် သူတော်စင် ယွိယောင်၏ သရုပ်ဆောင်မှုနှင့် ထိုမိန်းမများ၏ အကြည့်များကြောင့် အနည်းငယ် တုန်လှုပ်သွားသေးသည်။ တကယ့် ပါရမီရှင်တစ်ယောက်သာ ထိုပိုက်ကွန်ထဲ မိသွားလျှင် မည်သို ခုခံနိုင်မည်နည်း။
သူတို့ ခုခံနိုင်စွမ်း မရှိခဲ့၍...
ယောင်ချီ မြင့်မြတ်နယ်မြေက ထိုသို့ ဟန်ဆောင်မှုများနှင့် ပါရမီရှင် ဘယ်လောက်များများကို ဖျက်ဆီးခဲ့ပြီးသနည်း။
ကျန်းမုန့်ချူး တွေးလေလေ ပိုပြီး ထိတ်လန့်လေလေ ဖြစ်လာသည်။ သူက နာကျည်းမှုနှင့် သတ်ဖြတ်လိုသော စိတ်များကို မျက်ဝန်းထဲတွင် နက်နက်ရှိုင်းရှိုင်း မြှုပ်နှံထားလိုက်၏။
ယခုက သူတော်စင် ယွိယောင်ကို ဓားထုတ်ရမည့်အချိန် မဟုတ်သေးပေ။
တန်ပိုင်၏အမေ တန်ယွင်နှင့် မတွေ့ရသေးသရွေ့ မဖြစ်သေး။
သူက အရင်ဆုံး သူတော်စင် ယွိယောင်၏ ယုံကြည်မှုကို ရအောင်ယူရမည်။ အနည်းဆုံးတော့ အကျဉ်းထောင်ထဲကို လွတ်လွတ်လပ်လပ် သွားခွင့်ရတဲ့အထိတော့ ဖြစ်ရပေမည်။
သို့သော် မဟာတက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်၏ ယုံကြည်မှုကို မည်ကဲ့သို့ ရအောင် ယူမည်နည်း။
တန်ပိုင် ပေးထားသော ဆေးလုံးက ထိုအတွက် မဟုတ်သည်မှာ အသေအချာပင်။
“ငါ ဘာလုပ်ရမလဲ...”
ကျန်းမုန့်ချူးက သင်္ဘောဦးတွင် ရပ်ရင်း ဓားကိုပွေ့ပိုက်ကာ မေးစေ့ကိုပွတ်ရင်း လေတိုက် နေတာကို ငေးကြည့်ပြီး အသည်းအသန် စဉ်းစားနေမိသည်။
သူ့နောက်ကွယ်တော့ယောင်ချီ ကျင့်ကြံသူများက သင်္ဘောရွက်ရဲ့ အရိပ်အောက်မှာ ထိုင်နေကြပြီး တစ်ယောက်ချင်းစီ၏ မျက်နှာပေးများက အမှောင်ထဲမှ မြွေဟောက်များလို ထူးဆန်းနေကြသည်။
မရေမတွက်နိုင်သော မကောင်းဆိုးဝါးဆန်သည့် အကြည့်များက သင်္ဘောဦးမှ အဖြူရောင် ဝတ်စုံနှင့် ကျောပြင်ကို စိုက်ကြည့်နေကြလေသည်။
သူတို့က သူ့ကို အရှင်လတ်လတ် ဝါးမျိုပစ်ချင်နေကြသလိုပင်။
...